အခန်း ၄၆
Vol. 4 Ch. 46
အပိုင်း (၄၆)
ဒီနေ့က ရှန်မိသားစုရဲ့ ပါရမီရှင်ရှန်ယွိကျူး ဝမ့်ကျန့်ဂိုဏ်းကို ဝင်တဲ့နေ့ပဲ။ ရှန်မိသားစုရဲ့ အဆင့်မြင့်မိသားစုဝင်တွေနဲ့ ကျင့်ကြံရေးအဆင့်မြင့်တဲ့သူတွေက ခန်းမထဲမှာ အခမ်းအနားကို စောင့်ကြည့်နေကြတဲ့အချိန် ရှန်မိသားစုရဲ့အဆင့်နိမ့်ကျင့်ကြံသူတွေနဲ့ အစေခံတွေက ခန်းမရဲ့တံခါးအပြင်ဘက်မှာ အခမ်းအနားကို စောင့်ကြည့်နေကြတယ်။
သူတို့တွေက ခန်းမထဲကလာတဲ့ဆူညံသံကို နားထောင်ကြည့်လိုက်ပြီး အားလုံးက ပါးစပ်အဟောင်းသား အလန့်တကြားဖြစ်သွားပြီး မျက်နှာပေါ်မှာလည်း မယုံကြည်နိုင်တဲ့အကြည့်တစ်ခုဖြစ်သွားတယ်။
သူတို့တွေ ဘာကြားလိုက်တယ်။
ရှန်ယွိကျူးရဲ့ဓားခန္ဓာကိုယ်အတုက မွေးရာပါမဟုတ်ဘဲ ရှန်ချန်းဟန်ဆီကနေ ယူထားတာတဲ့။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ရှန်ဖုန်းကဲက ရူးနေတာလား။
သူတို့နှစ်ယောက်လုံးက သူ့သမီးတွေပဲလေ။ သူက သမီးအကြီးရဲ့ခန္ဓာကိုယ်ကို သမီးငယ်ခန္ဓာကိုယ်ထဲ ပြောင်းထည့်ပေးချင်တာတဲ့လား။
အရူးဆိုရင်တောင် ဒီလိုကျေးဇူးကန်းတဲ့အလုပ်ကို လုပ်မှာ မဟုတ်ဘူး။ ဟုတ်တယ်မလား။
ဒါပေမဲ့လည်း ခန်းမထဲမှာ မဟာအကြီးအကဲက ရှန်ဖုန်းကဲကို ရက်ရက်စက်စက်ရိုက်နှက်နေတာ မြင်လိုက်ရတဲ့အခါ သူတို့တွေက နည်းနည်းလေး မယုံမကြည်ဘဲ မနေနိုင်အောင်ဖြစ်သွားတော့တယ်။
ဒါကအတုဖြစ်နေတယ်ဆိုရင် မဟာအကြီးအကဲက ဘယ်လိုဖြစ်ပြီး အဲလောက်တောင် ဒေါသထွက်နေတာလဲ။
အဲဒါက...
လူတော်တော်များများက ထောင့်လေးမှာရပ်နေတဲ့ ရှန်ချန်းဟန်ကို ခိုးပြီးတော့ကြည့်လိုက်ကြတယ်။ သူမရဲ့ ရိုးရှင်းတဲ့ လီနင်သားအဝတ်အစားနဲ့ ပိန်ပါးပါးခန္ဓာကိုယ်လေးကို မြင်လိုက်ရတဲ့အခါ သူတို့ရဲ့မျက်လုံးထဲမှာ သနားစိတ်မဝင်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။
ဒီတော့ ရှန်ယွိကျူး အခုအချိန်ထိ ရထားတဲ့အရာတွေအားလုံး သူမရဲခန္ဓာကိုယ်အပါအဝင်၊ အားလုံးရဲ့ချစ်ခြင်းတွေ၊ မိသားစုရဲ့ အရင်းအမြစ်တွေက ရှန်ချန်းဟန် ပိုင်ဆိုင်သင့်တဲ့ဟာပေါ့။
ရှန်ချန်းဟန်ကို အနိုင်ကျင့်ခဲ့ဖူးကြတဲ့တပည့်တွေက ကြောက်ရွံ့သွားကြတော့တယ်။ ရှန်ချန်းဟန်သာ တကယ်ပဲ အဲလောက် အစွမ်းကြီးခဲ့တယ်ဆိုရင် အကြီးအကဲဆီက ဂရုစိုက်မှုကို ပြန်လည်ရရှိပြီးတဲ့အခါ သူတို့ကို သေချာပေါက်လက်စားချေတော့မှာပဲ။
ဒါကြောင့် သူတို့တွေက ရှန်ဖုန်းကဲပြောလိုက်တဲ့ ခန္ဓာကိုယ်အခြေအနေကို ပြောင်းယူလို့မရတော့ဘူးလို့ ကြားလိုက်တဲ့အခါ အရိပ်အရောင်လေးတစ်ခုတောင်မကျန်ဘဲ စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြတယ်။
ရှန်မိသားစုထဲမှာ သူတို့ရဲ့မိဘတွေရဲ့ အကာအကွယ်ကို မရကြတဲ့လူတချို့ပဲ ရှိတယ်။ ရှန်ချန်းဟန်က သူတို့ထဲကတစ်ယောက်ပေါ့။
ဒါကြောင့် ခန်းမအပြင်ဘက်ရပ်နေကြတဲ့လူတွေကြားထဲမှာ တော်တော်များများက သူတို့ရဲ့ဒေါသတွေကို ရှန်ချန်းဟန်ပေါ် ဖွင့်ချတတ်ကြတယ်။
အားလုံးက စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ရှန်ချန်းဟန်ကို ထပ်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ သူတို့ရဲ့မျက်လုံးထဲမှာ လှောင်ပြောင်သရော်နေတဲ့ အရိပ်တစ်ခုပါသွားခဲ့တယ်။
သူက အဲလောက်အထိ အရည်အချင်းရှိနေတော့ကော ဘာအရေးလဲ။ သူ့ကို မိဘတွေက မချစ်ကြဘူး။ အရည်အချင်းလည်း မရှိဘူး။ အခု သူက ရှန်မိသားစုထဲက သာမန်လူတွေလောက်တောင် မကောင်းတော့ဘူး။
တချို့လူတွေကတော့ အဲလိုကံကောင်းခြင်းကို မရှိကြတာပါ။
ရှန်ချန်းဟန်က ခန်းမထဲက စကားတွေအားလုံးကို ကြားလိုက်ရတယ်။
သူမရဲ့မိဘတွေက သူမကို လုံလောက်အောင် ဆိုးသွမ်းတဲ့အပြုအမူတွေနဲ့ ဆက်ဆံခဲ့ပြီးပြီ။ ဒီထက် ပိုဆိုးစရာအကြောင်း မရှိတော့ဘူးလို့ ထင်ထားခဲ့တာ။ ဒီတော့ သူတို့တွေက သူမကို ဘယ်လိုပဲ ဆက်ဆံနေပါစေ သူမက လက်ခံနိုင်တယ်လို့ ခံစားခဲ့မိတာ။
ဒါပေမဲ့ သူတို့တွေက အရင်တုန်းက ဒီလိုကိစ္စမျိုးကိုတောင် လုပ်ခဲ့လိမ့်မယ်လို ထင်မထားခဲ့ဘူး။
သူတို့ရဲ့သဘောကျတဲ့အရာတွေ၊ မနှစ်သက်တွေအရာတွေကလည်း သူမမွေးဖွားလာကတည်းက ရှိနှင့်နေတာ။
သူမက ဓားခန္ဓာကိုယ်တစ်ခုနဲ့ တကယ်ပဲ မွေးဖွားလာခဲ့တာ။
ရှန်ချန်းဟန်ကအံကြိတ်ထားလိုက်ပြီး သူမရဲ့လက်ကို တင်းနေအောင် ဆုပ်ထားလိုက်တယ်။ သူမက အားကိုအများကြီး သုံးထားတာကြောင့် သူမရဲ့ခန္ဓာကိုယ်က မသိမသာတုန်ရင်လို့နေတယ်။
ခန်းမထဲက စကားလုံးတွေအားလုံးက သူမရဲ့စိတ်ထဲမှာ စွဲထင်နေတယ်။
သူမပိုင်ဆိုင်ခဲ့တဲ့အရည်အချင်းက ထပ်ပြီးပြန်မရနိုင်တော့ဘူးတဲ့။ သူမက ပျက်စီးပြီး ယိုယွင်းလုနီးပါး ဖြစ်နေတဲ့ခန္ဓာကိုယ်နဲ့ သူမရဲ့အသက်ကို ဆက်ပြီးရှင်သန်ရလိမ့်အုံးမယ်တဲ့။
ရှန်ချန်းဟန်က ခန်းမထဲက အကျိုးနဲ့ အပြစ်တွေ ချိန်ဆနေကြတာကို နားထောင်လိုက်ရင်းက သူမရဲ့ပတ်ဝန်းကျင်မှာလဲ လှောင်ပြောင်တဲ့ဟန်၊ သနားတဲ့ဟန်၊ နောင်တရတဲ့ဟန် စတဲ့အကြည့်တွေကို ခံစားလိုက်မိတယ်။ သူမရဲ့နှလုံးသားက ရေခဲထဲမှာ နှစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူမရဲ့သိစိတ်အားလုံးကလည်း ပျောက်ဆုံးသွားတော့တယ်။
သူမက မျက်လုံးတွေကို ဖြည်းဖြည်းချင်းမှိတ်လိုက်ပြီး သူမကိုယ်သူမ အမှောင်ထုရဲ့လွှမ်းမိုးခွင့် ပေးလိုက်ချင်တော့တယ်။
ဒီအခိုက်မှာပဲ ခန်းမထဲက ရင်းနှီးတဲ့အသံတစ်ခုက ခန်းမအပြင်ဘက်ကို ထွက်လာတော့တယ်။
“သူတို့ရဲခန္ဓာကိုယ်ကို ပြန်ပြီး နေရာမချနိုင်ဘူးလို့ ဘယ်သူက ပြောတာလဲ” ရှန်ချန်းဟန်က ရုတ်တရက် မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး အသံလာတဲ့ဘက်ကို တအံတဩနဲ့ လှမ်းကြည့်လိုက်မိတယ်။
အဲဒီနေရာမှာ ပုံရိပ်တစ်ခုက သူမကို အေးအေးလူလူနဲ့ လက်ရမ်းပြနေတယ်။ သူမရဲမျက်လုံးထဲမှာ သနားတာ၊ နောင်တရတာမျိုး မတွေ့ရဘူး။ သူမက သူမကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကြည့်နေတယ်။
မနေ့တုန်းကနဲ့ တစ်ထပ်တည်းဖြစ်နေတဲ့အသံတစ်ခုနဲ့ သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
“ ဒီကိုလာခဲ့”
စကားလုံးနှစ်လုံးပါပဲ။ ဒါပေမဲ့ ရှန်ချန်းဟန်ကတော့ ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသလို ခံစားလိုက်ရပြီး အရင်တုန်းက ရှိနေခဲ့တဲ့ဆူညံသံတွေကို လုံးဝမကြာရတော့ဘူး။
အဲဒီ ချန်ပေ့ပဲ။ ရှန်ချန်းဟန်က စူးလီရဲ့စကားလုံးတွေကို လုံးဝသံသယမဖြစ်လေဘူး။ သူမက ခန်းမထဲကို တစ်လှမ်းချင်း ရောက်လာခဲ့ပြီး သူမပတ်ဝန်းကျင်ကလူတွေကို လှည့်မကြည့်ဘဲ စူးလီရဲ့ရှေ့ကို တလေးတစားနဲ့ ရောက်သွားလိုက်တယ်။
သူမရဲ့အသံထဲမှာ ကျေးဇူးတရားနဲ့ လေးစားမှုအပြည့် ဖြစ်နေပြီး ငြင်းဆန်လို့မရတဲ့ ယုံကြည်မှုတစ်ခုလည်း ပါဝင်နေတော့တယ်။
“ချန်ပေ့”
သူမက စူးလီကို ကြည့်နေပေမဲ့ ခန်းမထဲကလူအားလုံးကတော့ သူမကို ကြည့်လို့နေတယ်။
ဒါက နတ်ဓားခန္ဓာကိုယ်အစစ်တဲ့။
မဟာအကြီးအကဲက ရှန်ချန်းဟန်ရဲ့ကိုယ်ပေါ်က ဖာထေးရာနဲ့ အဝတ်အစားတွေကို ကြည့်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်၊ သူမရဲလက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်ပေါ်က အမာရွတ်တွေကို ကြည့်လိုက်ပြီး သနားစိတ်နဲ့ခေါင်းကို တစ်ဖက်လှည့်ထားမိတော့တယ်။
ဒါက ရှန်မိသားစုရဲ့ ပါရမီရှင်စစ်စစ်ပဲ။ မကုန်ဆုံးနိုင်တဲ့အရင်းအမြစ်တွေနဲ့ ပျိုးထောင်ပြီး ဂရုတစိုက် ကြီးပြင်းလာသင့်တဲ့ ပါရမီရှင်တစ်ယောက်။
ဒါပေမဲ့ အခုကျတော့....။
တစ်ချက်လေးကြည့်လိုက်ရုံနဲ့ ရှန်ချန်းဟန်က ရှန်မိသားစုမှာ ကောင်းမွန်တဲ့အချိန်တစ်ခု မပိုင်ဆိုင်ရခဲ့ဘူးဆိုတာ သိဖို့လုံလောက်နေတယ်။
ဟုတ်တယ်။ သူမမှာ သူမကို သေစေချင်ဖို့ ဖိအားပေးတဲ့မိဘတွေ ရှိခဲ့တယ်။ ကိုယ်ထည်ကို ပြောင်းလဲလိုက်တာကြောင့် ကျင့်ကြံဖို့အားနည်းတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်ခဲ့တယ်။ ရှန်မိသားစုထဲမှာ ဘယ်သူမှ သူမကို မကာကွယ်ပေးခဲ့ဘူး။ သူမက ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ဘဝတစ်ခုကို နေနိုင်ပါမလဲ။
သူမက ဒီနေ့အထိ အသက်ရှင်နေနိုင်တယ်ဆိုတာကလည်း သူမရဲ့ပြင်းပြတဲ့ဆန္ဒရဲ့ ရလဒ်တစ်ခုပဲ။
မဟာအကြီးအကဲက စိတ်ထဲမှာ ကူကယ်ရာမဲ့သလို သက်ပြင်းချမိတော့တယ်။
ရှန်ချန်းဟန်က သူရဲ့နတ်ဓားခန္ဓာကိုအစစ်ကို ပြန်ရခဲ့တယ်ဆိုရင်တောင် လက်ရှိရှန်မိသားစုနဲ့ ပတ်သက်မှုဆိုတာ နည်းနည်းလေးပဲ ရှိတော့မယ်။
မဟာအကြီးအကဲက ကူကယ်ရာမဲ့စွာ သက်ပြင်းချနေတဲ့အချိန် အလူးအလဲရိုက်ခံထားရလို့ မထလာနိုင်တဲ့ ရှန်ဖုန်းကဲက ခန်းမထဲကို လျှောက်ဝင်လာတဲ့ ရှန်ချန်းဟန်ကို စိုက်ကြည့်နေလိုက်တယ်။ သူက သူမကို ကြည့်နေတဲ့ပုံစံက သမီးတစ်ယောက်ကို ကြည့်နေတဲ့ပုံစံမျိုး မဟုတ်ဘဲ ရန်သူတစ်ယောက်ကို ကြည့်နေတဲ့ပုံစံ ဖြစ်နေတော့တယ်။
ရှန်ချန်းဟန်ကို စောစောကတည်းက မသတ်လိုက်ရတဲ့အတွက် နောင်တရမိလိုက်တဲ့အချိန် သူစိတ်ထဲမှာ ကိုယ့်ဟာကို ဆက်ပြီးနှစ်သိမ့်နေလိုက်တယ်။ ရှန်ယွိကျူးနဲ့ ရှန်ချန်းဟန်တို့ရဲ့ ခန္ဓာကိုယ်က အစောကြီးကတည်းက သူတို့ရဲ့အရိုးနဲ့သွေးတွေ ပေါင်းစပ်ပြီးသွားပြီ။ ကျင့်ကြံရေးလောကထဲမှာ သူတို့ရဲ့ရုပ်ပိုင်ဆိုင်ရာ အခြေအနေကို ပြန်ပြောင်းပေးနိုင်တဲ့သူ မရှိဘူး။
ဒီအပြင် သူက ချီကျင့်ကြံရေးအဆင့်ပဲရှိတဲ့စူးလီရဲ့ကျင့်ကြံခြင်းအဆင့်ကို အကဲဖြတ်ကြည့်လိုက်ပြီး စိတ်အေးသွားတယ်။ သူမက အာရုံစိုက်ခံရဖို့ ကြိုးစားနေတာပဲဖြစ်ရမယ်။
ဒီအခိုက်အတန့်မှာ ရှန်မိသားစုဝင်တွေကပဲ စူးလီနဲ့ ရှန်ချန်းဟန်ကို စိတ်ဝင်စားကြနေတာမဟုတ်ဘူး။ ဝမ့်ကျန့်ဂိုဏ်းသားတွေကလည်း သူတို့ရှိရာဘက်ကို စိုးရိမ်တကြီး ကြည့်နေကြတယ်။
အဲဒါက နတ်ဓားခန္ဓာကိုယ်အစစ်လေ။ နှစ်တစ်ထောင်မှ တစ်ကြိမ်ပဲ ပေါ်လာတဲ့နတ်ဓားခန္ဓာကိုယ်တစ်ခု။
ဝမ့်ကျန့်ဂိုဏ်းတစ်ခုလုံးမှာ သီးသန့်ကျင့်ကြံရေးလုပ်နေတဲ့ ဓားသိုင်းဆရာကြီးကလွဲရင် ဒီလိုအင်မတန်မှ စစ်မှန်တဲ့ခန္ဓာကိုယ်မျိုးပိုင်ဆိုင်တဲ့သူမျိုးဘယ်သူမှ မရှိဘူး။
ဒီအပြင် ရှန်ချန်းဟန်မှာ ပြတ်သားတဲ့အကျင့်စရိုက်တခုရှိတယ်။ သူ့ရဲ့အရည်အချင်းကို ပြန်လည်သိုလှောင်နိုင်သရွေ့ သူ့ရဲ့အနာဂတ်က အကန့်အသတ် မရှိတော့ဘူး။
ဒီစူးလီက တကယ်ပဲ။
စူးလီက သူမရဲ့ပတ်ဝန်းကျင်က လူတွေရဲ့သဘောထားကို ဂရုမစိုက်လေဘူး။ သူမက ရှန်ချန်းဟန်ရဲ့ ပိန်ပါးပါးခန္ဓာကိုယ်လေးကို ကြည့်လိုက်ပြီး အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်တော့တယ်။
သူမရဲ့အမူအရာကို အကဲခတ်နေတဲ့ ဝမ့်ကျန့်ဂိုဏ်းသားတွေက ပျာယာခတ်သွားပြီး တစ်ခုခုမှားယွင်းသွားမှာကို စိုးရိမ်နေကြတယ်။ အဲဒီနောက်မှာတော့ စူးလီက စားပွဲပေါ်က ဝိညာဉ်စွမ်းအင်သစ်သီးကို ရှန်ချန်းဟန်ရဲ့လက်ထဲ ထိုးထည့်ပေးလိုက်တာ တွေ့လိုက်ရတယ်။ သူမရဲ့အသံထဲမှာ စိုးရိမ်နေတဲ့ အရိပ်အရောင်လည်း မရှိဘူး။ ဒါပေမဲ့လည်း သူမက ဖြည်းဖြည်းချင်း စနောက်နေလိုက်သေးတယ်။
“နင့်ရဲ့ဓားခန္ဓာကိုယ် ပြန်ရလာတဲ့အခါကျရင် ကောင်းကောင်းစားဖို့မမေ့နဲ့နော်”
ရှန်ချန်းဟန်က သူမရဲ့လက်ထဲက ဝိညာဉ်စွမ်းအင်သစ်သီးကို ငေးကြည့်လိုက်ပြီး အူကြောင်ကြောင်နဲ့ မျက်တောင်ခတ်မိသွားတယ်။
သူမက ကြားရရုံ လေသံတိုးတိုးလေးတစ်ခုဖြင့်ပြောလိုက်တော့တယ်။
“ချန်ပေ့ တကယ်ပဲဖြစ်နိုင်....”
မျှော်လင့်ချက်ကို ဖိနှိပ်ဖို့ကြိုးစားနေတဲ့ သူမကိုကြည့်လိုက်ပြီး စူးလီက ထရပ်လိုက်ကာ သူမရဲ့ခေါင်းလေးကို အသာအယာသပ်ပေးလိုက်တယ်။
“ငါနင့်ကိုဘယ်တော့မှမလိမ်ပါဘူး”
“ဒါပေမဲ့ ချန်ပေ့ရဲ့....”
ရှန်ချန်းဟန်ကမေးချင်တဲ့ မေးခွန်းတွေများပြားလို့နေတယ်။
ချန်ပေ့က သူမကို ဘာဖြစ်လို့ကူညီချင်တာလဲ။ ဓားခန္ဓာကိုယ် ပြောင်းလဲတဲ့နည်းလမ်းက တစ်ခါနဲ့တစ်ခါ ဘာဖြစ်လို့ အရမ်းခက်ခဲရတာလဲ။ သူမက မေးချင်မိတယ်။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူမက မေးခွန်းတစ်ခု မေးလိုက်တယ်။
“ဒါက ချန်ပေ့ကို အန္တရာယ်များ ဖြစ်စေနိုင်လား”
သူမက နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားပြီး သူမဆီကအဖြေကို ကြားချင်နေတဲ့ပုံစံနဲ့ အလေးအနက်ခေါင်းမာမာနဲ့ စူးလီကို ကြည့်လိုက်တယ်။
“နင်ကကိုယ့်ဟာကို ပိုတွက်ထားတာပဲ”
စူးလီက ပြုံးလိုက်ကာ ခေါင်းခါပြလိုက်ပြီး တစ်နည်းနည်းနဲ့ ကူကယ်ရာမဲ့သလို ခံစားရလိုက်တယ်။
သူတို့တွေအားလုံးက ဘာဖြစ်လို့ အဲ့လောက်တောင် တုံးအကြသလဲ။
“နင်မျက်လုံးကို မှိတ်ထား” စူးလီရဲ့အသံက ရှားရှားပါးပါး သိမ်မွေ့လို့နေတယ်။
ရှန်ချန်းဟန်က အမှတ်တမဲ့ ပြောတဲ့အတိုင်း လုပ်လိုက်တာကို မြင်လိုက်ပြီး သူမက ညာဘက်လက်ကို ဆန့်ထုတ်လိုက်ကာ သူမရဲ့လက်ညှိုးနဲ့ ရှန်ချန်းဟန်ရဲ့ရင်ဘတ်ကို ဖြည်းဖြည်းချင်း အသာအယာ ထောက်လိုက်တယ်။
အလွန်မှ ပါးလွှာတဲ့ဝိညာဥ်စွမ်းအင်တစ်ခုက စူးလီရဲ့လက်ချောင်းဖျားပေါ်မှာ စုဝေးလာခဲ့တယ်။ ဝိညာဥ်စွမ်းအင်က အရောင်မဲ့ အလင်းမဲ့နေပေမဲ့ အကန့်အသတ် မရှိတဲ့အတွက်ကြောင့် အလွန်မှပြင်းထန်တဲ့ဖိအားတစ်ခုကို ဆောင်ထားတယ်။
သူမက ရှန်ချန်းဟန်ရဲ့ရင်ဘတ်ထဲက ဓားနှလုံးခုန်နှုန်းကို ခံစားမိလိုက်ပြီး သူမရဲ့အသံက သိမ်မွေ့ပြီး မျှတနေတယ်။
“ငါ့ကိုပြော၊ နင်ဘာလိုချင်လဲ”
ရှန်ချန်းဟန်က သူမရဲ့ပိတ်ထားတဲ့မျက်လုံးထဲမှာ ခပ်ပျော့ပျော့မီးတောက်တစ်ခုကို ခံစားလိုက်ရတယ်။
စူးလီ မေးတဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ တောင်အနောက်ဘက်မှာ နှစ်နှစ်ဆယ်လုံးလုံး ဓားသိုင်းကျင့်ကြံခဲ့တဲ့ အဖြစ်အပျက်တစ်ခုချင်းစီကို ပြန်စဥ်းစားမိပြီး တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။
“ကျွန်မ ဓားသိုင်းကျင့်ကြံသူ ဖြစ်ချင်တယ်။ ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီးတော့ မကောင်းတဲ့လူတွေကို အပြစ်ပေးပြီး ကောင်းတဲ့လူတွေကို မြှင့်တင်ပေးချင်တယ်”
သူမ ပြောလိုက်တဲ့စကားလုံးတိုင်းက သူမရဲ့ခန္ဓာကိုယ်ထဲက အလင်းကို ပိုပြီးအားကောင်းလာစေတယ်။
သိပ်မဝေးလှတဲ့နေရာတစ်ခုက ရှန်ယွိကျူးမှာ ရုတ်တရက်ဆိုသလို သနားစရာကောင်းတဲ့အော်သံတစ်ခု ဖြစ်သွားခဲ့တယ်။
သူမရဲခန္ဓာကိုယ်ထဲက အဲဒီပစ္စည်းတွေက သူမပိုင်ဆိုင်တဲ့ပစ္စည်းတွေ မဟုတ်ဘူးတဲ့။ အရည်အချင်းတွေ၊ ဝိညာဉ်သွေးကြော။ ဒါတွေက သူမရဲ့ခန္ဓာကိုယ်ထဲက တစ်စတစ် စထွက်ခွာသွားနေတယ်။ ရှန်ချန်းဟန်က သူမရဲခန္ဓာကိုယ်တစ်ခုလုံးမှာ နွေးထွေးတဲ့အရောင်အဝါတစ်ခု စီးဆင်းနေတာ ခံစားလိုက်ရပြီး သူမရဲ့အတွင်းစိတ်ထဲကအသံက ပြတ်ပြတ်သားသား ထုတ်ပြောလိုက်တယ်။
“ ကျွန်မက ချန်ပေ့အတွက် အရာအားလုံးကို ဖယ်ရှားပေးနိုင်တဲ့ ဓားရှည်တစ်ချောင်းလိုချင်တယ်။ ချန်ပေ့ဘယ်မှာပဲရှိရှိ။ မှားသည်ဖြစ်စေ။ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ချန်ပေ့ တစ်ယောက်ပဲ ရှိတယ်”
“ချန်ပေ့က ကျွန်မ ဓားကိုင်ရတဲ့တစ်ခုတည်းသော မပြောင်းလဲတဲ့ အကြောင်းတရားပဲ”
အတိတ်တုန်းက သူမရဲ့ဘဝမှာ ဓားသိုင်းကျင့်ကြံခြင်းရဲ့တစ်ခုတည်းသော ယုံကြည်မှုက သူမကို မဆုံးနိုင်တဲ့အမှောင်ထုကို ရင်ဆိုင်ဖို့ ထောက်ပံ့ပေးရုံလို့ပဲ မှတ်ထားတာ။ ဒါပေမဲ့ အခုတော့ ဓားသိုင်းကျင့်ကြံဖို့အစား သူမက သူမ ကာကွယ်ပေးချင်တဲ့သူတွေကို ကာကွယ်ဖို့ ဓားကို အသုံးချချင်တယ်။
သူမ စကားဆုံးသွားပြီးတာနဲ့ချက်ချင်း သူမရဲ့ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်အလင်းတန်းနဲ့ ရုတ်တရက် တောက်ပလာပြီး ရွှေရောင်အလင်းနဲ့ တောက်ပနေတဲ့ ဓားအရိုးတစ်ခုက ရှန်ချန်းဟန်ရဲ့ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းခြင်း ဝင်ရောက် ပျောက်ကွယ်သွားတယ်။
သိပ်မဝေးလှတဲ့နေရာမှာရှိနေတဲ့ ရှန်ယွိကျူးက သတိလစ်သွားပြီး သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ဝိညာဉ်စွမ်းအင် အရိပ်အရောင်တစ်ခုတောင် မကျန်ခဲ့ဘူး။
နောက်တစ်စက္ကန့်မှာပဲ အင်မတန်မှ ပြင်းထန်တဲ့ ဓားစွမ်းအင်တစ်ခုက ရုတ်တရက်ဆိုသလို ရှန်ချန်းဟန်ရဲ့ ခန္ဓာကိုယ်ထဲကနေ ပွင့်ထွက်လာပြီး ပတ်ဝန်းကျင်ကို လှိုင်းခတ်သွားတော့တယ်။
ခန်းမထဲရှိနေကြတဲ့လူအားလုံးက ရွှေအမြုတေကျင့်ကြံခြင်းအဆင့် အထက်မှာရှိကြတဲ့ ကျင့်ကြံခြင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ ဒီလိုအစွမ်းထက်တဲ့ ဓားစွမ်းအင်တစ်ခုကို ရင်ဆိုင်လိုက်ရတဲ့အခါ သူတို့တွေက သူတို့ရဲကျင့်ကြံမှုကို အသုံးချပြီး ခက်ခက်ခဲခဲ ခုခံလိုက်ရတယ်။
ပြင်းထန်တဲ့ဓားစွမ်းအင်က ခန်းမထဲကနေ အပြင်ဘက်အထိ လွင့်ပျံသွားပြီး ခန်းမတစ်ခုလုံးကို ပြောင်းပြန်လှန််လိုက်တော့တယ်။ ကောင်းကင်နဲ့မြေကြီး ချိတ်ဆက်ထားသယောင်ထင်ရတဲ့ ဝိညာဉ်စွမ်းအင်တစ်ခုက ရှန်ချန်းဟန်ပေါ်ကို ဖြာကျသွားခဲ့တယ်။
ဓားစွမ်းအင်ရဲ့အလယ်မှာ စူးလီက နေရာမှာတင် အေးအေးလူလူ ရပ်နေပြီး သူမရဲ့ညာဘက်လက်ညှိုးက ရှန်ချန်းဟန်ရဲ့ ရင်ဘတ်ပေါ်မှာ ထောက်ထားနေဆဲ ဖြစ်တယ်။ သူမရဲ့ ရှည်းလျားနက်မှောင်နေတဲ့ဆံနွယ်တွေက ဓားစွမ်းအင်ကြောင့် အသာအယာ လွင့်ပျံနေပြီး တဖြည်းဖြည်း ပြန်ကျလာတယ်။
သူမဘေးက ဓားစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တွေအားလုံးက သူမရဲ့ယပ်တောင်တွေလိုပဲ သူမကို အေးချမ်းအောင်လုပ်ပေးဖို့ ကြိုးစားနေကြတယ်။
ခက်ခက်ခဲခဲ ရပ်နေရတဲ့လူတွေက မြင်ကွင်းကို ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေကြတယ်။ ဒီအချိန်မှာ စူးလီက အရင်ကတစ်ခါမှမတွေ့ဖူး၊ မရှိဖူးသေးတဲ့ မရေမတွက်နိုင်တဲ့ လမ်းကြောင်းတွေထဲက တစ်ခုကို လမ်းညွှန်ပြနေတယ်လို့ အားလုံးက ခံစားလိုက်ရတယ်။ သူမက အလွန်မှ ညင်သာလွန်းတဲ့အတွက် မွှေးညင်းပေါက်တိုင်းကို ဖောက်သွားနိုင်သလို အလွန်မှအစွမ်းထက်တဲ့အတွက် သူမကို တည့်တည့်တောင် မကြည့်နိုင်ဘူး။
ဒီအချိန်မှာပဲ စူးလီ သူတို့ကို ပေးလိုက်တဲ့ထိတ်လန့်မှုက ဓားခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာတဲ့ ရှန်ချန်းဟန်ထက်ကို ကြီးမားနေတော့တယ်။
ဒီစူးလီက ဘယ်သူလဲ။
သူမက ရှန်ချန်းဟန်နဲ့ ရှန်ယွိကျူးတို့ရဲ့ ခန္ဓာကိုယ်ကို လက်တချက်အဝေ့နဲ့တင် ပြန်ပြောင်းပေးနိုင်တဲ့အပြင် ခံစားချက်က အလွန်မှ ပြင်းထန်တဲ့အတွက် မခုခံနိုင်တော့သလိုပဲ...။ သူမက ချီကျင့်ကြံရေး တတိယအဆင့်ပဲ ရှိတဲ့ ကျင့်ကြံသူတစ်ယောက် မဖြစ်နိုင်ဘူး။
ဧကန္တ သူ့ရဲ့ကျင့်ကြံခြင်းအရည်အချင်းတွေကို သိုဝှက်ထားတဲ့ သူတော်စင်တစ်ယောက်များ ဖြစ်နေမလား။
အားလုံးက သံသယအပြည့်ဖြစ်နေချိန်မှာပဲ အာရုံစိုက်မှုအလယ်မှာ ရောက်နေတဲ့ စူးလီက သူမရဲ့ညာဘက်လက်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်တယ်။
သူမက နတ်ဓားခန္ဓာကိုယ်တစ်ခု ပြန်ရသွားတဲ့ ရှန်ချန်းဟန်ကို ကြည့်လိုက်ပြီး သူမ အခုလေးတင် ပြောလိုက်တဲ့စကားကို စဉ်းစားလိုက်တယ်။ သူမက ကူကယ်ရာမဲ့သွားပြီး သူ့နဖူးကို ပြန်ကိုင်လိုက်ရင်း မတတ်နိုင်တော့ပဲ ထပ်ပြီး သက်ပြင်းချလိုက်တော့တယ်။
“သူတို့အားလုံးက ဘယ်လိုဖြစ်ပြီး တစ်ပုံစံထဲ ဖြစ်နေကြတာလဲ။ သူတို့ရဲ့ခေါင်းမာပုံကတောင် တစ်ထပ်တည်း ဖြစ်နေတယ်”
“ချန်ပေ့ ကျွန်မလေ...”
ရှန်ချန်းဟန်က သူမရဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ သူမရဲ့အသစ်ရလာတဲ့ ဝိညာဉ်စွမ်းအင်ခန္ဓာကိုယ်ကို ခံစားဖို့ အချိန်မရခင်မှာပဲ သူမက စူးလီကို အမှတ်တမဲ့ ကြည့်လိုက်တယ်။
စူးလီက သူမကို ပျင်းရိတဲ့ဟန်နဲ့ လက်ရမ်းပြလိုက်တယ်။
“နင့်ရဲ့ခန္ဓာကိုယ်ကို ရင်းနှီးအောင်သွားလုပ်ချည်....”
လူအုပ်ကြီးရဲ့ စောင့်ကြည့်နေကြတဲ့မျက်လုံးအောက်မှာ သူမက သူမရဲ့အရင်ထိုင်ခုံနေရာကို ဖြည်းဖြည်းချင်း ပြန်သွားပြီး ထိုင်ချလိုက်တယ်။ ခန်းမထဲက တိတ်ဆိတ်ငြိမ်သက်နေတဲ့ လူတွေကို ကြည့်လိုက်ပြီး သူမက ဇဝေဇဝါနဲ့ မျက်တောင်ခတ်လိုက်တယ်။
“ရှင်တို့အားလုံးက ဘာဖြစ်လို့ ကျွန်မကို ကြည့်နေကြတာလဲ”
...