← Chapters

အခန်း ၂၀၁၃

Vol. 135 Ch. 2013

အခန်း ၂၀၁၃

Vol. 135 Ch. 2013

အခန်း (၂၀၁၃) မင်းကြီးနှင့်တွေ့ဆုံခြင်း

နန်းမြို့တော်အတွင်း၌ ဤမျှများပြားလှသော သိုင်းပညာရှင်များနှင့် စစ်သည်တော်တပ်မကြီးများ ပုန်းအောင်းနေကြသည်ကို မည်သူမျှ အတိအကျ မသိရှိနိုင်ချေ။ နန်းတော်ကြီးအတွင်း၌ ဆင့်ပွားလေဟာနယ်အလွှာပေါင်းများစွာ တည်ရှိနေသည်ကို ချူးယွင်ဖန်းအာရုံခံမိနေသည်။ ထိုလျှို့ဝှက်ချက်များထဲတွင် မည်ကဲ့သို့သော သိုင်းပညာရှင်ကြီးများ ပုန်းကွယ်နေကြသည်ကို မည်သူ သိနိုင်မှာတဲ့လဲ။

အပြင်ပန်းတွင် မြင်တွေ့နေရသော အင်အားစုမှာပင် လောကကို တုန်လှုပ်စေလောက်အောင် ထိတ်လန့်ဖွယ်ကောင်းလှချေပြီ။ ထိုဆင့်ပွားလေဟာနယ်များထဲမှနေ၍ ရာနှင့်ချီသော သိုင်းပညာရှင်ကြီးများ သို့မဟုတ် သိန်းနှင့်ချီသော အထူးစစ်သည်တော် တပ်မကြီးများ ရုတ်တရက် ပေါ်ထွက်လာခဲ့လျှင်ပင် ချူးယွင်ဖန်းအံ့ဩမိလိမ့်မည် မဟုတ်တော့ချေ။

သူ၏ သက်သေခံအထောက်အထားများကို စစ်ဆေးအတည်ပြုပြီးနောက်တွင်မူ ချူးယွင်ဖန်းကို နန်းတွင်းတံခါးစောင့်အရာရှိငယ်တစ်ဦးက မြို့တော်အတွင်းသို့ လမ်းပြခေါ်ဆောင်သွားခဲ့လေသည်။ ကြီးမားလှသော နန်းမြို့တော်၏ အစိတ်အပိုင်းအနည်းငယ်မျှသာလျှင် ဧကရာဇ်စိုးစံရာ နန်းတော်ဖြစ်ပြီး ကျန်ရှိနေသော နေရာများကမူ နန်းတွင်းအရာရှိကြီးငယ်တို့၏ ရုံးတော်ဌာနများသာ ဖြစ်ကြ၏။

“မင်းက မကြာသေးခင်ကမှ ရာထူးတိုးမြှင့်ခြင်းခံထားရတဲ့ ကျန်းယွမ်မြို့စား ချူးယွင်ဖန်းထင်ပါရဲ့”

နေပြည်တော်အတွင်းသို့ ဝင်ရောက်ပြီးမကြာမီပင် အဝေးတစ်နေရာမှ အလင်းတန်းတစ်ခု ဖြတ်သန်းပေါ်ပေါက်လာခဲ့သည်။ ချူးယွင်ဖန်းကြည့်လိုက်ရာ ထိုသူမှာ နန်းတွင်းမိန်းမစိုးဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထိုသူ၏ မျက်နှာက စင်ကြယ်ဝင်းပနေပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး အနည်းငယ်မျှပင် မရှိချေ။ သူ၏ဟန်ပန်မှာ တည်ငြိမ်လှသဖြင့် မိန်းမစိုးတစ်ဦး ဖြစ်နေသော်ငြားလည်း ၎င်း၏ခန္ဓာကိုယ်ထက်တွင် မည်သည့်ယုတ်မာကောက်ကျစ်မည့် အရိပ်အယောင်မျိုး စိုးစဉ်းမျှပင် မရှိချေ။

“မိန်းမစိုးဝေ့ပါလားခင်ဗျာ”

ချူးယွင်ဖန်းကို လမ်းပြလာသော အစေခံငယ်သည် ထိုသူကို မြင်သည်နှင့် အရိုအသေပေးကာ ကပျာကယာ နှုတ်ဆက်လိုက်လေသည်။

ထိုအခါမှသာ ချူးယွင်ဖန်းလည်း ရောက်ရှိလာသူ၏ အမည်နာမကို ချက်ချင်းပင် ရိပ်စားမိလိုက်တော့သည်။ ဤသူသည် လက်ရှိ တရှဘုရင်မင်းကြီး၏ အနီးကပ်ဆုံး မိန်းမစိုးအရာရှိချုပ်ဖြစ်သော ဝေ့ရင်းပင် ဖြစ်ရပေမည်။ ဝေ့ရင်းသည် ဘုရင်မင်းကြီး မင်းသားဘဝကတည်းက ဘေးနားကနေ သစ္စာရှိရှိ အနီးကပ်ခစားခဲ့သူ ဖြစ်သည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် မင်းသားကြီး နန်းတက်၍ ဧကရာဇ်ဖြစ်လာသောအခါ၌မူ ဝေ့ရင်းသည် တစ်နန်းတော်လုံးတွင် ဩဇာအာဏာ အကြီးမားဆုံးသော ပုဂ္ဂိုလ်ကြီးများအနက် တစ်ဦး ဖြစ်လာခဲ့ရုံမျှမက အတွင်းဝန်ကြီးဟုပင် အများက တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရလေသည်။

ဝေ့ရင်းသည် ဧကရာဇ်မင်းကြီး၏အနားတွင်သာ အမြဲနေပြီး လူအများရှေ့မှောက်သို့ ပေါ်ပေါ်ထင်ထင် ထွက်လေ့မရှိသော်လည်း သူသည် လက်ရှိလောကတွင် ဩဇာအာဏာအကြီးမားဆုံးသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ကြောင်းမူကား ငြင်းပယ်ရန် မရှိချေ။ သို့သော်လည်း ချူးယွင်ဖန်းအဓိက ဂရုပြုမိသည်မှာ ဝေ့ရင်း၏ အာဏာစက် မဟုတ်ဘဲ ထိုသူ့ထံမှ ခပ်ဖျော့ဖျော့ လွင့်ပျံထွက်ပေါ်နေသည့် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားလှိုင်းတုန်ခါမှုများသာ ဖြစ်သည်။ ထိုစွမ်းအားမှာ အလွန်တရာ ကျွမ်းကျင်စွာ ဖုံးကွယ်ထားခြင်း ဖြစ်သော်ငြားလည်း ချူးယွင်ဖန်းကတော့ သတိထားမိသွားခဲ့သည်။ ဤစွမ်းအားအငွေ့အသက်သည်ပင် ဝေ့ရင်းအား လောကတွင် အတိုင်းအဆမရှိ နက်ရှိုင်းလှသော ပုဂ္ဂိုလ်ထူးကြီးတစ်ဦးဖြစ်ကြောင်း ချူးယွင်ဖန်းကို သိရှိသွားစေခဲ့သည်။

ဝေ့ရင်းသည်လည်း မိမိထံသို့ စိုက်ကြည့်နေသော ချူးယွင်ဖန်း၏ အကြည့်ကို သတိပြုမိသွားပုံရသည်။ သူသည် မျက်ခုံးနှစ်ဖက်ကို အနည်းငယ် ပင့်တင်လိုက်ရင်း အသာအယာ ပြုံးပြလိုက်သည်။

“နှုတ်ဆက်ပါတယ် မိန်းမစိုးချုပ်ဝေ့”

ချူးယွင်ဖန်းလည်း ကိုယ်ခန္ဓာကို အနည်းငယ် ကိုင်းညွတ်ကာ အရိုအသေပြုလိုက်လေသည်။

“မြို့စားချူးကလည်း အားနာစရာတွေ ပြောနေပြန်ပြီ။ ငါက အမတ်မင်းရဲ့ နာမည်ကို ကြားရတာ ကြာပါပြီ။ ဒီနေ့ လူကိုယ်တိုင် တွေ့ရတော့မှပဲ သတင်းထက် ပိုပြီး ထူးခြားပြောင်မြောက်မှန်း သိရတော့တယ်”

ဝေ့ရင်းက ပြောလိုက်၏။

“ဧကရာဇ်မင်းကြီးက အမတ်မင်းကို အဆောင်တော်ဆီ ခေါ်ဆောင်ခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်”

“ကျေးဇူးတင်ပါတယ် မိန်းမစိုးချုပ်ဝေ့”

ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်၏။

“ဒီဘက်ကို ကြွပါ အမတ်မင်းချူး”

ဝေ့ရင်းသည် လှည့်ထွက်ကာ နန်းတော်အတွင်းပိုင်းဆီသို့ ဦးဆောင်၍ လျှောက်လှမ်းသွားတော့သည်။

သူ၏လမ်းပြမှုဖြင့် ချူးယွင်ဖန်းသည် မည်သည့်အတားအဆီးမျှမရှိဘဲ နန်းတော်အနက်ရှိုင်းဆုံးနေရာသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့သည်။ သူသည် ဝေ့ရင်း၏ နောက်ကွယ်မှ လိုက်ပါရင်း နန်းတွင်းအုပ်ချုပ်ရေးဆောင်အတွင်းသို့ ရောက်ရှိလာခဲ့ရာ ၎င်းနေရာတွင် နဂါးဝတ်ရုံတော်ကို ဝတ်ဆင်ကာ နောက်ကျောပေးရပ်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရ၏။

“ကျန်းယွမ်မြို့စားမင်းလား... ဒါ ငါတို့ ပထမဆုံးအကြိမ် ဆုံဖူးခြင်းပဲ။ ဒါပေမဲ့ မင်းဟာ တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ ငါ ခံစားမိတယ်”

ထိုသူက ကိုယ်ခန္ဓာကို လှည့်လိုက်ရာ ချူးယွင်ဖန်းသည် အသက် (၃၀) ဝန်းကျင်ခန့်ရှိသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူသည် ထူထဲသော မျက်ခုံးအစုံနှင့် တောက်ပသော မျက်ဝန်းများ ရှိပြီး ခန့်ညားထည်ဝါသော ရုပ်ရည်နှင့် အရှိန်အဟုန် ကြီးမားလှပေသည်။

ချူးယွင်ဖန်းသည် ဤအမျိုးသား၏ အဆင့်အတန်းကို ချက်ချင်းပင် သိရှိသွားခဲ့သည်။ သူသည် တရှတစ်ခွင်ရှိ မရေမတွက်နိုင်သော အင်အားစုအားလုံး၏ အရှင်သခင်၊ လက်ရှိ ဘုရင်မင်းကြီးပင် ဖြစ်ပေသည်။

“အစေခံချူးယွင်ဖန်း အရှင်မင်းကြီးကို ဖူးမြော်ပါတယ်”

ချူးယွင်ဖန်းက လက်သီးကို ရင်ဘတ်ရှေ့တွင် ယှက်ကာ စနစ်တကျ အရိုအသေပေးလိုက်၏။

ဖျော့တော့သော စွမ်းအားအငွေ့အသက် ရှိနေသည့် ဝေ့ရင်းနှင့်မတူဘဲ ဘုရင်မင်းကြီးသည် သာမန်သက်လတ်ပိုင်း အမျိုးသားတစ်ဦးကဲ့သို့သာ မြင်တွေ့ရသည်။ သူ့ထံတွင် မင်းကြီးတို့၏ အရှိန်အဝါ ရှိနေသော်လည်း ကျင့်စဉ်ပိုင်း၌မူ အားကောင်းသည့်ပုံစံမျိုး မပြသချေ။ သို့သော်လည်း ချူးယွင်ဖန်းသည် ဘုရင်မင်းကြီးတွင် ကျင့်စဉ်အဆင့်မရှိဟု ထင်မှတ်လောက်အောင် မိုက်မဲသူမဟုတ်ပေ။ မင်းကြီး၏ ကျင့်စဉ်အဆင့်မှာ လွန်စွာနက်ရှိုင်းလွန်းလှသဖြင့် ချူးယွင်ဖန်းကိုယ်တိုင်ပင် အာရုံမခံနိုင်ခြင်း ဖြစ်ရပေမည်။ သူတို့နှစ်ဦးကြားက အဆင့်အတန်း ကွာခြားချက်မှာ အလွန်တရာ ကြီးမားလှသဖြင့် တူညီသော အလွှာတစ်ခုတွင် ရှိမနေကြချေ။

သူ ယခင်က တွေ့ဆုံခဲ့ဖူးသော မင်းသမီးကြီးနှင့် ကွဲပြားသည်မှာ မင်းသမီးကြီး၏ စွမ်းအားအရှိန်အဝါက သမုဒ္ဒရာကြီးကဲ့သို့ နက်ရှိုင်းလှသဖြင့် တစ်ချက်ကြည့်ရုံဖြင့်ပင် လောကတွင် လက်ချိုးရေတွက်နိုင်သည့် ထိပ်သီးသိုင်းပညာရှင်ကြီးဖြစ်ကြောင်း သိသာလှသည်။ သို့သော်လည်း ကျင့်စဉ်အဆင့် အတိုင်းအဆမရှိ နက်နဲသည်ဟု ကောလာဟလထွက်နေသော ဘုရင်မင်းကြီးကမူ ဘေးအိမ်က ခန့်ညားသောဦးလေးကြီးတစ်ဦးကဲ့သို့ ဖြစ်နေခြင်းကသာ အံ့ဩစရာအကောင်းဆုံး ဖြစ်နေတော့သည်။

“အခမ်းအနားတွေ မလိုပါဘူး။ လာ... ထိုင်ပါဦး”

ဘုရင်မင်းကြီးက ခေါင်းညိတ်ရင်း မိန့်တော်မူသည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

ချူးယွင်ဖန်းက ဆိုလိုက်ရင်း ကုလားထိုင်တစ်ခုပေါ်တွင် ဝင်ထိုင်လိုက်၏။

ဘုရင်မင်းကြီးက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

“သိပ်ပြီး စိုးရိမ်မနေပါနဲ့၊ စိတ်လှုပ်ရှားစရာလည်း မလိုပါဘူး။ ဒီနေ့ကတော့ ထုံးစံအတိုင်း ဆုံတွေ့ကြရုံပါပဲ။ မင်းရဲ့ အချက်အလက်တွေနဲ့ စွမ်းဆောင်ချက်တွေအားလုံးကို စစ်သေနာပတိရုံးကနေ အတည်ပြုပြီးပါပြီ။ ငါ မင်းရဲ့နာမည်ကို ကြားဖူးတာကြာပြီဖြစ်ပေမဲ့ လူကိုယ်တိုင် မြင်ဖူးတာကတော့ အခုက ပထမဆုံးအကြိမ်ပဲ။ ငါ စိတ်ကူးထားတာနဲ့ သိပ်မကွာလှပါဘူး။ တကယ့်ကို ငယ်ရွယ်တဲ့ စစ်သူကြီးတစ်ဦးပဲ။ တကယ်လို့ တရှမှာရှိတဲ့ လူတိုင်းကသာ မင်းလိုပဲ တာဝန်ကျေပွန်ကြမယ်ဆိုရင် သိပ်ကောင်းမှာပဲ”

ချူးယွင်ဖန်းသည် ဘုရင်မင်းကြီး၏ အကြံအစည်အမှန်ကို မသိရသဖြင့် စိတ်ထဲတွင် ဝေခွဲမရဖြစ်သွားသည်။ သူက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။

“မင်းကြီးရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ အစေခံက ဒီလောက်အထိ ချီးမွမ်းခံရဖို့ မထိုက်တန်ပါဘူး”

“မထိုက်တန်ဘူး ဟုတ်လား”

ဘုရင်မင်းကြီးက ချူးယွင်ဖန်းကို ရုတ်တရက် စိုက်ကြည့်ပြီး ပြုံးလိုက်လေသည်။

“ငါသိသလောက်တော့ မြို့စားမင်းချူးက အရမ်းသတ္တိကောင်းပြီး ဘာမဆို လုပ်ရဲတဲ့သူပါ။ မဟုတ်ရင် ဟွန်ထျန်းမြို့စားမင်းကို ဒီအတိုင်း သတ်ပစ်ရဲပါ့မလား”

ချူးယွင်ဖန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။ ဤအကြောင်းအရာသည် မိမိကို ခေါ်ယူရခြင်း၏ တကယ့်အကြောင်းရင်းမှန်း သူ သိလိုက်ပြီ။ သူသည် လီချန်းယွမ်ကို ပြိုင်ကွင်းစင်မြင့်ပေါ်တွင် သတ်ခဲ့ခြင်း ဖြစ်သော်လည်း ဤအတိုင်းပဲ ကိစ္စအားလုံး ပြီးသွားလိမ့်မည်ဟု ထင်နေလျှင် အကြီးအကျယ် မှားသွားပေလိမ့်မည်။

သို့သော်လည်း သူသည် ကြောက်ရွံ့ခြင်းမရှိ၊ မာန်တင်းခြင်းလည်းမရှိဘဲ တည်ငြိမ်စွာဖြင့်ပင် ပြန်ဖြေလိုက်၏။

“အရှင်မင်းကြီး အစေခံက ဟွန်ထျန်းမြို့စားမင်းကို သတ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ပြိုင်ကွင်းစင်ပေါ်မှာ ဖြစ်ခဲ့တာပါ။ လက်သီးနဲ့ ခြေထောက်ဆိုတာ မျက်စိမပါတာမို့ ထိခိုက်သေဆုံးတာတွေ ရှိတတ်ပါတယ်။ တကယ်လို့ အစေခံသာ အစွမ်းကုန် မတိုက်ခိုက်ခဲ့ရင် အခုသေနေတာ ကျွန်တော်မျိုးပဲ ဖြစ်နေပါလိမ့်မယ်”

ဘုရင်မင်းကြီးက ချူးယွင်ဖန်းကို အေးစက်စက်ကြည့်ပြီး မိန့်လိုက်၏။

“မင်းရဲ့အစွမ်းနဲ့ဆိုရင် သူ့အသက်ကို ချန်ထားပေးလို့ရမှန်း ငါသိတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှင်းရမှာကြောက်လို့ မင်း သူ့ကို သတ်ပစ်ခဲ့တာ။ ဒါကို ငါ့မျက်စိကနေ ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား”

ဘုရင်မင်းကြီးက စကားကို ဖြည်းဖြည်းချင်း ပြောနေသော်လည်း သူ့ဆီကထွက်လာသည့် ဖိအားများက တဖြည်းဖြည်း တိုးလာသဖြင့် ချူးယွင်ဖန်းကို အကြီးအကျယ် လေးလံစေသည်။

“ဒါပေမဲ့ သူက ပြိုင်ကွင်းစင်ပေါ်မှာ သေခဲ့တာဆိုတော့ သူလည်း ဘာမှပြောစရာ မရှိပါဘူး။ မူလက မင်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ဆိုရင် နာမည်တစ်လုံးမြို့စားမင်းဘွဲ့ ပေးဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ အခုတော့ နာမည်နှစ်လုံးမြို့စားမင်းဘွဲ့ပဲ ပေးတော့မယ်။ ဒါကို မင်းအတွက် အသေးစား အပြစ်ပေးမှုလို့ပဲ သတ်မှတ်လိုက်ပါ”

မင်းကြီးက ပေါ့ပေါ့ပါးပါးပင် မိန့်တော်မူသည်။

သူ့ပုံစံက လီချန်းယွမ်အတွက် တရားမျှတမှု ရှာပေးဖို့ စိတ်ကူးမရှိသည်က သိသာသည်။ ဘုရင်မင်းကြီးသည် တရှအင်ပါယာတစ်ခုလုံးကို အုပ်ချုပ်နေသူဖြစ်ရာ ချူးယွင်ဖန်းနှင့် လီချန်းယွမ်တို့ကြားက တိုက်ပွဲလေးကို ဘာလို့ ဂရုစိုက်နေမှာတဲ့လဲ။

“ကျွန်တော်မျိုး နားလည်ပါပြီ”

ချူးယွင်ဖန်းက လက်ချင်းယှက်ပြီး လျှောက်လိုက်သည်။ အမှန်တွင် သူ့စိတ်ထဲတွင် မြို့စားမင်းဘွဲ့ အဆင့်အတန်း ကွာခြားချက်ကို စိတ်မဝင်စားဘဲ အမြင့်ဆုံးသော သိုင်းပညာအဆင့်သို့ ရောက်ရှိရန်သာ ဘဝတစ်ခုလုံး၏ ရည်မှန်းချက် ဖြစ်သည်။

“မကြာသေးခင်က ငါ့ရှေ့မှာ လာပြီး တတွတ်တွတ် ပြောနေကြတဲ့လူတွေ အများကြီးရှိတယ်။ တချို့က မင်းကို သတ်ချင်ကြပြီး တချို့ကတော့ ကာကွယ်ပေးချင်ကြတယ်။ နန်းတွင်းအရာရှိတွေကိုပါ ဒီကိစ္စထဲ ဆွဲထည့်ဖို့ ကြိုးစားနေကြတာ။ မင်းမှာလည်း လူအဆက်အသွယ် တော်တော်ရှိပုံရတယ်”

“ဒါပေမဲ့ သူတို့ မင်းကို သတ်ချင်တာပဲဖြစ်ဖြစ်၊ ကာကွယ်ချင်တာပဲဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး၊ ငါဂရုမစိုက်ဘူး။ ငါက အင်ပါယာအတွက် မင်း ဘယ်လောက် စွမ်းဆောင်ပေးနိုင်လဲဆိုတာကိုပဲ ဂရုစိုက်တယ်။ ငါပြောတဲ့အဓိပ္ပာယ်ကို မင်းနားလည်ရဲ့လား”

--

All Chapters