အခန်း ၅၀
Vol. 4 Ch. 50
အပိုင်း (၅၀)
ရှန်ချန်းဟန်က ဝိညာဉ်စွမ်းအင် အိပ်ရာပေါ်က နိုးလာတဲ့အခါ သူ့ပတ်ဝန်းကျင်မှာ နွေးထွေးပြီး ဝိညာဉ်စွမ်းအင်တွေ ပေါများနေတာကို ခံစားလိုက်ရတယ်။ သူမက ခဏလောက် အတွေးနက်သွားပြီး အဲဒီနောက်မှာ သူမက ရှန်မိသားစုကနေ ထွက်လာပြီဆိုတာကို နောက်ကျမှ သတိထားမိလိုက်တယ်။
သူမက အချိန်မရွေး အေးခဲ့တဲ့လေထဲမှာ သေသွားနိုင်ပြီး အနိုင့်ကျင့်ခံရတဲ့ ရှန်ချန်းဟန် မဟုတ်တော့ဘူး။ အခုတော့ သူမက ဓားခန္ဓာကိုယ်ကို ပြန်ရသွားပြီ ဝမ့်ကျန့်ဂိုဏ်းကို အောင်အောင်မြင်မြင်နဲ့ ဝင်လာခဲ့ပြီးတော့ သူမ အမြဲတမ်း အိပ်မက်မက်နေတဲ့ ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီ။
ဒါပေမဲလည်း ပြီးခဲ့တဲ့နှစ်၃၀လောက် မှတ်ဉာဏ်က လုံးဝကို မေ့မရနိုင်တဲ့ အရာတွေ ဖြစ်ခဲ့တယ်။ သူမက ဆုံးဖြတ်ချက် ချထားပြီးသားဆိုပေမဲ့လဲ ခဏလေးလောက်တော့ သံသယမဖြစ်ဘဲ မနေနိုင်ခဲ့ဘူး။
အခု အရာအားလုံးက တကယ်ပဲ အိပ်မက်တစ်ခုတော့ မဟုတ်ပါဘူးနော်။
ဒါက သေကာနီးလူတစ်ယောက်ရဲ့ အလှပဆုံးအိပ်မက်တစ်ခုနဲ့ အနာဂတ်မှာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်ဆန်တဲ့ အမှုတစ်ခုလို ဖြစ်နေတယ်။
ရှန်ချန်းဟန်က ကပျာကယာနဲ့ အိပ်ရာပေါ်က ထလိုက်ပြီး အလောတကြီး တံခါးဆီကို လမ်းလျှောက်သွားလိုက်ပြီးတဲ့နောက်မှာ ခြံထဲကသလွန်ပေါ်မှာ အေးအေးဆေးဆေး လဲလျောင်းပြီး နေပူစာလှုံနေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတော့တယ်။
သူမက ချန်ပေ့နဲ့တွေ့ပြီးကတည်းက သူမက အမြဲတမ်းလိုလို ဒီလိုပဲ အေးဆေးလွတ်လပ်တဲ့ အခြေအနေတစ်ခုမှာပဲ ရှိနေသလိုပဲ။
ရှန်ချန်းဟန်က သူမရဲ့နှုတ်ခမ်းတွေကို တင်းနေအောင်စေ့ထားလိုက်ပြီး သူမရဲ့နှုတ်ခမ်းထောင့်က မသိမသာ ပင့်တက်သွားကာ သူမရဲ့ ပျာယာခတ်နေတဲ့ ရင်ကလဲ အေးချမ်းသွားတော့တယ်။
တကယ်လို့ ဒါက အိပ်မက်သာဆိုရင် ချန်ပေ့သာ ဒီမှာရှိနေသ၍ ဒါက ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုကို ခေါ်သွားပေးမှာ သေချာတယ်။
ဒီအခိုက်အတန့်မှာ ခြံဝန်းထဲမှ ပျင်းပျင်းရိရိနဲ့ နေပူစာလှုံနေတဲ့သူက ကိုယ်ကိုလှည့်လာပြီး သူမကို လှမ်းကြည့်လိုက်ကာ အေးအေးလူလူနဲ့ မေးလိုက်ပြန်တယ်။
“နင် အဲဒီ့မှာ ရပ်ပြီး ဘာလုပ်နေတာလဲ”
ရှန်ချန်းဟန်က အရင်လိုပဲ တစ်ပုံစံထဲဖြစ်နေတဲ့ သူမရဲ့လေသံကို ကြားလိုက်ရတဲ့အခါ သူမရဲ့မျက်လုံးထဲမှာ အပြုံးတစ်ခုက ပိုပြီး ပေါ်လွင်လာခဲ့တယ်။ သူမက စူးလီဆီကို မြန်မြန်လျှောက်သွားလိုက်ပြီး စကားပြောတော့မဲ့ အချိန်မှာပဲ တံခါးဆီကနေ ဝင်လာတဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေကို ခံစားလိုက်ရတယ်။
သူတို့တွေထဲကတစ်ယောက်က သိမ်သိမ်မွေ့မွေ့နဲ့ ပြောလိုက်တယ်။
“ချန်းဟန် ငါ ဝင်လာလို့ ရမလား”
ရှန်ချန်းဟန်က ဇဝေဇဝါနဲ့ တံခါးဘက်ကိုကြည့်လိုက်တယ်။ ဒီအသံက မနေ့က ဝမ့်ကျန်းဂိုဏ်းချုပ်ကြီးအသံနဲ့ တူသလိုပဲ။
သူမက နှုတ်ခမ်းတွေကို စုဝိုင်းထားလိုက်ပြီး သူမရဲ့မျက်လုံးတွေကလဲ စူးလီကို ကြည့်နေတုန်းကလို နူးညံ့သိမ်မွေ့မှုတွေ မရှိတော့ဘူး။ အဲဒီအစား မျက်လုံးတွေထဲမှာ တဖန် မရင်းနှီးတဲ့ဟန်တစ်ခု ဖြစ်သွားခဲ့တယ်။
“ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ”
သူမစကားဆုံးသွားတာနဲ့ ချက်ချင်း ခြံဝန်းရဲ့သစ်သားတံခါးက ဝိညာဉ်စွမ်းအင်ကြောင့် ပွင့်သွားတာကို မြင်လိုက်ရပြီး လူတစ်စုက အလောတကြီး ဝင်လာတာကို တွေ့လိုက်ရတော့တယ်။
ရှန်ချန်းဟန်က ခြံဝန်းထဲမှာ ပြည့်သွားတဲ့လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ အံသြတဲ့အရိပ်တစ်ခု ဖျတ်ခနဲလက်သွားတယ်။ ဒီလူတွေက အများကြီးပါပဲလား။
သူမက သူမရဲ့ချန်ပေ့နဲ့ အချိန်အများကြီး ကုန်ဆုံးလာတာ မဟုတ်ပေမဲ့လဲ သူမရဲ့ချန်ပေ့က တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်ကို ကြိုက်ပြီး တခါတလေ တစ်ယောက်ထဲနေချင်တာကို သတိရမိသွားတယ်။
ဒီမှာ လူတွေအများကြီးရှိနေတော့ ချန်ပေ့ကတော့ လုံးဝ သက်သောင့်သက်သာ ဖြစ်နေတော့မှာမဟုတ်ဘူး။
သူမက သတ္တိကိုစုစည်းပြီး ဒီအစွမ်းထက်လှတဲ့ ပုဂ္ဂိုလ်တွေကို ထွက်သွားခိုင်းမယ်လို့ ကြံနေတဲ့အချိန်မှာပဲ သူမရဲ့မျက်လုံးထောင့်ကနေ စူးလီရဲ့မျက်နှာပေါ်မှာ ထိန်းချုပ်ထားလို့မရတဲ့ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရတယ်။
ရှန်ချန်းဟန်ရဲ့ စကားလုံးတွေအားလုံးက မျိုသိပ်ခံလိုက်ရပြီး သူမရဲ့မျက်လုံးထဲမှာ ရှားရှားပါးပါး ဇဝေဇဝါအကြည့်တစ်ခု ပေါ်လာတော့တယ်။
ချန်ပေ့က တိတ်ဆိတ်ငြိမ်သက်တာကို ကြိုက်တာမဟုတ်ဘူးလား။
စူးလီကတော့ ရှန်ချန်းဟန် ဘာကိုစဥ်းစားနေမှန်းသူမသိဘူး၊ သူမက ခြံဝန်းထဲက မရေမတွက်နိုင်တဲ့ ပုံရိပ်တွေကို ကြည့်လိုက်ပြီး ထူးထူးဆန်းဆန်း စိတ်ကောင်းဝင်လာတော့တယ်။
ငါ့မှာ ဒီမနက်ခင်း တော်တော်လေး ရုန်းကန်နေရတာလေ၊ ဝမ့်ကျန့်ဂိုဏ်းက အကြီးကြီးပဲ၊ ဓားသိုင်းကျင့်ကြံသူတွေလဲ အများကြီးပဲ၊ ဘယ်ကနေစရမယ်မှန်း မသိဘူးလေ၊ အခုတော့ အဆင်သင့်လုပ်ထားတဲ့ ဖရဲသီးပိုင်ရှင်တွေ အများကြီး ရောက်လာပြီ။
ဒီမနက်ခင်းမှာ စိတ်ကျေနပ်သွားအောင် တတ်နိုင်သလောက် ဖရဲသီးတွေအများကြီးကို စားရလိမ့်မယ်။
လေ့လာကြည့်လိုက်အုံးမယ်။ ဒီထဲမှာ ဘယ်သူ့ဆီကနေ စရင် အကောင်းဆုံးဖြစ်မလဲ။
စူးလီက ဒီလူတွေကို လေ့လာနေတုန်းမှာ ချီမင်ကလည်း မရိုးမသားနဲ့ သူတို့ရဲ့နောက်ကျောကို လေ့လာနေတော့တယ်။
ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူက ဒီအကြီးကဲတွေနဲ့ တောင်ထွတ်သခင်တွေရဲ့ ရက်ရက်စက်စက် နောက်ကို တွန်းပို့တာ ခံလိုက်ရတယ်လေ။
ချီမင်က တစ်ယောက်ချင်းစီရဲ့ ကျောပြင်ကိုကြည့်လိုက်ပြီး အံကြိတ်နေရင်းက စိတ်ထဲမှာ ကြိတ်ပြီးကြိမ်ဆဲလိုက်တယ်။ ဂိုဏ်းက အစည်းအဝေးခေါ်လိုက်တဲ့အချိန်တိုင်း ဒီလူတွေက အကြောင်းပြချက်တစ်ခု မဟုတ်တစ်ခုပေးပြီး မလာကြဘူး။ ကလေးတွေနေမကောင်းလို့ဆိုတာနဲ့။ သူတို့တပည့်တွေနေမကောင်းလို့ဆိုတာနဲ့။ ဒါမှမဟုတ်ရင်လဲ သူတို့က တက်စရာပွဲတစ်ခုရှိလို့ဆိုတာနဲ့ကို အကြောင်းပြနေကြတာ...
အခု နတ်ဓားခန္ဓာကိုယ်က ဝမ့်ကျန့်ဂိုဏ်းကို ရောက်လာပြီဆိုတော့ တခြားစိုးရိမ်စရာတွေ မရှိတော့ဘူးတဲ့လား။ သူတို့တွေက သူတို့ရဲ့ လစဉ်ဝင်ငွေကို ထုတ်တဲ့အချိန်တုန်းက လာတာထက်တောင် ပိုပြီး မြန်နေသေးတယ်။
အပြင်မှာ ခုနှစ်နှစ်လောက်လှည့်ပတ်သွားလာနေတဲ့ အကြီးအကဲယွင်ချင်း၊ နှစ်၅၀လုံးလုံး လျှို့ဝှက်နယ်မြေလေးထဲမှာနေနေတဲ့ အကြီးအကဲရှန်ယွင်အန်း၊ မိသားစုတွေရှိတဲ့ ယွိကျင်တောင်ထွတ်သခင်၊ သူ့တပည့်တစ်ယောက်နဲ့ ထိုက်ဟွာတောင်ထွတ်သခင်... နောက်ပြီးတော့ အမည်မသိတဲ့လူ ရှိသေးတယ်။
နေပါအုံး... ဒီ့လူကို ဘာဖြစ်လို့ အဲလောက် ရင်နှီးနေရတာလဲ။
ချီမင်က ထောင့်မှာရှိနေတဲ့လူကို ကြည့်လိုက်တယ်။ သူ့ပုံစံက သာမန်ဖြစ်နေပြီး ဝိညာဉ်စွမ်းအားက မည်ကာမက်တပ်လေးပဲ။ သူ့မျက်လုံးတွေ ရုတ်တရက် အေးခဲသွားတော့တယ်။
ဒါက ဓားသခင်ကြီးပဲ။
သူက သူ့ရုပ်သွင်နဲ့ သူ့အရောင်အဝါကိုယ်ထည်ကို ဖုံးကွယ်ထားခဲ့တယ်ဆိုရင်တောင် သူ့ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေတယ်ဆိုတဲ့ ပုံမျိုး ကြည့်နေတဲ့ အကြည့်ကိုတော့ သူက ဘယ်တော့မှ အမှတ်မှားမှာမဟုတ်ဘူး။
ဒီလိုစဥ်းစားလိုက်မိတော့ ချီမင်ရဲ့အသက်ရှူသံတွေက သူရဲ့ တန့်ထျန်းထဲကို စိမ့်ဝင်သွားပြီး သူရဲ့အသံကလဲ ကျယ်လောင်ပြီး ကြည်လင်နေတော့တယ်။
“အကြီးအကဲ ဓားသခင် မတွေ့တာ နှစ်၅၀လောက်နီးပါး ရှိပြီနော်၊ ဒီနေ့မှပဲ နောက်ဆုံးတော့ ခင်ဗျားကို တွေ့ရတော့တယ်”
ဒါက အတိတ်ကအကြောင်းအရာကို ပြန်လည်တမ်းတနေတဲ့ မိတ်ဆွေကောင်းတွေက သုံးတဲ့ စကားလုံးမှန်း သိသာနေပေမဲ့လဲ ကြားလိုက်ရတဲ့လေသံက အံကြိတ်ပြီး ဓားဆရာအကြီးအကဲကို ကောင်းကောင်းလေး ရိုက်နှက်ချင်နေတဲ့ လေသံပဲ။
ချီမင်ရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဓားသခင်အကြီးအကဲက အလန့်တကြား ဖြစ်သွားပြီး ထွက်ပြေးချင်စိတ် ပေါက်သွားတော့တယ်။
ဒါပေမဲ့ သူက သူရဲ့ဘယ်ဘက်ခြေကို မြှောက်လိုက်တဲ့အချိန်မှာပဲ တခြားခြေထောက်တစ်ခုရဲ့ ဣန္ဒြေရရနဲ့ တက်နင်းထားတာ ခံလိုက်ရတော့တယ်။ ရှန်ယွင်အန်းက ကျောချမ်းစရာ ညင်သာတဲ့လေသံနဲ့ ပြောလိုက်တယ်။
“အကြီးအကဲ ခင်ဗျား လွန်ခဲ့တဲ့နှစ်၃၀တုန်းက ကျုပ်ဆီမှာအကြွေးတင်ထားတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဘယ်တော့ ပြန်ဆပ်မှာလဲ”
ဓားသခင်အကြီးအကဲက ချောင်းဟန့်လိုက်ပြီး သူ့ခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းထားလိုက်တယ်။ သူက မော့ကြည့်လိုက်တဲ့အချိန်မှာ လူ၁၂ယောက်ကျော်လောက်က သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ အားလုံးရဲ့မျက်လုံးထဲမှာ စာလုံးကြီးသုံးလုံးကို ရေးထားတဲ့အတိုင်းပဲ။
“ဝိညာဉ်ကျောက်တုံးတွေ ပြန်ဆပ်”
သူ့မှာ မတတ်သာတော့ဘဲ အနည်းငယ် ဒေါသထွက်သွားတော့တယ်။ သူက မနေ့ညကတည်းက ရှန်ချန်းဟန်ကို လာတွေ့လိုက်ရမှာ။
ဒီနေ့ ဒီနေရာမှာ လူအများကြီးရှိနေတော့ အကြွေးရှင်တွေရဲ့ မှတ်မိသွားနိုင်တဲ့ အခွင့်အရေးကလဲ ပိုပြီးများတာပေါ့။
“အဟမ်း”
သူက ရုပ်ဖျက်ထားတာကို ဖယ်လိုက်ပြီး လှပတဲ့မျက်နှာတစ်ခုကို လှစ်ပြလိုက်တယ်။ ကံဆိုးချင်တော့ သူ့အသံက တုန်ယင်နေပြီး သူမျက်နှာနဲ့ လုံးဝမလိုက်ဖက်ဘဲ ဖြစ်နေတယ်။
“ကျုပ်တို့တွေ မတွေ့ကြတာ အရမ်း ကြာသွားပြီနော် ကျုပ်က၊ ခင်ဗျားတို့ကို အရမ်း သတိရနေတာပါ”
“ကျုပ်တို့တွေက ခင်ဗျားကို တွေ့ချင်ပါတယ်၊ ဒါပေမဲ့ ဓားသခင်ကြီးက ဝမ့်ကျန့်ဂူသင်္ချိုင်းကို ဖွင့်ပြီးကတည်းက နှစ်၅၀လောက်မှ တစ်ခါပဲ ပေါ်လာတော့တာလေ။ ကျန်တဲ့အချိန်မှာဆိုရင် ကျုပ်တို့တွေက သူ့ရဲ့အရိပ်ကိုတောင် ရှာမတွေ့နိုင်ဘူး”
“အဟမ်း တကယ်တော့ ကျုပ်ကဂိုဏ်းကို မကြာခဏ ပြန်လာတတ်ပါတယ်”
သူက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
“အကြီးအကဲရှန်နဲ့ ကျုပ်က တွေ့ဖို့ အခွင့်အရေးမရတာပဲ ဖြစ်မှာပါ၊ ကျုပ်တို့တွေကလဲ အချိန်တိုင်း မတူညီတဲ့လမ်းကို သွားမိနေကြတာ မဟုတ်လား”
“တကယ်ကြီးလားဗျ”
[ဟားဟားဟားဟား သူ့ရဲ့ အကြွေးရှင်တွေကို ရှောင်တိမ်းဖို့အတွက် ဓားသခင်ကြီးက သူ ပြန်လာတဲ့အချိန်တိုင်း သူ့ဟာသူ ရုပ်ဖျက်ထားတာလေ၊ ပြီးခဲ့တဲ့တခေါက်တုန်းကဆိုရင် သူက အသဲနှလုံးမဲ့တဲ့ ယောက်ကျားတစ်ယောက်ကို လာရှာတဲ့ ဝမ့်ကျန့်ဂိုဏ်းကို ရောက်လာတဲ့ အမျိုးသမီး ကျင့်ကြံသူလိုတောင် ကိုယ့်ဟာကိုယ် ဟန်ဆောင်ထားလိုက်သေးတယ် ဟားဟားဟားဟား]
[ကြည့်ရတာ ဝမ့်ကျန့်ဂိုဏ်းကလူအားလုံးနီးပါးက ဝိညာဉ်ကျောက်တုံးကို ပြန်တောင်းဖို့အတွက် ဓားသခင်ကြီးကို ရှာနေကြတဲ့ပုံပဲ၊ သူသာ သူ့ဟာသူ ရုပ်မဖျက်ခဲ့ဘူးဆိုရင် ညသန်းခေါင်မှာ သူ့ရဲ့ကိုယ်ကို ပြန်လာတယ်ဆိုရင်တောင် ဖမ်းမိသွားနိုင်တယ်။ ဟားဟားဟားဟား သူက လူဘယ်နှစ်ယောက်ဆီမှာများ ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်နေတာလဲ]
ဓားသခင်ကြီးရဲ့ မျက်နှာပေါ်က လုပ်ယူထားတဲ့တည်ငြိမ်မှုတွေက ရုတ်တရက်ဆိုသလို ပြန့်ကြဲသွားတော့တယ်။ သူ့မျက်လုံးထဲမှာလဲ ကြောက်ရွံ့မှုအပြည့် ဖြစ်သွားတော့တယ်။ အပြင်လောကကအသံက ဘာဖြစ်လို့ ဒီကို ရောက်လာပြန်တာလဲ။
သူပျောက်သွားတာ ကြာနေပြီ မဟုတ်ဘူးလား။
တကယ်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတာပဲ။
ဒီအချိန်မှာ ဓားသခင်ကြီးရှေ့ကို နောက်ဆုံးကနေ တိုးပြီးရောက်လာတဲ့ ချီမင်က အံကြိတ်လိုက်ပြီး ပြောလိုက်တော့တယ်။
“ဒါက မင်းရဲ့ နောက်ဆုံး အကြိမ်ပဲ”
သူက အစတုန်းက နည်းနည်းပဲသံသယဖြစ်မိခဲ့တာ။ ဒါပေမဲ့ သူက မိန်းမတစ်ယောက်လို ဝတ်စားရတဲ့အထိ လုပ်လိမ့်မယ်လို့ လုံးဝမထင်ထားဘူးလေ။ သူက အခိုက်အတန့် အတွေးနစ်သွားရုံပဲ ရှိသေးတယ်။ သူ့ရဲ့အရိပ်ကိုတောင် မမြင်ရတော့ဘူး။
ဒီအချိန်မှာ ဒီနေရာမှာ လူအများကြီးရှိနေတယ်။ သူဘယ်လို ထွက်ပြေးမလဲဆိုတာ ကြည့်လိုက်အုံးမယ်။
စူးလီက ဓားသခင်ကြီးကို ဝါးစားမတတ် ဒေါသထွက်နေတဲ့ အမူအရာတွေနဲ့ ကြည့်နေကြတဲ့လူတွေကို လှမ်းကြည့်လိုက်ပြီး ထူးထူးခြားခြား သိချင်စိတ်ဖြစ်သွားတော့တယ်။
[သူက ဒီလူတွေမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင်များ အကြွေးတင်ထားလို့လဲ၊ သူတို့တွေအားလုံးက ဘာဖြစ်လို့များ သူတို့ရဲ့အဖေကိုသတ်သွားတဲ့လူလို ကြည့်နေကြတာလဲ]
[ကြည့်လိုက်ပါအုံးမယ်]
[ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို ဝိညာဉ်ကျောက်တုံး ၅၀၀]
[ထိုက်ဟွာတောင်ထွတ်သခင်ကို ဝိညာဉ်ကျောက်တုံး ၈၀၀]
[ရှန်ယွင်အန်းကို ဝိညာဉ်ကျောက်တုံး ၃၀၀ တဲ့လား]
စူးလီက ခေါင်းကို မော့ကြည့်လိုက်ပြီး အကြွေးရှင်တစ်ယောက်စီတိုင်းက နစ်နာရပြီး မကျေမနပ်ဟန်တွေနဲ့ ဖြစ်နေတာကို လှမ်းကြည့်လိုက်ရင်း ရှားရှားပါးပါး နှုတ်ဆိတ်သွားမိတော့တယ်။
ငါ ကောင်းကင်စာအုပ်ထဲမှာ မြင်ခဲ့ဘူးတဲ့အကြွေးတွေက မကြာခဏဆိုသလို ဝိညာဉ်ကျောက်တုံး သန်းရာချီအောင် ရှိနေတာလေ၊ သုံးရာ ငါးရာတဲ့လား အပိုင်းလေးရဲ့တစ်ပိုင်းတောင် မရှိဘူးလေ။
အကြွေးတွေက တစ်ထောင်တောင် မပြည့်တာကို မတော်တဆ မြင်လိုက်မိတဲ့အချိန်မှာ သူမမှာ အခိုက်အတန့် မျက်နှာကို ဘယ်လိုထားရမယ်မှန်း မသိအောင် ဖြစ်သွားတော့တယ်။ ဒီအကြွေးရှင်တွေကတော့ စူးလီရဲ့ စိတ်ထဲကညည်းညူနေတဲ့ အသံကို သတိမထားမိလေဘူး။ အပြင်လောကကလာတဲ့အသံက ဓားသခင်က သူတို့အပေါ်မှာတင်နေတဲ့ ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ထုတ်ပြောလိုက်တဲ့အခါ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ အင်မတန်မှ နာကျင်သွားတဲ့ အမူအရာတစ်ခုစီ ဖြစ်သွားကြတော့တယ်။
“သုံးရာ ငါးရာ ရှစ်ရာတဲ့လား”
ဒါက သူတို့ရဲ့ ဝိညာဉ်ဓားတွေကို ကျောက်မြတ်ရတနာ စီချယ်ဖို့အတွက် ဝယ်ယူဖို့ လုံလောက်တဲ့ပမာဏပဲလေ”
ဓားသခင်ကြီးက ပြည့်သိပ်နေတဲ့လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူ့မှာ တကယ်ကို ထွက်ပြေးနိုင်ပါ့မလားဆိုတာကို မသိတော့ဘူး။ သူ့စိတ်ထဲမှာတော့ ကောင်းကင်ကလာတဲ့အသံက သူ့ကို စိတ်ဝင်စားမှု မြန်မြန် ပျောက်ဆုံးသွားပါစေလို့ပဲ ဆုတောင်းနေတော့တယ်။ မဟုတ်လို့ကတော့...
သူက အမှတ်တမဲ့ သူ့ဘေးက စုတ်ပြဲနေ့တဲ့ သိုလှောင်အိတ်လေးကို ကြည့်လိုက်မိတယ်။
ကံဆိုးချင်တော့ အပြင်လောကကလာတဲ့အသံက သူ့ရဲ့ဆန္ဒတွေကို မဖြည့်ဆည်းပေးလေဘူး။
[ဟမ် ငါ ဘာတွေ့လိုက်တယ်]
[ဒီဓားသခင်ကြီးက အထက်တန်းစားမိသားစုက တပည့်တွေကို မိဟွာတောထဲကို စောင့်ကြပ်ပေးတဲ့တာဝန် အခုလေးပဲ လုပ်ပြီးလာခဲ့တာတဲ့[
ဓားသခင်ကြီးရဲ့ မျက်နှာက ရုတ်တရက်ဆိုသလို ဖြူဆုတ်သွားခဲ့တယ်။ သူက သူ့ဘေးမှာရှိနေတဲ့ သိုလှောင်အိတ်ကို လက်နဲ့ ရုတ်တရက်အုပ်ထားလိုက်တယ်။
[ကျွတ် ကျွတ် ကျွတ် ဝိညာဉ်ကျောက်တုံး တစ်သောင်းနီးပါးတောင် ရှာခဲ့တာပဲ[
[အစတုန်းကတော့ ၈၁၈၈တန်ဖိုးရှိတဲ့ ရွှေသားနဲ့လုပ်ထားတဲ့ ဓားအိမ်တစ်ခုကို မျက်စိကျနေရတယ်။ ဒါပေမဲ့ အခုတော့ ဒီဝိညာဉ်ကျောက်တုံးတွေကို ပြန်ဆပ်လိုက်ရင် သူ့မှာ ပြန်ရှာဖို့အချိန်တောင် ရှိတော့မှာ မဟုတ်ဘူး]
[ဓားသိုင်းကျင့်ကြံသူတွေမှာ ငွေမရှိဘူးလို့ ဘယ်သူပြောတာလဲ၊ ဒီတာဝန်တစ်ခုထဲနဲ့တင် ဝိညာဉ်ကျောက်တုံးပေါင်း တစ်သောင်းကို ရလိုက်တယ်မဟုတ်လား]
အပြင်လောကကလာတဲ့အသံက တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ စကားလမ်းကြောင်း ပြောင်းသွားခဲ့တယ်။
[ဝိညာဉ်ကျောက်တုံးပေါင်း သန်းနဲ့ချီပြီး အကြွေးတင်နေတဲ့ ရွှင့်ချန်ဂိုဏ်းကတောင် အခုဆိုရင် သက်သောင့်သက်သာ ဘဝတစ်ခုနဲ့ နေနေရပြီ။ ဒါပေမဲ့ ဒီ ဓားဆရာကြီးကတော့]
[ဒီလောက်သေးငယ်တဲ့ ဝိညာဉ်ကျောက်တုံး ပမာဏလောက်လေးနဲ့ဆိုရင် သူက ဒီတစ်ခါတော့ ရွေးချယ်စရာမရှိပဲ ပြန်ဆပ်ရတော့မှာပဲ]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ကြတဲ့ အကြွေးရှင်တွေအားလုံးက တောက်ပတဲ့မျက်လုံးတွေနဲ့ ဓားဆရာကြီးကို ကြည့်လိုက်တော့တယ်။
ရှန်ယွင်အန်းက ခုနတုန်းက အကြွေးကိုကြိုးစားယူချင်နေတဲ့ မျက်နှာထားကနေ မရိုးသားတဲ့ အမူအရာတစ်ခုမှ မရှိတော့ဘဲ ရင်းနှီးတဲ့အပြုအမူတစ်ခုနဲ့ သူ့လည်ပင်းကို သိုင်းဖက်လိုက်သေးတယ်။
“အကြီးအကဲ ခင်ဗျား ကျွန်တော့ပေါ်မှာ အကြွေးရှိနေတဲ့ ဝိညာဉ်ကျောက်တုံးကို ပြန်ဆပ်ချင်သလား ဒါမှမဟုတ်ရင် ကျွန်တော်ကပဲ ကိုယ်တိုင်လုပ်ရမလား”
အမွှေးတိုင် တိုင်တစ်ဝက်စာအချိန်လေး ပြီးသွားတဲ့အခါ အကြွေးရှင်တွေအားလုံးက ဝိညာဉ်ကျောက်တုံးကို ကိုင်ထားလိုက်ကြပြီး ဓားသခင်ကို ကျေကျေနပ်နပ်နဲ့ လွှတ်ပေးလိုက်ကြတော့တယ်။
ရှန်ယွင်အန်းက ပြုံးပြီးတော့တောင် သူ့ကို သောက်ဖို့ခေါ်လိုက်သေးတယ်။
“အကြီးအကဲ နောက်တခါ ကျုပ်တို့ပြန်တွေ့ကြရင် တူတူသောက်ရအောင်”
ဓားဆရာကြီးက သူ့စကားလုံးတွေကို မကြားချင်ဟန် ဆောင်ထားလိုက်တယ်။ သူက မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ သိုလှောင်အိတ်လေးကို ဖက်ထားတော့တယ်။
သူရဲ့ မွေးချင်းဓားလေးက သူနဲ့အတူ နှစ်ပေါင်းရာချီအောင် အေးအတူပူအမျှ နေလာခဲ့တာ။ အခုတော့ သူက သူရဲ့မွေးချင်းဓားလေးကို ပိုပြီးလှပတဲ့ ဓားအိမ်လေးတစ်ခုနဲ့ အစားထိုးပေးချင်တာ။ ဒါပေမဲ့လည်း ထင်မထားဘူး...
သူက ဘေးမှာရှိနေတဲ့ ဝိညာဉ်ဓားလေးကို အမြတ်တနိုး ကြည့်လိုက်ပြီး စိတ်ထဲမှာတော့ ကြိတ်ပြီး သက်ပြင်းချလိုက်တယ်။ မနက်ဖြန်ကျရင်တော့ နောက်ထပ် အလုပ်တစ်ခုသွားယူရမယ်။ ဓားအိမ်လေးကို သေချာပေါက် ပြောင်းပေးရမယ်။
ဒီအခိုက်အတန့်မှာပဲ ကောင်းကင်ကလာတဲ့အသံက ခပ်တိုးတိုးလေး ထွက်လာပြန်တယ်။
[ဟမ် ဓားသခင်ကြီးက မိသားစုတွေဆီမှာလဲ ဝိညာဉ်ကျောက်တုံးတွေ အများကြီး အကြွေးတင်နေသေးတာလား]
[သူတို့တွေကလဲ သတင်းတချို့ ကြားလိုက်ပုံပဲ ဒီနေရာကို အလောတကြီး လာနေကြပြီ___[
“ဂိုဏ်းချုပ်ကြီး ကျုပ် ရုတ်တရက် အရေးကြီးကိစ္စပေါ်လာလို့...”
ဓားသခင်ကြီးက လေထဲကို ပျံတက်သွားရင်း
“ဆယ်စုနှစ်လောက်နေမှ ပြန်တွေ့ကြမယ်ဗျာ”
အဲဒီနောက်မှာတော့ သူက မီတာ၃၀၀တောင်မပြည့်သေးပဲ ပျံလိုက်ရတယ်၊ ပုံရိပ်တစ်ခုက သူ့ကို ဖမ်းဆွဲထားလိုက်တော့တယ်။
“အကြီးအကဲ မတွေ့ရတာ ကြာပြီနော်”
စူးလီက အချင်းချင်း အရမ်းကိုရင်းနှီးလွန်းလို့ တိုက်ခိုက်ချင်နေကြပုံပေါ်တဲ့ လေထဲကလူနှစ်ယောက်ကို ကြည့်လိုက်ပြီး အေးတိအေးစက်နဲ့ ထပ်ပြောလိုက်တယ်။
[ဒါက ၉၉၀ ဝိညာဉ်ကျောက်တုံး အကြွေးတင်နေတဲ့ အကြွေးရှင်ပဲ…]
[ဝမ့်ကျန့်ဂိုဏ်းက တကယ့်ကိုပဲ…. ကပ်စေးနဲလိုက်တာ ဝိညာဉ်ကျောက်တုံး ချေးငှားပေးဖို့တောင်မှ ငါ့မှာ စိတ်မကောင်းဖြစ်မိတယ်]
[ဒါပေမဲ့ နေပါအုံး ဒီလူတွေက ဒီနေရာကို ဘာလို့ လာပြီး စုဝေးနေတာလဲ[
ခြံဝန်းထဲက ဝမ့်ကျန့်ဂိုဏ်းကလူတွေက နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး ဒီကိုလာရတဲ့ သူတို့ရဲ့ မူလရည်ရွယ်ချက်ကို သတိရသွားတော့တယ်။
ဟိုက်__ သူတို့တွေက ဓားခန္ဓာကိုယ်ရဲ့ရှေ့မှာ ဝိညာဉ်ကျောက်တုံးအတွက်နဲ့များ မကြားဝံ့မနာသာ အငြင်းပွားနေရတယ်လို့ကွာ။
ဒါပေမဲ့ ဒါက ဝိညာဉ်ကျောက်တုံးလေ။
....အခုလေးတင် ဖြစ်ပျက်သွားတဲ့ကိစ္စတွေက ဝမ့်ကျန့်ဂိုဏ်းအပေါ် ဓားခန္ဓာကိုယ်ရဲ့အမြင်ကို မထိခိုက်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်။
ဒါပေမဲ့ ချီမင်ရဲ့စိတ်ကူးတွေကတော့ ထူးထူးခြားခြား ထူးဆန်းနေတယ်။ ကံကောင်းချင်တော့ ရှန်ချန်းဟန်က ဝမ့်ကျန့်ဂိုဏ်းကို ရောက်နေနှင့်ပြီးပြီ။ သူက ထွက်ပြေးချင်တယ်ဆိုရင်တောင် လုံးဝ နောက်ကျသွားပြီလေ။
ရှန်ချန်းဟန်က ငေးကြောင်ကြောင်လေးနဲ့ အကြွေးတောင်းနေတဲ့ဇာတ်လမ်းကို စောင့်ကြည့်နေလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ငယ်ရွယ်ပြီး နုနယ်ပြီး စိတ်လှုပ်ရှားတဲ့ အတွေးတစ်ခု ဖြစ်သွားတော့တယ်။
ဝမ့်ကျန့်ဂိုဏ်းက တကယ်ပဲ ဒီလို ဖြစ်နေတာလား။
သူမ စိတ်ကူးထားတဲ့ ခမ်းနားထည်ဝါပြီး မြင့်မားတဲ့ဂိုဏ်းတစ်ခုနဲ့ လုံးဝကို ခြားနားနေတာပဲ။
ဒါပေမဲ့ ဝမ့်ကျန့်ဂိုဏ်းမှာ ချန်ပေ့ကို ဒီနေရာထိလာပြီး နေထိုင်ရလောက်အောင် ထူးခြားတဲ့ ကိစ္စတစ်ခုတော့ ရှိမှာသေချာတယ်။
နောက်ပြီးတော့ ဒီလို စည်ကားပြီး အတိုင်းအတာတစ်ခုအထိ ရယ်မောစရာကောင်းတဲ့ဂိုဏ်းက ရုတ်တရက်ဆိုသလို သူမရဲ့ ခံစားချက်တွေကို ရုတ်တရက် သူမကို သူစိမ်းဆန်တဲ့ခံစားမှု လျော့ပါးသွားစေတော့တယ်။
ရှန်ချန်းဟန်က မျက်တောင်လေးကို ခပ်လိုက်တယ်။ တစ်နည်းနည်းနဲ့ ရှက်ရွံ့နေကြတဲ့ အကြီးအကဲတွေကို ကြည့်လိုက်ပြီး လေသံတိုးတိုးနဲ့ မေးလိုက်တော့တယ်။
“အကြီးအကဲတို့ ဒီနေရာကို လာခဲ့တာ ကျွန်မကို ပြောစရာများ ရှိလို့လား”
ခုနတုန်းက ဆူဆူညံညံ ပြီးသွားတဲ့နောက်မှာ ယွိကျင်တောင်ထွတ်သခင်နဲ့သူ့သားက ရှေ့ကို တိတ်တိတ်လေး တိုးထွက်လာခဲ့တယ်။
သူက သက်တမ်း ၇၀၀ ရှိနေပြီးပြီ၊ အသက်တစ်ရာတောင်မပြည့်သေးတဲ့ ရှန်ချန်းဟန်လို အငယ်တစ်ယောက်နဲ့ စကားပြောစရာအကြောင်း မရှိဘူးလေ။ ဒီတော့ သူက သူ့ရဲ့ ဆန်ကုန်မြေလေး သားကိုပဲ အထူးတလည် ခေါ်လာရတော့တာပေါ့။
သူတို့တွေက အသက် အတူတူလောက်ပဲလေ ဒီတော့ သူတို့တွေက အချင်းချင်း ပြောစရာစကားတွေရှိကြမှာ သေချာတယ်။
ရှန်ချန်းဟန်ရဲ့ မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူက ကိုယ်ကိုမတ်ထားလိုက်ပြီး အကြီးအကဲတစ်ယောက်လို ပြုမူနေလိုက်တယ်။
“ကျုပ်က ယွိကျင်တောင်ထွတ်သခင်ပါ၊ ကျုပ်ကြားထားတာကတော့ ချန်းဟန်က မနေ့က ဝမ့်ကျန့်ဂိုဏ်းကို လာခဲ့တယ်ဆို ဒီနေရာမှာ ဘယ်သူနဲ့မှ ရင်နှီးလသေးမှာ မဟုတ်လောက်ဘူး။ ဒါကြောင့်မလို့ နည်းနည်းတော့ ပျင်းနေမယ်ထင်တယ်”
ဒီလိုပြောလိုက်ပြီးတော့ သူက လုံးဝကို အလိုက်မသိတဲ့ သားဖြစ်သူကို ဒေါသတကြီးနဲ့ ကြည့်လိုက်တော့တယ်။
ဝူစစ်ကျယ်က ဝါးစားမတတ် ကြည့်ခံလိုက်ရတဲ့အခါ ဇဝေဇဝါ ဖြစ်သွားတဲ့ရုပ် ဖြစ်သွားတော့တယ်။
အဲဒီ့နောက်မှာတော့ သူက ခေါင်းကိုလှည့်လိုက်ပြီး ရှန်ချန်းဟန်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်တယ်။ သူမရဲ့ ရိုးရှင်းတဲ့အဝတ်အစားတွေနဲ့ အေးတိအေးစက် အမူအရာကို မြင်လိုက်ရတဲ့အခါ သူက နှုတ်ခမ်းထောင့်မှာ စဥ်းလဲတဲ့အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
“မင်းက ဓားခန္ဓာကိုယ်နဲ့မွေးလာတဲ့ ရှန်ချန်းဟန်ပေါ့”
“အရမ်းကောင်းတယ်”
ခဏကြာပြီးတဲ့အခါ သူက ပြန်မဖြေဘဲ ရှန်ချန်းဟန်ကို ကြည့်လိုက်ပြီး သူရဲ့မျက်လုံးထဲမှာ သရော်နေဟန်က နှစ်ပိုင်း၊ အေးတိအေးစက်ဟန်က သုံးပိုင်း၊ ဂရုမစိုက်လိုဟန်က လေးပိုင်း၊ ဖြတ်ခနဲ ဖြစ်သွားတော့တယ်။
“အမျိုးသမီး မင်းက ငါ့ရဲ့အာရုံကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့ပြီ”
သူစကားဆုံးသွားတာနဲ့ ယွိကျင်တောင်ထွတ်သခင်က သူ့ကို ခပ်နာနာလေး ရိုက်ထည့်လိုက်တော့တယ်။
“အထိန်းအကွပ် မဲ့လိုက်တဲ့ကောင်၊ မင်းဘာတွေ လျှောက်ပြောနေတာလဲ”
“ချန်းဟန်ကို မြန်မြန် တောင်းပန်လိုက်စမ်း”
ဝူစစ်ကျယ်က နာနာလေး အခေါက်ခံလိုက်ရတဲ့ ခေါင်းကိုထိကိုင်လိုက်ပြီး သူ့မျက်နှာပေါ်မှာ မတရားခံလိုက်ရတဲ့ရုပ်နဲ့ ခေါင်းကို လှည့်ကြည့်လိုက်တယ်။
“အဖေ ဘာလို့ ကျွန်တော့ကို ရိုက်တာလဲ”
အဲဒီနောက်မှာတော့ သူက တစ်ခုခုကို သတိရသွားဟန်နဲ့ မတ်မတ်လေးရပ်လိုက်ကာ ယွိကျင်တောင်ထွတ်သခင်ကို အော်ပြောလိုက်တယ်။
“အရှေ့ဘက်နှစ်၃၀၊ အနောက်ဘက်နှစ်၃၀၊ လူငယ်နဲ့ ဆင်းရဲသားတွေကို အထင်မသေးနဲ့”
ယွိကျင်တောင်ထွတ်သခင်က သူရဲ့ အသုံးမကျတဲ့သားကို ကြည့်လိုက်ပြီး သည်းမခံနိုင်အောင် ဖြစ်သွားတော့တယ်။ သူက သူ့ရဲ့ဝိညာဥ်စွမ်းအင်တွေကို မှုတ်ထုတ်လိုက်ပြီး ပြောလိုက်တော့တယ်။
“မင်းက ဘာပြောချင်တာလဲ၊ ငါက ဆင်းရဲတယ် မင်းက ဆင်းရဲတယ် ဟုတ်လား ထပ်ပြောစမ်း”
အနီးအနားမှာရပ်နေတဲ့ ချီမင်က နောက်ကို တစ်လှမ်းဆုတ်သွားပြီး သူ့စိတ်ထဲမှာတော့ စဥ်းစားနေလိုက်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ယွိကျင်တောင်ထွတ်သခင်က အစည်းအဝေး မတက်ရတဲ့ အကြောင်းရင်းက ဘာပါလိမ့်။
အော် ဟုတ်ပြီ။
သူပြောလိုက်တယ်လေ။ သူရဲ့ အသုံးမကျတဲ့သားကို ဆုံးမနေလို့ အလုပ်များနေတယ်တဲ့။
အစတုန်းကတော့ ဒါကို ဆင်ခြေအတုလို့ ထင်ထားခဲ့တာ၊ ဒါပေမဲ့ အခုကြည့်ရတာတော့ တခြားသူတွေရဲ့ အကြောင်းပြချက်ထက် အများကြီး စစ်မှန်နေတဲ့ပုံပဲ။
သူက ဝူစစ်ကျယ်ကို မတွေ့တာ ခဏလေးပဲရှိပါသေးတယ်။ ဒါနဲ့များ သူက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာလဲ.... ဒီလိုလေ။
ဝူစစ်ကျယ်က အဖေဖြစ်သူရဲ့ အရိုက်ခံလိုက်ရပြီး ထွက်ပြေးသွားကာ မကြာခဏဆိုသလို ရေရွတ်နေလိုက်သေးတယ်။
“ကျွန်တော့ဘဝက ကျွန်တော့လက်ထဲမှာပဲ ရှိတယ်၊ အဖေ့လက်ထဲမှာ မဟုတ်ဘူး”
“အဖေက ကျွန်တော့်ရဲ့ ပြောင်းပြန်ကြေးခွံတွေကို ထိခဲ့တယ်လေ”
ယွိကျင်တောင်ထွတ်သခင်: ???
စူးလီက သူပြောလိုက်တဲ့စကားကို ကြားလိုက်တဲ့အခါ ရှက်ရွံ့သွားပြီး သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်း ထသွားတော့တယ်။
[ကျင့်ကြံရေးလောကကြီးက... မဟုတ်ဘူး ဝမ့်ကျန့်ဂိုဏ်းက ကျင့်ကြံသူတွေက နည်းနည်းလေး ပုံမှန်မဟုတ်တာ ဖြစ်နေတယ်မဟုတ်လား]
[ဒီကလေးမှာ ဒီလို ရောဂါမျိုးတောင် ရှိနေတယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့... ဟားဟားဟားဟား သူက အခုတလော ဝတ္ထုစာအုပ်တွေကို ဖတ်နေတာကိုး]
[ကြည့်လိုက်ပါအုံးမယ်... ‘စေ့စပ်ပွဲပျက်သွားပြီးနောက် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာတယ်’ ‘ကံတရားကိုဆန်းကျင်ခြင်း: မိန်းမလှလေးက ငါ့ရင်ခွင်ထဲကို ဝင်လာတယ်’ ‘ကျောက်စိမ်းဆွဲပြားတစ်ခု ဆောင်ထားလိုက်တာ ကျင့်ကြံသူက ငါ့ကို မဟာတာအိုတစ်ယောက်ဖြစ်လာအောင် ကူညီပေးခဲ့တယ်]
[ဟဲ့__ __ ဒါက ဝတ္ထုစာအုပ်နာမည်လေ၊ ကျင့်ကြံရေးလောကကြီးကလဲ ဒီလိုဟာမျိုးကို ကြိုက်သေးသတဲ့လား ဟားဟားဟားဟား ]
[ဝူစစ်ကျယ်က သူ့ဟာသူ ပိုင်လှပြီလို့ ထင်နေရတဲ့အကြောင်းအရင်းကလဲ သူက ဝထ္တုစာအုပ်တစ်အုပ်ကို အရမ်းကို စွဲစွဲလန်းလန်းဖြစ်နေပြီး သူ့ဟာသူဇာတ်လိုက် လျိုအောက်ထျန်းလို့ မှတ်နေတာကိုး]
[ဟားဟား ဟားဟား သူ ခုနကတုန်းက ပြောခဲ့တဲ့ စကားတွေအားလုံးကလေ ဝထ္တုထဲက လျိုအောက်ထျန်း ပြောထားတဲ့ စကားတွေပဲ]
အားလုံးက မနေနိုင်တော့ပဲ နေရာမှာတင် အေးခဲသွားကြတော့တယ်။
ဒီအကြောင်းပြချက်ကြီးက အရမ်းကို အူကြောင်ကြောင်နိုင်တာမလို့ ဝူစစ်ကျယ်မှာ ဦးနှောက်ပြသာနာတစ်ခုခုများ ဖြစ်နေသလားလို့ သူတို့မှာ မစဥ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့တယ်။
သူ့သားကို အသေရိုက်တော့မဲ့ ယွိကျင်တောင်ထွတ်သခင်က မနေနိုင်ဘဲ ရပ်လိုက်ပြီး သူက သားဖြစ်သူကို ကောင်းကောင်း မစောင့်ရှောက်ပေးနိုင်တဲ့အတွက် ဒီလို လမ်းလွဲသွားတာများလားလို့ သံသယဖြစ်မိသွားတော့တယ်။
သူစုဆောင်းထားတဲ့ ဝိညာဥ်ကျောက်တုံးတွေက ဝူစစ်ကျယ်ကို ရွှင့်ချန်ဂိုဏ်းကို ခေါ်သွားပြီး ကုသဖို့အတွက် လုံလောက်ပါ့မလားလို့တောင် စတင်ပြီး တွက်ချက်မိတော့တယ်။
အားလုံးရဲ့စိုက်ကြည့်ခံနေရတဲ့ ဝူစစ်ကျယ်က နီရဲပြီးရောင်ကိုင်းနေတဲ့ မျက်နှာတစ်ခုဖြစ်သွားပြီး မင်းတို့လိုသေမျိုးတွေက သူနဲ့စကားပြောဖို့ အဖတ်မတန်ပါဘူးဆိုတဲ့ ထောင်လွှားတဲ့အကြည့်တစ်ခု ဖြစ်နေတော့တယ်။
သူက အပြင်လောကက လာတဲ့ရယ်သံကို ကြားလိုက်ရတဲ့အခါ သူ့မျက်နှာပေါ်မှာ ဆုံးဖြတ်ချက်တောင် ပြတ်သားနေလိုက်သေးတယ်။
သူက မျက်နှာထားတင်းတင်းနဲ့ အဖေဖြစ်သူကို ပြောလိုက်တယ်။
“အဖေရာ အဖေ နားမလည်ပါဘူး၊ ကျွန်တော်က ကောင်းကင်က ရွေးချယ်ခံထားရတဲ့ တစ်ယောက်တည်းသော လူပါ”
ကောင်းကင်စာအုပ်ကိုဖတ်နေတဲ့ စူးလီက အူကြောင်ကြောင်နဲ့ ခေါင်းကို မော့ကြည်မိတော့တယ်။
ဟမ်
[ဘယ်သူက အဲဒါကို ရွေးချယ်ခဲ့တာလဲ]
အဲဒီ့နောက်မှာတော့ ပြတ်သားတဲ့မျက်နှာတစ်ခုနဲ့ ဝူစစ်ကျယ်ကို တွေ့ လိုက်ရတယ်။
“ကျွန်တော်က အနာဂတ်မှာ ဝမ့်ကျန့်ဂိုဏ်းရဲ့ ထောက်တိုင်ဗျ၊ မကြာခင် ကျွန်တော်က ဂုဏ်သရေအပြည့်နဲ့ လမ်းပေါ်ရောက်လာတော့မှာ”
“လူတစ်ယောက်က အသိဉာဏ်ပွင့်သွားပြီဆိုတာနဲ့ မိသားစုတစ်ခုလုံးက အကျိုးခံစားရမှာလေ”
သူက သူ့အဖေကို ပြတ်သားတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
“ကျွန်တော်က တက်လှမ်းပြီးသွားရင် အဖေကလည်း...”
ယွိကျင်တောင်ထွတ်သခင်က သူ့ကို နောက်တစ်ချက် ပါးချပစ်တော့တယ်။
“မင်းက ကြက်တစ်ကောင် ခွေးတစ်ကောင်ပဲ”
“ငါ မင်းကို သေအောင်ရိုက်ရလိမ့်မယ်၊ အသုံးမကျတဲ့ကောင် ဖီဆန်တဲ့ကောင်”
ဝူစစ်ကျယ်က သူ့ရဲ့ ဒီယုံကြည်ချက်တွေ ဘယ်ကနေ ရလာသလဲဆိုတာကို စူးလီက တကယ်ပဲ သိချင်သွားတော့တယ်။ ဒီလိုနဲ့ သူမက ကောင်းကင်စာအုပ်ကို ထပ်ပြီး လှန်လှောမိတော့...
[ဟမ်.. ဒီဝူစစ်ကျယ်ဆီမှာ အဘိုးကြီးတစ်ယောက်ရဲ့ ကျောက်စိမ်းဆွဲပြား ရှိနေတယ်]
ယွိကျင်တောင်ထွတ်သခင်က ရုတ်တရက် ရပ်တန့်သွားပြီး တခြားသူတွေကလဲ ဇဝေဇဝါ ဖြစ်သွားတော့တယ်။
ဘာ အဘိုးကြီးရဲ့ ကျောက်စိမ်းဆွဲပြားတုံး။
[ဝထ္တုထဲက လျိုအောက်ထျန်းက ကောင်းကင်ဘုံကို အောင်အောင်မြင်မြင် တက်လှမ်းသွားနိုင်တာက သူက အဘိုးကြီးတစ်ယောက်ရဲ့ ကျောက်စိမ်းကို ကောက်ရခဲ့လို့တဲ့၊ အဲဒီနောက်မှာ အဘိုးကြီးရဲ့လမ်းညွှန်မှုအောက်မှာ သူက ဝိညာဥ်ရတနာတွေကို ရှာဖွေခဲ့ပြီး ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ပြီး နောက်ဆုံးတော့ အောင်အောင်မြင်မြင်နဲ့ ကောင်းကင်ဘုံကို တက်လှမ်းသွားခဲ့တာတဲ့ ]
[ဒါပေမဲ့... ကျင့်ကြံရေးလောကထဲမှာ တကယ်ပဲ ဒီလို ကျောက်စိမ်းဆွဲပြားမျိုး ရှိလို့လား၊ ဒါကြီးက ဘာဖြစ်လို့ လုံးဝ လက်တွေ့မကျတဲ့ပုံစံ ဖြစ်နေတာလဲ]
[ကြည့်လိုက်ပါအုံးမယ်...]
[ဟားဟားဟားဟား ဘယ်က အဘိုးကြီးရဲ့ကျောက်စိမ်းဆွဲပြား ဖြစ်ရမှာလဲ၊ ဒါက စာရေးသူက သူရဲ့ဝထ္တုကို ပိုပြီး နာမည်ကြီးလာအောင်လို့ လုပ်ထားတဲ့ဟာလေ၊ ဒီတော့ သူက လက်နက်တပ်ဆင်သူတစ်ယောက်နဲ့ ပေါင်းပြီး ဝထ္တုစာအုပ်ထဲက ကျောက်စိမ်းဆွဲပြားကို အတုလိုက်ခိုးထားတာပေါ့]
[ဝိညာဥ်စွမ်းအားကတောင် သနားစရာကောင်းလောက်အောင် နည်းနည်းပါးပါးလေးပဲ၊ ဒါက အဆင့်တစ် မှော်လက်နက်လို့ပဲ ပြောမှ အသင့်တော်ဆုံးဖြစ်လိမ့်မယ်]
[ဟားဟား ဟားဟား ငါတောင်မှ ဒါတွေကို ရောင်းချင်စိတ်ဖြစ်သွားပြီ၊ ဒါမှ စာဖတ်တဲ့သူတွေက ပါဝင်နိုင်တဲ့ ခံစားချက်တစ်ခု ရမှာလေ ဒါပေမဲ့ ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး သွေးစုပ်နေမဲ့လူတစ်ယောက် ရှိမယ်လို့ ထင်တောင်မထားဘူး]
ဝူစစ်ကျယ်က သူနဲ့ အမြဲတမ်းသိမ်းထားတတ်တဲ့ ကျောက်စိမ်းဆွဲပြားကို မယုံမကြည်နဲ့ ထုတ်လာခဲ့တယ်။ ကျောက်စိမ်းဆွဲပြားကို ကြည့်လိုက်ပြီးတော့ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့ဟာသူ ဆက်ပြီး နှစ်သိမ့်နေလိုက်တယ်။
“ဒါက မသေမျိုးကျင့်ကြံသူကံကြမ္မာ ပိုင်ဆိုင်ထားတဲ့လူတွေကပဲတွေ့နိုင်တဲ့ ကျောက်စိမ်းဆွဲပြားတစ်ခုပဲ၊ ဒီကျောက်စိမ်းဆွဲပြားနဲ့ အထဲမှာ မသေမျိုးကျင့်ကြံသူသာရှိရင် ငါကတော့....”
[ဟားဟားဟားဟား ရူးမိုက်လိုက်တဲ့ကောင်လေးရယ် သူက ဒါကို တကယ်ယုံနေတာတဲ့]
[ဆိုင်ပိုင်ရှင်ကတောင် ဒီအကြောင်းကို ဝယ်တဲ့သူအားလုံးကို ပြောပြထားပြီးသားလေ၊ ဟားဟားဟားဟား လူ၁၂ယောက်လောက်က ဒါကို ဝယ်ခဲ့ကြသတဲ့]
ဝူစစ်ကျယ်ရဲ့အသံက အနည်းငယ် တုန်ယင်လာတော့တယ်။
“ကျောက်စိမ်းဆွဲပြားထဲက အဘိုးကြီးကလဲ ငါ့ကိုဒီလိုပြောခဲ့တယ်__”
[သူရဲ့ဝိညာဥ်တွေက အရမ်းအားနည်းနေလို့ သူက ခဏလောက် အိပ်လိုက်အုံးမယ်။ သူပြန်နိုးလာတဲ့အခါ ပတ်ဝန်းကျင်မှာ ကံကောင်းခြင်းများစွာနဲ့ ဝိညာဥ်ရတနာတွေ ပိုင်ဆိုင်ထားတဲ့ လူတွေရှိတယ်လို့ပြောမယ်၊ ပြီးရင် သူက ပြန်ပြီးအိပ်ပျော်သွားတယ် မဟုတ်လား]
[ဟားဟားဟားဟား ဒါက လက်နက်တပ်ဆင်သူက ကျောက်စိမ်းဆွဲပြားကို တပ်ဆင်တုန်းက ထည့်ထားတဲ့ဟာလေ အလိုက်တဲ့ ကလေး]
[သူက တခြားဘာမှမပြောတာကို နင် သတိမထားမိခဲ့ဘူးလား]
စူးလီက ခေါင်းကို မော့လိုက်ပြီး ဝထ္တုစာအုပ်ရဲ့ အဆိပ်သင့်ခံနေရတဲ့ ကလေးကို စေတနာနဲ့အကြံပြုမယ် ပြင်လိုက်တဲ့အခါမှာပဲ ဝူစစ်ကျယ်က ကပျာကယာနဲ့ ကျောက်စိမ်းဆွဲပြားကို အော်ခေါ်နေတာ တွေ့လိုက်ရတော့တယ်။
“အဘိုး”
ကျောက်စိမ်းဆွဲပြားက အကြိမ်အနည်းငယ် လင်းလက်လာပြီး ရုတ်တရက်ဆိုသလို အသံတစ်ခု ထွက်လာခဲ့တယ်။
“ငါအရမ်းပင်ပန်းနေပြီ အရင်ဆုံး တရေးလောက် အိပ်လိုက်အုံးမယ်”
ဝူစစ်ကျယ်က ကျောက်စိမ်းဆွဲပြားကို လက်မလျှော့ပဲ အကြိမ်ကြိမ် လှုပ်ခါလိုက်ပြီးတဲ့အခါ ကျောက်စိမ်းပြားက ထပ်ပြီး လင်းလက်လာတော့တယ်။
“ဟမ် ဒီပတ်ဝန်းကျင်မှာ နှစ်ပေါင်းတစ်ထောင်ရှိတဲ့ ဝိညာဥ်စွမ်းအင်ရတနာတွေရဲ့ လှုပ်ရှားမှုကို အာရုံခံမိနေတယ်”
အချိန်တော်တော်ကြာတဲ့အထိ ကျောက်စိမ်းဆွဲပြားက လေးငါးကြိမ်လောက် စကားတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ ပြောနေတော့တယ်။ ဝူစစ်ကျယ်က ပြိုလဲကျသွားပြီး ကျောက်စိမ်းဆွဲပြားကို မြေကြီးပေါ် ပစ်ထုတ်လိုက်တော့တယ်။
လူတစ်ယောက်ကို ကောင်းကင်ဘုံပေါ် တက်လှမ်းနိုင်အောင် လုပ်ပေးနိုင်တယ်လို့ ပြောနေတဲ့ ကျောက်စိမ်းဆွဲပြားက ရုတ်ခြည်းဆိုသလို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့တယ်။
ဝူစစ်ကျယ်က စိတ်ဓာတ်ကျကျနဲ့ နောက်ကို တစ်လှမ်းဆုတ်လိုက်တယ်။
“ဒီကျောက်စိမ်းဆွဲပြားက အတုတဲ့လား”
[ဒီကလေးက အဲလောက်တော့ မအသေးဘူးပဲ နောက်ဆုံးတော့ သူ့အဖေရဲ့ ချစ်မေတ္တာအောက်မှာ ပြသာနာကို သဘောပေါက်သွားပြီ]
စူးလီက သူ့ကိုကြည့်လိုက်ပြီး ထောက်ခံတဲ့ဟန်နဲ့ ခေါင်းညိတ်လိုက်တယ်။
“ကျင့်ကြံရေးလောကထဲမှာ လျိုအောက်ထျန်းဆိုတာလုံးဝ မရှိဘူး”
ဝူစစ်ကျယ်က ဘယ်ကလာမှန်းမသိတဲ့ အသံကို နားထောင်လိုက်ပြီးတဲ့နောက်မှာ သူ့မျက်လုံးတွေထဲက အလင်းရောင်က ဖြည်းဖြည်းချင်း မေးမှိန်သွားတော့တယ်။
ကျင့်ကြံရေးလောကထဲမှာ လျိုအောက်ထျန်း မရှိဘူးတဲ့လား။
သူ့မှာ ဒါကို ဆက်ပြီးမခံစားနိုင်တော့ပဲ သူ့မျက်လုံးတွေက နောက်ကိုလှန်သွားပြီး သတိလစ်သွားတော့တယ်။
ယွိကျင်တောင်ထွတ်သခင်က သားဖြစ်သူကို ကဗြာကရာလှမ်းဖမ်းလိုက်ပြီး ထိတ်လန့်မှုကြောင့် သတိလစ်သွားရုံပဲဆိုတာ သိလိုက်ရတဲ့အခါမှ စိတ်အေးသွားတော့တယ်။
သူက ခြံဝန်းထဲမှာရှိနေတဲ့ လူအားလုံးကို အောင့်သက်သက်နဲ့ နှုတ်ဆက်စကားပြောလိုက်ပြီး လက်မောင်းထဲမှာ ဝူစစ်ကျယ်ကို ကိုင်ထားရင်း ယွိကျင်တောင်ထွတ်ဆီကို ပြန်သွားတော့တယ်။
ခြံဝန်းထဲမှာ ချီမင်နဲ့ တခြားအကြီးအကဲ တောင်ထွတ်သခင်တွေက ပြုံးချင်တဲ့စိတ်ကို ကြိုးစားပြီး ထိန်းထားလိုက်ရတော့တယ်။
ဝထ္တုထဲက ပေါက်ကရ အကြောင်းအရာတွေကို ယုံကြည်တဲ့ ကျင့်ကြံသူတွေလဲ တကယ်ရှိသေးသတဲ့။
ဒါက လူတွေကို တကယ်ပဲ ရယ်စရာဖြစ်အောင် လုပ်နေတာလေ။
ချီမင်က သူ့တပည့်တွေကို စဥ်းစားမိလိုက်ပြီး သူ့မျက်လုံးထဲမှာ စိတ်အေးသွားတဲ့ အရိပ်တစ်ခု ဖြစ်သွားတော့တယ်။
သူ့တပည့်တွေက ထူးချွန်တဲ့အရည်အချင်း ရှိကြတဲ့အပြင် အကောင်းဆုံးအကျင့်စရိုက် ထူးခြားတဲ့ဇွဲလုံ့လတွေရှိပြီး အပြင်ကပစ္စည်းတွေအပေါ် စွဲလန်းမက်မောမှုတွေမရှိဘူး။
သူက ဝူစစ်ကျယ်လို ပြသာနာမျိုးကို ဘယ်တော့မှ စိုးရိမ်ရမှာမဟုတ်ဘူး။
ယွိကျင်တောင်ထွတ်သခင်နဲ့ ယှဥ်လိုက်ရင် သူက တကယ့်ကို စိတ်ပူစရာ အများကြီး နည်းနေပါသေးတယ်။
ဒီအခိုက်အတန့်မှာပဲ ကျောက်စိမ်းဆွဲပြားနဲ့ အဘိုးကြီးကို အရမ်းကို စိတ်ဝင်စားနေသေးတဲ့ အပြင်လောကကလာတဲ့အသံက ရုတ်တရက် ပြောလိုက်တယ်။
[ဝမ့်ကျန့်ဂိုဏ်းသားတွေထဲမှာ ဒီကျောက်စိမ်းဆွဲပြားကို ဝယ်တဲ့သူရှိသေးလား၊ ကြည့်လိုက်ပါအုံးမယ်]
[ဟိုက်__ အများကြီးပါလား]
[တချို့တွေကဆိုရင် ကျောက်စိမ်းဆွဲပြားရဲ့ ညွှန်ကြားချက် နောက်ကိုလိုက်ပြီး အမျိုးသမီး ဓားသိုင်းကျင့်ကြံသူတွေကို စနောက်ကျီစယ်ကြလို့ သေမတတ် ရိုက်ခံရလုနီးနီးပဲ၊ တခြားသူတွေက မြက်ပင်တစ်ပင်ကို အချိန်အကြာကြီး ဦးညွှတ်ကန်တော့နေကြတယ်။ ဒါက နှစ်ပေါင်းတစ်ထောင်ဝိညာဥ်ဆေးပင်လို့ အခိုင်အမာ ယုံကြည်ထားကြပြီးတော့လေ...]
[ဘယ်လိုဖြစ်ပြီးတော့ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချတဲ့သူတွေတောင် ရှိနေသေးတာလဲ၊ သူတို့တွေက ဝိညာဥ်စွမ်းအား အထောက်အပံ့မပါပဲနဲ့ ဒါကို တကယ်တမ်း လုပ်ချင်ခဲ့ကြသတဲ့]
[လီရွှမ်းက ဘယ်လိုဖြစ်ပြီး အာ့လောက်တောင် တုံးအသွားတာလဲ]
လီရွှမ်း အဲဒါ ဘယ်သူလဲ ရင်းနှီးသလိုပဲ။
နဂိုက လက်နောက်ပစ်ပြီး အေးအေးဆေးဆေး ထိုင်နေတဲ့ ချီမင်တစ်ယောက် ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားပြီး သူ့မျက်လုံးတွေက ကြောက်ရွံ့စရာ ဖြစ်သွားတော့တယ်။
လီရွှမ်းက သူ့နံပါတ်ခုနှစ် တပည့်မဟုတ်လား။
ဘာရယ်။ ချောက်ကမ်းပါးပေါ်က ခုန်ချသတဲ့လား။
ချီမင်က ဖျတ်ခနဲဆိုသလို နေရာကနေ ထွက်သွားတော့တယ်။
အသက်သုံးချက်လောက် ရှူပြီးတဲ့နောက်မှာ ဒီထက်ပိုပြီး ရူးသွပ်တဲ့သူ မရှိတော့တဲ့ သူရဲ့ တုံးအတဲ့တပည့်ကိုကြည့်ပြီး သူ့မျက်နှာပေါ်မှာလဲ သံသယအရိပ်တစ်ခုနဲ့ ချောက်ကမ်းပါးအစွန်းကို ပြန်တက်လာတော့တယ်။
သူက ဝမ့်ကျန့်ဂိုဏ်းသားတွေရဲ့ ကျင့်ကြံရေးကိုပဲ အရမ်းအာရုံစိုက်ထားမိခဲ့လို့ တချို့ဦးနှောက်ပြသာနာတွေကို လျစ်လျူရှုထားမိခဲ့ပါလား။
သူ့တပည့်တွေအားလုံးအတွက် အလိမ်ညာခံရတဲ့ရန်မှ ကင်းဝေးအောင် သင်ခန်းစာတစ်ခုတော့ ထည့်ဖို့ အချိန်ကြပြီ။
ဒီအချိန်မှာပဲ အရမ်းကို အထိတ်တလန့်ဖြစ်သွားတဲ့ ချီမင်က ရှန်ချန်းဟန်ကို သူ့တပည့်အဖြစ် ခေါ်ထားဖို့ စိတ်ကူးကို လုံးဝ လက်လျှော့လိုက်တော့တယ်။
တကယ်လို့များ ရှန်ချန်းဟန်က ပြီးခဲ့တဲ့နှစ်ရက်တုန်းက ကိစ္စတွေကိုမြင်ခဲ့ပြီး သူ့တပည့် ဖြစ်လာချင်သေးတယ်ဆိုရင်တော့ သူကလဲ ဒီလိမ်ညာမှု ကင်းဝေးအောင် ကာကွယ်တဲ့ သင်ခန်းစာတစ်ခုကို သင်ကြားရလိမ့်မယ်။
ရှန်ချန်းဟန် ယာယီနေထိုင်နေတဲ့ ခြံဝန်းငယ်လေးထဲမှာတော့ ထိုက်ဟွာတောင်ထွတ်သခင်က သူ့ရှေ့မှာ လူတွေနည်းပါးသွားတာကို မြင်လိုက်ရတယ်။ ဒီတော့ သူက သူ့တပည့်နှစ်ယောက်ကိုခေါ်လာပြီး ရှန်ချန်းဟန်ဆီကို တိုးထွက်လာခဲ့တယ်။
ဒါက နတ်ဓားခန္ဓာကိုယ်နဲ့လူကို သူ့တပည့်အဖြစ်ခေါ်ယူဖို့ အကောင်းဆုံး အခွင့်အရေးလေ။
ဒီရွာကြီးကို လွဲချော်ခဲ့ရင် ဒီဘုရားကျောင်းကိုလဲ လက်လွှတ်ရလိမ့်မယ်။
သူက ရှန်ချန်းဟန်ကို သူ့တပည့်အဖြစ် ခေါ်ယူဖို့ အရမ်းကို ပြတ်သားနေတဲ့အတွက် သူ့ အငယ်ဆုံးတပည့်လေးက ဒီအခိုက်အတန့်မှာ အင်မတန်မှ မျက်နှာက ဖြူဆုတ်သွားတာကို သတိမထားမိလိုက်ဘူး။
လင်ယွိလွမ်က အပြင်လောကကလာတဲ့အသံကို ကြားလိုက်တဲ့အခိုက်အတန့်မှာ သူမရဲ့မျက်နှာက ထိန်းမရအောင် ဖြူဆုတ်သွားတော့တယ်။
ဓားသခင်ကြီးနဲ့ ဝူစစ်ကျယ်တို့ကြားက ရယ်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကို နားထောင်လိုက်ပြီးတဲ့နောက်မှာ သူမရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေရမဲ့အစား မသိမသာ ကြောက်ရွံ့တဲ့ အရိပ်အရောင်တစ်ခု ဖြစ်သွားခဲ့တယ်။
ကောင်းကင်ကလာတဲ့အသံက ရှန်ချန်းဟန်ရဲ့ပတ်ဝန်းကျင်က အရာအားလုံးကို စိတ်ဝင်စားနေမှန်း သူမသာ သိခဲ့ရင် သူမကို အသေအလဲရိုက်ပစ်တယ်ဆိုရင်တောင် လုံးဝလာခဲ့မှာ မဟုတ်ဘူး။
ဒီအချိန်မှာပဲ ထိုက်ဟွာတောင်ထွတ်သခင်က သူမကို ရှန်ချန်းဟန်နဲ့ ပိုပြီးရင်းနှီးအောင် အတင်းဆွဲခေါ်လာတော့တယ်။
လင်ယွိလွမ်က သူမရဲ့စိတ်ထဲမှာ ကြောက်ရွံ့မှုကို ခက်ခက်ခဲခဲ မျိုသိပ်ထားပြီး သူမဘေးက ထိုက်ဟွာတောင်ထွတ်သခင်ကို လေသံတိုးတိုးနဲ့ပြောလိုက်တယ်။
“ဆရာ ကျွန်မ သိပ်ပြီးနေလို့မကောင်းလို့ အရင်ဆုံး ပြန်လို့ရမလား”
ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ထိုက်ဟွာတောင်ထွတ်သခင်က သူမကို စိုးရိမ်တကြီးနဲ့ ကြည့်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တော့တယ်။
“ယွိလွမ် နင်ဘာဖြစ်တာလဲ”
အဲဒီ့ အခိုက်အတန့်မှာပဲ အားလုံးရဲ့မျက်လုံးတွေက သူတို့ဆီကို တန်းပြီး ရောက်သွားတော့တယ်။
သူရဲ့ ကျယ်လောင်လွန်းတဲ့ စိုးရိမ်သံကို ကြားလိုက်ပြီးတဲ့နောက်မှာ လင်ယွိလွမ်က လုံးဝကို အရမ်းကို အလိုက်သိလွန်းတဲ့ ထိုက်ဟွာတောင်ထွတ်သခင်ကို မနေနိုင်ဘဲ ကြိမ်ဆဲမိတော့တယ်။
သူမက အားလုံးရဲ့အကြည့်ကို ခံစားမိလိုက်ပြီး သူမရဲ့မျက်နှာကလဲ ဖြူဆုတ်သည်ထက် ပိုပြီး ဖြူဆုတ်သွားတော့တယ်။ တစ်ခုခု အမှားပါသွားပြီး အပြင်လောကကလာတဲ့အသံရဲ့ အာရုံစိုက်ခံရမှာ ကြောက်မိတာနဲ့ သူမက သူမရဲ့စကားလုံးတွေကို ဂရုတစိုက် စဥ်းစားလိုက်တယ်။
“ဆရာ ကျွန်မ နေကောင်းပါတယ်၊ မနေ့တုန်းက ဓားသိုင်းကျင့်ကြံပြီး နည်းနည်းလေး ပင်ပန်းသွားလို့ပါ”
ထိုက်ဟွာတောင်ထွတ်သခင်က ဒီစကားကိုကြားလိုက်ရတဲ့အခါ လှိုက်လှိုက်လှဲလှဲ ရယ်မောတော့တယ်။
“နင်က ဒီဆရာရဲ့ အတော်ဆုံး တပည့်လေးတစ်ယောက်ပဲ၊ မင်းပင်ပန်းနေတယ်ဆိုရင်လဲ ပြန်ရောက်သွားရင် ကောင်းကောင်းအနားယူလိုက်လေ”
သူက စကားပြောပြီးသွားတဲ့အခါ မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့တောင် ကျီစယ်နေလိုက်သေးတယ်။
“မနေ့တုန်းက မင်းပဲ ရှန်ချန်းဟန်ကို တွေ့ချင်တယ်လို့ ပြောခဲ့တာမဟုတ်လား၊ ဒီခရီးကို အလကားဖြစ်ခံလို့ မရဘူးလေ”
သူပြောလိုက်တဲ့စကားကို ကြားလိုက်တဲ့အခါ လင်ယွိလွမ်က သူမရဲ့စိတ်ထဲမှာ မရေမတွက်နိုင်အောင် ကျိန်ဆဲမိတော့တာပဲ။ ဒါပေမဲ့လည်း သူမကမျက်နှာပေါ်မှာ ရင်နှီးဖော်ရွေပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ အမူအရာတစ်ခုကို သူ ကြိုးစားပြီး ထိန်းသိမ်းထားလိုက်တယ်။
ထိုက်ဟွာတောင်ထွတ်သခင်က သူမရဲ့ အနည်းငယ် ရှက်ရွံနေတဲ့ရုပ်အသွင်ကို ကြည့်လိုက်ပြီး တစ်နည်းနည်းနဲ့ ဇဝေဇဝါ ဖြစ်သွားတော့တယ်။ ဒီတပည့်လေးက ပုံမှန်ဆိုရင် တော်တော်လေး တက်ကြွတာ မဟုတ်လား။
ဒါပေမဲ့လည်း သူက ကိုယ်ကိုလှည့်ပြီး တခြားသူတွေကို ကြွားဝါလိုက်သေးတယ်။
“ကျုပ်ရဲ့တပည့်ကလေ... ပြောလို့ပြောတာမဟုတ်ဘူးနော်၊ အရည်အချင်းက လုံးဝကောင်းခဲ့တာ မဟုတ်ဘူး၊ အစတုန်းကဆိုရင် သူ့အတွက် ရွှေသက်စောင့် ကျင့်ကြံခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး”
ဒီအချိန်မှာပဲ သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး သူ့ဘေးမှာရှိတဲ့တပည့်ရဲ့ မျက်နှာပေါ်က အမူအရာကို အာရုံမစိုက်မိတော့ဘူး။
“ဒါပေမဲ့ အခုတော့ သူက အခုမှ အသက်နှစ်ရာတောင် မပြည့်သေးဘူးလေ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရွှေသက်စောင့်ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီ၊ သူ့ရဲ့ကျင့်ကြံခြင်း အရှိန်ကလဲ သူ့ထက် အဆပေါင်းများစွာ ပိုပြီးကောင်းမွန်တဲ့ တခြားတပည့်တွေထက်တောင် သာလွန်နေသေးတယ်”
“ဒါတွေအားလုံးက ကျုပ်ရဲ့တပည့်ကို သင်ကြားပေးနိုင်တဲ့ ကျုပ်ရဲ့အရည်အချင်းနဲ့ ကျုပ်ရဲ့နေ့စဥ်သင်ကြားပြသမှုတွေရဲ့ အကျိုးကျေးဇူးကြောင့်ပေါ့...”
လင်ယွိလွမ်က သူ့စကားလုံးတွေကို နားထောင်လိုက်ရင်း သူမရဲ့မျက်နှာက ဖြူဆုတ်နေရာက ပြာနှမ်းသွားပြီး ပြာနှမ်းနေရာက ဖြူဆုတ်သွားပြန်တယ်။ နောက်ဆုံးတော့ သူမက မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ထိန်းထားရပြီး လက်ဆန့်လိုက်ကာ သူ့အဝတ်အနားကို ဂရုတစိုက် ဆွဲထားလိုက်ပြီး သူ့ကို မြန်မြန်လေး ပါးစပ် ပိတ်သွားစေချင်နေတော့တယ်။
ထိုက်ဟွာတောင်ထွတ်သခင်က သူမရဲ့လှုပ်ရှားမှုကို ခံစားမိလိုက်ပြီး ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတဲ့ဟန် တူတယ်။ သူက ဆက်ပြောလိုက်တယ်။
“ဟုတ်တာပေါ့ ဒါက ယွိလွမ်ရဲ့ လုံ့လရှိရှိ ကြိုးစားမှုကြောင့်ပဲလေ...”
ဒီအချိန်မှာတော့ သူက ဒီစကားလုံးနည်းနည်းပါးပါးက အရမ်းကို ရိုးရှင်းလွန်းလှတယ်လို့ ခံစားမိပြီးထပ်ပြောလိုက်တော့တယ်။
“ယွိလွမ် မင်းက အရမ်းကို ကံကောင်းတာ၊ သူက ကံမကောင်းခြင်းတွေကို ကံကောင်းခြင်းဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်။ တိုးတက်လာတဲ့ အဆင့်တစ်ခုချင်းဆီကလဲ အရမ်းကို ချောချောမွေ့မွေ့ပဲ...”
[ဒီလူကြီးက အရမ်းကို ထောင်လွှားနေတာ မဟုတ်ဘူးလား။ သူတပည့်ရဲ့မျက်နှာက ညိုမည်းနေတာကို မတွေ့တာလား]
ထိုက်ဟွာတောင်ထွတ်သခင်က ရုတ်တရက်ဆိုသလို လှည့်လိုက်ပြီး သူ့နောက်က လင်ယွိလွမ်ကို ကြည့်လိုက်တယ်။ ဒီ အပြင်လောကကလာတဲ့အသံက ဘယ်လိုဖြစ်ပြီးတော့ ပေါက်ကရတွေ ဆက်ပြောနေနိုင်တာလဲ။
သူ့တပည့်ရဲ့မျက်နှာက ဖြူဆွတ်ပြီးတော့ သွေးတွေမရှိဖြစ်နေတာလေ။ ဘယ်ကလာ မည်းနက်နေလို့လဲ။
“ယွီလွမ် ဘယ်လိုဖြစ်ပြီး မင်းရဲ့ပုံက...”
သူ့စကားမဆုံးခင်မှာပဲ သူ့တံတွေးတွေနဲ့သီးသွားပြီး စတင်ပြီး ချောင်းဆိုးသွားတော့တယ်။
[ငါပဲ အမြင်မှားနေတာလား ဒီလူက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်မှ ဟုတ်ရဲ့လား။ ဘယ်လိုဖြစ်ပြီး တံတွေးတွေ သီးသွားရတာလဲ]
[ဘယ်လို ဆိုးလိုက်တဲ့ ကံမျိုးလဲ]
စူးလီက ကောင်းကင်စာအုပ်ကို သာမန်ကာလျှံကာ လှန်လှောလိုက်ပြီး သူမက စာအုပ်ထဲကစကားလုံးတွေကို တွေ့လိုက်တဲ့အခါ အထိတ်တလန့်ဖြစ်သွားတော့တယ်။
[ဘုရားရေ၊ ဒီ ထိုက်ဟွာတောင်ထွတ်သခင်က မနေ့တုန်းက ချော်လဲတော့မလို ဖြစ်သွားတယ်။ တမြန်နေ့ကလဲ ဝိညာဥ်စွမ်းအင်သစ်သီးကို စားရင်း နင်သွားတယ်။ ဟိုတစ်နေ့ကလဲ ဓားသိုင်းကျင့်ကြံရင်း လက်ကို ရှသွားသတဲ့လား]
[လူတစ်ယောက်ရဲ့ ကံကောင်းခြင်းက ဘယ်လိုလုပ်ပြီး အဲလောက်တောင် ဆိုးရွားနေတာလဲ၊ မဟုတ်သေးပါဘူး]
လူတွေက ကောင်းကင်စာအုပ်ထဲမှာ လင်ယွိလွမ်အကြောင်းမှတ်တမ်းကို လှမ်းကြည့်မိလိုက်ပြီး တွေးတွေးဆဆနဲ့ ပြောလိုက်တော့တယ်။
[သူနဲ့ဆန့်ကျင်ဘက် လင်ယွိလွမ်ရဲ့ ကံကောင်းခြင်းကတော့ အရမ်းကို ကောင်းနေတာမဟုတ်လား]
လင်ယွိလွမ်က သူမရဲ့မျက်လုံးထဲက ပျာယာခတ်နေတဲ့ ကြောက်စိတ်ကို ဆက်ပြီး ဖုံးကွယ်မထားနိုင်တော့ဘူး။ သူမရဲ့ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် စတင်ပြီး တုန်လှုပ်လာတော့တယ်။
အပြင်လောကကလာတဲ့အသံက ဆက်ပြီးတော့ ပြောလိုက်တယ်။
[သူ့မှာ ညံ့ဖျင်းတဲ့ကျင့်ကြံခြင်းအဆင့်ရှိပေမဲ့ ကံကတော့ တော်တော်ကောင်းတာပဲ၊ သူက ဓားကျောရိုးတစ်ခု ပိုင်ဆိုင်ထားတဲ့ ထန်ချိုးယွီနဲ့လဲ တွေ့ခဲ့တယ်။ သူတို့တွေက ထိုက်ဟွာတောင်ထွတ်သခင်ရဲ့ တပည့်တွေ ဖြစ်လာခဲ့တယ်။ သူက အန္တရာယ်တွေနဲ့ တွေ့ကြုံလာရရင်လဲ အန္တရာယ်ကို လုံခြုံတဲ့အနေအထားဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်။ သူက အရမ်းကို အဆင့်မြင့်တဲ့ဝိညာဥ်ရတနာကိုတောင် ရနိုင်သေးတယ်။ အစတုန်းကတော့ သူရဲ့အရည်အချင်းက အကန့်အသတ်နဲ့ ဖြစ်နေပြီး သူ့ဘဝမှာ ရွှေသက်စောင့်ကျင့်ကြံခြင်းအဆင့်ကိုတောင် ဘယ်တော့မှ မရောက်နိုင်ဘူး။ ဒါပေမဲ့ သူက နှစ်ရက်အတွင်းမှာပဲ ရွှေသက်စောင့်အဆင့်ရောက်အောင် လုပ်နိုင်သတဲ့]
[စိတ်ဝင်စားစရာပဲ၊ အင်မတန်မှ ကံကောင်းလွန်းတဲ့ လင်ယွိလွမ်နဲ့ ယှဥ်လိုက်လျှင် သူ့ဘေးကလူတွေက သိပ်ပြီး ကံမကောင်းကြတဲ့ပုံပဲ]
[အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူက ဆေးလုံးကို ဖော်စပ်တုန်းက သူ့ဘေးကလူတွေက တော်တော်လေးကို ကံဆိုးခဲ့ကြတဲ့ပုံပဲ...]
ထိုက်ဟွာတောင်ထွတ်သခင်က ရုတ်တရက်ဆိုသလို နေရာမှာတင် အေးခဲသွားပြီး တခြားသူတွေကလဲ တည်ကြည်တဲ့ အမူအရာတစ်ခု ဖြစ်သွားတော့တယ်။
ဧကန္တ...
[ဟုတ်နေပါပြီ၊ ဒီလူတွေရဲ့ ကံဆိုးခြင်းတွေက လင်ယွိလွမ်နဲ့ ပတ်သက်နေတာကိုး]
...