← Chapters

အခန်း ၆၃

Vol. 5 Ch. 63

အခန်း ၆၃

Vol. 5 Ch. 63

အပိုင်း (၆၃)

မင်သခင်ကြီးက ရုပ်ပျက်ဆင်းပျက် အခြေအနေတစ်ခုလုံးကို စောင့်ကြည့်နေပေမဲ့ သူ့မျက်လုံးတွေက မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့ ရွှီမော့ဆီကို ထိန်းချုပ်မထားနိုင်ဘဲ ကျရောက်သွားခဲ့တယ်။

အကြောင်းတစ်ခုခုကြောင့် သူတို့တွေက အရင်ကတစ်ခါမှ မမြင်ခဲ့ဖူးပေမဲ့ ဒီလူငယ်လေးကို တစ်နည်းနည်းနဲ့ ရင်းနှီးနေသလို ခံစားနေမိတယ်။

ရွှီသခင်ကြီးက သူ့ကို သစ္စာဖောက်သွားတဲ့ အဲဒီလူတွေနဲ့ စာရင်းရှင်းဖို့ပဲ စိတ်ဝင်စားနေပြီး ရွှီမော့ကို လုံးဝ ဂရုမစိုက်တာ တွေ့လိုက်ရတော့ သူက မနေနိုင်ဘဲ ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရွှီသခင်ကြီးကို ပြောလိုက်တယ်။

“ကျုပ်မှာ အားဖြည့်ဆေးလုံး အများကြီးပါလာတယ်၊ ခင်ဗျား သားကြည့်ရတာ အရမ်းအားနည်းပြီး စောင့်ရှောက်ပေးဖို့ လိုနေတဲ့ပုံပဲ”

သူ့စကား အဆုံးမှာ မြေကြီးပေါ်က ရွှီမော့က ရုတ်တရက် အနည်းငယ် တုန်ယင်သွားခဲ့တယ်။

သတိပေးခံလိုက်ရတဲ့နောက်မှာ ရွှီမိသားစုခေါင်းဆောင်က မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး ဖခင်ဆန်ဆန် အမူအရာတစ်ခုကို ဆောင်ထားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ရွှီမော့ကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။

“မော့အာ... လုံးဝ ဂရုမစိုက်ခဲ့မိတာ အဖေ့အမှားပါ၊ သားရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ အဖေ သမားတော်ကို အခုချက်ချင်း လာခိုင်းလိုက်မယ်”

[ရွှီမော့က မွေးလာကတည်းက ရွှီမိသားစုခေါင်းဆောင်ရဲ့ အချစ်မခံခဲ့ရတာပါ၊ ရွှီမိသားစုခေါင်းဆောင်ကြောင့် သူ့မှာ ဒုက္ခတွေ အများကြီး ခံစားခဲ့ရပြီး အကြိမ်ပေါင်းများစွာ သူ့အသက်ကို ဆုံးရှုံးရမလို ဖြစ်ခဲ့ရတယ်... သူက ဒီနေ့မှာ ဘာဖြစ်သွားတာလဲ၊ သူ့မျက်နှာက ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ ]

[ဧကန္တ ရွှီသခင်ကြီးက လူအများကြီးရှေ့မှာ ပြပွဲကောင်းတစ်ခု လုပ်နေတာလား]

[အဲလိုပြောမှဖြင့် ရွှီမိသားစုခေါင်းဆောင်က သူ့သား ရွှီမော့ကို ဘာလို့ အဲလောက်တောင် မုန်းတီးနေရတာလဲ၊ လက်တွေ့ကျကျ ပြောရမယ်ဆိုရင် သူ့မှာ ကလေးတွေမှ အများကြီးပဲလေ၊ ဒီတော့ ရွှီမော့တစ်ယောက်ပိုလာလဲ အရမ်းလွန်မယ်မထင်ပါဘူး]

ရွှီသခင်ကြီးရဲ့မျက်နှာပေါ်က ကြင်နာကြီး စိုးရိမ်နေတဲ့ရုပ်က ရုတ်တရက် အေးခဲသွားတော့တယ်။

[ဟဲ့... သူက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို မထိန်းချုပ်နိုင်ခဲ့လို့ ဖြစ်သွားတာကိုး]

[အဲဒီတုန်းက သူက မူးပြီး ရွှီမော့ရဲ့အမေကို အိပ်ရာပေါ် အတင်းခေါ်တင်ခဲ့တာ၊ နောက်တစ်နေ့ သူ နိုးလာတော့ မျက်နှာပေါ်မှာ အမာရွတ်တွေအများကြီးကို တွေ့လိုက်ရတယ်၊ သူ(မ)က ရုပ်ဆိုးပြီး သူ(မ)ကပဲ သူ့ကို မြှူဆွယ်ခဲ့တယ်လို့ ထင်နေခဲ့တာ၊ ဒါနဲ့ သူက ဒီအတိုင်း ထွက်လာခဲ့တာပဲ]

[သူက သူ့မောင်းမတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အနိုင်ကျင့်ဒုက္ခပေးဖို့ ခွင့်ပြုထားခဲ့သေးတယ်]

[ရွှီမော့ကို မွေးလာပြီးနောက်ပိုင်းမှာ ရွှီမိသားစုခေါင်းဆောင်က သားအမိနှစ်ယောက်ကို လှည့်တောင်မကြည့်ခဲ့ဘူး]

[ရွှီမော့ရဲ့အမေက အစကတည်းက ကျန်းမာရေး ကောင်းတာမဟုတ်ဘူး၊ သူ့ကို မွေးပြီး သုံးနှစ်အကြာမှာ စိတ်ကျရောဂါနဲ့ ဆုံးပါးသွားပြီး ရွှီမိသားစုထဲမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ ရွှီမော့ကို တစ်ယောက်ထဲ ချန်ရစ်ခဲ့တယ်]

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ အားလုံးက သူ့ နည်းနည်းလောက်တော့ အထင်မသေးဘဲ မနေနိုင်အောင် ဖြစ်သွားကြတယ်။

ရွှီမိသားစုခေါင်းဆောင်က ဆိုးရွားတဲ့အကျင့်စရိုက်ရှိတဲ့အပြင် တာဝန်ယူချင်စိတ်လဲ ကင်းမဲ့မယ်လို့ ထင်မထားခဲ့မိဘူး။

သူ့အမှားဆိုတာ ရှင်းနေတာပဲ။ ဒါပေမဲ့ သူက အပြစ်အားလုံးကို မိန်းမနဲ့ကလေးဆီ ပုံချပြီး သူကျတော့ အပြစ်ကင်းတဲ့ပုံနဲ့။

ရွှီမိသားစုခေါင်းဆောင်က အားလုံးရဲ့အကြည့်ကို ခံစားမိလိုက်ပြီး စိတ်မရှည်လက်မရှည်နဲ့ မျက်မှောင်ကြုတ်ထားလိုက်တယ်။

သူက ရွှီ‌မော့ရဲ့အမေကို နားလည်မှုလွဲခဲ့တဲ့သူဆိုတာ သိနေပေမဲ့လည်း သူ မှားတယ်လို့ မထင်မိသေးဘူး။ အဲဒီအစားက သူက သူမကို ပိုပြီးတော့တောင် ရွံရှာလာသေးတယ်။

သူမသာ အဲဒီနှစ်က ပေါ်လာမခဲ့ဘူးဆိုရင် သူလည်း အဲလို ဖြစ်လာမှာမဟုတ်...

ဒီအကြောင်းကို စဉ်းစားလိုက်မိပြီး သူ့မျက်လုံးတွေက မသိမသာ အေးခဲသွားတော့တယ်- သူမသာ အဲဒီနေရာမှာ ပေါ်မလာခဲ့ဘူးဆိုရင် မော့အာလို ပါရမီရှိတဲ့ကလေးတစ်ယောက် ရလာမှာ မဟုတ်ဘူး...

ထားလိုက်ပါလေ။ သူက သေသွားပြီဆိုမှတော့ သူ့ကို အပြစ်မတင်တော့ပါဘူး။

မော့အာ ကြီးလာရင်သာ မော့အာအတွက် သူမကို မယားပြိုင်နေရာတစ်ခု ပေးလိုက်လို့ရပါတယ်။

မင်မိသားစုခေါင်းဆောင်ကတော့ တခြားသူတွေနဲ့ မတူလေဘူး။ သူ့မျက်လုံးတွေက အမြဲတမ်း ရွှီမော့ဆီပဲ ရောက်နေပြီး ရွှီမော့ရှေ့က ရွှီသခင်ကြီးကိုတောင် မကြည့်နေဘူး။

သူက အပြင်လောကကလာတဲ့အသံကို နားထောင်ရင်းက ရွှီမော့အတွက် မသနားဘဲ မနေနိုင်အောင် ခံစားနေမိတယ်။

ကြည့်ရတာ ရွှီမော့က ရွှီမိသားစုမှာ အများကြီး ကြံ့ကြံ့ခံခဲ့ရတဲ့ပုံပဲ။

ဒီလိုစဉ်းစားလိုက်ပြီး သူက ရှေ့နှစ်လှမ်းထပ်တိုးလိုက်ပြီး ရွှီမိသားစုခေါင်းဆောင်နဲ့ ရွှီမော့ရှေ့ကို ရောက်လာခဲ့တယ်။ သူ့အသံက သတိမထားမိလောက်တဲ့ ကြင်နာမှုအရိပ်တစ်ခုနဲ့ တည်ငြိမ်လို့နေတယ်။

“ကျုပ်မှာ အဆင့်(၇) ရှန့်ချောင်ဆေးပင် တစ်ခုရှိတယ်၊ သူ့မှာ အားပျော့တဲ့ ဆေးဝါးဂုဏ်သတ္တိတွေရှိပြီး ခန္ဓာကိုယ် အားပြန်ဖြည့်ဖို့အတွက် အသင့်တော်ဆုံးပဲ”

ဒီအချိန်မှာတော့ သူက ရွှီမော့ရဲ့ အရိုးပေါ်အရေတင် ခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်တော့တယ်။ “သခင်ကြီးရွှီ ဒါကို ခင်ဗျားရဲ့သား အားပြန်ဖြည့်ဖို့ သူ့ကို တိုက်လိုက်ပါ”

အခုတော့ ရွှီမိသားစုခေါင်း‌ဆောင်က ရွှီမော့ရဲ့ပါရမီကို သိသွားပြီဆိုတော့ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စလို ထပ်ပြီး ဖြစ်ခွင့်ပေးတော့မှာ မဟုတ်ဘူးလေ။ ရွှီမော့က ရွှီမိသားစုထဲမှာ ကောင်းမွန်တဲ့ဘဝတစ်ခုနဲ့ နေနိုင်သင့်ပါပြီ။

သူတို့တွေက မမျှော်လင့်ဘဲ တွေ့ခဲ့ရပြီး ဒါက သူ ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။

သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ရွှီမိသားစုခေါင်း‌ဆောင်က မသိမသာ မျက်မှောင်ကြုတ်သွားတယ်။ သူ့သားက တခြားသူတွေ ဒီလိုပစ္စည်းပေးဖို့ လိုလို့လား။

ရွှီမိသားစုမှာ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေရှိသားပဲ။ သူတို့တွေက ဘယ်လိုဖြစ်ပြီး ရွှီမော့ရဲ့ကျန်းမာရေးကို ဂရုမစိုက်နိုင်ရမှာလဲ။

သူက ဟင့်အင်းလို့ ငြင်းတော့မဲ့ဆဲဆဲ အပြင်လောကကလာတဲ့အသံ ထပ်ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတယ်။

[ထူးဆန်းလိုက်တာဟယ်]

[ရွှီမိသားစုရဲ့ကလေးတွေအားလုံးက သာမန်အရည်အချင်းတွေပဲ ရှိကြတာပါ၊ ရွှီမော့ကျမှာ ဘာလို့ လူအုပ်ကြီးထဲမှာ ထင်းထွက်နေတာလဲ]

[သူက တခြားသူတွေထက် အများကြီး ပိုပြီးအရည်အချင်းရှိနေတာပဲ]

[မဟုတ်မှလွဲရော...]

အားလုံးက တပြိုင်တည်း နားစွင့်ထားလိုက်ကြပြီး သူတို့စိတ်ထဲမှာ စဉ်းစားနေလိုက်ကြတယ်။ မဟုတ်မှလွဲရော... အဲဒီရွှီမော့က ရွှီမိသားစုခေါင်းဆောင်ရဲ့ကလေး မဟုတ်ဘူးလား။

စူးလီက ကောင်းကင်စာအုပ်ထဲက အကြောင်းအရာကို ကြည့်လိုက်ပြီး အစောပိုင်း စိတ်လှုပ်ရှားမှုထဲမှာ သူမရဲ့အသံက ပျောက်ကွယ်သွားတော့တယ်။

[ရွှီမော့ ရွှီမိသားစုခေါင်းဆောင်ရဲ့ သားအရင်းဖြစ်နေတာပဲ]

ရွှီမိသားစုခေါင်းဆောင်က မသိမသာ သက်ပြင်းချလိုက်တယ်။

[ခဏလေး.... ရွှီမော့ရဲ့အမေက...]

[ဘုရားရေ... ရွှီမော့ရဲ့အမေက အရမ်းကို အရည်အချင်းရှိတာပဲ၊ သူ့ဝိညာဉ်ရင်းမြစ်ကလည်း ရေခဲအမျိုးအစား ဝိညာဉ်အရင်းအမြစ်ပဲ]

[ဒီတော့ ရွှီမော့ရဲ့အရည်အချင်းကလည်း ကောင်းပြီပေါ့၊ ဒါက ရွှီမိသားစုခေါင်းဆောင်နဲ့ ဘာမှကိုမဆိုင်တာ၊ အားလုံးက သူ့အမေကြောင့်ပဲ]

မင်မိသားစုခေါင်းဆောင်မှာ တစ်ခုခုကို မှတ်မိသွားဟန်တူတယ်။ သူ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို မှိုင်တွေသွားခဲ့တယ်။

ငယ်ငယ်လေးနဲ့ ဆုံးပါးသွားခဲ့တဲ့ သူ့ညီမလေးကလည်း အင်မတန်မှ အရည်အချင်းရှိပြီး ရေခဲဝိညာဉ်အရင်းအမြစ် ပိုင်ဆိုင်ထားတဲ့သူပဲ။

အပြင်လောကကလာတဲ့အသံက ဆက်ပြောတယ်...

[ရွှီမော့ရဲ့ အမေနာမည်က မင်ရွှမ်း__]

[သူက ငယ်ငယ်လေးကတည်း မင်မိသားစုသခင်ကြီးရဲ့ ပျောက်သွားတဲ့ ညီမလေးတဲ့]

မင်မိသားစုခေါင်းဆောင်မှာ ရုတ်တရက် ခေါင်းထောင်လာပြီး သူ့လက်တွေကလည်း တုန်ယင်နေတော့တယ်။

ရွှီမော့ရဲ့အမေက သူ့ညီမလေးတဲ့လား။

သူ့ညီမလေးက မင်မိသားစုရဲ့ ရန်သူတွေလက်ထဲမှာ အစောကြီးကတည်းက သေသွားခဲ့ပြီ မဟုတ်ဘူးလား။

[မင်ရွှမ်းက မင်မိသားစုရဲ့ရန်သူတွေ ပြန်ပေးဆွဲတာခံခဲ့ရတဲ့အချိန်မှာ သူကံကြမ္မာကျောက်ပြားကလည်း ကျိုးသွားခဲ့တယ်၊ ဒါကြောင့် မင်မိသားစုက မင်ရွှမ်းဟာ မတော်တဆ ဖြစ်ရပ်နဲ့ တွေ့ကြုံခဲ့ရတယ်လို့ ထင်ခဲ့ကြတာ]

[ဒါပေမဲ့ တကယ်တမ်းတော့ သူက အသက်ရှင်နေသေးတယ်၊ ဒါပေမဲ့ ပြင်းထန်တဲ့ဒဏ်ရာ ရခဲ့ပြီး သူ့ကျင့်ကြံခြင်းကလည်း အချည်းနှီးဖြစ်သွားခဲ့ပြီး သူ့မျက်နှာလဲ ဖျက်ဆီးခံခဲ့ရတယ်၊ ကံကြမ္မာအလှည့်အပြောင်း အများကြီး တွေ့ကြုံခဲ့ရပြီးမှာ သူက ရွှီမိသားစုကို ရောက်လာပြီး ရွှီမိသားစုရဲ့ အစေခံတစ်ယောက် ဖြစ်လာခဲ့တယ်]

[အဲဒီနောက်မှာ သူက ရွှီမော့ကို မွေးခဲ့တယ်၊ ဒါပေမဲ့ ဆိုးရွားနေပြီးဖြစ်တဲ့ သူ့ကျန်းမာရေးကြောင့် ရွှီမော့ကို မွေးပြီး မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တယ်]

မင်မိသားစု‌‌ခေါင်းဆောင်မှာ ဆက်ပြီး သည်းမခံနိုင်တော့ဘဲ လက်ဝါးတစ်ချက်နဲ့ ရွှီမိသားစုခေါင်းဆောင်ကို တွန်းထုတ်လိုက်ပြီး ရွှီမော့ကို သူ့ရင်ခွင်ထဲမှာ ဂရုတစိုက် ပွေ့ထားလိုက်တယ်။

သူက ရွှီမော့ရဲ့ ညာဖက်ပခုံးပေါ်က မရေမတွက်နိုင်တဲ့ အမာရွတ်တွေကြားမှာ ဖုံးကွယ်နေတဲ့ မွေးရာပါအမှတ်ကို ကြည့်လိုက်ပြီး မျက်ရည်တွေ တစက်စက် စီးကျလာခဲ့တယ်။ “ဒါက ကျုပ်တို့မင်မိသားစုရဲ့ သွေးပဲ”

ဒါက သူ့ညီမလေး ချန်ခဲ့တဲ့ တစ်ဦးတည်းသော သွေးချင်း။ သူ့တူလေးပဲ။

သူက ခေါင်းငုံ့ထားပြီး ခေါင်းပြန်မော့ဖို့ ငြင်းဆန်နေတဲ့ ရွှီမော့ကို ကြည့်လိုက်ပြီး တုန်ယင်နေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။ “မော့အာ ငါက မင်းရဲ့ဘကြီး၊ မင်းအမေရဲ့အစ်ကိုပါ”

“မင်း ဘကြီးကို တွေ့ချင်လား”

“တကယ်လို့ မတွေ့ချင်ဘူးဆိုရင်လည်း ရပါတယ်၊ ဒါက ဘကြီးရဲ့အမှားဆိုတာ သိပါတယ်၊ အစောကြီးကတည်းက သိခဲ့သင့်တာပါ....” သူ့စကားမဆုံးခင်မှာပဲ သူ့လက်မောင်းပေါ်က လူက ခေါင်းကို နည်းနည်းချင်းစီ ထောင်လာတာ မြင်လိုက်ရတယ်။

ရွှီမော့က သူ့အသံကို အသိအမှတ်ပြုလိုက်တယ်။ ဒါက သူ့ကို ဂရုစိုက်ပေးတဲ့ ပထမဆုံးသောလူပဲ။

သူ့စိတ်ရင်းအမှန်ကို ခံစားနိုင်ပြီး ဒါက သူ့အဖေအမည်ခံလူထက် အများကြီး ပိုပြီး စိတ်ရင်းမှန်တယ်။

သူက သူ့ဘကြီးလို့ ပြောလိုက်တာလား။

သူက မင်မိသားစုခေါင်းဆောင်ရဲ့ မျက်နှာကို ကြည့်လိုက်တဲ့အခါ သူ့မျက်နှာပေါ်မှာ အံ့ဩနေတဲ့ခံစားချက်၊ အပြစ်ရှိသလိုခံစားချက်နဲ့ နောင်တရတဲ့ ခံစားချက်တွေကို မြင်လိုက်ရပြီး သူက ထည်ဝါလှတဲ့ ဝတ်ရုံကြီးကိုလဲ မြင်လို်ကရတယ်။ သူ မနေနိုင်တော့ဘဲ နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီးမှ “ကျွန်တော့်ကို.... လူမှားပြီး မှတ်မိနေတာလား”

မင်မိသားစုခေါင်းဆောင်က လက်ဆန့်လိုက်ပြီး သူ့မျက်နှာရဲ့ဘေးဖက်ကို ဂရုတစိုက် ထိကိုင်လိုက်တယ်။ သူက အရမ်းကို ပိန်နေပေမဲ့ သူ့မျက်နှာပေါ်မှာ မရေမတွက်နိုင်တဲ့ အမာရွတ်တွေ ဖုံးနေပေမဲ့ သူ့ညီမဖြစ်သူရဲ့ ရုပ်ရည်ကို ရေးရေးလေး မြင်နိုင်သေးတယ်လေ။

“မင်းက ငါ့တူလေးပါ” သူက အဆင့်(၇) ရှန့်ချောင်ဆေးရွက်တစ်ခုကို ထုတ်လိုက်ပြီး ရွှီမော့ရဲ့ပါးစပ်ထဲ ဂရုတစိုက်ထည့်ပေးလိုက်ပြီးနောက် လက်ပြန်လှန်ပြီး သူ့ညာဖက်ပခုံး‌‌‌ပေါ်က မွေးရာပါအမှတ်ကို ပြန်ဖုံးထားပေးလိုက်တယ်။ ရှန့်ချောင်ဆေးပင်ရဲ့ ဆေးအာနိသင်အောက်မှ ရွှီမော့ရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေက စတင် ပျောက်ကင်းလာပြီး သူ့ညာဖက်ပခုံးပေါ်က မွေးရာပါအမှတ်ကလည်း နောက်ဆုံးတော့ အားလုံးရဲ့မျက်လုံးထဲမှာ ပေါ်လာခဲ့တယ်။

သူက မွေးရာပါအမှတ်ကို ထောက်ပြပြီး ပြောလိုက်တယ်။ “ဒါက ငါတို့မင်မိသားစုရဲ့ ထူးခြားတဲ့မွေးရာပါအမှတ်ပဲ၊ မင်းက မင်မိသားစုရဲ့ ဆက်ခံသူပဲ”

ဒီအချိန်မှာ သူက ရွှီမော့ကို အရမ်းကို လေးနက်တဲ့ဟန်နဲ့ ပြောလိုက်တယ်။ “မော့အာ.. မင်း စကားတစ်ခွန်းသာ ပြောလိုက်၊ ဘကြီးက မင်းကို မင်မိသားစုဆီ ပြန်ခေါ်သွားပေးမယ်”

ရွှီမိသားစုခေါင်းဆောင်ကတော့ သူက ရွှီမော့သာရှိရင် မင်မိသားစုဆီက အကူအညီတွေ ဆက်ပြီးရနိုင်အုံးမယ်လို့ အစတုန်းက စဉ်းစားထားခဲ့တာ။ ဒါပေမဲ့ မင်မိသားစု ခေါင်းဆောင်က တကယ်တော့ ရွှီမော့ကို ခေါ်သွားချင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။

သူက ရှေ့ကို မြန်မြန်ထွက်လာပြီး ဖြောင့်မတ်တဲ့လေသံနဲ့ ပြောလိုက်တယ်။ “သခင်ကြီးမင်၊ ရွှီမော့က ကျုပ်ရဲ့သားပါ၊ ခင်ဗျားက သူ့ကို ဘယ်ခေါ်သွားချင်တာလဲ”

ရွှီမော့က ရှားမှရှားတဲ့ လူတစ်ယောက်၊ ရွှီမိသားစုထဲမှာ တစ်ဦးတည်းသော ပါရမီရှင်။ သူ့ကို မင်မိသားစုခေါင်းဆောင်ကို လုံးဝခေါ်သွားခွင့်မပြုနိုင်ဘူး။

ရွှီမိသားစုခေါင်းဆောင်ရဲ့ စကားကို ကြားလိုက်တဲ့အချိန်မှာ မင်မိသားစုခေါင်းဆောင်က ရုတ်တရက် ခေါင်းထောင်လာပြီး အံကြိတ်နေတဲ့ကြားက ပြောလိုက်တော့တယ်။ “ခင်ဗျားက ဒီစကားပြောဖို့ သတ္တိရှိသေးတယ်နော်”

“ခင်ဗျားက ရွှီမော့ကို မွေးကတည်း သူ့ကို လျစ်လျူရှုထားခဲ့ပြီး ခင်ဗျားရဲ့ကလေးတွေ သူ့ကို အနိုင်ကျင့်နေတာကိုလဲ ခွင့်ပြုပေးထားခဲ့တယ်” သူ့မျက်လုံးက နီရဲလို့ပါပဲ။

“ခုနက ....ကြောင့်သာမဟုတ်ရင်... မော့အာက ခင်ဗျားရဲ့သားအတု သေအောင် ရိုက်နှက်တာ ခံနေရလောက်ပြီ”

“မော့အာက ရွှီမိသားစုမှာ ဘယ်လောက်အများကြီး ဒုက္ခခံခဲ့ရတယ်ဆိုတာ ခင်ဗျား သေချာသိပါတယ်”

သူက ‘ကောင်းကင်ကလာတဲ့အသံ’ဆိုတဲ့ စကားကို ထုတ်မပြောခဲ့ပေမဲ့ သူမပြောလိုက်တဲ့ စကားကို အားလုံးက သိကြတယ်။

“ခင်ဗျားက မော့အာရဲ့ အဖေ မဖြစ်ထိုက်ဘူး”

“ကျုပ်က ကျုပ်ရဲ့နိစ္စဓူဝလုပ်ငန်းတွေနဲ့ အရမ်းအလုပ်များနေလို့ မော့အာကို လျစ်လျူရှုခဲ့မိတာပါ”

ရွှီမိသားစုခေါင်းဆောင်က ခေါင်းကို မော့ထားပြီး သူ မှားတယ်လို့ လုံးဝ လက်မခံလေဘူး။ “မော့အာရဲ့ ခန္ဓာကိုယ်ထဲမှာ ကျုပ်သွေးတွေ စီးဆင်းနေတယ်၊ ဒီတော့ သူက ရွှီမိသားစုထဲမှာပဲ နေရမယ်”

ဒီအချိန်မှာ သူက မင်မိသားစုရဲ့အင်အားကို စဉ်းစားမိသွားပြီး အလျှော့ပေး ပြောဆိုလိုက်တယ်။

“မင်မိသားစုခေါင်းဆောင်က မော့အာကို အခုမှ အသိအမှတ်ပြုလိုက်ပြီး စိတ်ခံစားချက်တွေကို ဖိနှိပ်ထားဖို့ ခက်ခဲတယ်ဆိုတာ ကျုပ် သိပါတယ်”

“တကယ်လို့ မင်မိသားစုခေါင်းဆောင်က မော့အာကို တွေ့ချင်တယ်ဆိုရင် ရွှီမိသားစုက ခင်ဗျားတို့ကို အချိန်မရွေး ကြိုဆိုပါတယ်၊ အဲလိုဆိုရင် အဆင်ပြေတယ်မလား”

[ဒီရွှီမိသားစုခေါင်းဆောင်က ဒီလောက်ပြောင်တဲ့မျက်နှာကို ဘယ်က ရလာတာတဲ့လဲ]

နေရာမှာ ရှိနေကြတဲ့လူအားလုံးက ခေါင်းမညိတ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတယ်။ သခင်ကြီးရွှီက အရမ်းကို အရှက်တရားကင်းမဲ့တာပဲ။

သူက ရွှီမော့ကို တစ်ရက်လေးတောင် ပျိုးထောင်ပေးခဲ့တာမရှိဘဲနဲ့ ဒီနေရာမှာ အဖေတစ်ယောက်လို လုပ်ပြရဲရသလား။

ရွှီမိသားစုခေါင်းဆောင်ရဲ့ ‘ခမ်းနားကြီးကျယ်’လွန်းတဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှ စူးလီက မနေနိုင်တော့ဘဲ နှုတ်ခမ်းကို ကွေးမိလျက်သား ဖြစ်သွားတယ်။

[မင်မိသားစုက ရွှီမော့ကို ခေါ်သွားချင်တယ်ဆိုရင်တောင် သခင်ကြီးရွှီက ဒါနဲ့ ပတ်သက်ပြီး ဘာမှတတ်နိုင်တာလဲ မဟုတ်ပါဘူး]

[သူက ဒီနေ့ဖြစ်ခဲ့တာတွေကိုတောင် မကြည့်တော့ဘူး၊ ငါ့အထင်တော့ ဒီနေ့ပြီးသွားရင် မိသားစုခေါင်းဆောင်ဆိုတဲ့ သူ့ရာထူးကလည်း အန္တရာယ်ဖြစ်လာမှာပဲ၊ ဒါနဲ့များ သူက ဘာလို့ ကလေးကို ဒီနေရာမှာ ဆွဲထားဖို့ ကြိုးစားနေသေးတာလဲ]

[မိသားစုခေါင်းဆောင်ဆိုတဲ့ သူ့ရာထူးကို ဆုံးရှုံးပြီးသွားရင် ဘာလုပ်သင့်တယ်ဆိုတာကိုပဲ စဉ်းစားပါအုံး]

ရွှီမိသားစုခေါင်းဆောင် အတင်းကာရော လျစ်လျူရှုထားခဲ့တဲ့ ပြဿနာက ဘယ်ကလာမှန်း မသိတဲ့အသံရဲ့ ထောက်ပြခံလိုက်ရတော့ သူ့မှာ အနည်းငယ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတော့တယ်။

အခုချိန်မှာ ဒီလိုဖြစ်နေလေလေ ရွှီမော့ကို လက်လွှတ်လို့ မဖြစ်နိုင်လေလေပဲဆိုတာ သူ သိနေတယ်။ မဟုတ်ရင် မိသားစုခေါင်းဆောင်ဆိုတဲ့ သူ့ရာထူးက တကယ် မတည်မငြိမ်ဖြစ်လာလိမ့်မယ်။

“ရွှီမော့” သူက မင်သခင်ကြီးရဲ့ လက်မောင်းပေါ်မှ လဲလျောင်းနေပြီးနေတဲ့ ရွှီမော့ကို ကြည့်လိုက်ပြီး အရမ်းကို အားကိုးရတဲ့ရသေးရုပ်နဲ့ ဒေါသတကြီး အော်ငေါက်လိုက်တယ်။ “ဒီလို မြန်မြန်လာခဲ့”

“မင်းက ရွှီမိသားစုဝင်တစ်ယောက်ဆိုတာကို မှတ်မိနေရမယ်”

ရွှီမော့က သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်က အမှတ်တမဲ့ တုန်ယင်သွားတယ်။ မင်မိသားစုခေါင်း‌ဆောင်က သူ့လက်မောင်း‌‌ပေါ်က ရွှီမော့ကို အသာအယာ ထိန်းထားပေးလိုက်ပြီး “မော့အာ မကြောက်နဲ့”

“ဘကြီးကို ပြောပြ၊ မင်း ရွှီမိသားစုထဲမှာ နေချင်လား၊ ဒါမှမဟုတ် ဘကြီးနဲ့ မင်မိသားစုကို ပြန်ချင်လား”

သူ့အသံက သိမ်မွေ့နေပြီး အကျပ်ကိုင်တာမျိုး မပါလေဘူး။ သူက ရွှီမော့ကို ရွေးချယ်ခွင့်ပေးထားလိုက်တယ်။

“ဘာမှမဖြစ်ဘူး၊ မင်း ဘာကို ရွေးချယ်ပါစေ မင်းရဲ့ဘကြီးက မင်းကို ထောက်ပံ့ပေးမှာပါ”

“မင်မိသားစုက မင်းကို အမြဲတမ်း ထောက်ခံပေးနေမှာ”

ရွှီမော့က မျက်တောင်ကို ခတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်တယ်။ “ကျွန်တော် အမေ နေခဲ့ဖူးတဲ့ နေရာကို ကြည့်ချင်တယ်၊ ရမလား”

“ရတာပေါ့” သူ့ရွေးချယ်မှုကို ကြားလိုက်ပြီးတဲ့အခါ မင်မိသားစုခေါင်းဆောင်ရဲ့မျက်လုံးတွေက ပိုပြီး နူးညံ့လာခဲ့တယ်။

“မင်းရဲ့အမေက တစ်ချိန်တုန်းက မင်မိသားစုထဲမှာ အားလုံးရဲ့လက်ထဲက ရတနာတစ်ပါး ဖြစ်ခဲ့တာပဲ...”

သူက ဒီစကားကို ပြောလိုက်တဲ့အချိန်မှာ ဝမ်းနည်းရိပ်တစ်ခုက သူ့မျက်လုံးထဲမှာ ဖျတ်ခနဲ လက်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ သူက သူ့ခံစားချက်တွေ အားလုံးကို ဘေးချိတ်ထားလိုက်ပြီး အပြုံးလေးနဲ့ ပြောလိုက်တော့တယ်။ “မင်း မင်မိသားစုကို သေချာပေါက် သဘောကျမှာပါ”

“ငါ့အဖေ၊ မင်းရဲ့အဘိုးကလည်း မင်းအမေကို အရမ်းချစ်တာ” သူက ရွှီမိသားစုခေါင်းရဲ့ ရက်စက်တော့မဲ့ ရုပ်ကိုတောင် မကြည့်ဘဲ ရွှီမော့ရဲ့ ခြောက်သွေ့နေတဲ့ ဆံပင်လေးကို အသာအယာ သပ်ပေးလိုက်တယ်။

“မင်း ရှိနေတာ သူ သိရင် အရမ်းပျော်သွားမှာပဲ”

သူက ဒီကာလအတွင်းမှာ တစ်ခုခုနဲ့ အလုပ်များနေခဲ့တဲ့ အဖေဖြစ်သူအကြောင်း စဉ်းစားလိုက်ပြီး မတတ်သာတော့ဘဲ ပြောလိုက်ရတယ်။ “အခုချိန်မှာ အဖေ ဘာလုပ်နေမလဲ မသိပါဘူး”

စူးလီက ဖရဲသီး စားပြီးသွားပြီဆိုတော့ အိပ်ရာပေါ်မှာ ပျင်းပျင်းရိရိနဲ့ လဲလျောင်းနေတာပေါ့။

မင်မိသားစုခေါင်းဆောင် ပြောလိုက်တဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မျာ သူမက ကောင်းကင်စာအုပ်ကို အေးအေးလူလူ လှန်လှောလိုက်ပြီး ရုတ်ခြည်းဆိုသလို တက်ကြွလာပြန်တယ်။

[နင့်အဖေက လူတစ်ယောက်နဲ့ အွန်လိုင်းဒိတ်လုပ်ရင်း အလုပ်များနေတာပဲ]

[ဝိညာဉ်ကျောက်တုံးတွေ၊ လက်ဝတ်ရတနာတွေ၊ ဝိညာဉ်ရတနာတွေ လက်ဆောင်ပေးပစ်တယ်လေ ဟား ဟား ဟား၊ သူက မင်မိသားစုရဲ့ ဧည့်အကြီးအကဲ ရာထူးကိုတောင် ပေးပစ်ချင်နေတာတဲ့လေ]

[အိမ်‌ဟောင်းတစ်လုံး မီးလောင်ရင် မီးတောက်က ကြီးသထက် ကြီးလာတာနဲ့ အတူတူပဲဟဲ့ ဟား ဟား ဟားဟား ___]

...

All Chapters