← Chapters

အခန်း ၅၇

Vol. 4 Ch. 57

အခန်း ၅၇

Vol. 4 Ch. 57

အပိုင်း (၅၇)

သုံးရက်တာက ကိစ္စအများအပြား ဖြစ်ပျက်ရန် လုံလောက်သည့် အချိန်ပင်။

ဝမ့်ကျန့်ဂိုဏ်းရဲ့ ပထမဦးဆုံး အတုအယောင်ဆန့်ကျင်တဲ့ သင်ကြားရေးကို အရှိန်အဟုန်နဲ့ စတင်ခဲ့တယ်။ ပထမဦးဆုံး သင်ခန်းစာကတော့ ဂိုဏ်းသားတွေအားလုံးကို သတိပေးဖို့ပဲ။ ကျင့်ကြံရေးလောကထဲမှာ လုံအောက်ထျန်းဆိုတာ မရှိဘူး။

အဲဒီနေ့က ဂိုဏ်းသားတွေ တော်တော်များများရဲ့ မျက်နှာမှာ ဝမ်းနည်းမှုအပြည့် ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ တချို့တွေဆိုရင် လက်မခံနိုင်တဲ့အတွက်ကြောင့် မေ့လဲကျသွားတဲ့အထိပဲ။

ကျိစီက သူ့ကျေးဇူးရှင်ကို ရှာတွေ့ပြီးတဲ့နောက် သူ့မှာ ကျိန့်မင်ယွဲ့ ကျန်းမာရေး ပြန်ကောင်းလာအောင် သူ့ပိုင်ဆိုင်မှုတွေအားလုံး ထုတ်သုံးခဲ့တယ်။ ဘယ်လောက်များလိုက်သလဲဆိုရင် အပြင်ကအကြွေးတွေပါ အများကြီး တင်သွားတော့တယ်။ လတ်တလောမှာ ဂိုဒေါင်အကြီးအကဲက ကျိစီကို အများဆုံး သွားရှာနေရတယ်။ ဝိညာဥ်ကျောက်တုံးတွေကို အချိန်မီ ပြန်ပေးဖို့ ဆက်တိုက်သတိပေးနေတာလေ။

လော့ဝမ်က ရှီးယန်းချန်ကို သူတပည့်အဖြစ် လက်ခံပြီးတဲ့နောက်မှာ သူမက အင်မတန်မှ ပါရမီရှိတာကို တွေ့လိုက်ရတယ်။ သူက နေ့တိုင်း ရှီးယန်းချန်ကို ဂရုတစိုက် သင်ကြားပေးနေတာနဲ့ အလုပ်များနေတယ်။ အလုပ်များလွန်းလို့မှ ဂိုဏ်းအစည်းအဝေးကိုလဲ မတက်နိုင်တဲ့အတွက် ချီမင်ရဲ့ ဝေဖန်ခံရတာကိုပဲ အမြဲတစေခံနေရတယ်။

ရှန်ချန်းဟန်ကတော့ သုံးရက်ဆက်တိုက် ဓားသိုင်းကို လေ့ကျင့်လာခဲ့တယ်။

ချီမင်က ခြံဝန်းထဲမှာ သစ်သားဓားလေးဝှေ့ယမ်းနေတဲ့ ရှန်ချန်းဟန်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ မျက်ရည်တွေပါ ဝဲလာတော့တယ်။

သုံးရက်ပဲ ရှိသေးတယ်။ ဝမ့်ကျန့်ဂိုဏ်းရဲ့ ဓားသိုင်းကျင့်ကြံသူတွေဆီကနေ အခြေခံ ဓားသိုင်းကွက်တွေကို စပြီးလေ့လာနေတဲ့ ရှန်ချန်းဟန်က သူ့ရဲ့ အင်အား ၇၀ ရာခိုင်နှုန်းကိုသုံးပြီးတော့ ဓားသိုင်းကွက်တွေကို အသုံးပြုလာနိုင်တယ်။

ဒါက ကျင့်ကြံခြင်းနဲ့ ဘာမှကို မဆိုင်ဘူး။ အုတ်မြစ်တည်ကျင့်ကြံရေးအဆင့်ကို ရောက်ပြီးသား တချို့တပည့်တွေကတောင် ဒီအခြေခံ ဓားသိုင်းကွက်တွေကို ဒီလိုပြီးပြည့်စုံနိုင်အောင် မလေ့ကျင့်နိုင်ကြဘူး။

ဒါက ဓားခန္ဓာကိုယ်လေ။ ဒါက ရှန်ချန်းဟန်ရဲ့ အရည်အချင်းပေါ့။

တကယ်လို့များ ပတ်ဝန်းကျင်မှာ ဘယ်သူမှရှိမနေဘူးဆိုရင် သူကတော့ အင်္ကျီလက်လေးကိုကိုင်ပြီး ငိုမိမှာပဲ။ ဘယ်ဓားသိုင်းကျင့်ကြံသူက ဒီလိုတပည့်မျိုးကို မလိုချင်ဘဲ နေပါ့မလဲ။

အထူးသဖြင့် သူလက်ခံထားခဲ့တဲ့ တပည့်တွေအကြောင်းကို စဥ်းစားလိုက်မိတဲ့အချိန်မှာပေါ့။ သူ့ရဲ့ ဝိညာဥ်ဓားကို သုံးပြီး ကိုယ့်ဟာကိုယ် ဟိုဒင်းဟိုဟာလုပ်တဲ့ တပည့်အကြီးဆုံး။ သူ့ကို အမြဲတမ်း ထိန်းချုပ်နေတဲ့ ဒုတိယတပည့်။ အားယားနေတယ်လို့ ဟန်ဆောင်နေပေမဲ့လည်း ခိုးပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံနေတဲ့ တတိယတပည့်...

သူကတော့ ရှန်ချန်းဟန်ကို သူ့တပည့်အဖြစ် တကယ့်ကို ခေါ်ယူချင်တာပဲ။

သူ့ဘေးမှာတော့ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေက သူ့လိုပဲ ပြင်းပြတဲ့ အကြည့်တွေနဲ့ ဖြစ်နေတော့တယ်။

ဒါက နတ်ဓားခန္ဓာကိုယ်လေ။

သူတို့တွေက ရှန်ချန်းဟန်ကို သူတို့ရဲ့တပည့်အဖြစ် တကယ်ပဲ လက်ခံရမယ်ဆိုရင် သူမက အနာဂတ်မှာ ခရီးထွက်တဲ့အခါ သူမရဲ့ဆရာကို ကိုယ်တိုင်မိတ်ဆက်ပေးခံရမဲ့ ပုံစံကို စဥ်းစားမိလိုက်တဲ့အချိန်မှာ စိတ်ကူးယဥ်အိပ်မက် အပြုံးတစ်ခုက သူတို့ရဲ့မျက်နှာပေါ်မှာ ရုတ်တရက် ဖြစ်တည်လာတော့တယ်။

“အဟွတ် အဟွတ်...”

ချီမင်က ပထမဦးဆုံး သတိပြန်ဝင်လာခဲ့တယ်။ သူ့ဘေးက အသုံးမကျတဲ့လူတွေကို ကြည့်လိုက်ပြီး အထင်အမြင် သေးတဲ့ဟန်နဲ့ ချောင်းနှစ်ချက် ဟန့်လိုက်တယ်။

သူတို့တွေက ပုံမှန်အတိုင်း ပြန်လည်ပြုမူလာပြီဆိုတာကို မြင်လိုက်ရတဲ့အခါမှ သူက မျက်နှာပေါ်မှာ အင်မတန်မှ ရင်းနှီးဖော်ရွေတဲ့ ရုပ်သွင်တစ်ခုနဲ့ ပြန်ရောက်လာတယ်။

“ချန်းဟန်၊ အခု မင်းက ဝမ့်ကျန့်ဂိုဏ်းနဲ့ ရင်းနှီးလာပြီနော်”

သူက ခဏလောက်တုံ့ဆိုင်းသွားပြီး မျက်လုံးထဲမှ မျှော်လင့်ချက် အရိပ်အယောင်တစ်ခုနဲ့...

“မင်းက မင်းရဲ့ဆရာကို ဘယ်သူ့ကို ရွေးချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလား”

ရှန်ချန်းဟန်က လူအုပ်ကြီးရဲ့ မျှော်လင့်တကြီးဖြစ်နေတဲ့ မျက်လုံးတွေကို ကြည့်လိုက်ပြီး လွန်ခဲ့တဲ့သုံးရက်က စူးလီ သူမကိုပေးခဲ့တဲ့ အကြံအဉာဏ်ကို စဥ်းစားလိုက်တယ်။ သူမက ချီမင်ကိုကြည့်လိုက်ပြီး သတ္တိတွေကိုစုစည်းကာ ပြောလိုက်တော့တယ်။

“ဂိုဏ်းချုပ်ကြီး ကျွန်မက ဆရာတစ်ယောက်ကို အချိန်တစ်ခုလောက်လေး ပေးပြီး ရွေးချယ်ချင်ပါတယ်”

သူမက ချီမင်ကို သတိလေးနဲ့ကြည့်လိုက်ပြီး သူမရဲ့အသံက မသိမသာ တုန်ယင်လို့နေတယ်။

“ရမလား”

သူ့ရှေ့မှာ ဒီလိုစကားပြောဖို့အတွက် သူမက သတ္တိတွေအားလုံးကို စုစည်းထားရတာ။

ချီမင်က ဘယ်လိုပဲ ပြုမူနေပါစေ သူက ဝမ့်ကျန့်ဂိုဏ်းချုပ် တစ်ယောက် ဖြစ်နေသေးတယ်။ အခုအချိန်မှာ သူမ မော့ကြည့်နိုင်တဲ့ တစ်ယောက်သောသူက သူပဲဖြစ်နေတယ်။

ဒါပေမဲ့လည်း သူမက သူမရဲ့ချန်ပေ့ကို ယုံကြည်တယ်။ သူတို့တွေက သူမကို ဘယ်တော့မှ လိမ်ညာလိမ့်မှာ မဟုတ်ဘူးလေ။

ချန်ပေ့က ဆရာတစ်ယောက်မရွေးခင် အချိန်တခုအထိ စောင့်ဆိုင်းဖို့ ပြောထားတယ်လေ။ သူမမှာလဲ သူမရဲ့ အကြောင်းပြချက် ရှိရမှာပေါ့။

ဒါကြောင့် သူမက အသက်ကိုအောင့်ထားလိုက်ပြီး ချီမင်ရဲ့အဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေလိုက်တယ်။

စူးလီက ခြံဝန်းထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေကို ပျင်းရိလေးတွဲတဲ့ဟန်နဲ့ စောင့်ကြည့်နေတယ်။ ရုတ်တရက် တံခါးအပြင်ဘက်က ကြွေကျနေတဲ့သစ်ရွက်တွေကို ဖြည်းဖြည်းချင်း လှည်းကျင်းနေတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ သူမက မသိမသာ မျက်ခုံးတွေကို ပင့်လိုက်ပြီး မတ်မတ်ထိုင်လိုက်တယ်။

သူမက တံခါးနားက အစေခံဝတ်စုံနဲ့လူကို လှမ်းကြည့်လိုက်ပြီး ခြံဝန်းထဲမှာ ရပ်နေတဲ့ ဝမ့်ကျန့်ဂိုဏ်းရဲ့ အထင်ကရပုဂ္ဂိုလ်တွေကို ပြန်ကြည့်လိုက်ပြီးတော့ ဇဝေဇဝါနဲ့ မျက်တောင်ခပ်မိတော့တယ်။ ဝမ့်ကျန့်ဂိုဏ်းရဲ့အစေခံတွေက အဲလောက်တောင် အစွမ်းရှိသတဲ့လား။

ငါက ဝမ့်ကျန့်ဂိုဏ်းကို လျှော့တွက်ခဲ့မိတာလား။

ဒီလိုစဥ်းစားလိုက်ပြီး သူမက ခြံဝန်းထဲက လူတွေကိုကြည့်လိုက်ပြီးမှ စဥ်းစဥ်းစားစားနဲ့ ပြောလိုက်တော့တယ်။

“ရှင်တို့အားလုံးက ဓားသိုင်းကျင့်ကြံခြင်းမှာ အရမ်းကို တော်ကြသလား”

ဝမ့်ကျန့်ဂိုဏ်းသားတွေရဲ့ ရှုပ်ထွေးနေတဲ့ ရုပ်သွင်တွေကို မြင်လိုက်ရတဲ့အခါ သူမက အစေခံတွေရှိတဲ့ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်တယ်။

“သူနဲ့ယှဥ်လိုက်ရင်လေ”

ရှန်ယွင်အန်းက ဇဝေဇဝါနဲ့ လှည့်အကြည့်မှာ တံမြက်စည်းလှည်းနေတဲ့ အစေခံတစ်ယောက်ကိုပဲ တွေ့လိုက်တယ်။ သူက ဇဝေဇဝါနဲ့ ကိုယ်ကိုလှည့်လိုက်ပြီး မျက်နှာပေါ်မှာ ရှုပ်ထွေးနေတဲ့ ရုပ်တစ်ခု ဖြစ်သွားတယ်။

“ကျုပ်တို့ရဲ့ကျင့်ကြံခြင်းအဆင့်က အကောင်းဆုံး မဟုတ်ဘူးဆိုပေမဲ့ ကျင့်ကြံရေးလောကထဲမှာ ကျုပ်တို့တွေက စံရှားပါးတဲ့ ပြိုင်ဘက်တွေဖြစ်တယ်။ မင်းက ဘာဖြစ်လို့များ...”

ချီမင်ကလွဲရင် တခြားသူတွေကလဲ ဇဝေဇဝါ ဖြစ်နေကြတယ်။ ဒီလူက ဝမ့်ကျန့်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ နောက်ပြီးတော့ သူ့ခန္ဓာကိုယ်ကလဲ တော်တော်လေး လေးဖင့်နေတဲ့ပုံပဲ။ စူးလီက ဘာဖြစ်လိုများ သူတို့ကို ဒီလူနဲ့ နှိုင်းယှဥ်နေတာလဲ။

ချီမင်က ရှန်ယွင်အန်းကို စကားမပြောဖို့ လက်လှမ်းပြီးတော့ တားလိုက်တယ်။ သူက စူးလီကို စေ့စေ့စပ်စပ်နဲ့ ကြည့်လိုက်တယ်။

သူ့ရဲ့ ဂိုဏ်းတူဆရာက သူရဲ့နဂိုသဘာဝကို ပြန်ပြောင်းသွားတာကို တကယ်တမ်း သိသွားနိုင်တဲ့ ဒီလူက တကယ်ပဲ ဘယ်သူများလဲ။ သူတောင်မှ တခုခုမှားယွင်းနေတာကို မခံစားလိုက်မိဘူးလေ။

“ကျုပ်တို့က ကျုပ်တို့ရဲ့ဂိုဏ်းတူဆရာနဲ့တော့ ပြိုင်ဘက်တွေ မဟုတ်တာ အမှန်ပါပဲ”

ချီမင်က ခြံဝန်းအပြင်ဘက်ကလူကို ဦးညွှတ်လိုက်ပြီး သူ့ရဲ့အသံကလဲ လေးစားတဲ့အရိပ်အယောင်တစ်ခု ပါနေတော့တယ်။

“ချန်ပေ့”

ဆရာယိက လုံးဝပြန်မဖြေဘဲ သစ်ရွက်တွေမရှိတဲ့မြေကြီးကို ဆက်ပြီး တံမြက်လှည်းနေတယ်။

ဝမ့်ကျန့်ဂိုဏ်းက တခြားလူတွေက အလန့်တကြားနဲ့ ချီမင်ကို ကြည့်လိုက်ကြတယ်။ ယွိကျင်တောင်ထွတ်သခင်က ဇဝေဇဝါနဲ့ မေးမိတော့တယ်။

“ဂိုဏ်းချုပ်ကြီး ဒီချန်ပေ့က...”

စူးလီရဲ့ မျက်လုံးတွေထဲမှာလဲ သိလိုစိတ်တစ်ခု ထွက်လာတယ်။ ချီမင်ရဲ့အဖြေကို စောင့်မနေတော့ဘဲ သူမက ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။

[ဒီလူက ရှီးကျန်ယိတဲ့လား]

အပြင်ကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့အခါ အားလုံးက နေရာမှာတင် ငေးကြောင်ကြောင် ရပ်မိသွားတော့တယ်။ ရှီးကျန်ယိ ဟုတ်လား။

ဓားတစ်ချောင်းတည်းနဲ့ မတရားမှုအားလုံးကို တစ်ကြိမ်တည်း သုတ်သင်ရှင်းလင်းပစ်လိုက်တဲ့ ချုံးမင်သခင်ကြီးလား။

ဒဏ္ဍာရီအဆိုအရဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က သူက ပျောက်ဆုံးသွားတဲ့သူ့သမီးကို ရှာဖွေချင်တာတဲ့။ ဒါကြောင့်မလို့ သူက မဖွင့်ရသေးတဲ့ လျှို့ဝှက်နယ်မြေကို တစ်ယောက်ထဲ ထိုးဖောက်သွားပြီး နောက်ဆုံးမှာ လျှို့ဝှက်နယ်မြေထဲမှာ သေဆုံးသွားခဲ့တာတဲ့။

အခု သူက ဝမ့်ကျန့်ဂိုဏ်းထဲမှာ တဲ့လား။

စူးလီကလဲ ရှီးကျန်ယိရဲ့ ဘဝအကြောင်းကို မြင်လိုက်တယ်။

[သူက လျှို့ဝှက်နယ်မြေထဲမှာ သေမင်းတံခါးဝအထိ ရောက်ခဲ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာကိုး၊ သူက ဟွေယွမ် ကြေးမုံကို နိုးထဖို့ သူရဲ့သွေးကိုသုံးခဲ့တယ်၊ သမီးဖြစ်သူရဲ့နေရာကို ရှာတွေ့လိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့၊ ဒါပေမဲ့လည်း ဟွေယွမ်ကြေးမုံက သမီးဖြစ်သူကိုလဲ ရှာမပေးနိုင်ခဲ့တာ သိလိုက်ရတယ်၊ နှလုံးကွဲကြေရတဲ့အတွက် သူ့ရဲ့ သက်တမ်းတစ်ဝက်ကို ဆုံးရှုံးလိုက်ရတယ်]

[အဲဒီ့တုန်းက သူ့ကို ဓားသိုင်းပညာရှင်တစ်ယောက်က ကယ်တင်ပေးခဲ့တာ၊ သူက ဟွေယွမ်ကြေးမုံက လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ် မပေးနိုင်ဘူးလို့ ပြောခဲ့တယ်၊ နောက်ပြီး သူ့ကို ဝမ့်ကျန့်ဂိုဏ်းကို ပြန်ခေါ်လာပေးခဲ့တယ်]

[ဓားသိုင်းပညာရှင်က သူ့ကိုယ်ပိုင်အစွမ်းကို အသုံးချပြီး သူ့သမီးဖြစ်သူကို ရှာပေးခဲ့သေးတယ်၊ ဒါပေမဲ့လည်း ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး]

[ရှီးကျန်ယွိက နှစ်တစ်ရာလုံးလုံး ဝမ့်ကျန့်ဂိုဏ်းထဲမှာ တံမြက်စည်းလှည်းရင်း ဒီလိုပဲ စောင့်နေရတော့တယ်]

ဒီအချိန်မှာပဲ ရှီးကျန်ယွိက သူ လုပ်နေတဲ့ဟာကို နောက်ဆုံးတော့ ရပ်လိုက်ပြီး မြေကြီးပေါ်က ဖုန်မှုန့်တွေကို ကြည့်နေလိုက်တယ်။

သူက ဒီနေ့ ရှန်ချန်းဟန်ဆီကို လာခဲ့ပြီးတော့ သူ့ရွေးချယ်မှုကိုလဲ ပြုလုပ်ပြီးပြီလေ။

သူက သမီးဖြစ်သူရဲ့သတင်းကို သိချင်တယ်။ ဒါက သမီးဖြစ်သူရဲ့ သေဆုံးသွားပြီဆိုတဲ့ သတင်းဖြစ်နေရင်တောင်မှပေါ့။

တကယ်လို့များ...

တကယ်လို့များ... ဟွေယွမ်ကြေးမုံက အမှားအယွင်း ဖြစ်ခဲ့လေသလား ဆိုပြီးတော့ပေါ့။

စူးလီက သိလိုစိတ်တချို့နဲ့ ကောင်းကင်စာအုပ်ကို ကြည့်လိုက်တယ်။

[ရှီးကျန်ယွိရဲ့ သမီးက တကယ်ပဲ သေသွားပြီလား]

ရှီးကျန်ယွိက သူ့နှလုံးခုန်နှုန်း ရပ်သွားတယ်လို့တောင် ခံစားလိုက်ရတယ်။ သူက အသက်အောင့်ထားလိုက်ပြီး ကောင်းကင်ကလာတဲ့အသံ ပြောလိုက်တဲ့ စကားတခွန်းချင်းစီကို အားစိုက်ပြီး နားထောင်နေလိုက်တယ်။

[ရှီးကျန်ယွိရဲ့ သမီးက မသေသေဘူး__]

[ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ]

စူးလီက သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။

[သူ့သမီးက ပြီးခဲ့တဲ့ရက်တုန်းကပဲ ဝမ့်ကျန့်ဂိုဏ်းကို ရောက်လာတာတဲ့၊ အခု သူက စိတ်အားထက်သန်မှုအပြည့်နဲ့ ဓားသိုင်းကို ကျင့်ကြံနေတယ်တဲ့လေ]

...

All Chapters