အခန်း ၂၀၂၁
Vol. 135 Ch. 2021
အခန်း (၂၀၂၁) ဖန်ဆင်းရှင်အဆင့်၏စတုတ္ထအဆင့်
ရိုချူးယွင်ထွက်ခွာသွားပြီးနောက် ချူးယွင်ဖန်းသည် တောတောင်မြစ်ချောင်းပန်းချီကားကမ္ဘာအတွင်းသို့ ချဉ်းနင်းဝင်ရောက်သွားခဲ့သည်။ ထိုပန်းချီကားကမ္ဘာအတွင်း၌သာ သူသည် ဘေးရန်အပေါင်းမှ ကင်းဝေးပြီး စိတ်အေးလက်အေး ကျင့်ကြံနိုင်မည် ဖြစ်သည်။
ပန်းချီကား၏ ကောင်းကင်ယံထက်ဝယ် ချူးယွင်ဖန်းသည် လေထဲတွင် ကြာပွ့င်ပုံစံ တင်ပျဉ်ခွေထိုင်လျက် မျောလွင့်နေ၏။ သူက လက်တစ်ဖက်ကို လှမ်း၍ ဆန့်ထုတ်လိုက်ရာ အဝေးတစ်နေရာရှိ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရာ တောင်ကုန်းထက်မှ ဗြဟ္မသစ်ပင်ပေါ်ရှိ ရဲရဲနီနေသော ဗြဟ္မာသစ်သီးတစ်လုံးသည် သူ၏လက်ဝါးပြင်ပေါ်သို့ ပျံသန်းကာ ရောက်ရှိလာခဲ့တော့သည်။
ဤဗြဟ္မသီးမှာ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ဖန်ဆင်းရှင်အဆင့်ကျင့်ကြံသူတို့၏ သွေးအဆီအနှစ်များဖြင့် ပျိုးထောင်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် ဗြဟ္မသစ်ပင်ပေါ်တွင် မှည့်ဝင်းနေသော အခြားဗြဟ္မသီးနှစ်လုံး ရှိနေသေးသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို ဆွတ်ခူးခြင်းမပြုဘဲ ဆက်လက်ကြီးထွားလာစေရန် ချန်ထားခဲ့သည်။
ပြီးခဲ့သည့်အချိန်ကာလများအတွင်း ချူးယွင်ဖန်းသတ်ဖြတ်ခဲ့သော ဖန်ဆင်းရှင်အဆင့်ကျင့်ကြံသူအရေအတွက်က မနည်းလှချေ။ ထိုသူများထဲတွင် ဖန်ဆင်းရှင်အဆင့် သတ္တမအဆင့် သို့မဟုတ် အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်ရှိနေကြသည့် စွမ်းအားရှင်ကြီးများစွာ ပါဝင်သည်။ ထိုကဲ့သို့သော ထိပ်တန်းပညာရှင်ကြီးများ သေဆုံးသွားပြီးနောက် ၎င်းတို့၏ စွမ်းအင်အားလုံးမှာ ဗြဟ္မသီးအတွက် အကောင်းဆုံးသော အာဟာရဓာတ်များ ဖြစ်သွားခဲ့ကြရသည်။
ချူးယွင်ဖန်းသည် ဗြဟ္မသီးကို စားသုံးလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်အတွင်းရှိ တဟုန်ထိုး ထွက်ပေါ်လာသော နတ်ဘုရားစွမ်းအင်များမှာ ရေကာတာကျိုးကျသွားသည့်ပမာ အတားအဆီးအားလုံးကို ရိုက်ခတ်ချေဖျက်ပစ်တော့သည်။ အတိုင်းအဆမရှိသော အတွင်းအားဒီရေလှိုင်းများသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းဆီသို့ စီးဆင်းသွားပြီး ဖန်ဆင်းရှင်အဆင့်၏ စတုတ္ထအဆင့် အတားအဆီးတံတိုင်းကို ရူးသွပ်မတတ် အရှိန်အဟုန်ဖြင့် အတင်းဝင်ရောက် တိုက်ခိုက်ကြတော့၏။
အမှန်စင်စစ် ချူးယွင်ဖန်းအနေဖြင့် ဖန်ဆင်းရှင်အဆင့်၏ စတုတ္ထအလဆင့်သို့ အချိန်မရွေး ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်ဝက်အတွင်း သူသည် မိမိကိုယ်ကို အစဉ်တစိုက် မွမ်းမံနေခဲ့၏။ ၎င်းမှာ ဓားတစ်စင်းကို အသွားထက်မြက်အောင် သွေးနေသကဲ့သို့ ဖြစ်ပြီး တစ်ချိန်တည်းမှာပင် စတုတ္ထအဆင့်၏ အတားအဆီးတံတိုင်းကိုလည်း ဘယ်လိုမှ ဖျက်ဆီးရခက်အောင် အလွန်တရာ ခိုင်မာသိပ်သည်းသွားစေရန် ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သာမန်လူတစ်ဦးသာဆိုလျှင် ဤကဲ့သို့ လုပ်ဆောင်ရန် လုံးဝဝံ့ရဲကြမည်မဟုတ်ပေ။ အကြောင်းမူကား ထိုသို့ပြုလုပ်ပါက တစ်သက်လုံး ဤအတားအဆီးတံတိုင်းကို ဘယ်သောအခါမျှ ချိုးဖျက်နိုင်တော့မည်မဟုတ်သောကြောင့် ဖြစ်၏။ ချူးယွင်ဖန်းအတွက်ပင်လျှင် ဤတံတိုင်းကို ချိုးဖျက်ရန်မှာ မလွယ်ကူလှချေ။ သို့သော်လည်း သူသာ တစ်ကြိမ်မျှ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့မည်ဆိုပါက ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်ကာ လျှို့ဝှက်ဆန်းကြယ်အဆင့်သို့ ချက်ချင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ချူးယွင်ဖန်း၏စိတ်ထဲ၌ ကမ္ဘာကြီးက မည်မျှပင် ကျယ်ပြောစေကာမူ မိမိသွားချင်ရာ သွားနိုင်သည်ဟူသော ရဲရင့်ပြတ်သားသည့် စိတ်ဓာတ်များ ကိန်းအောင်းလာခဲ့သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လျှို့ဝှက်ဆန်းကြယ်အဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီးနောက် သူနှင့် ရွယ်တူချင်း ပါရမီရှင်များအကြားရှိ ကွာဟချက်မှာ ထိတ်လန့်စရာကောင်းလောက်အောင် ပိုမိုကြီးမားလာခဲ့ပြီဖြစ်သည်။ သူတို့အားလုံး စုပေါင်းပြီး ဆန့်ကျင်တားဆီးကြလျှင်ပင် ချူးယွင်ဖန်း၏ ခြေလှမ်းကို ဘယ်လိုမှ တားဆီးနိုင်ကြတော့မည်မဟုတ်ပေ။
ပါရမီရှင်စာရင်းထက်တွင်မူ ချူးယွင်ဖန်း၏ သတင်းအချက်အလက်များမှာ စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိခဲ့ပေ။ အကြောင်းမှာ တောတောင်မြစ်ချောင်းပန်းချီကားက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားပေးနိုင်သောကြောင့်ပင်။
လျှို့ဝှက်ဆန်းကြယ်ပွဲကြည့်စင်၏ မျက်စိများကို ကန်းသွားအောင် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေခဲ့၍ ဖြစ်သည်။ ၎င်းတို့သည် အခြားသော အင်အားစုများနည်းတူ သာမန်အခြေခံနည်းလမ်းများဖြင့်သာ ချူးယွင်ဖန်း၏သတင်းကို စုံစမ်းရယူနိုင်ပြီး အပေါ်ယံမျှသာ ခန့်မှန်းနိုင်ကြတော့သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံတွက်ချက်ခြင်းကို အသုံးပြု၍ ချူးယွင်ဖန်း၏ စစ်မှန်သောစွမ်းအားကို သိရှိနိုင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ချေ။
ထို့ကြောင့် ဤလျှို့ဝှက်ချက်ကို တစ်လောကလုံးတွင် ချူးယွင်ဖန်းတစ်ဦးတည်းသာ သိထားသည်။ အပြင်လောကရှိ အခြားသူများကမူ ထန်စစ်ယုသည် သူ့ကို လုံးဝဥဿုံ ကျော်လွန်သွားခဲ့ပြီဟုသာ ထင်မှတ်နေကြဆဲ ဖြစ်လိမ့်မည်။ အဆုံးစွန်၌ နောက်ထပ် သုံးလခန့် အချိန်ကာလ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ဖန်ဆင်းရှင်အဆင့်၏ သတ္တမအဆင့်သို့ ရောက်ရှိနေခဲ့သော ထန်စစ်ယုသည် ယခုအချိန်တွင် ဖန်ဆင်းရှင်အဆင့်၏ အမြင့်ဆုံးအထွတ်အထိပ်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ ရွယ်တူချင်းများအကြားတွင် ပြိုင်ဘက်ကင်းနေရုံမျှမက နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သည့် သိုင်းပညာရှင်ဘိုးဘေးကြီးများပင်လျှင် ထန်စစ်ယု၏ လက်ရုံးရည်ကို ယှဉ်နိုင်ကြတော့မည်မဟုတ်ချေ။
သို့သော်လည်း ချူးယွင်ဖန်းသည် သူ၏ လွင့်မျောနေသော အတွေးစများကို လျင်မြန်စွာပင် ပြန်လည်စုစည်းလိုက်ပြီး ကျင့်ကြံခြင်းအာရုံထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။ သူသည် ဗြဟ္မသစ်သီး၏ ဆေးအာနိသင်များကို အတိုတောင်းဆုံးသောအချိန်ကာလအတွင်း အမိအရ ချေဖျက်စုပ်ယူလိုနေခဲ့၍ ဖြစ်သည်။
.................
ထိုအချိန်တွင်ကျန်းယွမ်မြို့အတွင်းရှိ စားသောက်ဆိုင်ကြီးတစ်ဆိုင်၏ သီးသန့်ခန်းတစ်ခုထဲ၌ လှပဆန်းပြားစွာ ပန်းထိုးထားသော ဝတ်စုံများကို ဆင်ယင်ထားကြသည့် လူငယ်သုံးဦး ထိုင်နေကြသည်။ ထိုသီးသန့်ခန်း၏ ပြတင်းပေါက်မှာ ကျန်းယွမ်မြို့စားမင်း၏ စံအိမ်တော်ဘက်သို့ မျက်နှာမူထားသည်။ သို့သော်လည်း စံအိမ်တော်ဝန်းတစ်ခုလုံးကို အထပ်ထပ် ကာကွယ်ပိတ်ဆို့ထားသော အစီအရင်အတားအဆီးများကြောင့် ၎င်းတို့အနေဖြင့် အတွင်းပိုင်းအခြေအနေကို ဘာတစ်ခုမျှ အသေအချာ မမြင်တွေ့နိုင်ကြချေ။
ဤအခန်းသည် နယ်စားမင်းကြီး၏ စံအိမ်တော်ကို တိုက်ရိုက်လှမ်းမြင်နေရသည့် နေရာဖြစ်သောကြောင့် တစ်မြို့လုံးတွင် လူကြိုက်အများဆုံးနှင့် ဝယ်လိုအား အမြင့်မားဆုံးသော သီးသန့်ခန်းများထဲမှ တစ်ခု ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထိုလှပသောဝတ်စုံဝတ်လူငယ်သုံးဦးမှာ အသက် နှစ်ဆယ့်ခုနစ်နှစ်၊ နှစ်ဆယ့်ရှစ်နှစ် အရွယ်ခန့်သာ ရှိကြသေးသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ သွေးကဲ့သို့ ရဲရဲနီသောဝတ်စုံကို ဆင်ယင်ထားပြီး နီမြန်းသော နှုတ်ခမ်းအစုံနှင့် ဖြူဖွေးသောသွားအစုံကို ပိုင်ဆိုင်ထားကာ ကြည့်ရသည်မှာ ဆန်းပြားသော ခံ့ညားချောမောမှုတစ်မျိုးကို ဆောင်ကြဉ်းနေသည်။
အခြားတစ်ဦးမှာမူ ဝတ်စုံနက်ကို ဆင်ယင်ထားပြီး စတုရန်းပုံစံ မျက်နှာကျနှင့် ထွားကျိုင်းသန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ သူ၏ ကိုယ်ရောင်ကိုယ်ဝါထံမှ မသိမသာ နက်မှောင်ဆိုးသွမ်းသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့၏။
နောက်ဆုံးတစ်ဦးမှာမူ သာမန်ရိုးရှင်းသော အဝတ်အစားနက်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။ သို့သော် သူ၏ ပုံပန်းသဏ္ဌာန်မှာ သာမန်လူများနှင့်မတူဘဲ ကွဲပြားခြားနားနေခဲ့ပြီး မျက်နှာတစ်ခုလုံးတွင် ဖျံကောင် ၏ အနောက်ဘက်ရှိ ဆူးချွန်များကဲ့သို့ ထူထပ်သိပ်သည်းလှသော မုတ်ဆိတ်မွှေးများ ဖုံးလွှမ်းနေခဲ့သည်။
ထိုသူသုံးဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး မတူညီသော စရိုက်လက္ခဏာ ကိုယ်စီရှိကြသော်လည်း ချွင်းချက်မရှိဘဲ အားလုံးမှာ ထူးခြားထက်မြက်သော အသွင်အပြင်ကို ဆောင်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်ပင် ၎င်းတို့သည် သာမန်လူတန်းစားများ မဟုတ်ကြကြောင်း အထင်အရှား သိနိုင်ပေသည်။
“ငါ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနေရာကို တစ်ခေါက် ရောက်ဖူးသေးတယ်။ အဲဒီတုန်းက ဒီမြို့ရဲ့ အခြေအနေက အခုလက်ရှိရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် မရှိဘူး။ ဒီကျန်းယွမ်မြို့စားမင်း ချူးယွင်ဖန်းက မဆိုးဘူးပဲ။ တကယ့်ကို အကွက်အကွင်း ရှိပုံရတယ်။ နှစ်အနည်းငယ်အတွင်းမှာတင် မြို့တစ်မြို့ကို ဒီလောက်အထိ စည်ကားအောင် စီမံခန့်ခွဲနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး”
ဝတ်စုံနက်နှင့် လူငယ်က စဉ်းစားရင်းဖြင့် သူ၏ အပြုံးမှာ အနည်းငယ် ရဲရင့်ကြမ်းတမ်းသော ဟန်ပန်ပေါက်နေခဲ့သည်။
“ဒါပေမဲ့လည်း သူက စွမ်းအင်ကို သုံးရမယ့်နေရာ မှားသွားပုံရတယ်။ ဒီလို နေရာဒေသတစ်ခုကို အုပ်ချုပ်စီမံဖို့ပဲ အားသွန်ခွန်စိုက် လုပ်နေတာကတော့ တကယ့်ကို ရယ်စရာပဲ။ သူက စာပေအရာရှိမြို့စားမင်းမှ မဟုတ်ဘဲ.…”
--