အခန်း ၅၃
Vol. 4 Ch. 53
အပိုင်း (၅၃)
“ငါ မင်းကို မရယ်နဲ့လို့ ပြောထားတယ်လေ မင်းရယ်လိုက်ရင် သူနဲ့မတူတော့ဘူး”
ရှီးယန်းချန်က သူရဲ့ခါးဆီကို ရောက်လာတဲ့ ပြင်းပြတဲ့နာကျင်မှုကို ခံစားလိုက်ရတယ်။ သူရဲ့မျက်လုံးတွေက အေးစက်လာတယ်။ ဒါပေမဲ့ သူရဲ့ မျက်နှာပေါ်က အပြုံးတွေကတော့ လုံးဝ ပျောက်ကွယ်မသွားဘူး။ သူက ဘာတစ်ခွန်းမှ မပြောလိုက်ပေမဲ့လည်း ဒီအတိုင်းရပ်နေပြီး မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ ကုရှူးကို ကြည့်နေလိုက်တယ်။
သူက ပျော့ဖတ်ပုံရပေမဲ့လဲ ဖြောင့်မတ်တဲ့ကျောပြင်နဲ့ မာနအပြည့်ရှိတယ်။
သူရဲ့ မျက်လုံးထဲက ထိုးဆွနေတဲ့ ခံစားချက်ကို မြင်လိုက်ရတဲ့အခါ ကုရှူးက သူကို မြေကြီးပေါ် ခပ်ကြမ်းကြမ်း တွန်းလှဲပစ်လိုက်တယ်။
“ရှီးယန်းချန် မင်းက သူနဲ့မတူတော့ဘူးဆိုရင် မင်းရဲ့ အဆင့်အတန်းက ငါ့ရဲ့ အာရုံစိုက်မှုရဖို့ လုံးဝမထိုက်တန်တော့ဘူး”
“မင်း ပိုပြီးတော့ စဥ်းစဥ်းစားစားလေးနေဖို့ အကြံပေးလိုက်မယ်”
သူက သူရဲ့ ခန္ဓာကိုယ်နဲ့ လက်ပေါ်က အမာရွတ်တွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ စိတ်ပျက်သွားတဲ့ အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားတော့တယ်။ သူက ဘာဖြစ်လို့ အဲလောက်ခေါင်းမာနေရတာလဲ။
ဒီကာလအတွင်းမှာ သူက မရေမတွက်နိုင်တဲ့ နည်းလမ်းတွေကို ကြိုးစားခဲ့ပေမဲ့လဲ သူ့ရဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့ ကျရှုံးနေတုန်းပဲ။
ဒါပေမဲ့ လော့ဝမ်နဲ့တူတဲ့ မျက်နှာတွေ အများကြီးရှိနေပေမဲ့လဲ သူနဲ့အဆင်တူဆုံး စိတ်သဘောထား ရှိတဲ့သူက ရှီးယန်းချန်တစ်ယောက်ထဲပဲ ဖြစ်ခဲ့တယ်။
ဒါကြောင့် သူက လုံးဝကိုသဘောမကျပေမဲ့လဲ သူ့ဘေးမှာ အချိန်အကြာဆုံး ရှိနေခဲ့တဲ့သူ ဖြစ်ခဲ့တယ်။
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှီးယန်းချန်က သူရဲ့လက်တွေကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး သူရဲ့ မျက်လုံးထဲမှာ အလျှော့ပေးမဲ့ အရိပ်အယောင်တစ်ခုတောင် ထွက်မလာခဲ့ဘူး။
သူက မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး နှုတ်ခမ်းတွေကိုလဲ တင်းနေအောင် စေ့ထားလိုက်တယ်။ သူက လုံ့လရှိမှရမယ်၊ သူ့အဖေကို ရှာတွေ့ချင်ပြီးတော့ ဒီနေရာမှာ မကျဆုံးသွားချင်ဘူး။
ကုရှူးက သူရဲ့မျက်လုံးတွေ မှိတ်သွားတာကို တွေ့လိုက်ရပြီး အေးတိအေးစက်နဲ့ ပြုံးလိုက်တော့တယ်။
သူက ရှေ့ကို လျှောက်သွားလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ လက်တစ်ဖက်က သူ(မ)ရဲ့ တင်းနေအောင် ပိတ်ထားတဲ့နှုတ်ခမ်းလေးကို မြွေတစ်ကောင်လို ပွတ်သပ်လိုက်တော့တယ်။
“မင်း မပြုံးတဲ့အချိန်ဆိုရင် သူနဲ့ တကယ်ကိုတူတာပဲ”
တူတာမှ မျက်နှာတင် မဟုတ်ဘူး။ စိတ်သဘောထားခြင်းကပါ တူနေတာ။
ဒီအခိုက်မှာပဲ အေးစက်စက် အလင်းရောင်က သူ့လက်ရှေ့မှာ ဖျပ်ခနဲ ပေါ်သွားပြီး နောက်တစက္ကန့်မှာပဲ သွေးတွေက သူ့လက်ထဲကနေ ပန်းထွက်လာခဲ့တာ ပတ်ဝန်းကျင်က မြေကြီးကို အနီရောင်တွေ စွန်းထင်းသွားတော့တယ်။
“အတင့်ရဲလှချည်လား ဘယ်သူ--”
ကုရှူးက သူ့စကားတွေ မဆုံးခင်မှာပဲ ရင်းနှီးလှတဲ့ ပုံရိပ်တစ်ခုက ရှီးယန်းချန်ကို သူရဲ့ရင်ခွင်ထဲမှ တွဲထူလိုက်တာကို မြင်လိုက်ရတော့တယ်။
“လော့ဝမ်”
သူက ဒဏ်ရာရထားတဲ့ သူ့လက်ကိုကိုင်လိုက်ပြီး သူ့မျက်လုံးထဲမှာ အံ့သြမှုအပြည့် ဖြစ်သွားတော့တယ်။
“မင်း ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”
အဲဒီနောက်မှာ သူက ကမန်းကတမ်း ပြောလိုက်တော့တယ်။
“ငါရှင်းပြတာကို နားထောင်ပါအုံး၊ မင်းထင်သလို မဟုတ်ပါဘူး ဒီမိန်းမက ဒီအတိုင်း...”
လော့ဝမ်က သူပြောတဲ့စကားကို လုံးဝဂရုမစိုက်ဘူး။ သူက သူရဲ့ ရင်ခွင်ထဲက အားနည်းချိနဲ့နေတဲ့ ကိုယ်ထည်လေးကို ကြည့်လိုက်ပြီး သူရဲ့မျက်လုံးထဲမှာ ကိုယ့်ဟာကိုယ် အပြစ်တင်တဲ့အရိပ်တစ်ခု ဖျတ်ခနဲ ပေါ်သွားတော့တယ်။
“အဆင်ပြေရဲ့လား”
သူက ကုရှူးကို ကယ်လိုက်ရတဲ့ အကြောင်းအရင်းက ကုရှူးက လုယက်ခံနေရပြီး သူက ဒီအတိုင်း မျက်ကွယ်မပြု ထားချင်နိုင်တာကြောင့်လေ။ ဒါကြောင့် သူက ဒါကိုတားမြစ်ဖို့ လှုပ်ရှားလိုက်ရတာ။
သူက ဒီလိုလုပ်လိမ့်မယ်လို့တော့ ထင်မထားမိဘူး....
ရှီးယန်းချန်က ကုရှူးရဲ့စာဖတ်ခန်းထဲမှာ လော့ဝမ်ရဲ့ ပုံတူပန်းချီကို မြင်ခဲ့ဘူးတယ်။ သူက လော့ဝမ်ကို အခိုက်အတန့် ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေမိပြီးနောက်မှာ အချိန်အကြာကြီးနေမှ ပထမဦးဆုံးအကြိမ်အဖြစ် စိတ်ရင်းနဲ့ ပြုံးမိလိုက်တော့တယ်။
“ရှင်က ကျွန်မ စိတ်ကူးထဲက အတိုင်းပဲ။ ပြီးတော့ သိမ်မွေ့တယ်”
သူရဲ့အသံက အားနည်းနေပေမဲ့လဲ ပြတ်သားလေတယ်။
“ကံကောင်းလို့ပေါ့ ရှင်က ကုရှူးရဲ့လှည့်စားတာကို မခံခဲ့ရဘူး၊ သူက ရှင်နဲ့ မထိုက်တန်ပါဘူး”
“ရှီးယန်းချန် ခွေးမ”
သူရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကုရှူးက သူ့ဒဏ်ရာပေါ်ကသွေးတွေ တိတ်သွားတာနဲ့ ချက်ချင်း ရှီးယန်းချန်ရဲ့ ပါးစပ်ကိုပိတ်ပစ်ဖို့ ဒေါသတကြီးနဲ့ ရှေ့ကိုလျှောက်လာတော့တယ်။
အဲဒီနောက်မှာ သူက လော့ဝမ်ရဲ့ဓားကြောင့် နောက်ကိုဆုတ်သွားတော့တယ်။
လော့ဝမ်က ရှီးယန်းချန်ရဲ့သာမန်ထက် ပိုထူးကဲတဲ့ ကိုယ်လုံးကိုယ်ထည်ကို ခံစားမိလိုက်ပြီး ခေါင်းကို ငုံ့လိုက်ကာ ခပ်တိုးတိုး မေးလိုက်တော့တယ်။
“မင်း ဓားသိုင်း ကျင့်ချင်လား”
“ဟုတ်ကဲ့”
ရှီးယန်းချန်က စဥ်းစားမနေဘဲ ပြန်ဖြေလိုက်တယ်။
“ကျွန်မ ဓားသိုင်းပညာကို သင်ယူချင်ပါတယ်....ကျွန်မ... ကျွန်မရဲ့ ကိုယ်ပိုင်ကံတရားကို ထိန်းချုပ်ချင်ပြီး ကျွန်မရှာချင်တဲ့ သူကိုလဲ ရှာချင်ပါတယ်”
လော့ဝမ်က သူရဲ့ပါးစပ်ထဲကို အားဆေးတစ်လုံးကို ညင်ညင်သာသာ ထည့်ပေးလိုက်တယ်။
“ဒါဆိုရင် ဒီနေ့ကစပြီး မင်းက ငါ့တပည့်ဖြစ်လာလိမ့်မယ်”
ဒီအချိန်မှာပဲ ထျန်းကျန့်မြို့သခင်က နောက်ဆုံးတော့ ရောက်လာတော့တယ်။
သူက လော့ဝမ်ကို တွေ့လိုက်တဲ့အခါ အတိုင်းအတာတစ်ခုထိ ရူးသွပ်နေတဲ့ ကုရှူးကို ချက်ချင်း ထိန်းချုပ်ထားလိုက်ပြီး လော့ဝမ်ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်တော့တယ်။
“အကြီးအကဲလော့ ဒီနေ့ ဘာအရေးကြီးကိစ္စများ ရှိလို့ ဒီကိုရောက်လာပါသလဲ”
ထျန်းကျန့်မြို့က သေးငယ်တဲ့ နယ်စပ်မြို့လေးတစ်ခုလေ။ မြို့ထဲမှာ အချင်းချင်း ယှဥ်ပြိုင်နေကြတဲ့ အဓိကမိသားစု နှစ်စုပဲ ရှိတယ်။ သူက မြို့သခင်တစ်ယောက်အနေနဲ့ မြို့မျက်နှာဖုံး တစ်ယောက်ပေါ့။
လော့ဝမ်ကို တွေ့လိုက်ရပြီးတဲ့နောက်မှာ သူက လုံးဝလျစ်လျူရှု မထားရဲတော့လေဘူး။
“မြို့သခင်ကု ရှင့်ရဲ့သားကုရှူးက ကျွန်မရဲ့တပည့်ကို အနိုင်ကျင့်ပြီး အကျဥ်းချထားခဲ့တယ်”
လော့ဝမ်ရဲ့မျက်လုံးတွေက အေးစက်လို့နေတယ်။
“ကျွန်မက ကျွန်မတပည့်အတွက် တရားမျှတမှု လိုချင်ရုံသက်သက်ပါ”
မြို့သခင်ကုက သူရဲ့လက်ထဲကလူကို လှမ်းကြည့်လိုက်ပြီး မြန်မြန် အကြည့်လွဲလိုက်ကာ ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့တယ်။
“ကုရှူး မင်းကွာ ဒီလိုအောက်တန်းကျတဲ့ လုပ်ရပ်ကို လုပ်ရဲရတယ်လို့”
သူက မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး အညှာတာမဲ့စွာ ပြောလိုက်တော့တယ်။
“ကျွန်တော်က သူ့အမှားကို ပြန်လည်သုံးသပ်ခိုင်းဖို့ အမှောင်ခန်းထဲမှာ ၁၀... နှစ်၃၀ ပိတ်လှောင်ထားလိုက်ပါ့မယ်”
လော့ဝမ်က သူ့ကို ပြန်မဖြေလိုက်ဘူး။ ဒါပေမဲ့ ရှီးယန်းချန်ကို ငုံ့ကြည့်လိုက်တယ်။
“ဒီလိုဆိုရင် အဆင်ပြေလား”
ရှီးယန်းချန်က ဒီလိုနွေးထွေးပြီး အရေးကြီးသလို ခံစားရတဲ့ ခံစားချက်မျိုးကို မခံစားလိုက်ရတာ ကြာနေပြီဖြစ်တယ်။ သူက လက်တစ်ဖက်နဲ့ လော့ဝမ်ရဲ့ အင်္ကျီကို ဂရုတစိုက် ဆွဲဆုပ်ထားလိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်တော့တယ်။
“ဆရာ ကျွန်မတို့ ဒီနေရာက ထွက်သွားလို့ ရပြီလား”
ဒီစကားကို ကြားလိုက်တဲ့အချိန်မှာ လော့ဝမ်က မြို့သခင်ကုကို ခေါင်းညိတ်ပြလိုက်ပြီး ရှီးယန်းချန်နှင့်အတူ နေရာမှာပဲ ဓားပေါ်တက်ပြီး ပျံတက်သွားတော့တယ်။
...
ရွှမ်းလင်တောင်ထွတ်
စူးလီက ခြံဝန်းအလွတ်ကြီးကို ကြည့်နေလိုက်တယ်။ သူက ဖရဲသီးစားရတာ အရမ်းကို ဗိုက်ပြည့်သွားလို့ ကျေကျေနပ်နပ်နဲ့ လေချဥ်တောင် တက်လိုက်သေးတယ်။
“အေ့~”
ရှန်ချန်းဟန်က ဇဝေဇဝါနဲ့ ခေါင်းကိုလှည့်ကြည့်လိုက်တယ်။ ချန်ပေ့က ဒီနေ့ ဘာမှမစားရသေးပါဘူး။
ဒီအချိန်မှာပဲ ဝိညာဥ်အစားအသောက်တွေကို သယ်လာပေးတဲ့ တပည့်တစ်ယောက်က တံခါးကို ခေါက်လိုက်ပြီး မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ ဝင်လာခဲ့တယ်။
“တာအိုရောင်းရင်းတို့ ကျွန်မက ရှင်တို့အတွက် ဝိညာဥ်စွမ်းအင် အစားအသောက်တွေကို လာပို့ပေးတာပါ”
စူးလီက အသက်ဝင်လာတဲ့ မျက်လုံးတွေရှိပေမဲ့ တည်ငြိမ်ပြီး ကြင်နာတတ်တဲ့ စိတ်နေသဘောထားရှိတဲ့ တပည့်လေးကို ကြည့်လိုက်ပြီး လက်တစ်ဖက်နဲ့ မေးကို ထောက်ထားလိုက်ပြီး စဥ်းစဥ်းစားစားနဲ့ မေးလိုက်တော့တယ်။
“နင်တို့.... ဝမ့်ကျန့်ဂိုဏ်းက ချစ်နေကြတဲ့သူတွေ.... မဟုတ်ဘူး၊ နင်တို့ထဲမှာ အချစ်ကို စွဲလန်းနေကြတဲ့သူတွေ ဘယ်နှစ်ယောက်တောင်ရှိလဲ”
ချွီလင်က ဇဝေဇဝါနဲ့ မျက်တောင်ခပ်လိုက်တယ်။ သူက ကျောက်စားပွဲပေါ်မှာ အစားအသောက်သေတ္တာကို တင်လိုက်ပြီး သေသေချာချာလေး စဥ်းစားလိုက်တယ်။
“ဝမ့်ကျန့်ဂိုဏ်းသားတွေက ကျင့်ကြံရေးကို ဦးစားပေးကြတယ် ဆိုပေမဲ့လဲ ကျင့်ကြံရေးထက် အချစ်ရေးကို ပိုပြီးအရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ ဂိုဏ်းတူအစ်ကိုအစ်မတွေ အမှန်ပဲ ရှိပါတယ်”
သူရဲ့ စကားကိုကြားလိုက်ပြီးတဲ့နောက်မှာ စူးလီက ပြုံးလိုက်ပြီး သူ့ သိုလှောင်အိတ်ထဲက ဆေးပုလင်းတစ်ခုကို ထုတ်လိုက်တယ်။ ခဏလောက် စဥ်းစားလိုက်ပြီးတော့ သူက နောက်ဆုံးတော့ ဆေးပုလင်းနှစ်ခုကို ချွီလင်ရဲ့လက်ထဲကို ထည့်ပေးလိုက်တယ်။ အဲဒီ့နောက်မှာ သူက ချွီလင်ကို မှာကြားချက် အနည်းငယ် ပြောလိုက်တော့တယ်။
..
ယွင်ရိုက လီယိနောက်ကို နှစ်ပေါင်း၂၀လောက် လိုက်လာခဲ့ပြီး သူ့ကိုအရင်းအမြစ် ဝိညာဥ်ကျောက်တုံး ဝိညာဥ်ရတနာတွေကို ထောက်ပံ့ပေးခဲ့တယ်။ သူလိုချင်တာမှန်သမျှကို သူက အရာအားလုံး လုပ်ပေးတယ်။ သူက သူ(မ)ကို လှည့်ကြည့်လာဖို့ မျှော်လင့်ချက် တစ်ခုအတွက်နဲ့ပေါ့။
တစ်နေ့မှာတော့-
လီယိ: “ငါရဲ့ကျင့်ကြံခြင်းတွေက အခုတလော ပိတ်ဆို့နေတယ်လို့ ခံစားနေရတယ်၊ ငါ့ရဲ့ ကျင့်ကြံခြင်းကို ထောက်ပံ့ပေးဖို့ အဆင့်၅ လီဟွာဆေးပင်ကို အရေးတကြီး လိုအပ်နေတယ်”
ယွင်ရိုက တည်ငြိမ်နေတဲ့ မျက်နှာထား တစ်ခုနဲ့ “လီယိ ကျွန်မ ကျင့်ကြံခြင်းကို အမြတ်တနိုး ကျင့်ကြံနေတာကို ကျေးဇူးပြုပြီး လာမနှောက်ယှက်ပါနဲ့”
-
ဝမ်ယို့က သူရဲ့ဂိုဏ်းတူညီမလေးကို အမြဲတမ်း လက်ထဲမှာ ဖူးဖူးမှုတ်ထားတတ်ပြီး သူ့အတွက် တိုက်ခိုက်ပေးတယ်။ တစ်လျှောက်လုံး သူ့ကို ကူညီပေးခဲ့တယ်။ သူ့ရဲ့ဂိုဏ်းတူညီမလေးက ကြိတ်ပြီးသဘောကြနေတဲ့ ဂိုဏ်းတူအစ်ကိုနဲ့ တွဲဖက်ပေးဖို့တောင် သူ့မှာ အင်တင်တင်နဲ့ ကြိုးစားပေးခဲ့ရသေးတယ်။
တစ်ရက်မှာတော့-
ဂိုဏ်းတူညီမလေး: “ဝူး ဝူး ဝူး ဂိုဏ်းတူအစ်ကို အစ်ကိုက ဘယ်လိုလုပ်ပြီး ကျွန်မကို ဒီလိုလုပ်ရက်ရတာလဲ၊ အစ်ကိုက ကျွန်မအပေါ် အကောင်းဆုံးပဲ”
ဝမ်ယို့က သူ့မျက်နှာပေါ်မှာ ဘုန်းကြီးတစ်ပါးလို အမူအရာတစ်ခုကို ဆောင်ထားလေတယ်။
“အော်မီတော်ဖော်၊ ဂိုဏ်းတူညီမလေး ကျေးဇူးပြုပြီး ကိုယ့်ဟာကိုယ် ဆင်ခြင်ပါ”
....
ရွှမ့်လင်တောင်ထွတ်ပေါ်မှာတော့ စူးလီက လက်ထဲမှာ အသားချောင်းတစ်ခုကို ကိုက်စားလိုက်ရင်း ကျေကျေနပ်နပ်နဲ့ မျက်လုံးတွေကို ကျုံ့ထားလိုက်တယ်။
စိတ်ထဲမှာ ချစ်ခြင်းတရားတွေ မရှိဘူးဆိုရင် ဝိညာဥ်စွမ်းအင် အစားအသောက်က အရင်ကထက်တောင် ပိုပြီးတော့ အရသာရှိနေသေးတာပဲ။
...