အခန်း ၂၀၁၅
Vol. 135 Ch. 2015
အခန်း (၂၀၁၅) ငါ့ကိုခြိမ်းခြောက်ဖို့အရည်အချင်းရောရှိလို့လား
ချူးယွင်ဖန်း၏ ရုံးခန်းအတွင်း၌ အဖြူရောင်ဝတ်စုံကို ဆင်ယင်ထားသော အမျိုးသားတစ်ဦးသည် သူနှင့်ယှဉ်လျက် ထိုင်နေသည်။ ထိုအဖြူရောင်ဝတ်စုံဝတ် အမျိုးသားမှာ အသက်လေးဆယ်ဝန်းကျင်ခန့် ရှိပြီး သက်လတ်ပိုင်းအရွယ် ဖြစ်သော်လည်း ၎င်းထံမှ မြင့်မြတ်သောအရှိန်အဝါများ ထွက်ပေါ်နေ၏။
“မြို့စားမင်းပိုင်ရိပါလား... အမတ်မင်း ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းကို သိပါရစေ”
ချူးယွင်ဖန်းက ထိုအမျိုးသားကို ကြည့်ကာ မေးလိုက်သည်။
တရှအင်ပါယာအတွင်း၌ မြို့စားမင်းဘွဲ့ကို ရရှိရန် မလွယ်ကူလှသော်လည်း ခေတ်တစ်ခေတ်တွင် တောက်ပခဲ့ကြသည့် ပါရမီရှင်များစွာ ရှိခဲ့သည်။ ထိုသူများသည် နိုင်ငံတော်အတွက် သစ္စာရှိရှိ အမှုထမ်းရန် ဆန္ဒရှိကြသရွေ့ မြို့စားမင်းဘွဲ့ ရရှိရန်မှာ မခက်ခဲလှချေ။
ထို့အပြင် တရှသည် တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ မြို့စားမင်းဘွဲ့ အပ်နှင်းခြင်းခံရသူပေါင်းမှာလည်း မရေမတွက်နိုင်အောင် ရှိခဲ့သည်။ အကယ်လ၍သာ တရှ၏ မြို့စားမင်းဘွဲ့သည် မြို့စားမင်းအဆင့်သို့ မရောက်မချင်း သားစဉ်မြေးဆက် ဆက်ခံခွင့်မရှိသည့် စည်းမျဉ်းသာ မရှိခဲ့လျှင် လမ်းမများပေါ်တွင် မြို့စားမင်းများဖြင့် ပြည့်နှက်နေလောက်ချေပြီ။
သို့သော် ထိုသို့သော စည်းမျဉ်းရှိသည့်တိုင်အောင် တရှတွင် မြို့စားမင်းများစွာ ရှိနေဆဲပင်။ ချူးယွင်ဖန်းအနေဖြင့် ထိုသူအားလုံးကို မမှတ်မိနိုင်သလို အများစုကိုလည်း မသိရှိချေ။ အမှန်တကယ်တွင်မူ မြို့စားမင်းတစ်ဦးနှင့် တစ်ဦးကြား၌ ကြီးမားသော အရည်အချင်းကွာခြားချက်များ ရှိကြသည်။ အတိုတောင်းဆုံးအချိန်အတွင်း၌ နိုင်ငံတော်အတွက် ကြီးမားသော စွမ်းဆောင်ချက်များ ပြုလုပ်ကာ မြို့စားမင်းဘွဲ့ကို ရယူနိုင်ခဲ့သည့် ချူးယွင်ဖန်းကဲ့သို့သောသူမျိုးမှာမူ မျိုးဆက်တစ်ခုတွင် လက်ချိုးရေတွက်နိုင်လောက်အောင်ပင် အလွန်တရာ ရှားပါးလှပေသည်။
အခြားသော မြို့စားမင်းအများစုမှာမူ စစ်တပ်အတွင်း၌ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ရင်း စစ်မှုထမ်းသက်နှင့် စွမ်းဆောင်ရည်များကို တဖြည်းဖြည်း စုဆောင်းကာမှ မြို့စားမင်းဘွဲ့ကို ရရှိခဲ့ကြခြင်း ဖြစ်သည်။
ချူးယွင်ဖန်းနှင့် ဤအဖြူရောင်ဝတ်စုံဝတ် အမျိုးသားသည် အဆင့်အတန်းတူ မြို့စားမင်းများ ဖြစ်ကြသော်လည်း မြို့စားမင်းပိုင်ရိနှင့် ယှဉ်လျှင် ချူးယွင်ဖန်းမှာ လက်ရှိတွင် ရေပန်းအစားဆုံးနှင့် လူအများ၏ အာရုံစိုက်မှုကို အခံရဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ အရှိန်အဝါမှာ လုံးဝကို ကွဲပြားခြားနားနေ၏။
သို့သော်လည်း ချူးယွင်ဖန်းသည် မြို့စားမင်းပိုင်ရိနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ချက်ချင်းပင် ပြန်လည်အမှတ်ရသွားသည်။ သူသည် ဤအမျိုးသားနှင့် တစ်ကြိမ်မျှ မဆုံဖူးသော်လည်း နတ်ဒေဝါဂိုဏ်းက သူ့ထံသို့ အခြားသော မြို့စားမင်းများ၏ အချက်အလက်များစွာကို ပေးပို့ထားဖူးသောကြောင့် ဖြစ်သည်။
ထိုအချက်အလက်များထဲတွင် မြို့စားမင်းပိုင်ရိ၏အကြောင်းမှာ စာအနည်းငယ်မျှသာ ပါဝင်သော်လည်း တိကျလှသည်။ မြို့စားမင်းပိုင်ရိ၏ အမည်ရင်းမှာ ယန်ရိဖြစ်ပြီး စစ်ဘက်မျိုးရိုးနွယ်ဝင် ယန်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက စစ်တပ်အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် မြို့စားမင်းပိုင်ရိဟူသော ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်ရာ သာမန်အတ္ထုပ္ပတ္တိတစ်ခုသာ ရှိသည့်သူဟု ဆိုရပေမည်။
သာမန်လူများအနေဖြင့်မူ မြို့စားမင်းပိုင်ရိအား စိုးစဉ်းမျှပင် အထင်မသေးရဲကြချေ။ သူ၏ ဖြတ်သန်းမှု သမိုင်းကြောင်းမှာ မည်မျှပင် သာမန်ဆန်သည်ဟု ဆိုစေကာမူ မြို့စားမင်းဘွဲ့ကို ဆွတ်ခူးနိုင်သူဟူသည် မိမိတို့နှင့် ရွယ်တူချင်းများထဲတွင် အထူးချွန်ဆုံး ထိပ်သီးများသာ ဖြစ်ကြသည်။ သို့သော်လည်း လက်ရှိ အရှိန်အဝါ အလွန်တရာ တောက်ပနေသော ချူးယွင်ဖန်း၏ ရှေ့မှောက်တွင်မူ ထိုအရာများမှာ ပြောပလောက်သည့် အရာများ မဟုတ်တော့ချေ။
“မြို့စားမင်းချူး ငါက အိမ်ရှေ့မင်းသားကိုယ်စား ဒီကို ရောက်လာတာပါ”
ယန်ရိက ဆိုလိုက်သည်။
“အိမ်ရှေ့မင်းသား ဟုတ်လား...”
ချူးယွင်ဖန်း မျက်မှောင်ကြုတ်သွားမိပြီး မျက်ဝန်းအစုံထံမှ စူးရှထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
လီချန်းယွမ်သည် အိမ်ရှေ့မင်းသား၏ အယုံကြည်ရဆုံး လက်ရုံးတစ်ဦးဖြစ်ကြောင်း လောကတွင် လူတိုင်းသိကြသည်။ ထို့ကြောင့် ချူးယွင်ဖန်းအနေဖြင့် လီချန်းယွမ်ကို သတ်ပစ်ခဲ့ခြင်းသည် အိမ်ရှေ့မင်းသားနှင့် ရန်သူတော်ကြီးများ ဖြစ်သွားခဲ့ကြပြီဟု ဆိုလိုခြင်းပင်။ ထို့ပြင် ယန်ရိလို လူမျိုးက အိမ်ရှေ့မင်းသားထံ၌ ခိုလှုံနေသည်ကို သိလိုက်ရသဖြင့် ချူးယွင်ဖန်းအနည်းငယ် အံ့ဩသွားမိသည်။ သူက အိမ်ရှေ့မင်းသား၏ မျိုးနွယ်စုရင်း ဖြစ်သလို အမာခံလူယုံလည်း ဖြစ်သည့် လီချန်းယွမ်နှင့် မတူဘဲ နောက်ပိုင်းမှသာ အိမ်ရှေ့မင်းသားထံသို့ လာရောက် ပူးပေါင်းခဲ့သူ ဖြစ်သည်မှာ ထင်ရှားလှပေသည်။
အမှန်တကယ်တွင်မူ လက်ရှိ ဘုရင်မင်းကြီးသည် နန်းတွင်းအရာရှိများက မင်းသား၊ မင်းသမီးများနှင့် ဆက်သွယ်ကြသည်ကို တားမြစ်ပိတ်ပင်ခြင်း မရှိချေ။ ထိုမျှမက သူတို့အချင်းချင်း အုပ်စုဖွဲ့ကာ အားပြိုင်ယှဉ်ပြိုင်ကြသည်ကိုပင် အားပေးသေးသည်။ ထိုပြိုင်ပွဲတွင် နောက်ဆုံး ရလဒ်ကောင်းပြီး အောင်နိုင်သူကသာလျှင် နောင်တစ်ချိန်တွင် ဧကရာဇ်အသစ် ဖြစ်လာမည် ဖြစ်၏။ သို့သော်လည်း လက်ရှိတွင် မည်သူ အသာစီးရနေသည်ကို အတိအကျ မပြောနိုင်သေးချေ။ များပြားလှသော မောင်နှမများ၏ အပြိုင်အဆိုင် ကြိုးပမ်းမှုများကြားတွင် အိမ်ရှေ့မင်းသားသည်ပင် ထူးထူးခြားခြား ပေါ်လွင်နေခြင်းမျိုး မရှိသေးပေ။ ထို့ကြောင့် ပါးနပ်သောလူများသည် ယခုကဲ့သို့ အခြေအနေမျိုးတွင် မည်သူ့ဘက်ကမှ စောစီးစွာ လောင်းကြေးထပ်လေ့ မရှိကြချေ။
“ငါနဲ့ အိမ်ရှေ့မင်းသားကြားက ပတ်သက်မှုကို မြို့စားမင်းပိုင်ရိလည်း သိလိမ့်မယ်လို့ ထင်ပါတယ်။ ဟွန်ထျန်းမြို့စားမင်းဟာ အိမ်ရှေ့မင်းသားရဲ့ လူယုံတော် ဖြစ်ခဲ့တာပဲ။ အခု ဟွန်ထျန်းမြို့စားမင်းက ငါ့လက်ချက်နဲ့ သေသွားပြီဆိုတော့ အိမ်ရှေ့မင်းသားက ငါ့ကို အပြစ်ပေးဖို့ လာခိုင်းတာများလား”
ချူးယွင်ဖန်းက ခပ်ပြုံးပြုံးဖြင့် မေးလိုက်၏။
“လုံးဝ မဟုတ်ရပါဘူး”
ယန်ရိက ခေါင်းခါပြလိုက်၏။
“ပြီးခဲ့တဲ့ဖြစ်ရပ်ကြောင့် မင်းနဲ့ အိမ်ရှေ့မင်းသားကြားမှာ နားလည်မှုလွဲတာတွေ ရှိခဲ့ပေမဲ့ အိမ်ရှေ့မင်းသားဟာ သဘောထား ပြည့်ဝသူမို့ မင်းအပေါ် စိတ်ထဲထားမှာ မဟုတ်ပါဘူး။ မင်းဘက်ကသာ အိမ်ရှေ့မင်းသားအတွက် သစ္စာရှိရှိ အမှုထမ်းမယ်ဆိုရင် ပြီးခဲ့တဲ့ ပြဿနာအားလုံးကို အကုန်လုံး အပြီးအပိုင် ဖျက်ပစ်နိုင်ပါတယ်”
ချူးယွင်ဖန်းက ယန်ရိကို လှောင်ပြုံးတစ်ချက်ဖြင့် ကြည့်လိုက်ရင်း ခေါင်းခါမိတော့သည်။ သူသည် အိမ်ရှေ့မင်းသားနှင့် တစ်ကြိမ်မျှ မဆုံဖူးသေးသော်လည်း ဤစကားများထဲကတင် ထိုသူ၏ စရိုက်ကို အများကြီး ရိပ်စားမိလိုက်ပြီ ဖြစ်သည်။
ရက်စက်ပြီး ကျေးဇူးတရား ကင်းမဲ့သူမျိုးပဲ.....
လီချန်းယွမ်သည် သူ၏ လူယုံတော်တစ်ယောက်အနေဖြင့် သူ့အတွက် အမှုကိစ္စများစွာကို လုပ်ဆောင်ပေးခဲ့သူ ဖြစ်သည်။ သို့သော် သူ သေဆုံးသွားပြီး မကြာခင်ပင် အိမ်ရှေ့မင်းသားသည် လီချန်းယွမ်၏ ရန်သူတော်ကြီး ဖြစ်သော မိမိကို လာရောက် စည်းရုံးခိုင်းနေလေပြီ။ အိမ်ရှေ့မင်းသားသည် ပညာရှိကို ရိုသေလေးစားသယောင် ဟန်ဆောင်ပြချင်နေသော်လည်း အောက်ခြေလူတန်းစားအပေါ် မာန်မာနကြီးလွန်းလှသဖြင့် ချူးယွင်ဖန်းထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံရန်မူ ငြင်းဆန်ခဲ့သည်။
အိမ်ရှေ့မင်းသားသည် မာနကြီးလွန်းသဖြင့် ချူးယွင်ဖန်းကို သာမန်မျှသာဟု ထင်မှတ်နေခြင်းကြောင့်ပင် ဖြစ်စေ၊ သို့မဟုတ် လူပြောသူပြော ခံရမည်ကို စိုးရိမ်ခြင်းကြောင့်ပင် ဖြစ်စေ မည်သို့ပင်ဆိုစေကာမူ သူသည် ကြီးကျယ်သော အမှုကိစ္စများကို ထမ်းဆောင်နိုင်မည့် သခင်ကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာလှသည်။ သူသည် အိမ်ရှေ့မင်းသားဟူသော ဘွဲ့အာဏာကို မွေးရာပါ အခွင့်အရေးအနေဖြင့် ရရှိထားသော်လည်း သူ၏ မောင်နှမများစွာက ထွက်ပေါ်၍ သူ့ကို စိန်ခေါ်နေကြခြင်းမှာလည်း မဆန်းတော့ချေ။ ဤအချက်ကပင် သူ၏ အရည်အချင်းနှင့် တာဝန်ယူထားသော အဆင့်အတန်းမှာ ကိုက်ညီမှုမရှိကြောင်း ပြသနေခြင်းပင် ဖြစ်၏။
အိမ်ရှေ့မင်းသားဘွဲ့ကို ရရှိထားခြင်းမှာ အခြားသူများထက် အဆပေါင်းများစွာ သာလွန်သော အားသာချက် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အခြေအနေကောင်းများ ရှိနေသည့်တိုင် သူသည် မိမိ၏ မောင်နှမများကိုပင် အပြတ်အသတ် မနှိမ်နင်းနိုင်သေးချေ။ ထိုကဲ့သို့သောသူမျိုးက ချူးယွင်ဖန်းကို မိမိ၏ လက်အောက်ငယ်သားအဖြစ် လာရောက် သိမ်းသွင်းချင်နေသည်မှာ အော်ဟစ်ရယ်မောစရာပင် ကောင်းလှပေသည်။
“ပြောစရာစကားက ဒါအကုန်ပဲဆိုရင်တော့ ပြန်လိုက်ပါဦးတော့် မြို့စားမင်းပိုင်ရိ”
ချူးယွင်ဖန်းက ပြတ်သားစွာဖြင့် ခေါင်းခါပြလိုက်၏။
“မင်း ဘာပြောလိုက်တယ်...”
ယန်ရိတစ်ယောက် ဆွံ့အသွားပြီး ချူးယွင်ဖန်းက သူ့ကို ယခုကဲ့သို့ စောစောစီးစီးနှင့် ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ပုံရလေတော့သည်။
အိမ်ရှေ့မင်းသား၏အင်အားစုက မည်မျှအထိ ကြီးမားထောင့်တင်းသည်ကို လူတိုင်း ကောင်းကောင်းသိကြသည်။ ပြီးခဲ့သည့်အကြိမ်က လီချန်းယွမ်တစ်ယောက် နတ်ဆိုးနတ်ဘုရားဂိုဏ်း၊ နတ်ဆိုးများနှင့် ပူးပေါင်းကြံစည်ခဲ့သည့် ကိစ္စတွင်ပင် အိမ်ရှေ့မင်းသားအုပ်စုက အားလုံး အေးအေးဆေးဆေးဖြစ်အောင် ဖုံးဖိပေးနိုင်ခဲ့ကြသည်။ လူအများအပြားမှာ အိမ်ရှေ့မင်းသား၏ လှေကြီးပေါ်သို့ တက်စီးခွင့်ရရန် အသည်းအသန် ကြိုးပမ်းနေကြသော်လည်း အရည်အချင်းမပြည့်မီကြချေ။ ယန်ရိ၏ အမြင်တွင်မူ အိမ်ရှေ့မင်းသား၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ဝံ့မည့်သူ လောက၌ မရှိနိုင်ဟု ထင်မှတ်ထားခဲ့သည်။ ထို့ကြောင့်ပင် အိမ်ရှေ့မင်းသားက သူ့ထံ လာရောက်စည်းရုံးစဉ်က သူသည် မဆိုင်းမတွဘဲ ဝမ်းသာအားရ လက်ခံခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ချူးယွင်ဖန်းသည် အိမ်ရှေ့မင်းသားကို ပြစ်မှားစော်ကားထားသူ ဖြစ်သည်။ ယခုအခါ အိမ်ရှေ့မင်းသားဘက်က အတိတ်ကကိစ္စများကို ပုံပစ်ခွင့်လွှတ်ပေးမည်ဟု အရိပ်အယောင်ပြလာလျှင် သူသည် ဝမ်းမြောက်ဝမ်းသာဖြင့် အိမ်ရှေ့မင်းသားအုပ်စုထံ ဝင်ရောက်ခိုလှုံသင့်သည် မဟုတ်ပါလား။
“ငါ ပြောတဲ့စကားကို မင်း သေသေချာချာ နားမလည်ဘူးလား”
ချူးယွင်ဖန်းက တည်ငြိမ်စွာပင် မေးလိုက်သည်။
“မြို့စားမင်းချူး ဒီကိစ္စကို သေသေချာချာ စဉ်းစားဖို့ မင်းကို သတိပေးပါရစေ။ မင်းက နတ်ဒေဝါဂိုဏ်းဝင်တစ်ယောက် ဖြစ်နေပါစေဦး... အိမ်ရှေ့မင်းသားရဲ့ ဒေါသမုန်တိုင်းအောက်မှာတော့ အဲဒီဂိုဏ်းကလည်း မင်းကို အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ယန်ရိ၏မျက်နှာက ချက်ချင်းပင် အေးစက်တင်းမာသွားတော့သည်။
သို့သော်လည်း ယန်ရိ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်အချို့ ရှိနေသေးသည်။ သူ ရရှိထားသည့် သတင်းများအရ ချူးယွင်ဖန်းသည် မင်းသမီးကြီးယွင်ယန်ထံ၌လည်း ဝင်ရောက်ခိုလှုံထားခြင်း မရှိသေးချေ။ သို့မဟုတ်ပါက အိမ်ရှေ့မင်းသားအနေဖြင့် ချူးယွင်ဖန်းကို လာရောက်စည်းရုံးရန် သူ့အား စေခိုင်းလိမ့်မည် မဟုတ်ပေ။
ယန်ရိ၏ အမူအရာကို ကြည့်ပြီး ချူးယွင်ဖန်းက ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ သူတို့နှစ်ဦးစလုံးမှာ နန်းတွင်းအရာရှိများ ဖြစ်ကြသော်လည်း အမြင်နှင့် ရည်မှန်းချက်ချင်းကမူ ကောင်းကင်နှင့် မြေကြီးလို ကွာခြားလွန်းလှသည်။ ယန်ရိသည် အနာဂတ် ရာထူးတက်လှမ်းရေးအတွက် အိမ်ရှေ့မင်းသားကို မျက်နှာလိုမျက်နှာရ လုပ်နေရသော်လည်း ချူးယွင်ဖန်းအဖို့မူ မိမိအလိုရှိရာကို ရယူရန် မည်သူ့ကိုမျှ ဖားနေရန် မလိုချေ။
“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား”
ချူးယွင်ဖန်းက လှောင်ပြုံးပြုံးရင်း မေးလိုက်၏။
“ဒီလိုပဲ သတ်မှတ်ချင်လည်း ရပါတယ်။ အိမ်ရှေ့မင်းသားရဲ့ စေတနာကို ငြင်းပယ်တဲ့သူတိုင်း ကောင်းကျိုးမရတတ်ဘူးဆိုတာ မှတ်ထားပါ”
ယန်ရိက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
သို့သော်လည်း သူ၏ စကားမဆုံးသေးမီမှာပင် ရုတ်တရက် အသက်ရှူရ ကြပ်တည်းသွားသလို ခံစားလိုက်ရ၏။ စွမ်းအားများဖြင့် ဖွဲ့စည်းထားသော လက်ဖဝါးကြီးတစ်ခုသည် ယန်ရိ၏ လည်ပင်းကို သံညှပ်ကြီးတစ်ခုကဲ့သို့ တင်းကျပ်စွာ လာရောက်ညှစ်ထားလေသည်။ ယန်ရိတစ်ယောက် မိမိကိုယ်မိမိ အသက်ရှူကျပ်ပြီး သေတော့မည်ဟု ထင်မှတ်နေစဉ်ပင် ချူးယွင်ဖန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ယန်ရိ၏ ခန္ဓာကိုယ်ကြီးသည် စစ်စခန်းတဲအပြင်ဘက်သို့ လွင့်စင်ထွက်သွားခဲ့တော့သည်။
“သူ့လိုလူမျိုးက ငါ့ကို ခြိမ်းခြောက်ဖို့ အရည်အချင်းရှိလို့လား။ သူက မိမိကိုယ်ကိုယ် ဘာကောင်လဲလို့ ထင်နေတာလဲ။ ပြန်သွားပြီး မင်းတို့ အိမ်ရှေ့မင်းသားကို ပြောလိုက်။ ငါက နန်းလုပွဲတွေမှာ ပါဝင်ပတ်သက်ဖို့ စိတ်ကူးမရှိဘူး။ ငါ့ကိုလာပြီး မနှောင့်ယှက်သရွေ့တော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ ကယ်လို့မှ လာပြီး ရန်စနေဦးမယ်ဆိုရင်တော့ အကြွေးအသစ်အဟောင်းတွေအားလုံးကို တစ်ခါတည်း အပြတ်ရှင်းပစ်မယ်လို့။ သူက ငါ့ကို ချုပ်ကိုင်ချင်တယ် ဟုတ်လား။ သူ ဧကရာဇ်ပလ္လင်ပေါ် တက်နိုင်တဲ့နေ့အထိ စောင့်ဦးလို့သာ ပြောလိုက်”
ချူးယွင်ဖန်းက အေးစက်စက်လေသံဖြင့် အပြတ်ပြောလိုက်လေတော့၏။
--