အခန်း ၇၀
Vol. 5 Ch. 70
အပိုင်း (၇၀)
ဝမ့်ကျန်းဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေအားလုံးက သူတို့ရဲ့ဂိုဏ်းချုပ်ကြီး ဘဝမှာ အဓိကဝါသနာနှစ်ခု ရှိတာကို သိကြတယ်။
ပထမတစ်ခုက အစည်းအဝေး လုပ်ဖို့။ ဝမ့်ကျန့်ဂိုဏ်းရဲ့ အထက်ဆင့် အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေက နှစ်ရက်တစ်ခါတိုင်း ဝမ့်ကျန့်ဂိုဏ်းရဲ့ ထိပ်သီးအစည်းအဝေးတစ်ခုကို လုပ်ကြရတယ်။
ဒီကာလအတွင်းမှာ ဝမ့်ကျန့်ဂိုဏ်းထဲမှာ ဘာမှ မဖြစ်ခဲ့တာတောင် အစည်းအဝေးကိုတော့ လုပ်နေရတုန်းပဲ။ အကြီးအကဲတော်တော်များကို နှစ်ပေါင်းများစွာ အပြင်ထွက် ခရီးသွားလာခိုင်းပြီး ဆယ်စုနှစ်တိုင်း တစ်ခါပြန်လာခိုင်းတယ်။
တချို့အကြီးအကဲနဲ့ တောင်ထွတ်သခင်တွေက အရေးကြီးရာထူးကို ယူထားကြတော့ ဝမ့်ကျန့်ဂိုဏ်းကန ထွက်သွားလို့မရဘူး။ ဒီတော့ သူတို့တွေက အစည်းအဝေး မတက်ရရေး ထူးဆန်းတဲ့ အကြောင်းပြချက်တွေ အကြံထုတ်ကြတော့တာပဲ။
ဥပမာ ယွိကျင်တောင်ထွတ်သခင်က တစ်လ ဆယ်ခါ သူ့သားကို ရိုက်တာမျိုး။ သိုလှောင်ခန်းအကြီးအကဲက ဝမ့်ကျန့်ဂိုဏ်းရဲ့ သိုလှောင်ခန်းထဲက ပစ္စည်းတွေကို တစ်လ ၁၅ခါ ရေတွက်တာမျိုး နောက်ပြီးတော့....
ဂိုဏ်းချုပ်ရဲ့ ဒုတိယဝါသနာကတော့ စာသင်တာပဲ။
ဂိုဏ်းချုပ်ကြီးချီက ဝမ့်ကျန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာကတည်းက အတွင်းစည်းတပည့်တွေက ထူးထူးဆန်းဆန်း အတန်းတွေကို တက်ရတတ်တယ်. ဝိညာဉ်ကျောက်တုံးကို ပညာသားပါပါနဲ့ ချေးငှားနည်း၊ လက်ထပ်ဖို့ မိသားစုဖိအားကို ရှောင်ရှားနည်း၊ အချင်းချင်း ဆက်သွယ်တဲ့ခါ မှန်ကန်တဲ့စည်းမျဥ်း... စသဖြင့်ပါပဲ..
ဒီနေ့ သူတို့တက်ရောက်တဲ့ အတန်းကတော့ သုံးကြိမ်တောင် ပို့ချပြီးသား အခုဆိုရင် လေးကြိမ်မြောက် ဖြစ်နေပြီဖြစ်တဲ့ ဟန်ဆောင်လိမ်လည်ခြင်းကို ဆန့်ကျင်တဲ့ သင်ခန်းစာပဲ။
ချွီလင်က စင်အောက်မှာ နေရာယူထားပြီးကြတဲ့ လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူမရဲ့ထိုင်ခုံဆီကို ခပ်သွက်သွက် လျှောက်လာလိုက်တယ်။
ဝမ့်ကျန့်ဂိုဏ်းရဲ့ ‘ကိုတတ်ပ’ လို့သိကြတဲ့ သူ့ဘေးမှာ ထိုင်နေတဲ့ တပည့်ကို ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးတွေက လင်းလက်သွားခဲ့တယ်။
သူမက ‘ကိုတတ်ပ’ရဲ့ လက်မောင်းကို ထူးထူးဆန်းဆန်း ပွတ်လိုက်ပြီး သူမအသံကို တိုးပြီး ဝမ်းသာစိတ်ကို ဖိနှိပ်ထားတယ်။ “အစ်ကို အခုတလော ကျင့်ကြံရေးလောက အရမ်းကို စည်ကားနေလို့ ကျွန်မ ကြားထားတယ်”
ဝမ့်ရှစ်ထုန်းက သူမရဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ သူက သူ့ဂိုဏ်းသားဝတ်စုံကို နှိမ့်နှိမ့်ချချနဲ့ အနားကို ပြန်ဆွဲထားလိုက်ပြီး လျှို့လျှို့ဝှက်ဝှက်နဲ့ ပြောလိုက်တယ်။ “ဂိုဏ်းတူညီမလေးကလည်း သတင်းစုံတဲ့ပုံပဲ”
ဒီအတန်းကြောင့် စိတ်ပျက်နေတဲ့ ချွီလင်တစ်ယောက် ရုတ်တရက် စိတ်အားတက်ကြွလာခဲ့တယ်။ သူမက လှုပ်ရှားနေတဲ့ စိတ်ကို ဖိနှိပ်ထားလိုက်ပြီး မေးလိုက်တယ်။
“မဟုတ်မှလွဲရော ဒီတစ်ခါ ဂိုဏ်းချုပ်ကြီးက အစ်ကို့ကို အတုအယောင်ဆန့်ကျင်ခြင်း အတန်းတက်ခိုင်းတာ အဲဒီကြီးမြတ်သူတွေနဲ့ ပတ်သက်တဲ့ကိစ္စကြောင့်လား”
ဒီစကားကို ကြားတော့ သူမရဲ့ရှေ့မှာ ထိုင်နေတဲ့ တပည့်ကာ ဆက်ပြီး မျိုသိပ်မထားနိုင်တော့ဘဲ သူ့ခေါင်းကို တိတ်တိတ်လေး လှည့်လာလိုက်တာ သူ့မျက်လုံးတွေထဲမှာလဲ စပ်စုလိုစိတ် အပြည့်ပဲ။
“မဟုတ်မှလွဲရော အဲဒီကြီးမြတ်သူတွေက တကယ်ပဲ...”
ဒီအချိန်မှာပဲ သူက အမှတ်တမဲ့ ကောင်းကင်နဲ့ သူ့ဘေးဘီကို မော့ကြည့်လိုက်တယ်။ သူတို့တွေက ကျင့်ကြံရေးလောကမှ အစောဆုံး ထွက်ရှိခဲ့တဲ့ ပညာရှင်တွေလေ။ သူတို့လို အတွင်းစည်းတပည့်တွေက သူတို့ရဲ့တစ်ဘဝလုံးမှာ သူတို့ထဲက တစ်ယောက်ကို ဘယ်တော့မှ တွေ့နိုင်ကြမှာ မဟုတ်ဘူး။ သူတို့တွေက ထင်မထားခဲ့ဘူးလေ.. တကယ်တော့ သူတို့တွေက...
“နင် ဒီအကြောင်းကို အားလုံး ကြားပြီးပြီပေါ့”
ချွီလင်ရဲ့အသံက အမှတ်တမဲ့ ပိုပြီးကျယ်သွားခဲ့တယ်။ သူမက သတိထားလိုက်မိပြီးမှ သူ့အသံကို မြန်မြန်ပြန်ထိန်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ “ကျွန်မ ရွှင့်ချန်ဂိုဏ်းသားတွေဆီက ကြားခဲ့တာ၊ အဲဒီကြီးမြတ်သူတော်တော်များက သူတို့ရဲ့ငွေနဲ့လိင်မှုကိစ္စကို လှည့်စားခံခဲ့ရတာတဲ့”
“ကြီးမြတ်သူတွေက ကျင့်ကြံသူတစ်ယောက်ထဲရဲ့ လှည့်စားခံလိုက်ရတာလို့လဲ ပြောကြတယ်”
“ဟုတ်တယ်၊ ငါလည်း ကြာထားတယ်၊ ကြီးမြတ်သူတွေက ဒီလူရဲ့ ပြုစားတာကို လုံးဝခံလိုက်ရတာ၊ သူတို့တွေက သူနဲ့တောင် တာအိုမင်္ဂလာပွဲ လုပ်တော့မလို့တဲ့”
နတ်သမီးလျိုကွမ်းရဲ့ မိသားစုက ဆင်းသက်လာတဲ့ တပည့်က သူ့အသံကို နှိမ့်ပြီးပြောလိုက်တယ်။
“ငါ့ အဖေဆီက ကြားခဲ့တာတော့ နတ်သမီးလျိုကွမ်းကလည်း အဲဒီအမျိုးသမီး ကျင့်ကြံသူ လိမ်လည်တာကို ဆိုးဆိုးရွားရွား ခံစားလိုက်ရပြီး သူက ရွှင့်ချန်ဂိုဏ်းကို သွားပြီးတော့တောင် လိင်ပြောင်းဆေးလုံး သွားတောင်းခဲ့တာတဲ့”
“သူနဲ့ တာအိုစုံတွဲ ဖြစ်လာဖို့နဲ့လား”
“အဲဒီလူလိမ်က မိန်းမတစ်ယောက်လို့ ဘယ်သူပြောလဲ” ‘ကိုတတ်ပ’က အထင်သေးတဲ့ပုံနဲ့ သူတို့ရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအရာကို ကြည့်လိုက်ြီး နောက်ထပ်ဗုံးတစ်လုံးကို တည်တည်ငြိမ်ငြိမ်ကြီး ပစ်ချလိုက်တယ်။ “ကြီးမြတ်သူတွေကို လိမ်လည်သွားတဲ့သူက တကယ်တော့ ယောက်ျားတစ်ယောက်ပဲ”
“သူက ၉ပေမြင့်ပြီး ကြွက်သားနဲ့ မုတ်ဆိတ်နဲ့ ကြောက်စရာကောင်းတဲ့ ရုပ်နဲ့ ယောက်ျားတစ်ယောက်ပဲ”
သူ့စကားကို ကြားလိုက်ပြီးနောက်မှာ အားလုံးက ပင့်သက်ရှိုက်လိုက်ကြပြီး သူတို့ရဲ့မျက်လုံးတွေက ပိုပြီး စိတ်လှုပ်ရှားလာကြတယ်။
သူတို့ထဲက တစ်ယောက်က လေသံကို နိမ့်ထားလိုက်ပြီး ပြောလိုက်တယ်။ “ငါကတော့ ဖြစ်နိုင်တဲ့ သတင်းတွေ ကြားခဲ့တယ်၊ ဒါပေမဲ့ အဲဒါတွေက အတုတွေပဲ ဖြစ်မယ်လို့ ထင်နေတုန်းပဲ”
ချွီလင်က ပင့်သက်တစ်ချက် ရှိုက်လိုက်တယ်။ ဒါပေမဲ့ သူမရဲ့မျက်နှာပေါ်က မသိသာတဲ့ မဖွယ်မရာအပြုံးကိုတာ့ ထိန်းမထားနိုင်ခဲ့ဘူး။ သူမရဲ့အသံက စိတ်လှုပ်ရှားနေတာကြောင့် တုန်းယင်လို့နေတယ်။ “ဒါပေမဲ့ ကြီးမြတ်သူတွေအားလုံးက ကျင့်ကြံရေးမှာရော အသိပညာမှာပါ နှံ့စပ်ကြတာပဲ၊ သူတို့တွေက ဘာလို့ ဒီလို... ယောက်ျားတစ်ယောက်ဆီမှာ အလိမ်ခံရမှာလဲ”
ဝမ့်ရှစ်ထုန်းက သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းခါလိုက်တယ်။ သူ့မျက်နှာပေါ်မှာ သိမ်မွေ့နက်နဲတဲ့အမူအရာတစ်ခုနဲ့ သူ သိထားတာ ဘာမှမဟုတ်ဘူးဆိုတာကို ပြောလိုက်တယ်။
“ဂိုဏ်းတူညီမလေး နင် မသိလို့နော်၊ အဲဒီလူမှာ ချိုမြိန်တဲ့အသံတစ်ခု ရှိတဲ့အပြင်...”
အားလုံးက နားစွင့်ထားလိုက်ကြပြီး သူတို့မျက်လုံးထဲမှာလဲ သိချင်စိတ်က အပြည့်ပဲ။
“နောက်ပြီးတော့ သူက အိပ်ရာပေါ်မှာလဲ အရမ်းကျွမ်းကျင်တယ်တဲ့”
“အဟွတ်...”
စူးလီမှာ ဒီစကားကို ကြားလိုက်ရတော့ မနေနိုင်တော့ဘဲ ပါးစပ်ထဲက ဝိညာဉ်သစ်သီးကို ထွေးထုတ်မိသွားတော့တယ်။
သူမက အစတုန်က ခြံဝင်းငယ်လေးထဲမှာ နေရတာ အရမ်းပျင်းလာလို့ လေကောင်းလေသန့်လေး ရှူရအောင် အပြင်ထွက်ချင်ခဲ့တာ။ သူမက အတွင်းစည်းဂိုဏ်းသားတွေအတွက် အတုအယောင်ဆန့်ကျင့်ရေး အတန်းကို မမျှော်လင့်ဘဲ ကြုံကြိုက်သွားတယ်။ ဒီတော့ သူမကလည်း နားထောင်မယ်ဆိုပြီး ဝင်လာခဲ့တာပဲ။ သူမ ထိုင်ချလိုက်တာနဲ့ ဒီလို အံ့ဩစရာကောင်းတဲ့ အတင်းကို ကြားလိုက်ရမယ်လို့ ထင်မထားခဲ့ဘူး။
သူမက ဆုံးဖြတ်ချက် ပြတ်သားလွန်းတဲ့ရုပ်ဖြစ်နေတဲ့ ‘ကိုတတ်ပ’ကို မော့လိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူမရဲ့မျက်နှာက နောက်ဆုံးတော့ ပြန်တည်ငြိမ်သွားတယ်။
ကျင့်ကြံရေးလောကထဲမှာ ကောလာဟလတွေကို ဖြန့်နေတဲ့ ဒီလိုလူတစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
လူသုံးယောက်က ကျားတစ်ကောင် လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို သူမ တကယ် နက်နက်နဲနဲ သဘောပေါက်မိသွားတာပဲ။ ကြောက်စေချင်တဲ့ စကားကိုပဲ လူတွေက ပြောကြတာ။
ဒီလူတွေက ဂူပိတ်ကျင့်ကြံရေးလုပ်ကြပြီး သူတို့မျက်နှာတွေကို ထွက်မပြရဲကြတာလဲ မဆန်းတော့ဘူး။
“ဒီလို ဖြစ်နေတာကိုး” ချွီလင်က သတင်းကြောင့် အရမ်းကို ထိတ်လန့်သွားပြီး သူမရဲ့ဝိညာဉ်က သူမရဲ့ခန္ဓာကိုယ်ထဲက ထွက်သွားခဲ့တယ်။ ပြန်သတိဝင်လာဖို့ အချိန်တော်တော် ယူလိုက်ရတယ်။ သူမရဲ့မျက်လုံးထဲမှာတော့ ထိတ်လန့်တာနဲ့ အံ့ဩတာကလွဲရင် ဘာမှ မရှိတော့ဘူး။ နည်းနည်းလေးမှလဲ သံသယမဖြစ်နေဘူး။ “ကျင့်ကြံရေးမှာ နှံ့စပ်တဲ့ ကြီးမြတ်သူတွေကတောင်မှ... အဟမ်း... အိပ်ရာပေါ်က တချို့ လှုံ့ဆော်မှုတွေနဲ့ ဆွဲဆောင်မှုတွေကို မလွန်ဆန်နိုင်ဘူးကိုး”
စူးလီက သူမရဲ့အဖြေကို ကြားလိုက်ရပြီး ကြိုးစား ထိန်းချုပ်လိုက်ပြီးနောက်မှာတော့ မနေနိုင်ဘဲ မေးလိုက်တော့တယ်။
“နင်က ဒါကို တကယ် ယုံလား”
ဒီသတင်းကဖြင့် မှားနေတာ အရမ်းကို ထင်ရှားနေတဲ့ကိစ္စ။ ဘယ်လိုဖြစ်ပြီး လူတွေက တကယ် ယုံနေတာလဲ။
“ချန်ပေ့လား” ချွီလင်က လှည့်အကြည့်မှာ စူးလီကို တွေ့လိုက်တော့ တအံ့တဩနဲ့ မျက်တောင်ခတ်လိုက်ပြီး အလေးအနက်နဲ့ ပြောတော့တယ်။ “ချန်ပေ့ ကြီးမြတ်သူတော်တော်များများက ယောက်ျားတစ်ယောက်ထဲရဲ့ ငွေနဲ့လိင်ကိစ္စ လှည့်စားခံရတယ်လို့ တစ်ယောက်ယောက်က ချန်ပေ့ကို ပြောရင် ချန်ပေ့က ယုံမှာလား”
စူးလီ: “....”
စူးလီက နှုတ်ဆိတ်နေတာ မြင်လိုက်ရတော့ ချွီလင်က နောက်ထပ် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ကောင်းတဲ့ မေးခွန်းကို ထပ်မေးပြန်ရော။
“တကယ်လို့ အဲဒီလူက ပါရမီပါတာ မဟုတ်ဘဲနဲ့ အိပ်ရာထဲမှာ လိမ်ဆင်တွေတချို့ သုံးခဲ့တာဆိုရင် ဒီလောက်များတဲ့ ကြီးမြတ်သူတွေကို လိမ်ညာရလောက်အောင် သူ့မှာ တခြားဘာအကြောင်းတွေ ရှိလို့လဲ”
စူးလီက အခိုက်တန့် နှုတ်ဆိတ်သွားပြီးနောက်တော့ အရိုးခံအတိုင်း မေးလိုက်တယ်။ “ဒီလူတွေက လိမ်ညာဖို့ ပိုလွယ်တယ်ဆိုရင် ဖြစ်နိုင်လား”
“မဖြစ်နိုင်တာ” ချွီလင်က ကပျာကယာ ခေါင်းခါလိုကပြီး သူမရဲ့အသံက တော်တော်လေး ကျယ်လောင်သွားတယ်။ “သူတို့တွေက ကြီးမြတ်သူတွေလေ၊ တစ်ယောက်ချင်းစီက နှစ်သက်တမ်း ထောင်ချီရှိပြီး ကျင့်ကြံရေးနှစ်လည်း ထောင်ချီပဲ၊ သူတို့တွေက ဘယ်လိုလုပ်ပြီး အဲလောက် အလွယ်တကူလိမ်ခံရမှာလဲ”
“ဒီတော့ မဖြစ်နိုင်တာတွေအားလုံးကို ဖယ်ထုတ်လိုက်တော့ ကျန်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ဂိုဏ်းတူအစ်ကို ပြောတဲ့တစ်ခုပဲ ကျန်တယ်”
စူးလီ: “....”
ဒါကြီးက အရမ်းကို အဓိပ္ပာယ်ရှိအောင် လုပ်ထားတော့ အမှန်တရားကိုသိတဲ့ သူမကတောင် ဦးနှောက်ဆေးခံရတော့မလို့ပဲ။
သူမက လက်တစ်ဖက်နဲ့ သူမရဲ့မျက်ခုံးတွေကို ညစ်ထားလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ချွီလင်ကို လက်ဝေ့ပြလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ “နင်တို့တွေ စိတ်ကျေနပ်သလိုသာ ထင်ကြတော့”
သူမရဲ့ အမူအရာကို မြင်လိုက်တဲ့နောက်မှာ ချွီလင်က ပြန်လှည့်သွားခဲ့တယ်။ သူမက တစ်ခုခုကို ရုတ်တရက် သတိရသွားသလိုပဲ။ သူမရဲ့အသံက သနားစိတ် အပြည့်ဖြစ်သွားတယ်။ “အစ်ကို ဒီကြီးမြတ်သူတွေ လှည့်စားခံလိုက်ရတာ ကျင့်ကြံသူတွေ ဘယ်နှစ်ယောက်လောက် သိသွားကြလဲ”
ဝမ့်ရှစ်ထုန်းက သူမရဲ့မေးခွန်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ပြောလိုက်တယ်။
“ရွှင့်ချန်ဂိုဏ်းသားတွေ အားလုံးနီးပါး ဒီအကြောင်း သိကြတယ်လေ၊ ငါတို့ ဝမ့်ကျန့်ဂိုဏ်းကတော့....”
သူက နားစွင့်နေကြတဲ့ ဝမ့်ကျန့်ဂိုဏ်သားတွေကို လှမ်းကြည့်လိုက်ပြီး ချောင်းဟမ့်ပြီး ပြောလိုက်တယ်။
“ဒီအကြောင်း အားလုံး သိသွားဖို့ဆိုရင် တစ်နာရီ နှစ်နာရီလောက်ပဲ ကြာမယ်”
ချွီလင်ရဲ့အမူအရာက အရမ်းကို ရှုပ်ထွေးသွားခဲ့တယ်။ “အခုဆိုရင် ကြီးမြတ်သူတွေ ဘယ်လိုများ နေကြမလဲ မသိဘူးနော်”
ကြီးမြတ်သူတွေ တော်တော်များများက မဟာယာန အဆင့်ထိ ရောက်နိုင်တယ်ဆိုကတည်း သူတို့ရဲ့စိတ်တွေက အရမ်းကို ပြတ်သားမှာပဲ။ အဟမ်း... သူတို့တွေ ဒီကိစ္စတွေကို စိတ်ထဲထားမယ်တော့ ငါ မထင်ဘူး။
ပုံမှန်ဆိုရင် ကြီးမြတ်သူတွေက သူတို့စိတ် နောက်ပဲ လိုက်ကြပြီး တခြားသူတွေရဲ့ သဘောထားကို ဂရုစိုက်ကြတာ မဟုတ်ဘူးလေ။
သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ‘ကိုတတ်ပ’ရဲ့ ဟိုဖက်ခြမ်းမှာ ထိုင်နေတဲ့ တပည့်က ချောင်းဟမ့်လိုက်ပြီး ပြောလိုက်တယ်။
“တခြားကြီးမြတ်သူတွေ အကြောင်းတော့ ငါ မသိဘူး၊ ဒါပေမဲ့ ငါတို့ ရှောင်မိသားစုရဲ့ မဟာအကြီးအကဲကတော့ အခု ဂူပိတ်ကျင့်ကြံနေတယ်၊ ပြောတာကတော့ သီးသန့်ဂူပိတ်ကျင့်တာ အနည်းဆုံး နှစ်၅၀၀ကြာမှာတဲ့”
နောက်ထပ်တပည့်တစ်ယောက်က ထပ်ပြောလိုက်တယ်။ “မနေ့တုန်းက ဘ၀သတ်သူ ဆရာကြီးရဲ့ အခဲမကြေနိုင်တဲ့ ရန်သူတော် မင်ယွင်ပုဂ္ဂိုလ်ကြီးက သူ့ကို လက်ရည်ချင်းယှဉ်ဖို့ စိန်ခေါ်တယ်လေ။ ဒေါသကြီးတဲ့ ဘ၀သတ်သူကြီးက စိန်ခေါ်နေတာကို တနေ့လုံး ပြန်မဖြေဘူးတဲ့”
“ငါ့ နံပါတ်ခုနှစ် အဒေါ်ရဲ့ ဦးလေးရဲ့သားရဲ့ မြေးရဲ့ တူလေးက နတ်သမီးလျိုကွမ်းရဲ့ အိမ်တော်ဝင်းမှာ အစေခံ လုပ်နေတာလေ၊ သူ့စကားအရတော့ နတ်သမီးလျိုကွမ်းက အခုတလော ပြန်လည်ဝင်စားဖို့ မနားတမ်း လေ့လာရင်း အလုပ်များနေတယ်တဲ့”
“ငါလည်း ကြားထားတယ်၊ မင်မိသားစုခေါင်းဆောင်က မင်မိသားစုဘိုးဘေးကြီးကို မရေမတွက်နိုင်အောင် ဆူပူကြိမ်းမောင်းနေတာတဲ့၊ ရုပ်ကြမ်းနဲ့ အမျိုးသမီးကျင့်ကြံသူက မင်မိသားစုခေါင်းဆောင် ရိုက်နှက်တာ ခံလိုက်ရပြီး အခု အိပ်ရာထဲက မထနိုင်ဘူးတဲ့”
“ငါ ကြားထားတာကျတော့ မင်မိသားစုခေါင်းဆောင် ပို့လိုက်တာက ဘာလို့ ရုပ်ကြမ်းနဲ့ အမျိုးသားကျင့်ကြံသူ တစ်ယောက်ဖြစ်နေတာလဲ”
စူးလီက လွန်ကဲလာတဲ့ ကောလာဟလ သတင်းတွေကို နားထောင်ရင်း နှုတ်ဆိတ်သွားတော့တယ်။ မင်မိသားစုခေါင်းဆောင်က မှင်တက်စရာကောင်းတဲ့ အလှလေးတွေအားလုံးကို မင်မိသားစုဘိုးဘေးဆီ လွှတ်လိုက်တယ်ဆိုတာ ဖြစ်နိုင်လို့လား။ ယောက်ျားတွေရော မိန်းကလေးတွေရော ရှိနေတာပေမဲ့လေ...
ဒါပေမဲ့ မင်မိသားစုခေါင်းဆောင်ကတော့ တကယ် အရိုက်ခံလိုက်ရတာ။ မင်မိသားစု ဘိုးဘေးကြီးက သူ့ကို ရိုက်နှက်ပြီးတော့ သူက သီးသန့်ဂူပိတ်ကျင့်သွားခဲ့တာလေ။
အားလုံး ပြောလိုက်တဲ့ စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ချွီလင်ရဲ့အသံက ကိုယ်ချင်းစာတဲ့ လေသံနဲ့ အောင့်သက်သက်လေး ထွက်လာတယ်။
“အဟမ်း__ ကြီးမြတ်သူတွေ မကြာခင်မှာ ထွက်နိုင်ဖို့ မျှော်လင့်ပါတယ်လေ”
ဝမ့်ရှစ်ထုန်းကလည်း အောင့်သက်သက်နဲ့ နှစ်ချက်လောက် ချောင်းဟမ့်လိုက်ပြီး ဘာမှ မဖြစ်ခဲ့သလို စကားလမ်းကြောင်း လွှဲလိုက်တယ်။ “ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဝမ့်ကျန့်ဂိုဏ်းတပည့်တွေက အရမ်းစိတ်လှုပ်ရှားကြပြီး အဲဒီအကြောင်းကို ပြောဖို့တောင် စုဝေးကြတယ်လို့ ငါ ကြားလိုက်တယ်၊ ဒါက အခုထိ..”
တပည့်တစ်ယောက်က အားမရှိတော့သလို ပြောလိုက်တယ်။ “အဲဒါက ငါတို့ ဂိုဏ်းချုပ်ကြီးက ဟယ်ဟွမ်းဂိုဏ်းချုပ် လှည့်စားတာ ခံလိုက်ရတုန်းကလေ”
“....”
ဒီတော့ သူတို့ကို ဒီအတုအယောင်ဆန့်ကျင်ရေး သင်ခန်းစာ သင်ပေးပြီး ပထမဆုံး လိမ်ခံလိုက်ရတဲ့သူ ဂိုဏ်းချုပ်ကြီးပေါ့။
လေထုက ချောက်ခြားဖွယ် တိတ်ဆိတ်သွားခဲ့တယ်။
ဒီအချိန်မှာပဲ အပြာနုရောင်ဝတ်ရုံနဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်တစ်ယောက်ရဲ့ဣန္ဒြေနဲ့ တစ်လှမ်းချင်း ဝင်လာတဲ့ ချီမင်က သူ့ဓားနဲ့ စင်ပေါ်ကို ရောက်လာခဲ့တယ်။
ဝမ့်ကျန့်ဂိုဏ်းတပည့်တွေက သူတို့ အခုလေးတင် ပြောနေကြတဲ့ ဂိုဏ်းချုပ်ကြီး ပေါ်လာတာ မြင်လိုက်ရတော့ သူတို့က မျက်နှာပေါ်က မလုံမလဲရုပ်တွေနဲ့ မြန်မြန်လေး မတ်မတ်ထိုင်လိုက်ကြတယ်။
စာသင်တဲ့စင်တဝိုက်မှာ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေက တစ်ဖက်တစ်ချက်မှာ တစ်ယောက်ပြီးတစ်ယောက် နေရာယူလိုက်ကြတယ်။
ချီမင်က အောက်မှာထိုင်နေတဲ့ ပြည့်သိပ်နေတဲ့ ဝမ့်ကျန့်ဂိုဏ်းသားတွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ကျေနပ်ရိပ်တစ်ခု ဖြစ်သွားတယ်။
ဝမ့်ကျန့်ဂိုဏ်းသားတစ်ယောက် အနေနဲ့ ဂိုဏ်းစည်းကမ်းကို လိုက်နာပြီး စိတ်ဓာတ်ကို မြင့်မြင့်ထားသင့်တယ်လေ။
အစတုန်းကတော့ လွန်ခဲ့တဲ့နှစ်ရက်က ကြီးမြတ်သူတွေ တော်တော်များများ လှည့်စားခံလိုက်ရတဲ့ အကြောင်း ကြားလိုက်တုန်းကတော့ သူက ဝမ့်ကျန့်ဂိုဏ်းသားတွေကို သင်ခန်းစာကောင်းလေးတစ်ခု ပို့ချမယ်လို့ ဆုံးဖြတ်ထားခဲ့ပြီးသား။
ဒီနေ့ ဒီသင်ခန်းစာကို စတင်မိတ်ဆက်ရတယ်ဆိုတဲ့ အကြောင်းအရင်းကတော့... အဟမ်း... သူက နှစ်ရက်လုံးလုံး ရယ်မောခဲ့ပြီး သူ့မျက်နှာက တောင့်တင်းနေလို့လေ။
ဒီနေ့ သူက သူ့သိက္ခာကို ထိန်းနိုင်ပြီး သူ့တပည့်တွေကို ကောင်းကောင်း သင်ကြားပို့ချပေးနိုင်တော့မယ်။
ဒီလိုစဉ်းစားလိုက်ပြီး သူက လည်ချောင်းရှင်းလိုက်တယ်။ ပတ်ဝန်းကျင်းက တိတ်ဆိတ်သွားပြီး ချီမင်ရဲ့ အားကောင်း ထည်ဝါပြီး ဖြောင့်မတ်တဲ့အသံပဲ ကျန်ခဲ့တယ်။
“တလောတုန်းကတော့ မင်းတို့တွေလည်း ကောလာဟလတွေ အများကြီး ကြားခဲ့မှာပဲ၊ အခုဆိုရင် ကျင့်ကြံရေးလောကထဲက လိမ်လည်လှည့်စားပုံတွေက ပိုပိုပြီး ဆန်းသစ်လာပြီ၊ ကျင့်ကြံသူတွေ အများကြီး ကျင့်ကြံရေးမှာ နှံ့စပ်ကြတဲ့ အစွမ်းထက်ပညာရှင်တွေတောင် ဒီလူလိမ်တွေရဲ့ လှည့်စားတာကို ခုခံနိုင်ဖို့ ခက်ခဲတာတွေ့ရတယ်”
“ဒီတော့ ငါတို့တွေ ဒီနေ့ ဒီသင်ခန်းစာ ရလာပြီ”
“ဒါက ဝမ့်ကျန့်ဂိုဏ်းရဲ့ အဖိုးတန်ဆုံးသော ပို့ချချက်တွေထဲက တစ်ခုပဲ၊ ဒါက ဝမ့်ကျန့်ဂိုဏ်းရဲ့ လူသားတွေကို ငဲ့ညာတဲ့ စိတ်ဓာတ်ရဲ့ ပြယုဒ်ဖြစ်ပြီး တခြားဂိုဏ်းတွေနဲ့ ဝမ့်ကျန့်ဂိုဏ်းရဲ့ ခြားနားချက်ပဲ...”
သူက အဖွင့်စကားကို ပြောလိုက်တာနဲ့ ချက်ချင်း စူးလီက ပျင်းလာပြီး သမ်းဝေတော့တယ်။ ကျင့်ကြံရေးလောကထဲက ပို့ချချက်တွေကလဲ ဘယ်လိုဖြစ်ပြီး အဲလောက်တောင် ငြီးငွေ့စရာကောင်းပါလိမ့်။
ဒါက ချီမင်ရဲ့ ပြဿနာ မဟုတ်ရင် ကျင့်ကြံရေးလောကကြီးရဲ့ ပြဿနာတစ်ခုများလား။
ပျင်းလို့ အိပ်မပျော်သွားအောင် လုပ်ဖို့ သူမ သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တော့တယ်။
ဒီအချိန်မှာ ချီမင်ရဲ့ ထည်ဝါတဲ့ ပို့ချချက်အသံက ဆက်ပြောလိုက်တယ်။
“ပထမဦးဆုံးအနေနဲ့ သူစိမ်းတွေအားလုံးကို သတိကြီးကြီးထားရမယ်” ချီမင်က ခဏလောက် ရပ်လိုက်ပြီး သူ့အပြုံးကို ခက်ခက်ခဲခဲ မျိုသိပ်ထားရတယ်။ “ဒီကာလအတွင်းမှာ တချို့... ကျင့်ကြံသူတွေက ဆက်သွယ်ရေး ကျောက်စိမ်းပြားတစ်ခုကို လက်ခံလိုက်တာနဲ့ ကျောက်စိမ်းပြားရဲ့ တခြားဘက်က သူစိမ်းလူကို အလွယ်တကူ ယုံသွားတတ်ကြတယ်”
ပို့ချချက်စင်အောက်မှာ ကျောင်းသားတေက တစ်ခုခုကို စဉ်းစားမိသွားသလို ဥပမာတစ်ခုပြီးတစ်ခု ဆွဲထုတ်လိုက်ကြတယ်။ သူတို့ ကိုင်လိုက်တဲ့ ဆက်သွယ်ရေးကျောက်စိမ်းပြားမှာ ပြဿနာတစ်ခု ရှိခဲ့မယ်ဆိုရင် သူတို့ ကိုင်လိုက်တဲ့ ထူးဆန်းတဲ့ ဆက်သွယ်ရေးသင်္ကေတကရော... ပြဿနာရှိလာမှာလား”
ဟ... သူကတော့ လှည့်ပြီး ဆက်သွယ်ရေးသင်္ကေတကို ပစ်ထုတ်လိုက်မှာပဲ။
သူတို့တွေ ဂိုဏ်းတစ်ခုလုံးရဲ့ ရယ်အိုးကြီး ဖြစ်မလာချင်ပါဘူး။
စင်ပေါ်မှာတော့ ချီမင်ရဲ့အသံက ထွက်လာတယ်။ “နောက်ပြီးတော့ ကျင့်ကြံသူတစ်ယောက်က သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ရမဲ့အပြင် သူ့စိတ်ကိုလဲ လေ့ကျင့်ရမယ်”
“လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးဆိုတာ ယုံကြည်ထားရမယ်၊ မင်းတို့နှလုံးသားထဲမှာ တွယ်ကပ်နေတဲ့ ဖြားယောင်းဆွဲဆောင်မှု အားလုံးကို ခုခံနိုင်ရမယ်၊ မိန်းမလှတစ်ယောက် မင်းတို့ကို ဘာလို့ ချစ်မြတ်နိုးသွားလဲ၊ အကြောင်းမရှိဘဲ မင်းတို့ရှေ့မှာ ငွေတွေက ဘာလို့ ပေါ်လာလဲ”
[ဟား ဟား ဟား ဟား ဝမ့်ကျန့်ဂိုဏ်းက ရင်မခုန်ဘဲ၊ ရှက်မသွားဘဲ ဘယ်လိုများ ဒီစကားကို ပြောခဲ့တာလဲ]
[မှင်တက်အံ့ဩစရာကောင်းတဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ရဲ့ လှည့်စားခံလိုက်ရတဲ့သူက သူပဲ အရင်ဆုံး မဟုတ်ဘူးလား]
[ဟား ဟား ဟား ဟား ဒါတော့ မဟုတ်သေးပါဘူး၊ လှည့်စားခံလိုက်ရတဲ့သူက သူတစ်ယောက်ထဲ မဟုတ်ဘူး၊ ချန်ထျန်ဂိုဏ်းရဲ့ မဟာအကြီးအကဲနဲ့ ချန်ဖူဂိုဏ်းရဲ့ တပည့်လည်း ရှိသေးတယ်]
[ဒါပေမဲ့ တခြားသူတွေကလွဲရင် သူကတော့ သေချာပေါက် မျက်နှာအပြောင်ဆုံးပဲ၊ ချန်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲက ဂူပိတ်လေ့ကျင့်နေတုန်းပဲ ဘယ်သူနဲ့မှတောင် မျက်နှာ မပြရဲသေးဘူး]
...