← Chapters

အခန်း ၂၀၁၆

Vol. 135 Ch. 2016

အခန်း ၂၀၁၆

Vol. 135 Ch. 2016

အခန်း (၂၀၁၆) မမေ့နိုင်တဲ့သင်ခန်းစာမျိုးပေးရတာပေါ့

ယန်ရိတစ်ယောက် ဆွံ့အလျက် ကျန်ရစ်ခဲ့သည်။ သူ၏ မျက်ဝန်းအစုံတွင် တုန်လှုပ်ခြောက်ခြားမှုများနှင့်အတူ ဒေါသအမျက်ချောင်းချောင်း ထွက်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း လက်တွေ့ဘဝတွင်မူ သူတို့နှစ်ဦးကြားက အဆင့်အတန်း ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဝေးကွာလွန်းလှပေသည်။

ချူးယွင်ဖန်း၏ လက်ချက်ဖြင့် အသက်ပျောက်လုနီးပါး လည်ပင်းညှစ်ခံလိုက်ရသည့်အချိန်ကျမှသာ ယန်ရိတစ်ယောက် မိမိကိုယ်မိမိ ဘာကြောင့် သာမန်မြို့စားမင်းတစ်ဦးမျှသာ ဖြစ်နေပြီး ချူးယွင်ဖန်းကမူ လောကတွင် လူတိုင်းသိကြသည့် ထိပ်သီးပါရမီရှင်တစ်ဦး ဖြစ်နေရသနည်းဟူသော အဖြေကို သေသေချာချာ သဘောပေါက်သွားခဲ့တော့သည်။ သူ၏အစွမ်းမှာ သာမန်လူများ၏ မျက်စိထဲတွင်မူ အလွန်တရာ အားကောင်းလှပြီး စကြဝဠာအဆင့်၏ ထိပ်ဆုံးသို့ပင် ရောက်ရှိနေပြီဖြစ်သော်လည်း ချူးယွင်ဖန်း၏ ရှေ့မှောက်တွင်မူ အားနည်းလှသော သာမန်ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေချေသည်။

သူ ရရှိထားသမျှသော ဂုဏ်ဒြပ် အရှိန်အဝါအားလုံးသည် နိုင်ငံတော်အတွက် ပေးဆပ်ခဲ့သည့် စွမ်းဆောင်ချက်များမှ ရရှိထားသည့် ရာထူးအဆင့်အတန်းနှင့် အိမ်ရှေ့မင်းသား၏ အကာအကွယ်ပေးမှုတို့ကြောင့်သာ ဖြစ်သည်။ ယခင်ကမူ ဤအရာများသည် အလွန်တရာ ခိုင်မာလှသည်ဟု သူ ထင်မှတ်ခဲ့ဖူး၏။ သို့သော်လည်း ယခုအခါတွင်မူ ချူးယွင်ဖန်းရှေ့၌ အလွယ်တကူပင် အရေးနိမ့်သွားခဲ့ရချေပြီ။

အခြားတစ်ဖက်တွင်မူ ချူးယွင်ဖန်း၏ အစွမ်းသတ္တိဟူသည် အင်ပါယာ၏ မြို့စားမင်းဘွဲ့ကို ရရှိထားခြင်းကြောင့် မဟုတ်သလို နတ်ဒေဝါဂိုဏ်း၏ တပည့်ဖြစ်နေခြင်းကြောင့်လည်း မဟုတ်ချေ။ ထို့ပြင် ပါရမီရှင်စာရင်းတွင် နံပါတ်တစ် ဖြစ်နေခြင်းကြောင့်လည်း မဟုတ်ပေ။ ထိုအရာအားလုံးထက် သူ၏ ကိုယ်ပိုင်အစွမ်းကြောင့်သာ ဖြစ်သည်။ မိမိကိုယ်တိုင်ထံမှ မြစ်ဖျားခံထွက်ပေါ်လာသည့် အစွမ်းသတ္တိမျိုးကသာလျှင် မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်လုယူ၍မရနိုင်သော စစ်မှန်သည့် စွမ်းအားပင် ဖြစ်၏။

ထို့ကြောင့်ပင် ယန်ရိသည် ချူးယွင်ဖန်းအား အိမ်ရှေ့မင်းသား၏ အုပ်စုထဲသို့ အသည်းအသန် သွတ်သွင်းချင်နေခဲ့ပြီး အိမ်ရှေ့မင်းသား၏ အမိန့်တော်ကို စိုးစဉ်းမျှပင် မဖီဆန်ဝံ့ခြင်း ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းကမူ အိမ်ရှေ့မင်းသားအား အမှုပင်မထားဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ရဲခဲ့လေသည်။

ရယ်စရာကောင်းသည်မှာ ယန်ရိသည် ယခင်က ချူးယွင်ဖန်းအခုလို စွမ်းအားကြီးမားနေခြင်းမှာ နတ်ဒေဝါဂိုဏ်း၏ နောက်ခံအကာအကွယ်ကြောင့်ဟု ထင်မှတ်ခဲ့ခြင်းပင်။ ယခုကျမှသာ ချူးယွင်ဖန်း၏ အစွမ်းမှာ သူ၏ ကိုယ်ပိုင်အရည်အချင်းကြောင့်သာဖြစ်ကြောင်း အမှန်အတိုင်း သိရှိသွားခဲ့ရသည်။

သို့သော် ပို၍ပင် ဝမ်းနည်းစရာကောင်းသည်မှာ ချူးယွင်ဖန်းပိုင်ဆိုင်ထားသည့် အစွမ်းမျိုးကသာ စစ်မှန်သော စွမ်းအားဖြစ်ကြောင်း သူ သိလိုက်ရသည့်တိုင်အောင် မိမိကိုယ်တိုင်မူ ထိုကဲ့သို့ ဖြစ်အောင် မလုပ်နိုင်တော့ခြင်းပင်။ အကြောင်းမူကား သူသည် အစကတည်းက လမ်းကြောင်းအမှားကို ရွေးချယ်လျှောက်လှမ်းခဲ့မိသောကြောင့် ဖြစ်၏။

ဤအချက်ကို တွေးမိသွားသည်နှင့် ယန်ရိသည် စိတ်ထဲတွင် တုန်လှုပ်ဒေါသထွက်နေဆဲ ဖြစ်သော်လည်း ချူးယွင်ဖန်းအား ထပ်မံ၍ မချေပဝံ့တော့ချေ။ သူသည် မခံချင်စိတ်ဖြင့်သာ စူးစူးဝါးဝါး ကြည့်လိုက်ရင်း ကြိမ်းဝါးလိုက်၏။

“တောက်... မင်း စောင့်နေလိုက်ဦးပေါ့”

ထိုသို့ပြောပြီးနောက်တွင်မူ ယန်ရိသည် အလင်းတန်းတစ်ခုကို စီးနင်းလျက် စစ်စခန်းအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားသကဲ့သို့ ပျံသန်းထွက်ခွာသွားတော့သည်။

“ဒီလိုလူစားမျိုးက ဘယ်လိုလုပ်ပြီး အင်ပါယာရဲ့ မြို့စားမင်းဘွဲ့နဲ့ ထိုက်တန်ပါ့မလဲ...”

ယန်ရိထွက်ခွာသွားပြီးနောက် တပ်မှူးရုံးခန်းအတွင်းသို့ အခြားလူနှစ်ဦး ရောက်ရှိလာခဲ့ကြသည်။ ထိုသူတို့မှာ ရိုချူးယွင်နှင့် ချူးဟုန်ချိုင်တို့ ဖြစ်ကြ၏။ ယန်ရိတစ်ယောက် အောက်ကျနောက်ကျနှင့် သနားစဖွယ် ထွက်ပြေးသွားရသည်ကို မြင်လိုက်ရသောအခါတွင် ချူးဟုန်ချိုင်က အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

သူ့ဘေးရှိ ရိုချူးယွင်မှာမူ နှုတ်ခမ်းအစုံတွန့်လိုက်ပြီး ရင်ထဲတွင် မည်သို့ပြောရမှန်းမသိအောင် ခံစားချက်များ ရှုပ်ထွေးသွားရသည်။ အကြောင်းမူကား ယန်ရိပိုင်ဆိုင်ထားသော အရည်အချင်းမှာ နန်းတွင်းမြို့စားမင်းတစ်ဦးအတွက် သာမန်လုပ်ရိုးလုပ်စဉ် အခြေအနေမျှသာ ဖြစ်သောကြောင့် ဖြစ်၏။ ချူးဟုန်ချိုင် နှိုင်းယှဉ်နေသည့် ချူးယွင်ဖန်းသာလျှင် သာမန်ထက်ထူးကဲလွန်းသည့် လူသားတစ်ယောက် ဖြစ်နေခြင်းပင်။ အင်ပါယာတစ်ခုလုံးရှိ မြောက်မြားစွာသော မြို့စားမင်းများထဲတွင် ချူးယွင်ဖန်းနှင့် ရင်ဘောင်တန်းနိုင်သူဟူ၍ အလွန်တရာ ရှားပါးလှပေသည်။

မြို့စားမင်းဘွဲ့ ရရှိထားသူတိုင်းက အစွမ်းသတ္တိကြီးမားကြသည် မဟုတ်ချေ။ ထိုသူတို့ထဲမှ အများစုမှာ စစ်မှုထမ်းသက်သက်တမ်း ရင့်ကျက်လာသည်အထိ သည်းခံရင်း စွမ်းဆောင်ရည်များကို တဖြည်းဖြည်းချင်း အချိန်ယူစုဆောင်းကာမှ မြို့စားမင်းဘွဲ့ အပ်နှင်းခြင်း ခံခဲ့ရကြခြင်း ဖြစ်သည်။

“ဟားဟား... ဟုန်ချိုင် မင်း သူ့လိုလူစားမျိုးဆီကနေ အတုမယူနဲ့။ ကိုယ့်ရဲ့ ဇနီးမယားနဲ့ သားသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုရင် ကိုယ်ပိုင်အစွမ်းအစကိုပဲ အားကိုးရမယ်”

ချူးယွင်ဖန်းက စောစောက ဖြစ်ပွားခဲ့သော ပဋိပက္ခကို စိုးစဉ်းမျှ ဂရုမစိုက်တော့ဘဲ အကျယ်ကြီး ရယ်မောကာ ပြောလိုက်သည်။

“သခင်ချူး ဒါပေမဲ့ အခုလိုဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့ အိမ်ရှေ့မင်းသားအုပ်စုနဲ့ လုံးဝကို မျက်နှာပျက်စရာ ဖြစ်သွားပြီမဟုတ်ဘူးလား”

ရိုချူးယွင်က စိုးရိမ်ပူပန်စွာဖြင့် ဆို၏။

ချူးယွင်ဖန်းက လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောလိုက်သည်။

“မျက်နှာပျက်ရုံတင်မကဘူး၊ လမ်းခွဲရုံတင်မကဘူး... လိုအပ်ရင် အပြတ်တိုက်ရုံပဲ ရှိတာပေါ့။ အခုအချိန်မှာ မင်းသားတွေ၊ မင်းသမီးတွေက ထီးနန်းလုပွဲအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြပေမဲ့ ဘယ်သူနိုင်မလဲဆိုတဲ့ ရလဒ်က မထွက်သေးဘူး။ တကယ်လို့ ငါတို့ဘက်ကသာ သူတို့ထဲက တစ်ယောက်ယောက်ဆီကို စောစောစီးစီး ရုတ်တရက် ဝင်ရောက်ပူးပေါင်းလိုက်မယ်ဆိုရင် အခြား မင်းသား၊ မင်းသမီးအားလုံးရဲ့ မျက်စိစပါးမွှေးစူးစရာ ရန်သူ ဖြစ်သွားလိမ့်မယ်။ အိမ်ရှေ့မင်းသားတစ်ယောက်တည်းကို ရန်သူဖြစ်ရတာနဲ့ မင်းသား၊ မင်းသမီးအားလုံးနဲ့ ရန်သူဖြစ်ရတာ ဘယ်လောက်ကွာလဲဆိုတာ ငါ ထပ်ပြောနေဖို့ မလိုတော့ဘူးထင်တယ်”

ထိုအခါမှသာ ရိုချူးယွင်တစ်ယောက် အလန့်တကြားဖြင့် အမှန်တရားကို သဘောပေါက်သွားခဲ့တော့သည်။ သူသည် အိမ်ရှေ့မင်းသားအုပ်စုနှင့် ရန်သူဖြစ်မည်ကိုသာ တွေးပူနေခဲ့သော်လည်း အိမ်ရှေ့မင်းသား၏ ပြိုင်ဘက်များ နောက်ကွယ်တွင်လည်း အလွန်တရာ ကြီးမားထောင့်တင်းသော အင်အားစုကြီးများ ရှိနေသည်ကိုမူ ထည့်မတွေးမိခဲ့ချေ။ လူတိုင်းနှင့် ရန်သူဖြစ်ရသည်ထက်စာလျှင် အိမ်ရှေ့မင်းသားတစ်ယောက်တည်းနှင့် ရန်သူဖြစ်ရသည်က အများကြီး သက်သာပေလိမ့်မည်။

“ဒါတင်မကသေးဘူး... အိမ်ရှေ့မင်းသားအနေနဲ့ ငါ့ကို ရန်ရှာဖို့ဆိုတာလည်း ထင်သလောက် မလွယ်လှပါဘူး။ သာမန်ဖန်ဆင်းရှင်အဆင့်သိုင်းဆရာတွေဆိုရင် ငါ့ရဲ့ တစ်ကွက်ကိုတောင် တောင့်ခံနိုင်ကြတာ မဟုတ်ဘူး။ အိမ်ရှေ့မင်းသားကရော သူ့လက်အောက်မှာ ဖန်ဆင်းရှင်အဆင့် သိုင်းဆရာ ဘယ်နှယောက်လောက် သိမ်းသွင်းထားနိုင်လို့လဲ။ ငါ့ကိုလာပြီး ပြဿနာမရှာရင်တော့ အေးအေးဆေးဆေးပေါ့... တကယ်လို့မှ လာပြီး ရန်စဖို့ သတ္တိရှိမယ်ဆိုရင်တော့ သူ့ကို ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်တဲ့ သင်ခန်းစာကောင်းကောင်းတစ်ခု ပေးလိုက်ရုံပဲရှိတာပေါ့”

ချူးယွင်ဖန်းက မမှုသည့်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

“မှန်တာပေါ့... သူက အိမ်ရှေ့မင်းသားဖြစ်နေတော့ ဘာဖြစ်လဲ။ တကယ်လို့ သူကသာ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးအတွက် ကလဲ့စားလာချေမယ်ဆိုရင် ငါတို့လည်း အခြားမင်းသား ဒါမှမဟုတ် မင်းသမီးတွေဘက်ကို ဝင်ပူးပေါင်းလိုက်ရုံပဲ ရှိတာပေါ့”

ချူးဟုန်ချိုင်က အသံကျယ်ကြီးဖြင့် ထောက်ခံပြောဆိုလေသည်။

“အဓိကအကျဆုံးအချက်က အိမ်ရှေ့မင်းသားက ငါတို့ကို လာပြီး ပြဿနာရှာမလား ဆိုတာမဟုတ်ဘူး။ အဓိကက ငါတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေကို ပိုပြီး တိုးတက်အောင် လုပ်ဖို့ပဲ။ ငါတို့မှာသာ လုံလောက်တဲ့ အစွမ်းသတ္တိရှိနေမယ်ဆိုရင် အိမ်ရှေ့မင်းသားက ငါတို့အပေါ် ဘယ်လောက်ပဲ မကျေမနပ်ဖြစ်ဖြစ် ရင်ထဲမှာပဲ ကြိတ်မှိတ်အောင့်ခံထားရလိမ့်မယ်”

ချူးယွင်ဖန်းက လှောင်ပြုံးပြုံးလျက် ဆိုလိုက်၏။

.............

ထိုအချိန်တွင် လောက၏ အခြားတစ်ဖက် အရပ်မျက်နှာ၌မူ.....

နေပြည်တော်ကြီးအတွင်းရှိ အိမ်ရှေ့မင်းသားစံမြန်းရာ အရှေ့နန်းဆောင်အတွင်း၌ ဖြစ်၏။

နဂါးလက်သည်း ငါးခုပါသော ရွှေရောင်နဂါးဝတ်ရုံတော်ကို ဆင်ယင်ထားသည့် လူငယ်တစ်ဦးသည် ပလ္လင်ထက်တွင် စံမြန်းနေသည်။ ထိုလူငယ်သည် ခံ့ညားထည်ဝါသော ရုပ်ရည်ရှိပြီး ဘုရင်မင်းမြတ်နှင့်လည်း ရုပ်ဆင်သည်။

“သူက တကယ်ပဲ အဲဒီလို ပြောလိုက်တာလား”

လူငယ်က ရက်စက်ကောက်ကျစ်သော အမူအရာဖြင့် မေးလိုက်၏။

“ဟုတ်ပါတယ်။ ချူးယွင်ဖန်းက မာနကြီးပြီး ရိုင်းစိုင်းလွန်းလှပါတယ်။ အိမ်ရှေ့မင်းသားအပေါ်မှာလည်း နည်းနည်းလေးမှ လေးစားမှုမရှိပါဘူး။ သူက အိမ်ရှေ့မင်းသားအနေနဲ့ သူ့ကို ချုပ်ကိုင်ချင်တယ်ဆိုရင်တော့ ဧကရာဇ်ပလ္လင်ပေါ် တက်နိုင်တဲ့နေ့အထိ စောင့်ဦးလို့သာ ပြောလိုက်ပါလို့တောင် ရဲရဲတင်းတင်း ကြိမ်းဝါးလိုက်ပါတယ်”

ထိုလူငယ်၏ ရှေ့မှောက်တွင် ရိုသေစွာ ရပ်နေသော ယန်ရိက ကပျာကယာ လျှောက်တင်လိုက်သည်။

“မိုက်လှချေလား ချူးယွင်ဖန်း”

အိမ်ရှေ့မင်းသားသည် ဒေါသအမျက်ချောင်းချောင်း ထွက်သွားကာ ပလ္လင်၏ လက်မှီခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ၎င်းလက်မှီခုံမှာ တစစီ ကြေမွပျက်စီးသွားခဲ့တော့သည်။

“အိမ်ရှေ့မင်းသား ချူးယွင်ဖန်းဟာ ဟွန်ထျန်းမြို့စားမင်းကို သတ်ပစ်ခဲ့ရုံတင်မကဘဲ မင်းသားရဲ့ စေတနာကောင်းတွေကိုပါ မျက်ကွယ်ပြု စော်ကားခဲ့တာပါ။ တကယ်လို့ ကျွန်တော်မျိုးတို့ဘက်က သူ့ကို အပြစ်မပေးဘဲ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင်တော့ အခြားသူတွေပါ မင်းသားအပေါ် သစ္စာဖောက်ပြီး မလေးမစားလုပ်ကြပါလိမ့်မယ်”

ယန်ရိက အိမ်ရှေ့မင်းသား၏ မျက်နှာရိပ်မျက်ခြေကို ခိုးကြည့်ရင်း မြှောက်ထိုးပင့်ကော် လျှောက်တင်လိုက်၏။

အိမ်ရှေ့မင်းသား၏ မျက်နှာပြင်သည် လွန်စွာ ခက်ထန်ဆိုးသွမ်းနေသည်။ အတန်ကြာမှသာ စိတ်အာရုံက ပြန်လည်တည်ငြိမ်သွားပြီး မျက်နှာရိပ်မှာ ပြေလျော့သွားကာ ပြောလိုက်သည်။

“အခုအချိန်က သူ့ကို သွားပြီး ထိပါးရမယ့်အချိန် မဟုတ်သေးဘူး။ သူက ဟွန်ထျန်းမြို့စားမင်းကို သတ်ပြီးခါစဆိုတော့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့အချိန်ပဲ။ နတ်ဒေဝါဂိုဏ်းကလည်း သူ့ကို ပိုပြီးတော့ အကာအကွယ်တွေထားပြီး စောင့်ရှောက်ထားကြလိမ့်မယ်။ သူ့ကို လက်ဖျားနဲ့တို့ဖို့က ထင်သလောက် မလွယ်ဘူး”

“ဒါတင်မကသေးဘူး... ခမည်းတော်ကလည်း ငါ့ကို အဆောင်တော်ဆီ ခေါ်ပြီး အပြစ်တင် ကြိမ်းမောင်းထားသေးတယ်။ ဟွန်ထျန်းမြို့စားမင်းက နတ်ဆိုးဂိုဏ်း၊ နတ်ဆိုးတွေနဲ့ လျှို့ဝှက်ပူးပေါင်းခဲ့တဲ့ ကိစ္စကြောင့် ခမည်းတော်က ငါ့အပေါ်မှာ တော်တော်လေး စိတ်ပျက်မကျေမနပ် ဖြစ်နေတာ။ အခုအချိန်က လှုပ်ရှားဖို့ အချိန်ကောင်းမဟုတ်ဘူး”

အိမ်ရှေ့မင်းသားက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်၏။ သူ၏ လက်ရှိ အဆင့်အတန်းမှာ လွန်စွာ ကြီးကျယ်ခမ်းနားလှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ယမ်းပုံကြီးအပေါ်၌ ထိုင်နေရသကဲ့သို့ ဖြစ်နေကြောင်း သူကိုယ်တိုင် အသိဆုံး ဖြစ်သည်။ သူ့ထက် အဆပေါင်းများစွာ စွမ်းအားကြီးမားလွန်းသည့် ခမည်းတော် ဧကရာဇ်မင်းမြတ် ရှိနေသလို၊ သူ၏ အနောက်ကနေ ခြေရာဖျက် အမှီလိုက်ပြီး ပလ္လင်လုရန် ကြံစည်နေကြသည့် မောင်နှမများစွာလည်း ရှိနေကြသည်။ အကယ်၍သာ မိမိ အမှားတစ်ချက် လုပ်မိလိုက်သည်နှင့် ကစားပွဲတစ်ခုလုံး အရှုံးဖြင့် ဇာတ်သိမ်းသွားရပေလိမ့်မည်။ လူက လုပ်ဆောင်မှု များလေလေ အမှားများလေလေ ဖြစ်တတ်သဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘာမှမလုပ်ဘဲ ငြိမ်နေခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။

အကယ်၍ သူသည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့လျှင် နှစ်ပေါင်းရာချီမှ တစ်ယောက်သာ ပေါ်ထွန်းနိုင်မည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေမည်မှာ သေချာလှသည်။ သို့သော်လည်း ယခုကဲ့သို့ ဧကရာဇ်မျိုးနွယ်စုအတွင်း၌မူ သူ၏ အရည်အချင်းမှာ သာမန်အဆင့်မျှသာဟု အဆင့်သတ်မှတ်ခြင်း ခံထားရသဖြင့် ဤအချက်ကပင် တကယ့်ကို ပြက်လုံးကြီးတစ်ခု ဖြစ်နေတော့သည်။

“သူ့ကို နောက်ထပ် ရက်အနည်းငယ်လောက် သည်းခံထားလိုက်ဦး။ ပါရမီရှင်စာရင်း ပွင့်လာတဲ့အခါကျမှပဲ ငါတို့ သူ့ကို တစ်ခါတည်း အပြတ်ရှင်းကြတာပေါ့”

အိမ်ရှေ့မင်းသားက အေးစက်စက်လေသံဖြင့် ဆို၏။

သူသည် ခမည်းတော်၏ ခေါ်ယူခြင်းကို ခံရစဉ်က မိမိကိုယ်မိမိ သဘောထားကျဉ်းမြောင်းပြီး အမြော်အမြင်မရှိကြောင်း၊ အရေးမပါသည့် အသေးအဖွဲကိစ္စလေးများကိုသာ လုပ်ဆောင်တတ်ကြောင်း အပြစ်တင် ကြိမ်းမောင်းခံခဲ့ရသည်ကို ပြန်လည်တွေးမိသွားပြီး အခြေအနေအမှန်ကို ချက်ချင်း ရိပ်စားမိလိုက်ခြင်း ဖြစ်၏။

“ဒါတင်မကသေးဘူး... ချူးယွင်ဖန်းဆိုတာ သာမန်ကောင်တစ်ယောက်ပဲဥစ္စာ၊ ဘာမှုစရာရှိလဲ။ ငါ ပါရမီရှင်စာရင်းထဲကို ဝင်ပြီး အဲဒီအရာကို ရလာတဲ့အထိ စောင့်နေလိုက်ဦး။ အဲဒီအချိန်ကျရင် ချူးယွင်ဖန်းကို နှိမ်နင်းဖို့ဆိုတာ မခက်ခဲတော့ပါဘူး။ အဲဒီအခါကျမှ သူ့ကို ငါ့လက်နဲ့ ကိုယ်တိုင်ရှင်းပစ်မယ်”

“လောလောဆယ်မှာတော့ ငါတို့ သတိထားပြီး ကာကွယ်ရမှာက ချူးယွင်ဖန်းမဟုတ်ဘူး... ရည်မှန်းချက်ကြီးနေကြတဲ့ ငါ့ရဲ့ မောင်နှမတွေကိုပဲ။ လူလွှတ်ပြီး ငါ့ရဲ့ မောင်နှမတွေရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ စောင့်ကြည့်ခိုင်းထားလိုက်။ တကယ်လို့ တစ်စုံတစ်ရာ ထူးခြားတာရှိရင် ငါ့ဆီ ချက်ချင်းသတင်းပို့”

“ဟုတ်ကဲ့ပါ အိမ်ရှေ့စံ။ အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်”

ယန်ရိက ရိုသေစွာ ခေါင်းညိတ်လျှောက်တင်လိုက်လေတော့၏။

--

All Chapters