အခန်း ၅၄
Vol. 4 Ch. 54
အပိုင်း (၅၄)
ဒုတိယမြောက်နေ့မှာ ချီမင်က ရှန်းချန်းဟန်ကို သူ့တပည့်အဖြစ် ခေါ်ယူချင်သေးတယ်။ လက်မလျှော့ချင်သေးဘူး။
သူက ဓားခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာတာလေ။ ဝမ့်ကျန့်ဂိုဏ်းရဲ့ နောက်မျိုးဆက်ရဲ့ ကျောထောက်နောက်ခံတစ်ခု အဖြစ်လာနိုင်ဆုံးသော တပည့်ပေါ့။
သူက ရှန်းချန်းဟန်ရှေ့မှာ လျှို့ဝှက်ချက်တွေ အများကြီး ဖော်ထုတ်ခဲ့မိတဲ့ ကိစ္စကတော့ အဟမ်း- အပြင်လူတွေကို ပြောမပြသင့်တဲ့ လျှိုဝှက်ချက်တွေ မဟုတ်လား။
ဒါက တခြားသူတွေအတွက်လဲ အတူတူပဲ မဟုတ်လား။
ဒီတော့ သူက ဝမ့်ကျန့်ဂိုဏ်းက ဘယ်သူ့ကိုမှ ရွှမ်းလင်တောင်ထွတ်ကိုသွားပြီး ရှန်ချန်းဟန် အားမွေးနေတာကို မနှောင့်ယှက်ဖို့ အမိန့်ပေးထားလိုက်တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကျတော့ ရွှမ်းလင်တောင်ထွတ်ကို တိတ်တိတ်ကလေး ရောက်လာပြီး ရှန်ချန်းဟန်ကို ဝမ့်ကျန့်ဂိုဏ်းနဲ့ ရင်းနှီးလာစေချင်တဲ့အတွက် ခေါ်လည်ချင်တယ်လို့ ပြောနေတယ်။
သူက ရှန်းချန်းဟန်နဲ့စူးလီတို့ကို ရွှမ်းလင်တောင်ထွတ်ကနေ တိတ်တိတ်လေး ခေါ်ထုတ်လာပြီလို့ စဥ်းစားမိတဲ့ အချိန်မှာပဲ အစောကြီကတည်းက တောင်ခြေမှာ သူတို့ကို စောင့်နေကြတဲ့ လူအုပ်ကြီးတစ်ခုကို တွေ့လိုက်ရတော့တယ်။
ယွိကျင်တောင်ထွတ်သခင်က ဘေးမှာရပ်နေပြီး ချီမင်ကို ပြုံးကာကြည့်လိုက်တယ်။
“ဂိုဏ်းချုပ်ကြီး ကျုပ်တို့ကလေ ခင်ဗျားရဲ့အမိန့်ကို တင်းတင်းကြပ်ကြပ် လိုက်နာပြီး ရွှမ်းလင်တောင်ထွတ်ကို လုံးဝ ခြေမချခဲ့ပါဘူး။ ချန်းဟန်ကိုနှောင့်ယှက်ဖို့ဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့”
ချီမင်က ဒီလူတွေရဲ့ မျက်နှာပေါ်မှာ အေးအေးလူလူ လှောင်ပြောင်သရောနေတဲ့ အမူအရာကို တွေ့လိုက်ရတော့ လုံလောက်အောင် မျက်နှာအရည်ထူတယ် ဆိုသော်ငြားလည်း သူက အခိုက်အတန့်အတွင်းမှာတော့ မရှက်ပဲမနေနိုင်အောင် ဖြစ်သွားတော့တယ်။
ဒါပေမဲ့လည်း ဝမ့်ကျန့်ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ သူက ဒီလောက်ခမ်းနားတဲ့ မြင်ကွင်းတွေကို မြင်ခဲ့ဘူးပြီးပြီပဲလေ။ သူက ချက်ချင်းဆိုသလို သူရဲ့စိတ်အခြေအနေကို ထိန်းချုပ်ထားလိုက်ပြီး တစ်ဖန် ဣန္ဒြေရရ တည်ငြိမ်နေတဲ့ သွင်ပြင်ကို ဖော်ထုတ်ထားလိုက်တော့တယ်။
ဒီလူတွေကို သေချာပေါက် မောင်းထုတ်လို့ရမှာ မဟုတ်ဘူးဆိုတာ သူသိနေတယ်။ နောက်ပြီးတော့ အရင်ဆုံး မှားခဲ့တဲ့သူက သူလေ...
ဒီလိုစဥ်းစားလိုက်ပြီးတဲ့အခါ သူက စိတ်ထဲမှာကြိတ်ပြီး သက်ပြင်းချမိတယ်။ အဲဒီ့နောက်မှာတော့ အလိုက်သင့် ဂွင်ရှာမဲ့ရုပ်အသွင်ကို ဆောင်ထားလိုက်သည်။
“အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေအားလုံး ဒီကိုရောက်နေပြီ ဆိုမှတော့ ချန်းဟန်ကို ဝမ့်ကျန့်ဂိုဏ်းနဲ့ ရင်းနှီးသွားအောင် အဖော်လုပ်ပေးလိုက်ကြရင် ကောင်းမလား”
ရှန်ယွင်အန်းက လက်ခုပ်တီးကာ တဟင်းဟင်း ရယ်မောလိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်တော့တယ်။
“ဒါက ဂိုဏ်းချုပ်ကြီးရဲ့ ဆန္ဒဆိုမှတော့ ကျုပ်တို့က ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်ကို တလေးတစားနဲ့ လိုက်နာရမှပေါ့”
အဲဒီလို ပြောလိုက်ပြီးတဲ့နောက်မှာ သူက ရှန်ချန်းဟန်ဆီကို အပြုံးတစ်ခုနဲ့ ရောက်သွားတော့တယ်။
ဒါကိုတွေ့လိုက်တဲ့အခါ တခြားသူတွေကလဲ မြန်မြန်ဆန်ဆန် ဝင်ပါလာကြတော့တယ်။
အသက်သုံးချက်လောက် ရှုပြီးတဲ့အခါ ချီမင်က သိပ်သည်းနေတဲ့ လူအုပ်ကြီးကိုကြည့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်ကာ သူ့မျက်နှာပေါ်မှာ တည်ငြိမ်နေတဲ့ အမူအရာကို ကြိုးစားထိန်းထားလိုက်ပြီး အားလုံးကို ဝမ့်ကျန့်ဂိုဏ်းကို အလည်အပတ် ခေါ်လိုက်တော့တယ်။
“ဒါက ဝမ့်ကျန့်ဂိုဏ်းသားတွေကို အတန်းခွဲတဲ့နေရာလေ။ သူ့ကို ခွဲခြားထားတဲ့ပုံစံက....”
သူက လမ်းလျှောက်လိုက်ရင်း ရှန်ချန်းဟန်နဲ့ စူးလီတို့ကို ဝမ့်ကျန့်ဂိုဏ်းရဲ့ အဓိက ဝိညာဥ်စွမ်းအင်တောင်ထွတ်တွေ အကြောင်းကို ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနဲ့ ရှင်းပြလိုက်တယ်။
ဝမ့်ကျန့်ဂိုးဏ်းချုပ်တစ်ယောက်အနေနဲ့ သူ့စိတ်သဘောထားက ဘယ်လိုပဲ ဖြစ်နေပါစေ သူက ဝမ့်ကျန့်ဂိုဏ်းအတွက်တော့ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားရှိပြီး ရင်ထဲကနေ ချစ်မြတ်နိုးတဲ့ စိတ်ထားတစ်ခု ရှိလေတယ်။
ရှန်ချန်းဟန်က ဂရုတစိုက် နားထောင်လိုက်ပြီး မကြာခဏဆိုသလို ခေါင်းညိတ်ပြတယ်။
အခုတော့ အရာအားလုံးက အိပ်မက်တစ်ခုဖြစ်နေတယ်ဆိုတဲ့ ကိစ္စကို ထပ်ပြီး စိတ်ပူမိမနေတော့ဘူး။
ဘာပဲဖြစ်နေပါစေ သူမက သူမရဲ့ချန်းပေ့နဲ့သာ အတူရှိနေရင် အင်မတန်မှ စိတ်အေးရတယ်လို့ ခံစားမိတယ်။
သူမက ရှန်မိသားစုအိမ်မှာ ရှိနေတုန်းက သူမအတွက် အပျော်ရွှင်ရဆုံး အခိုက်အတန့်ဆိုတာ ရှန်မိသားစုက ခရီးသွားလာနေတဲ့ ကျင့်ကြံသူတွေက ဝမ့်ကျန့်ဂိုဏ်းအကြောင်းကို ပြောနေတာကို နားထောင်နေရတဲ့ အချိန်ပဲ။
အခုတော့ သူမအတွက် အပျော်ရွှင်ရဆုံး အခိုက်အတန့်က သူမရဲ့ချန်းပေ့နဲ့အတူ ဝမ့်ကျန့်ဂိုဏ်းကို ပတ်ပြီး လှည့်နေရတာကိုပေါ့။
ချန်ပေ့ကလဲပဲ ဝမ့်ကျန့်ဂိုဏ်းကို သဘောကျတဲ့အတွက် ဝမ်းသာစရာကောင်းလေတယ်။
ဒီအချိန်မှာပဲ သူမက အတိုင်းအတာတစ်ခုအထိ တောင့်တင်းသွားပြီး ထူးဆန်းတဲ့ ခြေလှမ်းတွေနဲ့ လာနေတဲ့ သိမ်မဝေးလှတဲ့နေရာက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရတယ်။ ဓားသိုင်းကျင့်ကြံသူက သူ့မျက်လုံးထောင့်ကနေ သူတို့ရှိနေတာကို သတိထားမိသွားဟန်တူတယ်။ သူက ပိုပြီးတော့ ထူးဆန်းတဲ့ခြေလှမ်းတွေနဲ့ သူမရဲ့ မြင်ကွင်းထဲကနေ မြန်မြန်ဆန်ဆန် လမ်းလျှောက်ပြီး ထွက်သွားတော့တယ်။
သူမက မနေနိုင်တော့ပဲ နည်းနည်း သံသယဖြစ်မိသွားတော့တယ်။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက အရမ်းကို တည်ငြိမ်နေသင့်တာ မဟုတ်လား။
ရှန်းချန်းဟန်က သူမ နားမလည်တဲ့အရာကို မြင်လိုက်ရတဲ့အချိန်မှာ အမှတ်တမဲ့ သူ့ဘေးမှာ အေးအေးလူလူ လမ်းလျှောက်လာတဲ့ စူးလီကို ကြည့်လိုက်ပြီး လေသံတိုးတိုးနဲ့ မေးလိုက်တော့တယ်။
“ချန်ပေ့ အဲဒီ့ ဓားသိုင်းကျင့်ကြံသူက ဘာဖြစ်တာလဲ။ သူ့ကြည့်ရတာ နေမကောင်းတဲ့ပုံပဲ”
သူမရဲ့မေးခွန်းကို ကြားလိုက်ပြီးတဲ့အခါ အတွင်းအကြောင်းအရာကို သိကြတဲ့ ဝမ့်ကျန့်ဂိုဏ်းကလူတွေအားလုံးက သူတို့ရဲ့အမူအရာ ပြောင်းလဲသွားတော့တယ်။
ဒီလိုတပည့်မျိုးတွေက ဒီရက်ပိုင်းမှာ ဝမ့်ကျန့်ဂိုဏ်းထဲမှာ မြင်နေကြဖြစ်ပြီး တစ်ချို့အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေကတောင်....
ဒါပေမဲ့ သူတို့တွေက ဒီကိစ္စကို ရှန်ချန်းဟန်ကို ဘယ်လိုရှင်းပြနိုင်မှာလဲ။
ဒီအချိန်မှာပဲ လူတွေက သူမ ပြောနေတဲ့ ဓားသိုင်းကျင့်ကြံသူကို ပျင်းပျင်းရိရိနဲ့ လှမ်းကြည်လိုက်ပြီး သူမရဲ့အမူအရာက ရုတ်တရက်ဆိုသလို အနည်းငယ် ထူးဆန်းသွားတော့တယ်။ ကိုယ်နေဟန်ထားကို ကြည့်ရတာကတော့ သူ့ကြည့်ရတာ သင်းကွပ်လိုက်ပြီး ရွှိယွမ်ဆေးလုံးကို သောက်ထားတဲ့ပုံပဲ။ အဟမ်း- သူက ဒီ အစိတ်အပိုင်းအသစ်လေးကို ကျင့်သားရသေးပုံ မပေါ်ဘူး။
သူမက ခဏလောက် ငြိမ်သက်သွားပြီး လက်ကိုလှမ်းလိုက်ကာ ရှန်ချန်းဟန်ရဲ့ ပခုံးကို ပုတ်ပေးလိုက်တော့တယ်။
“နင်က ဝမ့်ကျန့်ဂိုဏ်းကို ရောက်လာတာ သိပ်မကြာသေးဘူးလေ၊ နင် ဒီမှာ အချိန်တစ်ခုလောက် နေပြီးသွားရင် အကြောင်းအရင်းကို သိလာလိမ့်မယ်”
ရှန်ချန်းဟန်က စူးလီရဲ့ စကားလုံးကို နားထောင်လိုက်ပြီး ဇဝေဇဝါနဲ့ မျက်တောင်လေး ခပ်လိုက်တော့တယ်။ ဒါကရော ဝမ့်ကျန့်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲလား။ ဒါကို သိရဖို့အတွက် ဘာဖြစ်လို့အချိန်တစ်ခုထိ စောင့်ရမှာလဲ။
ဒါပေမဲ့လည်း သူမက စူးလီရဲ့ စကားလုံးတွေကို ဘယ်တော့မှ သံသယမရှိခဲ့လေတော့ လေးလေးနက်နက်နဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“ကျွန်မ ချန်ပေ့ရဲ့ စကားကို နားထောင်ပါ့မယ်”
သူမရဲ့အဖြေကို ကြားလိုက်ပြီးတဲ့အခါ ချီမင်နဲ့ဝမ့်ကျန့်ဂိုဏ်းက တခြားသူတွေက စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့တယ်။
ရှန်ချန်းဟန်က ဝမ့်ကျန့်ဂိုဏ်းကို ခြေချပြီးကတည်းက မရေမတွက်နိုင်တဲ့ လျှို့ဝှက်ချက်တွေကို မြင်ခဲ့ပြီးပြီဆိုပေမဲ့လဲ အမျိုးသားကျင့်ကြံသူတွေ အားလုံးနီးပါးက သူရဲ့မွေးချင်းဓားကိုသုံးပြီး ကိုယ့်ဟာကိုယ် အာသာဖြေပြီး ကိုယ့်ဟာကိုယ် ပြန်သင်းကွပ်ရတဲ့ ကိစ္စက ပြောဖို့ရန်အတွက် အရမ်းကိုရှက်စရာကောင်းတယ်လေ။
ရှန်ချန်းဟန်က အသိပညာကြွယ်ဝပြီး အတွေ့အကြုံ ရှိတယ်ဆိုရင်တောင်မှ အဟွတ်- အဟွတ်- သူက ဒီလိုဝါသနာမျိုးကိုတော့ လက်ခံနိုင်လိမ့်မှာ မဟုတ်ဘူးလေ။ ဒီလိုစဥ်းစားလိုက်မိတဲ့အခါ ချီမင်က တည်ငြိမ်သွားချင်ဟန် ဆောင်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်တော့တယ်။
“ချန်းဟန် မင်းက ဝမ့်ကျန့်ဂိုဏ်းရဲ့ တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတွေ အားလုံးနီးပါးကို တွေ့ခဲ့ပြီးပြီ”
“အကြီးအကဲနှစ်ယောက်ပဲ အပြင်ဘက်မှာ ခရီးသွားနေတာမလို့ ဝမ့်ကျန့်ဂိုဏ်းကို ပြန်မလာနိုင်သေးဘူး”
“သူတို့တွေကလဲ ဝမ့်ကျန့်ဂိုဏ်းမှာ အထူးချွန်ဆုံး ဧည့်အကြီးအကဲတွေပဲ သူတို့ရဲ့ ဓားသိုင်းပညာက အင်မတန်မှသာလွန်ပြီး အကြီးအကဲကျိက ငယ်ရွယ်တဲ့ပါရမီရှင် တစ်ယောက်လေ...”
ရှန်ချန်းဟန်ရဲ့အာရုံက လွှဲပြောင်းခံလိုက်ရပြီး သူမက သိလိုစိတ်အနည်းငယ်နဲ့ ချီမင်ကို ကြည့်လိုက်တယ်။ သူမရဲ့ဘေးက စူးလီကလဲ သူမရဲ့မျက်ခုံးတွေကို ပင့်လိုက်တယ်။သူမရဲ့ မူလက ပျင်းရိလေးတွဲနေတဲ့ မျက်လုံးထဲမှာ နည်းနည်းလေး စိတ်ဝင်စားလာဟန် ပေါ်နေတယ်။
အဲနောက်မှာ လမ်းလျှောက်နေတဲ့ ရှန်ယွင်အန်းက ချီမင်ရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူရဲ့မိတ်ဆွေကောင်းလေးကို စဥ်းစားမိသွားပြီး မနေနိုင်တော့ဘဲ သူရဲ့မျက်လုံးထဲမှာ လွမ်းဆွတ်တသမှုနဲ့ လေးစားမှု အရိပ်အရောင်တွေ ပေါ်လာခဲ့တယ်။
“အကြီးအကဲကျိက ကျင့်ကြံရေးလောကထဲမှာ ပြီးခဲ့တဲ့ နှစ်တစ်ရာကတည်းက အထူးချွန်ဆုံး ဓားသိုင်းကျင့်ကြံသူတွေထဲက တစ်ယောက်လေ”
အသက်နှစ်နှစ်ရာ မပြည့်သေးခင်မှာပဲ သူရဲ့ ဓားသိုင်းပညာတွေက ပြီးပြည့်စုံတဲ့ အနေအထားထိ ရောက်ခဲ့တယ်လေ။ သူရဲ့ ကျင့်ကြံခြင်းက မြင့်မြတ်အသွင်ပြောင်းခြင်းအဆင့်ကို မရောက်သေးဘူးဆိုပေမဲ့ သူက မြန်မြန်အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ရတဲ့အခါမှာ အရေးနိမ့်တာမျိုး မရှိခဲ့ဘူး။
“ဓားသိုင်းပညာတစ်ခုတည်းနဲ့ ပြောမယ်ဆိုရင် သူနဲ့ပြိုင်ဘက်ဖြစ်နိုင်တဲ့သူ ဝမ့်ကျန့်ဂိုဏ်းမှာ အများကြီး မရှိမှာတောင် စိုးရိမ်နေတယ်”
သူဘေးက ယွိကျင်တောင်ထွတ်သခင်ကလဲ လေးစားအားကျမှု အပြည့်နဲ့ ထောက်ခံတယ်။
“ဟုတ်တယ် အကြီးအကဲကျိက အင်မတန်မှ အရည်အချင်းရှိတဲ့အပြင် ထူးခြားတဲ့ အကျင့်စရိုက်တစ်ခုလဲ ရှိတယ်”
“အကြီးအကဲကျိကို တောင်ပေါ်မှာ မွေးလာပြီးတော့ သူက ကျင့်ကြံရေးနဲ့ ဓားသိုင်းပညာတွေကို လေ့လာဖို့ အခွင့်အရေး မရခဲ့ဘူးလေ။ သူက ငယ်ငယ်ကတည်းက ဆင်းရဲနွမ်းပါးလာပြီး မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပြီးမှ ဒီနေ့ သူရဲ့ ပုံစံကိုဖြစ်လာတာ”
မိသားစုနောက်ခံမရှိ အရင်းအမြစ်နောက်ခံမရှိ စားစရာတောင် ခက်ခက်ခဲခဲ ဖြစ်နေတဲ့လူတစ်ယောက်က အခက်အခဲပေါင်း များစွာကို ကျော်လွှားနိုင်ပြီး အထက်တန်းစား မိသားစုတွေက မရေမတွက်နိုင်တဲ့ ကလေးတွေတောင် မရရှိနိုင်တဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တယ်။ပြတ်သားတဲ့စိတ်ဓာတ်ဆိုတဲ့ စကားလုံးတစ်လုံးထဲက သူရဲ့ဆုံးဖြတ်ချက် ပြတ်သားမှုကို ဖော်ပြဖို့အတွက် လုံလောက်နိုင်မှာတောင် မဟုတ်ဘူး။
ရှန်ချန်းဟန်က သူတို့ရဲ့စကားဝိုင်းကို နားထောင်ပြီး သူမရဲ့မျက်လုံးထဲမှာ လေးစားမှုတွေ ထိုးထွက်လာတော့တယ်။
“အကြီးအကဲကျိက အရမ်းကို အစွမ်းရှိလှတဲ့ ပုဂ္ဂိုလ် ဖြစ်နေတာပဲ”
“အကြီအကဲကျိက အခု အပြင်ကို ခရီး သွားနေတာလား”
သူမက မျက်လုံးထဲမှာ သိလိုစိတ်တစ်ခုနဲ့ ချီမင်ကို လှည့်ကြည့်လိုက်တယ်။
“သူက ဝမ့်ကျန့်ဂိုဏ်းကို ဘယ်တော့ ပြန်လာနိုင်မှာလဲ”
သူမရဲ့မေးခွန်းကို ကြားလိုက်တဲ့အခါ ချီမင်က ကူကယ်ရာမဲ့သလို ခေါင်းကာပြလိုက်တယ်။
“အကြီးအကဲကျိကသာ သူရှိနေတဲ့နေရာကို ငါတို့ကို မပြောပြဘူးဆိုရင် ဘယ်သူမှ မသိနိုင်ဘူး”
အကြီးအကဲကျိက အရမ်းကို အန္တရာယ်များတဲ့ နေရာတွေကို သွားနေလို့လား။
ရှန်ချန်းဟန်ရဲ့ အသံထဲမှာ ရှုပ်ထွေးနေတဲ့ အရိပ်တစ်ခု ဖြစ်သွားတော့တယ်။
“အကြောင်းက အကြီးအကဲကျိက ကျင့်ကြံရေးလောက တစ်ခုလုံးကိုပတ်ပြီး လူတစ်ယောက်ကို ရှာဖွေနေလို့လေ”
သူ့ဘေးမှာရှိနေတဲ့ ရှန်ယွင်အန်းက သက်ပြင်းချလိုက်တယ်။
သူက ရှာဖွေနေတာ နှစ်တစ်ရာနီးပါးတောင် ရှိနေပြီ ဒါပေမဲ့ ကံဆိုးချင်တော့ သူက အခုအထိ ရှာမတွေ့သေးဘူးလေ။
စူးလီက အကြီးအကဲကျိရဲ့ကိစ္စက ပျင်းစရာကောင်းတယ်လို့ အစတုန်းက ထင်ထားပေမဲ့လဲ သူ့စကားတွေကို ကြားလိုက်ပြီးတဲ့နောက်မှာ ရုတ်တရက် စဥ်းစားမိသွားတော့တယ်။
“သူက ဘယ်သူ့ကို ရှာနေတာလဲ”
“ကျေးဇူးရှင်ကိုပေါ့”
ရှန်ယွင်အန်းရဲ့စကားကို ကြားလိုက်ရပြီးတဲ့အခါ စူးလီက ရုတ်တရက်ဆိုသလို တက်ကြွလာတော့တယ်။ သူမက စိတ်ဝင်တစားနဲ့ ခေါင်းကိုလှည့်လိုက်ပြီး သူမရဲ့အသံထဲမှာလဲ စိတ်လှုပ်ရှားနေတဲ့ အရိပ် အရောင်တစ်ခုနဲ့ ပြည့်နေတော့တယ်။
“ဘယ်လို ကျေးဇူးရှင်မျိုးလဲ”
ရှန်ယွင်အန်းက သူမရဲ့ ရုတ်တရက် စိတ်ဝင်စားသွားတဲ့ပုံကို တအံ့တသြ ဖြစ်သွားပြီး သူရဲ့ အသံက အခိုက်အတန့်ဆိုသလို တုံ့ဆိုင်းသွားတော့တယ်။
“အကြီးအကဲကျိ ငယ်ငယ်တုန်းကပေါ့ သူက အစသန်တဲ့ကလေးတစ်ယောက်ကို ပစ်မှားခဲ့မိပြီး လမ်းပေါ်မှာ သေလုမျောပါးအထိ အရိုက်ခံခဲ့ရတယ်လေ။ သူ့ကို ကယ်တင်ပေးခဲ့တာက မိန်းမငယ်လေးတစ်ယောက်ပေါ့။ သူရဲ့ ဒဏ်ရာတွေကိုလဲ ပြန်ကောင်းလာအောင် ကုပေးခဲ့တယ်လေ”
“အဲဒီ ကလေးမကြောင့်သာ မဟုတ်လျှင် အကြီးအကဲကျိက အဲဒီ့နှစ်က ဆောင်းတွင်းမှာပဲ သေသွားလောက်ပြီ...”
ရှန်ယွင်အန်းက သူရဲ့အသံထဲမှာ စိတ်ခံစားမှု အရိပ်အရောင်တစ်ခုနဲ့ ကျိစီရဲ့အတိတ်ကို ပြန်ပြောပြလိုက်တယ်။
“နောက်ပြီးတော့ရော”
စူးလီက ခေါင်းလေးကို အသာစောင်းငဲ့လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာတော့ အတင်းအဖျင်း အရိပ်တစ်ခု ပါနေတော့တယ်။
“အကြီးအကဲကျိက သူ့ကိုသူ ကာကွယ်နိုင်တဲ့ အရည်အချင်း ရပြီးသွားတဲ့နောက်မှာ သူက သူ့ကိုကယ်ပေးခဲ့တဲ့ ကလေးမလေးကို သွားရှာချင်ခဲ့တာ။ ဒါပေမဲ့ သူမရဲ့မိသားစုက အိမ်ပြောင်းသွားပြီး သူမ အခုဘယ်ရောက်နေတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူးလေ”
ရှန်ယွင်အန်းက ရိုးရိုးလေးပဲ ပြောပြလိုက်တယ်။
“ဒီလိုဆိုတော့ ဒီအကြီးအကဲကျိက နှစ်ပေါင်းတစ်ရာနီးပါး သူ့ကျေးဇူးရှင်ကို ရှာဖွေလာခဲ့တာလား”
စူးလီက လက်တစ်ဖက်နဲ့ မေးကို ထောက်ထားလိုက်ပြီး စဥ်းစဥ်းစားစားနဲ့ ပြောလိုက်တော့တယ်။
“ဒါက သာမန် ကျေးဇူးရှင်တစ်ယောက်တော့ မဟုတ်လောက်ဘူး”
“ဧကန္တ အကြီးအကဲကျိက သူ မိန်းကလေးရဲ့ ကယ်တင်ခံလိုက်ရတဲ့ အချိန်တုန်းက နက်ရှိုင်းတဲ့မေတ္တာတစ်ခုများ ဖွဲ့တည်မိနေတာလား မသိဘူး”
“ဘယ်ဟုတ်ပါ့မလဲ”
ရှန်ယွင်အန်းက ခေါင်းကာပြလိုက်ပြီး သူ့မိတ်ဆွေအတွက် ရှင်းပြပေးတော့တယ်။
“အကြီးအကဲကျိက ဒီကျေးဇူးရှင်ကို ရှာဖွေနေတာ တဖက်မှာက သူ့ရဲ့ကျေးဇူးကို ပြန်ဆပ်ချင်လို့ တစ်ဖက်မှာကတော့ သူရဲ့ဓားစွမ်းအင်ကြောင့်ပေါ့...”
“အကြီးအကဲကျိရဲ့ ဓားစွမ်းအင်က အင်မတန်မှ ထက်ရှပြီး လက်စားချေလို စိတ်ပြင်းတယ်။အခု သူက လူတွေအပေါ်မှာ အကြွေးတင်နေသေးတော့ သူရဲ့ဓားစွမ်းအင်က အဆင့်တက်ဖို့ ခက်ခဲနေတယ်လေ...”
ဒီအခိုက်မှာပဲ အားလုံးက ဝမ့်ကျန့်ဂိုဏ်းရဲ့ ကောင်းကင်ပေါ်ကနေ ဖြတ်ပြီးလာတဲ့ ပြင်းထန်ပြီး ထိန်းချုပ်မှုကင်းလွတ်နေတဲ့ ဓားစွမ်းအင်ကို အားလုံးက ခံစားမိလိုက်တော့တယ်။
ချီမင်က ရှန်းအန်းတောင်ထွတ်ကနေ ကျလာတဲ့ ဝိညာဥ်စွမ်းအင်တွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ အံ့သြတဲ့အရိပ်တစ်ခု ဖြစ်သွားတော့တယ်။
“အကြီးအကဲကျိက ဝမ့်ကျန့်ဂိုဏ်းကို ပြန်လာတာလား”
သူဘေးက ယွိကျင်တောင်ထွတ်သခင်က သူ့မျက်လုံးတွေကို ကျဥ်းမြောင်းထားလိုက်ပြီး မရေမရာနဲ့ မေးလိုက်တော့တယ်။
“မိန်းကလေးတစ်ယောက်ကို အကြီးအကဲကျိနဲ့အတူ တွေ့နေရတယ်လို့ ဘာလို့ မြင်နေမိတာလဲ”
“ဒီတကြိမ် အကြီးအကဲကျိက ဝမ့်ကျန့်ဂိုဏ်းကို ပြန်လာတာ မဟုတ်မှလွဲရော...”
အားလုံးက အချင်းချင်းကြည့်လိုက်ကြပြီး သူတို့ရဲ့မျက်လုံးထဲမှာ အတင်းပြောချင်တဲ့ အရိပ်အယောင်တွေ ပါနေတော့တယ်။
ချီမင်က လူအုပ်ကြီးရဲ့အမူအရာကို လှမ်းကြည့်လိုက်ပြီး ချောင်းဟန့်လိုက်ကာ သူ့ဘေးမှာရှိတဲ့ ရှန်ချန်းဟန်ကို ကြည့်ပြီး သွေးတိုးစမ်းသလို မေးလိုက်တော့တယ်။
“ချန်းဟန် မင်း အကြီးအကဲကျိရဲ့ ရှန်းအန်းတောင်ထွတ်ကို သွားချင်သလား” ချန်းဟန်က သူ့ဘေးမှာရှိတဲ့စူးလီကို အမှတ်တမဲ့ ကြည့်လိုက်တဲ့အခါ သူမရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအရာကို မြင်လိုက်ရတော့တယ်။ချန်ပေ့ သူ့ကြည့်ရတာ ရှန်းအန်းတောင်ထွတ်ကို သွားချင်နေတဲ့ပုံပဲ။
အဲဒီနောက်မှာတော့ သူမက ခေါင်းကိုပြန်လှည့်လိုက်ပြီး တွေဝေမနေဘဲ ပြောလိုက်တော့တယ်။
“ကောင်းပါပြီ”
ရှန်းအန်းတောင်ထွတ်-
ကျိစီက ဝိညာဥ်ဓားပေါ်က ဆင်းလာတာနဲ့ ချက်ချင်း သူ့ဘေးမှာလူတွေ အပြည့်ဖြစ်နေတော့တယ်။ ရှန်းအန်းတောင်ထွတ်ပေါ်က တပည့်တွေက ဝမ်းသာအားရ သူ့ဘေးလာကြပြီး တစ်ယောက်ပြီးတစ်ယောက် သူ့ကို နှုတ်ဆက်လိုက်ကြတယ်။
“အကြီးအကဲကျိ နောက်ဆုံးတော့ ပြန်လာပြီ”
“အကြီးအကဲ ကျွန်တော် အခုပဲ အကြီးအကဲရဲ့ ဂူကို သွားပြီးတော့ သန့်ရှင်းရေးလုပ်လိုက်ပါ့မယ်”
ဒီအချိန်မှာပဲ ဝမ့်ကျန့်ဂိုဏ်းရဲ့ တပည့်တစ်ယောက်က သူ့ဘေးကလူကို နောက်ဆုံး သတိထားမိသွားပြီး သိလိုစိတ်နဲ့ မေးလိုက်တော့တယ်။
“အကြီးအကဲ အကြီးအကဲရဲ့ဘေးက မိန်းကလေးက ဘယ်သူများလဲ”
အကြီးအကဲကျိက ခေါင်းကို မသိမသာလှည့်လိုက်ပြီး သူ့ဘေးကလူကို ကြည့်လိုက်တယ်။ ရှင်းမပြတတ်တဲ့ နူးညံ့မှုအရိပ်အယောင်တစ်ခုက သူ့ရဲ့ အေးစက်စက် ဂရုမစိုက်တတ်တဲ့ မျက်နှာပေါ်မှာ ဖြတ်ခနဲလက်သွားတယ်။
သူ နှစ်ပေါင်းတစ်ရာလောက် အချိန်ပေးပြီးရှာထားတဲ့ မိန်းကလေးလေ။ သူငယ်ရွယ်စဥ်တုန်းက ကျေးဇူးရှင်ပေါ့။
“ဒါက မိန်းကလေး ကျိန့်ယွမ့်နဉ်တဲ့”
သူက သူ့မျက်လုံးတွေကို မသိမသာ ပင့်လိုက်ပြီး သူ့ရဲ့ မျက်လုံးထဲမှာ ဇွဲမလျော့ပဲ ထက်ရှတဲ့ဓားစွမ်းအင် တစ်ခုပါနေတော့တယ်။ သူက အားလုံးကို တစ်လုံးချင်း ပြောလိုက်တယ်။
”သူက ငါ နှစ်ပေါင်းတစ်ရာလောက် ရှာဖွေနေတဲ့ ကျေးဇူးရှင်ပဲ”
“ဒီနေ့ကစပြီး မိန်းကလေးကျိန့်ရဲ့ စကားတွေက ငါ့စကားပဲ ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ရှန်းအန်းတောင်ထွတ်က တပည့်တွေအားလုံးက တညီတညွှတ်တည်း ပြန်ဖြေလိုက်ကြတယ်။
“ကျိသခင်လေး “
ကျိန့်ယွမ့်နဉ်က သူ့ကို ချစ်စဖွယ်ကြည့်လိုက်ပြီး သူမရဲ့ အသံထဲမှာလဲ မဆုံးနိုင်တဲ့ ချစ်မေတ္တာတွေ ပြည့်နေသယောင် ဖြစ်နေတော့တယ်။
“ဒါက ဝမ့်ကျန့်ဂိုဏ်းလား”
ကျိစီက သူမရဲ့ အားနည်းပြီး ကူကယ်ရာမဲ့နေတဲ့ မျက်လုံးတွေကို ကြည့်လိုက်ကာ သူရဲ့နှလုံးသားထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု တိုးထွက်လာတော့တယ်။
အဲဒီတုန်းက သူ့ကိုကယ်ပေးခဲ့တဲ့ မိန်းမငယ်လေးက ဒီလို အကျင့်စရိုက်မျိုး ရှိနေတာလား။ ဒါပေမဲ့လဲ ချက်ချင်းဆိုသလိုပဲ သူ့ကိုသူပြန်ပြီး နားချလိုက်တယ်။ နှစ်တစ်ရာဆိုတာက လူတစ်ယောက်ကို မသိလိုက်ဘဲ ပြောင်းလဲပေးနိုင်တယ်လေ။ နောက်ပြီးတော့ အဲဒီတုန်းက သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့တာ သူရဲ့မှတ်ဉာဏ်တွေက တိမ်းစောင်းနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။
ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်လုံးတွေက တစ်ဖန် နူးညံ့လာခဲ့တယ်။
“ဒါက ငါရဲ့ဂူရှိတဲ့ အထွတ်အမြတ် တောင်ထွတ်ပေါ့ မင်းက...”
...
ဒီအချိန်မှာပဲ များပြားလှတဲ့ ဝိညာဥ်စွမ်းအင် အလင်းတန်းတွေက ရုတ်တရက်ဆိုသလို ရှန်းအန်းတောင်ထွတ်မှာ ရပ်သွားပြီး ကျိစီက အမှတ်တမဲ့ ကျိန့်ယွမ့်နဉ်ကို သူ့နောက်မှာ ကာကွယ်ထားပေးလိုက်တယ်။
သူက ကိုယ်ကိုလှည့်လိုက်ပြီး မျက်လုံးထဲမှာ နွေးထွေးတဲ့ အရိပ်အယောင်တစ်ခုနဲ့ အလည်လာသူကို ကြည့်လိုက်တယ်။ သူက ဦးညွှတ်ပြီး ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ကြီး၊ အကြီးအကဲ၊ တောင်ထွတ်သခင်တို့ မတွေ့ရတာ ကြာပါပြီ”
ချီမင်က အပြုံးတစ်ခုနဲ့ သူပခုံးကို ပုတ်ပေးလိုက်ပြီး ကျိစယ်လိုက်တယ်။
“အကြီးအကဲကျိက နောက်ဆုံးတော့ ဂိုဏ်းကိုပြန်လာဖို့ ဆန္ဒရှိသွားပြီလား”
“ဂိုဏ်းချုပ်ကြီးက နောက်နေပြန်ပါပြီ ဒီအချိန်မှာပဲ ဘေးမှာရပ်နေတဲ့ ရှန်ယွင်အန်းက သူ့နောက်မှာ ကာကွယ်ပေးထားတဲ့လူကို တွေ့သွားတော့တယ်။ သိလိုစိတ်အနည်းငယ်နဲ့ ရှေ့ကိုနှစ်လှမ်းတိုးလိုက်ပြီး ပြုံးကာ ပြောလိုက်တော့တယ်။
“ကျုပ် အထင်မမှားဘူးဆိုရင် ဒါက ခင်ဗျား ငယ်ငယ်တုန်းက ခင်ဗျားရဲ့အသက်ကို ကယ်ပေးခဲ့တဲ့ မိန်းကလေးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”
ကျိစီက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး သူမျက်လုံးတွေထဲမှာ ရှားပါးတဲ့ သိမ်မွေ့မှုတစ်ခု ဖော်ပြနေတော့တယ်။
“ဒါက မိန်းကလေးကျိန့်ယွမ့်နဉ် ကျွန်တော့ရဲ့ ကျေးဇူးရှင်ပါ”
သူ့စကားဆုံးသွားပြီးတဲ့နောက်မှာ သူက ဘေးကို အနည်းငယ်လှည့်လိုက်ပြီး သူ့နောက်ကလူကို ထုတ်ပြလိုက်ရင်းက သူ့ခေါင်းကလဲ ကျိန့်ယွမ့်နဉ်ဘက်ကို အနည်းငယ်ငုံ့ထားလိုက်ခါ အမှတ်တမဲ့ သူ့အသံကိုလဲ တိုးထားလိုက်တယ်။
“မိန်းကလေးကျိန့် ဒါက အကြီးအကဲ ရှန်းယွင်အန်း ဝမ့်ကျန့်ဂိုဏ်းက ကျုပ်ရဲ့ မိတ်ဆွေကောင်းကြီးပေါ့”
ကျိန့်ယွမ့်နဉ်က ခေါင်းကိုအနည်းငယ် မော့လိုက်ပြီး ကျော့ရှင်းလှတဲ့ ရှန်ယွင်အန်းကို မြင်လိုက်တဲ့အခါ သူ့မျက်နှာက မနေနိုင်ဘဲ နီမြန်းသွားတော့တယ်။
သူက ဂရုတစိုက်နဲ့ ခေါင်းငုံ့ဦးညွှတ်လိုက်ပြီး သူမရဲ့အသံကလဲ ရှင်းမပြတတ်လောက်အောင် နူးညံ့နေတော့တယ်။
“မင်္ဂလာပါ အကြီးအကဲရှန်”
ရှန်ယွင်အန်းက သူမရဲ့ပုံရိပ်ကို မြင်လိုက်ရတဲ့အခါ အနည်းငယ် တအံ့တသြ ဖြစ်သွားပြီးနောက်မှ သူမရဲ့အသံကို ကြားလိုက်တော့တယ်။ သူက မျက်လုံးထဲမှာ အံ့သြတဲ့အရိပ်အယောင်ကို ဖုံးကွယ်ထားလိုက်ပြီး မသိမသာ မျက်လွှာ ချထားတော့တယ်။
ဒါက ကျိစီရဲ့ ကျေးဇူးရှင်တဲ့လား။ တစ်ခါတုန်းက ကျိစီသူ့ကို ပြောပြထားတဲ့ပုံစံနဲ့ အရမ်းကွဲနေသလိုပဲ။
ကျိစီက ရှန်ယွင်အန်းရဲ့ မျက်နှာပေါ်က အမူအရာကို သတိမထားမိလိုက်ဘူး။ သူက ဝမ့်ကျန့်ဂိုဏ်းကလူအားလုံးနဲ့ ကျိန့်ယွမ့်နဉ်ကို အသိမ်မွေ့ဆုံး အပြုအမူတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တယ်။ စူးလီက နောက်မှာရပ်နေပြီး ကျိစီနဲ့ ကျိန့်ယွမ့်နဉ်တို့ကို စဥ်းစဥ်းစားစားနဲ့ ကြည့်နေလိုက်တယ်။
ကျိစီမှာ သိသာထင်ရှားတဲ့မျက်ခုံးနဲ့ စူးရှတဲ့မျက်လုံးတွေ ရှိတယ်။ သူက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ အေးစက်တဲ့ စိတ်နေသဘောထား မျိုးဆောင်ထားတယ်။ သူ့ဘေးက ကျိန့်ယွမ့်နဉ်ကတော့ လူတွေကို လုံးဝ ဆန့်ကျင့်ဘက်အမြင်တစ်ခု ပေးလေတယ်။ လှပပြီးအားအင်ချိနဲ့တဲ့ လေထဲမှာယိမ်းနွဲ့နေတဲ့ မိုးမခကိုင်းလေး တစ်ခုလိုပဲ။
လူနှစ်ယောက်က အတူတူ ရပ်လိုက်တဲ့အခါ သီးခြား ဖြစ်နေတဲ့ ခံစားချက်တစ်ခုက ရှင်းမပြတတ်အောင် ပေါ်လာတယ်။
[ကျိစီနဲ့ ကျိန့်ယွမ့်နဉ်တို့ကြားမှာ တစ်ခုခု လွှဲနေတယ်လို့ ဘာဖြစ်လို့ ခံစားမိနေတာလဲ]
ကျိစီက အခိုက်အတန့်ဆိုသလို မှင်တက်အံ့သြသွားတော့တယ်။ အပြင်ကလာတဲ့အသံလား။
ဝမ့်ကျန့်ဂိုဏ်းက တခြားသူတွေကတော့ ရှန်ချန်းဟန်ရဲ့ ပတ်ဝန်းကျင်မှာ အပြင်လောကက လာတဲ့အသံတွေ ရှိနေပြီး လူတွေကို စိတ်ဝင်စားနေတာ ကျင့်သားရပြီးသား။ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးနောက်မှာ သူတို့က လုံးဝကို တအံ့တသြ ဖြစ်မနေတော့ဘူး။ အဲဒီ့အစား သူ့တို့က ခေါင်းညိတ်ထောက်ခံလိုက်ကြတယ်။
သူတို့ကလဲ ကျိန့်ယွမ့်နဉ်က သူတို့စိတ်ကူးထဲကနဲ့ မတူဘူးလို့ ခံစားမိနေတယ်။
စူးလီက သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖွင့်လိုက်ပြီး သူမရဲ့အသံထဲမှာ သံသယစိတ်တွေအပြည့် ဖြစ်နေတော့တယ်။
[ကြည့်လိုက်ပါအုံးမယ်...]
[တကယ်ပဲ ဟဲ့]
စူးလီရဲ့အသံက စိတ်လှုပ်ရှားမှု အတိုင်းအတာ ၈ဒီဂရီအထိ ထိုးတက်သွားတော့တယ်။
[ကျိစီက လူမှားပြီး အသိအမှတ်ပြုခဲ့တာပဲ၊ ဒီကျိန့်ယွမ့်နဉ်ဆိုတဲ့သူက သူ ငယ်ငယ်လေးတုန်းက ကယ်ပေးခဲ့တဲ့ ကလေးမလေး မဟုတ်ဘူး]
ကျိစီက ရုတ်တရက်ဆိုသလို နေရာမှာတင် အေးခဲသွားတော့တယ်။ ဘယ်လို။
ကျိန့်ယွမ့်နဉ်က တစ်ခါတုန်းက... သူ့ကို ကယ်ပေးခဲ့တဲ့သူ မဟုတ်ဘူးတဲ့လား။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ဝမ့်ကျန့်ဂိုဏ်းက တခြားသူများကလဲ အထိတ်တလန့် ဖြစ်သွားတော့တယ်။ ကျိန့်ယွမ့်နဉ်က ကျိစီပြောပြခဲ့ဖူးတဲ့ပုံစံနဲ့ မတူဘူးလို့ ခံစားမိကြပေမဲ့လဲ သူမက အတုအယောင် ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူးလေ။
သူတို့တွေက အမှတ်တမဲ့ ခေါင်းကိုလှည့်လိုက်ပြီး တပြိုင်တည်း ကျိန့်ယွမ့်နဉ်ကို ကြည့်လိုက်ကြတယ်။ တစ်စုံတစ်ယောက်ကတော့ ကျိစီရဲ့ကယ်တင်ရှင်လို့ တကယ်ပဲ ဟန်ဆောင်ရဲသတဲ့လား။ ကျိစီက ခေါင်းဘယ်နှစ်ခုလောက်ကို ဖြတ်ခဲ့တယ်ဆိုတာ သူ မသိလို့လား။
ကျိန့်ယွမ့်နဉ်က သူမရဲ့ အုတ်မြစ်တည်အဆင့်ကျင့်ကြံခြင်းကိုပဲ တည်ဆောက်ရသေးတာကြောင့် အပြင်လောကကလာတဲ့အသံကို မကြားနိုင်ဘူး။ သူမရဲ့ ပတ်ဝန်းကျင်က သူတွေရဲ့အကြည့်က သူမကို အရမ်းထူးထူးဆန်းဆန်း ခံစားမိနေတယ်လို့ပဲ ထင်နေမိစေတယ်။
သူမက ခေါင်းကိုမော့လိုက်ပြီး ကူကယ်ရာမဲ့သလို ကျိစီကို ကြည့်လိုက်တယ်။
“ကျိသခင်လေး တခြားသူတွေက ကျွန်မကို ဘာဖြစ်လို့ ဒီလို ကြည့်နေတာလဲ၊ ကျွန်မ နည်းနည်းလေး ကြောက်လာပြီ....”
သူမ စကားမဆုံးသေးခင်မှာပဲ ကျိစီရဲ့ မျှော်လင့်မထားတဲ့ အေးစက်စက်အကြည့်နဲ့ ဆုံမိသွားတော့တယ်။
“ကျိသခင်လေး ရှင် ဘာဖြစ်တာလဲ” ကျိန့်ယွမ့်နဉ်ရဲ့အသံက အမှတ်တမဲ့ ပျာယာခတ်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
ဘာမှမဖြစ်ခဲ့တာလဲ သေချာပါတယ်။ သူ့ရဲ့သဘောထားက ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲလောက် ပြောင်းလဲသွားတာလဲ။
သူက တစ်ခုခုမှားနေတာ သိသွားလို့များလား။
မဖြစ်နိုင်ဘူး။ သူမက အစောကြီးကထဲက ကိုယ့်ဟာကိုယ် ရုပ်ဖျက်ထားတာပဲ ကျိစီက သူမကို ဘယ်တော့မှ သံသယဖြစ်ခဲ့တာ မဟုတ်ဘူး။
ကြည့်ရတာ ဒီလူတွေကြားထဲမှာ ကျိစီသဘောမကျတဲ့လူတွေ ရှိနေတာများလား။
ကျိန့်ယွမ့်နဉ်က သူမကိုယ်သူမ စိတ်ထဲမှာ ဆက်တိုက် နှစ်သိမ့်ပေးနေလိုက်တယ်။
ဒီအချိန်မှာပဲ သူမက ကျိစီရဲ့ အေးအေးစက်စက်အသံကို ရုတ်တရက် ကြားလိုက်ရတော့တယ်။
“မိန်းကလေးကျိန့် ကျွန်တော်တို့တွေ ပထမဆုံးတွေတဲ့ အချိန်တုန်းက မင်းပြောခဲ့တဲ့စကားကို မှတ်မိသေးလား”
ကျိန့်ယွမ့်နဉ်ရဲ့ ပျာယာခတ်နေတဲ့စိတ်က ပိုပြီး ဆိုးရွားလာတော့တယ်။ သူမက ခေါင်းကိုမော့လိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ ဣန္ဒြေတစ်ခုကို ကြိုးစားတည်ထားလိုက်တယ်။
“ကျိသခင်လေး ဘာဖြစ်လို့ ဒီမေးခွန်းကို ထပ်မေးနေတာလဲ”
သူမက ကူကယ်ရာမဲ့သလို ဟန်ဆောင်လိုက်ပြီး လေသံပျော့ပျော့နဲ့ ပြောလိုက်တယ်။
“ဒါက ဖြစ်ခဲ့တာနှစ်ပေါင်းတစ်ရာ ကျော်သွားပြီလေ။ ကျွန်မ တကယ်ပဲ လုံးဝ မမှတ်မိတော့ဘူး”
[အဟင့်... ထင်တားတဲ့ အတိုင်းပဲ ငါဒီမှာ ရှိနေတာက သူတို့ရဲ့ ဦးနှောက်တွေကို ပိုပြီးထက်မြက်လာစေတာပဲ]
[ကျိစီက ကျိန့်ယွမ့်နဉ် တစ်ခုခု မှားယွင်းနေတယ်ဆိုတာကို တကယ်ပဲ စပြီး သံသယဖြစ်လာပြီ]
စူးလီက ကောင်းကင်စာအုပ်ကို ကြည့်နေရာမှ ခေါင်းကိုမော့လိုက်ပြီး ကျိစီကို ထောက်ခံတဲ့ပုံစံနဲ့ လှမ်းကြည့်လိုက်တယ်။
[ဒါပေမဲ့ ကျိစီက ပြသာနာကို သတိမထားမိရတဲ့ အကြောင်းအရင်းတစ်ခုတော့ ရှိရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ကယ်ပေးခဲ့တဲ့သူက တကယ်တော့ ကျိန့်ယွမ့်နဉ်ရဲ့အစ်မ ကျိန့်မင်ယွဲ့ဖြစ်နေလို့ပဲ]
[သူတို့နှစ်ယောက်စလုံးက ရုပ်ချင်းဆင်တယ်လေ၊ ကျိန့်ယွမ့်နဉ်က ကျိစီ ကျိန့်မင်ယွဲ့အတွက် ထားပေးခဲ့တဲ့ အမှတ်တရလက်ဆောင်ကို လုယူခဲ့တာလေ]
[နောက်ပြီးတော့ ဒါက နှစ်တစ်ရာနီးပါး ရှိနေပြီ၊ ဒီတော့ ကျိန့်ယွမ့်နဉ်က သူ့စိတ်ကြိုက် ပုံပြင်လုပ်တမ်း ကစားလို့ရပြီလေ၊ အဆိုးဆုံးကတော့ အခုလိုဖြစ်နေတာပဲ၊ အရမ်းကြာနေပြီမလို့ ကျွန်မ မမှတ်မိတော့ဘူးလေ ဆိုပြီးတော့ပေါ့လေ~]
အပြင်လောကကလာတဲ့ စကားသံကို ကြားလိုက်ရပြီးတဲ့အခါ ကျိစီက သူ့ရဲ့လက်တွေကို တင်းနေအောင် ဆုပ်ထားလိုက်တော့တယ်။ သူက ကျိန့်ယွမ့်နဉ်ကို ကြည့်လိုက်တဲ့အချိန်မှာ သူရဲ့မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့မှုတွေ လုံးဝမကျန်ရှိတော့ဘူး။
သူက ကျိန့်ယွမ့်နဉ်ကို ရှာတွေ့ပြီးကတည်းက သူ့ရင်ထဲမှာ ဝိုးတဝါး သံသယတွေ အမြဲတမ်းရှိနေခဲ့တာ။
ဒါပေမဲ့ ကျိန့်ယွမ့်နဉ်က သူ့မှတ်ဉာဏ်ထဲကလူနဲ့ အတိုင်းအတာတစ်ခုအထိ ရုပ်ချင်းဆင်နေတယ်။ သူမဆီမှာလဲ သူ့ထားပေးခဲ့တဲ့ လက်ဆောင်တစ်ခုကရှိနေတယ်။ သူက သူတို့တွေ အတူတူရှိခဲ့ကြဘူးတဲ့ အချိန်တစ်ခုကိုတောင်မှ ပြန်ပြီး အမှတ်ရမိနေသေးတယ်လေ။
ဒီတော့ သူက သူအတွေးလွန်နေတာပဲလို့ပဲ ထင်နေတာပေါ့။
သူက အစကတည်းက လူမှားပြီးရွေးချယ်ခဲ့မိတာ ဖြစ်နေတာကိုး။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့မျက်နှာပေါ်မှာ နဂိုကအေးတိအေးစက် ဆုံးဖြတ်ချက် ပြတ်သားတဲ့ ရုပ်တစ်ခု ပြန်ရောက်လာတော့တယ်။ သူက ကျိန့်ယွမ့်နဉ်ကို ကြည့်လိုက်ပြီး တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။
“ငါ့ကို ကယ်ခဲ့တာ မင်း မဟုတ်ဘူး”
ကျိန့်ယွမ့်နဉ်က သူ့စကားကို ကြားလိုက်တဲ့နောက်မှာ နေရာမှာတင် အေးခဲသွားတော့တယ်။သူပြောခဲ့တဲ့စကားတွေကို နားလည်သွားပြီးတဲ့နောက်မှာ သူမရဲ့ရင်အစုံက အရမ်းကို မြန်မြန်ဆန်ဆန် ခုန်လာပြီး သူမရဲ့ရင်ဘက်ထဲက ပေါက်ထွက်သွားတော့မယောင် ဖြစ်သွားတော့တယ်။
တကယ်ပါပဲ ဘယ်လိုဖြစ်သွားတာလဲ ကျိစီက ရုတ်တရက် တစ်ခုခုမှားယွင်းနေတာ ဘာလို့ ရှာတွေ့သွားတာလဲ။
သူမက ကျိန့်မင်ယွဲ့ကို သေသေချာချာ ထိန်းချုပ်ထားခဲ့ပြီးသားပဲ။ သူမက ဒါကို ဘာတစ်ခုမှထွက်မလာအောင် သေချာလုပ်ထားခဲ့တာပဲ။
သူ သက်သေတော့ရှာတွေ့သေးမှာ မဟုတ်လောက်ဘူး။ သူက သူမကို စမ်းသပ်နေတာပဲ။ ဟုတ်တယ်။ ဒီလိုပဲ ဖြစ်ရမယ်။ ဒီအချိန်အထိ ရောက်လာတာတောင် သူမက ဘာအမှားအယွင်းတစ်ခုမှ မလုပ်ခဲ့ဘူးလေ။ ဒီလိုစဥ်းစားလိုက်ပြီး သူမက ခေါင်းကိုမော့လိုက်ကာ အလွန်တရာ ဝမ်းနည်းတဲ့မျက်ဝန်းတစ်စုံကို လှစ်ပြလိုက်တယ်။ သူမရဲ့ နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်ရင်နေပြီး သူမရဲ့မျက်လုံးတွေထဲကလဲ ကျိုးပျက်သွားလို့ ပြုတ်ကြလာတဲ့ပုလဲလုံးတွေလို မျက်ရည်တွေက တစက်တစက် စီးကျလာတော့တယ်။
“ကျိသခင်လေး ကျွန်မက ရှင့်ကို အစပိုင်းက ကယ်တင်ပေးခဲ့တယ်ဆိုတာကလဲ ကျွန်မမှာ ကောင်းတဲ့စေတနာကြောင့်ပါ၊ ကျွန်မက ရှင်ပြန်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူးကိုး”
“ကျွန်မ ရှင်နဲ့ ဝမ့်ကျန့်ဂိုဏ်းကိုလိုက်လာဖို့ မျှော်လင့်တယ်ဆိုတာကလည်း ကျွန်မက ရှင့်ကို နှစ်သက်မြတ်နိုးနေလို့ပါ”
သူမက လက်တဖက်နဲ့ ရင်ဘတ်ကိုကိုင်ဆုပ်ထားလိုက်ပြီး မျက်ဝန်းတွေထဲမှာ မျက်ရည်တွေ ဝဲတက်လာခါ မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးအစုံနဲ့ ပြောလိုက်တယ်။
“ကျွန်မက ရှင့်ကို ခြိမ်းခြောက်ဖို့အတွက် ကျွန်မရဲ့ အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ဘယ်တုန်းကမှ အသုံးမချခဲ့ဖူးဘူး။ အခုကျမှ ရှင်က ကျွန်မကို ဘာဖြစ်လို့ ဒီလိုထင်နေတာလဲ”
[ကျွတ် ကျွတ် ဒါက ငါ ကျင့်ကြံရေးလောကထဲမှာ မြင်ခဲ့ဖူးတဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့သူပဲ]
[ဒီလို သရုပ်ဆောင်စွမ်းရည်မျိုးနဲ့ဆိုရင် သူက ကျိစီရဲ့ ကယ်တင်ရှင်အဖြစ် ဟန်ဆောင်ခဲ့တာလဲ မဆန်းဘူးလေ]
[တော်လိုက်တဲ့ အရည်အချင်းပဲ]
စူးလီက ကျိန့်ယွမ့်နဉ်ကို စကားအနည်းငယ် ချီးမွမ်းလိုက်ပြီးတဲ့နောက်မှာ သူမက ကောင်းကင်စာအုပ်ထဲက စာတွေကို အာရုံစိုက်ပြီး ပြန်ဖတ်လိုက်တော့တယ်။ ကယ်တင်ရှင်တစ်ယောက်လို မှားယွင်းပြီး ဝန်ခံထားတဲ့ ဒီလို ဖရဲသီးမျိုးက တကယ့်ကို အရသာရှိတာပဲ။
သူ့ကို မရပ်ခိုင်းနိုင်တော့ဘူး။
[အဲဒီတုန်းက ကျိန့်မင်ယွဲ့က ကျိစီကို ကယ်ပေးပြီး သိပ်မကြာခင်မှာပဲ သူရဲ့အဖေက ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ကို တက်သွားပြီးတော့ မိသားစုတစ်ခုလုံးကလဲ မြို့ကနေ ထွက်သွားတယ်]
[ဟဲ့__ __ ကျိန့်မင်ယွဲ့က အရမ်းသနားစရာ ကောင်းတာပဲ]
သွေးတစ်စက်က ကျိစီရဲ့ တင်းနေအောင်ဆုပ်ထားတဲ့ လက်ထဲကနေ စီးကျလာတော့တယ်။ သူက ကျိမ်ယွမ့်နဉ်ကို ထက်ပြီး မကြည့်တော့ဘူး။ အဲဒီ့အစား သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး အပြင်ကလာတဲ့အသံပြောတဲ့ စကားလုံးတိုင်းကို နားထောင်နေလိုက်တယ်။
သူမ ဘယ်လို အခြေအနေရှိလဲဆိုတာ သူ သိချင်တယ်လေ။
[ကျိန့်မင်ယွဲ့ရဲ့အဖေက မြို့အသစ်ကို ရောက်လာပြီးတဲ့အခါမှာ သူက မတော်တဆ ပျောက်ဆုံးသွားခဲ့တဲ့ သူရဲ့အချစ်စစ်ကို တွေ့ခဲ့တယ်လေ၊ သူရဲ့အချစ်စစ်နဲ့ လက်ထပ်ပြီးသွားတဲအခါ သူက သူရဲ့အချစ်စစ်ကို ကျိန့်မင်ယွဲ့နဲ့ သူ့သမီးကို နှိပ်စက်ခွင့်ပေးထားတဲ့အပြင် ကျိန့်မင်ယွဲ့ရဲ့အမေကိုလဲ အဆိပ်ဝိုင်တစ်ခွက် တိုက်ပြီး အဆိပ်ခပ်ခဲ့တယ်]
[နောက်ပြီး သူ့ရဲ့အချစ်စစ်နဲ့မွေးလာတဲ့ ကျိန့်ယွမ့်နဉ်ကတော့ သူရဲ့မျက်လုံးထဲမှာ ပန်းသီးလေးတစ်လုံး ဖြစ်လာတော့တယ်လေ]
[ကျိန့်မင်ယွဲ့က ကျိန့်ယွမ့်နဉ်ရဲ့ ကျေးကျွန်တစ်ယောက် ဖြစ်လာခဲ့ပြီး ဆန္ဒရှိသလို ရိုက်နှက်ခံရတယ်၊ ဆူဆဲခံရတယ်၊ သူ့ဆီမှာရှိတဲ့ အရာအားလုံးကလဲ ကျိန့်ယွမ့်နဉ်ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်လာခဲ့ပြီး ကျိစီ ချန်ထားပေးတဲ့ ကျောက်စိမ်းပုလဲ အပါအဝင်ပေါ့]
[အရမ်းကို ဝမ်းနည်းစရာ ကောင်းတာပဲ၊ သူက တစ်ချိန်တုန်းက အလိုလိုက်ခံရတဲ့ သမီးလေးတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ရုတ်တရက်ဆိုသလို သူမရဲ့အဖေက တခြားတစ်ယောက်လို ပြောင်းလဲသွားပြီး သူရဲ့အမေကိုလဲသတ်ပစ်ခဲ့တယ် သူမလဲ သူ့ရဲ့အဖေတူအမေကွဲညီမရဲ့ ကျွန်တစ်ယောက် ဖြစ်လာခဲ့တယ်]
[ဒါပေမဲ့ သူကလဲ အရမ်းကိုဇွဲနပဲကြီးတာပဲ ဒဏ်ရာဒဏ်ချက်တွေ အများကြီးရှိလာခဲ့ပေမဲ့လဲ ဒီနေ့အထိ အသက်ရှင်နေသေးတယ်]
ရှန်ယွင်အန်းက မြေကြီးပေါ်မှာကျလာတဲ့ ကျိစီရဲ့ လက်ထဲက သွေးစက်တွေကိုကြည့်လိုက်ပြီး လက်ကိုထုတ်လိုက်ကာ သူ့ပခုံးကို ကိုယ်ချင်းစာစိတ်နဲ့ ပုတ်ပေးလိုက်ပြီး စိတ်ထဲက သက်ပြင်းချမိတော့တယ်။
တကယ်လို့များ အပြင်ကလာတဲ့အသံကြောင့်သာ မဟုတ်ဘူးဆိုလျှင် ဒီလိုကိစ္စမျိုး ဖြစ်နေလိမ့်မယ်ဆိုတာ ဘယ်သူက ခန့်မှန်းမိမှာလဲ။
ကျိစီက အားလုံးရဲ့အကြည့်ကို လုံးဝ မသိတဲ့ပုံပဲ သူက သူ့ရဲ့လက်ကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး ဓားကိုင်ထားတဲ့ သူရဲ့ညာဘက်လက်က တကယ်တမ်းကျတော့ မသိမသာ တုန်ရင်လို့နေတယ်။
သူက ကျိန့်မိသားစုအိမ်မှာ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။
အေးစက်နေတဲ့ဆောင်းတွင်းမှာ ကောက်ရိုးအနွေးထည်ကို ဝတ်ထားတဲ့လူတစ်ယောက်။ ခန္ဓာကိုယ်ပေါ်မှာလဲ မရေမတွက်နိုင်တဲ့ အမာရွတ်တွေ ပြည့်နေတဲ့ မျက်နှာတစ်ခု။ စကားတောင် မပြောနိုင်ရှာဘူး။
ကျိန့်မိသားစုက သူမက လမ်းဘေးကနေ ကယ်လာခဲ့တဲ့ သူတောင်းစားတစ်ယောက်လို့ ပြောတယ်။ နာမည်မရှိဘူးတဲ့။ အားလုံးက... သူ့ကို အအမလေးလို့ ခေါ်ကြတယ်။
သူက ဘာဖြစ်လို့ ဒါကို မမှတ်မိခဲ့ရတာလဲ။
အလျှော့မပေး ခေါင်းမာပြီးဇွဲနပဲကြီးတဲ့ မျက်ဝန်းအစုံ ပိုင်ဆိုင်ထားတဲ့သူက သူမပဲပေါ့။
သူမက သူ့ကို ကယ်ပေးခဲ့တဲ့သူဖြစ်ပြီး သူ့ရဲ့အသက်ကို ထိန်းသိမ်းထားဖို့ သူ့ကိုပြောခဲ့တဲ့သူပေါ့။
သူမရဲ့ ဒီနေ့ပုံစံဖြစ်လာရအောင် ဒီနှစ်တစ်ရာအတွင်းမှာ ဘယ်လိုဒုက္ခတွေ သည်းခံခဲ့ရတာလဲ။
သူက ဖြူဆုတ်ပြီး သွေးရောင်မရှိတော့တဲ့ သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်တော့တယ်။
ကောင်းကင်ကလာတဲ့အသံက ကျိန့်မင်ယွဲ့ရဲ့ဒုက္ခတွေကို ဆက်ပြီးပြောပြနေတယ်။
[အရမ်းကို ဝမ်းနည်းစရာ ကောင်းတာပဲ၊ ဆောင်းတွင်းမှာ ကျိန့်ယွမ့်နဉ်ရဲ့ ရေခဲရေထဲကန်ချတာ ခံရပြီး နာရီဝက်လောက် ရေထဲမှာနေခဲ့ရတယ်၊ ကျိန့်ယွမ့်နဉ်က သူ့ကို မီးထဲမှာလဲ ပိတ်လှောင်ထားပြီး ခြောက်နေအောင် ကင်ခံရလုမတတ်ဖြစ်ခဲ့တယ်၊ မီးကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေက တစ်ကိုယ်လုံးပါပဲ...]
ကျိစီက ဆက်ပြီး သည်းမခံနိုင်တော့ဘဲ သူ့မျက်လုံးတွေကို ဖွင့်လိုက်ကာ လက်ကိုဆန့်ပြီး ကျိန့်ယွမ့်နဉ်ရဲ့ လည်ပင်းကို ရက်ရက်စက်စက် ဖမ်းဆုပ်ထားလိုက်တော့တယ်။
ကျိန့်ယွမ့်နဉ်က မလှုပ်ရှားနိုင်ခင်မှာပဲ သူက သူမကို လေထဲမှာ ဆွဲပင့်ထားလိုက်တယ်။ သူမက ဒေါသတကြီးနဲ့ ရုန်းကန်တော့တယ်။
“ကျိစီ ရှင် ရူးနေလား”
သူမက လက်နှစ်ဘက်စလုံးနဲ့ ကမန်းကတန်းသူ့လက်ကို ဖမ်းဆုပ်ထားလိုက်ပြီး ခက်ခက်ခဲခဲနဲ့ ပြောရတော့တယ်။
“ကျွန်မက ရှင့်ရဲ့ အသက်သခင်လေ၊ ဘယ်လိုဖြစ်ပြီး ရှင်က ကျွန်မကို ဒီလိုလုပ်နိုင်ရက်တာလဲ”
“ကယ်တင်ရှင် ဟုတ်လား”
ကျိစီက သူမကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ အရိုးစိမ့်မတတ် အအေးဓာတ်တွေ ပြည့်နေပြီး အေးခဲလွန်းတဲ့အတွက် ပတ်ဝန်းကျင်က အရာအားလုံးက အေးခဲသွားတော့မလိုပဲ။
“မင်း ငါ့ကို သတိပေးလိုက်တာပဲ”
သူမက သူ့ကို ဒီလိုလုပ်ခွင့် မပေးခဲ့သင့်ဘူးလေ။
သူက သူရဲ့လက်ကိုဆန့်လိုက်ပြီး ကျိန့်ယွမ့်နဉ်ကို မြေကြီးပေါ် ပစ်ပေါက်လိုက်တော့တယ်။
သူက သူမရဲ့ခန္ဓာကိုယ်ပေါ်က မရေမတွက်နိုင်တဲ့ အပွန်းပဲ့ဒဏ်ရာတွေကို ဘာမှမဖြစ်သလို ကြည့်လိုက်ပြီး သူ့ရဲ့လက်ကိုထပ်ဆန့်လိုက်ခါ သူမကို ဝိညာဥ်စွမ်းအင်ကြိုးတစ်ချောင်းနဲ့ တင်းနေအောင် ချည်နှောင်ထားလိုက်တော့တယ်။
ဒီအချိန်မှာတော့ ကျိစီက အရည်မပျော်နိုင်တော့တဲ့ ရေခဲနဲ့ဆီးနှင်းတွေ ဖုံးကွယ်နေသယောင် ထင်ရတယ်။ သူက ကိုယ်ကိုလှည့်လိုက်ပြီး အင်မတန်မှ မျိုသိပ်ဖိနှိပ်ထားရတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ကြီး ကျွန်တော် ကိုယ်ရေးကိုယ်တာကိစ္စတစ်ချို့ ရှင်းလင်းစရာရှိတာကြောင့် ဂိုဏ်းကနေ ထွက်သွားချင်ပါတယ်”
သူက အရမ်းကိုလေးနက်တဲ့ အမူအရာတစ်ခုနဲ့ ‘ကိုယ်ရေးကိုယ်တာကိစ္စ’ဆိုတဲ့ စကားကိုပြောလိုက်တယ်။
[ကျိစီက ကျိန့်ယွမ့်နဉ်က သူရဲ့ကယ်တင်ရှင် မဟုတ်ဘူးဆိုတာ သိသွားလို့ သူ့ကိုခေါ်ပြန်သွားပြီး ကျေးဇူးရှင်အစစ်ကို သွားရှာမလို့လား]
ဟုတ်တာပေါ့။ ကျိန့်ယွမ့်နဉ်က သူ့လက်ထဲမှာပင် မေးခွန်းလေးမေးလိုက်ရုံနဲ့ အဖြေကို ရှာတွေ့နိုင်တာပဲ။
[မဆိုးဘူး၊ မဆိုးဘူး၊ နည်းနည်းလေး မျက်ကန်းဖြစ်နေပေမဲ့လဲ အနည်းဆုံးတော့ လုံးဝကြီး ကန်းသွားတာ မဟုတ်ဘူးလေ] စူးလီက ကျိစီရဲ့ကျောပြင်ကို ကြည့်လိုက်ပြီး ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တော့တယ်။
ဒီနေ့ ငါက ရှန်ချန်းဟန်နဲ့ အပြင်ကိုလမ်းထွက်လျှောက်ရင် ကောင်းမလား... မထွက်ရင် ကောင်းမလားဆိုပြီး အကြပ်ရိုက်နေခဲ့တာ။ ဟုတ်နေပါပြီ။ ငါ့ရဲ့ အပြင်ထွက်လာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က မှန်ကန်သွားတယ်။
အရမ်းကို ကျေနပ်စရာကောင်းတဲ့ဖရဲသီးကို စားလိုက်ရတဲ့အပြင် ငါ့ရဲ့စိတ်ကို ပြန်လည်လန်းဆန်းလာအောင် ကောင်းကင်အရောင်အဝါကိုလဲ သုံးလိုက်ရပြီး မျက်ကန်းဖြစ်နေတဲ့ ကျိစီကိုလဲ သူ့ရဲ့အမြင်အာရုံ ပြန်ရလာအောင် ကူညီပေးနိုင်ခဲ့တယ်။
အရမ်းကို ဆန္ဒပြည့်ဝခဲ့တဲ့ နေ့တစ်နေ့ပဲ။
...