အခန်း ၆၅
Vol. 5 Ch. 65
အပိုင်း(၆၅)
ဒါပေမဲ့ သူ့လက်ရဲ့လှုပ်ရှားပုံတွေက သူ့အရောင်အဝါနဲ့ လုံးဝကို ဆန့်ကျင်ဖက်ပဲ။
သူက လက်ထဲက ကျောက်စိမ်းပြားကို အသိမ်မွေ့ဆုံး ပွတ်သပ်နေပြီး သူ့မျက်လုံးထဲမှာလဲ ချစ်ရတဲ့သူတွေမှာပဲ ရှိတတ်တဲ့ နူးညံ့သိမ်မွေ့ခြင်းနဲ့ အချစ်တွေ အပြည့်ဖြစ်နေလေရဲ့။
မင်ဟွိုင်ရှင်းရဲ့နှလုံးသားက ရွှမ်းယွင်ကျောက်စိမ်းပေါ်က တဖျပ်ဖျပ်လင်းနေတဲ့ ဝိညာဉ်အလင်းရောင်ကို ကြည့်ရင်း ရင်ခုန်မြန်နေလေရဲ့။ သူက ဆက်သွယ်ရေးအတွက် သူ့ဝိညာဉ်စွမ်းအင်ကို အမှတ်တမဲ့သုံးလိုက်တယ်။
သူနဲ့ ထန်ယာတို့က မရေမတွက်နိုင်အောင် စကားပြောခဲ့ကြတာတောင် သူ့အသံထဲမှာ စိုးရိမ်လှုပ်ရှားတဲ့ အရိပ်အယောင်လေးတစ်ခု ပါနေသေးတယ်လေ။
“ရှောင်ယာ”
“အစ်ကိုမင်”
ကျောက်စိမ်းပြားထဲက အသံက အရမ်းကို သိမ်မွေ့လွန်းလို့ လူတို့ရဲ့နားထဲမှာ လေလာတိုးနေတဲ့သလိုပဲ။ ဒါပေမဲ့ အသံထဲမှာ ရင်းနှီးပြီး ကျီစယ်နေတဲ့ အရိပ်လေးတစ်ခုကလဲ ပါလေရဲ့။
“ရှင် ဒီနေ့ရော အလုပ်များနေသေးတာလားဟင်၊ ကျွန်မကို လွမ်းရဲ့လား”
မင်ဟွိုင်ရှင်းမှာ ဒီစကားကို ကြားတော့ ရှက်သွေးမဖြာဘဲ မနေနိုင်အောင်ပါပဲ။ သူက ဘာမှမဖြစ်ခဲ့သလို ခေါင်းကို တစ်ဖက်လှည့်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်တယ်။ “ရှောင်ယာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ အဆင်ပြေရဲ့လား”
“ကျွန်မ အဆင်ပြေပါတယ်၊ ဒါပေမဲ့လေ....”
ကျောက်စိမ်းပြားထဲက အသံကို နားထောင်ရင်း မင်ဟွိုင်ရှင်းက မျက်မှောင်ကြုတ်လိုက်တယ်။ သူ့အသံက သိက္ခာရှိလှတဲ့အရိပ်အယောင်တစ်ခုနဲ့ စိုးရိမ်စိတ်တို့ပါလေတယ်။ “ဒါပေမဲ့ ဘာဖြစ်လို့လဲ၊ တစ်ယောက်ယောက်က ရှောင်ယာကို ဝမ်းနည်းအောင် လုပ်လိုက်သလား”
“အဲလိုလူတွေ ရှိသေး...”
“ဒါပေမဲ့ ကျွန်မက ရှင့်ကို ခဏခဏ လွမ်းနေတယ်”
သူ့စကားမဆုံးခင်မှာပဲ ကျောက်စိမ်းပြားထဲက လူက ကျန်နေတဲ့ စကားတစ်ဝက်ကို ဖြည်းဖြည်းလေး ဆက်ပြောလိုက်တယ်။
သူမရဲ့အသံက အမြဲတမ်း သိမ်မွေ့ပြီး တွယ်ရစ်နေသလောက် ဒီအချိန်မှာတော့ ပြုံးရိပ်လေးတစ်ခုတောင် ပါနေသေးတယ်။
သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာတော့ မင်ဟွိုင်ရှင်းရဲ့မျက်နှာက ပိုနီရဲလာပြီး သူက ဟန်ဆောင် ချောင်းဟန့်လိုက်ပြီး သူ့အသံကလည်း အင်မတန်မှ ပျော့ပြောင်းနေတော့တယ်။ “ကိုလဲ မင်းကို လွမ်းပါတယ်”
“အစ်ကိုမင်” ကျောက်စိမ်းပြားထဲက အသံက အရမ်းကို ပျော့ပြောင်းလိုက်တာ အသံထဲကနေ ရေတွေ တစက်စက် ကျလာတော့မယောင်ပဲ။ “မင်းရဲ့အသံလေးက အရမ်း ချိုတာပဲကွယ်”
“ရှင် ဒီလိုလေး ပြောလိုက်ရင် ထူးထူးခြားခြားကို နားထောင်လို့ ကောင်းသွားတယ်”
မင်ဟွိုင်ရှင်းက မသိမသာ မျက်လွှာချထားလိုက်ပြီး သူ့ရဲ့ ဗလောင်ဆူနေတဲ့ ရင်ခုန်သံကို တည်ငြိမ်သွားအောင် ပင့်သက်တစ်ချက် ရှိုက်လိုက်တော့တယ်။
မင်မိသားစုခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်းမှာ ဂရုစိုက်ခံရတာ၊ ဂရုစိုက်ပေးတာ စတဲ့ခံစားချက်တွေ ခံစားရဖို့ဆိုတာ ရှားရှားပါးပါးပဲ။
ထန်ယာက မင်မိသားစုရဲ့ ချဉ်းကပ်လို့မရနိုင်တဲ့ ဘိုးဘေးဖြစ်တဲ့ သူ့ကို ဆက်ဆံမှာမဟုတ်ပါဘူး။ သူမက သူ့ကို သတိထားတတ်ပြီး တလေးတစားနဲ့ သူနဲ့ အကွာအဝေးတစ်ခု ထိန်းထားတတ်တယ်။
သူမက သူနဲ့ သိကျွမ်းလာတဲ့ အရမ်းကြာနေပြီးခဲ့တဲ့ မိတ်ဆွေတစ်ယောက်လို သူ့ဘေးမှာ အမြဲတမ်း နေပေးလိမ့်မယ်။ သူက သူမကို လိုအပ်တဲ့အချိန်တိုင်း သူ့ကို နှစ်သိမ့်ပေးဖို့ အမြဲတမ်း ရှိနေလိမ့်မယ်။
သူက စိတ်ညစ်စရာ ကိစ္စတွေနဲ့ ရင်ဆိုင်နေရမလား၊ သူများ ဒဏ်ရာရနေမလားလို့ စိုးရိမ်ပေးပြီး သူ ဒီအတိုင်း ပြောလိုက်တဲ့ နှလုံးသားဆက်သွယ်ဆေးပင်ကို ရှာဖို့ ဒေသတွင်းက သစ်တောတစ်ခုလုံးကိုတောင် ရှာဖွေပေးလိမ့်မယ်။
ဒီလို စဉ်းစားမိတော့ သူ့မျက်လုံးတွေက ပိုပြီး နူးညံ့လာခဲ့တယ်။ သူက တစ်ခုခု ပြောတော့မဲ့ဆဲဆဲမှာ ကျောက်စိမ်းထဲနေ အရမ်းကိုတိုးညင်းတဲ့ နာကျင်လို့ ညည်းသံတစ်ခု ရုတ်တရက် ထွက်လာခဲ့တယ်။
“အ...”
“ရှောင်ယာ ဘာဖြစ်တာလဲ” သူ့အသံက သူကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ စိုးရိမ်စိတ်တွေနဲ့ ပြည့်သွားတယ်။
“အစ်ကိုမင် ရှင့်နားက ကောင်းလိုက်တာ” ကျောက်စိမ်းထဲက အသံက ရှောင်ဖယ်ချင်နေပြီး သူ့မေးခွန်းကို ပြန်မဖြေလေဘူး။ “ကျောက်စိမ်းရဲ့ အသံပို့ဆောင်ပုံက အဲလောက်တောင် ကောင်းနေတာလား၊ ကျွန်မ သူဌေးကို ဝိညာဉ်ကျောက်တုံးတွေ ထပ်ပေးချင်သွားပြီ”
“ရှောင်ယာ” မင်ဟွိုင်ရှင်းရဲ့အသံက ငြင်းပယ်လို့မရနိုင်တဲ့ စိုးရိမ်စိတ်နဲ့ လေးနက်မှုတွေ အပြည့်ပါပဲ။
“မင်း ဒဏ်ရာရသွားတာလား”
“အစ်ကိုမင်ရယ်... သာမန်ကျင့်ကြံသူတစ်ယောက်က ဒဏ်ရာမရဘူးဆိုရင် ပုံမှန်ဘယ်ဟုတ်တော့မလဲ”
ကျောက်စိမ်းထဲက အသံက တိုးညင်းနေပြီး သူ့ဒဏ်ရာကို လုံးဝ ဂရုမစိုက်တဲ့ပုံပါပဲ။ “ဒါက အပေါ်ယံဒဏ်ရာလေးပါ၊ နှစ်ရက်လောက်နေရင် ပျောက်သွားမှာပါ”
မင်ဟွိုင်ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားမနေတော့ဘဲ ဒဏ်ရာကုသဆေး ဝိညာဉ်ဆေးပင်နည်းနည်းပါးပါးနဲ့ အကာအကွယ် ဝိညာဉ်အဆောင်ကို သူ့သိုလှောင်အိတ်ထဲက ထုတ်လိုက်ပြီး “ကိုယ့်ဆီမှာ ဝိညာဉ်ဆေးပင်နဲ့ ဝိညာဉ်အဆောင်တချို့ရှိတယ်၊ မင်း ဒါတွေကို အရင်ဆုံး သုံးထားလိုက်”
“အစ်ကိုမင် ကျွန်မ တကယ် ဒါကို လက်မခံနိုင်တော့ပါဘူး” ကျောက်စိမ်းထဲက အသံက အစောပိုင်းတုန်းကလို သိမ်မွေ့ပြီး နှစ်လိုဖွယ်မဟုတ်တော့ဘဲ အင်မတန်မှ တည်ငြိမ်နေလေတယ်။ “ရှင် ကျွန်မကို ဝိညာဉ်ရတနာတွေ အများကြီး ပေးထားပြီးပြီလေ၊ ကျွန်မ ရှင့်ကို ဘယ်လို ပြန်ပေးဆပ်ရမယ်မှန်းတောင် မသိတော့ဘူး”
“မင် ကို့ကို ပြန်ပေးဆပ်စရာမလိုပါဘူး” မင်ဟွိုင်ရှင်းက သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ဘာမှတတ်နိုင်တော့သလို ခေါင်းခါပြလိုက်ပြီး ချော့မော့တဲ့ စကားရိပ်တွေနဲ့ ပြောလိုက်တော့တယ်။
“ဒါတွေက ကို့အတွက် အရေးမကြီးပါဘူးလေ၊ ဒီမှာရှိနေလဲ ဒါတွေက ကို့အတွက်တော့ အသုံးမဝင်ပါဘူး၊ ဒါတွေကို လိုအပ်တဲ့သူတွေသုံးက ပိုကောင်းတာပေါ့”
ထန်ယာက အမြဲတမ်း ဒီလိုပဲ။ သူ့မှာ အားလုံး ပိုင်ဆိုင်နေတာ သိရက်နဲ့။ သူက အကြိမ်ကြိမ် မရေမတွက်နိုင်အောင် အရိပ်အချည်နဲ့ ပြောပေမဲ့ သူမက သူ့ဆီက ဘာတစ်ခုမှ မတောင်းဆိုခဲ့ဘူးလေ။
သူက သူမကို မှော်ရတနာတွေ ပေးချင်ပါဆိုတဲ့ အချိန်တိုင်း သူမက အမြဲတမ်း ငြင်းနေတတ်ပြီး ဒီမှော်ရတနာပစ္စည်းတွေကြောင့် သူ့ကိုတောင် စိတ်ဆိုးတတ်သေးတယ်။
သူ့မျက်လုံးတွေထဲမှာ အပြုံးတစ်ခုနဲ့ သူ့လက်ကို ဝေ့ယမ်းလိုက်တော့ သူ့ဘေးက ဝိညာဉ်ရတနာတွေက ဝိညာဉ်အလင်းတန်းတစ်ခု အဖြစ်ပြောင်းလဲသွားပြီး ကျောက်စိမ်းဆွဲပြားတစ်ခုအဖြစ် ပေါင်းစည်းသွားခဲ့တယ်။
ဒီကျောက်စိမ်းပြားက လူနှစ်ယောက်ကို ဆက်သွယ်ပေးနိုင်တဲ့အပြင် သေးငယ်တဲ့အစီအရင်တစ်ခုကိုလဲ သယ်သွားပေးနိုင်တယ်။ ဝိညာဉ်ကျောက်တုံး နည်းနည်းလောက်လေး သုံးလိုက်ရုံနဲ့ သူ့က လူတစ်ယောက်ကနေ တစ်ဖက်လူဆီကို ပစ္စည်းတွေ သယ်ပို့ပေးနိုင်တယ်။
သူက သူ့လက်ကို နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်ပြီး ထန်ယာက သူ့ဆီ ဝိညာဉ်ရတနာတွေ ပို့ပေးရင် သုံးတဲ့ လမ်းကြောင်းကို ပိတ်ထားလိုက်တယ်။
ဝိညာဉ်ရတနာတွေ အများကြီး ပေးလိုက်ပြီးတာတောင် သူက လုံလောက်ပြီလို့ မခံစားရသေးဘူးတဲ့လေ။
ထန်ယာက သာမန်ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့မှာ သူ့ကို ကာကွယ်ပေးမဲ့ မိသားစုတွေ ဂိုဏ်းဂနတွေ မရှိဘူး။ သူသာ အန္တရာယ်နဲ့ ကြုံတွေ့ရတာဖြစ်ဖြစ် သူ့ရန်သူတွေရဲ့ လိုက်ဖမ်းခံနေရတာဖြစ်ဖြစ် သူ့မှာ လွှတ်ဖို့လမ်းစ လုံးဝမရှိဘူးလေ။
အချိန်တစ်ခုမှာ ဘေးချိတ်ထားခဲ့တဲ့ အတွေးက စိတ်ထဲ ပြန်ဝင်လာခဲ့တယ်။
သူ့မှာ မင်မိသားစု အကြီးအကဲဆိုတဲ့ အဆင့်အတန်းတစ်ခုသာ ရှိခဲ့ရင်...
သူ စဉ်းစားနေတဲ့အချိန်အတွင်းမှာ ထန်ယာကတော့ သူပို့လိုက်တဲ့ ဝိညာဉ်ရတနာတွေကို လက်ခံပြီးသွားပြီ။
ကျောက်စိမ်းထဲက အသံက တော်တော်လေး ဒေါသထွက်နေတဲ့ပုံပဲ။ “ရှင် ဒီလို ဆက်လုပ်နေမယ်ဆိုရင် ကျွန်မ ရှင့်ကို ပစ်ထားလိုက်တော့မယ်”
သူမက စကားပြောလိုက်ပြီး ဘာမှမတတ်နိုင်တော့သလို သက်ပြင်းချပြန်တယ်။
“ကျွန်မ ဒါတွေကို အရင်ဆုံး အစ်ကိုမင်အတွက် သိမ်းထားလိုက်ပါ့မယ်၊ ကျွန်မတို့ တွေ့တဲ့အချိန်ကျရင် ဒီပစ္စည်းတွေကို ရှင့်ရှေ့မှာ ချထားပေးမယ်၊ ရှင်က တစ်ခုချင်း ရေတွက်လို့ရတာပေါ့”
“ကိုက မင်းကို ပေးလိုက်တာလေ၊ ဒီတော့ ဒါတွေက မင်းဟာ ဖြစ်သွားပြီ၊ ကိုနဲ့ ဘာမှမဆိုင်တော့ဘူး”
မင်ဟွိုင်ရှင်းက တစ်ခုခုကို စဉ်းစားမိသွားတဲ့ပုံနဲ့ သူ့မျက်လုံးထဲမှာ ဝမ်းနည်းတဲ့အရိပ်အယောင်တစ်ခု ပေါ်လာခဲ့တယ်။
တွေ့ကြရင်တဲ့လား...
ထန်ယာက အခုမှ သက်တမ်း အနှစ် ၂၀၀ပဲ ရှိအုံးမှာ၊ ဒါက အလှပဆုံးနဲ့ အပြစ်ကင်းဆုံး အရွယ်ပဲ။ ဒါပေမဲ့ သူကတော့ နှစ်တစ်ထောင်နီးပါးသက်တမ်း ရှိနေပြီ။ သူက သက်လတ်ပိုင်း အရွယ်လို့ ထင်ရရင်တောင် သူ့စိတ်ကတော့ အိုမင်းနေပါပြီ။
သူတို့တွေက တကယ်ပဲ...လိုက်ဖက်ပါ့မလား။
သူက ကျောက်စိမ်းပြားက ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီးတဲ့နောက်မှ သူ့ပတ်ဝန်းကျင်က ကြီးကျယ်ခမ်းနားပေမဲ့ အေးစက်လို့နေတဲ့ခန်းမကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ထားလိုက်တော့တယ်။
သိပ်မကြာခင်မှာပဲ ကြမ်းတမ်းတဲ့ ဝိညာဉ်စွမ်းအင် လှိုင်းက ဖျတ်ခနဲ ထွက်လာပြီး ဒီနေ့ ရွှီဝမ်နဲ့ မင်ကျီတို့ရဲ့ တာအိုမင်္ဂလာပွဲကို တက်ရောက်ဖို့ သွားလိုက်ကြတဲ့ မင်မိသားစုတပည့်တွေအားလုံး ပြန်လာခဲ့ကြတယ်။
မင်ဟွိုင်ရှင်းက ဒီဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်ပြီး မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။
ပုံမှန်အရဆိုရင် တာအိုမင်္ဂလာပွဲပြီးသွားရင် မင်မိသားစုရဲ့ပွဲမှာ လုပ်စရာတွေ အများကြီး ရှိသေးတာပဲ။ သူတို့တွေက အစောဆုံး မနက်ဖြန်တောင် ပြန်လာနိုင်သေးမှာမဟုတ်ဘူးလေ။
ဘာလို့ ဒီနေ့မှ...
ဘာဖြစ်ခဲ့တာလဲ။
သူက စဉ်းစားနေတုန်းမှာပဲ မင်မိသားစုခေါင်းဆောင်က အရမ်းကို ပိန်လွန်းလို့ သူ့ကို မြင်ရသူတိုင်း သနားရလောက်တဲ့ ကလေးတစ်ယောက်နဲ့အတူ ခန်းမထဲကို ဝင်လာခဲ့တယ်။
မင်မိသားစုခေါင်းဆောင်က ကျောက်စိမ်းဖျာပေါ်ကလူကို တလေးတစားနဲ့ ဦးညွှတ်နှုတ်ဆက်ပြီး ပြောလိုက်တယ်။ “အဖေ”
“မင်ကျောင်း” မင်ဟွိုင်ရှင်းက မင်မိသားစုခေါင်းဆောင်ကို ခေါင်းညိတ်ပြလိုက်ပြီးတဲ့နောက်မှာ သူ့ဘေးက လူကို ဖြည်းဖြည်းချင်း ကြည့်လိုက်တယ်။
ရွှီမော့ရဲ့ရုပ်သွင်ကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူက အခိုက်တန့် မနေနိုင်ဘဲ မှင်တက်အံ့ဩမိသွားတယ်။ ဒီကလေးရဲ့ မျက်လုံးတွေက...
သူ့စိတ်ခံချက်လှိုင်းတွေကို အာရုံခံမိလိုက်တဲ့အခါ မင်မိသားစုခေါင်းဆောင်က မင်ဟွိုင်ရှင်းကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်တယ်။ “အဖေ ဒါက ကျွန်တော့်ညီမလေးရဲ့ကလေးပါ”
“ဘယ်လို”
မင်ဟွိုင်ရှင်းက ရုတ်တရက် ထရပ်လိုက်ပြီး ဖျပ်ခနဲ ရွှီမော့ရှေ့ကို ရောက်လာပြီး တုန်ယင်နေတဲ့အသံနဲ့ မေးလိုက်တော့တယ်။ “ဒါက ရွှမ်းအာရဲ့ကလေး ဟုတ်လား”
“ရွှမ်းအာရော၊ သူ အခု ဘယ်မှာလဲ”
သူနဲ့ သူ့မိန်းမက မိသားစု စီမံမှုအရ လက်ထပ်ခဲ့ကြတာ။ သူတို့တွေက အချင်းချင်း လေးစားကြပြီး အားလုံးက ကိုယ်စီ မိသားစုကိစ္စအတွက် အလုပ်များခဲ့ကြပေမဲ့ သူကတော့ သူ့ကလေးတွေကို တကယ် ချစ်ပါတယ်။
တကယ်လို့ အဲတုန်းကသာ...
မင်ဟွိုင်ရှင်းရဲ့ တုန်ယင်နေတဲ့ အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ မင်မိသားစု ခေါင်းဆောင်က သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်ပြီး ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေကို အကျဉ်းချုပ် ပြန်ပြောလိုက်တယ်။
မင်ကျီရဲ့ ရွှီဝမ်ရဲ့လှည့်စားခံခဲ့ရပြီး၊ ရွှီဝမ်က သူ့အမေနဲ့ ဖောက်ပြန်တဲ့အရေးကိစ္စတွေကအစ ရွှီမော့ရဲ့ဘဝအတွေ့အကြုံနဲ့ အတိတ်က မင်ရွှမ်းရဲ့အတွေ့အကြုံတွေအထိပေါ့။
ဒီအကြောင်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ မင်ဟွိုင်ရှင်းက လက်ကို ဝေ့ယမ်းလိုက်တာ သိပ်မဝေးလှတဲ့နေရာက ကျောက်စိမ်းရုပ်ထုက ပြာဖြစ်သွားခဲ့တယ်။ သူ့အသံကလည်း ဒေါသတွေအပြည့်ပဲ။
“ရွှီမိသားစု အရမ်းလွန်သွားပြီ”
“ရွှီယောင်က ရွှမ်းအာနဲ့ မော့အာကို ဒီလို ဆက်ဆံရဲတယ်ပေါ့လေ”
ရွှီမော့က မင်ဟွိုင်ရှင်းနဲ့ အတိုင်းအတာတစ်ခုအထိ မရင်းနှီးသေးတော့ သူ့ရဲ့ ဒေါသကို ခံစားမိလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က မသိမသာတုန်ယင်သွားခဲ့တယ်။
မင်ဟွိုင်ရှင်းက ရွှီမော့ကို အာရုံစိုက်လာတော့ သူကြောက်သွားတာကို သတိမိထားမိလိုက်တဲ့အခါ သူ့အရောင်အဝါကို မြန်မြန်သိမ်းထားလိုက်ပြီး သူ့ရဲ့တည်ကြည်တဲ့မျက်နှာပေါ်မှာ ကြင်နာတဲ့အပြုံးတစ်ခုကို အတင်း လုပ်ယူထားရတယ်။
“မော့အာ၊ ငါက မင်းရဲ့အဘိုးပါ”
ရွှီမော့က သူ့ကြင်နာမှုကို ခံစားမိလိုက်ပြီး ခေါင်းမော့ကာ သတိလေးနဲ့ ပြောလိုက်တော့တယ်။
“အဘိုး”
“လိမ္မာတယ်၊ လိမ္မာလိုက်တဲ့ကလေး” မင်ဟွိုင်ရှင်းက ရွှီမော့ရဲ့ ပိန်ပိန်သေးသေး ခန္ဓာကိုယ်လေးကို ကြည့်လိုက်ပြီး ဝိညာဉ်ရတနာတွေကို ဆက်တိုက်ထုတ်လာခဲ့တယ်။ မကြာခင်မှာပဲ သူ့ဘေးက ဝိညာဉ်ရတနာတွေက ရွှီမော့ကို မြှုပ်သွားမတတ်ပဲ။
မင်မိသားစုသခင်ကြီးက ရွှီမော့ကို မြန်မြန်လှမ်းဆွဲလိုက်ပြီး ကူကယ်ရမဲ့သလို ပြောရတော့တယ်။ “အဖေ မော့အာက အခုမှ ပြန်လာတာလေ၊ ကျွန်တော့်ကို အရင်ဆုံး ခေါ်သွားပြီး အနားယူခိုင်းလိုက်မယ်”
ငါ့အဖေကတော့ ဒီလိုပဲ။ သူက လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူကို ဝိညာဉ်ရတနာတွေ အသည်းအသန် ပေးတော့တာပဲ။
သူနဲ့ သူ့ညီမလေးတို့တွေ ငယ်ငယ်ကဆိုရင်လဲ သူတို့အဖေနဲ့ တွေ့တဲ့အချိန်တိုင်း သူ့သိုလှောင်အိတ်က အမြဲတမ်း အပြည့်ပဲ။
မင်ဟွိုင်ရှင်းက မိသားစုရဲ့ ကိစ္စတွေအားလုံးကို မင်မိသားစုခေါင်းဆောင်ဆီ လွှဲပေးခဲ့တယ်။ သူက ရွှီမော့ကို သူ့ဘေးမှာ ထားချင်ပေမဲ့လည်း သူက မင်မိသားစုခေါင်းဆောင်ရဲ့ အစီအစဉ်ကို လက်ခံလိုက်ပါသေးတယ်။
“မော့အာကို ဆီးနှင်းခန်းဆောင်မှာ နေခိုင်းလိုက်၊ အဲဒီနေရာက ရွှမ်းအာ နေခဲ့တဲ့အဆောင်ပဲ၊ မော့အာ သေချာပေါက် သဘောကျမှာ”
“ဟုတ်ကဲ့”
မင်မိသားစုခေါင်းဆောင် ထွက်သွားပြီးတဲ့နောက်မှာ မင်ဟွိုင်ရှင်းက မင်ရွှမ်း သူ့ဘေးမှာ နေစဉ်တုန်းက သူ့ရဲ့ရုပ်ရည်လေးကို မနေနိုင်ဘဲ စဉ်းစားမိလိုက်တယ်။ ဒါပေမဲ့ အခုတော့..
သူက လက်ထဲက ကျောက်စိမ်းပြားကို အမှတ်တမဲ့ ပွတ်သပ်မိလိုက်တယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါ ကျောက်စိမ်းပြားက ရုတ်တရက် လင်းလာခဲ့တယ်။ “အစ်ကိုမင် ကျွန်မကို ရှာနေတာလား”
မင်ဟွိုင်ရှင်းက အနည်းငယ် အလန့်တကြားဖြစ်သွားပြီး သူက ဝိညာဉ်စွမ်းအင်နဲ့ ကျောက်စိမ်းပြားကို အသက်သွင်းလိုက်မိတာ သတိထားမိလိုက်တယ်။
သူက ခဏလောက် နှုတ်ဆိတ်သွားပြီး ရွှမ်းအာက မိသားစု နောက်ခံမရှိ၊ ရာထူးအဆင့်မရှိတဲ့အချိန်မှာ ရွှီယောင်ရဲ့ အနိုင်ကျင့်ခံရတဲ့ မြင်ကွင်းကို ရုတ်တရက် တွေးမိသွားခဲ့တယ်။
သူက ဧည့်အကြီးအကဲဆိုတဲ့ သူ့အဆင့်အတန်းကို ကိုယ်စားပြုတဲ့ သိပ်မကြာခင်မှ ရထားတဲ့ နာမည်ပြားကို ပွတ်သပ်လိုက်ပြီး သက်ပြင်းတစ်ချက်နဲ့ ပြောလိုက်တယ်။ “ရှောင်ယာ မင်းလေ ကို့ရဲ့မင်...”
“အဖေ”
ရွှီမော့ကို နေရာချပေးပြီး အိပ်ပျော်သွားတဲ့အထိ စောင့်ကြည့်ပေးခဲ့ပြီး မင်ဟွိုင်ရှင်းကို လာရှာတဲ့အချိန်မှာ သူ့မျက်နှာက မယုံကြည်နိုင်တဲ့ အကြည့်တစ်ခု ဖြစ်သွားတော့တယ်။
“အဖေ ဘာလုပ်နေတာလဲ”
မင်ဟွိုင်ရှင်းက သူ့ဝိညာဉ်စွမ်းကို အမှတ်တမဲ့ ရပ်လိုက်တယ်၊ ကျောက်စိမ်းပြားက ဝိညာဉ်စွမ်းအင်တွေ မရှိတော့ဘူး။ သူတို့ကြားက ဆက်သွယ်ရေးကလည်း အလိုလို ပြတ်တောက်သွားခဲ့တယ်။
“မင်ကျောင်း၊ မင်းရဲ့ ယဉ်ကျေးတဲ့အပြုအမူတွေ ဘယ်ရောက်သွားပြီလဲ” သူက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး သူ့မျက်လုံးထဲမှာလဲ ဒေါသတွေနဲ့ ပြည့်သွားခဲ့တယ်။
“အကြီးအကဲတစ်ယောက်ရဲ့ အခန်းထဲမဝင်ခင် တံခါးခေါက်ရမယ်ဆိုတာ မင်း မသိဘူးလား”
မင်မိသားစုခေါင်းဆောင်က သူ့အမှားကို ဝန်ခံဖို့ ရှေ့ကို ဦးညွှတ်လိုက်ပြီးမှ ဘာမှမဖြစ်သလို ပြောလိုက်တယ်။ “ခုနက အဖေ ဘယ်သူနဲ့ စကားပြောနေတာလဲ”
“အခုတော့ မင်းက မင်းအဖေရဲ့သတင်းတွေကိုတောင် စပြီး စုံစမ်းနေပြီလား” မင်ဟွိုင်ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး သည်းခံမနေဘဲ ခွန်းတုံ့ပြန်လိုက်တယ်။ “ဒါက သားတစ်ယောက် လုပ်သင့်တဲ့ ကိစ္စလား”
မင်မိသားစုခေါင်းဆောင်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လေးလေးနက်နက်နဲ့ အကြံပေးလိုက်တယ်။
“ကျွန်တော်က အဖေ လှည့်စားခံနေရမှာ စိုးလို့ပါ”
“တစ်ယောက်ယောက်က အဖေ့ဆီက တစ်ခုခုလိုချင်တာရှိလို့ အဖေ့ကို ချဉ်းကပ်လာမှာ စိုးရိမ်တာ...”
“တော်တော့” မင်ဟွိုင်ရှင်းက သူ့အင်္ကျီလက်ကို ခါလိုက်ပြီး သူ့အသံကလည်း ဒေါသသံအပြည့် ဖြစ်သွားတယ်။ “တကတည်း မင်းက ဘာကိုပြောချင်နေတာလဲ”
မင်မိသားစုခေါင်းဆောင်က သူ့အမူအရာကို မြင်သွားတဲ့အခါ သူ့ရင်ထဲမှာ လေးလံသွားပြီး ဦးညွှတ်ကာ ပြောလိုက်တော့တယ်။ “ကျွန်တော်အဖေက အခုတလော မေတ္တာရှိမဲ့ သူ တွေ့နေပြီး အဖေက ဝိညာဉ်ရတနာတွေကို အများကိုလဲ ပေးလိုက်တယ်လို့ ရွှီမိသားစုမှာတုန်းက ကြားခဲ့လို့ပါ၊ အဖေက...”
“ကျွန်တော်က အဖေ လှည့်စားခံရမှာ စိုးရိမ်ရုံပါ...”
“မင်ကျောင်း” မင်ဟွိုင်ရှင်းရဲ့အသံက ရုတ်တရက် ပိုပြီး ကျယ်လောင်လာခဲ့တယ်။ “မင်းက ဘယ်လိုဖြစ်ပြီး တခြားသူကို ဒီလို အခြေအမြစ်မရှိ ဆိုးယုတ်တဲ့ ခန့်မှန်းချက်တွေ ထုတ်နိုင်ရတာလဲ”
“ရှောင်ယာနဲ့ ငါ အတူတူရှိလာခဲ့တဲ့ နေ့တွေမှာ သူက ငါ့ဆီက ဘယ်တုန်းကမှ တစ်ခုခုကို တောင်းဆိုတာမျိုး မရှိခဲ့ဘူး”
“သူက ငါ့ရဲ့ဝိညာဉ်ရတနာ မပြောနဲ့ ငါ့ဝိညာဉ်ကျောက်တုံးတွေကို မလိုချင်ဘူး”
[ဒါဆို သူက ရှင့်ဆီက ဘာလိုချင်တာတဲ့လဲ၊ ရှင် အိုနေပြီမလို့လား၊ ရှင်က ရေမချိုးလို့များလား]
စူးလီက တာအိုမင်္ဂလာပွဲ ပြီးသွားတာကို မြင်လိုက်ပြီး ရှန်ချန်းဟုန်နဲ့ နေ့လယ်ခင်း လက်ဖက်ရည်သောက်ဖို့ ထွက်သွားခဲ့တာ။ အခန်းထဲ ပြန်ရောက်လာပြီးနောက်မှာ သူမက မင်ဟွိုင်ရှင်းရဲ့ အွန်လိုင်းအချစ်ရေးအတွေ့အကြုံကို တကယ် သိချင်သွားတာလေ။
ဒီတော့ သူကမ အခန်းထဲ ပြန်ရောက်လာတဲ့ချက်ချင်း မစောင့်နိုင်တော့ တိမ်လွှာကြေးမုံကို ဖွင့်လိုက်ပြီးတဲ့နောက်မှာ မင်ဟွိုင်ရှင်းရဲ့ ခေါင်းမာတဲ့မိန့်ခွန်းကို ကြားလိုက်တော့တာပဲ။
သူမက ကောင်းကင်စာအုပ်ကို လှန်လှောရင်း တစ်ယောက်ထဲ ရေရွတ်လိုက်တယ်။
[ဟုတ်တာပေါ့၊ သူက ဘာမှ မလိုချင်ခဲ့ပါဘူး၊ ဒါပေမဲ့ ရှင်တော့ စကားလေး နည်းနည်းပဲ ပြောရသေးတယ် တက်တက်ကြွကြွနဲ့ အရာအားလုံးကို ပေးလိုက်ပြီလေ]
[လက်ဆောင်အတွက်တော့ အရမ်းဝမ်းသာရပါတယ်လေ, နေက်ပြီးတော့ တဖက်က မိန်းကလေးကလဲ ရှင့်ရဲ့ငွေတွေကို မမက်မောတဲ့ မိန်းမကောင်းလေး~ ~]
[ဟား ဟား ဟား ဟား ဒီလိုအ,တီးအ,တလူလိမ်က မင်ဟွိုင်ရှင်းလို မဟာအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို အရူးလုပ်နိုင်လိမ့်မယ်လို့ တကယ် မထင်ထားဘူး]
[သူ့ကျင့်ကြံခြင်းအဆင့်ကလည်း မဟာယာနအဆင့်ကို ရောက်တော့မယ်တဲ့]
သူမက တစ်ခုခုကို မြင်လိုက်တဲ့အပြင် သူမရဲ့အသံကလည်း ရှစ်ကြောင်းသွားစာသားတစ်ခုကို ဖတ်နေသလို ကျယ်လောင်လာခဲ့တယ်။
[ဟား ဟား ဟား ဟား .. ငါ မှားသွားတာပဲ၊ မင်ဟွိုင်ရှင်းက မိန်းကလေးတစ်ယောက်ဆီက ငွေလိမ်ခံရလိုက်ရတာလို့ အစက ထင်ခဲ့တာလေ__ __]
[ဟား ဟား ဟား သူ့ကို လိမ်နေတဲ့သူက မိန်းမလှတစ်ယောက်မဟုတ်ဘဲ ယောကျ်ားတစ်ယောက် ဖြစ်နေမယ်လို့ တကယ် ထင်မထားခဲ့ဘူး]
[ဟား ဟား ဟား သူက မုတ်ဆိတ်တွေအထူကြီးနဲ့ ငနဲတဲ့ဟ]
..