အခန်း ၆၁
Vol. 5 Ch. 61
အပိုင်း (၆၁)
[ကြည့်ရတာ ကျင့်ကြံရေးလောကထဲက အထက်တန်းစားမိသားစုတွေက ဒီကိစ္စအပေါ်မှာ အရမ်းကို အရေးကြီးတယ်လို့ သက်မှတ်ထားကြတဲ့ပုံပဲ ဟုတ်လား]
[ကောင်းလိုက်တဲ့အကြံ။ မင်ကျီက သူ့ရဲ့နောက်ခံအနေနဲ့ သူ့မှာ မင်မိသားစု ရှိသေးတယ်ဆိုရင်တောင် ရှေ့က တိုက်ခိုက်လာမဲ့ တိုက်ခိုက်မှုတွေကို အလွယ်တကူ ရှောင်ရှားနိုင်ပေမဲ့ အမှောင်ထဲက ပစ်လာမဲ့ မြားတစ်စင်းကိုတော့ သတိထားမိဖို့ ခက်ခဲမယ်လေ]
[သူ့ဘေးကလူကလဲ အမေဖြစ်သူနဲ့ လုံးဝကို တစိတ်တည်းတဉာဏ်ထဲပဲ၊ မင်ကျီကတော့ နောက်ပိုင်းကျ ရင် အများကြီး ခံစားရတော့မှာပဲ]
မင်ကျီက ရွှီဝမ်ရဲ့မျက်လုံးတွေထဲမှာ ဖျတ်ခနဲ အပြစ်ရှိဟန် အကြည့်တစ်ခုကို မြင်လိုက်ရတဲ့အခါ အပြင်လောကကလာတဲ့အသံ ပြောတဲ့စကားက လုံးဝမှန်နေတယ်ဆိုတာကို သိလိုက်တော့တယ်။
ရွှီဝမ်က ဒီလိုကိစ္စတွေကိုတောင် လုပ်နိုင်တယ်ဆိုမှတော့ သူ့အမေအတွက် သူမလုပ်နိုင်တာ ဘာရှိအုံးမှာလဲ။
သူမက လက်ကိုဆန့်တန်းလိုက်ပြီး သူမရဲ့လည်ပင်းဆီကနေ အနီရောင်တောက်တောက် မင်္ဂလာဝတ်စုံကို ဖမ်းဆွဲလိုက်တယ်။ တစ်ချက်ဆောင့်အဆွဲလိုက်မှာ မရေမတွက်နိုင်တဲ့ ဝိညာဥ်စွမ်းအင် ပုတီးလုံးတွေနဲ့ ရွှေချည်ကြိုးတွေနဲ့ လုပ်ထားတဲ့ မင်္ဂလာဝတ်စုံက ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစ ဖြစ်သွားတော့တယ်။
"ရွှီဝမ် ဒီနေ့ကစပြီး ကျွန်မတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီ"
အခုချိန်မှာတော့ လှည့်စားခံရတဲ့ဒေါသအစား ဒီနေ့ အပြင်လောကကလာတဲ့အသံကိုပဲ ပိုပြီးတော့ ကျေးဇူးတင်မိသလို ခံစားရတော့တယ်။
အပြင်လောကကလာတဲ့အသံကြောင့်သာ မဟုတ်ရင် သူမက ရွှီဝမ်ရဲ့မျက်နှာအစစ်ကို ဘယ်တော့မှ သိလိုက်ရမှာ မဟုတ်ဘူး။ သူမက ရွှီမိသားစုထဲ ရောက်သွားပြီးရင်လဲ သူမ ရင်ဆိုင်ရမဲ့ဘဝက အပြင်လောကကလာတဲ့အသံ ပြောပြတဲ့စကားလုံးတွေထက်တောင် အဆပေါင်းများစွာ ပိုပြီးတော့ ဆိုးဝါးနေနိုင်လောက်တယ်။
သူမက ရွှီဝမ်နဲ့အတူတူ အချိန်ကုန်ဆုံးခဲ့တဲ့ ကာလအတွင်းမှာ သူမက သူမကို ပျော်ရွှင်စေမဲ့ ကောင်ငယ်လေးတစ်ယောက်ကို ဝိညာဥ်ကျောက်တုံးတွေနဲ့ ဝယ်ယူခဲ့တယ်လို့ပဲ သဘောထားလိုက်တော့တယ်။
ရွှီဝမ်က မင်ကျီရဲ့မျက်နှာပေါ်က မျှော်လင့်မထားတဲ့ လျစ်လျူရှုမှုတွေနဲ့ အထင်သေးဟန်ကို မြင်လိုက်ရတဲ့အခါ ဘာပြောရမယ်မှန်း မသိအောင်ဖြစ်သွားတော့တယ်။
သူက အမှတ်တမဲ့ ပရိသတ်တွေကြားက ဝိန်းယောင်မေကို လှမ်းကြည့်လိုက်မိတယ်။ အကြိမ်တိုင်း သူဘာပြသာနာပဲ ရင်ဆိုင်လာခဲ့ရပါစေ သူ့အမေက သူ့ကို ကူညီဖြေရှင်းပေးနိုင်တယ်လေ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက အမေဖြစ်သူရဲ့ တုံ့ပြန်မှုကို စောင့်မနေတော့ဘဲ စူးရှတဲ့ဓားရောင်တစ်ခုကိုသာ စောင့်ဆိုင်းနေရတော့တယ်။
"ရွှီဝမ် မင်းက အတင့်ရဲလို့များ ငါ့ညီမကို ဒီလိုဆက်ဆံရသလား"
မင်ကျီက နောက်ဆုံးတော့ ရွှီဝမ်ကို စိတ်ပျက်သွားတာ မြင်လိုက်ရတဲ့အခါ မင်ကျီရဲ့အစ်ကိုဖြစ်သူက ဒါကို ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ဓားတစ်ချောင်းနဲ့ ရွှီဝမ်ကို တိုက်ခိုက်တော့တယ်။ ရွှီဝမ်ရဲ့ ကျင့်ကြံခြင်းအဆင့်က သူနဲ့အတူတူပဲဆိုပေမဲ့ သူရဲ့ကျင့်ကြံခြင်းအဆင့်ကို ဆေးလုံးတွေကနေတဆင့် စုဆောင်းထားခဲ့တာ။ တစ်ချီနှစ်ချီ တိုက်ခိုက်အပြီးမှာတော့ သူက ဓားဒဏ်ရာအများအပြား ခံစားနေရပြီ။
ဒီလို အရေးကြီးတဲ့ အချိန်အခိုက်အတန့်မှာတောင် ဝိန်းယောင်မေက ရွှီဝမ်ရဲ့လုံခြုံရေးကို အမှတ်တမဲ့ စိုးရိမ်နေမိသေးတယ်။ သူ ဒဏ်ရာရသွားတာကို မြင်လိုက်တဲ့အခါ သူမမှာ ရင်နာရပြီး ရွှီမိသားစုခေါင်းဆောင်ကို အမှတ်တမဲ့ ပြောလိုက်မိတယ်။
"သခင်ကြီး၊ ဝမ်အာက ဒဏ်ရာရနေပြီ၊ ရှင်က..."
သူမစကားမဆုံးခင်မှာပဲ ရွှီမိသားစုခေါင်းဆောင်က ညိုမည်းနေတဲ့မျက်နှာတစ်ခုနဲ့ သူမကို ပါးချလိုက်တော့တယ်။ သူက လုံးဝကို ထိန်းမထားဘဲ သူမရဲ့အရွတ်တွေနဲ့သွေးကြောတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားစေတော့တယ်။
"အမေ"
တိုက်ခိုက်နေတဲ့ရွှီဝမ်က ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ သူ့အသံထဲမှာ ပျာယာခတ်သွားပြီး ကြောက်စိတ်အပြည့် ဖြစ်သွားတော့တယ်။ မင်ကျီရဲ့အစ်ကိုက အားနည်းချက်ကို တွေ့လိုက်တာနဲ့ သူ့ကိုဓားတစ်ချောင်းနဲ့ စင်ပေါ်က ကန်ချလိုက်ပြီး သူ့ရဲ့ချစ်လှစွာသော အမေဘေးကို ပြင်းပြင်းထန်ထန် ကျသွားအောင် လုပ်လိုက်တော့တယ်။
စူးလီက ဒီမြင်ကွင်းကိုတွေ့လိုက်တဲ့အခါ မနေနိုင်ဘဲ သက်ပြင်းချမိတော့တယ်။
[ကျွတ် ကျွတ်... တကယ့်ကို နက်ရှိုင်းလှတဲ့သားအမိ မေတ္တာပဲ]
[သူတို့တွေက တိုက်ခိုက်နေရင်းနဲ့တောင် အချင်းချင်း စိတ်ပူပေးနိုင်သေးတယ်၊ မင်ကျီက အဲလောက် အလွယ်တကူ တစ်ခုခုမှားယွင်းနေတာ သတိထားမိတာလဲ မဆန်းတော့ဘူး]
[ရွှီဝမ်ရဲ့မျက်နှာပေါ်မှာ တကယ့်ကို တားဆီးလို့မရနိုင်တဲ့ မိခင်အပေါ်လေးစားမှုနဲ့ ချစ်မြတ်နိုးမှုတွေကို ပြသနေတာပဲ]
ဒါကို မြင်လိုက်ရတဲ့အခါ မင်မိသားစုခေါင်းဆောင်က ထရပ်လိုက်ပြီး မင်ကျီကို သူ့နောက်ကိုပို့လိုက်ကာ ကာကွယ်ပေးထားလိုက်တယ်။ သူက သူ့အင်္ကျီလက်ကို ဖျတ်ခနဲ ရမ်းခါလိုက်ပြီး ရွှီမိသားစုခေါင်းဆောင်ကို ကြည့်လိုက်ပြီး တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။
"သခင်ကြီးရွှီ ဒီနေ့ ခင်ဗျားက မင်မိသားစုကို ဖြေရှင်းချက်တစ်ခုတော့ ပေးမှဖြစ်မယ်"
ရွှီမိသားစုခေါင်းဆောင်က ရွှီဝမ်နဲ့ဝိန်းယောင်မေတို့ကြားက ဆိုးညစ်တဲ့အပြုအမူတွေကြောင့် အလွန်မှ ဒေါသထွက်နေပြီး သူ့ရင်ထဲမှာ ဆို့နစ်သလို ခံစားသွားရတယ်။ မင်မိသားစုခေါင်းဆောင်ရဲ့ မေးခွန်းကို ကြားလိုက်ရပြီးတဲ့အခါ သူက ထိုလူနှစ်ယောက်ကို ဖျက်ဆီးချင်တဲ့စိတ်အားကို ကိုယ့်ဟာကိုယ် မျိုသိပ်ထားလိုက်ပြီး မင်မိသားစုခေါင်းဆောင်ကို သက်ပြင်းချလိုက်တယ်။
"မိသားစု တကယ်ကို ကံဆိုးတာပါပဲ"
"သခင်ကြီးမင် ကျုပ် ကလေးတွေကို စည်းကမ်းမတင်းကြပ်ခဲ့မိတာ ကျုပ်ရဲ့ အမှားပါ၊ မင်မိသားစုက ဒီလိုတိရိစ္ဆာန်တစ်ကောင်ကို မွေးထုတ်ပေးလိမ့်မယ်လို့ ကျုပ် တကယ်မသိခဲ့မိဘူး"
သူက သခင်ကြီးမင်ကို ဦးညွှတ်လိုက်ပြီး သူ့ရဲ့အသံထဲမှာလဲ အပြစ်ရှိစိတ်နဲ့ အားအင်ကုန်ခန်းတဲ့ဟန်တွေ အပြည့်ဖြစ်နေတော့တယ်။
"အခု ကပ်ဆိုးကြီးတစ်ခုကို ဖြစ်သွားတော့မတတ် ဖြစ်သွားခဲ့ပြီ ကျုပ်ရဲ့တူမလေးကိုလဲ အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ဒါက ကျုပ် အမှားပါ"
"ကျုပ်ရဲ့ သိုလှောင်ခန်းထဲမှာ အဆင့်ရှစ်ရှို့ကျီကြာပန်းတစ်ပွင့်ရှိတယ်။ ဒါကြောင့် ကျုပ်က ဒီကြာပန်းကို မင်ကျီကို ပေးပြီး သူရဲ့ခန္ဓာကိုယ်ကို အားပြန်ဖြစ်လာစေဖို့ မျှော်လင့်ပါတယ်"
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူ့နှလုံးသားထဲမှာ သွေးတွေယိုစီးသွားသလို ခံစားလိုက်ရတယ်။ အဆင့်ရှစ်ဝိညာဥ်ဆေးပင် မဟုတ်လား။ သူက ရွှီမိသားစုရဲ့ခေါင်းဆောင်ဖြစ်နေတာတောင် သူ့ဆီမှာ ဒါတွေအများကြီး မရှိနေဘူးလေ။
ဒါကို စဥ်းစားမိလိုက်ပြီး သူက မြေကြီးပေါ်မှာ လဲကျနေတဲ့ လူနှစ်ယောက်ကို အေးတိအေးစက် လှမ်းကြည့်လိုက်ကာ သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး သူတို့ရဲ့ဝိညာဥ်စွမ်းအင် အရင်းအမြစ်ကို ဖျက်ဆီးပစ်လိုက်တော့တယ်။
"ဒီတိရိစ္ဆာန်နှစ်ယောက်ကိုတော့ သူတို့တွေက ကျုပ်တို့ရဲ့ရွှီမိသားစုဝင်တွေ မဟုတ်တော့ပါဘူး။ မင်မိသားစုခေါင်းဆောင်က အလိုရှိသလို ဖြေရှင်းနိုင်ပါတယ်"
ရွှီဝမ်က သူ့ရဲ့တန့်ထျန်းထဲမှာ ဝိညာဥ်စွမ်းအင်တွေ လျော့ပါးသွားတာကို ခံစားလိုက်ရတယ်။ သူက အလွန်မှကြောက်ရွံသွားပြီး သူ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေကို လျစ်လျူရှုထားလိုက်ကာ ရွှီမိသားစုခေါင်းဆောင်ဆီကို လေးဘက်ထောက်သွားဖို့ ရုန်းကန်လိုက်တယ်။
"အဖေ အဖေ ကျွန်တော် မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
"ကျွန်တော်...အမေနဲ့ ကျွန်တော်က ဒီအတိုင်း... ဒီအတိုင်း..."
ဒီအချိန်မှာ ရွှီမိသားစုခေါင်းဆောင်က သူ့ဆီက ဘာအသံမှကို မကြားချင်တော့ဘူး။ ဒါနဲ့ သူ့လက်ဝါးကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို သတိလစ်မေ့မြောသွားအောင် ရိုက်ထုတ်ပလိုက်တော့တယ်။
သူက သူရဲ့နာမည်ဂုဏ်သတင်းကို အမြဲတန်ဖိုးထားခဲ့တာ သူ့ပတ်ဝန်းကျင်က လူတွေဆီက ထူးဆန်းတဲ့ သနားစရာကောင်းတဲ့ ထိတ်လန့်တဲ့အကြည့်တွေကို ခံစားမိလေတယ်။ သူက ကြောက်မက်ဖွယ်ကောင်းအောင် အံကြိတ်ထားမိတော့တယ်။
သူကသာ မင်မိသားစုခေါင်းဆောင်အတွက် သူ့ဒေါသတွေဖွင့်ချဖို့ ရွှီဝမ်နဲ့ ဝိန်းယောင်မေကို မထားခဲ့ရဘူးဆိုရင် သူက အခုချက်ချင်းပဲ သူတို့တွေကို သေလောက်အောင် ရိုက်နှက်ပစ်ချင်တော့တယ်။
[ကျွတ် ကျွတ် ရွှီမိသားစုခေါင်းဆောင်က ရွှီဝမ်အပေါ် တကယ်ရက်စက်တာပဲ။ ဒါက သူ့သားအရင်းလေ၊ သူက သူ့ဆန္ဒအတိုင်း ရွှီဝမ်ကို ဖျက်ဆီးပစ်နိုင်သတဲ့]
[ဒါပေမဲ့လည်း ရွှီဝမ်က မကောင်းတဲ့ကိစ္စတွေ အများအပြားလုပ်ဖို့ ရွှီမိသားစုရဲ့အင်အားကို အခွင့်ကောင်းယူခဲ့တာ။ ဒီတော့ သူက ထိုက်တန်ပါတယ်]
[သူက သူ့အစွမ်းကိုအသုံးချပြီး တခြားသူတွေကို အနိုင်ကျင့်တယ်။ သူတို့ရဲ့ ဝိညာဥ်ရတနာတွေကိုလဲ ခိုးယူခဲ့တယ်၊ သူ့ထက်အဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေကိုလဲ အနိုင်ကျင့်ခဲ့တယ်...]
စူးလီက ပုံမှန်အတိုင်း သက်ပြင်းချလိုက်ပြီး ကောင်းကင်စာအုပ်ကို ပြန်ကြည့်လိုက်တယ်။ သူမက ရွှီမိသားစုအကြောင်းကို ဖတ်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလဲ အထင်သေးရွံရှာတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။
[ဒါက တကယ်ပဲ ကျင့်ကြံရေးလောကတဲ့လား၊ ရွှီမိသားစုက အရမ်းကို... ပဒေသရာဇ်ဆန်တာပဲ]
[သီးသန့်ကျင့်ကြံနေကြတဲ့သူတွေကလွဲရင် ရွှီမိသားစုရဲ့ မျိုးဆက်တွေနဲ့ သူတို့ရဲ့တာအို လက်တွဲဖော်တွေက မနက်ခင်းတိုင်းနဲ့ ညနေခင်းတိုင်းမှာ ရွှီမိသားစုခေါင်းဆောင်ဆီသွားပြီး ဂါရဝသွားပြုရသတဲ့]
[ရွှီမိသားစုခေါင်းဆောင်အတွက် ဝိညာဥ်အစားအသောက်တွေကို ကိုယ်တိုင် ပြင်ဆင်ပေးရတာကပဲ ဒါက လိမ္မာသိတတ်ကြောင်း ပြသတာတဲ့လား]
[ရွှီမိသားစုခေါင်းဆောင်ကို လိမ္မာသိတတ်တယ်လို့ ဖော်ပြဖို့အတွက် လိုအပ်တဲ့ မိသားစု စည်းမျဥ်းစည်းကမ်းတွေကလဲ ဒါဇင်ကျော်တောင် ရှိနေသတဲ့]
[ဒါက ကျင့်ကြံရေးလောကလေ၊ နည်းနည်းလေးတော့ အရမ်းကို... တရားလွန်နေတာ မဟုတ်ဘူးလား]
အားလုံးက တဖန် မှင်တက်အံ့သြသွားကြတယ်။
ဟင်။
ရွှီမိသားစုမှာ ဦးနှောင့်နဲ့ဆိုင်တဲ့ ရောဂါများ တခုခုရှိနေတာလား။
ဒီအချိန်ကို အသုံးချပြီး သူတို့ရဲ့ ဓားသိုင်းပညာတွေကို ပိုလေ့ကျင့်တာက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား။ ဒီလို လုံးဝအသုံးမကျတဲ့ ကိစ္စတွေအတွက် ဘာလို့ အချိန်ဖြုန်းနေမှာလဲ။
သူတို့တွေက မနက်နဲ့ည သွားပြီးတော့ ဂါရဝပြု နှုတ်ဆက်နေရသေးသတဲ့။ ချန်ရှီက လေ့ကျင့်ဖို့အကောင်းဆုံးအချိန်ဆိုတာ ရွှီမိသားစုက မသိလေရော့သလား။
ကျင့်ကြံသူတွေက သားအမိနှစ်ယောက်ရဲ့လျှို့ဝှက်ချက်ကို ကြားလိုက်ပြီးတဲ့နောက်မှာ အလွန်မှ အထိတ်တလန့် ဖြစ်သွားကြတယ်။ ဒါပေမဲ့လည်း ကျင့်ကြံရေးကို နှောင့်နှေးစေမဲ့ မိသားစုရဲ့ စည်းမျဥ်းစည်းကမ်းအကြောင်းကို ကြားလိုက်ရတဲ့အခါမှာ အားလုံးက အထင်သေးရွံရှာတဲ့ဟန်နဲ့ ရွှီမိသားစုခေါင်းဆောင်ကို ကြည့်လိုက်တော့တယ်။
ကျင့်ကြံရေးလောကထဲမှာ ကျင့်ကြံသူတွေကို လေ့ကျင့်ဖို့ရာ နှောင့်နှေးစေမဲ့ မိသားစုစည်းမျဥ်းစည်းကမ်းကို အသုံးချတဲ့ ဒီလိုမိသားစုတွေ ရှိသေးသတဲ့လား။
သိက္ခာကျလိုက်တာ။
ရွှီမိသားစုခေါင်းဆောင်က လူအုပ်ကြီးရဲ့အကြည့်ကို ခံစားလိုက်ရတဲ့အခါ မကျေမနပ် မျက်မှောင်ကြုတ်မိတော့တယ်။
သူကတော့ မှားတယ်လို့ လုံးဝ မထင်မိပါဘူး။ ရွှီမိသားစုရဲစည်းကမ်းတွေက အမြဲတမ်း ဒီလိုဖြစ်ခဲ့ပြီး နှစ်တစ်ထောင်နီးပါး လက်ဆင့်ကမ်းလာခဲ့ကြတာပဲ။ ဒါက တခြားသူတွေ ထောက်ပြဖို့လိုတဲ့ကိစ္စ မဟုတ်ဘူးလေ။
သူတို့တွေထဲမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရွှီမိသားစုနဲ့ ယှဥ်ပြိုင်နိုင်တဲ့သူတွေ ရှိလို့လား။
အပြင်လောကရဲ့အသံကတော့ ရွှီမိသားစုအပေါ် ပြစ်တင်ရှုတ်ချခြင်းက ဆက်ပြီးဖြစ်နေတယ်။
[ဝိန်းယောင်မေက ရွှီမိသားစုနဲ့လက်ထပ်ပြီးတဲ့နောက်မှာ မင်ကျီက ရွှီမိသားစုရဲ့ အနိုင်ကျင့်ခံရလိမ့်မယ်လို့ ခံစားရတဲ့အကြောင်းရင်းကို အခုမှ သဘောပေါက်သွားတော့တယ်၊ ဒါက ရွှီမိသားစုထဲမှာ မရေမတွက်နိုင်တဲ့ ပြစ်မှုမှတ်တမ်းတွေ ရှိနေလို့ပဲ]
[ကြည့်လိုက်ပါအုံးမယ်၊ ယောက္ခမက ချွေးမကိုအနိုင်ကျင့်ပြီး သူတို့တွေကို အတင်းခစားခိုင်းတဲ့ ရွှီမိသားစုထဲမှာ အမှုကိစ္စတွေ အများကြီးရှိနေတဲ့ပုံပဲ]
[အခုဆိုရင် ရွှီမိသားစုက နှစ်သက်တမ်းတစ်ထောင်ရှိတဲ့ မိသားစုတစ်ခု ဒါမှမဟုတ် ကျင့်ကြံရေးလောကထဲက ချမ်းသာတဲ့လူတစ်ယောက်လို့ ဘယ်သူက ပြောနိုင်အုံးမှာလဲ]
ဒီနေရာမှာ အခမ်းအနားကို စောင့်ကြည့်နေကြတဲ့ ကျင့်ကြံသူတွေ ကြားထဲမှာ ရွှီမိသားစုနဲ့တော်စပ်ကြတဲ့ လူတွေ အများအပြားရှိသေးတယ်။ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ အားလုံးရဲ့မျက်လုံးတွေက အင်မတန်မှ စူးရှလာခဲ့တယ်။
အပြင်လောကကလာတဲ့အသံ ထွက်သွားပြီးရင်တော့ သူတို့တွေက ရွှီမိသားစုခေါင်းဆောင်နဲ့ သေချာပေါက် စကားကောင်းကောင်း ပြောရလိမ့်မယ်။
ရွှီမိသားစုရဲ့ နောက်မျိုးဆက်တွေနဲ့ အင်မတန်မှ ရင်းနှီးကြတဲ့ ဆက်ဆံရေးရှိတဲ့လူတချို့လဲ ရှိသေးတယ်။ တကယ်လို့ ဘာမှမဖြစ်ပျက်ခဲ့ဘူးဆိုရင် သူတို့တွေက နှစ်အနည်းငယ်အတွင်းမှာ ရွှီမိသားစုထဲက ဒီမျိုးဆက်တွေရဲ့ တာအိုလက်တွဲဖော်တွေ ဖြစ်လာလိမ့်မယ်။
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့အခါ ဒီလူတွေက ရွှီမိသားစုရဲ့မျိုးဆက်တွေကို တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွားကြတော့တယ်။
ရွှီမိသားစုထဲကို လာချင်တဲ့သူတွေကတော့ လာပါစေပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့တွေကတော့ အခုချိန်မှာ ရွှီမိသားစုနဲ့ ခပ်ဝေးဝေးပဲ နေချင်တော့တယ်။
ဒီနေ့ပြီးသွားရင်တော့ ရွှီမိသားစုရဲ့မျိုးဆက်သစ်တွေက သူ့တို့ရဲ့လက်တွဲဖော်ကိုရှာဖို့ ခက်ခဲသွားလောက်တယ်။
စူးလီက ခေါင်းကို မော့မကြည့်လိုက်တဲ့အတွက် ရွှီမိသားစုက လူထုရဲ့ ဝေဖန်ချက်ပစ်မှတ် ဖြစ်လာတာကို တိမ်လွှာကြေးမုံထဲမှာ သတိမထားမိလိုက်ဘူး။
ရွှီမိသားစုခေါင်းဆောင်ဘေးမှာလဲ ကျင့်ကြံသူတွေတစ်ယောက်မှ မရှိတော့ဘူး။ သူက အဲဒီ့နေရာမှာပဲ တစ်ယောက်ထဲရပ်နေပြီး သူရဲ့ခေါင်းနဲ့ရင်ဘက်ကို ချီထားလိုက်ကာ ရွှီမိသားစုက မမှားဘူးဆိုတဲ့ဟန်နဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ အမူအရာတစ်ခုကို ဆောင်ထားတော့တယ်။
ရွှီမိသားစုမှာ ဖရဲသီးတွေက အများကြီးပဲ။ သူမကတော့ ဒါတွေကို စားရတာနဲ့တင် ဝမ်းသာနေမိပြီလေ။
[ကျွတ် ကျွတ် ရွှီမိသားစုခေါင်းဆောင်က တကယ်တော့ မြာပွေတဲ့လူတစ်ယောက်ပဲ၊ သူ့မှာ ကိုယ်လုပ်တော် ၁၂ယောက်ကျော်တောင် ရှိသတဲ့၊ ဝိန်းယောင်မေက လုံးဝ သဘောမကျရတဲ့ သူတွေထဲက တစ်ယောက်တဲ့လေ၊ သူကသာ ရွှီဝမ်ကို မင်ကျီ အနားရောက်ဖို့ ပရိယာယ်သာ မသုံးခဲ့ဘူးဆိုရင် ရွှီမိသားစုခေါင်းဆောင်က သူ့ရဲ့ရုပ်ရည် ဘယ်လိုရှိမှန်းတောင် မှတ်မိလိမ့်မှာ မဟုတ်ဘူး]
[ဝိန်းယောင်မေမှာက ရွှီဝမ်ဆိုတဲ့ကလေးတစ်ယောက်ထဲ ရှိတာလေ၊ ရွှီဝမ်ကလဲ သူ့အဖေလို သူမကို မေ့လျော့သွားမှာ စိုးရိမ်နေတာပေါ့၊ ဒါကြောင့်မလို့ သူက ရွှီဝမ် သူ့တစ်ယောက်ထဲကိုပဲ ယုံကြည်လာအောင် အကောင်းဆုံး ကြိုးစားခဲ့ပြီး သူ့ကိုပဲ အားကိုးအောင် ကြိုးစားခဲ့တာ၊ ဒါပေမဲ့ သူက မတော်တဆ လက်လွန်သွားခဲ့တာပဲ~ ~]
[နောက်ပြီးတော့ ဝိန်းယောင်မေကလဲ အဆိုးရွားဆုံး အခြေအနေဖြစ်လာအောင် ရွေးချယ်ခဲ့မိတာပ]
[ဘာပဲဖြစ်ဖြစ်ပါ သခင်ကြီးရွှီမှာ ကိုယ်လုပ်တော်တွေနဲ့ ကလေးတွေအများကြီး ရှိနေတာပဲ၊ သူကတော့ ရွှီဝမ်နဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတယ်ဆိုတာ သေချာပေါက်သတိထားမိမှာ မဟုတ်ဘူးလေ]
ဒါကို မြင်လိုက်တဲ့အခါ စူးလီက ရုတ်တရက် သတိဝင်လာတော့တယ်။
[ကျင့်ကြံရေးလောကထဲမှာ ပိုပြီးတော့ အဆင့်မြင့်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လေလေ ကလေးရဖို့ ခက်ခဲလေလေဆိုတဲ့ အကြောင်းပြချက် ရှိနေတာပဲ၊ ဘာဖြစ်လို့များ ရွှီမိသားစုခေါင်းဆောင်က ကလေးတွေ ဒီလောက်အများကြီး ရထားတာလဲ]
[သူက သား၁၀ယောက်ကျော်ကို မွေးထားခဲ့တာပဲ]
[ကလေးတွေများလေလေ ပြသာနာများလေလေဆိုတဲ့ နာမည်ကို သူက လိုချင်လို့များလား]
"အဟက်__ __"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက မနေနိုင်တော့ဘဲ အသံထွက်ပြီး ရယ်မိသွားတယ်။ အဲဒီနောက်မှာတော့ သူက နှုတ်ခမ်းပေါ် လက်တင်လိုက်ပြီး နှစ်ချက်လောက်ချောင်းဟန့်လိုက်ကာ သူရဲ့ရှက်ရွံ့ဟန်ကို ဖုံးကွယ်ထားလိုက်တယ်။
"ကလေးများလေလေ ပြသာနာများလေလေတဲ့လား"
ကြည့်ရတာ ရွှီမိသားစုခေါင်းဆောင်ရဲ့ မျိုးဆက်တွေက တကယ်ပဲ ပြသာနာတွေ ပိုပြီးရှာနေတဲ့ပုံပဲ။
အပြင်လောကကလာတဲ့အသံက သူ့အတွေးကို ထောက်ခံလိုက်တဲ့ပုံပဲ။
[အကြီးဆုံးသားက ညံ့ဖျင်းတဲ့အရည်အချင်းတစ်ခု ရှိပြီး တခြားအမျိုးသမီးတွေနဲ့ ကျီစယ်ပျော်မြူးနေရတာ ကြိုက်တယ်၊ သူက ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းကတောင် အမျိုးသမီးကျင့်ကြံသူတစ်ယောက်ရဲ့ ရိုက်နှက်တာ ခံရပြီး သူ့ဒဏ်ရာတွေတောင် အခုထိ မကျက်သေးဘူးတဲ့]
[ဒုတိယသားရဲ့အရည်အချင်းက ပိုတောင်မှဆိုးရွားသေးတယ်၊ သူက အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့် တည်ဆောက်ပြီးစပဲ ရှိသေးတယ်။ ရွှီမိသားစုခေါင်းဆောင်ရဲ့ စွန့်ပစ်ခြင်းခံလိုက်ရတယ်လေ]
[တတိယသမီးဖြစ်သူကတော့ အရည်အချင်း နည်းနည်းလေး ပိုကောင်းတယ်၊ ဒါပေမဲ့ သူက အချောအလှလေးတွေကို ပိုသဘောကျပြီး သူရဲ့ခြံဝန်းထဲမှာလဲ မရေမတွက်နိုင်တဲ့ အချောအလှကောင်လေးတွေကို အများကြီး ခေါ်ထားသတဲ့]
[နံပါတ်လေးသားက သူ့အချစ်ရဆုံးသားပဲ၊ သူ့အရည်အချင်းကလဲ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့__ ဟားဟား ဟားဟား__ သူက သားအရင်း မဟုတ်ဘူးတဲ့]
[သခင်ကြီးရွှီက ဦးထုပ်စိမ်းနှစ်လုံးကို ပျော်ပျော်ကြီးကို ဆောင်းထားတာပါလား...]
ရွှီမိသားစုခေါင်းဆောင်ရဲ့မျက်နှာပေါ်က ထောင်လွှားနေတဲ့ အရိပ်အယောင်တွေက ရုတ်ခြည်းဆိုသလို အေးခဲသွားတော့တယ်။ သူက ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးထဲမှာလဲ မယုံကြည်မှုတွေအပြည့် ဖြစ်သွားတော့တယ်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ယန်အာက သူ့ရဲ့အချစ်ရဆုံး ဂုဏ်ယူရဆုံးကလေးလေ။ နောက်ပြီးတော့ သူ့ကလေးတွေ အားလုံးထဲမှာမှ ပါရမီအရှိဆုံးပဲ။ အခု အပြင်လောကကအသံက သူက သူ့သားအရင်း မဟုတ်ဘူးလို့ ပြောလိုက်တာလား။
ဒါဆိုရင် ဒီနှစ်တွေထဲမှာ သူ့ကို ဂရုတစိုက် ချစ်ခင်ပေးလာတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
[ဟားဟား ဟားဟား ည မှောင်နေတဲ့လမ်းထဲမှာ အကြိမ်ကြိမ် လမ်းလျှောက်ခဲ့ရင်း သရဲတွေနဲ့လဲ အမြဲတမ်း တွေ့နိုင်တာပေါ့၊ တကယ်လို့ နင့်မှာကလေးတွေ အများကြီးရှိလာတယ်ဆိုရင် ကိုယ့်ရဲ့သားအရင်း မဟုတ်တဲ့တစ်ယောက်နဲ့ တွေ့နိုင်ခြေကလဲ အမြဲတမ်း ရှိနေမှာပဲ]
ရွှီမိသားစုခေါင်းဆောင်ရဲ့မျက်နှာက ဖြူဆုတ်သွားပြီး ပြာနှမ်းသွားကာ ပြာနှမ်းနေရာက ခရမ်းရောင်သမ်းသွားပြီး ခရမ်းရောင်ဖြစ်နေရာက မဲညစ်သွားတော့တယ်။ သူ့ခန္ဓာကိုယ်ကလဲ ဒေါသနဲ့ တုန်ယင်နေတော့တယ်။
ဒီအချိန်မှာ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးဖြစ်သူ ချီမင်က သူ့အမူအရာကို မြင်လိုက်ပြီး သူ့မျက်လုံးထဲမှာလဲ မထိန်းနိုင်တော့ဘဲ ပီတိဖြစ်သွားတဲ့ ဟန်တစ်ခု ပေါ်လာတော့တယ်။
ရွှီမိသားစုခေါင်းဆောင်က အရမ်းကို မောက်မာတဲ့လူတစ်ယောက်ပဲ။ ရွှီမိသားစုက ကျင့်ကြံရေးလောကထဲက ထိပ်ဆုံးမိသားစုတစ်ခုလို့ သူကထင်ပြီး အားလုံးကို အထင်သေးနေခဲ့တာလေ။
ဒါပေမဲ့...
သူက အသက်ပြင်းပြင်းရှူပြီး မျက်လုံးတွေထဲက ခံစားချက်အားလုံးကို ဖုံးကွယ်ဖို့ ကြိုးစားမိတဲ့ ရွှီမိသားစုခေါင်းဆောင်ကို ကြည့်လိုက်ပြီး စိတ်ရင်းအတိုင်း ပြောလိုက်တော့တယ်။
"သခင်ကြီးရွှီ ကျုပ်တကယ်ပဲ ဝမ်းနည်းရပါတယ်"
သူ့ရဲ့ ‘နှစ်သိမ့်တဲ့စကား’ကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရွှီမိသားစုခေါင်းဆောင်က သူ့ရင်ဘတ်ထဲမှာ ပါးစပ်အပြည့် သွေးတွေ ပြည့်လာတာကို ခံစားလိုက်ရပြီး အပြင်ကို အန်ထွက်မတတ် ဖြစ်သွားတော့တယ်။
စူးလီက ရွှီမိသားစုခေါင်းဆောင်ရဲ့ အသုံးမဝင်တဲ့ကလေးတွေကို ဒီအတိုင်း တစ်ချက်လောက် ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးနဲ့ရင်ထဲမှာလဲ ပင်ပန်းရသလို ခံစားမိတော့တယ်။ သူမက မျက်လုံးကိုမှိတ်ပြီး ခဏလောက် အနားယူတော့မဲ့အချိန်မှာပင် တစ်ခုခုကို မြင်လိုက်ရပြီး ရုတ်တရက် အားတက်သွားပြန်တယ်။
[ငါက သခင်ကြီးရွှီကို မှားယွင်း အပြစ်တင်နေမိတာပဲ]
[သူ့ကလေးတွေထဲမှာ တကယ်တော့ ကြီးမားတဲ့အရည်အချင်း ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက် ရှိသေးတာပဲ]
[သန္ဓေပြောင်းရေခဲဝိညာဥ် အရင်းအမြစ်တစ်ခုတဲ့ နောက်ပြီး သူ့ရဲ့နားလည်နိုင်စွမ်းက တကယ့်ကို သန်မာသတဲ့]
ရွှီမိသားစုခေါင်းဆောင်က ရုတ်တရက် ခေါင်းထောင်လာပြီး သူ့မျက်လုံးတွေထဲမှာလဲ ပီတိဖြာသွားတော့တယ်။ ဒီအချိန်မှာပဲ သူက ရွှီဝမ်နဲ့သူ့ရဲ့သားအတုကိစ္စကို မေ့လျော့သွားတော့တယ်။
သူက ကပျာကယာနဲ့ ခုနတုန်းက အပြင်လောကကပြောလိုက်တဲ့စကားကို ပြန်စဥ်းစားလိုက်တယ်။ သန္ဓေပြောင်းရေခဲဝိညာဥ်အရင်းအမြစ်... အင်မတန်မှကို နားလည်နိုင်စွမ်း သန်မာသတဲ့။
ဒါက ရွှီမိသားစုပင်မစံအိမ်ရဲ့ နောက်တက်မဲ့ဆကခံသူပဲ။
ဘယ်သူပါလိမ့်။ သူ့ကလေးတွေထဲက ဘယ်တစ်ယောက်ပါလိမ့်။
သူက ရွှီမိသားစုရဲ့အရင်းအမြစ်တွေအားလုံးကို သူ့အပေါ်မှာ ရင်းနှီးမြှုပ်နှံချင်စိတ် ဖြစ်သွားတော့တယ်။
ဒီကလေးက ဘယ်သူလဲဆိုတဲ့အကြောင်းကို အပြင်လောကကလာတဲ့အသံ မပြောရသေးခင်မှာပဲ သူက စိတ်ထဲမှာကဗျာကယာနဲ့ စတင်ပြီး ရေတွက်နေတော့တယ်။
ဧကန္တ ပြီးခဲ့တဲ့နှစ်တုန်းက မွေးလာခဲ့တဲ့သမီးငယ်လေးလား။ တိုက်တိုက်ဆိုင်ဆိုင် သူမရဲ့ဝိညာဥ်စွမ်းအင် အရင်းအမြစ်ကို မစစ်ဆေးပေးရသေးဘူးလေ။
ဒါမှမဟုတ် သူ့ရဲ့ နံပါတ်၆သားများလား။ သူ့ရဲ့ ဝိညာဥ်စွမ်းအင် အရင်းအမြစ်တွေထဲမှာ သူ့မှာ ရေဓာတ်ဝိညာဥ်စွမ်းအင် အရင်းအမြစ်ရှိနေတာကို မှတ်မိနေသေးတယ်။ ဧကန္တ သူက သိပ်မကြာခင်ကမှ သန္ဓေပြောင်းခဲ့တာလား။
ဒါမှမဟုတ်...
သူက အိပ်မက်မက်နေတုန်းမှာပဲ အပြင်လောကကလာတဲ့အသံက ခပ်တိုးတိုး သက်ပြင်းချလိုက်တော့တယ်။
[နှမြောစရာပဲ ဒီပြိုင်ဘက်ကင်းပါရမီရှင်လေးက ရွှီမိသားစုသခင်ကြီးရဲ့ သားအတုရဲ့ သေလုမျောပါး ဖြစ်အောင် အရိုက်ခံထားရသတဲ့]
...