အခန်း ၆၀
Vol. 4 Ch. 60
အပိုင်း (၆၀)
စင်မြင့်ပေါ်မှာ မင်ကျီရဲ့လက်တွေကို ကိုင်ထားတဲ့ ရွှီဝမ်ရဲ့လက်တွေက ရုတ်ခြည်းဆိုသလို တောင့်တင်းသွားခဲ့တယ်။ သူက အရမ်းကို ပျာယာခတ်သွားပြီး ဘာပြောရမယ်မှန်း မသိအောင် ဖြစ်သွားတယ်။ သူက ရှိသမျှအားတွေကို သုံးပြီး သူ့မျက်နှာကို တည်ငြိမ်အောင် ထိန်းသိမ်းထားဖို့ပဲ တတ်နိုင်တော့တယ်။
သူရှေ့က မင်ကျီကတော့ နေရာမှာတင် ငေးကြောင်ကြောင် ဖြစ်သွားပြီး သူ့မျက်နှာပေါ်က အမူအရာကို လုံးဝ သတိမထားမိနိုင်အောင်ပါပဲ။
ဘယ်လို။
သားက မိခင်ကို စွဲလမ်းစိတ်ဆိုတာ... ဘာအဓိပ္ပာယ်လဲ။
အခမ်းအနားကို စောင့်ကြည့်နေကြတဲ့ လူတွေအားလုံးရဲ့ မျက်နှာအမူအရာတွေကလည်း မင်ကျီရဲ့ အမူအရာအတိုင်း ဖြစ်နေတော့တယ်။ အခိုက်အတန့်အတွင်းမှာ သူတို့တွေက အပြင်လောကကလာတဲ့ စကားအဓိပ္ပာယ်ကို ဘယ်လို တုံ့ပြန်ရမှန်းမသိ ဖြစ်သွားတယ်။
ရွှီဝမ်က သူ့အမေနဲ့ ပတ်သက်ပြီး မတော်ရော်တဲ့အတွေးတွေ ရှိနေတာတော့ ...မဟုတ်ပါဘူးနော်။
လုံးဝကို မဖြစ်နိုင်ဘူး။
သူတို့တွေ နားလည်မှုလွဲနေတာပဲ ဖြစ်ရမယ်။
ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ အခြေအနေက ဘယ်လိုလုပ်ပြီး ကျင့်ကြံရေးလောကထဲမှာ ဖြစ်နိုင်မှာလဲ။
ရွှင့်ချန်ဂိုဏ်းချုပ် လုကျင်းဟွိုင်က အရှေ့မှာ ထိုင်နေတယ်။ သူက လူအုပ်ကြီးရဲ့ ကြောင်အမ်းအမ်း ဖြစ်နေတဲ့ အမူအရာကို လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ခွက်ကို ဖြည်းဖြည်းချင်း မြှောက်ကိုင်လိုက်ကာ တစ်ငုံလောက် သောက်လိုက်ပြီးမှ စိတ်ထဲမှာ ကြိတ်ပြီး ခေါင်းခါနေလိုက်တယ်။
ဒါက အမေချစ်ပဲ မဟုတ်ဘူးလား။ ဒီလူတွေက ဒီကိစ္စကိုလက်ခံဖို့ အရမ်းကိုအားနည်းကြတာကိုး။
ငါကတော့ တကယ်ပဲ လေ့ကျင့်ခန်းတစ်ခုလုပ်ဖို့ လိုအပ်လာပြီ။
ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ရုတ်တရက်ဆိုသလို ဖုံးကွယ်ထားတဲ့မျက်ရည် တချို့ထွက်လာတော့တယ်။ သူတို့တွေ ရွှင့်ချန်ဂိုဏ်းရဲ့ တပည့်တွေက လေ့ကျင့်ပေးဖို့အတွက် အခွင့်အရေးတစ်ခုတောင် မရှိရှာခဲ့ဘူး မဟုတ်လား။
သူကတော့ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားမှာ အပြင်လောကကလာတဲ့ နတ်တေးသံအရသာလေးကို နှိမ့်နှိမ့်ချချနဲ့ ကြိုးစားပြီး ခံစားကြည့်ဖို့ပဲ တတ်နိုင်တယ်။
လုကျင်းဟွိုင်က သိပ်မဝေးလှတဲ့ နေရာမှာ ရှိနေတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို မနာလိုမှုတွေနဲ့ လှမ်းကြည့်မိလိုက်တယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ချီမင်ကလဲ သူ့မျက်နှာပေါ်မှာ တည်ငြိမ်တဲ့အမူအရာတစ်ခု ဖြစ်နေတယ်။ တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ရတဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးက အသေးအဖွဲပဲ မဟုတ်လား။
အင်းပါလေ... သူက ဒါကို မြင်ဖူးခဲ့တာတော့ သိပ်မသေချာပါဘူး။
ဒါပေမဲ့လည်း သူတို့ဝမ့်ကျန့်ဂိုဏ်းက ရင်ဆိုင်ခဲ့ရတာတွေနဲ့ ယှဥ်လိုက်ရင်တော့ ဒါက တကယ့်ကို ဘာမှမဟုတ်ဘူးလေ။
သူက မျက်လုံးတွေကို ဖွင့်လိုက်ပြီး ရွှီမိသားစုနဲ့ သူ့မိန်းမကို အဓိပ္ပာယ်ပါပါနဲ့ လှမ်းကြည့်လိုက်တယ်။ ရွှီမိသားစုလို နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ မိသားစုတစ်ခုက ဒီလို အရှုပ်အရှင်းမျိုး ရှိနေလိမ့်မယ်လို့ လုံးဝမထင်ထားဘူးဆိုတဲ့ အကြည့်ပေါ့။
သူက သူမကို တကယ်ပဲ လေးစားမိပါတယ်။
ရွှီမိသားစုရဲ့ ခေါင်းဆောင်က သူ့နောက်ကနေရောက်လာတဲ့ သံသယနဲ့၊ အထိတ်တလန့်နဲ့ စူးစမ်းလေ့လာနေတဲ့ အကြည့်မျိုးစုံကို ခံစားမိလိုက်ပြီး သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားတော့တယ်။
ဒီလို လျှို့ဝှက်ချက်တစ်ခုက လူထုထဲမှာ ပေါ်ပေါက်သွားရတယ်လို့ ရွှီမိသားစုကတော့ လုံးဝကို သိက္ခာကျပါပြီ။
ဒီလိုစဥ်းစားလိုက်ပြီး သူက ဘေးမှာထိုင်နေတဲ့လူကို ရက်စက်တဲ့အကြည့်တစ်ခုနဲ့ ကြည့်လိုက်တော့တယ်။
ဝိန်းယောင်မေရဲ့မျက်နှာက ဖြူဆုတ်သွားပြီး သူမက သူ့ကိုတောင် မကြည့်ရဲရှာတော့ဘူး။
သူမရဲ့မျက်လုံးထဲမှာလဲ အခိုက်အတန့်ဆိုသလို ပျာယာခတ်သွားပြီး စားပွဲအောက်က သူမရဲ့လက်တွေကလဲ သူမရဲ့အင်္ကျီကို တင်းကြပ်နေအောင် ဆုပ်နယ်ထားမိတော့တယ်။ မင်ကျီအပေါ် သူမရဲ့ စက်ဆုပ်ရွံရှာမှုကလဲ ပိုပြီးတော့ ကြီးမားလာခဲ့တယ်။
မင်ကျီကြောင့်သာ မဟုတ်ရင်၊ ဒီတာအိုစုံတွဲ မင်္ဂလာပွဲကြောင့်သာ မဟုတ်ရင်၊ သူမက ဘယ်လိုဖြစ်ပြီး အပြင်လောကကလာတဲ့အသံကြောင့် အားလုံးရဲ့ရှေ့မှာ အရှက်တကွဲ ဖြစ်မှာလဲ။
သူမက ခေါင်းငုံ့ထားလိုက်ပြီး သူမရဲ့ဦးနှောက်ကို အလုပ်ပေးထားလိုက်တယ်။ ဒီကိစ္စကို အဆင်ပြေပြေနဲ့ဖြစ်အောင် ဘယ်လိုလုပ်ရမလဲလို့ စဥ်းစားနေမိတယ်။
ဒီလိုမှမဟုတ်ရင် သူမနဲ့ ဝမ်အာတို့က တကယ့်ကို ဇာတ်သိမ်းသွားလိမ့်မယ်။
ရွှီမိသားစုရဲ့ခေါင်းဆောင်က လူအများကြီးရှေ့မှာ အရယ်ခံရတာ မလိုချင်တဲ့အတွက်ကြောင့်မလို့ သူ့ဒေါသတွေကို မျိုသိပ်ထားလိုက်ပြီး အားလုံးကို ဦးညွှတ်လိုက်တယ်။ အထူးသဖြင့် မင်မိသားစုခေါင်းဆောင်ကိုပေါ့။
“ဝမ်အာက ငယ်ငယ်လေးကတည်းက ရှင်မရဲ့ပြုစုပျိုးထောင်မှုအောက်မှာ ကြီးလာတာလေ၊ ဒီတော့ သူက ရှင်မကို အထူးတလည် မှီခိုအားထားတာပါ။ လူကြီးမင်းတို့ကို ရယ်စရာဖြစ်အောင် လုပ်မိသွားတဲ့အတွက် တောင်းပန်ပါတယ်”
ရွှီမိသားစုခေါင်းဆောင် ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့အခါ ဝိန်းယောင်မေက ချက်ချင်း ထရပ်လိုက်ပြီး သိမ်သိမ်မွေ့မွေ့ ဦးညွှတ်လိုက်ကာ မျက်နှာပေါ်မှာ တောင်းပန်တဲ့ အရိပ်အယောင်တစ်ခုကို ကြိုးစားပြီး ပြုလုပ်ထားလိုက်တယ်။
“ဟုတ်ပါတယ် ဝမ်အာက ကလေးဘဝကတည်းက ကျွန်မဘေးမှာ ကြီးပြင်းလာခဲ့တာ၊ ပြီးတော့ ကျွန်မတို့တွေက အရမ်းကိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိကြပါတယ်”
“ဝမ်အာက တကယ်ပဲ ကျွန်မအပေါ်မှာ အတိုင်းအတာတစ်ခုအထိ မှီခိုအားထားတတ်ပါတယ်။ ဒါပေမဲ့လည်း သူက တာအိုလက်တွဲဖော်တစ်ယောက် ဖြစ်လာကတည်းက သူ့အတွေးတွေအားလုံးကို သူ့ရဲ့လက်တွဲဖော်ဆီကိုပဲ ပြောင်းလဲခဲ့တာပါ”
သူတို့ရဲ့ ရှင်းပြတဲ့စကားကို ကြားလိုက်ရပြီးတဲ့အခါ လူအများအပြားက ရုတ်တရက် နားလည်သွားတော့တယ်။ ဒါက အပြင်လောကကလာတဲ့အသံ ပြောတဲ့ မိခင်မေတ္တာအကြောင်းပေါ့။
သူတို့က ပြောတယ်လေ။ သားတစ်ယောက်က သူ့အမေအရင်းအပေါ်မှာ ဒီလိုမကောင်းတဲ့အတွေးမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။
သူတို့တွေက အရမ်းကို ညစ်ညစ်ငြမ်းငြမ်း တွေးနေခဲ့မိတာပဲ။
သူတို့ရဲ့ ရှင်းပြတဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ မင်မိသားစုခေါင်းဆောင်က မျက်နှာပေါ်မှာ အေးစက်စက် မျက်နှာထားတစ်ခု ရှိနေလေသေးတယ်။ စင်မြင့်ပေါ်က သမီးဖြစ်သူကို ကြည့်လိုက်တဲ့အချိန်ကြမှပဲ သူ့မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။
စင်မြင့်ပေါ်မှာ မင်ကျီက နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။ သူမက အရမ်းကို သိမ်မွေ့လွန်းလို့ ရေစက်လေးများ ကျလာတော့မယောင် ထင်ရတဲ့ ရွှီဝမ်ရဲ့မျက်လုံးကို ကြည့်လိုက်တယ်။ ပထမဦးဆုံးအနေနဲ့ သူမက သူ့ကို မတုံ့ပြန်မိဘဲ မသိမသာ နောက်ကိုတစ်လှမ်း ဆုတ်သွားမိတယ်။
ဒီအခိုက်မှာတော့ ရွှီဝမ်နဲ့ သူမရဲ့ကြားက အစောပိုင်းဆက်ဆံရေးကို ရုတ်တရက် သတိရသွားတယ်။
ကြည့်ရတာ အချိန်တိုင်းမှာ သူ့အမေရဲ့အရိပ်က ပါဝင်ပတ်သက်နေတဲ့ပုံပဲ။ တစ်ခါတလေကျရင် သူ သူမကို ပေးတဲ့လက်ဆောင်က သူ့အမေအကြိုက်ဆုံးအရောင်လို့ ပြောတတ်တယ်။ တစ်ခါတလေကျရင် သူတို့တွေ စကားများကြတဲ့အခါ သူက သူ့အမေအကြောင်းကို အမြဲတမ်း ထုတ်ပြောတတ်ပြီး ဘယ်လောက်အထိ သိမ်မွေ့ကြောင်း၊ ဘယ်လောက်အထိ စဥ်းစားပေးတတ်ကြောင်း ပြောတတ်တယ်။
ရုတ်တရက်ဆိုသလိုပဲ သံသယတစ်ခုက သူမရဲ့စိတ်ထဲမှာ ပေါက်ဖွားလာခဲ့တယ်။ ဒါက ရွှီမိသားစု ခေါင်းဆောင် ရှင်းပြတဲ့အတိုင်း အမှန်တကယ်ပဲလား။
ရွှီမိသားစုက အခုဆိုရင် ကျင့်ကြံရေးလောကထဲမှာ ကြွယ်ဝချမ်းသာတဲ့ မိသားစုတစ်ခုပဲ။ ဒါကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ တခြားသူတွေကတော့ ရွှီမိသားစုခေါင်းဆောင်ကို မျက်နှာသာပေးကြမှာ သဘာဝပဲ။
ရလဒ်အနေနဲ့ လက်နှစ်ဖက်နဲ့ ဝိုင်ခွက်တွေကို ကိုင်ထားတဲ့ စင်အောက်က လူတွေအများကြီးကလဲ ရွှီမိသားစုခေါင်းဆောင်ရှိတဲ့ဘက်ကို လက်တွေမြှောက်ထားပြီး ချီးမွမ်းစကားပြောနေကြတယ်။
“သခင်မရွှီရဲ့ မိခင်ပီသတဲ့နှလုံးသားက တကယ်ပဲ ကျွန်တော်တို့ လေးစားမိတဲ့အရာပါပဲ”
ဒီအချိန်မှာ စူးလီက သူမရဲ့ပါးစပ်ထဲက ဝိညာဥ်စွမ်းအင်သစ်သီးကို မျိုချမိသွားတော့တယ်။ သူမက တိမ်လွှာကြေးမုံထဲက လာတဲ့အသံကို ကြားလိုက်ပြီး မနေနိုင်တော့ဘဲ အော်ရယ်မိတော့တယ်။
[ဟားဟား ဟား__ __ ညတိုင်း သူနဲ့အတူတူ အိပ်ရာတစ်ခုမှာ အိပ်ပြီး အချင်းချင်း အပြန်အလှန် ချစ်မြတ်နိုးကြောင်း ဖော်ပြတာက အရမ်းချစ်တတ်တဲ့ အမေတစ်ယောက်ရဲ့ နှလုံးသားပေါ့လေ]
[ရွှီမိသားစုရဲ့ခေါင်းဆောင်က သူ့သားအရင်းက သူ့ကို အရှက်ခွဲနေတာကို အိပ်မက်ထဲမှာတောင် စိတ်ကူးယဥ်ကြည့်မဲ့ပုံ မပေါ်ဘူး။ ဟား ဟား ဟား]
[ဟား ဟားဟားဟား ကျင့်ကြံရေးလောကကြီးက ဘယ်လိုပျော်စရာ ရှာဖွေရမယ်ဆိုတာ သိသေးတာပဲ]
“အဟမ်း__”
အားလုံးက အရက်ခွက်ကို သောက်တော့မဲ့အချိန်မှာပဲ သူတို့တွေက ကောင်းကင်ကလာတဲ့ ပြင်းထန်လွန်းတဲ့စကားလုံးတွေကို ကြားလိုက်ရပြီး အရက်ကြောင့် သီးမလိုဖြစ်သွားတော့တယ်။
ဒီအခိုက်အတန့်မှာပဲ ချောင်းဆိုးသံတွေက ပရိသတ်ကြားထဲမှာ ပေါ်ထွက်လာခဲ့တယ်။
သူတို့တွေက တကယ်ပဲ ဒီလိုတဲ့။ သူတို့တွေက တကယ်ပဲ...
သတင်းစုံလင်လှတဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကတောင် မနေနိုင်တော့ဘဲ ကိုယ်ချင်းစာတဲ့အကြည့်နဲ့ ဒေါသထွက်နေတဲ့ ရွှီမိသားစုခေါင်းဆောင်ကို ကြည့်မိတော့တယ်။ ဒီနေ့မတိုင်ခင်တုန်းကတော့ ရွှီမိသားစုရဲ့ခေါင်းဆောင်က တကယ့်ကို ဖော်ရွေတဲ့ လူကောင်းတစ်ယောက်ပေါ့လေ။ ဒါပေမဲ့ ဒီနေ့ကြတော့...
သူက မျက်လုံးထဲမှာ သနားစဖွယ် အရိပ်အယောင်နဲ့ စင်အောက်က ဧည့်သည်အားလုံးကို လှမ်းကြည့်လိုက်တယ်။ ငါ့ရဲ့ ဂုဏ်သတင်းတွေကတော့ နောက်ပိုင်းနှစ်တွေမှာ ပျက်စီးတော့မှာပဲ။
မင်မိသားစုခေါင်းဆောင်ရဲ့လက်ထဲကခွက်က ပြာအဖြစ် ပြောင်းလဲသွားတော့တယ်။ သူက မကောင်းမှုဒုစရိုက်တွေကို လုပ်ပြီး စာရိတ္တနိမ့်ကျလွန်းတဲ့ ရွှီဝမ်လို လူဆိုးတစ်ယောက်နဲ့တော့ သမီးဖြစ်သူကို ဘယ်တော့မှ လက်ထပ်ခွင့်မပြုနိုင်ဘူး။
သူက ရွှီမိသားစုကို ပြစ်တင်ပြောဆိုဖို့ ပြင်ဆင်လိုက်တဲ့အချိန်မှာပဲ မင်ကျီရဲ့တုန်ယင်နေတဲ့အသံက စင်ပေါ်က ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။
“ရွှီဝမ်”
သူမက ကြောက်စိတ်မွန်ပြီး ရှင်းမပြတတ်တဲ့ပုံစံဖြစ်နေတဲ့ ရွှီဝမ်ကို ကြည့်လိုက်တယ်။ သူမရဲ့မျက်လုံးထဲမှာလဲ ဒေါသအပြည့်နဲ့ လှည့်စားခံရတဲ့အတွက် ဝမ်းနည်းမှုတွေ အပြည့်ပဲ။
တစ်ချိန်တုန်းကတော့ သူမက ရွှီဝမ်ကို အမှန်တကယ် နှစ်သက်ခဲ့တယ်။ သူ့ရဲ့နှံ့စပ်လှတဲ့ အသိပညာကိုလဲ သဘောကျတယ်။ သူမအပေါ် စိုးရိမ်တတ်ပြီး ဂရုစိုက်တဲ့ပုံစံကိုလဲ သဘောကျခဲ့တယ်။
သူက ဒီလိုကိစ္စမျိုး လုပ်ရက်လိမ့်မယ်လို့ သူမ လုံးဝမထင်ထားခဲ့မိဘူး။ ဒီတော့ သူက သူမအပေါ် တကယ်ချစ်မြတ်နိုးတယ်ဆိုတာက ဘယ်လောက် အတိုင်းအတာလဲ။ သူက သူမနဲ့ အချိန်ကုန်ဆုံးနေတဲ့ အတောအတွင်းမှာ အတုအယောင်က ဘယ်လောက်များရှိနေတာလဲ။
သူမက လက်တွေကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး ရွှီဝမ်ကို တလုံးချင်းစီ ပြောလိုက်တော့တယ်။
“ရှင် ကျွန်မကို လုံးဝ မချစ်ခဲ့တာလား”
ဒီအခိုက်အတန့်မှာတော့ သူမက သူ့ဆီက မျှော်လင့်ချက်လေးတချို့ ရှိနေသေးတယ်။
“ဒါပေါ့ ငါ ချစ်ပါ...”
[ဒါပေါ့ သူက နင့်ကို မကြိုက်ခဲ့ဘူးလေ]
မင်ကျီရဲ့စကားလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက တအံ့တသြနဲ့ မျက်တောင်ခပ်မိတယ်။ ငါက တိမ်လွှာကြေးမုံကနေ သူတို့ကို ကြည့်လိုက်ရုံနဲ့ သူတို့ရဲ့ ညဏ်ရည်တွေကို တိုးလာအောင် တကယ်လုပ်နိုင်တာတဲ့လား။ ငါက မင်ကျီက တစ်ခုခုမှားနေတယ်ဆိုတာကို သိသွားအောင် တကယ်ပဲလုပ်နိုင်ခဲ့တာလား။
ငါက တကယ်... အံ့သြစရာကောင်းတဲ့လူပဲ။
သူမက ကြည်လင်နေတဲ့ စိတ်အခြေအနေတစ်ခုနဲ့ ကောင်းကင်စာအုပ်ထဲက စာတွေကို ကြည့်လိုက်ပြီး အဲဒီနောက်မှာတော့ သူမရဲ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းနဲ့ အေးခဲသွားတော့တယ်။
စူးလီက မနေနိုင်တော့ဘဲ ခေါင်းကိုမော့လိုက်ပြီး မင်ကျီကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်လိုက်မိတော့တယ်။
[ရွှီဝမ်က နင့်ဆီကို ချဥ်းကပ်ပြီး နင့်ကို ချော့မော့ပြောဆိုတယ်ဆိုတာကလဲ သူ့အမေ ဝိန်းယောင်မေရဲ့ အမိန့်ကြောင့်လေ]
[နင်က မင်မိသားစုအကြီးအကဲရဲ့ အချစ်ရဆုံးသော သမီးတစ်ယောက်လေ၊ နင့်ကို လက်ထပ်လိုက်တာက မင်မိသားစုခေါင်းဆောင်ဆီက အထောက်အပံ့ ရတာနဲ့ အတူတူပဲပေါ့]
[ရွှီဝမ်က ရွှီမိသားစုသခင်ကြီးရဲ့သား ဆိုပေမဲ့လဲ သူရော၊ သူ့အမေရောက ရွှီမိသားစုသခင်ကြီးရဲ့ မြတ်နိုးခြင်းကို မခံရဘူးလေ၊ သူတို့တွေက မင်ကျီနဲ့ မိတ်ဆွေဖြစ်လာကတည်းက ဆက်ခံသူနေရာကလဲ မြင့်တက်လာခဲ့တယ်~ ~]
[ကောင်းလိုက်တဲ့ အစီအစဥ်ပဲ]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ မင်ကျီရဲ့မျက်လုံးတွေထဲက ခပ်ရေးရေး အလင်းရောင်က နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့တယ်။
“ဒီတော့ ရှင် ကျွန်မကို ချဥ်းကပ်ခဲ့တာက မင်မိသားစုရဲ့အင်အားကြောင့်ပေါ့”
သူမက နောက်ကိုခြေနှစ်လမ်း ယိုင်နဲ့နဲ့ဖြစ်သွားပြီး သူမ၏မျက်လုံးကလဲ နီရဲသွားတော့တယ်။
“ရွှီဝမ် ရှင်ကျွန်မကို လုံးဝ မချစ်ခဲ့တာပဲ”
[အဲဒါထက်တောင် ပိုသေးတယ်]
[မင်ကျီကတော့ အရမ်းကို သိချင်နေမှာပဲ၊ ရွှီဝမ်ရဲ့လက်ဆောင်တွေက အမြဲတမ်း သူမရဲ့နှလုံးသားကို လှုပ်ရှားစေပြီး သူပြောလိုက်တဲ့ စကားလုံးတိုင်းကလဲ သူ့ကို အမြဲတမ်းပျော်ရွှင်နေရတဲ့ အကြောင်းအရင်းပေါ့... ဒါကလဲ ဒီစကားတွေရဲ့နောက်ကွယ်မှာ သူ့အမေက သူ့ကို အကြံပေးနေတာကြောင့်လေ]
[ကြည့်လိုက်ပါအုံးမယ်၊ ဒီဝိန်းယောင်မေက မင်ကျီ ဘာကြိုက်တတ်လဲဆိုတာကို နေ့တိုင်းကြိုးစားပြီး ရှာဖွေနေခဲ့တာပဲ၊ သူက ရွှီဝမ်ရဲ့အာရုံစိုက်မှုကို ခိုးယူသွားတဲ့မင်ကျီကို မုန်းတီးတယ်၊ ဒါပေမဲ့လည်း သူက မင်ကျီကို စိတ်ကျေနပ်အောင် သူ့ဦးနှောက်ကိုလဲ အလုပ်ပေးရသေးတယ်]
[တစ်ခါတလေကျရင် မင်ကျီကြိုက်တတ်တဲ့ အရာတွေကို ရွှီဝမ်ကို ပြောပြပြီးတာနဲ့ချက်ချင်း သူက ဒေါသကြီးတတ်တဲ့ မင်ကျီကို စပြီးတော့ ဆူဆဲလိုက်သေးတယ်၊ တခြားသူတွေကို ဂရုမစိုက်တတ်ဘူး။ ရွှီဝမ်ကိုလဲ တန်ဖိုးမထားတတ်ဘူး ဆိုပြီးတော့ပေါ့]
[ငါထင်လိုက်တာက သူ့မှာ စရိုက်ကွဲလက္ခဏာတစ်ခု ရှိနေသလားလို့___ __]
[နေအုံး__ ငါဘာတွေ့လိုက်တာ]
[ဝိန်းယောင်မေက မင်ကျီလက်ထပ်ပြီး ရှီမိသားစုထဲ ဝင်လာတဲ့အခါကြရင် သူ့ကို ဘယ်လို နှိပ်စက်ရမလဲဆိုတာကိုတောင် တကယ်တမ်း စပြီးစဥ်းစားနေတာတဲ့လား]
ဒါကို မြင်လိုက်ရတဲ့အခါ စူးလီက မင်ကျီကို ကိုယ်ချင်းမစာဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။ သူ့မှာ လက်ထပ်ဖို့ လှည့်စားခံရတာနဲ့တင် ဆိုးရွားလွန်းနေတာ ဒါကိုမှ သူက နေ့တိုင်း အနိုင်ကျင့်ခံရတာကိုလဲ ခံစားရအုံးမတဲ့။
ချမ်းသာတဲ့ အမျိုးသမီးလေးတစ်ယောက်က ရွှီမိသားစုနဲ့ လက်ထပ်ပြီးတဲ့အချိန်ကြရင် သူက နေ့တိုင်း ဝိန်းယောင်မေရဲ့ ထေ့လုံးတွေ သရော်လုံးတွေကို သည်းခံရမယ်။ နောက်ပြီးတော့ သူ့ကိုလဲ ဝိန်းယောင်မေ စိတ်ကျေနပ်တဲ့အထိ ပြုစုခိုင်းအုံးမယ်။ ဒါက စဥ်းစားကြည့်လိုက်ရုံနဲ့ တကယ့်ကို ရင်နာစရာကောင်းလိုက်တာ။
စင်မြင့်ပေါ်မှာ မင်ကျီရဲ့အမူအရာက လုံးဝကို အေးစက်သွားပြီး သူမရဲ့မျက်လုံးထဲမှာ ရွှီဝမ်အတွက် ဘာချစ်ခြင်းမေတ္တာမှ မကျန်တော့ဘူး။
သူမက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံလာရပြီး ဒီလို ရွံစရာကောင်းတဲ့ကိစ္စမျိုး ကျင့်ကြံရေးလောကထဲမှာ ဖြစ်လာမယ်လို့ လုံးဝစိတ်ကူးမရှိခဲ့ဖူးဘူး။
ရွှီဝမ်နဲ့ သူ့အမေလို လူမျိုးတွေက သူမရဲ့ဝမ်းနည်းတတ်တဲ့စိတ်နဲ့ မထိုက်တန်ဘူး။
ကြောက်လန့်တကြားနဲ့ ဆွံ့အနေတဲ့ ရွှီဝမ်ကိုကြည့်လိုက်ပြီး သူမက အားနည်းနည်း ထည့်လိုက်တော့ ကောင်းကင်ကို တိုင်တည်ပြီး သစ္စာပြုမဲ့ သူတို့လက်ထဲက ကျောက်စိမ်းတံဆိပ်လေးက ပြာအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့တယ်။
ဒီမြင်ကွင်းကို တွေ့လိုက်ရတဲ့ လူအားလုံးက မင်ကျီက ရွှီဝမ်ကို လုံးဝလက်လျှော့လိုက်ပြီဆိုတာကို နားလည်လိုက်ကြတယ်။
ဟုတ်တယ်လေ။ မင်ကျီက ဒီရွံစရာကောင်းတဲ့ သားအမိနှစ်ယောက်ကို ရိုက်နှက်ပစ်ဖို့ သည်းခံနိုင်လောက်တဲ့အထိ ကောင်းကောင်း သင်ကြားပေးခံထားရတယ်လေ။
လူအများကြီးက နောက်ထပ် ဇာတ်လိုက်တစ်ယောက်ဖြစ်သူ ဝိန်းယောင်မေကို ခိုးပြီးကြည့်လိုက်ကြတယ်။
ဒီအခိုက်အတန့်မှာ ဝိန်းယောင်မေရဲ့မျက်နှာပေါ်မှာ ဘာသွေးအရိပ်အယောင်မှ မတွေ့ရတော့ဘူး။ သူမက ဖျာပေါ်ကို ပုံကျသွားပြီး တစ်ကိုယ်လုံးကလဲ တုန်ယင်သွားတော့တယ်။
ဒီအချိန်မှာ အပြင်လောကကလာတဲ့အသံက ထပ်ပြောတယ်။
[နောက်ပိုင်း မင်ကျီနဲ့ ဝိန်းယောင်မေတို့ ရန်ဖြစ်ကြတဲ့အချိန်ကြရင် ရွှီဝမ်က သူ့ရဲ့လေးစားရတဲ့အမေဖြစ်သူဖက်မှာပဲ သေချာပေါက် ရပ်လိမ့်မှာပဲ၊ အဲဒီအချိန်ကြရင် သူက မင်ကျီကို သူ့မိဘတွေကို မလေးစားဘဲ ရိုင်းစိုင်းတဲ့အတွက်ကြောင့် အလွယ်တကူ စွပ်စွဲနိုင်လိမ့်မယ်လေ]
...