← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 31 Ch. 423-424

အခန်း (၄၂၃-၄၂၄)

Vol. 31 Ch. 423-424

အပိုင်း(၄၂၃)

"မိစ္ဆာစစ်သူကြီး အဆင့်လား... ဒါဆို သူ့အဆင့်က ငါနဲ့ သိပ်မကွာဘူးပေါ့..."

ဝံပုလွေခေါင်းနှင့် မိစ္ဆာကို မြင်သောအခါ ကျန်းလျို၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွား၏။ သူက ပြုံးလိုက်ပြီး သူ၏လက်ကို ချက်ချင်း မြှောက်လိုက်လေသည်။

အလွန်တရာ ကြီးမားလှသော ပုဆိန်ကြီးတစ်ခု ကျန်းလျို၏ လက်ထဲတွင် ထွက်ပေါ်လာလေသည်။ ၎င်းမှာ ရွှမ်ဟွာ ပုဆိန်မှလွဲ၍ အခြားမဟုတ်ချေ။

အခြားစကားများ ပြောမနေတော့ဘဲ ကျန်းလျိုသည် သူ၏လက်ထဲရှိ ပုဆိန်ကြီးကို မြှောက်လိုက်၏။ ချက်ချင်းပင် ပုဆိန်ပေါ်၌ ပြင်းထန်သော မီးတောက်များ ဟုန်းကနဲ တောက်လောင်သွားလေသည်။

ထို့နောက်... ဆွဲဆောင်မှုရှိပြီး ချောမောလှသော ရဟန်းပျိုလေးသည် အလွန်တရာ ကြီးမားလှသော ပုဆိန်ကြီးကို ကိုင်ဆောင်ကာ မီးတောက်များ၏ စွမ်းအားများနှင့် ပေါင်းစပ်၍ ဝံပုလွေမိစ္ဆာထံသို့ တိုက်ရိုက် ခုတ်ချလိုက်လေတော့သည်။

အာ... ဝူး...

နာကျင်စွာ အော်ဟစ်သံများကြားတွင် ဝံပုလွေမိစ္ဆာ၏ လက်မောင်းနှစ်ဖက်စလုံးသည် ကျန်းလျို၏ ခုတ်ချက်ကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားလေသည်။ ထို့ပြင် မီးတောက်များ၏ စွမ်းအားက ဝံပုလွေမိစ္ဆာ၏ တစ်ကိုယ်လုံးကို သိသာထင်ရှားစွာ ဝါးမြိုသွားပြီး အဆက်မပြတ် အော်ဟစ်နေစေလေသည်။

ကျန်းလျို၏ မျက်လုံးထဲတွင်တော့ ဤတိုက်ခိုက်မှုအပြီး ဝံပုလွေမိစ္ဆာ၏ ခေါင်းပေါ်ရှိ သွေးတန်း သည် သုံးပုံတစ်ပုံခန့် လျော့ကျသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

မီးလျှံ ခုတ်ပိုင်းခြင်းသည် ခုတ်ချက်ကြောင့် ဖြစ်ပေါ်လာသော တိုက်ရိုက် ထိခိုက်မှုများအပြင် နောက်ဆက်တွဲ လောင်ကျွမ်းခြင်း အကျိုးသက်ရောက်မှုကလည်း တူညီသော ထိခိုက်မှုပမာဏကို ဖြစ်ပေါ်စေလေသည်။

မီးတောက်များ လောင်ကျွမ်းနေသည်နှင့်အမျှ ဝံပုလွေမိစ္ဆာ၏ ခေါင်းပေါ်ရှိ သွေးတန်းသည် အလျင်အမြန် ထိုးကျသွားလေသည်။

ဝံပုလွေမိစ္ဆာ မီးလောင်ကျွမ်းနေသည့် အခြေအနေကို မြင်သောအခါ ကျန်းလျိုသည် အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်း လှုပ်ရှားလိုက်ပြီး ဝံပုလွေမိစ္ဆာ၏ ခေါင်းကို ဆွဲကိုင်လိုက်လေသည်။

သူသည် လက်ဝါးမိုးကြိုး စွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်လေရာ လက်ဝါးပြင်မှ ပြင်းထန်လှသော လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာလေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ကြမ်းတမ်းသော အပြာရောင် လျှပ်စီးများသည် မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲသွားပြီး ဝံပုလွေမိစ္ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းသွားလေသည်။

ကျန်းလျို သူ၏ လက်ဝါးကို ဖယ်ရှားလိုက်သောအခါ ဝံပုလွေမိစ္ဆာ၏ ခေါင်းပေါ်တွင် သွေးတန်း အနည်းငယ်မျှသာ ကျန်ရှိတော့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကျန်ရှိနေသော သွေးအနည်းငယ်သည် လောင်ကျွမ်းခြင်း အကျိုးသက်ရောက်မှုကြောင့် ကုန်ခန်းသွားပြီး မြေပြင်ပေါ်သို့ လဲကျကာ နှစ်ကြိမ် သုံးကြိမ်မျှ တဆတ်ဆတ် တုန်ရီသွားပြီးနောက် ငြိမ်သက်သွားလေတော့သည်။

ကျန်းလျိုကို စတင် တိုက်ခိုက်ခဲ့သော ဝံပုလွေမိစ္ဆာသည် အလောင်းသာလျှင် ကျန်ရစ်ခဲ့တော့သည်။

ဒင် - အတွေ့အကြုံမှတ် ၆၈၅၀ နှင့် ငွေကြေး ၈၀၀ ရရှိပါသည်။

ကျန်းလျိုက ဝံပုလွေမိစ္ဆာအား မီးလျှံ ခုတ်ပိုင်းခြင်း တစ်ချက်နှင့် လက်ဝါးမိုးကြိုး တစ်ချက်ဖြင့် အလွယ်တကူ အနိုင်ယူပြီးနောက် တစ်ချိန်တည်းမှာပင် စနစ် အသိပေးချက်သံ ထွက်ပေါ်လာလေသည်။

"ဟာ... အရမ်း အစွမ်းထက်တာပဲ..."

နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် နှင့် ညီမျှသော ကျင့်စဉ်အဆင့်ရှိသည့် မိစ္ဆာစစ်သူကြီး တစ်ကောင်ကို မည်သည့် အခက်အခဲမျှမရှိဘဲ ကျန်းလျိုက အလွယ်တကူ သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ လုံဟိုင်ဆရာတော်သည် လေအေးတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်မိလေသည်။

နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် ရှိရုံသာ ဖြစ်သော်ငြားလည်း ဤတိုက်ခိုက်မှု နည်းစနစ်များအရ သူ၏ ခွန်အားသည် ဗလာနယ်သို့ပြန်လည်ဝင်ရောက်ခြင်းအဆင့်များနှင့်ပင် နှိုင်းယှဉ်နေနိုင်ပြီ မဟုတ်ပါလော။

"ငါ တကယ် အများကြီး ပိုစွမ်းလာတာပဲ..."

မိစ္ဆာစစ်သူကြီး အဆင့်ရှိ ဝံပုလွေမိစ္ဆာကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်ကို မြင်သောအခါ ကျန်းလျို ကိုယ်တိုင်သည်လည်း အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရလေသည်။

မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် သို့ သူ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က မိစ္ဆာစစ်သူကြီး အဆင့်ရှိ လျှပ်စီးကျားသစ် တစ်ကောင်ကြောင့် သေလုမျောပါး အတွေ့အကြုံကို ခံစားခဲ့ရသည်ကို သူ မှတ်မိနေဆဲ ဖြစ်သည်။ အကယ်၍ မိစ္ဆာမလေးနှင့် တောက်ကျီ တို့၏ အသေခံ တန်ပြန်တိုက်ခိုက်မှုများသာ မရှိခဲ့လျှင် သူသည် အချိန်အတော်ကြာကတည်းက အသတ်ခံခဲ့ရမည် ဖြစ်ပေသည်။

သို့သော် ယနေ့ မိစ္ဆာဂူ ထဲမှ ထွက်ပြေးလွတ်မြောက်လာသော မိစ္ဆာစစ်သူကြီး နှင့် ထပ်မံ ရင်ဆိုင်ရချိန်၌မူ အလွယ်တကူ သတ်ဖြတ်ရန် တိုက်ခိုက်မှု နှစ်ကွက်သာ လိုအပ်တော့လေသည်။

မဟာဗုဒ္ဓကျောင်းတော်နှင့် ကောင်းကင်သခင် ခန်းမဆောင်မှ လူများကို ဝေ့ဝိုက်ကြည့်ရှုလိုက်ရာ ၎င်းတို့တစ်ဦးစီတိုင်းတွင် အနည်းနှင့်အများဆိုသလို ဒဏ်ရာများ ရရှိထားကြသည်ကို မြင်တွေ့လိုက်ရလေသည်။ ကျန်းလျို ချက်ချင်းပင် လက်ဝါးကို မြှောက်လိုက်၏။

ကုသခြင်း လက်ဝါး…

ဘုန်း...

ဖျက်ဆီး၍မရနိုင်အောင် သန့်စင်သည့် အရာဝတ္ထုတစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာကာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ကျရောက်သွားလေသည်။ ချက်ချင်းဆိုသလိုပင် မျက်စိဖြင့် မမြင်နိုင်သော လှိုင်းဂယက်များသည် ထိုသန့်စင်သည့် အရာဝတ္ထုမှတစ်ဆင့် ပြန့်နှံ့ထွက်ပေါ်လာလေသည်။ လှိုင်းဂယက်များ ဖြတ်သန်းသွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူများ၏ ဒဏ်ရာများသည် အလျင်အမြန် သက်သာလာကြလေသည်။

စက္ကန့် ၂၀ အချိန်အတွင်းတွင် သွေးတန်း ၂၀ ရာခိုင်နှုန်းကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်း ရှိရာ ပြင်းထန်စွာ ဒဏ်ရာရနေသူများ၏ ဝေဒနာများကို သိသိသာသာ သက်သာသွားစေရန် လုံလောက်ပေသည်။

ဒဏ်ရာအနည်းငယ်သာ ရရှိထားသူများအတွက်မူ ဤကုသမှု လှိုင်းဂယက်က လုံးဝနီးပါး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေရန် လုံလောက်နေပေသည်။

"ကောင်းလိုက်တာ... တကယ့်ကို အံ့ဩစရာကောင်းတဲ့ နည်းစနစ်တွေပဲ... ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ..."

ကုသခြင်း လက်ဝါး၏ အကျိုးသက်ရောက်မှုများနှင့် ၎င်းက လူအများအပြား၏ အခြေအနေများကို မည်မျှ သိသာထင်ရှားစွာ တိုးတက်ကောင်းမွန်သွားစေသည်ကို မြင်တွေ့ရသောအခါ မဟာဗုဒ္ဓကျောင်းတော်ရှိ လူအုပ်ကြီးမှာ အံ့အားသင့်သွားကြပြီး အားလုံးက ကျန်းလျိုအား အံ့ဩတကြီးဖြင့် ဝိုင်းကြည့်နေကြလေတော့သည်။

"ဒါ... ဒါက... တစ်နှစ်ကျော် အချိန်လေးအတွင်းမှာပဲ သူက တကယ်ကြီး... တကယ်ကြီး..."

ဘေးတွင် ရပ်နေသော လုံဟိုင်ဆရာတော်သည် ကျန်းလျို ပြသလိုက်သော နည်းစနစ်များကို ကြည့်ရင်း သူ၏ လောကအမြင်တစ်ခုလုံး ပြိုကျပျက်စီးသွားသကဲ့သို့ ခံစားနေရလေသည်။ သာမန်လူများဆိုလျှင် နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့် သို့ ရောက်ရှိရန်အတွက် နှစ်ပေါင်း တစ်ရာ့ရှစ်ဆယ်ထက်မနည်း အချိန်ယူ ကျင့်ကြံရလေ့ရှိသည် မဟုတ်ပါလော…။

သို့သော် ရွှမ်ကျန်း အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ်ကို စတင်ခဲ့သည်မှာ တစ်နှစ်ကျော်လေးသာ ရှိသေးသည် မဟုတ်ပါလော…

တွေးကြည့်ရုံဖြင့်ပင် ရွှမ်ကျန်း၏ ခရီးစဉ်သည် ဆင်းရဲဒုက္ခများ ပြည့်နှက်နေမည်ဖြစ်ပြီး တောခေါင်လယ်တွင် အိပ်စက်ကာ အခက်အခဲ များစွာကို ရင်ဆိုင်ခဲ့ရမည်ဖြစ်ကြောင်း လုံဟိုင်ဆရာတော် ကောင်းကောင်းကြီး သိနေလေသည်။ သူ ကျင့်ကြံရန်အတွက် အချိန်ပို၍ပင် နည်းပါးခဲ့မည်ဖြစ်သော်လည်း သူက ဤမျှအထိ တိုးတက်လာခဲ့သည်တဲ့လား…။

အကယ်၍ ရွှမ်ကျန်း အနေဖြင့် ခရီးထွက်စရာမလိုဘဲ တစ်နေရာတည်းတွင် အေးအေးဆေးဆေး ကျင့်ကြံနိုင်ခဲ့မည် ဆိုလျှင်... သူ၏ ကျင့်စဉ်အဆင့်မှာ ပို၍ပင် မြင့်မားနေမည်ဖြစ်ပြီး ဗလာနယ်သို့ပြန်လည်ဝင်ရောက်ခြင်းအဆင့် သို့ပင် ရောက်ရှိရန် အခွင့်အရေး ရှိနေလောက်ပေသည်။

မည်သို့ပင် ဆိုစေကာမူ... ရွှမ်ကျန်းသည် တစ်နှစ်၊ နှစ်နှစ်အတွင်း ဗလာနယ်သို့ပြန်လည်ဝင်ရောက်ခြင်းအဆင့် သို့ ရောက်ရှိသွားနိုင်သည့် အလားအလာရှိနေခဲ့ပြီ ဖြစ်သည်။ ထိုအရာက လုံဟိုင်ဆရာတော်အား ပို၍ပင် တုန်လှုပ်သွားစေလေသည်။

သူကိုယ်တိုင် ဗလာနယ်သို့ပြန်လည်ဝင်ရောက်ခြင်းအဆင့် သို့ ရောက်ရှိရန် အချိန်မည်မျှ ယူခဲ့ရသနည်း။

"ရွှမ်ကျန်း... တကယ်လို့ ဒီမိစ္ဆာသတ္တဝါတွေကို တရားပြပြီး အသွင်ပြောင်းပေးလို့ရရင်… ကျေးဇူးပြုပြီး သူတို့ကို သေချာ တရားပြပေးပါဦး... 'အသက်တစ်ချောင်းကို ကယ်တင်ရတာက ခုနစ်ထပ်ဘုရားတစ်ဆူ တည်ရတာထက် ပိုမြတ်တယ်' လို့ မြတ်စွာဘုရားက ဟောကြားခဲ့တယ်လေ..."

စွမ်းအားကြီးမားသော မိစ္ဆာစစ်သူကြီး တစ်ကောင်ကို တိုက်ခိုက်မှု အနည်းငယ်မျှဖြင့် ကျန်းလျိုက ဖြိုလှဲလိုက်သည်ကို မြင်ရ၍ ရင်ထဲတွင် အလွန်အမင်း အံ့အားသင့်နေသော်လည်း လုံဟိုင်ဆရာတော်က အလျင်စလို ပြောလိုက်သေလည်။

အမှန်စင်စစ်... ဤမိစ္ဆာသတ္တဝါများကို တရားပြလိုစိတ် သူ့တွင် မရှိသော်လည်း ရူလိုင်ဘုရား ကိုယ်တိုင် မိန့်ကြားထားသည်ဖြစ်ရာ သူ ဘာတတ်နိုင်မည်နည်း။ သူ နာခံရန်သာ ရှိတော့လေသည်။

ဘုန်း... ဘုန်း...

ပုလဲဗုဒ္ဓသင်္ကန်း ကို ဝတ်ဆင်ထားသော ကျန်းလျိုသည် သူ၏လက်ထဲတွင် ကြီးမားလှသော ပုဆိန်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မနားတမ်း ဝှေ့ယမ်းခုတ်ပိုင်းနေလေသည်။ မည်သည့် မိစ္ဆာစစ်ဗိုလ် နှင့် အဆင့်နိမ့် မိစ္ဆာသတ္တဝါမျှ သူ၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ အကောင်တိုင်းလိုလို တစ်ချက်တည်းဖြင့် ဖြိုလှဲခံလိုက်ကြရလေသည်။

တစ်ချိန်တည်းမှာပင် စနစ်၏ အသိပေးချက်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး ကျန်းလျို၏ အတွေ့အကြုံမှတ် များကို မှန်မှန် တိုးပွားလာစေလေသည်။

လုံဟိုင်ဆရာတော်၏ စကားကို ကြားသောအခါ ကျန်းလျိုက ခေါင်းလှည့်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"အောမိတော်ဖော... တပည့်တော်က သူတို့ကို တကယ် တရားပြနေတာပါ... ကြည့်ပါလား... တပည့်တော် ဒီမိစ္ဆာတွေကို လိုက်မသတ်ပါဘူး... တပည့်တော်ကို လာသတ်တဲ့ ကောင်တွေကိုပဲ ပြန်သတ်နေတာပါ..."

***

အပိုင်း (၄၂၄)

အစွမ်းထက်လွန်းလှသည်။ ပြင်းထန်သော တိုက်ပွဲကြီးအတွင်း ကျန်းလျို၏ ခွန်အားမှာ အလွန်တရာ ကြီးမားလွန်းလှပြီး သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်ရောက်သွားသည့်အလား ဖြစ်နေပေသည်။

အဆင့်များ နောက်ပိုင်းသို့ ရောက်လာလေလေ အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံမှတ် များပြားလာလေလေဖြစ်ပြီး အပြန်အလှန်အားဖြင့် အတွေ့အကြုံမှတ် ပမာဏကလည်း လူတစ်ဦး၏ ကျင့်စဉ်အဆင့်ကို ထင်ဟပ်နေလေသည်။

ဆိုလိုသည်မှာ အဆင့်ပိုမြင့်လေလေ ကျင့်ကြံသူများကြားရှိ အဆင့်တစ်ဆင့်ချင်းစီ၏ ကွာဟချက်မှာ ပိုမို ကြီးမားလာလေလေ ဖြစ်ပေသည်။

အမှန်တကယ်တော့ ဤအချက်ကို ကျန်းလျို၏ လက်နက်မှ တိုးပွားလာသော တိုက်ခိုက်ရေးစွမ်းအား ကို ကြည့်ခြင်းဖြင့် သိမြင်နိုင်ပေသည်။

တူညီသော ဒဏ္ဍာရီလာ အရည်အသွေး လက်နက်ကိရိယာ ပင် ဖြစ်လင့်ကစား အဆင့် ၂၀ ဝန်းကျင်တွင် တိုက်ခိုက်ရေးစွမ်းအား အမှတ် ရာဂဏန်း အနည်းငယ်သာ တိုးမြှင့်ပေးလေ့ရှိပြီး အဆင့် ၃၀ တွင် ထောင်ဂဏန်းကျော်သည်။ ယခု အဆင့် ၄၀ သို့ ရောက်သောအခါ တိုက်ခိုက်ရေးစွမ်းအား သည် ခုနစ်ထောင် ရှစ်ထောင်အထိ တိုးလာခဲ့လေပြီ။

အဆင့်တစ်ဆင့် ပိုမြင့်သော သက်ရှိများသည် အဆင့်တစ်ဆင့် နိမ့်သော သူများအပေါ် လုံးဝနီးပါး အပြတ်အသတ် လွှမ်းမိုးနိုင်စွမ်း ရှိကြပေသည်။

ဥပမာအားဖြင့် ဤမိစ္ဆာစစ်ဗိုလ်များကို ကြည့်နိုင်ပါသည်။ ၎င်းတို့ထဲမှ မည်သူမျှ ကျန်းလျိုကို ရင်ဆိုင်နိုင်စွမ်း မရှိကြချေ။ သူ၏ လက်အောက်တွင် တိုက်ခိုက်မှု သုံးကွက်ထက်ပို၍ အသက်ရှင်နိုင်သူများဆိုလျှင် မိစ္ဆာစစ်ဗိုလ်များထဲ၌ အထက်တန်းလွှာများ ဖြစ်ကြောင်း သေချာလှပေသည်။

ထိုက်ယီ အစစ်အမှန် နတ်မင်း အဆင့်သို့ လောလောလတ်လတ် တက်လှမ်းထားသော မော့လီချင်းသည် စွန်းဝူခုန်း၏ ရှေ့တွင် လုံးဝ အရာမဝင်ဖြစ်ခဲ့ရသကဲ့သို့ပင် ဖြစ်သည်။ အဆင့်တူသူများပင် ယှဉ်မနိုင်လျှင် အဆင့်နိမ့်သူများအတွက် ဆိုဖွယ်ရာ မရှိတော့ချေ။

ကျန်းလျိုကဲ့သို့ လက်နက်ကိရိယာ အထောက်အပံ့များ အထောက်အပံ့စွမ်းရည်များနှင့် ရေရှည်တောင့်ခံနိုင်ရန် ကုသရေးနည်းစနစ်များ အပြင် ဝစီပိတ်တရား နှင့် အသွင်ပြောင်းလဲခြင်း အတတ်ပညာ ကဲ့သို့သော ထူးခြားသည့် ထိန်းချုပ်မှု စွမ်းရည်များသာ မရှိခဲ့လျှင်...

ဤကဲ့သို့သော နည်းစနစ်များအားလုံးကို ပေါင်းစပ်ထားနိုင်မှသာ အဆင့်ပိုမြင့်သူများကို စိန်ခေါ်နိုင်မည့် မျှော်လင့်ချက် ရှိနိုင်ပေမည်။

သို့တိုင်အောင် အသက်မွေးဝမ်းကျောင်း ပြောင်းလဲခြင်း စိန်ခေါ်မှု၏ နောက်ဆုံးအပိုင်းတွင် မိမိထက် အဆင့်ပိုမြင့်သော မိစ္ဆာစစ်ဗိုလ် တစ်ကောင်နှင့် တိုက်ခိုက်ခဲ့ရစဉ်က ကျန်းလျိုမှာ သေလုနီးပါး ဖြစ်ခဲ့ရသေးသည်။

ထို့ကြောင့် ပိုမြင့်သော အဆင့်များကို စိန်ခေါ်နိုင်စွမ်းရှိသည့် ကျန်းလျိုကဲ့သို့သော တည်ရှိမှုမျိုး၏ ရှေ့တွင် မိစ္ဆာစစ်သူကြီး ပင်လျှင် ပြိုင်ဘက် မဖြစ်နိုင်ရာ မိစ္ဆာစစ်ဗိုလ် များဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

အနီးအနားတွင်ရှိသော စွန်းဝူခုန်း၊ ကျူးပါကျဲနှင့် နဂါးဖြူလေးတို့သည်လည်း တိုက်ပွဲဝင်ရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိကြချေ။

ယခုအချိန်အထိ မြေအောက် မိစ္ဆာဂူထဲမှ ထွက်ပေါ်လာသော မိစ္ဆာသတ္တဝါများထဲတွင် အမြင့်ဆုံး ကျင့်စဉ်အဆင့်မှာ မိစ္ဆာစစ်သူကြီး အဆင့်သာ ဖြစ်ပေသည်။ ဤအခြေအနေတွင် သူတို့အနေဖြင့် ဝင်ရောက်မစွက်ဖက်ဘဲ ဆရာဖြစ်သူကိုသာ လှုပ်ရှားခွင့်ပြုခြင်းက ပိုကောင်းကြောင်း စွန်းဝူခုန်းနှင့် အခြားသူများက ရှင်းလင်းစွာ နားလည်ထားကြလေသည်။

သူတို့ လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤမိစ္ဆာသတ္တဝါများကို ပိတ်ဆို့ထားပြီး မဟာဗုဒ္ဓကျောင်းတော်မှ ထွက်ပြေးလွတ်မြောက်ခြင်း မရှိစေရန် တားဆီးထားရန်သာ ဖြစ်ပေသည်။

ဒင် - အတွေ့အကြုံမှတ် ၈၈၀ နှင့် ရွှေပြား ၁၂၀ ရရှိပါသည်။

ဒင် - အတွေ့အကြုံမှတ် ၁၃၂၀ နှင့် ရွှေပြား ၂၅၀ ရရှိပါသည်။

ဒင် - အတွေ့အကြုံမှတ် ၆၂၀ နှင့် ငွေကြေး ၈၈ ပြား ရရှိပါသည်။

စနစ် အသိပေးချက်သံများက ကျန်းလျို၏ နားထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေလေသည်။ ကျန်းလျိုအတွက်တော့ ဤအသံများသည် အမှန်တကယ်ပင် ပျော်ရွှင်ဖွယ် အကောင်းဆုံးသော တေးသွားများ ဖြစ်နေပေသည်။

အဆုံးအစမရှိ ထွက်ပေါ်လာနေသော မိစ္ဆာများကြောင့် ပုဆိန်တစ်ချက် ခုတ်လိုက်တိုင်း ပျမ်းမျှအားဖြင့် အတွေ့အကြုံမှတ် ရာဂဏန်းခန့် ရရှိနေရာ တစ်မိနစ်အတွင်းမှာပင် အတွေ့အကြုံမှတ် နှစ်သောင်း၊ သုံးသောင်းခန့်ကို အလွယ်တကူ ရှာဖွေနိုင်လေသည်။ ၎င်းမှာ တစ်နေကုန် ပင်ပန်းဆင်းရဲစွာ ကျင့်ကြံခြင်းနှင့် ညီမျှနေပေသည်။

မနားတမ်း ထွက်ပေါ်လာနေသော မိစ္ဆာသတ္တဝါများသည် အဆုံးမရှိသကဲ့သို့ ဖြစ်နေပြီး ကျန်းလျိုအတွက်တော့ ဤသည်မှာ အစားမက်သူတစ်ယောက်အတွက် ကြီးကျယ်ခမ်းနားလှသော စားပွဲသောက်ပွဲကြီးတစ်ခုနှင့် တူညီနေပေသည်။

တိုက်ပွဲသည် ငါးမိနစ်ခန့်သာ ကြာမြင့်သေးသော်လည်း တိုက်ခိုက်မှုများမှတစ်ဆင့် ကျန်းလျို၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင် ပေါ်တွင် အတွေ့အကြုံမှတ် တစ်သိန်းကျော် ရရှိနေပြီဖြစ်ရာ သူ့အား အလွန်အမင်း ဝမ်းသာပီတိ ဖြစ်စေလေသည်။

အကယ်၍ ဤကဲ့သို့သော အခွင့်အရေးမျိုးသာ ဆက်တိုက် ပေါ်ပေါက်နေမည်ဆိုပါက ရူလိုင်ဘုရား ကိုယ်တိုင်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်လောက်သည့် အဆင့်အထိ တက်လှမ်းရန် သူ့အတွက် နှစ်ပေါင်းများစွာ အချိန်ယူစရာ လိုတော့မည်မဟုတ်ဟု ယုံကြည်နေလေသည်။

သို့သော်လည်း... ကံမကောင်းစွာဖြင့် ထိုသို့သော တိုက်ပွဲမျိုးသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေရန် မဖြစ်နိုင်ချေ။ ဆယ့်ငါးမိနစ်ခန့် အကြာတွင် ဒီရေလှိုင်းအလား ထွက်ပေါ်လာသော မိစ္ဆာသတ္တဝါများသည် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့က ပိတ်ဆို့ထားသည်ကို သတိပြုမိသွားကြသည်။

ကျန်းလျိုကလည်း သိုးအုပ်ထဲ ဝင်လာသော ကျားတစ်ကောင်ပမာ သူတို့ကို သတ်ဖြတ်နေသဖြင့် ဖောက်ထွက်ရန် မဖြစ်နိုင်တော့ကြောင်း နားလည်သွားကြကာ သူတို့၏ တိုက်ခိုက်ဝင်ရောက်မှု အရှိန်မှာ သိသိသာသာ လျော့ကျသွားလေသည်။

"ဘာလို့ ရပ်သွားကြတာလဲ... မင်းတို့အားလုံး လူကောင်းတွေ ဖြစ်သွားကြပြီလို့တော့ မပြောနဲ့နော်..."

ကျန်းလျိုက ပုဆိန်ကို ဝှေ့ယမ်းကာ မိစ္ဆာစစ်ဗိုလ် တစ်ကောင်ကို သတိလစ်သွားအောင် ရိုက်ချလိုက်ပြီးနောက် မိစ္ဆာသတ္တဝါများအား မခံချင်အောင် လှောင်ပြောင်လိုက်လေသည်။

လူကောင်းများဟု ခေါ်ဆိုလိုက်ခြင်းသည် မိစ္ဆာသတ္တဝါများ၏ အမြင်တွင် ကျိန်ဆဲခြင်းတစ်မျိုး ဖြစ်နေရာ အကောင်တိုင်းမှာ ကျန်းလျိုအား ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြလေသည်။

သို့သော် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောနေသော မိစ္ဆာသတ္တဝါ အများအပြားကို မြင်သောအခါ ရင်တွင်း၌ ဒေါသများ ပေါက်ကွဲနေသော်ငြားလည်း သူတို့သည် ကျန်းလျိုအား ဆက်လက် မတိုက်ခိုက်ဝံ့ကြတော့ချေ။

တောက်... တောက်... တောက်...

ထိုစဉ် မြေအောက် မိစ္ဆာဂူ အတွင်းမှ ခြေသံတစ်ချို့ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် အမည်းရောင် မီးတောက်များ ဖြည်းညှင်းစွာ ပြန့်နှံ့လာကာ ပူပြင်းမှုနှင့် ပြင်းထန်ကြမ်းကြုတ်သော ခံစားချက်များကို ထုတ်လွှတ်နေလေသည်။

"ဒီမီးတောက်က... ဖြစ်နိုင်တာက..."

လူက ထွက်မလာသေးသော်လည်း အမည်းရောင် မီးတောက်များက မိစ္ဆာဂူထဲမှ ပြန့်နှံ့ထွက်ပေါ်လာနေပြီ ဖြစ်သည်။ ဤမီးတောက်များကို ရင်းနှီးနေသလို ခံစားရသဖြင့် ကျန်းလျို၏ ရင်ထဲတွင် အကြံအစည်တစ်ခု ဝင်လာလေသည်။

နွားတစ်ကောင်နီးပါးခန့် ကြီးမားလှသော အမည်းရောင် ခြင်္သေ့ကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။ ခြင်္သေ့ကြီး၏ ကျောပေါ်တွင် အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့် အရွယ်ရှိ မိန်းကလေးတစ်ဦး ထိုင်နေလေသည်။

ထိုမိန်းကလေးသည် လွင့်ပျံနေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိသော အသွင်အပြင်ကို ထုတ်လွှတ်နေသော်လည်း သူမ၏ ပတ်လည်တွင် ရစ်သိုင်းနေသော အမည်းရောင် မီးတောက်များက သူမအား ကြောက်မက်ဖွယ်ကောင်းစေပြီး လျှော့တွက်၍မရနိုင်ကြောင်း ပြသနေလေသည်။

မိန်းကလေး၏ နောက်တွင် ကြမ်းတမ်းသော အသွင်အပြင်များရှိသည့် မိစ္ဆာသတ္တဝါ တစ်ဒါဇင်ခန့် လိုက်ပါလာပြီး အကောင်တိုင်းက တည်ငြိမ်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြလေသည်။

"ဟေ့... ကျူးပါကျဲ... ဒီအမည်းရောင် မီးတောက်က... ရင်းနှီးနေသလိုပဲ မဟုတ်ဘူးလား..."

စွန်းဝူခုန်းက အမည်းရောင် ခြင်္သေ့ကြီးကို စီးနင်းလာသော မိန်းကလေးအား တစ်ချက်ကြည့်လိုက်ပြီး ဘေးရှိ ကျူးပါကျဲအား မေးလိုက်လေသည်။

ဝန်ခံရန် ဝန်လေးနေသော်လည်း ထျန်းဖုန် စစ်သူကြီး တွင် သူ့ထက် ပိုမိုကောင်းမွန်သော အမြင်ရှိကြောင်း စွန်းဝူခုန်း ကောင်းစွာ သိထားလေသည်။

"အစ်ကိုကြီး... ဒီအမည်းရောင် မီးတောက်က မိစ္ဆာအငွေ့အသက်တွေ စွန်းထင်းနေတဲ့ အစစ်အမှန် သမာဓိ မီးတောက်ပဲ... “

ကျူးပါကျဲက တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"ဪ... အစစ်အမှန် သမာဓိ မီးတောက် ကိုး... ဒါကြောင့် ရင်းနှီးနေသလို ဖြစ်နေတာကိုး..."

ကျူးပါကျဲ၏ စကားကို ကြားသောအခါ စွန်းဝူခုန်းက ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။

"ဒီမိစ္ဆာမလေးရဲ့ နောက်ခံက ဘာများလဲ…”

ကျူးပါကျဲကလည်း ထိုမိန်းကလေးအား စူးစိုက်ကြည့်နေလေသည်။

"အစစ်အမှန် သမာဓိ မီးတောက်က ကောင်းကင်နဲ့ မြေကြီးကြားမှာ အကောင်းဆုံး မီးတောက်တွေထဲက တစ်ခုပဲ... ဘုံသုံးပါး တစ်ခုလုံးမှာတောင် ဒါကို ထိန်းချုပ်နိုင်တဲ့သူ လက်ချိုးရေတွက်လို့ ရတယ်... ဒီမိစ္ဆာမလေးက ကျင့်စဉ်အဆင့် မြင့်မယ့်ပုံ မပေါ်ပါဘူး... သူက ဘယ်လိုလုပ်ပြီး အစစ်အမှန် သမာဓိ မီးတောက်ကို သုံးနိုင်ရတာလဲ..."

အမှန်ပင် မိန်းကလေး၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားသော်လည်း အစစ်အမှန် သမာဓိ မီးတောက်သည် ကြီးမားသော သတ်ဖြတ်ရေး လက်နက်ကြီးတစ်ခု ဖြစ်နေပေသည်။ အတိုချုပ်ဆိုရလျှင် ဤအခြေအနေမှာ ဓားကိုင်ထားသော ကလေးငယ်တစ်ဦးနှင့် တူနေပေသည်။

ကလေးက ခွန်အားမကြီးသော်လည်း ဓားကိုင်ထားပါက အခြေအနေက တစ်မျိုးပြောင်းသွားလေသည်။ အရွယ်ရောက်ပြီးသော လူကြီးတစ်ယောက်ပင်လျှင် ထိုကလေး၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်ပေသည်။

"ရွှမ်ကျန်း... မတွေ့ရတာ ကြာပြီနော်..."

အမည်းရောင် ခြင်္သေ့ကြီးကို စီးနင်းထားသော မိန်းကလေးသည် မိစ္ဆာအုပ်စုကြားမှ ထွက်လာပြီး ကျန်းလျိုကို မြင်သောအခါ ပြုံးရွှင်စွာ နှုတ်ဆက်လိုက်လေသည်။

"မင်းလား... မင်းက ကြီးထွားဟော်မုန်းတွေ အများကြီး စားထားလို့လား..."

မိန်းကလေးကို ကြည့်ရင်း ကျန်းလျို၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားကာ ခွန်းတုံ့ပြန်လိုက်လေသည်။

ဟုတ်ပေသည်… ဟော်မုန်းများပင်… ကျန်းလျိုအတွက်တော့ ဤမိစ္ဆာမလေးသည် ဟော်မုန်းကဲ့သို့သော အရာတစ်ခုခုကို အမှန်တကယ် စားသုံးထားခဲ့သည်သာ။

မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်၌ သူမနှင့် ပထမဆုံး တွေ့ဆုံခဲ့စဉ်က သူမသည် ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးမလေး တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလော…။ ယခုတော့ တစ်နှစ်ကျော် အချိန်လေးအတွင်းမှာပင် အပျိုပေါက်အရွယ် မိန်းမငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အသွင်အပြင်အရ ကြည့်မည်ဆိုလျှင် သူမသည် သူ့အသက်အရွယ်ခန့်ပင် ရှိနေပြီ ဖြစ်သည်။

"ဟော်မုန်း... အဲဒါက ဘာလဲ... စားလို့ကောင်းတဲ့ အရာတစ်ခုပဲလား..."

ကျန်းလျို၏ စကားကို ကြားသောအခါ အမည်းရောင် ခြင်္သေ့ကြီးပေါ်တွင် ထိုင်နေသော မိစ္ဆာမလေးသည် သူမ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ကျန်းလျိုအား ခေတ္တမျှ စူးစိုက်ကြည့်လိုက်ကာ မေးလိုက်လေသည်။

ကျန်းလျိုထံတွင် အမြဲတမ်း အစားကောင်း အသောက်ကောင်းများ ရှိတတ်သည်။ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်တွင် ရွှမ်ကျန်း၊ တောက်ကျိတို့နှင့် အတူတူ စားသောက်ခဲ့ရသည့် အချိန်များကို သူမ ယနေ့တိုင် မှတ်မိနေဆဲ ဖြစ်‌ေသည်။

***

All Chapters