အခန်း ၂၀၂၂
Vol. 135 Ch. 2022
အခန်း (၂၀၂၂) ပါရမီရှင်ဟောင်းများမှ လာတိုက်ခိုက်ခြင်း
ထိုသို့ပြောအပြီးတွင် ဝတ်စုံနက်နှင့် လူငယ်၏ မျက်ဝန်းအစုံ၌ အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“သူက မြို့တစ်မြို့ကို အုပ်ချုပ်ဖို့ စိတ်ကူးယဉ်နေတုန်းပဲလား> ဒီနေ့ပြီးရင်တော့ ပါရမီရှင်စာရင်းပေါ်က သူ့နာမည်ကို အပြီးတိုင် ဖျောက်ပစ်ရလိမ့်မယ်”
မုတ်ဆိတ်မွှေးနှင့် လူက အေးစက်စွာ ဆိုလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် အတိုင်းအဆမရှိသော သွေးအေးမှုများ ပြည့်နှက်နေခဲ့သည်။
“ဒါပေမဲ့ သူက လောလောဆယ် နတ်ဒေဝါဂိုဏ်းရဲ့ အဓိက အာရုံစိုက်မှုကို ခံနေရတဲ့သူ။ ငါတို့အတွက် အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်။ အဲဒီတစ်ကြိမ် လွဲချော်သွားတာနဲ့ နောက်ထပ်အခွင့်အရေး ရှိလာမှာမဟုတ်ဘူး”
ဝတ်စုံနီနှင့် လူက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
“ချူးယွင်ဖန်းက သာမန်လူ မဟုတ်ဘူး။ လီဝေ့ယွမ်တောင်မှ ချူးယွင်ဖန်းရဲ့ လက်ချက်နဲ့ သေခဲ့ရတာ။ အကယ်၍ ငါတို့ ပထမအကြိမ်မှာ အောင်မြင်အောင် မလုပ်နိုင်ရင် ဒုတိယအကြိမ်ဆိုတာ ရှိလာမှာမဟုတ်ဘူး။ မင်းတို့လည်း လီဝေ့ယွမ်ရဲ့ အစွမ်းကို ကောင်းကောင်းသိတာပဲ။ သူက ငါတို့ကို မမီဘူးဆိုရင်တောင် သိပ်ပြီး ကွာခြားလှတာမဟုတ်ဘူး။ ဒါတောင် နောက်ဆုံးမှာ ချူးယွင်ဖန်းရဲ့ လက်ထဲမှာပဲ အသက်ပျောက်ခဲ့ရတယ်”
ဝတ်စုံနက်နှင့်လူက ထိုစကားကို ကြားသောအခါတွင် နှာခေါင်းရှုံ့လျက် လှောင်ပြုံးပြုံးလိုက်သည်။
“ငါ အဲဒီတုန်းက တိုက်ပွဲပုံရိပ်ကို ဗီဒီယိုထဲမှာ ပြန်ကြည့်ပြီးပြီ။ လီဝေ့ယွမ်က အတော်လေးမာနထောင်လွှားခဲ့လို့ပဲ။ သူက ချူးယွင်ဖန်းကို ဆေးလုံးမျိုချခွင့် မရခင်ကတည်းက အစကတည်းက သတ်ပစ်လိုက်ရမှာ။ အဲဒီလိုသာဆိုရင် ချူးယွင်ဖန်းက သေချာပေါက် အလောင်းဖြစ်နေလောက်ပြီ…”
“ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ်.... သူသတ်ခဲ့တဲ့လူက ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ် ဖြစ်ခဲ့တာလေ။ အခု သူ့ခေါင်းက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်သန်းတောင် တန်နေပြီ။ ဒါကို သူကိုယ်တိုင်တောင် သိမှာမဟုတ်ဘူး”
ဝတ်စုံနီနှင့်လူက ယုတ်မာသော အပြုံးဖြင့် ဆို၏။
“ငါတို့ သေချာပေါက် အောင်မြင်အောင် လုပ်ရမယ်… ဒါ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ”
မုတ်ဆိတ်မွှေးနှင့်လူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ငါတို့ ပါရမီရှင်စာရင်းကနေ ပျောက်ကွယ်နေခဲ့တာ သိပ်ကြာသွားပြီ။ အခုအချိန်ဆို လူတွေက ငါတို့နာမည်တွေကိုတောင် မေ့နေကြလောက်ပြီ။ အခုတော့… ဒီလောကကြီးကို ငါတို့ ပြရတော့မယ်။ အသစ်တက်လာတဲ့ လူသစ်တွေဆိုတာ လူသစ်တွေပဲ… ငါတို့နဲ့ ယှဉ်ရင်တော့ သူတို့က ကောင်းကင်နဲ့မြေကြီးလို ကွာခြားနေတုန်းပဲဆိုတာကိုပေါ့”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသူသုံးဦးစလုံးသည် သီးသန့်ခန်းအတွင်းမှ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ကြတော့သည်။ တစ်ချိန်တည်းမှာပင် ကျန်းယွမ်နယ်စားမင်း၏ စံအိမ်တော်ကြီး၏ ကောင်းကင်ထက်ဝယ် သွေးကဲ့သို့ ရဲရဲနီနေသော ဧရာမလက်ဝါးကြီးတစ်ဖက်သ ရုတ်တရက် ထွက်ပေါ်လာ၏။ ဤသွေးရောင်လက်ဝါးကြီးထံမှ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသော သွေးညှီနံ့ အငွေ့အသက်များ ထွက်ပေါ်လာပြီး တစ်မြို့လုံးသို့ လွှမ်းမိုးသွားတော့၏.
ချက်ချင်းဆိုသလိုပင ကျန်းယွမ်မြို့အတွင်း၌ ကျင့်ကြံနေကြသော သိုင်းပညာရှင်အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။ သူတို့ မည်သည့်အရာကိုပင် လုပ်ဆောင်နေသည်ဖြစ်စေ၊ ဒီသွေးရောင်လက်ဝါးကြီးထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါ အရှိန်အဝါကို ချက်ချင်း အာရုံခံမိလိုက်ကြခြင်း ဖြစ်သည်။
“ဘယ်သူလဲ ဒီလောက်အတင့်ရဲတာ”
စံအိမ်တော်အတွင်းမှ ရိုချူးယွင်သည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး စံအိမ်တော်ဝန်းအတွင်းရှိ ကာကွယ်ရေး အစီအရင်အတားအဆီးမျိုးစုံကို ချက်ချင်း အသက်သွင်းလိုက်သည်။ ချူးယွင်ဖန်းမရှိသည့်အချိန်များတွင် စံအိမ်တော်၏ ကာကွယ်ရေးအပိုင်းအားလုံးကို သူကသာ တာဝန်ယူ စီမံနေခဲ့ရခြင်း ဖြစ်သည်။
ဝုန်း….
သွေးရောင်လက်ဝါးကြီးသည် ဝုန်းခနဲ မြေသို့ ထိုးဆင်းလာသည်။ စံအိမ်တော်ဝန်းအတွင်း၌ အထပ်ထပ် အခိုင်အမာ တည်ဆောက်ထားခဲ့သော ကာကွယ်ရေး အစီအရင် အတားအဆီးများအားလုံးသည် မျက်တောင်ခတ်အတွင်းမှာပင် သာမန် စက္ကူစုတ်တစ်ခုကဲ့သို့ ဆုတ်ဖြဲခြင်းခံလိုက်ရပြီး တစ်စစီ ပျက်စီးသွားခဲ့ရလေတော့သည်။
အွတ်.....
ရိုချူးယွင်သည် ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး အနောက်သို့ လွင့်ထွက်သွားခဲ့တော့သည်။ ကာကွယ်ရေးအစီအရင် တံတိုင်းကြီး ပျက်စီးသွားသည့် တန်ပြန်ဒဏ်ချက်အားလုံးမှာ သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ ရိုချူးယွင်သည် မိမိ၏ ရင်ဘတ်အတွင်းရှိ ကလီစာအားလုံး တစ်စစီ ကြေမွသွားသကဲ့သို့ ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ရလေပြီ။
“ဖန်ဆင်းရှင်....”
ရိုချူးယွင်သည် မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ကျရောက်သွားရင်း မျက်စိအစုံ ပြာဝေမှောင်မိုက်သွားခဲ့သည်။ ၎င်းသည် လာရောက်တိုက်ခိုက်သူ၏ အဆင့်အတန်းနှင့် စွမ်းအားကို ချက်ချင်းပင် ရိပ်မိလိုက်ခြင်း ဖြစ်၏။ ဤသူသည် သေချာပေါက် ဖန်ဆင်းရှင်အဆင့် သို့မဟုတ် ၎င်းထက် မြင့်မားသော ထိပ်တန်းပညာရှင်ကြီးတစ်ဦး ဖြစ်ရပေမည်။
အကယ်၍ လာရောက်သူသည် စကြဝဠာအဆင့်မျှသာ ဆိုပါက ဤမျှခိုင်မာလှသော အစီအရင်အတားအဆီးကို တစ်ချက်တည်းနှင့် ချိုးဖျက်နိုင်ရန် လုံးဝမဖြစ်နိုင်ချေ။ ၎င်းအပြင် သူ့ကိုပါ တစ်ပြိုင်နက်တည်း ဒဏ်ပြန်ကန်ချက်မိအောင် ပြုလုပ်နိုင်စွမ်း ရှိမည်မဟုတ်။ ထို့ထက်မက.. သာမန် စကြဝဠာအဆင့် ကျင့်ကြံသူများအနေဖြင့် လက်ရှိတွင် တစ်လောကလုံး၏ အာရုံစိုက်မှုကို ခံနေရသည့် ချူးယွင်ဖန်းကို လာရောက်ရန်စရဲကြမည်မဟုတ်ချေ။
သွေးရောင်လက်ဝါးကြီးသည် တရွေ့ရွေ့နှင့် ဆက်လက်စိုက်ဆင်းလာနေဆဲ ဖြစ်သည်။ စံအိမ်တော်ကြီးပေါ်သို့ လုံးဝဥဿုံ ဖိသိပ်ချေမှုန်းတော့မည့် ဆဲဆဲတွင် မြို့ပြင်ရှိ စစ်စခန်းကြီးထံမှ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။ ဧရာမ စစ်တပ်ဝိညာဉ်ကြီးတစ်ခုသည် စစ်စခန်း၏ ကောင်းကင်ယံထက်တွင် ရုတ်တရက် ရုပ်လုံးပေါ်လာခဲ့၏။ ထိုစစ်တပ်ဝိညာဉ်ကြီးသည် ကြီးမားသော စိန်ခေါ်မှုကို ခံလိုက်ရသည့်အလား ပြင်းထန်စွာ ဒေါသထွက်သွားပြီး သူ၏လက်ထဲရှိ ပုဆိန်သွားပါသည့် လှံရှည်ကြီးကို လွှဲယမ်းကာ သွေးရောင်လက်ဝါးကြီးထံသို့ ခုတ်ပိုင်းချလိုက်တော့သည်။
ဒိန်း….
လှံရှည်ကြီးနှင့် သွေးရောင်လက်ဝါးကြီးတို့သည် လေထုထဲတွင် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်မိကြတော့သည်။ တစ်လောကလုံး တုန်ဟီးသွားမတတ် အသံကြီးနှင့်အတူ ကောင်းကင်ယံကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့ရပြီး မြို့ ထဲရှိ မရေမတွက်နိုင်သော လူပေါင်းမြောက်မြားစွာမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြရသည်။
အရေးကြုံလာသည့် ထိုစိုးရိမ်စရာ အခိုက်အတန့်တွင် သွေးရောင်လက်ဝါးကြီးမှာ ပေါက်ကွဲပျက်စီးသွားခဲ့သည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။ သို့သော်ငြားလည်း ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းလှသည့် ဒဏ်ပြန်ကန်ချက်လှိုင်းများသည် လေထုထဲသို့ ဆက်လက်ရိုက်ခတ်သွားပြီး စစ်တပ်ဝိညာဉ်ကြီးကိုပါ ထိမှန်ဒဏ်ရာရရှိစေခဲ့သည်။ စစ်တပ်ဝိညာဉ်ကြီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် မှေးမှိန်သွားခဲ့ရပြီး ၎င်းသည် ပြင်းထန်သောထိခိုက်မှုကို ခံလိုက်ရကြောင်း ထင်ရှားလှပေသည်။
“မင်းတို့ အရည်အချင်းကို မင်းတို့ မသိကြသေးဘူးပဲ”
ဟင်းလင်းပြင်ထဲမှနေ၍ အေးစက်စက် နှာခေါင်းရှုံ့သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် သွေးရောင်လက်ဝါးကြီးမှာ ကောင်းကင်ထက်၌ ဒုတိယအကြိမ် ပြန်လည်ရုပ်လုံးပေါ်လာပြီး စစ်တပ်ဝိညာဉ်ကြီးထံသို့ လှမ်း၍ ဆုပ်ကိုင်ချေမှုန်းရန် ကြိုးပမ်းပြန်သည်။
စစ်တပ်ဝိညာဉ်ကြီးသည်လည်း လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ မိမိ၏လှံရှည်ကြီးကို ကိုင်ဆောင်ကာ ရှေ့သို့ အတင်းတိုး၍ သွေးရောင်လက်ဝါးကြီးနှင့် ထပ်မံထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ သို့သော်လည်း မြို့ထဲရှိ လူအားလုံးကို ထိတ်လန့်အံ့ဩသွားစေသည်မှာ မြို့ကို ကာကွယ်စောင့်ရှောက်ပေးထားသည့် ထိုဧရာမ စစ်တပ်ဝိညာဉ်ကြီးသည် ထိုအခိုက်အတန့်တွင် မျက်စိရှေ့မှောက်မှာတင် ဝုန်းခနဲ ချက်ချင်း ချေမှုန်းဖျက်ဆီးခြင်းခံလိုက်ရခြင်းပင်။ စစ်စခန်းအတွင်းရှိ စစ်သည်တော် အမြောက်အမြားမှာလည်း သွေးများအန်ထုတ်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြတော့သည်။
ဤဧရာမလက်ဝါးကြီးသည် စစ်စခန်းတစ်ခုလုံးကို မြေလှန်ချေမှုန်းတော့မည့်အခိန်တွင် ကျန်းယွမ်မြို့စားမင်း ချူးယွင်ဖန်း၏ စံအိမ်တော်အတွင်းမှနေ၍ အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ချက် ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။
“မင်းတို့က သတ္တိရှိလှချည်လား”
ရုတ်တရက်ဆိုသလိုပင် ထိုအသက်လုရမည့် သေရေးရှင်ရေးအချိန်၌ ချေမှုန်းခံလိုက်ရသော စစ်တပ်ဝိညာဉ်ကြီးသည် ကောင်းကင်ထက်ဝယ် ပြန်လည်စုစည်းကာ ရုပ်လုံးပေါ်လာခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ၎င်းသည် ပေပေါင်း တစ်ထောင်ကျော်အထိ မြင့်မားလှပြီး ယခင်ကထက် အရွယ်အစား နှစ်ဆမျှ ပိုမိုကြီးမားတောင့်တင်းလာခဲ့တော့သည်။
ထိုဧရာမ စစ်တပ်ဝိညာဉ်ကြီးသည် သူ၏ လက်ထဲရှိ လှံရှည်ကြီးကို အားကုန်လွှဲယမ်းကာ အောက်သို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်တော့သည်။
ရွှပ်….
စောစောပိုင်းက သွေးရောင်လက်ဝါးကြီးသည် ယခင်စစ်တပ်ဝိညာဉ်ကို အလွယ်တကူ ချေမှုန်းပစ်ခဲ့သကဲ့သို့ပင် ယခုတွင်မူ ထိုလှံရှည်ကြီးသည် တစ်ခေါက်တည်းဖြင့် ရဲရဲနီနေသော သွေးရောင်လက်ဝါးကြီးတစ်ခုလုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ အခြေအနေမှာ လုံးဝဥဿုံ ပြောင်းပြန်လှန်သွားခဲ့ရပြီး အင်အားချင်းကွာဟချက်က သိသိသာသာ ကြီးမားသွားခဲ့လေပြီ။
သွေးရောင်လက်ဝါးကြီး အလွယ်တကူ ပျက်စီးသွားသည်နှင့်အမျှ ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေသော လူရိပ်တစ်ရိပ်သည် ၎င်း၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ဘဲ ရုပ်လုံးပေါ်လာခဲ့ရတော့သည်။ ထိုသူမှာ ယုတ်မာကောက်ကျစ်သောမျက်နှာကျနှင့် သွေးကဲ့သို့ ရဲရဲနီသောဝတ်စုံဝတ် လူငယ်ပင် ဖြစ်၏။ သူ၏ ဘေးနားတွင်မူ မုတ်ဆိတ်မွှေးနှင့်လူနှင့် ထွားကျိုင်းသန်မာသော ဝတ်စုံနက်ဝတ်လူငယ်တို့ ရှိနေကြသည်။ ထိုသူသုံးဦးစလုံးသည် သူတို့၏ကိုယ်ရောင်ကိုယ်ဝါများကို ဆက်လက်ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ဘဲ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် အထင်အရှား ပေါ်ထွက်လာခဲ့ကြရသည်။
“ဒီလူသုံးယောက်က ဘယ်သူတွေလဲ။ ဘယ်လိုတောင် သတ္တိရှိလို့ ကျန်းယွမ်မြို့ကို လာတိုက်ခိုက်ရုံတင်မက နယ်စပ်စောင့်စစ်တပ်ကိုပါ ဖျက်ဆီးဖို့ ကြိုးစားနေရတာလဲ။ သူတို့ သေမှာမကြောက်ဘူးလား။ ငါတို့မြို့က ကျန်းယောင်မြို့နဲ့ အရမ်းနီးနေတာ။ သိပ်မကြာခင်မှာပဲ အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေက ငါတို့ကို လာပြီးစစ်ကူပေးမှာပဲလေ”
“ဟုတ်တယ်… ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျန်းယွမ်မြို့မှာလာပြီး ရမ်းကားရဲတဲ့သူတွေထဲက ဘယ်သူမှ အဆုံးသတ်မလှခဲ့ကြဘူး”
“ဒါနဲ့... ဒီလူသုံးယောက်က ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလိုပဲ”
အချို့သောလူများသည် ကောင်းကင်ထက်တွင် ပျံသန်းနေကြသည့် ထိုလူသုံးဦးကို မော့ကြည့်ရင်း အတိတ်ကို ပြန်လည်တွေးတောကာ စဉ်းစားခန်း ဝင်သွားကြတော့သည်။ သူတို့သည် ဤလူသုံးဦးကို တစ်နေရာရာတွင် သေချာပေါက် မြင်တွေ့ဖူးခဲ့သည့်အလားပင်။
ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ယောက်က အရေးကြီးသောအချက်ကို တွေးမိသွားဟန်ဖြင့် လှမ်း၍ အော်ဟစ်လိုက်လေသည်။
“ငါ မှတ်မိပြီ။ ဒီလူသုံးယောက်က အရင်တုန်းက ပါရမီရှင်စာရင်းထဲက ပါရမီရှင်ဟောင်းတွေပဲ”
“ဪ အခုမှပဲ ငါလည်း သတိရတော့တယ်။ ဒါကြောင့်လည်း သူတို့မျက်နှာတွေက မြင်ဖူးသလိုလို ဖြစ်နေတာကိုး။ သူတို့က တရှရဲ့ ပြည်တွင်းက ပါရမီရှင်တွေ မဟုတ်ကြဘူးပဲ…”
လူပေါင်းမြောက်မြားစွာမှာ အချက်အလက်များကို တဖြည်းဖြည်း ချိတ်ဆက်မိသွားကြတော့သည်။ ပြင်ပနယ်မြေမှ ပါရမီရှင်ဟောင်းများ၏ ရုတ်တရက် လာရောက်တိုက်ခိုက်မှုကြောင့် မြို့ ထဲရှိ လူအများစုသည် မသိမသာ စိုးရိမ်ထိတ်လန့်သွားကြရသည်။ ချူးယွင်ဖန်းသည် သူနှင့်ရွယ်တူချင်း ပါရမီရှင်များအကြားတွင် ပြိုင်ဘက်ကင်း အနိုင်မခံအရှုံးမပေးသူတစ်ဦး ဖြစ်သည်မှာ မှန်သည်။ သူ့ကို ယှဉ်ပြိုင်နိုင်သည့် တစ်ဦးတည်းသောသူမှာ သူနှင့် စေ့စပ်ထားသူ ထန်စစ်ယုသာ ရှိပြီး သူမအနေဖြင့် သူ့ကို ပြန်လည်တိုက်ခိုက်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
သူ့တွင် ရွယ်တူချင်းများအကြား၌ ပြိုင်ဘက်မရှိတော့ဟု ဆိုသော်လည်း ၎င်းက ချူးယွင်ဖန်းတစ်လောကလုံးတွင် အပိုင်အနိုင် ဖြစ်နေပြီဟု မဆိုလိုနိုင်သေးပေ။
ဤသူများသည် လွန်ခဲ့သည့် သက်တမ်းတစ်ခုက ပါရမီရှင်စာရင်းဝင် ထိပ်တန်းပါရမီရှင်ဟောင်းများ ဖြစ်ကြသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ဤစကားလုံး အနည်းငယ်မျှဖြင့်ပင် လူတိုင်း၏ ရင်ထဲ၌ အတိုင်းအဆမရှိ လေးလံထိုင်းမှိုင်းသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤထူးချွန်ထက်မြက်လှသော ပါရမီရှင်ကြီးများသည် ချူးယွင်ဖန်းထက် နှစ်ပေါင်းများစွာ ပို၍ ကျင့်စဉ်များကို အားသွန်ခွန်စိုက် ကျင့်ကြံလာခဲ့ကြသူများ ဖြစ်သောကြောင့်ပင်။ သူတို့၏ စစ်မှန်သော စွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူတို့ စိတ်ကူးယဉ်ကြည့်၍ မမီနိုင်လောက်အောင် လွန်စွာအားကောင်းကြခြင်းကြောင့် ဖြစ်ပေ၏။
--