← Chapters

အခန်း ၇၄

Vol. 5 Ch. 74

အခန်း ၇၄

Vol. 5 Ch. 74

အပိုင်း (၇၄)

ဘာရယ်။

အပြင်လောကက လာတဲ့အသံရဲ့စကားတွေထဲမှာ အချက်အလက်တွေက အရမ်းကို များလွန်နေတယ်။ ချီမင်လို ဝါရင့်ပုဂ္ဂိုလ်တစ်ယောက်ကတောင် ခဏလောက် မှင်တက်အံ့သြသွားပြီးမှ သူမရဲ့ စကားအဓိပ္ပာယ်ကို နားလည်သွားတယ်။

ဒီတော့ မြို့သခင်ရှရဲ့ယောက်ျားက သူ့ကို သစ္စာဖောက်သွားတဲ့အပြင်... သူမကိုလည်း ဆေးခပ်ခဲ့သတဲ့လား။

သူက ရူးနေတာများလား။ အခု သူ့မှာရှိတဲ့အရာအားလုံးက မြို့သခင်ရှဆီက ရလာတာပဲလေ။

နောက်ပြီးတော့ မြို့သခင်ရှက အစွမ်းထက်တဲ့ဝိညာဉ်တစ်ခုပဲ။ သူ မသိလိုက်ပါဘဲ သူ့ကို ဆေးခပ်ဖို့ဆိုတာ အရမ်းကိုခက်ခဲမှာပဲလေ။

ပိုဆိုးတာက မြို့သခင်ရှက သတိရှိတဲ့သူတစ်ယောက်ပဲ။ သူက သူနဲ့အတူတူနှစ်ပေါင်း တစ်ရာလောက် နေလာတဲ့ဝမ်စစ်ချီကို အပြည့်အဝ ယုံမှာ မဟုတ်ဘူးလေ။ သူမက ဘယ်လိုဖြစ်ပြီးတော့များ...

ဒီအချိန်မှာပဲ ချီမင်က အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့ နောက်ဆုံးစကားကို ရုတ်တရက် သတိရသွားတယ်။

ဒီအဆိပ်ကို မြို့သခင်ရှဆီကို သူ့သားဖြစ်သူကတဆင့် ပေးလိုက်တာတဲ့လား။

ဒီလိုဆိုရင်တော့...

ဒီဟာသာ အမှန်ဆိုရင်တော့ မြို့သခင်ရှက မျိုးဆက်သစ်တွေကို အမြဲတမ်း အရေးကြီးတယ်လို့ ယူဆထားတဲ့သူ။ သူနဲ့သွေးချင်းနီးနေတဲ့ ကလေးတွေကိုတော့ အရမ်းကြီး သတိထားလိမ့်မှာ မဟုတ်ဘူးလေ။

ဒီလိုစဉ်းစားမိတော့ သူမျက်လုံးထဲမှာ သနားစဖွယ် အရိပ်အယောင်တစ်ခုနဲ့ စိုးရိမ်မှုတစ်ခုနဲ့အတူ မြို့သခင်ရှကို အမှတ်တမဲ့ ကြည့်မိလိုက်တယ်။

ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျင့်ကြံရေးအဆင့်မြင့်လာလေလေ သားသမီးရနိုင်စွမ်းက ပိုပြီးတော့ခက်ခဲလာလေလေပဲ။ ပိုဆိုးတာက ရှယောင်ယွိက ရှမိသားစုရဲ့ ကျန်နေတဲ့တစ်ဦးတည်းသော မျိုးဆက်ဖြစ်နေတယ်။ ဒီအချိန်မှာ ရှမိသားစုက အမွေဆက်ခံမဲ့ သားသမီးကို အရမ်းလေးထားတာ။

ဒါကြောင့်မို့လို့ ရှယောင်ယွိက သူရဲ့တစ်ဦးတည်းသောကလေး ရှချန်ယွင်ကို တန်ဖိုးထားပြီး သူမဘေးက ရှမိသားစုရဲ့တစ်ဦးတည်းကျန်တဲ့ မျိုးဆက်ကို အရမ်းချစ်တယ်။

တကယ်လို့ ရှချန်ယွင်ကသာ တကယ်ကြီး...

တခြားသူတွေရဲ့တုံ့ပြန်ပုံကလည်း ချီမင်နဲ့အရမ်းဆင်တူတယ်။ အားလုံးက ရှယောင်ယွိကို ချီတုံချတုံ ကြည့်လိုက်ကြပြီး တစ်ခုခုပြောချင်သွားတယ်။

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ရှယောင်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်စစ်ချီနဲ့ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို အမှတ်တမဲ့ ပြန်စဉ်းစားမိသွားတယ်။

ဟိုတုန်းက သူမက ဝမ်စစ်ချီကို အဲလောက်ထိ သဘောကျခဲ့တာ မဟုတ်ဘူး။ သူမက သူ့ကို ရွေးချယ်ခဲ့တယ်ဆိုတာကလည်း သူမအတွက် ထိန်းချုပ်ရ ပိုလွယ်ကူပြီးတော့ သူရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကလည်း သူမကို ကလေးရစေနိုင်တဲ့အတွက်ပဲ။

ယွင်အာကို မွေးပြီးတဲ့အခါမှာ သူမရဲ့သားကို ချန်မထားချင်ပေမဲ့လည်း သူမက ဝမ်စစ်ချီကို မင်ကျန့်မြို့ကနေ ထွက်သွားစေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမက သူမရဲ့တစ်ဦးတည်းသော ကလေးလေးကို သူက လွှမ်းမိုးသွားမှာစိုးလို့လေ။

ဒါပေမဲ့ နောက်ပိုင်းကျတော့ ဝမ်စစ်ချီက သူမကို ဆယ်စုနှစ်အထိ ဂရုစိုက်ပြီး လေးစားလာတဲ့အခါ သူမ ဒဏ်ရာရနေတဲ့အချိန်မှာ အဝတ်အစားတွေကိုတောင် မလဲဘဲ ဆယ်ရက်‌ကျော်လောက် သူမကို စောင့်ရှောက်ပေးတဲ့အခါ နောက်ဆုံးတော့ သူ့ရဲ့တည်ရှိမှုကို လက်ခံခဲ့လိုက်တယ်။

ဒါပေမဲ့ တကယ်တမ်းကျတော့ သူက သူမကို သစ္စာဖောက်ရဲသတဲ့လား။ နောက်ပြီးတော့ သူမကိုတောင် အဆိပ်ခတ်ရဲခဲ့သတဲ့လား။

ရှယောင်ယွိရဲ့မျက်နှာမှာ ညှို့မှိုင်းပြီး မည်းမှောင်သွားတယ်။

သူမက သူမရဲ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်လည်ပတ်ပုံကို ခံစားကြည့်လိုက်တယ်။ သူမရဲ့စိတ်ထဲမှာ အခိုက်အတန့် နည်းနည်းလေး စိတ်သက်သာရာ ရသွားတယ်။ လတ်တလောမှာ သူမရဲ့ ဝိညာဉ်စွမ်းအင်တွေက ပိတ်ဆို့ခံထားရတယ်လို့ တကယ် ခံစားနေရပေမဲ့လည်း ဒါက အရမ်းကို အားနည်းတယ်။ အစောပိုင်းတုန်းက သူမက အရမ်းကို ပင်ပန်းနေတာ ဖြစ်မယ်လို့ ထင်လိုက်ပြီး ဒါကို အလေးအနက် မထားခဲ့ဘူး။

အခုအချိန်မှာ အဆိပ်က အားပျော့နေသေးတယ် ထင်တယ်။ သူမကို များများစားစား ထိခိုက်လောက်သေးမှာ မဟုတ်သေးဘူး။

ရှယောင်ယွိရဲ့မျက်လုံးထဲမှာ ကျောချမ်းဖွယ် အေးစိမ့်စိမ့် အကြည့်တစ်ခု ဖြစ်သွားတယ်။ သူမက အမှန်တကယ်ပဲ ခံစားချက်တချို့ရှိခဲ့ပြီး ဝမ်စစ်ချီကိုလည်း ချစ်မြတ်နိုးခဲ့တယ်။ ဒါပေမဲ့ သူက သူမကို သစ္စာဖောက်ရဲခဲ့တယ်ဆိုရင်တော့ သူမက သူ့ကို တန်ကြေးအားလုံး ပြန်ပေးဆက် ခိုင်းရလိမ့်မယ်။

နောက်ဆုံး ဝမ်စစ်ချီက သူမရဲ့ခင်ပွန်းဆိုတာကလွဲရင် သူမနဲ့ဘာဆက်စပ်မှုမှ မရှိဘူးလေ။

သူမ အတွက် လက်ခံဖို့ အခက်ခဲဆုံးကိစ္စကတော့ သူမရဲ့ ယွင်အာပဲ။

သူမမှာ နှစ်ပေါင်းများစွာ အလုပ်တွေ ကြိုးစားလာရပြီး ရှမိသားစုရဲ့မျိုးဆက်သစ်တွေ ကျင့်ကြံဖို့ ဘာအရင်းအမြစ် တစ်ခုတောင်မှ ချန်မထားဘဲ သုံးခဲ့တယ်။

ရှယောင်ယွိက ဒီကာလကို ပြန်စဉ်းစားလိုက်မိပြီး ရှချန်ယွင်က သူမဆီလာတဲ့ အချိန်တိုင်း နေ့တဝက်လောက် ဆေးဝါး၊ ဆန်ပြုတ်တွေ ချက်ပြုတ်ပေးတာကို စဉ်းစားလိုက်မိတော့ သူမရဲ့မျက်လုံးတွေက ထိန်းမရအောင် ညှို့မှိုင်းသွားတော့တယ်။

သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး စိတ်ထဲမှာ ကိုယ့်ဟာကိုကြိတ်ပြီး နှစ်သိမ့်လိုက်တယ်။ ကောင်းကင်ကလာတဲ့အသံ ပြောတာကတော့ ယွင်အာက သူမဆီကို အဆိပ်ပဲ ယူလာပေးတာ။ဒါပေမဲ့ ယွင်အာက ဒီအကြောင်းသိတယ်လို့ မပြောခဲ့ဘူး။ ဒါမှမဟုတ် မသိတာများ...

သူ သတိမထားမိတဲ့အချိန်မှာ တစ်ယောက်ယောက်က ဆန်ပြုတ်ထဲကို ဆေးခပ်ခဲ့တာလည်း ဖြစ်နိုင်တာပဲ။

သူမရဲ့စိတ်ထဲမှာ ရှချန်ယွင်အတွက် ဆင်ခြေတွေကို ကြိုးစားရှာနေတဲ့အချိန်မှာပဲ ကောင်းကင်ကလာတဲ့အသံက သူမရဲ့ရင်ဘတ်ကို ကြေးခေါင်းလောင်းတစ်ခုလို တီးခတ်လိုက်တော့တယ်။

[ကျွတ်ကျွတ်... ဝမ်စစ်ချီရဲ့သားက လိမ္မာလိုက်တာ၊ ဝမ်စစ်ချီက ရှချန်ယွင်ကို ဆန်ပြုတ်ထဲကို ဒီဆေးတွေ ထည့်ခိုင်းလိုက်တယ်။ ရှချန်ယွင်ကလည်း ဆေးတွေက ဘာတွေဆိုတာကိုတောင် မမေးခဲ့ဘူး။ သူက ဆေးတွေကို ချက်ချင်းထည့်လိုက်တော့တာပဲ]

[အကြောင်းသိသူတွေကတော့ ရှယောင်ယွိက သူ့အမေအရင်းဆိုတာ သိကြတယ်။ အကြောင်းမသိသူတွေကတော့ သူ့ကိုမွေးစားအမေလို့တောင် ထင်နေကြအုံးမယ်]

[ကြည့်လိုက်ပါအုံးမယ်။ အဲဒီကတည်းကဆိုရင် နှစ်ဝက်လောက်တောင် ရှိနေပြီပဲ။ တော်သေးတာပေါ့။ ဝမ်စစ်ချီက ဆေးပမာဏ အများကြီးကို မသုံးရဲခဲ့လို့ပဲ။ ဒါကြောင့်လည်း ဆေးက ရှယောင်ယွိကို အများကြီး သက်ရောက်မှုမရှိခဲ့သေးတာ]

[ဒါပေမဲ့ သူမသာ သားဖြစ်သူချက်ထားပေးတဲ့ဆန်ပြုတ်ကို နောက်ထပ်နှစ်အနည်းငယ်လောက်သာ ဆက်ပြီး စားသောက်လာခဲ့မယ်ဆိုရင်တော့... ငါ့အထင်တော့ ရှယောင်ယွိက ဆယ်နှစ်ကျော်တောင် အသက်ရှင်မှာ မဟုတ်တော့ဘူး…]

[ကလေးတွေကို ပြုစုပျိုးထောင်တယ်ဆိုတာ ကိုယ်ရဲ့အသက်အရွယ် ကြီးရင့်တဲ့အချိန်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ နည်းလမ်းတစ်ခုလို့ ဘယ်သူက ပြောလဲ။ ဒီလိုကလေးမျိုးကို ပြုစုပျိုးထောင်တာက သူတို့ကို အသက်ကြီးခွင့်တောင် ပေးမှာ မဟုတ်ဘူး~~]

မြို့သခင်ရှရဲ့သားက တကယ်ပဲ ဒီလိုလုပ်ခဲ့တာတဲ့။

ချီမင်နဲ့ ဝိန်းကျစ်တို့ နှစ်ယောက်စလုံးက မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်တဲ့အရိပ်အယောင်တစ်ခုနဲ့ ရှယောင်ယွိကို ကြည့်လိုက်ကြတယ်။

ရှယောင်ယွိရဲ့မျက်နှာက အင်မတန်မှကို ရှုံ့မဲ့သွားပြီး သူမရဲ့လက်ထဲက လက်ဖက်ရည်ခွက်ကလည်း ရုတ်ခြည်းဆိုသလို ပြာမှုန်အဖြစ် ပြောင်းလဲသွားတော့တယ်။

စူးလီက တိမ်လွှာကြေးမှုံထဲက မြင်ကွင်းကိုတောင် လှည့်မကြည်နိုင်ဘူး။ သူမက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို အာရုံစိုက်ထားပြီး သက်ပြင်းချကာ ပြောလိုက်တော့တယ်။

[ဝိုး.. ဒီဝမ်စစ်ချီက တကယ်ကို စိတ်လှုပ်ရှားနေရတာ ကြိုက်တာပဲ။ အခု သူက ရှယောင်ယွိရဲ့ အိပ်ရာပေါ်မှာ သူရဲ့အချစ်လေးနဲ့ အတူတူချစ်နေကြတာဟ ]

[သူရဲ့အချစ်ကလေးက ရှယောင်ယွိရဲ့ မြို့သခင်ဝတ်စုံကိုတောင်မှ ဝတ်ထားသေးသတဲ့။ စိတ်လှုပ်ရှားမှုကို ရွေးချယ်ထားပြီးပြီးဆိုတော့ အဆုံးထိဆက်လျှောက်ရမှာပေါ့။ ဟားဟား ဟား__ ___]

[ကျွတ်ကျွတ် ရှယောင်ယွိသာအခုနေ အပြေးပြန်သွားခဲ့မယ်ဆိုရင် သူကတော့ ဒီမြင်ကွင်းကို မြင်နိုင်မှာပဲ]

ရှယောင်ယွိရဲ့မျက်နှာက အရင်ကထက်ကို ပိုပြီးညို့‌မှိုင်းသွားတော့တယ်။ သူမကထရပ်လိုက်ပြီး အလောတကြီး ချီမင်ကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။

“ဂိုဏ်းချုပ်ကြီး.. မြို့သခင်အိမ်တော်မှာ ဖြေရှင်းစရာ အရေးကြီးကိစ္စလေး ရှိနေသေးတဲ့အတွက် အခုတော့ ဂိုဏ်ချုပ်ကြီးကို အနှောင့်အယှက် မပေးတော့ပါဘူး”

ချီမင်က သူမရဲ့မျက်နှာကို ကြည့်လိုက်ပြီး ခဏလောက် စဉ်းစဉ်းစားစားလေး ဖြစ်သွားပြီးမှ စိုးရိမ်တဲ့အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။

“ မြို့သခင်ရှက အခု စိတ်အခြေအနေ သိပ်မကောင်းဘူးထင်တယ်။ မင်ကျန့်မြို့ကို ပြန်မဲ့ခရီးကလည်း ရှည်လျားတယ်။ အဲဒီက လူတွေကလည်း ရက်စက်ကြတယ်။ ကျုပ်က မြို့သခင်ရှကို လိုက်ပို့ပေးမယ်ဆိုရင်ကော...”

သူက ရှယောင်ယွိကို တကယ်ပဲစိုးရိမ်မိတာပါ။ ပွဲကြည့်ပရိသတ်လုပ်ပြီး ပွဲကြည့်တာကတော့- အဟမ်း- သူက အဲဒီကို သွားလိုက်ပြီဆိုမှတော့ တစ်ချက်လေး ဝင်ကြည့်ရမှာပေါ့။

သူ့ဘေးက ဝိန်းကျစ်ကလည်း မြန်မြန်ဆန်ဆန် ထရပ်လိုက်တယ်။ သူ့မျက်လုံးတွေက စိုးရိမ်စိတ်တွေဖြစ်နေပေမဲ့ အတင်းအဖျင်းကို စိတ်ဝင်စားတဲ့ အရိပ်အယောင် တစ်ခုပါနေပြီး စိတ်အတွင်းထဲမှာတော့ ခိုးပြီး စိတ်လှုပ်ရှားနေမိတယ်။

“ ကျုပ်ကလည်း မြို့သခင်ရှနဲ့ အဖော်လိုက်ခဲ့ပေးပါမယ်”

သူတို့အသံကို ကြားလိုက်ပြီးတဲ့အခါ ရှယောင်ယွိက သူမရဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပိတ်ထားလိုက်တယ်။ သူတို့အားလုံးက အပြင်လောကအသံကို ကြားခဲ့ပြီးပြီ။ ဖြစ်ခဲ့တဲ့အကြောင်းအရာကိုလည်း သိခဲ့ကြတယ်။ သူတို့တွေက မင်ကျန့်မြို့ကို သွားသွား၊ မသွားသွား မိသားစုရဲ့အရှုပ်တော်ပုံကိုတော့ သူတို့အားလုံးက သိနဲ့နေပြီးကြပြီ...

ဒီလိုစဉ်းစားလိုက်ပြီး သူမက မျက်နှာပေါ်မှာ လုံးဝကို အင်တင်တင်ဖြစ်နေတဲ့ အပြုံးတစ်ခု ပြုံးထားလိုက်တယ်။

“ ဒါဆိုရင်တော့ ကျွန်မက ဂိုဏ်းချုပ်ကြီးနဲ့ မြို့သခင်ဝိန်းတို့ကို့ ဒုက္ခပေးရအုံးမယ်”

ချီမင်နဲ့ဝိန်းကျစ်တို့က စဉ်းစားမနေဘဲ တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြတယ်။

“ ဒုက္ခမဖြစ်ပါဘူး ဒုက္ခမဖြစ်ပါဘူး”

အပြင်လောကကလာတဲ့အသံကလည်း ပွဲကြည့်ဖို့ မင်ကျန့်မြို့ကို သေချာပေါက်သွားမယ်လို့ ခန့်မှန်းမိတယ်လေ။ တကယ်လို့ သူတို့တွေက ဝမ့်ကျန့်ဂိုဏ်းထဲမှာပဲ နေမယ်ဆိုရင် သူတို့ရဲ့ခေါင်းတွေကို ကုတ်ပြီး ရက်အနည်းငယ်ကြာတဲ့ထိ သတင်းရောက်လာတာကိုပဲ စောင့်နေရလိမ့်မယ်။

အဟမ်း- ဒီလိုကိစ္စမျိုးအတွက်ဆိုရင်တော့.. ဒါပေါ့.. သူတို့တွေက အဲဒီနေရာကိုသွားရလိမ့်မယ်။ သူတို့ပြောချင်တဲ့သဘောကတော့ ဝမ်စစ်ချီမှာ လျှို့ဝှက်လက်နက်တွေ ရှိနေမယ်ဆိုရင် သူတို့တွေက မြို့သခင်ရှကို ကူညီပြီးကာကွယ်ပေးနိုင်လိမ့်မယ်။

ဝိန်းကျစ်ရဲ့အဆင့်ခုနှစ်ဝိညာဉ်လှေရဲ့အကူအညီနဲ့ သူတို့သုံးယောက်က အချိန်တိုအတွင်းမှာပဲ မင်ကျန့်မြို့ကို ရောက်လာခဲ့တယ်။ မြို့သခင်အိမ်တော်တံခါးဝမှာ စောင့်ကြပ်နေကြတဲ့ စစ်သည်က ရှယောင်ယွိနဲ့ တခြားသူတွေကို မြင်လိုက်တဲ့အချိန်မှာ အခိုက်အတန့် မှင်တက်အံ့ဩကြပြီး မြန်မြန်ဆန်ဆန် ဦးညွှတ်နှုတ်ဆက်လိုက်ကြတယ်။

“ မြို့သခင်”

ရှယောင်ယွိရဲ့မျက်နှာက အေးစက်လို့နေတယ်။ သူမက လက်ကို အသာအယာ ပင့်ပြလိုက်ပြီး စိတ်မကြည်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

“ ငါပြန်လာတာကို ဘယ်သူမှ မသိစေနဲ့”

သူမက စကားဆုံးပြီးသွားတဲ့အခါ လျှပ်တပြက်အတွင်း မြို့သခင်အိပ်ခန်းဆီကို ပြန်ထွက်သွားတော့တယ်။ ချီမင်နှင့်ဝိန်းကျစ်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး နောက်က အလျင်အမြန် လိုက်သွားတော့တယ်။

ရှချန်ယွင်က ရှယောင်ယွိ အပြင်သွားနေတုန်း သူကလည်း အပြင်ထွက် ကစားနေတာပေါ့။ ဒါပေမဲ့ သူ မော့ကြည့်လိုက်တဲ့အချိန်မှာတော့ ရင်းနှီးတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။

“ အမေ”

သူက ရှယောင်ယွိ သွားလိုက်တဲ့ ဦးတည်ရာဘက်ကို ကြည့်လိုက်ပြီး ရုတ်တရက်တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သူမျက်လုံးထဲမှာ ကြောက်လန့်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

သူက ဝိညာဉ်စွမ်းအင်ကို မြန်မြန်ဆန်ဆန် အသုံးချလိုက်ပြီး ရှယောင်ယွိဆီကို ပျံသွားလိုက်တယ်။ သူက အရမ်းကို စိုးရိမ်မိတာမလို့ ရှယောင်ယွိနောက်မှာ လူနှစ်ယောက်ရှိနေတာကိုတောင် သတိမထားမိလိုက်ဘူး။

သူက စိုးရိမ်တကြီးနဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး

“ အမေက ဘာဖြစ်လို့ အခုပြန်လာတာလဲ”

ရှယောင်ယွိက ရပ်လိုက်ပြီး ရှချန်းယွင်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေထဲက ကြောက်စိတ်တွေကို မြင်လာရပြီးနောက်မှာ သူမရဲ့ရင်က တဖြည်းဖြည်း ညှိုးငယ်လာခဲ့တယ်။ သူမက တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။

“ ငါက မပြန်လာသင့်ဘူးလား”

ဆေးခပ်တဲ့ကိစ္စက မှန်တာဖြစ်ဖြစ် မှားတာဖြစ်ဖြစ် ဝမ်စစ်ချီနဲ့ သူရဲ့ချစ်သူအကြောင်းကို‌တော့ ရှချန်ယွင်က သေချာပေါက်သိလိမ့်မယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ သူမကို ဒီလို တွေ့လိုက်ရပြီးတဲ့နောက်မှာ သူမကို ဒီလိုပြုမူနေစရာ မလိုဘူးလေ။

ဒီလိုစဉ်းစားလိုက်မိတော့ သူမက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူမရဲ့ရင်ထဲကဒေါသတွေကို ခက်ခက်ခဲခဲ မျိုသိပ်ထားရတယ်။ ရှချန်ယွင်သာ သူမရဲ့သားမဟုတ်ဘူးဆိုရင် အခုချိန်လောက်ဆိုရင် ခြေလက်အင်္ဂါ ကျိုးပဲ့အောင်လုပ်ပြီးသွားပြီ။

“ အမေရယ် အမေက ရယ်စရာပြောနေပြန်ပါပြီ”

ရှချန်ယွင်က သူမရဲ့လေသံကို ကြားလိုက်ရပြီးနောက်မှာ ပိုပြီး‌ပျာယာခတ်သွားတယ်။ သူက ခြောက်ကပ်ကပ် နှစ်ကြိမ်လောက် ရယ်မောလိုက်ပြီး

“ ကျွန်တော်က အမေ ချက်ချင်းပြန်လာမယ်လို့ ထင်မထားလို့ပါ”

“ အမေရဲ့ဉာဏ်ပညာနဲ့ သတ္တိတွေကြောင့် လူလိမ်ကို နာရီပိုင်းအတွင်း ဖမ်းမိသွားတာ ဖြစ်ရမယ်”

အချိန်ဆွဲထားရင်းက သူက လက်ထဲက ဆက်သွယ်ရေးပစ္စည်းကို သတိမထားမိအောင် ရှာဖွေပြီးတော့ သူ့အဖေကို တိတ်တိတ်ကလေး အကြာင်းကြားဖို့ မျှော်လင့်မိတယ်။ ဒါမှ သူ့အဖေက စောစောစီးစီး ပြင်ဆင်ထားနိုင်မှာ။

ကံဆိုးချင်တော့ သူရဲ့လှုပ်ရှားမှုတွေက လူအများကြီး‌ ရှေ့မှာ အရမ်းကို သိသာနေတာကို သူက မသိလိုက်ဘူး။

ရှယောင်ယွိက ရုတ်တရက် သူမရဲ့မျက်လုံးတွေကို မှိတ်လိုက်ပြီး မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူမရဲ့မျက်လုံးထဲမှာ ပြတ်သားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

သူမက လက်ကို ဝှေ့ရမ်းလိုက်တဲ့အခါ ဓါးစွမ်းအင် စီးကြောင်းတစ်ခုက ရှချန်ယွင်ရဲ့လက်ထဲက ဆက်သွယ်ရေးပစ္စည်းကို လွှင့်ထွက်သွားအောင် လုပ်လိုက်တယ်။

ရှချန်ယွင်က အရိုက်ခံလိုက်ရတဲ့ သူ့လက်ကို အုပ်ထားလိုက်ပြီး ကြောက်လန့်တကြား ခေါင်းမော့ကြည့်လိုက်တယ်။

“ အမေ ကျွန်တော်က ဒီအတိုင်း...”

“တော်တော့”

ရှယောင်ယွိရဲ့အသံက ခါတိုင်းထက်ကို ပိုပြီးအေးစက်နေတယ်။ သူမက လက်ကို ဝှေ့ရမ်းလိုက်တဲ့အခါ လျှို့ဝှက်အစောင့်တွေက တိတ်တိတ်ကလေး ပေါ်လာပြီး ရှချန်ယွင်ကို ချည်နှောင်ထားလိုက်တယ်။

ရှချန်ယွင်က ငယ်ငယ်ကလေးကတည်းက အလိုလိုက်ခံလာခဲ့ရတာ။ အရင်က ဒီလိုဆက်ဆံမခံခဲရဘူး။ သူက သူ့ကို တိုက်ခိုက်လာတဲ့ လျှိုဝှက်အစောင့်တွေကို ရက်ရက်စက်စက် လှမ်းကြည့်လိုက်တယ်။

“ မင်းတို့တွေ ရူးနေကြလား။ ငါက မြို့သခင်လေးပဲ”

“အတင့်ရဲလို့ ငါ့ကို ဒီလိုလုပ်ရဲရသလား။ ငါ မင်းတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”

အဲဒီနောက်မှာတော့ ဒါက ရှယောင်ယွိရဲ့ အမိန့်မှန်း သိလိုက်ရပြီး သူက မြန်မြန်ခေါင်းကို ပြန်လှည့်လာကာ သနားစဖွယ်‌ ပြောလိုက်တယ်။

“ အမေ- အမေဘာလုပ်နေတာလဲ”

“ အမေ ကျွန်တော့်ကို ဒီလိုဆက်ဆံနေတာ အဖေသိရင် သူက ‌သေချာပေါက်...”

“ ဘာဖြစ်မှာလဲ”

ရှယောင်ယွိက သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ လှမ်းကြည့်လိုက်တယ်။

“ သူက ငါ့ကို ဆေးထပ်ခပ်ဖို့ နင့်ကို ထပ်လာပို့ခိုင်းမှာပေါ့ ဟုတ်လား”

ရှချန်ယွင်က နေရာမှာ မှင်တက်အံ့ဩသွားတယ်။ လျှို့ဝှက်ရဲမက်တွေက သူ့ကို ချည်နှောင်ပြီးသွားတဲ့အခါမှ နောက်ဆုံးတော့ သတိပြန်ဝင်လာတယ်။ သူက ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေရင်း နောက်ဆုံးမှာ ခြောက်ကပ်ကပ်‌ လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

“ အမေ... အမေဘာပြောနေတာလဲ။ ဆေးခပ်တယ်ဆိုတာ ဘာလဲ။ ကျွန်တော် ဘာလို့တစ်ခုမှ နားမလည်တာလဲ”

သူက သူ့အမေဆီကို နှစ်ဝက်လောက်အထိ သွားလိုက်ပြန်လိုက်နဲ့ ဆေးတွေ ပို့ပေးလာခဲ့တာပဲ။ အရင်က တစ်ခါမှ သံသယမဖြစ်ခဲ့ဖူးဘူးပဲ။ ဒါနဲ့များဘာကြောင့်....

ဧကန္တ.. သူ မသိလိုက်တဲ့တစ်ခုခုများ ဖြစ်သွားလို့လား။

ရှယောင်ယွိက လက်တစ်ချက်ဝှေ့ရမ်းလိုက်ပြီး သူ့ကို ပါးစပ်ပိတ်သွားအောင် လုပ်လိုက်တယ်။ သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး လှည့်ထွက်သွားကာ ချီမင်နဲ့ ဝိန်းကျစ်တို့ကို ခေါင်းညိတ်ပြီး တောင်းပန်လိုက်တယ်။

“ ဒီလိုရှက်ရွံစရာကိစ္စကို ပြသမိတဲ့အတွက် ကျွန်မက တောင်းပန်ပါတယ်၊ ဂိုဏ်းချုပ်ကြီးနဲ့ မြို့သခင်ဝိန်း”

ချီမင်က မြန်မြန်လက်ကာ ပြလိုက်တယ်။

“မြို့သခင်ရှရယ် ဘာတွေပြောနေတာလဲ မြို့သခင်ရှက မင်ကျန့်မြို့အရေးကိစ္စတွေနဲ့ အရမ်းကို အလုပ်များနေတာပဲ။ တခါတလေကျရင် ကိုယ်ရဲ့ပတ်ဝန်းကျင်က လူဆိုးတချို့ရဲ့လုပ်ရပ်တွေကို သတိထားမိနိုင်မှာ မဟုတ်ဘူးလေ”

ဒီအချိန်မှာ သူက ချောင်းဟန့်ပြီး ဆက်ပြောလိုက်တယ်။

“မြို့သခင်ရှရယ် ကျုပ်တို့ ဘာတွေစဉ်းစားနေတယ်ဆိုတာကို စိတ်ပူစရာမလိုပါဘူး။ ခင်ဗျားရဲ့အရေးကြီးတဲ့ကိစ္စကိုသာ ဆက်ပြီးလုပ်လိုက်ပါ”

..

All Chapters