အခန်း ၄၉
Vol. 4 Ch. 49
အပိုင်း (၄၉)
အကြီးအကဲလော့ဝမ်က အပေါ်ယံစကားလုံးတွေကို ကြားလိုက်ရတဲ့အခါ ခေါင်းကိုက်သလို ခံစားလိုက်တော့တယ်။
စဉ်းစားမနေတော့ဘဲ သူမက သူ့ကို နောက်ကိုတွန်းထုတ်ပစ်လိုက်တယ်။ သူမက စကားလဲ ကောင်းကောင်းမပြောတတ်ဘူးဆိုတော့ သူမရဲ့သိုလှောင်အိတ်ထဲက ဥက္ကာခဲတစ်ခုကို ထုတ်ယူလာပြီး ရှန်ချန်းဟန်ကို လှမ်းပေးလိုက်တယ်။
သူမက မျက်နှာပေါ်မှာ ခပ်ရေးရေးအပြုံးတစ်ခုကို အတင်းကြိုးစား လိုက်လုပ်ယူလိုက်ပြီး သူမရဲ့အသံကလည်း အနည်းငယ်ပျော့ပြောင်းလို့နေတယ်။
“ မင်းနဲ့တွေ့ရတဲ့အတွက် လက်ဆောင်ပါ”
“မင်းက ငါ့တပည့်ဖြစ်လာတာပဲဖြစ်ဖြစ်၊ မဖြစ်လာတာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ လေ့ကျင့်တဲ့အခါ ပြဿနာတစ်ခုခုနဲ့ ကြုံရင် ငါ့ဆီလာလို့ရတယ်နော်”
တခြားလူတွေက လော့ဝမ်ရဲ့အပြုအမူကို မြင်လိုက်တဲ့အခါ သူတို့တွေက ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားပြီး သူတို့တွေရဲ့သိုလှောင်အိတ်ထဲက မှော်ရတနာတွေကို စတင်ရှာဖွေကြတော့တယ်။
“အဟမ်း ငါက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လာကတည်းက တခြားသူတွေကဆီ ဝိညာဉ်ရတနာတွေကို တောင်းလောက်တဲ့ထိ ဆင်းရဲခဲ့တယ်။ ငါ့ရဲ့ဝိညာဉ်ရတနာတွေကို တခြားလူတွေကို ပေးဖို့တောင် မေ့လျော့နေခဲ့မိတယ်။ သူက နတ်ဓားခန္ဓာကိုယ်လေ။ ကလေးတစ်ယောက်ကို မစွန့်လွှတ်ပဲ ဘယ်လိုလုပ်ပြီး ဝံပုလွေတစ်ကောင်ကို ဖမ်းဆီးနိုင်မှာလဲ”
ရှန်ချန်းဟန်က သူတို့ရဲ့တပည့် ဖြစ်မလာဘူးဆိုရင်တောင် သူမက ဝမ့်ကျန့်ဂိုဏ်းက ကျင့်ကြံသူဖြစ်နေသရွေ့ ဒီနေ့ သူတို့တွေလုပ်လိုက်တဲ့အရာက ဂိုဏ်းအတွက် အရည်အချင်းရှိတဲ့သူတွေကို ပျိုးထောင်ပေးလိုက်တာပဲ။
သူမက ဓားခန္ဓာကိုယ်တစ်ခုနဲ့မွေးဖွားလာတာ။ သူမက ဇွဲရှိရှိနဲ့ ကျင့်ကြံနေသရွေ အနာဂတ်မှာ ဝမ့်ကျန့်ဂိုဏ်းရဲ့ကျောထောက်နောက်ခံတစ်ခု ဖြစ်လာလိမ့်မယ်။
“ချန်းဟန် ဒါကပြီးခဲ့တဲ့ နှစ်ပေါင်းတစ်ရာ နှစ်ရာအတွင်းမှာ ဓားသိုင်းကျင့်ကြံခြင်းကနေ လေ့လာထားတဲ့အရာတွေပဲ”
“ဒါက ငါ အစကတည်းက ဖန်တီးထားတဲ့သိုင်းကွက်တစ်ခုပဲ”
“ဒါက”
ရှန်ချန်းဟန်က အားလုံးရဲစိတ်ဝင်စားမှုအလယ်မှာရောက်နေတဲ့ အတွေ့အကြုံကို မတွေ့ကြုံဖူးခဲ့သလို အားလုံးကဝိုင်းရံနေတာကိုလည်း မခံစားခဲ့ရဖူးဘူး။ အားလုံးရဲ့ မျှော်လင့်တကြီးအကြည့်တွေကိုလည်း မမြင်ခဲ့ဖူးဘူး။ အားလုံးရဲ့မြှောက်ပင့်ပြောဆိုတာတွေလည်း မတွေ့ခဲ့ရဘူး။
သူမက မသက်မသာနဲ့ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။ ဒီလူတွေရဲ့ ဒီလိုသဘောထားတွေက သူမရဲ့နတ်ဓားခန္ဓကိုယ်ကြောင့်လား။ ဒါမှမှမဟုတ် သူမကြောင့်လား။ တကယ်တော့အဖြေက အရမ်းကို ရှင်းလင်းပါတယ်။ ရှင်းလင်းလွန်းတဲ့အတွက် စဉ်းစားစရာတောင်မလိုဘူး။
ဒီလိုအရည်အချင်းတစ်ခု ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဝမ့်ကျန့်ဂိုဏ်းရဲ့ အကြီးအကဲနဲ့ ဂိုဏ်းချုပ်တွေလို အစွမ်းထက်တဲ့ပုဂ္ဂိုလ်တွေကတောင် သူမကို အရမ်းဖော်ဖော်ရွေရွေ ရှိကြတယ်။
နတ်ဓားခန္ဓာကိုယ်က သူမကို အဆင်ပြေလှတဲ့အခြေအနေတစ်ခုကို ယူဆောင်လာပေးခဲ့တာများလား။
တကယ်လို့ သူမသာ အင်မတန် အရည်အချင်းနိမ့်ပါးပြီး ကျင့်ကြံရေးအဆင့်နိမ့်တဲ့ရှန်မိသားစုက ရှန်ချန်းဟန် ဖြစ်နေအုံးမယ်ဆိုရင် သူမက သူတို့နဲ့တွေ့ဆုံဖို့ အခွင့်အရေးလေးတောင် ရလိုက်မှာမဟုတ်ဘူး။
ချန်ပေ့တစ်ယောက်တည်းကပဲ...
ရှန်ချန်းဟန်က သူမဘေးက စူးလီကို အမှတ်တမဲ့ကြည့်လိုက်တယ်။ သူမရဲ့ပျင်းရိပျင်းတွဲကိုယ်နေဟန်ထားနဲ့ အေးအေးလူလူဖြစ်နေတဲ့ပုံကို မြင်လိုက်ရတဲ့အခါ သူမက ရုတ်တရက်ဆိုသလို တည်ငြိမ်သွားတော့တယ်။
ချန်ပေ့တစ်ယောက်တည်းရဲ့ သူမ အပေါ်သဘောထားက ဘယ်တော့မှ မပြောင်းလဲဘူး။ သူမက ဓားခန္ဓာကိုယ်နဲ့ မွေးဖွားလာတာဖြစ်ဖြစ် ၊မဟုတ်ပဲဖြစ်ဖြစ် ချန်ပေ့မျက်လုံးတွေထဲမှာတော့ သူမက ဒီအတိုင်း ရှန်ချန်းဟန်ပဲ။
သူမက ဒီလူတွေရဲ့ နတ်ဓားခန္ဓာကိုယ်အပေါ် မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ရင် ဘာလုပ်ပေးရမလဲဆိုတဲ့ စိုးရိမ်ပူပန်စိတ်က ရုတ်တရက် ရပ်တန့်သွားတော့တယ်။
သူမ လုပ်ချင်တာတွေက သူမရဲ့ချန်ပေ့ကို စိတ်မပျက်စေချင်တာပဲ။
ဒီလိုစဉ်းစားလိုက်ပြီး ရှန်ချန်းဟန်ဆီက တင်းကြပ်မှုတွေက ဖြည်းဖြည်းချင်း လျော့ပါးသွားတော့တယ်။
သူမက နောက်ကို တလှမ်းဆုတ်လိုက်ပြီး အားလုံးရဲ့လက်ထဲက ဝိညာဉ်ရတနာတွေကို ငြင်းပယ်လိုက်ပြီးတဲ့နောက်မှာ အားလုံးရဲ့ မျှော်လင့်တကြီးရှေ့မှာ တလေးတစား တရိုတသေနဲ့ ကိုယ့်ကို လှည့်လိုက်ပြီး သူမက ဘေးကို ကြည့်လိုက်တယ်။
“ ချန်ပေ့ ပင်ပန်းနေပြီးလား အနားယူချင်ပြီးလား”
အဲဒီအချိန်ကျမှ အားလုံးက ရုတ်တရက်ဆိုသလို စူးလီရှိနေတာကို သိလိုက်ရတယ်။ သာမန်ချီကျင့်ကြံရေးအဆင့်ရှိသူ တစ်ယောက်တဲ့လား။ ထိုက်ဟွာတောင်ထွတ်သခင်က မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားတော့တယ်။
ဒီချီကျင့်ကြံသူက ဘယ်သူများလဲ။
နတ်ဓားခန္ဓာကိုယ်နဲ့ မွေးဖွားလာတဲ့ရှန်ချန်းဟန်က သူမကို ဘာဖြစ်လို့ တရိုတသေဖြစ်နေတာလဲ။
ချီမင်ကတော့ ရှဲ့ယိရဲ့စကားတွေကနေတဆင့် စူးလီက ရှန်မိသားစုမှာလုပ်ခဲ့တဲ့အရာတွေကို သိပြီးသား။ လက်ကိုတစ်ချက်ဝှေ့ရမ်းလိုက်ပြီး သူက ရှန်ချန်းဟန်နဲ့ ရှန်းယွီကျူးတို့ရဲ့ကိုယ်ထည်ကို ပြန်ပြောင်းပေးလိုက်နိုင်တယ်တဲ့။
ဒီလိုအရည်အချင်းမျိုးက အဆင့်မြင့်ပေါင်းစပ်ကျင့်ကြံခြင့်အဆင့် အောင်မြင်ပြီးသားဖြစ်တဲ့သူတောင်မှ မလုပ်နိုင်တဲ့ အရာမျိုးပဲ။
စူးလီက ဒီလိုနည်းပညာ၊ နည်းလမ်းမျိုးကို အထူးတလည်ကျွမ်းကျင်နေတာ မဟုတ်ရင် သူမက သူမရဲ့ကျင့်ကြံရေးအဆင့်နဲ့ နောက်ခံကို ဖုံးကွယ်ထားတာပဲဖြစ်ရမယ်။
သူကတော့ နောက်တစ်ခုက ပိုပြီးဖြစ်နိုင်တယ်လို့ ထင်တယ်။
သူ သိထားသလောက်ကတော့ စူးလီကို ရွှင့်ချန်ဂိုဏ်းရဲ့ ဧည့်အကြီအကဲကလည်း တရိုတသေ ဆက်ဆံတာတဲ့။
ဒါပေမဲ့လည်း စူးလီက သူမရဲကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတယ်ဆိုကတည်းက သူမမှာလည်း အကြောင်းအရင်း သေချာပေါက်ရှိရမယ်။ သူမက သူမရဲ့အရည်အချင်းတွေကို အားလုံးကို ထုတ်မပြောရသေးတာပဲ ဖြစ်ရမယ်။ ထိုက်ဟွာတောင်ထွတ်သခင်က စူးလီကို မလိုလားတဲ့အကြည့်နဲ့ ကြည့်နေတာ မြင်လိုက်ရတဲ့ ချီမင်က တစ်ခုခုကို ရုတ်တရက် စဉ်းစားသွားမိသယောင် မသိမသာ ပြုံးလိုက်တော့တယ်။
“ ဒါက တာအိုရောင်ရင်းစူးလီလေ။ ရွှင့်ချန်ဂိုဏ်းက အကြီးအကဲပိုင်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ပေါ့”
အကြီးအကဲပိုင်က ဘယ်သူလဲ။ ရွှင့်ချန်းဂိုဏ်းမှာ ပိုင်ဆိုတဲ့နာမည်ရှိတဲ့ အကြီးအကဲရှိလို့လား။ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေအားလုံး ဇဝေဇဝါ ဖြစ်သွားကြတော့တယ်။ အကြီးအကဲပိုင်ရဲ့ သေအတူရှင်မကွာမိတ်ဆွေက သူတို့ကဘာဆိုင်လို့တုံး။
ချီမင်က အားလုံးရဲရှုပ်ထွေးသွားတဲ့အမူအရာကို ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါနဲ့ ထပ်ပြောလိုက်တယ်။
“ အကြီးအကဲပိုင် သန့်စင်ထားတဲ့ ကျင်းရှင်းဆေးလုံးတစ်လုံးကို ဝိညာဉ်ကျောက်တစ်လုံး သုံးထောင်နဲ့ ရောင်းရတယ်လေ”
ဒီအချိန်မှာ ဒီလူတွေက သူတို့ရဲ့အမူအရာကို အံသြစရာကောင်းလွန်းတဲ့ အရှိန်တစ်ခုနဲ့ ပြောင်းလဲလိုက်တာကို မြင်လိုက်ရတာတော့တယ်။ နဂိုက မလိုလားဟန်နဲ့ကြည့်နေတဲ့ ထိုက်ဟွာတောင်ထွတ်သခင်က ရင်းရင်းနှီးနှီး ကြင်နာတဲ့ဟန်ဖြစ်လာတယ်။ သူက လိုက်လျောညီထွေဖြစ်တဲ့ အပြုအမူတစ်ခုနဲ့ ချီးမွှမ်းပြောဆိုလိုက်တယ်။
“ဒီတော့ သူက အကြီးအကဲပိုင်ရဲ့ မိတ်ဆွေဖြစ်နေတာကို မြင်ရမှ ယုံရတော့တာပဲ”
“ပိုင်ချန်....တာအိုရောင်းရင်းစူး ကျွန်တော်တို့က ချက်ချင်းကို အဆင်ပြေကြတာပဲ။ ကျွန်တော်တို့တွေက တစ်နေ့ကျရင်တော့ သုံးနေ့နဲ့သုံးညလောက်အတူတူ သောက်ကြမယ်”
စူးလီက သူမနဲ့ ရင်းနှီးဖို့ကြိုးစားနေတဲ့ သူတို့ရဲ့ကြိုးစားမှုတွေကို နားထောင်လိုက်ပြီး ခေါင်းညိတ်တုံ့ပြန်လိုက်တယ်။ အဲ့ဒီနောက်တော့ ပျင်းပျင်းရိရိနဲ့ အကြည့်လွှဲလိုက်ပြီး စိတ်ကူးဆက်ယဉ်နေလိုက်တယ်။ ဒီနေ့ညငါတို့ဘာစားရင်ကောင်းမလဲ။
ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ဖရဲသီးတွေ အများကြီး စားလာပြီးပြီ။ တစ်ခုခု လေးလေးပင်ပင်ဖြစ်တာလေး စားချင်တယ်။ ဝမ့်ကျန့်ဂိုဏ်းမှာ အရသာရှိတဲ့ အစားအသောက်တွေများ ရှိနေမလား မသိဘူး။
ချီမင်က ဝိညာဥ်ကျောက်တုံးတွေကြောင့် ဝမ်းသာအားရဖြစ်သွားတဲ့လူတွေကို ကြည့်လိုက်ပြီး အထင်သေးဟန်နဲ့ သူရဲ့ဝိညာဥ်စွမ်းအင်တွေကို သုံးပြီး သူတို့တွေကို ဘေးကို တွန်းထုတ်ထားလိုက်တယ်။
“မင်းတို့မှာ တခြားလုပ်စရာမရှိကြတော့ဘူးလား”
တကယ်တော့ ဓားသိုင်းကျင့်ကြံသူတွေက ပုံမှန်ဆိုရင်ဝိညာဥ်ကျောက်တုံးတွေ အများကြီး ရှာနိုင်ပါတယ်။ အဆင့်မြင့်တာဝန်တစ်ခုကို ယူလိုက်ရုံနဲ့ပဲ ဝိညာဥ်ကျောက်တုံးတစ်သောင်းလောက်ကိုတော့ အနည်းဆုံးရှာနိုင်တယ်လေ။
ဒါပေမဲ့လည်း သူတို့ရဲ့ဝိညာဥ်ကျောက်တုံးတွေကိုသူတို့ရဲ့မွေးချင်းဓားအတွက်ပဲ သုံးကြတာ။
အလှဆင်ဓားအိမ်လား။ ဝယ်လိုက်။
အလှဆင်ဖို့ကျောက်မြတ်ရတနာလား။ ဝယ်လိုက်။
ဓားပြုလုပ်ဖို့ အကောင်းဆုံးပစ္စည်းဆိုရင်လည်း ဝယ်လိုက်။
....
ဒါကြောင့်မို့လို့ သူတို့တွေက ဝိညာဥ်ကျောက်တုံးကို ဘယ်လောက်ပဲ ရှာဖွေနေပါစေနောက်ဆုံးမှာ သူတို့တွေက ဒီပစ္စည်းတွေထဲက တစ်ခုခုကို အမီလိုက်နိုင်တယ်ဆိုတာမရှိဘူး။
ပိုဆိုးတာက ဓားသိုင်းကျင့်ကြံသူအများစုက အရမ်းကိုချမ်းသာတဲ့သူတွေ မဟုတ်ကြဘူး။ ဒီတော့ သူတို့တွေက မတော်တဆ ဒီလိုကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ဆုံရတဲ့အခါ မတတ်နိုင်တော့ဘဲ နည်းနည်းလေး ပိုပြီး စိတ်အားထက်သန်ပြရတော့တာပေါ့။
“ကျုပ်တို့ရဲ့ဂိုဏ်းချုပ်ကြီးက ချန်းဟန်ကို ရွှမ်းလင်တောင်ထွတ်မှာ အခြေချပေးမှာ။ မင်းတို့တွေက သွားပြီးတော့လုပ်စရာရှိတာ လုပ်ကြတော့”
ချီမင်က သူတို့ကို အထင်သေးဟန်အပြည့်နဲ့ လက်ဝှေ့ယမ်းပြလိုက်တယ်။
ရှန်ချန်းဟန်က ရွှမ်းလင်တောင်ထွတ်မှာ ယာယီနေမယ်လို့ သိလိုက်ရတဲ့အခါ သူတို့အားလုံးက စိတ်အေးသွားပြီး သက်ပြင်းချလိုက်တော့တယ်။
ရွှမ်းလင်တောင်ထွတ်ဆိုတာ ဝမ့်ကျန့်ဂိုဏ်းရဲ့ ဧည့်အကြီးအကဲ ကျန်ယွင်စယ်နေတဲ့ဂူဖြစ်ပြီး မြင့်မြတ်တဲ့တောင်ထွတ်တစ်ခုပေါ့။ သူက ဝမ့်ကျန့်ဂိုဏ်းမှာ နေတယ်ဆိုတာ မရှိသလောက်ပဲ။ ကျန်တဲ့အချိန်တွေကို သူက သာမန်ကျင့်ကြံသူတွေနဲ့ မခြားကျင့်ကြံရေးလောကကြီးထဲကို ပတ်သွားနေတာပေါ့။
အဲ့ဒီကိစ္စ ဖြစ်သွားပြီးကတည်းက... သူက ဘယ်တော့မှ နောက်ထပ်တပည့်တစ်ယောက်ကို လက်မခံတော့ဘူးလေ။
အခုတောင် ဂိုဏ်းချုပ်ကြီးက ရှန်ချန်းဟန်ကို ရွှမ်းလင်တောင်ထွတ်မှာ နေရာချပေးမယ်ဆိုတော့ ကြည့်ရတာ သူ့ကို သူမကိုယ်တိုင် ဆရာတစ်ယောက် ရွေးစေချင်တာ အမှန်ပဲဖြစ်လိမ့်မယ်။
ထိုက်ဟွာတောင်ထွတ်သခင်က ချီမင်နဲ့ ရှန်ချန်းဟန်တို့ကို ထွက်သွားရင်းက ပြန်လှည့်ကြည့်လိုက်ပြီး မနက်ဖြန် ရွှမ်းလင်တောင်ထွတ်ကို သွားရမယ်လို့ စိတ်ထဲမှာကြိတ်ပြီး ဆုံးဖြတ်ထားလိုက်တယ်။ ဒီအချိန်မှာ အဲ့ဒီအခါကျရင် ရှန်ချန်းဟန်ကို သူရဲ့နက်နဲလှတဲ့ဓားသိုင်းကွက်တွေကို ပြသပြီးရင် သူက သူမအပေါ်ဂရုတစိုက် စိုးရိမ်ပူပန်မှုရှိတယ်ဆိုတာ ပြသဖို့အတွက် သူ့တပည့်တွေကိုလည်း ခေါ်သွားရလိမ့်မယ်။ ပြီးရင်တော့....
ရှန်ချန်းဟန်က သူ့ကို အားကျပြီး လေးစားလာအောင် ဘယ်လိုလုပ်ရမလဲလို့ အာရုံစိုက် စဥ်းစားနေတဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို သူက ခလုတ်တိုက်သွားတော့တယ်။
သူက မျက်မှောင်ကြုံ့ပြီးသူ့ရဲ့ ဝတ်ရုံကို ခါလိုက်တယ်။
အခုနောက်ပိုင်း သူရဲ့ကံဆိုးနေပုံများ မြေကြီးပေါ်မှာတောင် ခလုတ်တိုက်ရထဲ့အထိပဲ။
သူက ပေါင်းစပ်ကျင့်ကြံရေးအဆင့်က အစွမ်းထက်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။
ထိုက်ဟွာတောင်ထွတ်ပေါ်မှာ-
လင်ယွိလွမ်က သူမရဲ့လက်ထဲမှာ ဆေးပန်းကန်တစ်လုံးကို ကိုင်ထားပြီး ရိုးရှင်းတဲ့ သစ်သားအိမ်လေးတစ်လုံးကို ကြည့်နေတယ်။
သူမက အဓိပ္ပာယ်ပါပါနဲ့ သူမရဲ့နှုတ်ခမ်းဒေါင့်တွေကို ပင့်ထားလိုက်တယ်။
ကောင်းမွန်တဲ့ အရည်အချင်းရှိနေတော့ရော ဘာအသုံးဝင်မှာလဲ။ အဓိကက ကိုယ်ရဲ့အရည်အချင်းတွေကို ထိန်းသိမ်းထားနိုင်မဲ့ ကံကောင်းခြင်း ရှိဖို့ပဲ လိုတာလေ။
မဟုတ်ရင်တော့ သူက ဓားကျောရိုး ရှိပေမဲ့လဲ ဓားတစ်ချောင်း ကိုင်ဖို့တောင် အင်အားမရှိတဲ့ထန်ချိုးယွီလို အဆုံးသတ်သွားလိမ့်မယ်။
ဒီလိုစဥ်းစားလိုက်တဲ့အခါ သူမရဲ့နှုတ်ခမ်းပေါ်က အပြုံးကပိုပြီးတော့ ပီပြင်လာခဲ့တယ်။
လင်ယွိလွမ်က တံခါးကိုတွန်းဖွင့်လိုက်ပြီး အဝေးကို ငေးကြောင်ကြောင်လေး ကြည့်နေတဲ့ခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သူကို တွေ့လိုက်ရတယ်။ သူမရဲ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို စိုးရိမ်တဲ့အကြည့်တစ်ခု အသွင်ပြောင်းလဲသွားတယ်။ သူမက ချစ်စရာအသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ဂ်ိုဏ်းတူအစ်မ ကျွန်မ အစ်မအတွက်ဆေးယူလာပေးတာ”
ထန်ချိုးယွီက လင်ယွိလွမ်ကို မြင်လိုက်ရတဲ့အခါ သူမရဲ့မျက်လုံးထဲမှာ နွေးထွေးတဲ့အရိပ်တစ်ခု ဖျတ်ခနဲလက်သွားတယ်။ သူမရဲ့အသံက အေးစက်နေပေမဲ့လည်း သာမန်နားနဲ့ကြားယုံလောက် အားနည်းတဲ့အသံတစ်ခုဖြစ်နေတယ်။
“ယွိလွမ်”
“ဂိုဏ်းတူအစ်မ”
လင်ယွိလွမ်က ခုတင်အစွန်းမှာ ထိုင်ချလိုက်ပြီး ဒီနေ့ ဝမ့်ကျန့်ဂိုဏ်းမှာဖြစ်ပျက်ခဲ့သမျှကို အပြုံးတစ်ခုနဲ့ ထန်ချိုးယွီကို ပြောပြလိုက်တယ်။
ထန်ချိုးယွီက ဝှမ့်ကျန်းဂိုဏ်းအကြောင်း သူမ ပြောပြနေတာကို နားထောင်းရင်းက ခပ်ရေးရေးအပြုံးတစ်ခုက သူမရဲ့မျက်လုံးပေါ်မှာဖြစ်တည်လာတယ်။
ဒီအခိုက်မှာပဲ လင်ယွိလွမ်က ရုတ်တရက်ဆိုသလို စကားလမ်းကြောင်း ပြောင်းလိုက်ပြီး ရှန်ချန်းဟန်အကြောင်း ထုတ်ပြောလိုက်တယ်။
“ဒီနေ့လဲ ဂိုဏ်းချုပ်ကြီးက ဓားခန္ဓာကိုယ်နဲ့ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ကို ခေါ်ပြန်လာခဲ့တယ်။ အဲ့ဒါက ဓားခန္ဓာကိုယ်အစစ်တဲ့။ ကျွန်မလေ အရင်တုန်းက တစ်ခါမှမမြင်ခဲ့ဖူးဘူး။ ပြောနေကြတာကတော့ တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတော်တော်များများက သူ့ကို သူတို့ရဲ့တပည့်ဖြစ်လာစေချင်ကြတယ်တဲ့” ဒီအချိန်မှာ သူမက ထန်ချိုးယွီအနားကို လျှို့လျှို့ဝှက်ဝှက်နဲ့ ပိုပြီးကပ်လိုက်တယ်။
“ပြောနေကြာတာတော့ ဂိုဏ်းချုပ်ကြီးက သူ့ကိုတပည့်တစ်ယောက်အဖြစ် လက်ခံချင်သေးတယ်တဲ့”
ထန်ချိုးယွီက မျက်လွှာချထားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ဝမ်းနည်းတဲ့အရိပ်တစ်ခုဖြစ်သွားခဲ့တယ်။ တစ်ခါတုန်းကပေါ့ သူမကလည်း ဂိုဏ်းကို ဂုဏ်ယူရအောင်လုပ်ပေးခဲ့တဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်ခဲ့တာပေါ့။
ဒါပေမဲ့အခုကျတော့....။
လင်ယွိလွမ်က ဘာမှသတိမထားမိလိုက်တဲ့ပုံစံနဲ့ ဆက်ပြီးပြောလိုက်တယ်။
“သူက ကျွန်မတို့ရဲ့ဂိုဏ်းတူညီမလေး ဖြစ်လာရင် တကယ်ကောင်းမှာပဲ၊ ဒါဆိုရင်တော့ ကျွန်မက အငယ်ဆုံးတပည့် မဟုတ်တော့ဘူး”
“အင်း”
ထန်ချိုးယွီက စိတ်အေးသွားဟန်နဲ့ပြုံးလိုက်တယ်။
“ထိုက်ဟွာတောင်ထွတ်က စည်စည်ကားကားနဲ့ အသက်ဝင်ရမဲ့ အချိန်တန်ပြီလေ”
လင်ယွိလွမ်က သူမနဲ့ စကားနည်းနည်းပါးပါး ထပ်ပြောလိုက်ပြီး သစ်သားအိမ်လေးထဲကနေ ထွက်လာခဲ့တယ်။
သူမရဲ့အပြန်လမ်းမှာ တာဝန်ပြီးလို့ပြန်လာခဲ့တဲ့ ချောင်ချန်နဲ့ မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်။ သူမက သူ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို ကြည့်လိုက်ပြီး သူမရဲ့အကြည့်က အခိုက်အတန့် တုံ့ဆိုင်းသွားပြီးနောက်မှာတော့ ပြုံးပြီး ရယ်စရာပြောလိုက်တယ်။
“အစ်ကို၊ တတိယအဆင့်သားရိုင်းကောင်တစ်ကောင်က အစ်ကို့ကို ဒီလိုထိခိုက်အောင်လုပ်နိုင်တာတယ်။ ဒါကို ဆရာသာ သိလို့ကတော့ ပိုပြီးလေ့ကျင့်ဖို့ သေချာပေါက် ပြောအုံးမှာ”
ချောင်ချန်က ကူကယ်ရာမဲ့သလို ပြုံးလိုက်တယ်။
“ဒီတစ်ကြိမ် ငါ့ကံက လုံးဝမကောင်းနေဘူး။ ထောင်ချောက်တစ်ခုကို မတော်တဆ နင်းမိသွားတယ်လေ”
“ဟုတ်ပါပြီ ဟုတ်ပါပြီ ထောင်ချောက်တစ်ခုပဲဖြစ်ရမှာပါ”
လင်ယွိလွမ်က အမူအရာတစ်ခုကို ပြလိုက်ပြီး ပြောလိုက်တယ်။
“အဆင်ပြေရဲ့လား”
သူမက ပြုံးလိုက်ပြီး သူ့ကို လက်ယပ်ခေါ်လိုက်တယ်။
“အစ်ကိုရဲ့ဒဏ်ရာကို သေချာဂရုစိုက်ပါအုံး၊ ကျွန်မ ဓားသိုင်း သွားကျင့်လိုက်အုံးမယ်”
နောက်တစ်နေ့မနက် အစောပိုင်း
ထိုက်ဟွာတောင်ထွတ်သခင်က သူ့တပည့်နှစ်ယောက်ဖြစ်တဲ့ လင်ယွိလွမ်နဲ့ ချောင်ချန်တို့ကိုခေါ်ပြီး ရွှမ်းလင်တောင်ထွတ်ကို လာဖို့ မစောင့်နိုင်အောင် ဖြစ်နေတယ်။
အဲ့ဒီနောက်မှာတော့ ရွှမ်းလင်တောင်ထွတ်ပေါ်မှာ ပြည့်သိပ်ကြပ်ညပ်နေတဲ့ လူတွေကို တွေ့လိုက်ရတယ်။ များပြားလွန်းလို့ သူ့မှာ မတိုးနိုင်တော့ဘူး။
ဘယ်လိုဖြစ်တာလဲ။
ဘာဖြစ်လို့ လူတွေအများကြီး ရောက်နေတာလဲ။
သူက တစ်ချက်လောက် မြန်မြန်လေးဝေ့ကြည့်လိုက်တယ်။ ဆယ်နှစ်လောက် သီးသန့်ကျင့်ကြံရေးလုပ်နေတဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အကြီးအကဲ၊ သားဖြစ်သူကို ကြီးကြပ်ကြပ်မတ်နေရတာနဲ့ အလုပ်များနေတဲ့ ယွီကျင့်တောင်ထွတ်သခင်၊ အပြင်ဘက်မှာအပြင်ဘက်မှာ ခုနစ်နှစ်လောက် လှည့်ပတ်သွားနေတဲ့ အကြီးအကဲယွင်ချင်း၊ သူရဲ့မဟာရန်သူ ရှန်ယွင်အန်းကတောင် ဘာလို့ရောက်နေတာလဲ။ သူက နှစ်ငါးဆယ်လောက် လျှို့ဝှက်နယ်မြေထဲမှာ ရောက်နေခဲ့တာ မဟုတ်ဖူးလား။
သူက ဝိညာဥ်ကျောက်တုံးတွေ ချေးငှားဖို့အတွက် သူတို့ဆီ ရောက်သွားတုန်းကတောင် သူတို့ကို မတွေ့ရတာ ရှစ်နှစ် ဆယ်နှစ် လောက်ရှိနေပြီလေ။ အခုတော့ နတ်ဓားခန္ဓာကိုယ်လည်းပေါ်လာရော သူက ငါ့ထက်တောင် ပိုပြီးမြန်မြန်ရောက်နေသေးတယ်။
...