အခန်း ၅၈
Vol. 4 Ch. 58
အပိုင်း (၅၈)
ရှီးကျန်ယိက နေရာမှာတင်အေးခဲသွားပြီး သူ့လက်ထဲက တံမြက်စည်းက ရုတ်တရက်ဆိုသလို ပြာမှုန်တွေအဖြစ် ပြောင်းလဲသွားတယ်။
ချန်အာက မသေသေးဘူးတဲ့လား။
သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး အကောင်းဆုံးကြိုးစားလိုက်ပေမဲ့လည်း ဘာအသံမှ ထွက်မလာခဲ့ဘူး။ နှစ်ပေါင်းတစ်ရာနီးပါး ထိန်းချုပ်လာခဲ့ရတဲ့ မျက်ရည်တွေကလည်း မြေပြင်ပေါ်ကို တစက်ပြီးတစက် ပြုတ်ကျသွားခဲ့တယ်။
သူ့သမီးက အခုထိအသက်ရှင်နေသေးတယ်တဲ့။
ချန်အာက အခု ဝမ့်ကျန့်ဂိုဏ်းထဲမှာတဲ့။
ရုတ်တရက်အံ့ဩရလို့ သူ့မှာ စဉ်းစားနိုင်စွမ်း လုံးဝပျောက်ဆုံး သွားခဲ့တယ်။ သူက နေရာမှာတင် ရပ်နေပြီး ကောင်းကင်ကလာတဲ့အသံက လွဲရင် တခြားဘာအသံကိုမှ မကြားနိုင်တော့ဘူး။
အချိန်တစ်ခုလောက် ကြာသွားပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူက သတိပြန်ဝင်လာပြီး သူ့မျက်လုံးထဲမှာလည်း ရူးသွပ်တော့မတတ် ပျော်ရွှင်မှုဖြစ်နေတော့တယ်။
သူ့ရဲပီတိဖြစ်နေတဲ့စိတ်နှလုံးထဲမှာ သူ့ကိုယ်သူ မထိန်းနိုင်အောင် အပြစ်တင်နေမိတယ်။
ချန်အာက အသက်ရှင်နေသေးတယ်လေ။ သူက ဘာလို့များ လက်လျှော့ဖို့ ရွေးချယ်ခဲ့မိပါလိမ့်။
သမီးဖြစ်သူအတွက် အကောင်းဆုံး ကြိုးစားရမဲ့အစား ဝမ်ကျန့်ဂိုဏ်းမှာ သူ့ရဲ့ကျန်တဲ့ဘဝကို ကုန်ဆုံးဖို့ဘာလို့များ ရွေးခဲ့မိပါလိမ့်။
ချန်အာက သူ့ဆီက ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ဒုက္ခတွေ အများအပြား ခံစားခဲ့ရမလေလား။
သူက အရည်အချင်းမပြည့်ဝတဲ့ အဖေတစ်ယောက်ပဲ။
ဝမ့်ကျန့်ဂိုဏ်းက တခြားလူတွေကလည်း အထိတ်တလန့် ဖြစ်သွားကြတော့တယ်။ အထူးသဖြင့် ထိန်းချုပ်မရအောင် အံ့ဩပြီး ပျော်ရွှင်မှုတွေအပြည့်ဖြစ်နေတဲ့ချီမင်ပေါ့။
ကျန့်စွန်းက သူတို့ရဲ့ ရှီးကျန်ယိကို ကယ်တင်ပေးခဲ့ပြီး သူ့သမီး ရှိတဲ့နေရာကို ရှာဖွေခိုင်းပေးမဲ့လည်း သူ့သမီးက မတော်တဆ တစ်ခုခုကြုံတွေ့ခဲ့ရတယ်လို့ သူတို့က ထင်ခဲ့တာလေ။
နောက်ဆုံး ဟွေယွမ်ကြေးမုံကတောင် သူမရဲ့တည်နေရာကို ရှာမတွေ့ခဲ့ဘူးမလား။
သူက အသက်ရှင်နေသေးတဲ့အပြင် ဝမ့်ကျန်ဂိုဏ်းကိုလည်း ရောက်လာမယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။
ဒီလိုစဉ်းစားလိုက်ပြီးတဲ့နောက်မှာ ချီမင်က လက်တွေကို တင်းနေအောင်ဆုပ်ထားလိုက်ပြီး အသက်အောင့်ထားလိုက်ကာ ဝမ့်ကျန့်ဂိုဏ်းထဲမှာ သူ့ဆရာသမီး ရှိနေရာပြောအလာကို ကြိုးစားပြီး နားထောင်နေတော့တယ်။
နောက်ဆုံးဝမ့်ကျန့်ဂိုဏ်းဆိုတာ အကြီးကြီး မဟုတ်လား။ ဂိုဏ်းသားတွေလည်း မရေမတွက်နိုင်အောင်ပဲ။
နေ့တိုင်းဝမ့်ကျန့်ဂိုဏ်းကို ဝင်လိုက်ထွက်လိုက်နဲ့ဆိုတော့ ဒါကဆုံးဖြတ်ဖို့ ပိုပြီးခက်ခဲတယ်လေ။
တခြားလူတွေနဲ့ ချီမင်တို့ရဲ့အမူအရာကတစ်ပုံစံတည်း ရိုက်သွင်းထားသယောင်ပဲ။ သူ့တို့အားလုံးက ပါးစပ်အဟောင်းသားနဲ့ အထိတ်တလန့် ဖြစ်နေကြပုံပေါ်နေပေမဲ့လည်း သူတို့ရဲ့နားတွေကိုတော့ စွင့်ထားကြတယ်။
စူးလီက ကောင်းကင်စာအုပ်ကို အာရုံစိုက်ပြီး ဖတ်နေတဲ့အချိန်မှာ ခြံဝန်းထဲကလူတွေရဲ့ အမူအရာက်ု လုံးဝသတိမထားခဲ့မိဘူး။
[ဆရာကြီးယိက ဒီလောက်မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုရှိပြီး သမီးဖြစ်သူကိုလည်း အဲလောက်တောင် ဂရုတစိုက်ရှိလှတာပဲ။ အဲဒီတုန်းက ဘာများဖြစ်ခဲ့လို့လဲ]
[ ဆရာကြီးယိနဲ့ သူသမီးက ဘာဖြစ်လို့ကွဲကာခဲ့ရတာလဲ]
ခြံဝန်းထဲမှာ ချီမင်က အသက်မရူနိုင်လောက်အောင်ဖြစ်သွားပြီး သူ့မျက်နှာပေါ်က ထိတ်လန့်မှုကလည်း အနည်းငယ် ရက်စက်ကြမ်းကြုတ်လာတော့တယ်။
အပြင်လောကကလာတဲ့အသံက သူ့ဆရာရဲ့ သမီးရဲ့ လက်ရှိအခြေအနေကို ပြောသင့်တာမဟုတ်လား။ သူက ဘာဖြစ်လို့ ရုတ်တရက်ကြီး အတိတ်က အကြောင်းကို ပြောနေတာလဲ။
[ဒီဆရာကြီးယိက တကယ်ကိုလူကောင်းတစ်ယောက်ပဲ]
[အဲဒီတုန်းက ဆရာကြီးယိနဲ့သူ့သမီးက အခြေချဖို့ မြို့တစ်မြို့ကို ရောက်လာခဲ့တယ်။ ဒါပေမဲ့အဲဒီမြို့ထဲမှာ သားရဲတိရစ္ဆာန်တွေက အလုံးအရင်း ထိုးဖောက်လာတယ်။ အဲဒီထဲမှ အဆင့်မြင့်သားရဲကောင်တွေ အများကြီးပါခဲ့တယ်]
[ဆရာကြီးယိရဲ့ကျင့်ကြံခြင်းနဲ့ဆို သူ့ကသမီးဖြစ်သူကို ကယ်တင်နိုင်မှာပဲ။ဒါပေမဲ့...]
[မြို့သူမြို့သားတွေကို ကယ်တင်ပေးဖို့ ရှီးချန်ယိက သမီးဖြစ်သူကို သူ့အခင်မင်ရဆုံး မိတ်ဆွေလက်ထဲအပ်ခဲ့ပြီး တိုက်ပွဲထဲကို ဝင်သွားခဲ့တာလေ]
[မျှော်လင့်မထားဘဲ သားရဲကောင်အုပ်စုထဲမှာ အဆင့်မြင့် ဝိညာဉ်စွမ်းအင် သားရိုင်းကောင်သုံးကောင် ပါနေတယ်။ သူတို့ထဲက တစ်ကောင်က အသွင်တောင်ပြောင်းနိုင်နေပြီ။ နောက်ဆုံးမှာ ဆရာကြီးယိက အပြင်းအထန်ဒဏ်ရာရခဲ့ပြီး မြို့ကလည်း သားရိုင်းကောင်အုပ်စုလက်ထဲ ကျရောက်သွားခဲ့တယ်]
နောက်ဆုံး သူပြန်နိုးလာတဲ့အချိန်မှာ မြို့ကို ကယ်တင်ပြီးသားဖြစ်နေတယ်။ ဒါပေမဲ့လည်း မရေမတွက်နိုင်တဲ့ မြို့သူမြို့သားတွေက သေကြေပျက်စီးခဲ့ပြီး ဒဏ်ရာရခဲ့တယ်။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကလည်း သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူရဲ့ ခြေရာကို လုံးဝပျောက်ခဲ့ရတယ်။
ရှန်ယွင်အန်းက အဲဒီတုန်းကဖြစ်ခဲ့တဲ့ အကြောင်းအရာကို အပေါ်ယံလောက်ပဲ သိထားခဲ့တာ။ ဒါက ဆရာကြီးယိနဲ့ သူ့သမီးတို့ ကွဲကွာရတဲ့အကြောင်းရင်း ဖြစ်လိမ့်မယ်လို့ မစဉ်းစားဉ်းစားခဲ့မိဘူး။
အားလုံးက ဆရာကြီးယိကိုတလေးတစားနဲ့ လှမ်းကြည့်လိုက်ကြတယ်။
အပြင်ကလာတဲ့အသံရဲ့ သက်ပြင်းချသံကို ကြားလိုက်ရပြီးတဲ့အခါ ဆရာကြီးယိရဲ့မျက်လုံးထဲမှာ ခံစားချက်အတက်အကျ မရှိတော့ဘူး။ သူက အခုအချိန်မှာ သမီးဖြစ်သူရဲ့နေရာကိုပဲ သိချင်တော့တယ်။
[အဲဒီတုန်းက ဆရာကြီးယိရဲ့သမီးက သားရိုင်းကောင်တွေ လက်ထဲမှာ မသေဆုံးဘဲ နယ်လှည့်သမားတော်တစ်ယောက်ရဲ့ ကယ်တင်တာ ခံခဲ့ရတယ်။ ဘာလို့လဲဆိုတော့ သူက သားရိုင်းကောင် အဆိပ်မိထားလို့လေ။ ခရီးသွားသမားတော်က သူမရဲ့သွေးတွေအားလုံးကို အစားထိုးပေးခဲ့တယ်]
[ဆရာကြီးယိက ဟွေယွမ်ကြေးမုံကို သုံးပြီး သမီးဖြစ်သူရဲ့တည်နေရာကို ရှာမတွေ့တာလဲ မဆန်းဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဟွေယွမ်ကြေးမုံကို သူ့သွေးအသက်သွင်းခဲ့တာ မဟုတ်လား။ ဒီတော့ သူက သူ့သွေးကိုသုံးပြီး သမီးဖြစ်သူကို ဘယ်ရှာနိုင်ပါ့မလဲ]
[နောက်ပိုင်းမှာ သမီးဖြစ်သူကို ကုသပေးပြီးတဲ့နောက်မှာ သူ့ကို နယ်လှည့်သမားတော်တစ်ယောက်က သာမန်မိသားစုတစ်ခုဆီ လွှတ်လိုက်တယ်။ ကံဆိုးချင်တော့ အဲဒီမိသားစုက သူ့ကို ကောင်းကောင်း မဆက်ဆံပေးခဲ့ဘူး]
ချီမင်ရဲ့မျက်လုံးတွေက စိုးရိမ်စိတ် အပြည့်ဖြစ်သွားတော့တယ်။ သူ့ဂိုဏ်းတူဆရာအစ်ကိုရဲ့ သမီးအခြေအနေကို သိချင်ပေမဲ့လည်း အခုချိန်မှာတော့ သူ ဝမ့်ကျန့်ဂိုဏ်းရဲ့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာပဲ သိချင်နေမိတော့တယ်။
အဲဒီအချိန်ကာလအတွင်း ဝမ့်ကျန့်ဂိုဏ်းထဲကို ဝင်လာတဲ့အမျိုးသမီးကျင့်ကြံသူတွေကို ရှာဖွေဖို့ သူ့တပည့်တွေကို ခိုင်းစေမယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ အပြင်လောကက လာတဲ့အသံက ဆရာကြီးရဲ့မွေးစားသမီး လက်ရှိအခြေအနေကို ထုတ်ပြောလိုက်တော့တယ်။
[ဆရာကြီးယိရဲ့သမီးက သနားစရာကောင်းတဲ့ ကံတရားတစ်ခု ပိုင်ဆိုင်ထားတာပဲ]
[သူက မှတ်ဉာဏ်အပိုင်းအစ နည်းနည်းလေးနဲ့ အဖေဖြစ်သူကို ထျန်းကျန့်မြို့မှာ လာရှာတဲ့အချိန်မှာ ထျန်းကျန့်မြို့စားရဲ့ အငယ်ဆုံးသားဖြစ်သူရဲ့ ပြန်ပေးဆွဲခြင်း ခံလိုက်ရတယ်။
အဲဒီနောက်မှာ သူက ကူးရှုအတွက် လပေါင်းများစွာ လော့ဝမ်ရဲ့ အဖြည့်ခံတစ်ယောက်အဖြစ် ခစားခဲ့ရတယ် ]
ထျန်းကျန့်မြို့ ကူးရှု၊လော့ဝမ်၊ အဖြည့်ခံ...
ချီမင်က အပြင်လောကက လာတဲ့အသံကို နားထောင်ပြီး တစ်ခုခုကို သတိရသွားပြီး အလောတကြီးလေသံနဲ့ သူ့ဆရာကို ပြောလိုက်တော့တယ်။
“ ဂိုဏ်းတူဆရာကြီး တစ်နေ့တုန်းက အကြီးအကဲလော့ရဲ့တပည်အသစ်ကို သွားတွေ့ခဲ့သေးတယ်။ သူက ဆရာကြီးနဲ့ နည်းနည်းလေး ရုပ်ချင်းဆင်တာပဲ”
[ အဟဲ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ထပ်ပြီးဉာဏ်ကောင်းလာပြန်ပြီးလား]
[အမှန်ပဲ၊ လော့ဝမ်ရဲ့တပည့်အသစ်၊ ရှီးယန်းချန်က ဟိုတုန်းက ပျောက်ဆုံးသွားခဲ့တဲ့ ဆရာကြီးချန်ယိရဲ့သမီးပဲ]
သူမက သူမရဲ့အတွေးတွေ မပြီးသေးခင်မှာဘဲ ဆရာကြီးယိရဲ့ပုံရိပ်က ရုတ်တရက်ဆိုသလို နေရာမှာတင် ပျောက်ကွယ်သွားတော့တယ်။
ခမ်းဟယ်တောင်ထွတ်
လော့ဝမ်က အခုလေးတင်မှ ဓားသိုင်းကျင့်ကြံတာပြီးသွားတဲ့ ရှီးယန်းချန်ကို ကြည့်လိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာ ထောက်ခံတဲ့ အမူအရာတစ်ခု ပေါ်လာတယ်။
ရှီးယန်းချန်က အရည်အချင်းရှိတဲ့အပြင် ဓားသိုင်းလေ့ကျင့်ရာမှာလည်း ဇွဲလုံလရှိတယ်။ သူက နည်းနည်းလေး အားနည်းနေဟန်တူပေမဲ့လည်း ပြင်းထန်ပြီး ပြတ်သားတဲ့စိတ်နှလုံးတစ်ခုရှိတယ်။
သူရဲ့ဓားသိုင်းအရည်အချင်းက မြန်ဆန်ပြီးပြတ်သားတယ်။ သူ့ရဲ့ဓားသိုင်းကွက်တွေက ရက်စက်တယ်။ သူက တကယ်ကို ဓားသမားစစ်စစ်ပဲ။
ငယ်ငယ်လေးကတည်းက ဓားသိုင်းကို ကျင့်ကြံလာခဲ့မယ်ဆိုရင်...
ဒီလိုစဉ်းစားလိုက်မိပြီး သူမက မျက်လုံးထဲမှာ နှမြောတသတဲ့ အရိပ်အရောင်တစ်ခု ဖြစ်သွားတော့တယ်။
“ ဆရာ”
လော့ဝမ်ကို မြင်လိုက်ပြီးတဲ့နောက်မှာ ရှီးယန်းချန်က သူမဆီကို ခပ်သွက်သွက်လျှောက်လာပြီး ရင်းနှီးဖော်ရွေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ဒီတစ်ခါလည်း ဝမ့်ကျန့်ဂိုဏ်းအစည်းအဝေးကို နောက်ကျအောင်လုပ်မှာတော့ မဟုတ်ဘူးမလား”
လော့ဝမ်က မသက်သာတော့သလို ခေါင်းခါပြလိုက်တယ်။ ဒါပေမဲ့လည်း သူ့မျက်လုံးထဲမှာတော့ ခပ်ယဲ့ယဲ့အပြုံးလေးတစ်ခု ရှိနေတယ်။
“ ဂိုဏ်းချုပ်ကြီးက အခု တပည့်ခေါ်ဖို့အလုပ်များနေတာလေ။ အရင်တုန်းက နှစ်ရက် ဒါမှမဟုတ် သုံးရက်ခြားတခါ ကျင်းပတတ်တဲ့ ဂိုဏ်းအစည်းအဝေးကိုလည်း တပည့်တွေကို မခေါ်ယူရခင်ထိ ဆိုင်းငံ့ထားအုံးမယ် ထင်ပါတယ်”
“ တကယ်လို့များ ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့သာ မမြင်ခဲ့ဘူးဆိုရင် ဝမ့်ကျန့်ဂိုဏ်းမှာ ဒီလောက် များပြားတဲ့အစည်းအဝေး ကြီးကြီးသေးသေးတွေ တကယ်ပဲ ကျင်းပလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး”
ရှီးယန်းချန်က လော့ဝမ်ဘေးကို ရောက်လာပြီး အရင်တုန်းကလို သတိမထားတော့ဘဲ အနည်းငယ်ပိုပြီးတက်ကြွလာခဲ့တယ်။
“ ဆရာ... ဆရာက အရမ်းကို ကြိုးစားနေတော့တာပဲ”
“ နင်က အခုမှ ဒဏ်ရာကနေ သက်သာလာတာဆိုပေမဲ့ နင့်ခန္ဓာကိုယ်က အပြီးတိုင် သက်သာသေးတာ မဟုတ်ဘူးနော်”
လော့ဝမ်က သူမရဲ့နဖူးပေါ်က ချွေးစက်တွေကိုကြည့်လိုက်ပြီး မနိုင်တော့သလို ပြောလိုက်တယ်။
“ ဓားသိုင်းလေ့ကျင့်တဲ့နေရာမှာ သင့်တင့်မျှတမှု ရှိသင့်တယ်။ ထိခိုက်အနာတရ ဖြစ်အောင် မလုပ်သင့်သလို အပင်ပန်းခံတာလဲ မလုပ်သင့်ဘူး”
“ ကျွန်မ သိပါပြီးဆရာ”
သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ရှီးယန်းချန်က သိမ်သိမ်မွေ့မွေ့ မျက်တောင်ခတ်လိုက်တယ်။
“ ကျွန်မက ပိုပြီသန်မာလာချင်တာ၊ ကျွန်မ ရှာချင်တဲ့လူကို ရှာဖို့ လုံလောက်တဲ့အထိ သန်မာလာချင်တာ”
သူမက ငယ်ငယ်တုန်းက အပြင်းအထန် နေမကောင်းဖြစ်ခဲ့ပြီး အရာရာ တော်တော်များများကိုလည်း ဆုံးရှုံးမေ့လျော့သွားခဲ့တယ်။
ဒါပေမဲ့ သူမကို အရမ်းချစ်တဲ့အဖေတစ်ယောက်၊ သိမ့်သိမ်မွေ့မွေ့နဲ့ ချန်အာလို့ ခေါ်တတ်တဲ့ အဖေတစ်ယောက်၊ သူမကို သူ့ပခုံးပေါ်မှာတင်ပြီး မြင်းလို လုပ်စီးပေးတတ်တဲ့အဖေတစ်ယောက် ရှိတာကိုတော့ ရေးရေးလေး မှတ်မိနေတယ်။
သူမရဲ့အိပ်မက်ထဲမှာ အချိန်တိုင်း သူမရဲ့အဖေက ဆိုးဝါးတဲ့ဘဝမှာ ရောက်နေပြီး မကြာခဏဆိုသလို ကိုယ့်ဟာကို နာကျင်အောင် လုပ်နေသတဲ့။
သူမရဲ့အိပ်မက်ထဲမှာ သူမရဲ့အဖေ ပြုံးနေတာကို တခါမှ မမြင်ခဲ့ရဘူး။ သူမက အဖေကို ဒီလိုပုံစံမျိုး မမြင်ချင်ခဲ့ဘူးလေ။
နှစ်တွေ ကြာလာတဲ့အခါ သူမက ယိမ်းယိမ်းယိုင်ယိုင်နဲ့ ကြီးပြင်းလာခဲ့ပြီး သူမရဲ့ကျင့်ကြံအဆင့်ကိုလည်း အုတ်မြစ်တည်ကျင့်ကြံအဆင့်ထိရောက်အောင် ကြိုးစားခဲ့တယ်ဆိုတာကလည်း အသက်ရှည်ရှည်နေပြီး သူ့ကို ရှာဖွေဖို့ပေါ့။
“ နင်ရှာနေတဲ့လူက...”
လော့ဝမ်က ရှီးယန်းချန်ရဲ့မျက်လုံးထဲက ပြတ်သားမှုကို ကြည့်လိုက်ပြီး လေသံပျော့ပျော့နဲ့ မေးလိုက်တယ်။
“ ကျွန်မရဲ့အဖေပါ”
ရှီးယန်းချန်က အင်မတန်မှ လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ ကျွန်မ သူ့ကို သေချာပေါက် ရှာရမယ်”
သူမရဲ့စကား ဆုံးသွားတာနဲ့ချက်ချင်း သူမရဲ့နောက်က တုန်ယင်ပြီး ငိုယိုနေတဲ့အသံတစ်ခုကို ကြားလိုက်ရတော့တယ်။
“ ချန်အာ”
ရှီးယန်းချန်က ဇဝေဇဝါနဲ့ လှည့်အကြည့်မှာ မရင်းနှီးပေမဲ့လည်း ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
သူမက ဆရာကြီးချန်ယိရဲ့ မျက်နှာပေါ်က အမာရွတ်ကို ငေးစိုက်ကြည့်နေမိပြီး ရုတ်တရက်ဆိုသလို သူမရဲ့မျက်ဝန်းထဲမှာ အတွေးနစ်သွားတဲ့ အရိပ်အရောင်တစ်ခု ဖြစ်သွားတယ်။ သူမရဲ့အိပ်မက်ထဲက ပုံရိပ်မှာ မျက်နှာပေါ်မှာ ဒီလို အမာရွတ်တစ်ခုရှိနေတယ်။
သူမရဲ့ နှလုံးသားက ထိန်းချုပ်လို့မရအောင် တုန်လှုပ်သွားပြီး သူမရဲ့စိတ်ထဲမှာလည်း မရေတွတ်နိုင်တဲ့ အတွေးတွေ တဖျပ်ဖျပ်ပေါ်လာတော့တယ်။ နောက်ဆုံးတော့ သူမက ခြောက်ကပ်ကပ် အသံတစ်ခုနဲ့ပြောလိုက်တယ်။
“ တဆိတ်လောက်ပါရှင်၊ ရှင်က ဘယ်သူများ...”
ရှီးယန်းချန်က မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေတဲ့ သိပ်မဝေးလှတဲ့နေရာက လူကို ကြည့်လိုက်တယ်။ သူမ ကလေးဘဝက တစ်ပုံစံတည်းဖြစ်နေတဲ့ သူမရဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီး သူက ဆက်မထိန်းထားနိုင်ဘဲ မျက်ရည်တွေက တစစ စီးကျလာတော့တယ်။ ဒါက သူ့သမီး။
သူ့ကို ဖေဖေလို့ လိမ်လိမ်မာမာနဲ့ ခေါ်တတ်တဲ့သမီး၊ သူပင်ပန်းလာရင် သူ့ကိုပွေ့ဖက်ပြီး သတင်းမေးတတ်တဲ့သမီး၊ သူ့ကျောပြင်ကို နှိပ်နယ်ပေးပြီး သူ့ကို ရယ်မောအောင် လုပ်ပေးတတ်တဲ့သမီး။
“ အဖေလေ”
သူ့အသံက တိမ်ဝင်လို့နေတယ်။
ဒီစကားတစ်ခွန်းက မရေမတွက်နိုင်တဲ့ဝမ်းနည်းမှု၊ မျှော်လင့်မှုတွေနဲ့ ပြည့်နှက်နေသယောင်ပါပဲ။ မဆုံးနိုင်တဲ့ချစ်ခြင်းမေတ္တာတွေကို သယ်ဆောင်ထားတော့တယ်။
ရှီးချန်ယိက သတိနဲ့ရှေ့ကို ခြေတစ်လှမ်း တိုးသွားလိုက်ပြီး ရှီးယန်းချန်ကို ခြောက်လှန့်မိမှာ စိုးရိမ်မိတယ်။
“ ချန်အာ၊ သမီး အဖေ့ကို မှတ်မိသေးရဲ့လား”
ရှီးယန်းချန်က သူ့အသံကို ကြားလိုက်ရတဲ့အခါ သူ့ကို ငေးကြောင်ကြောင်နဲ့ ကြည့်နေမိတယ်။ သူ့ရဲ့ဖြူဖွေးနေတဲ့နားထင်နဲ့ ညှိုးနွမ်းနေတဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ သူမရဲ့မျက်ဝန်းထဲမှာ မနေနိုင်ဘဲ မျက်ရည်တွေ ဝေ့တက်လာခဲ့တယ်။
သူမက အသက်ပြင်းပြင်း နှစ်ချက်ရှူလိုက်ပြီး နောက်ဆုံးတော့ စကားတစ်ခွန်းကို အပြည့် ပြောလိုက်တော့တယ်။
“ အဖေက ဉာဏ်ပညာအရှိဆုံး၊ အရဲရင့်ဆုံ၊ ချောမောခန့်ညားပြီး ကျက်သရေအရှိဆုံး မဟုတ်လား။ အခုကျတော့...”
သူမရဲ့ မျက်ရည်တွေက နောက်ဆုံးတော့ စီးကျလာခဲ့တယ်။
“ အဖေက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီး ပြောင်းလဲသွားရတာလဲ။ ချန်အာက တော်တော်နဲ့တောင် မမှတ်မိနိုင်တော့ဘူး”
“ အဖေ”
သူမက သူ့ကိုအဖေလို့ ခေါ်လိုက်တာ ရှီးချန်ယိက ကြားလိုက်တဲ့အချိန်မှာ သူ့ကိုယ်သူ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။ သူမရှေ့ကို မြန်မြန်လျှောက်သွားလိုက်ပြီး တုန်ယင်နေ့တဲ့သူ့လက်တွေနဲ့ သူမရဲ့ခေါင်းပေါ်ကို တင်ထားလိုက်ပြီး သူမရဲ့ဆံပင်လေးကို အထပ်ထပ် သပ်နေလိုက်ကာ ငယ်ငယ်တုန်းက အတိုင်းပါပဲ။
အချိန်အနည်းငယ်ကြာပြီးတဲ့အခါ သူက ရှီးယန်းချန်ကို တင်းနေအောင် ပွေ့ဖက်ထားလိုက်တော့တယ်။
“ အဖေ မှားခဲ့တာပါ။ အဖေ အရမ်းနောက်ကျမှ ရောက်လာတဲ့အတွက် ချန်အာကို ဒုက္ခရောက်အောင်လုပ်ခဲ့မိတယ်”
ရှီးယန်းချန်က ဒီရင်းနှီးလှတဲ့ ပွေ့ဖက်တဲခံစားချက်ကို သိလိုက်ရပြီး ရုတ်တရက်ဆိုသလို ဒီနှစ်တွေထဲမှာ ခံလာရတဲ့ဒုက္ခတွေအားလုံးက ဒီပွေ့ဖက်မှုက ဖြေသိမ့်လိုက်သလို ခံစားမိတော့တယ်။
နောက်ဆုံးတော့ သူမက သူမရဲ့အဖေကို ရှာတွေ့သွားပြီလေ။
သူက သူမရဲ့အိပ်မက်ထဲမှာတုန်းကလိုပဲ အမှန်တကယ် ဖြစ်လာခဲ့တယ်။
“ အဖေ”
သူမက သူ့ရဲ့ရင်ခွင်ထဲမှာ ရပ်နေပြီး ဆယ်စုနှစ်တစ်ခုထိ ဝမ်းနည်းမှုတွေကို ဖော့ပြီး ပြောပြလိုက်တော့တယ်။ “တကယ်တမ်းကျတော့ ဒီနှစ်တွေထဲမှာ သမီးက ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေလာခဲ့ပါတယ်။ အဖေ သမီးအတွက်စိတ်မပူပါနဲ့”
ဒီအချိန်မှာတော့ သူမက မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး ရှီးချန်ယိကို လေးလေးနက်နက်နဲ့ ကြည့်လိုက်တယ်။
“ အဖေ... အဖေကရော ဒီနှစ်တွေထဲမှာ ဘယ်လိုနေခဲ့သလဲ”
ရှီးချန်ယိက ပြီးခဲ့တဲ့ဆယ်နှစ်ကျော်အတွင်းမှာ ရှီးယန်းချန် တွေ့ကြုံခဲ့ရတဲ့အကြောင်းအရာတွေကို အပြင်လောကကလာတဲ့အသံ ပြောပြခဲ့တာကို ပြန်စဉ်းစားလိုက်မိပြီး သူ့ရဲ့အတွင်းထဲက ဝမ်းနည်းစိတ်ကို ဖိနှိပ်ထားလိုက်တယ်။
“ အဖေကလည်း ကောင်းကောင်းနေခဲ့ရပါတယ်”
သူက မျက်နှာပေါ်မှာ သတိနဲ့ ဝမ်းသာအားရ အပြုံးတစ်ခုကို ထုတ်ပြထားလိုက်ပြီး အနည်းငယ် တိမ်ဝင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“ အဖေက အဖေရဲ့ချန်အာကို လွမ်းတာပဲရှိတယ်”
ရှီးယန်းချန်က သူ့မျက်နှာပေါ်က မကြာခဏဆိုသလို ပြောင်းသွားတဲ့အမူအရာကို ကြည့်ပြီး သူ လိမ်နေတာကို သိလိုက်တယ်။ ဒါပေမဲလည်း သူမက ဒါကို ထုတ်မပြောလိုက်ဘူး။ သူမက အားတက်သရော ခေါင်းညိတ်ပြလိုက်တယ်။
“ အဖေ သမီးတို့တွေ နောက်ကျရင်လည်းအဆင်ပြေသွားမှာပါ”
သူမက သိပ်မဝေးလှတဲ့နေရာက လော့ဝမ်ကို တွေ့လိုက်တဲ့အချိန်မှာ ရှီးချန်ယိကို လော့ဝမ်ဆီ မြန်မြန်ဆွဲခေါ်သွားပြီး ပြောလိုက်တယ်။
“ အဖေ ဒါက သမီးရဲ့ဆရာလေ”
...