အခန်း ၆၇
Vol. 5 Ch. 67
အပိုင်း(၆၇)
ဟယ်ဟွမ်းဂိုဏ်းချုပ်က သူ့ကိုပေးခဲ့တဲ့ ဉာဏ်ကွန့်မြူးစေတဲ့ စိတ်ကူးကို ကျေးဇူးတင်ရမယ်။ ထင်ထားတဲ့အတိုင်းပဲ ယောက်ျားတွေရဲ့ ဝိညာဉ်ကျောက်တုံးက ငွေလုပ်ရတာ အလွယ်ဆုံးပဲ။
အစကတုန်းကတော့ အဆင့်(၃) အဆင့်(၄) ဝိညာဉ်ရတနာတွေ ရတုန်းက အရမ်းကြောက်ခဲ့သေးတယ်။ အခုတော့ သူ့မှာ အဆင့်(၆)အောက် ဝိညာဉ်ရတနာတွေကို လက်ခံရမှာတောင် အရမ်းပျင်းနေပြီလေ။
အခု သူရှာထားတဲ့ ဝိညာဉ်ကျောက်တုံးတွေက ပျော်ရွှင်တဲ့ဘဝတစ်ခုမှာ နေလို့ရအောင် လုံလောက်နေပြီ။
ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေအများကြီးရှိတာကို ဘယ်သူက ညည်းညူးမှာလဲ။
ဒီလိုစဉ်းစားလိုက်ပြီး ထန်ယက သူ့လည်ချောင်းကို ညစ်လိုက်ပြီး “ကျေးဇူးအများကြီးတင်ပါတယ်နော် အစ်ကိုတို့~ ~ ဟား ဟား ဟား”
သူက ရယ်မောနေရင်း သူ့အသံက ရုတ်တရက် သံစဉ်လို ချိုမြိန်နေရာက ကြမ်းကြမ်းတမ်းတမ်း အသံတစ်ခု ဖြစ်သွားတော့တယ်။
သေးငယ်တဲ့နေရာလွတ်လေး တစ်ခုထဲမှာ-
မင်ဟွိုင်ရှင်းက ပြောင်းသွားတဲ့သူ့အသံကို ကြားလိုက်ပြီး သူ့မုတ်ဆိတ်မျက်နှာ၊ ပုပြတ်ပြတ်ကိုယ်ထည်နဲ့ ဖိုသီဖက်သီ ပုံစံကို မြင်လိုက်ရတဲ့အခါ သူ့မျက်နှာက ရုတ်ခြည်းဆိုသလို ညိုမည်းသွားတော့တယ်။
သူက ဒီကာလအတွင်းမှာ ထန်ယ သူ့ကို ခေါ်ဝေါ်တဲ့ ပုံစံတွေ၊ ဒီကာလအတွင်း ပြောကြတဲ့စကားတွေကို၊ နှစ်ယောက်ကြားက ဟိုလိုလိုသည်လိုလို စကားတွေကိုတောင် စဉ်းစားမိလိုက်ပြီး....
“ဝေါ့--“
မင်ဟွိုင်ရှင်းက သူ့လက်ကို တင်းနေအောင် ဆုတ်ထားလိုက်ပြီး အန်ချင်စိတ်ကို ခက်ခက်ခဲခဲ မျိုသိပ်ထားရရင်း သူ့မျက်လုံးတွေကလည်း နီရဲသွားတော့တယ်။
တကတည်း သူက ဒီလိုလူတစ်ယောက်ရဲ့ လှည့်စားတာ ခံလိုက်ရတယ်လို့။
သူ့ဘေးက မင်မိသားစုခေါင်းဆောင်က ထန်ယရဲ့ရုပ်သွင်ကို မြင်လိုက်တဲ့အခါ သူ့မျက်လုံးအိမ်တွေက ရုတ်တရက်ဆိုသလို လည်ထွက်သွားခဲ့တယ်။ ထန်ယရဲ့ ပုံစံကို အပြင်လောကကလာတဲ့အသံ ပြောစကားကနေ ကြားထားပြီးတာတောင် သူ့မှာ အခိုက်တန့် ဆွံ့အနေမိသေးတယ်။
နောက်ကျမှ သူ့ဘေးမှာ ရပ်နေတဲ့ မင်ဟွိုင်ရှင်းကို ကြည့်မိလိုက်ပြီး အရမ်းကို တိုးညင်းလွန်းလို့ လေတိုက်ရင် ပါသွားတော့မဲ့ ညင်သာတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။ “အဖေ.. အဆင်ပြေရဲ့လား”
“ငါ...အဲ... ပြေပါတယ်”
မင်မိသားစုခေါင်းဆောင်က သူ့အမူအရာကို ကြည့်လိုက်ပြီး သူ့ပါးစပ်ကို ဖွင့်လိုက်ပေမဲ့ ဘာမှ မပြောလိုက်တော့ဘူး။ သူက ခေါင်းကို ငုံံ့ထားလိုက်ပြီး မင်ဟွိုင်ရှင်းကို ထပ်မကြည့်ရဲတော့လေဘူး။
ထန်ယက အခုမှ ရွှေသက်စောင့်အဆင့် ကျင့်ကြံခြင်းပဲ ရှိသေးတော့ မင်ဟွိုင်ရှင်း သူ့ဘက်ကို ရောက်နေတာကို မသိလိုက်ဘူး။
သူက ဒီနေ့ မင်ဟွိုင်ရှင်းနဲ့ ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားလိုက်ပြီး သူ့ထူထဲတဲ့မျက်ခုံးတွေက် တင်းနေအောင် တွန့်ချိုးသွားတယ်။
“အဲဒီ မင်မျိုးနွယ်ကောင်က ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ထူးထူးဆန်းဆန်းတွေ လုပ်နေတယ်၊ သူ ငါ့ကို လာရှာမှာ သေချာတယ်”
ထန်ယက သူရဲ့စိုနေတဲ့လက်တွေနဲ့ သူ့ခန္ဓာကိုယ်ကို အေးအေးလူလူ သုတ်လိုက်ပြီး ကြမ်းထော်နေတဲ့အသံနဲ့ ပြောလိုက်တယ်။ “ကြည့်ရတာ ငါ သူနဲ့ မြန်မြန် လမ်းခွဲမှဖြစ်တော့မယ်”
ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်။ သူ့ကို ရတနာတွေအများကြီး ပေးခဲ့တာ။ ဘယ်သူက ကြိုသိနိုင်မှာလဲ။ တစ်နေ့ကျရင် သူ့မိသားစုတွေက သိသွားနိုင်တယ်လေ။
တကယ်လို့ သူ့မိသားစုတွေက အစွမ်းထက်တဲ့သူတွေဖြစ်ပြီး သူ့ကို တခြားနည်းလမ်းတွေနဲ့ ရှာဖွေနိုင်ရင် သူတော့ ဒုက္ခရောက်လိမ့်မယ်။
ဒီလိုစဉ်းစားလိုက်ပြီး သူရဲ့ ခမ်းနားထည်ဝါတဲ့ အပေါ်ဝတ်ရုံကို ဆွဲလိုက်ပြီး သူ့အသံက ရုတ်တရက် ချိုမြိန်ပြီး နားဝင်ချိုသွားတာ သူ့မှာ အပြင်းအထန်ဒဏ်ရာရပြီး ခက်ခက်ခဲခဲ အသက်ရှူနေရာက စကားပြောနေရတဲ့ပုံနဲ့...
“အစ်ကိုမင် ကျွန်မ တောင်းပန်ပါတယ်... ရှောင်ယာ ရှင့်ကို ဆက်ပြီး အဖော်မပြုပေးနိုင်တော့ဘူး၊ ရှင် အနာဂတ်မှာ ဒီထက်ပိုပြီး ပျော်ပျော်ရွှင်ရွှင် နေရမယ်နော်...”
သူက ပြောရင်းဆိုရင်း သူ့အသံက နဂိုကြမ်းတမ်းတဲ့အသံ ပြန်ပြောင်းသွားတယ်။ “ဟား ဟား ဟား ဟား ငါ ဒီလို သရုပ်ဆောင်လိုက်ရင် သူကတော့ သေချာပေါက် ယုံသွားမှာပဲ”
“တကယ်လား” မင်ဟွိုင်ရှင်းက သူ့သွားတွေကို ကြိတ်ထားမိမတတ်ပဲ။ သူက နေရာလွတ်လေးထဲကနေ လျှောက်ထွက်လာပြီး ထန်ယနောက်သို့ ရောက်လာပြီး သူ့အသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေတယ်။
“ဒါပေါ့” ထန်ယက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်တယ်။
ရုတ်တရက် သူက တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဆတ်ခနဲတုန်သွားပြီး သူ့မျက်လုံးတွေ ပျာယာခတ်သွားခဲ့တယ်။
သူက ကိုယ်ကို မြန်မြန်လှည့်လိုက်တော့ သူရဲ့ကြေးနီရောင်ကြွက်သား ခန္ဓာကိုယ်က ပေါ်လာခဲ့တယ်။
“ဘယ်သူလဲ”
မင်ဟွိုင်ရှင်းက သူ့မျက်နှာကို မြင်လိုက်ရတဲ့အခါ မူးဝေအော့အန်ချင်တဲ့ ရင်းနှီးပြီးသား ခံစားချက်က ထပ်ဝင်လာပြန်တယ်။
သူက လက်ကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး အသံကလည်း သွားကြားတွေထဲကနေ ညစ်ထုတ်ထားရပုံပါပဲ။ “ငါက ဘယ်သူလို့ မင်း ပြောလိုက်တယ်”
ထန်ယက သူ့အသံကို ကြားလိုက်တဲ့အချိန်မှာ အထိတ်တလန့်နဲ့ သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သူတို့အစောပိုင်းက စကားပြောရင် သုံးနေကျ စကားလုံးတွေကို သုံးမိတယ်။
“အစ်ကိုမင်လား”
ဒီမျက်နှာနဲ့ ဒီအသံက...
မင်ဟွိုင်ရှင်းမှာ ဗိုက်ထဲက အော်ဂလီဆန်သလို ခံစားလိုက်ရပြီး အရမ်းကို မူးနောက်သွားလို့ သူ့ဝိညာဉ်စွမ်းအင်ကို သုံးဖို့တောင် မေ့သွားခဲ့တယ်။
“ငါ့ကို အဲလိုမခေါ်စမ်းနဲ့”
ထန်ယမှာ အရမ်းကို ပျာယာခတ်သွားပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားတယ်။ သူ လူတွေအများကြီးကို လိမ်စားခဲ့ပေမဲ့ တစ်ယောက်ယောက်က သူ့အိမ်တံခါးရှေ့ကို ရောက်လာတာ ပထမဆုံးအကြိမ်ပဲ။
ဒါပေမဲ့ သူက လူအများကြီး လှည့်စားနိုင်တယ်ဆိုကတည်းက သူရဲ့စိတ်ဓာတ်ရေးရာက အရမ်းကို သန်မာနေရမယ်။
ခဏအကြာမှာ သူက သူ့မျက်နှာပေါ်က အမူအရာကို ပြန်ထိန်းထားလိုက်တယ်။
မင်ဟွိုင်ရှင်းက အထင်ကရမိသားစုတစ်ခုက ဒုတိယမျိုးဆက် လူချမ်းသာကလေးတစ်ယောက်ပဲလေ။ သူက နေ့တိုင်း ကျင့်ကြံခြင်းကို ဘယ်တော့မှ မလုပ်သလို မိသားစုတာဝန်တွေကိုလဲ ပြီးမြောက်အောင်မလုပ်ဘူး။ သူ့လို လူတစ်ယောက်အတွက် သူ့ကျင့်ကြံခြင်းအဆင်ကလည်း အဲလောက် မြင့်မှာမဟုတ်လောက်ဘူး။
သူရဲ့ရွှေသက်စောင့်အဆင့် ကျင့်ကြံရေးနဲ့ သူ့သိုလှောင်အိတ်ထဲက အကာအကွယ်မှော်လက်တွေ အများကြီးနဲ့ဆိုရင် မင်ဟွိုင်ရှင်းက သူ့ကို ဘာမှ လုပ်လို့မရလောက်ပါဘူး။
သူက သူ့ကိုယ်သူ စိတ်ငြိမ်အောင် လုပ်လိုက်ပြီးတဲ့နောက်မှာပဲ လေထဲမှာ အရမ်းကို စိတ်လှုပ်ရှားနေတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။
[ဝိုး ငါတို့တွေ အွန်လိုင်းချိန်းတွေ့တာကတစ်ဆင့် အပြင်မှာတွေ့ကြပြီပေါ့နော်]
စူးလီက မင်ဟွိုင်ရှင်းက မင်မိသားစုကနေ ထွက်သွားပြီးနောက်ပိုင်းမှာ တိမ်လွှာကြေးမှုံကို သုံးပြီး ထန်ယဘက်က မြင်ကွင်းကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။
သူတို့နှစ်ယောက် အချင်းချင်း ကြည့်နေတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမက မထိန်းနိုင်တော့ဘဲ အော်ရယ်လိုက်တော့တယ်။
[အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတာပဲ ဟား ဟား ဟား ---]
[ထန်ယကတော့ သူ လိမ်စားခဲ့တဲ့သူက မင်မိသားစုရဲ့ ဘိုးဘေး မဟာယာန အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေမယ်ဆိုတာ ထင်ထားမှာမဟုတ်လောက်ဘူး ဟား ဟား ဟား]
ဘယ်လို။
ထန်ယက အပြင်လောကက ဒီအသံ ပေါ်လာတာကို အလန့်တကြား မဖြစ်နိုင်ခင်မှာပဲ သူမရဲ့စကားကြောင့် အထိတ်တလန့် ဖြစ်သွားတော့တယ်။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
သူ လိမ်စားခဲ့တဲ့သူတွေက နေ့တိုင်း ဘာမှမလုပ် အလကား အားနေကြတဲ့ ဒုတိယမျိုးဆက် လူချမ်းသာတွေချည်းပဲလေ။
သူက ဘယ်လိုဖြစ်ပြီး မင်မိသားစုရဲ့ ဘိုးဘေး ဖြစ်နိုင်မှာလဲ။
ပြီးတော့ မဟာယာနပညာရှင်တစ်ယောက်တဲ့။
ဒါပေမဲ့ အရာအားလုံးကို မျိုးတုန်းသွားအောင် လုပ်နိုင်တဲ့ သူ့ဘေးက ဖိအားကို ခံစားလိုက်ရပြီး သူ့ခြေထောက်တွေက ရုတ်တရက် ချိနဲ့သွားကာ မင်ဟွိုင်ရှင်းရှေ့မှာ ဒူးထောက်ချလိုက်တော့တယ်။
ဘာလုပ်ရမလဲ။
ဒီနေ့ သူသေရမဲ့နေ့လား။
သူက ဒီကာလအတွင်းမှာ မင်ဟွိုင်ရှင်းနဲ့ အပေးအယူလုပ်ခဲ့တာတွေ၊ မင်ဟွိုင်ရှင်းရဲ့ ချစ်မြတ်နိုးစိတ်တွေ၊ သူ့အတွက် ကာကွယ်ပေးခဲ့တာတွေကို စဉ်းစားမိလိုက်ပြီး သူ့စိတ်ထဲမှာ မျှော်လင့်ချက် အလင်းတန်းလေးတစ်ခု ထိုးထွက်လာခဲ့တယ်။ “လူကြီးမင်း... တကယ်တော့... ကျွန်တော်က လူကြီးမင်းကို တကယ် အရမ်းကို လေးစားရတာပါ၊ ဒါကြောင့်...”
မင်ဟွိုင်ရှင်းရဲ့မျက်နှာက သူ့စကားတွေကို နားထောင်ရင်း အရင်ကထက်ပိုပြီး ဖြူဖျော့သွားခဲ့တယ်။ သူက လက်ကို ဝေ့ယမ်းလိုက်တော့ သူ့ဘေးက အရာအားလုံးက ရပ်တန့်သွားသလိုပဲ။
သူက မူးဝေနေတဲ့ခံစားချက်ကို ထိန်းချုပ်ထားပြီး အံ့ကြိတ်ပြီး ပြောလိုက်တော့တယ်။ “ထန်ယ မင်း တကယ်ပဲ ငါ့ကို လိမ်ရဲတယ်”
ဒါကို မြင်တော့ စူးလီက မနေနိုင်တော့ဘဲ မျှတတဲ့စကားကို ပြောလိုက်တော့တယ်။
[ထန်ယက ရှင်သာ မင်မိသားစုရဲ့ ဘိုးဘေးမှန်း သိခဲ့ရင် သူက ရှင့်ကို ရှောင်မှာပဲ၊ ဒီလိုဆိုရင် သူက ရှင့်ကို ဘယ်လိုလုပ်ပြီး မြှူဆွယ်နိုင်မှာလဲ]
[ဟား ဟား....]
မင်ဟွိုင်ရှင်းရဲ့ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်က ပိုပြီး ကြမ်းတမ်းလာပြီး သူ့ဘေးက အရာအားလုံးကလည်း မုန်တိုင်းတစ်ခုထဲ ပိတ်မိနေသလိုပဲ။ သူ့ဘေးက မင်မိသားစုခေါင်းဆောင်တောင် ခက်ခက်ခဲခဲနဲ့ တောင့်ခံနေရတယ်။
ထန်ယက ကြောက်စိတ်နဲ့ တုန်ယင်နေတယ်။
ဒီအချိန်မှာ ရွှေရောင်အလင်းတစ်ခုက ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ ပေါ်လာပြီး ပတ်ဝန်းကျင်က တိုက်ခိုက်မှုတွေအားလုံးကို ပိတ်ဆို့လိုက်တယ်။
မင်သခင်ကြီးက ဒါကို မြင်တဲ့အခါ နည်းနည်းတော့ အံ့ဩသွားတယ်။ သူသာ အမှတ်မမှားဘူးဆိုရင် တစ်ချိန်က လေလံပွဲတစ်ခုမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီးသုံးပြီး ဝယ်ခဲ့တဲ့ ရွှေကျိန်စာခေါင်းလောင်းပဲ။ ဒါက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆီက အားအပြည့်နဲ့တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိတယ်။
အစတုန်းကတော့ ဒါကို ကျီအာရဲ့ တာအိုမင်္ဂလာပွဲအတွက် ပြင်ဆင်ပေးခဲ့တာ။ ဒါပေမဲ့ အဲဒီတုန်းက အဖေက ဒါကို နည်းနည်း စိတ်ဝင်စားနေတဲ့ပုံဖြစ်နေတာနဲ့ သူက အဖေ့ကို လက်ဆောင် ပေးလိုက်တာလေ။
ဒီတော့ ငါ့အဖေက...
မင်မိသားစုခေါင်းဆောင်က မုတ်ဆိတ်မွှေးနဲ့ ကြွက်သားနဲ့ခန္ဓာကိုယ်နဲ့ မျက်ရည်နဲ့မျက်ခွက် ငိုယိုနေတဲ့ ထန်ယကို တစ်ချက် အကဲခတ်လိုက်ပြီး ဘာမှမပြောတော့ဘဲ အကြည့်လွှဲထားလိုက်တော့တယ်။
မင်ဟွိုင်ရှင်းကလည်း ဒီဝိညာဉ်ရတနာကို မှတ်မိသွားတယ်။ အဲဒီတုန်းက သူဟာ ရမ္မက်ကြောင့် ဘယ်လောက်တောင် မျက်ကန်းဖြစ်ခဲ့သလဲဆိုတာကို စဉ်းစားမိလိုက်ပြီး ထန်ယကို ရက်ရက်စက်စက် ရိုက်နှက်တော့တယ်။
ထန်ယကလည်း အရမ်းကို ကြောက်လန့်သွားပြီး သူ့ခေါင်းကို ကြွက်သားတွေနဲ့ ရင်ဘတ်ထဲမှာ မြှုပ်ထားပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်နေတယ်။
ဝိညာဉ်စွမ်းအင်က သူ့ကို ရိုက်မိတော့မဲ့အချိန်မှာပဲ ရုတ်တရက် မရေမတွက်နိုင်တဲ့ အလင်းတွေက သူ့ခန္ဓာကိုယ်ကနေ ပေါက်ထွက်လာခဲ့တယ်။ အဆောင်အယောင်၊ ဒိုင်းအကာကွယ်၊ အကာအကွယ်ဝိညာဉ်ရတနာတွေ....
ဒါဇင်ပေါင်းများစွာ ရှိနေတဲ့ အကာအကွယ်ဝိညာဉ်ရတနာတွေက မဟာယာနအဆင့်ရှိတဲ့ မင်ဟွိုင်ရှင်းရဲ့ တိုက်ခိုင်မှုကနေ ခက်ခက်ခဲခဲ ပိတ်ဆို့ပေးနေရတယ်။
မင်မိသားစု ခေါင်းဆောင်က ဒီမြင်ကွင်းကို မြင်လိုက်တဲ့အခါ မှင်တက်အံ့ဩသွားတော့တယ်။ ထန်ယမှာ အကာအကွယ်မှော်ရတနာတွေ ဘယ်လောက်တောင် ရှိနေတာလဲ။
မင်ဟွိုင်ရှင်းက သူ ထန်ယကို ပေးထားခဲ့တဲ့ များလှစွာသော ဝိညာဉ်ရတနာတွေကို မြင်လိုက်တဲ့အခါ ထန်ယကို ရိုက်နှက်နေတဲ့ ဝိညာဉ်စွမ်းအင်က ပိုပိုပြီး ကြမ်းတမ်းလာခဲ့တယ်။
တစ်၊ နှစ်၊ သုံး...။ နောက်ဆုံး အကာအကွယ် မှော်လက်နက် ပျက်စီးတော့မဲ့အချိန်မှာ ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခုက လေထဲမှာ ရုတ်တရက် ပေါ်လာပြီး နောက်တစ်စက္ကန့်မှာပဲ နေရာလွတ်ကနေ ဖောက်ထွက်လာတဲ့ ပုံရိပ်တစ်ခုက ပေါ်လာခဲ့တယ်။
အဲဒီလူက မာထန်တဲ့ မျက်နှာတစ်ခုနဲ့ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရေခဲတမျှ အရောင်အဝါတစ်ခုကို သယ်ဆောင်ထားတဲ့အတိုင်းပဲ။ သူက လက်ရှိအခြေအနေကို သေသေချာချာ မမြင်နိုင်ခင်မှာပဲ စိုးရိမ်တကြီးနဲ့ လွှတ်ခနဲ ပြောထွက်သွားတယ်။ “ယာအာ အဆင်ပြေရဲ့လား”
သူ့စကား ဆုံးသွားတာနဲ့ချက်ချင်း နောက်ထပ်ပုံရိပ်တစ်ခုက အပြေးအလွှားရောက်လာခဲ့တယ်။ ဒီလူကို ပြင်ထန်းတဲ့ ဝိညာဉ်စွမ်းအင် အလွှာတစ်ခုက ဝန်းရံထားပြီး သူ့မျက်နှာကလည်း လူသတ်လိုတဲ့ ပြင်းပြစိတ်အပြည့်ပဲ။ သူက ရပ်တောင်မရသေးဘူး ဒေါသတကြီး ထုတ်ပြောလိုက်တယ်။ “ဘယ်သူက ငါ့ရှောင်ယာကို ထိခိုက်အောင် လုပ်ရဲတာလဲ”
“ညီမ ရှောင်ယာ” ဓားတစ်ချောင်းကို ကိုင်ထားပြီး စူးရှပြီး စိုးရိမ်နေတဲ့ရုပ်တစ်ခုနဲ့ ပုံရိပ်တစ်ခုက လွှင့်ပျံလာခဲ့တယ်။သူမရဲ့မျက်ခုံးတွေကြားမှာ ပင်ကိုယ်စိတ်ရင်းတစ်ခု ပေါ်နေတယ်။ သူမက ၂၈နှစ်ပဲ ရှိသေးပေမဲ့ လောကကြီးကို သေသေချာချာ နားလည်ထားပုံရတယ်။ “ဘယ်သူက ညီမကို ထိခိုက်အောင် လုပ်တာလဲ”
[ဟိုက်__ __ ထန်ယက တကယ် အံ့ဩဖို့ကောင်းတယ်ဟ]
စူးလီက သတင်းစုံတယ်ဆိုပေမဲ့ သူမက ဒီမြင်ကွင်းကို တွေ့လိုက်ရပြီးနောက်မှာ ဟင်ခန် ဖြစ်သွားတော့တယ်။
[နှစ်တစ်သက်တမ်း မိသားစုက ရှောင်မိသားစုရဲ့ မဟာအကြီးအကဲ၊ လူသတ်တာကို တားမြစ်ဖို့ လူသတ်ပြီး ဘယ်တော့မှ ပြန်လှည့်မကြည့်တတ်တဲ့ ဘ၀သတ်သူပုဂ္ဂိုလ်ကြီးနဲ့ အတိတ်ဘဝ မှတ်ဉာဏ်ကို နိုးထပြီးသွားတဲ့ လူဝင်စားနတ်သမီး လျိုကွမ်း]
[အမျိုးသားတွေရော အမျိုးသမီးတွေရော နှစ်ခုလုံးအတွက် သင့်တော်တာပဲ]
ကောင်းကင်က အသံကို ကြားလိုက်ပြီးတဲ့အခါ အကြီးအကဲရှောင်က မသိမသာ မျက်မှောင်ကြုတ်သွားတယ်။ သူက ပတ်ဝန်းကျင်ကို ကြည့်နေပေမဲ့လည်း သူရှာနေတဲ့သူကို ရှာမတွေ့နိုင်ခဲ့ဘူး။
ယာအာက ဒီမှာ ရှိမနေတာလား။
ဘ၀သတ်သူက အေးစက်တဲ့အလင်းရောင် ထွက်နေတဲ့ ဓားကောက်တစ်ချောင်းကို ကိုင်ထားတယ်။ အသက်ဘယ်ချောင်းလောက်တောင် နှုတ်ယူခဲ့ပြီးပြီဆိုတာ မသိနိုင်တော့ဘူး။ သူ့အကြည့်က အလင်းရောင်တွေ စီးဆင်းနေတဲ့ နတ်သမီးကို ခဏလောက်ကြည့်လိုက်ပြီးတော့ အကြည့်လွဲလိုက်တယ်။
သူက လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။
“ရှောင်ယာ အခု ဘယ်မှာလဲ”
နတ်သမီးလျိုကွမ်းက မျက်လုံးထဲမှာ သံသယအရိပ်တစ်ခုနဲ့ မင်ဟွိုင်ရှင်းကို ကြည့်လိုက်ပြီး
“မင်ဘိုးဘေးလား၊ ခုနက တိုက်ခိုက်လိုက်တာ ရှင်လား...”
သူက မြေကြီးပေါ်မှာ ပုန်းကွယ်နေတဲ့ တုန်တုန်ယင်ယင်နဲ့ လူသန်ကြီးကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ပြောနေတဲ့စကားကို ရပ်လိုက်တယ်။
ရှောင်ယာရဲ့ မှော်လက်နက် အကာအကွယ်ပစ္စည်းက ဒီလူကိုယ်ပေါ်ကို ဘာလို့ ရောက်နေတာလဲ။
မင်ဟွိုင်ရှင်းက လူသုံးယောက်ရဲ့ အကြည့်ကို ခံစားမိလိုက်ပြီး သူ့မျက်နှာက ဆွံ့အသွားခဲ့တယ်။
သူက ဒီလူသုံးယောက်လုံးကို သိတယ်လေ။ သူတို့တစ်ယောက်စီက သူနဲ့ ယှဉ်ပြိုင်နဲ့ ကျင့်ကြံရေးအဆင့်တစ်ခုမှာ ရှိတယ်။
သူတို့တွေက တကယ်ပဲ...
ဒီအခိုက်မှာပဲ အပြင်လောကကလာတဲ့အသံရဲ့ တသောသောရယ်မောသံက အားလုံးနားထဲကို ဝင်လာခဲ့တယ်။
[ဟား ဟား ဟားဟား နင်တို့ရဲ့ရှောင်ယာက မြေကြီးပေါ်မှာ ဒူးထောက်နေတယ်မလား]
လူသုံးယောက်က အခိုက်တန့် ကြောင်အမ်းအမ်းဖြစ်သွားပြီး မြေကြီးပေါ်က ပုရွက်ဆိတ်တွေအပါအဝင် အရာအားလုံးကို ရှာဖွေလိုက်ပြီးတဲ့နောက်မှ နောက်ဆုံးတော့ မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ ထန်ယကို မယုံမကြည်နဲ့ ကြည့်လိုက်ကြတော့တယ်။
[ဟုတ်တယ်၊ မုတ်ဆိတ်နဲ့၊ ကြေးနီရောင်ကြွက်သားနဲ့ ပေါ့တန်တန်ရုပ်နဲ့ နှစ်တဝက်လောက် မျက်နှာမပြတဲ့ အဲဒီကောင်လေ]
အကြီးအကဲရှောင်ရဲ့ လက်တွေက အခိုက်တန့် တုန်ယင်သွားပြီး ရုတ်တရက် သူ့မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။ သူက နားကြားမှားတာပဲ ဖြစ်မှာပါ။
ဘ၀သတ်သူက မြေကြီးပေါ်က ထန်ယကို ကြည့်လိုက်ပြီး သိပ်မကြာခင်ကမှ ကျောက်စိမ်းပြားကို ကြည့်ပြီး ‘ကို့အချစ်လေး’လို့ခေါ်ခဲ့တဲ့ မြင်ကွင်းကို ပြန်သတိရသွားတယ်။ သူ့မှာ ဒေါသမထွက်နိုင်ခင်မှာပဲ သူ့ဗိုက်က အော်ဂလီဆန်လာသလို ခံစားလိုက်ရတယ်။ “အ___”
နတ်သမီးလျိုကွမ်းက ရုတ်တရက် ခေါင်းလှည့်ပြန်ပြီး မင်ဟွိုင်ရှင်းကို ကြည့်လိုက်တော့တယ်။ သူက သူမကို ခေါင်းညိတ်ပြလိုက်တာ မြင်လိုက်တဲ့အခါ သူမရဲ့မျက်လုံးထဲ တည်ငြိမ်မှုတွေက ရုတ်ခြည်းဆိုသလို ကွဲကြေသွားတော့တယ်။
ထန်ယက အားလုံးရဲ့ စူးရှတဲ့အကြည့်ကို ခံစားမိလိုက်ပြီး ဘာအင်အားမှ မကျန်တော့ဘူး။ သူက စိတ်ထဲမှာ စကားငါးလုံးနဲ့ မြေကြီးပေါ်ကို ပြိုလဲကျသွားတော့တယ်။
ငါ့ဘဝ တော့ သွားပါပြီ။
...