အခန်း ၂၀၁၈
Vol. 135 Ch. 2018
အခန်း (၂၀၁၈) ထန်စစ်ယုရဲ့အင်အားက တစ်ရှိန်ထိုးတိုးတက်လာပြီ
ဧကရာဇ်ခန္ဓာကိုယ်ဆိုသည့် ဤစကားလုံး နှစ်လုံးတည်းနှင့်တင် မရေမတွက်နိုင်သော လူပေါင်းများစွာကို ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။
လူတိုင်း သိထားကြသည့်အတိုင်း ဘုရင်အဆင့်ခန္ဓာကိုယ်မျှသာ ပိုင်ဆိုင်ထားလျှင်ပင် ဤလောက၏ ထိပ်တန်း အထွတ်အထိပ် ခန္ဓာကိုယ်ဖြစ်နေပြီ ဖြစ်၏။ အကယ်၍ ဧကရာဇ်အဆင့်ခန္ဓာကိုဘ်ကို ပိုင်ဆိုင်ထားပါက ကျင့်ကြံခြင်း လမ်းခရီးထက်ကို ခြေချလိုက်သည်နှင့် အခြေခံအကျဆုံး ကျင့်စဉ်ကို ကျင့်ကြံပွားများရပစေဦးတော့၊ သူတို့၏ နောင်လာမည့် အောင်မြင်မှု အဆင့်အတန်းမှာ အတိုင်းအဆမရှိ ကြီးမားလှပေလိမ့်မည်။ ရှေးယခင် အစဉ်အဆက်ကတည်းကပင် ဧကရာဇ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများသည် လမ်းခရီးတွင် ဘေးရန်မသီဘဲ အဆင်ပြေချောမွေ့စွာ ကြီးပြင်းလာနိုင်သရွေ့ လောက၏ အမြင့်မားဆုံး အဆင့်အတန်းတွင်သာ တည်ရှိနေကြစမြဲပင်။
ထို့ကြောင့် စေတနာဖြင့်ဖြစ်စေ၊ မနာလို ကောက်ကျစ်သော စိတ်ဖြင့်ဖြစ်စေ လောကသားတို့၏ အကြည့်အားလုံးသည် အေးချမ်းနတ်တောင်တော်တွင် ရှိနေသည့် ထန်စစ်ယုထံသို့ စုပြုံရောက်ရှိလာကြတော့သည်။ လူအများအပြားက အစွမ်းသတ္တိ ထူးကဲလှသော ချူးယွင်ဖန်းနှင့် ကျင့်စဉ်အဆင့်အတန်း တစ်ဟုန်ထိုး မြင့်မားလာသည့် ထန်စစ်ယုတို့ နှစ်ဦး ထိပ်တိုက်တွေ့ကြလျှင် မည်သူက အနိုင်ရရှိမည်နည်းဟု စတင်ခန့်မှန်း တွက်ချက်လာကြသည်။
လောလောဆယ်တွင် ပါရမီရှင်စာရင်း၌ ချူးယွင်ဖန်းက နံပါတ်တစ်နေရာတွင် ရှိနေပြီး ထန်စစ်ယုက ဒုတိယနေရာတွင် ရှိနေကာ နှစ်ဦးစလုံးမှာ စူးရှတောက်ပသော အရှိန်အဝါ ကိုယ်စီ ရှိနေကြသူများ ဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် ထူးခြားသော ပတ်သက်မှု ရှိနေရုံတင်မကဘဲ စေ့စပ်ထားကြသူများ ဖြစ်ကြောင်းကို လူတိုင်း သိရှိကြသော်လည်း ဤအချက်က လောကသားတို့၏ စိတ်ဝင်တစား ခန့်မှန်းပြောဆိုမှုများကို တားဆီးနိုင်ခြင်း မရှိခဲ့ချေ။
အထူးသဖြင့် ချူးယွင်ဖန်း၏ ထံပါးတွင် လျှို့ဝှက်ဆန်းကြယ်ပွဲကြည့်စင်၏ ကောင်းကင်တွက်ချက်မှု မှန်သမျှကို ပိတ်ဆို့ထားနိုင်သည့် အထွတ်အထိပ်ရတနာတစ်ခု ရှိနေကြောင်း လူတိုင်း သိထားကြသဖြင့် လက်ရှိအချိန်တွင် ချူးယွင်ဖန်းတစ်ယောက် မည်သည့်ကျင့်စဉ်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို မည်သူမျှ အတိအကျ မသိရှိကြချေ။
ယခင်က ချူးယွင်ဖန်းသည် လီချန်းယွမ်ကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ခဲ့သောကြောင့်သာ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ချူးယွင်ဖန်းပြသခဲ့သော တိုက်ခိုက်ရေးစွမ်းရည်အပေါ် အခြေခံ၍သာ လက်ရှိစာရင်းကို ခန့်မှန်းတွက်ချက်ထားကြခြင်း ဖြစ်၏။
ထိုအချိန်က တွက်ချက်မှုများအရ ချူးယွင်ဖန်းသည် ဖန်ဆင်းရှင်အဆင့်၏ ဆဋ္ဌမအဆင့် တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိနေသင့်သည်။ ယခုအခါတွင်မူ ထန်စစ်ယုသည်လည်း ဖန်ဆင်းရှင်အဆင့်၏ ဆဋ္ဌမအဆင့် သို့ တရားဝင် လှမ်းတက်နိုင်ခဲ့ပြီ ဖြစ်ရာ သူမနှင့် ချူးယွင်ဖန်းတို့ကြားတွင် မည်သူက ပို၍ အစွမ်းထက်နေမှာလဲ။
အကြောင်းမှာ ယခင်က ချူးယွင်ဖန်း၏ အစွမ်းမှာ အလွန်တရာ ကြီးမားလွန်းလှပြီး အခြားသော ပါရမီရှင်များထက် အနည်းဆုံး တစ်ဆင့်မက သာလွန်နေသည်မှာ သိသာထင်ရှားလှသဖြင့် မည်သူမျှ သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ကြချေ။ သို့သော်လည်း ယခုအခါ ထန်စစ်ယု၏ တစ်ရှိန်ထိုး ထွက်ပေါ်လာမှုကပင် လောကသားအားလုံးကို မျှော်လင့်ချက် ပြန်လည်ပေးသနားလိုက်သကဲ့သို့ ဖြစ်သွားစေကာ ချူးယွင်ဖန်းနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်မည့်သူတစ်ယောက် နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ချေပြီဟု တွေးတောကာ ရင်ခုန်စိတ်လှုပ်ရှားနေကြတော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးသည် ယခင်က တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးချေ။ အကြောင်းမူကား လောကသားအားလုံးသည် လျှို့ဝှက်ဆန်းကြယ်ပွဲကြည့်စင်၏ တွက်ချက်မှုများကို အကြွင်းမဲ့ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသူသည် အစွမ်းအထက်ဆုံး ဖြစ်ပြီး ဒုတိယနေရာတွင် ရှိနေသူသည် ပထမလူထက် နိမ့်ကျသည်မှာ သံသယဝင်ဖွယ်မရှိသည့်အချက်ပင်။
သို့သော်လည်း ချူးယွင်ဖန်း၏ အစွမ်းမှာမူ ပဟေဠိတစ်ခု ဖြစ်နေခဲ့သည်။ ထို့ကြောင့် ချူးယွင်ဖန်းနှင့် ထန်စစ်ယုနှစ်ဦးတွင် မည်သူက ပို၍ အစွမ်းထက်သနည်းဟူသော အငြင်းပွားမှုမှာ ယနေ့တိုင်အောင် အရှိန်အဟုန်ပြင်းစွာ တည်ရှိနေခဲ့ခြင်းပင်။ သို့ရာတွင် ယနေ့၌မူ ပါရမီရှင်စာရင်းပေါ်ရှိ ထန်စစ်ယု၏ မှတ်တမ်းသည် ရုတ်ချည်းပင် ထပ်မံပြောင်းလဲသွားခဲ့လေပြီ။ ထန်စစ်ယု၏ ကျင့်စဉ်အဆင့်အတန်းသည် ဖန်ဆင်းရှင်အဆင့်၏ ဆဋ္ဌမအဆင့်မှနေ၍ ဖန်ဆင်းရှင်အဆင့်၏ သတ္တမအဆင့်သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ခုန်တက်သွားခဲ့တော့သည်။
ဤအရေးကို စိတ်ဝင်တစား စောင့်ကြည့်နေကြသူအားလုံးမှာ ဆွံ့အမှင်တက်သွားကြရတော့သည်။ ထန်စစ်ယု၏ ကျင့်စဉ်တိုးတက်မှုအရှိန်မှာ ဤမျှတိုတောင်းလှသော အချိန်ကာလအတွင်း၌ ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။ သူမသည် အခြားသော ရွယ်တူချင်း ပါရမီရှင်အားလုံးကို အဝေးကြီးတွင် အပြတ်အသတ် ချန်ထားခဲ့လေပြီ။ သူမ၏ လက်ရှိအစွမ်းမှာ ရွယ်တူချင်းများကို အမှုန့်ကြိတ်ခြေပစ်နိုင်သည်ဟု ဆိုပါကလည်း အလွန်အကျူး ဖြစ်မနေတော့ပေ။ အကယ်လ၍သာ လီချန်းယွမ်တစ်ယောက် ယနေ့အချိန်တွင် ပြန်လည်ရှင်သန်လာဦးမည်ဆိုလျှင် သူသည်လည်း ထန်စစ်ယု၏ ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
လူတိုင်း ဆွံ့အသွားကြရသည်။ ထန်စစ်ယု၏ ကျင့်စဉ်တိုးတက်မှုနှုန်းမှာ မြန်ဆန်လွန်းလှ၏။ ရှေးယခင် အစဉ်အဆက်ကတည်းကပင် ဧကရာဇ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသူဟူသည် အလွန်တရာ နည်းပါးလွန်းလှသဖြင့် နှိုင်းယှဉ်စရာ ပုံစံတူပင် ရှိမနေခဲ့ချေ။ သို့သော်လည်း ဘုရင်အဆင့်ခန္ဓာကိုယ်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်မူ ဧကရာဇ်ခန္ဓာ၏ တိုးတက်မှုအရှိန်မှာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလောက်အောင် အံ့ဩစရာ ဖြစ်နေရသည်။
ဘုရင်အဆင့်ခန္ဓာကိုယ်ဟူသည်ပင် လောကတွင် အလွန်ရှားပါးလှပြီး နှစ်စဉ်နှစ်တိုင်းတွင်လည်း လက်ချိုးရေတွက်နိုင်လောက်ရုံမျှသာ ပေါ်ထွက်တတ်ကာ ၎င်းတို့မှာ ပါရမီရှင်များအကြားတွင် ထိပ်သီးအဆင့် အကျော်အမော်များ ဖြစ်ကြသည်။ ထိုသို့ဆိုလျှင် ဧကရာဇ်ခန္ဓာ ပိုင်ဆိုင်သူများ၏ အဆင့်အတန်းမှာမူ ပို၍ပင် စိတ်ကူးပုံဖော်ရန် ခက်ခဲလှပေတော့မည်။
ဝါရင့် သိုင်းပညာရှင်ကြီးအချို့ပင်လျှင် ဤမြင်ကွင်းကြောင့် ကြောင်အသွားကြရသည်။ ဤကဲ့သို့သော ကျင့်ကြံခြင်း အရှိန်အဟုန်ဖြင့်ဆိုလျှင် ထန်စစ်ယုသည် နောက်ထပ် နှစ်နှစ်ပင် မပြည့်ခင်အချိန်အတွင်း၌ ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်သွားနိုင်ပြီး ထိုလောကပြင်ပက နတ်ဆိုးကြီးများနှင့် ရင်ဘောင်တန်းနိုင်တော့မည် ဖြစ်သည်။
"ဒါက ဧကရာဇ်ခန္ဓာပိုင်ရှင်တစ်ယောက်ရဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ပေါ့လေ... ရှေးခေတ်တုန်းက ဧကရာဇ်တွေဟာ သက်တမ်း ဆယ်စုနှစ်အနည်းငယ်အတွင်းမှာတင် လောကရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့ကြတယ်ဆိုတဲ့ ကောလာဟလတွေက အလကားမဟုတ်ပါလား”
"ဒါကြောင့်မို့လည်း မင်းသမီးကြီးက သူ့ကို နောက်ဆုံး ပညာအမွေခံတပည့်အဖြစ် သတ်သတ်မှတ်မှတ် လက်ခံခဲ့တာ ဖြစ်ရမယ်၊ ဒီလိုတပည့်မျိုး တစ်ယောက်တည်း ရှိနေရင်တင်ပဲ နောက်ထပ် တပည့်တွေ ထပ်ခေါ်နေစရာ မလိုတော့ဘူး။ ဒီလိုတပည့်မျိုး ပိုင်ဆိုင်ရရင် သေရင်တောင် မျက်စိမှိတ်ပျော်ပါပြီ”
ဝါရင့် ပညာရှင်ကြီးတစ်ဦးက သက်ပြင်းချလျက် ညည်းတွားလိုက်သည်။
"ငါ ထင်တာတော့... သူ့ရဲ့ ဒီကျင့်စဉ်တိုးတက်မှုနှုန်းအတိုင်းဆိုရင် နောင်တစ်ချိန်မှာ လောကရဲ့ နံပါတ်တစ် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်လာဖို့က လုံးဝကို ဖြစ်နိုင်ခြေရှိတယ်”
"ဒါပေမဲ့ ဒီလိုသာ တွက်ချက်ကြည့်မယ်ဆိုရင်တော့... အခုအချိန်မှာ ထန်စစ်ယုရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ချူးယွင်ဖန်းကို ကျော်လွန်သွားလောက်ပြီထင်တယ်”
ထန်စစ်ယု၏ ကျင့်စဉ်အဆင့်အတန်း ထပ်မံ၍ တစ်ဟုန်ထိုး မြင့်မားသွားခြင်းကြောင့် ဖြစ်ပေါ်လာရသော တုန်လှုပ်မှုများမှ လူအများစု ပြန်လည်သတိဝင်လာကြသည့်အခါတွင် လွန်ခဲ့သော တစ်နှစ်ကျော်ကာလပတ်လုံး အမြဲတစေ ငြင်းခုံလာခဲ့ကြသည့် ခေါင်းစဉ်မှာ ထပ်မံ၍ အသက်ဝင် လှုပ်ခတ်လာခဲ့ပြန်ပေတော့သည်။
ချူးယွင်ဖန်းနှင့် ထန်စစ်ယု..... ထိုနှစ်ဦးအနက် မည်သူက ပို၍ အစွမ်းထက်သလဲ။
အကယ်၍ ယခင်က ဤအကြောင်းအရာနှင့် ပတ်သက်၍ အငြင်းပွားစရာများ ရှိခဲ့ဖူးလျှင်ပင် ယခုအခါ ထန်စစ်ယုသည် ဖန်ဆင်းရှင်အဆင့်၏ သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ချူးယွင်ဖန်းဘက်မှ ရပ်တည်ခဲ့ကြသူများအားလုံး နှုတ်ဆိတ်သွားခဲ့ကြရလေပြီ။ သူတို့အနေဖြင့် ချူးယွင်ဖန်းအပေါ် မည်မျှပင် ယုံကြည်မှု ရှိခဲ့ပါစေဦးတော့ မိမိ၏ အစွမ်းသတ္တိနှင့် ဗီဇပါရမီများကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်သည့် ထန်စစ်ယု၏ ရှေ့မှောက်တွင်မူ ထိုယုံကြည်မှုများမှာ အရည်ပျော် ပျောက်ကွယ်သွားခဲ့ရ၏။
ထိုအဆင့်ကား ဖန်ဆင်းရှင်အဆင့်၏ သတ္တမအဆင့် ဖြစ်ပေသည်။
ထိုမျှမက ပါရမီရှင်လူငယ်အများအပြားမှာ ဤမြင်ကွင်းကြောင့် စိတ်ဓာတ်တော်တော်လေးကျသွားကြသည်ဟူသော သတင်းများပင် ထွက်ပေါ်လာခဲ့သေးသည်။ ထိုပါရမီရှင်များသည် ယခင်က လီချန်းယွမ်နှင့် ရင်ဆိုင်ရစဉ်ကပင် ယခုကဲ့သို့ စိတ်ဓာတ်ပျက်ပြားခြင်းမျိုး မရှိခဲ့ဖူးချေ။ ထိုစဉ်က လီချန်းယွမ်၏ အစွမ်းမှာ သူတို့ထက် သာလွန်သည် ဆိုစေ၊ ၎င်းမှာ သူတို့ လှမ်းမှီနိုင်ဆဲ ဖြစ်သော အတိုင်းအတာတစ်ခုအတွင်း၌သာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ထန်စစ်ယု၏ ကျင့်စဉ်အဆင့်အတန်းမှာ သူတို့ကို အဝေးကြီးတွင် ချန်ထားခဲ့လေပြီ။ နောင်လာမည့် အနာဂတ်တွင် အချိန်ကာလများ ရွေ့လျားကုန်ဆုံးသွားသည်နှင့်အမျှ သူမ၏ အစွမ်းမှာ ပိုမိုမြန်ဆန်သော အရှိန်အဟုန်ဖြင့် တိုးတက်လာတော့မည် ဖြစ်ရာ သူတို့အနေဖြင့် မည်သည့်နည်းနှင့်မျှ လိုက်မှီနိုင်တော့မည် မဟုတ်ချေ။
ဤအခြေအနေက ပေးစွမ်းသည့် စိတ်ပျက်အားလျော့မှုမှာ ချူးယွင်ဖန်းပေးခဲ့ဖူးသော ခံစားချက်ထက်ပင် ပို၍ ပြင်းထန်လှသည်။ အကြောင်းမူကား ချူးယွင်ဖန်း၏ စွမ်းအားမှာ လွန်စွာ နက်နဲဆန်းကြယ်လွန်းလှသဖြင့် လူတိုင်းက စိတ်ကူးပုံဖော်ကြည့်နိုင်ဆဲ ဖြစ်ကာ မိမိတို့ ကံကောင်းနိုင်ဦးမည်ဟု မျှော်လင့်ချက် ထားနိုင်ကြသေးသောကြောင့် ဖြစ်၏။
ထန်စစ်ယုကမူ ဖန်ဆင်းရှင်အဆင့်၏ သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထည့်မတွက်ဘဲ ကျင့်စဉ်အဆင့်အတန်း တစ်ခုတည်းဖြင့်ပင် ဆိုလျှင် သူမသည် လူငယ်မျိုးဆက်များအကြား၌ နံပါတ်တစ် အရှင်သခင် ဖြစ်နေသင့်ပြီ ဖြစ်၏။ ထိုမျှမက ယခင်မျိုးဆက် ပါရမီရှင်စာရင်းပေါ်ရှိ အကျော်အမော်များကိုပင် အမှီလိုက်နိုင်ရန် နီးစပ်နေခဲ့ခြေပြီ။
ထို့ပြင် လက်ရှိ ဧကရာဇ်ဘုရင်မင်းမြတ်သည် ထန်စစ်ယု၏ အမည်နာမကို တော်ဝင်မိသားစု၏ ဆွေစဉ်မျိုးဆက်စာရင်းထဲတွင် ထည့်သွင်းကမ္ပည်းတင်ရန် အလိုရှိနေသည်ဟူသော ကောလာဟလများပင် ပျံ့နှံ့လာခဲ့သည်။ ဤသည်မှာ လွန်စွာ ကြီးကျယ်ခမ်းနားလှသော ဂုဏ်ဒြပ်တစ်ခု ဖြစ်ရုံတင်မကဘဲ ဘုရင်မင်းမြတ်ကိုယ်တိုင် ထန်စစ်ယု၏ အရည်အချင်းကို အကြွင်းမဲ့ အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်၏။
ထိုအတောအတွင်း လောကကြီးတစ်ခုလုံးမှာ မုန်တိုင်းထန်သကဲ့သို့ လှုပ်ခတ်သွားခဲ့ရပြီး လူတိုင်း၏ စိတ်အာရုံများသည် အစွမ်းတရှိန်ထိုး တိုးတက်လာသည့် ထန်စစ်ယုထံသို့သာ စုပြုံရောက်ရှိသွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းအပေါ် စိတ်ဝင်စားမှုနှုန်းမှာမူ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်သို့ ထိုးဆင်းသွားခဲ့ရတော့သည်။
..................
ထိုအချိန် ကျန်းယွမ်မြို့စားမင်းအိမ်တော်၏ အေးချမ်းလှသော အဆောင်ဝင်းငယ်တစ်ခုအတွင်းဝယ် ချူးယွင်ဖန်းသည် ကျောက်ခုံတန်းလေးပေါ်တွင် တည်ငြိမ်စွာ ထိုင်လျက် အဝေးတစ်နေရာသို့ ငေးမောကြည့်ရှုနေသည်။ သူ၏ ဘေးတွင်မူ ရိုချူးယွင်က ရိုသေစွာ ရပ်နေ၏။
“သခင်ကြီး… အဲဒီ ဆေးလုံးကို မင်းသမီးကူရှဲ့ရဲ့ လက်ထဲကို သေသေချာချာ အရောက်ပို့ပေးခဲ့ပါတယ်”
ရိုချူးယွင်က ဦးညွှတ်လျက် လျှောက်တင်လိုက်သည်။
“ငါ သိပြီ”
ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်၏။ အမှန်တကယ်တွင်မူ ပါရမီရှင်စာရင်းပေါ်ရှိ အပြောင်းအလဲများကို မြင်လိုက်ရကတည်းက သူ ဤအခြေအနေကို ကြိုတင် ရိပ်စားမိပြီးသား ဖြစ်သည်။
သူသည် ထန်စစ်ယုထံသို့ ခြောက်လိုင်းရွှေခရမ်းဆေးလုံးတစ်လုံးကို ပေးပို့ရန် ရိုချူးယွင်အား တာဝန်ပေးခဲ့ခြင်း ဖြစ်၏။ ဤဆေးလုံးဟူသည်မှာ လူတစ်ဦးအတွက် တစ်သက်တွင် တစ်ကြိမ်သာ သုံးစွဲ၍ ထိရောက်မှုရှိသောအရာမျိုး ဖြစ်သည်။ ချူးယွင်ဖန်းကိုယ်တိုင်မူ ယခင်က နတ်ဆိုးဂိုဏ်း၊ နတ်ဆိုးများနှင့် တိုက်ခိုက်စဉ်ကပင် ဤဆေးလုံးကို တစ်ကြိမ် သုံးစွဲခဲ့ဖူးပြီး ဖြစ်ရာ သူ့အတွက် ထပ်မံသုံးစွဲရန် မလိုအပ်တော့ချေ။
သို့သော်ငြားလည်း ဤဆေးလုံးမှာ ထန်စစ်ယုအတွက်မူ အလွန်တရာ အသုံးဝင်လှပေဦးမည်။
ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း၌ ချူးယွင်ဖန်းသည် ရတနာတစ်ထောင်ပွဲကြည့်စင်မှတစ်ဆင့် ရှားပါးလှသော ဆေးဘက်ဝင်အပင်မျိုးစုံကို လိုက်လံစုဆောင်းခဲ့ပြီး နောက်ထပ် ခြောက်လိုင်းရွှေခရမ်းဆေးလုံးတစ်လုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ ထိုဆေးလုံးအား ထန်စစ်ယုထံသို့ အမြန်ဆုံး ပေးပို့ရန် ရိုချူးယွင်ကို ခိုင်းစေခဲ့ခြင်း ဖြစ်လေ၏။
--