အခန်း ၂၀၂၄
Vol. 135 Ch. 2024
အခန်း (၂၀၂၄) လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ဝါးမျိုကြွက်ကိုသတ်ပစ်ခြင်း
လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာပင် ကျန်းယွမ်နယ်စားမင်း၏ စံအိမ်တော်အတွင်းမှ လူရိပ်တစ်ရိပ် ဖြည်းညင်းစွာ လှမ်းလျှောက်၍ ထွက်လာခဲ့သည်။ မြို့ထဲရှိ လူပေါင်းမြောက်မြားစွာ၏ မျက်လုံးများမှာ ထိုသူ့ထံသို့ တပြိုင်နက်တည်း ကျရောက်သွားကြတော့၏။ ထိုသူမှာ အခြားသူမဟုတ်၊ ချူးယွင်ဖန်းသာ ဖြစ်လေ၏။
“ချူးယွင်ဖန်း မင်း နောက်ဆုံးတော့ အပြင်ထွက်လာရဲပြီပေါ့လေ။ လိပ်လို ခေါင်းလျှိုမနေတော့ဘူးပေါ့...”
ကျန်းရှုရှု၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် ချူးယွင်ဖန်းကို အပြင်ထွက်လာအောင် အတင်းအဓမ္မ ဖိအားပေးသည့်အနေဖြင့် တစ်မြို့လုံးကို တစ်လုပ်တည်း မျိုချပစ်ရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူ ဖြစ်ချင်သည့်အတိုင်း ချူးယွင်ဖန်းမှာ အပြင်သို့ ထွက်လာခဲ့ရပြီ ဖြစ်၏။
သူတို့အနေဖြင့် ချူးယွင်ဖန်း၏ စစ်မှန်သောစွမ်းအားကို မျက်စိထဲ ထည့်မထားကြသော်လည်း သူ့တွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသည်ဟူသောအချက်ကိုမူ ငြင်းပယ်၍မရချေ။ အကယ်၍ ချူးယွင်ဖန်းသာ ဇွတ်အတင်း ထွက်ပြေးရန် ရွေးချယ်ခဲ့မည်ဆိုပါက သူ့ကို လိုက်လံဖမ်းဆီးရန်မှာ သူတို့အတွက် ဘယ်လိုမှ မလွယ်ကူလှပါချေ။ ထိုသို့သာဆိုလျှင် မြို့ထဲရှိ လူသန်းပေါင်းများစွာကို သတ်ဖြတ်ပစ်လိုက်ခြင်းကလည်း ဘာမှ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
သူတို့၏ မျက်လုံးထဲတွင်မူ ဤမြို့ထဲရှိ လူသန်းပေါင်းများစွာ၏ အသက်သည် ချူးယွင်ဖန်း၏ ခေါင်းတစ်လုံးစာတန်ဖိုးကို ဘယ်လိုမှ မမီနိုင်ချေ။
ကျန်းရှုရှု၏ မျက်နှာထက်ဝယ် သရော်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူသည် ချူးယွင်ဖန်းတစ်ယောက် လူသားချင်းစာနာထောက်ထားမှု အယူအဆဟောင်းကြီးများအတိုင်း မြို့သူမြို့သားများအတွက် အသက်စွန့်ရပ်တည်ပေးလာမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူသာဆိုပါက ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘယ်သောအခါမျှ အပြင်သို့ ထွက်လာမည်မဟုတ်ချေ။
ချူးယွင်ဖန်းသည် ခေါင်းကို အသာအယာမော့ကာ သူ့ရှေ့ရှိ ရန်သူနှစ်ဦးနှင့် စစ်တပ်ဝိညာဉ်ကို အသည်းအသန် အကြိတ်အနယ် တိုက်ခိုက်နေရသော လုဇီယွီ တို့ကို လှမ်းကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာလေသည်။
“ငါက မင်းတို့နဲ့ အေးအေးဆေးဆေး ကစားပေးမလို့ပါပဲ။ ဒါပေမဲ့ မင်းတို့က ဒီလောက်တောင် သေချင်စောပြနေမှတော့လည်း ငါကပဲ မင်းတို့ကို ငရဲပြည်ဆီ လမ်းကြုံလိုက်ပို့ပေးရတာပေါ့”
ချူးယွင်ဖန်းက တည်ငြိမ်အေးဆေးစွာ ဆိုလိုက်၏။
“ဟားဟားဟား... ဒီလိုအခြေအနေမျိုး ရောက်နေတာတောင် မင်းက ဒီလိုစကားမျိုး ပြောရဲသေးတယ်ပေါ့လေ။ ချူးယွင်ဖန်း လူတိုင်းက မင်းကို အရမ်းအစွမ်းထက်တယ်လို့ ပြောနေကြတာ၊ မင်းမှာ ဧကရာဇ်အဆင့်ခန္ဓာကိုယ်ရှိတယ်လို့တောင် ကောလာဟလတွေ ထွက်နေကြတာ။ ငါကတော့ ဒါကို လုံးဝမယုံဘူး... ဒီနေ့တော့ မင်းကို ငါကိုယ်တိုင် အဆုံးသတ်ပေးမယ်”
ကျန်းရှုရှုက နှာခေါင်းရှုံ့ရင်း ဟိန်းဟောက်လိုက်တော့သည်။
သူ ဤတိုက်ခိုက်ရေးမစ်ရှင်ကို လက်ခံပြီး ချူးယွင်ဖန်းကို လာရောက်သတ်ဖြတ်ခြင်းမှာ ဆုကြေးငွေအဖြစ် ရရှိမည့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းဟူသော မတန်တဆ မက်လုံးကြောင့်တင်မကဘဲ ရင်ထဲ၌ မကျေနပ်ချက်များ ရှိနေသောကြောင့်လည်း ဖြစ်သည်။ ချူးယွင်ဖန်းသည် ယခုနှစ်၏ ပါရမီရှင်စာရင်းတွင် လွန်စွာတောက်ပလွန်းနေခဲ့ပြီး အချို့သောသူများကဆိုလျှင် သူ့ကို ယခင်သက်တမ်းက ပါရမီရှင်ဟောင်းများနှင့်ပင် နှိုင်းယှဉ်ကာ ယခင်စာရင်းဝင်များထဲ၌ သူ့ကို ယှဉ်နိုင်သူတစ်ဦးမျှမရှိဟု သတ်မှတ်ခဲ့ကြသည်။
ဤကဲ့သို့သောလူမျိုးသည် ကောလာဟလများအတိုင်း စစ်မှန်သည်ဖြစ်စေ၊ အတုအယောင်ဖြစ်စေ... လူပေါင်းမြောက်မြားစွာ၏ ရင်ထဲ၌ သတ်ဖြတ်လိုစိတ်ကို နှိုးဆွပေးရန် လုံလောက်လှပေသည်။ အကယ်၍ သူသည် အစွမ်းမရှိဘဲ နာမည်ကြီးနေသည့် အတုအယောင်မျှသာဆိုပါက သူတို့သည် ၎င်း၏ဦးခေါင်းကို ဖြတ်ယူကာ ကမ္ဘာလောက၏ အထင်အမြင်လွဲမှားမှုများကို သွေးဖြင့် ဆေးကြောပြရမည် ဖြစ်သည်။ တစ်ဖက်တွင်မူ အကယ်၍ သူသည် တကယ့်စစ်မှန်သော ပါရမီရှင်ကြီး ဖြစ်နေခဲ့မည်ဆိုပါကလည်း သူ့ကို အသက်ရှင်လျက် ဆက်ထား၍ လုံးဝမဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သောသူသည် သူတို့၏ နတ်ဆိုးလမ်းစဉ်အနာဂတ်အတွက် အလွန်တရာ ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်သောကြောင့်ပင်။
ပါရမီရှင်စာရင်းဟူသည် တစ်လောကလုံးရှိ လူမျိုးစုပေါင်းစုံနှင့် ဂိုဏ်းဂဏအသီးသီးမှ ထိပ်တန်းလူငယ်များအားလုံးကို စုစည်းဖော်ပြထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ထဲတွင် မကောင်းသော ရည်ရွယ်ချက်ရှိကြသည့် နတ်ဆိုးလမ်းစဉ်သမားများနှင့် တစ်ပါးအမျိုးအနွယ်များစွာ ပါဝင်နေခဲ့ကြ၏။ သူတို့အတွက်မူ မိမိတို့နှင့် ရန်ဘက်ဖြစ်လာမည့် တရှအင်ပါယာ၏ မျိုးဆက်သစ်ပါရမီရှင်များကို ကြိုတင်ဖိနှိပ်ရန်နှင့် အညှောက်ကွဲကတည်းက ရက်ရက်စက်စက် သတ်ဖြတ်ပစ်ရန် ကြိုးပမ်းခြင်းက လွန်စွာရိုးရှင်းသော သဘာဝတရားတစ်ခုသာ ဖြစ်သည်။
“ငါ့ကို အဆုံးသတ်ပြမယ် ဟုတ်လား… မင်းမှာ အဲဒီလို အရည်အချင်းရှိလို့လား”
ချူးယွင်ဖန်းက သရော်ပြုံးပြုံးရင်း အေးစက်စွာ တုံ့ပြန်လိုက်သည်။
ထိုအခါ ကျန်းရှုရှု၏ မျက်နှာအမူအရာမှာ ပိုမိုပျက်ခဲ့ရသည်။ ချူးယွင်ဖန်း၏ မထင်မှတ်သည့် တည်ငြိမ်မှုနှင့် အေးစက်စက် အပြုအမူများက သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့၍ ဖြစ်၏။
“အပိုတွေပြောမနေနဲ့”
ကျန်းရှုရှုသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဆိုးစွမ်းအားဒီရေလှိုင်းများ ဝုန်းကနဲ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံကြီးတစ်ခုလုံးကို မှောင်မိုက်သွားစေခဲ့သည်။ မျက်တောင်ခတ်အတွင်းမှာပင် သူသည် လူသားအသွင်မှ သားရဲရိုင်းကြီးတစ်ကောင်အလား ကြေးနီရောင်ဧရာမကြွက်ကြီးတစ်ကောင်အဖြစ်သို့ အပြီးတိုင် အသွင်ပြောင်းလဲသွားခဲ့တော့သည်။
ကျန်းရှုရှုသည် သူ၏ သွေးစွန်းနေသော ပါးစပ်ကြီးကို ဟလိုက်ရာ ၎င်းမှာ တရွေ့ရွေ့နှင့် ပိုမိုကြီးမားလာပြီး တစ်မြို့လုံးကို ချက်ချင်း မျိုချတော့မည့်အလားပင်။ ဤသည်မှာ ကောင်းကင်ဝါးမျိုကြွက်မျိုးနွယ်စု၏ ထိတ်လန့်စရာကောင်းလှသော မွေးရာပါ နတ်ဘုရားစွမ်းပကားပင် မဟုတ်ပါလား။
“မင်းက မြေကြွက်တစ်ကောင်ပဲကိုးများ၊ ငါ့ရှေ့မှာ ဒီလောက်တောင် ရမ်းကားရဲရတယ်လို့”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချူးယွင်ဖန်းသည် ထိုဧရာမကြွက်ကြီးထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့တော့သည်။ သူ၏လက်ထဲတွင် ပေတံအကြီးစားကြီးတစ်ခုနှင့်တူသော နက်မှောင်လှသည့် သံလျက်ဓားကြီးတစ်စင်း ရုတ်တရက် ပေါ်လာ၏။ ထို့နောက်တွင် ပေပေါင်း ရာချီ၍ ရှည်လျားလှသော ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးတစ်ခုသည် ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို အပိုင်းပိုင်းပြတ်တောက်သွားစေမတတ် ထွက်ပေါ်လာပြီး ကောင်းကင်ယံကြီးကို ဆုတ်ဖြဲကာ ခုတ်ပိုင်းချလိုက်တော့သည်။
ဝုန်း….
ကျန်းရှုရှု၏ အရာအားလုံးကို ဝါးမြိုနိုင်စွမ်းရှိသော ကောင်းကင်မျိုနတ်ဘုရားစွမ်းပကားမှာ ချက်ချင်းပင် ရိုက်ခွဲဖျက်ဆီးခြင်း ခံလိုက်ရလေသည်။ မြို့ထဲရှိလူများ ခံစားနေရသော တစ်ကိုယ်လုံး ဝါးမြိုခြင်းခံရတော့မည့် သွေးပျက်စရာ ဖိအားကြီးမှာလည်း တစ်ခဏအတွင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရ၏။ မိမိ၏ ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းပကား အလွယ်တကူ အဖျက်ဆီးခံလိုက်ရသည်ကို သိလိုက်ရချိန်တွင် ကျန်းရှုရှုသည် အခြေအနေ မဟန်တော့ကြောင်း ချက်ချင်းပင် ရိပ်မိလိုက်သည်။ ချူးယွင်ဖန်း၏ဓားကွက်မှာ မြန်ဆန်လွန်းလှရုံမျှမက ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာလည်း ထိတ်လန့်စရာ ကောင်းလွန်းလှပေသည်။ ယနေ့တိုင်အောင် သူ့သက်တမ်းတစ်လျှောက်တွင် မိမိ၏ မွေးရာပါစွမ်းပကားကို တစ်ချက်တည်းနှင့် ဤမျှ လွယ်ကူစွာ ချေမှုန်းနိုင်မည့်သူမျိုးနှင့် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ကောင်းကင်မျိုကျင့်စဉ်အရဆိုလျှင် ရန်သူက မည်ကဲ့သို့သော ထူးဆန်းလှသည့် သိုင်းကွက်ဆန်းများနှင့် နတ်ဘုရားစွမ်းပကားများကို ထုတ်သုံးသည်ဖြစ်စေ၊ သူသည် မည်သည့်မတော်တဆမှုမျှမရှိဘဲ အားလုံးကို တစ်လုပ်တည်းနှင့် အပြတ်မျိုချပစ်နိုင်စွမ်း ရှိသောကြောင့်ပင်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ချူးယွင်ဖန်းသည် သာမန်ဓားကွက်တစ်ချက်တည်းဖြင့် သူ၏ ဂုဏ်ယူရသော စွမ်းပကားကြီးကို အစအနရှာမရအောင် ရိုက်ခွဲပစ်ခဲ့ပြီ ဖြစ်သည်။ ဤအချက်ကပင် နှလုံးခုန်နှုန်းကို ရပ်တန့်သွားစေခဲ့ရပြီး မိမိအနေဖြင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော ဖြစ်တည်မှုကြီးတစ်ခုနှင့် ထိပ်တိုက်တိုးမိနေပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။
ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးအမျှင်များမှာလည်း မိမိ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်မည့် ကံကြမ္မာဆိုးကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အလား ဝုန်းကနဲ ထောင်ထသွားခဲ့ရ၏။ အဘယ်ကြောင့်ဟူသည်ကို သူကိုယ်တိုင်လည်း သေချာမသိသော်လည်း အတိတ်ကာလများက မိမိထက် သွေးမျိုးရိုးအဆင့်အတန်း များစွာမြင့်မားလှသော ထိပ်တန်းနတ်ဆိုးဘုရင်ကြီးများနှင့် တွေ့ဆုံရချိန်မျိုးတွင်သာ ဤကဲ့သို့သော ထိတ်လန့်စရာ ခံစားချက်မျိုးကို သူ ခံစားခဲ့ဖူးခြင်း ဖြစ်သည်။
လူသားများနှင့် မတူညီသည့်အချက်မှာ နတ်ဆိုးမျိုးနွယ်စုများ၏ သွေးမျိုးရိုးအဆင့်အတန်းဟူသည် မွေးရာပါကတည်းက သတ်မှတ်ပြီးသားဖြစ်ခြင်းပင်။ မတူညီသော သွေးမျိုးရိုးအဆင့်အတန်းများက ထိုနတ်ဆိုးတစ်ကောင်၏အနာဂတ်တွင် ရောက်ရှိနိုင်မည့် အမြင့်ဆုံးအတိုင်းအဆကို အပိုင်အနိုင် ဆုံးဖြတ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဝါးမျိုကြွက်မျိုးနွယ်စု၏ သွေးမျိုးရိုးအနှစ်သာရမှာ နတ်ဆိုးလောက၏ တော်ဝင်နတ်ဆိုးမျိုးနွယ်စုများနှင့်ပင် တန်းတူရင်ဆိုင်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် နတ်ဆိုးလောကတစ်ခုလုံးတွင်ပင် သူတို့နှင့် ပခုံးချင်းယှဉ်နိုင်သူ အရေအတွက်မှာ လွန်စွာနည်းပါးလှရာ ယခုကဲ့သို့ သာမန်လူသားတစ်ဦးထံမှနေ၍ တော်ဝင်နတ်ဆိုးမျိုးနွယ်စုဝင်ကြီးများသာ ပေးစွမ်းနိုင်မည့် ပြင်းထန်လှသောဖိနှိပ်မှုနှင့် ကိုယ်ရောင်ကိုယ်ဝါအရှိန်အဝါကြီးကို ခံစားလိုက်ရခြင်းက သူ့အတွက် ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိအောင် ထူးဆန်းလွန်းနေခဲ့ရပေတော့သည်။
သူ မသိခဲ့သော အချက်မှာ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်း၌ ရှေးကမ္ဘာဦးခေတ်၏ ထိပ်တန်း ကြောက်မက်ဖွယ် သားရဲကြီးဆယ်ကောင်ထဲမှ တစ်ကောင်ဖြစ်သည့် ‘ရှေးဦးဝိညာဉ်အမှောင်ဖီးနစ်ငှက်၏ သွေးမျိုးရိုး ကိန်းအောင်းနေသောကြောင့်ပင် ဖြစ်၏။
ကောင်းကင်ဝါးမျိုကြွက် သွေးမျိုးရိုးသည် နတ်ဆိုးလောက၏ ထိပ်တန်း တော်ဝင်သွေးမျိုးရိုး ဖြစ်သည်မှာ မှန်သော်လည်း ကမ္ဘာဦးခေတ်၏ ထိပ်တန်းသားရဲကြီး ဆယ်ကောင်ထဲမှ တစ်ကောင်ဖြစ်သော ရှေးဦးဝိညာဉ်အမှောင်ဖီးနစ်ငှက်နှင့် ယှဉ်လျှင်မူ အဝေးကြီး လိုနေသေးသည်။
ထို့ကြောင့်ပင် ကျန်းရှုရှုသည် ၎င်း၏ မွေးရာပါ စိတ်အာရုံအရ အသက်ရှူရပင် ခက်ခဲလောက်အောင် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်သည်။ ဤအရာသည် ဖြစ်တည်မှု အဆင့်အတန်းချင်း ကွာဟချက်ကြောင့် ဖြစ်ပေါ်လာသည့် အသက်ဓာတ်ဖိနှိပ်မှုသာ ဖြစ်ပေတော့သည်။
“မင်းတို့ ကောင်းကင်ဝါးမျိုကြွက်တွေရဲ့ နတ်ဘုရားစွမ်းပကားဆိုတာလည်း ဒီလောက်ပဲလား”
ချူးယွင်ဖန်းက အေးစက်စွာ ဆိုလိုက်၏။
“ကျန်းရှုရှု မင်း လူသားနဲ့ နတ်ဆိုးတွေရဲ့ စစ်တလင်းပြင်မှာ တရှရဲ့ စစ်သည်တော် မြောက်မြားစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ဒီနေ့တော့ မင်းရဲ့ ဦးခေါင်းကို ဖြတ်ယူပြီး သေဆုံးသွားခဲ့ရတဲ့ တရှ စစ်သည်တော်တွေရဲ့ ဝိညာဉ်အတွက် ငါ ပူဇော်ပသပေးရမှာပေါ့”
“မောက်မာလှချေလား”
ကျန်းရှုရှုသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရင်း သူ၏ သွေးဆာနေသော ပါးစပ်ကြီးကို ထပ်မံ၍ ဟလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ ပါးစပ်ကြီးမှာ ကမ္ဘာလောကကြီးတစ်ခုလုံးကိုပါ ဝါးမြိုပစ်တော့မည့်အလားပင်။
“အံ့ဖွယ် လက်သီးရှစ်ချက်”
ချူးယွင်ဖန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရှေ့သို့ အားကုန် ထိုးနှက်လိုက်တော့သည်။ လက်သီးအရှိန်အဝါများမှာ ကောင်းကင်ထက်ဝယ် ဧရာမ နတ်ဘုရားကြီး ရှစ်ပါးအသွင်သို့ ပြောင်းလဲသွားခဲ့၏။ ထိုနတ်ဘုရားကြီးများသည် မျက်စိရှေ့မှောက်ရှိ အတားအဆီးအားလုံးကို ချက်ချင်း ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပြီး လေထုထဲရှိ သွေးဆာနေသော ပါးစပ်ကြီးကိုပါ ဆုတ်ဖြဲပစ်လိုက်ကြတော့သည်။ ထို့နောက်တွင်လည်း လက်သီးအရှိန်အဟုန်မှာ စိုးစဉ်းမျှ လျော့ကျသွားခြင်းမရှိဘဲ သွေးရောင်ပါးစပ်ကြီးကို ဆုတ်ဖြဲပြီးသည်နှင့် ကျန်းရှုရှု၏ ခန္ဓာကိုယ်ဆီသို့ တစ်ဟုန်ထိုး ဆက်လက် ဦးတည်သွားခဲ့သည်။
ကောင်းကင်ယံကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး ထိပ်တန်းနတ်ဘုရားကြီး ရှစ်ပါး၏ လက်သီးချက်များမှာ ကျန်းရှုရှု၏ ခန္ဓာကိုယ်ပေါ်သို့ ဝုန်းကနဲ ကျရောက်သွားခဲ့တော့သည်။ ကျန်းရှုရှုရှေ့တွင် အထပ်ထပ် ကာကွယ်ထားသော စွမ်းအားအတားအဆီးများမှာ မျက်တောင်ခတ်အတွင်းမှာပင် တစ်စစီ ကြေမွသွားခဲ့ရပြီး ပြိုင်ဘက်ကင်း လက်သီးအားလှိုင်းများက ကျန်းရှုရှု၏ခန္ဓာကိုယ်ကို ထိပ်တိုက် ဗုံးကြဲလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရ၏။
ဝူး…. ဝေါ့....
ကျန်းရှုရှုသည် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရတော့သည်။ ချူးယွင်ဖန်း၏ လက်သီးချက်မှာ သူ၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးကို သားရေစုတ်တစ်ခုကဲ့သို့ အလွယ်တကူ ဖောက်ထွက်သွားခဲ့ပြီး ရင်ဘတ်တွင် ကြောက်မက်ဖွယ်ရာ ဧရာမ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားခဲ့ရလေပြီ။
“မ… မဖြစ်နိုင်တာ….”
ချူးယွင်ဖန်းက သူ့ကို လက်သီးတစ်ချက်တည်းနှင့် အသက်ပျောက်အောင် အလွယ်တကူ ထိုးနှက်နိုင်လိမ့်မည်ဟု ကျန်းရှုရှု တစ်သက်လုံး မယုံကြည်နိုင်ခဲ့ချေ။ ဤလက်သီးတစ်ချက်တည်းဖြင့်ပင် သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်ဓာတ်၊ အနှစ်သာရများနှင့် တက်ကြွမှုအားလုံးမှာ လုံးဝဥဿုံ ဖျက်ဆီးခြင်းခံလိုက်ရလေတော့သည်။
ဧရာမ ခန္ဓာကိုယ်ကြီးနှင့် ကြောက်မက်ဖွယ် ကောင်းလှသော ကျန်းရှုရှု၏ အလောင်းကြီးမှာ မြေပြင်ပေါ်သို့ ဝုန်းကနဲ အရှိန်ဖြင့် မကျရောက်သွားခင်ပင် ချူးယွင်ဖန်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ၎င်းကို တောတောင်မြစ်ချောင်းပန်းချီကားထဲသို့ စက္ကန့်ပိုင်းအတွင်း တိတ်တဆိတ် သိမ်းဆည်းပြောင်းရွှေ့လိုက်လေတော့သည်။
ချူးယွင်ဖန်း၏ လက်သီးတစ်ချက်တည်းဖြင့် ကောင်းကင်ဝါးမျိုကြွက်ကြီးကို အသက်ပျောက်စေခဲ့သည့် တုန်လှုပ်စရာ မြင်ကွင်းကြောင့် သူ၏ သွေးပျက်စရာကောင်းလှသော ကျင့်စဉ်အဆင့်အတန်းမှာ အထင်အရှား ပေါ်လွင်သွားခဲ့ရသည်။ ကျန်းရှုရှုကဲ့သို့ အစွမ်းထက်လှသည့် သိုင်းပညာရှင်ကြီးတစ်ဦးပင်လျှင် ချူးယွင်ဖန်း၏ တိုက်ကွက်ကို တစ်ကွက်မျှပင် မတားဆီးနိုင်ခဲ့ချေ။
--