အခန်း ၇၅
Vol. 5 Ch. 75
အပိုင်း (၇၅)
ရှချန်ယွင်နဲ့ အချိန်အများကြီး ဖြုန်းပြီးသွားပြီ။ တကယ်လို့ ဒီမှာဆက်ရှိနေမယ်ဆိုရင် ဘာမှတွေ့နိုင်လိမ့်မှာ မဟုတ်ဘူး။
သူခိုးဖမ်းဖို့ဆိုရင် သူ့ကို အခင်းဖြစ်တဲ့နေရာမှာပဲ သေချာပေါက်ဖမ်းရမယ်။
ဒီစကားကို ကြားလိုက်တဲ့အခါ ရှယောင်ယွိက စူးရှတဲ့မျက်လုံးတွေနဲ့ မြို့သခင်ခန်းဆောင်ဘက်ကို ကြည့်လိုက်တယ်။
သူမက လက်ကိုဝှေ့ရမ်းလိုက်ပြီး လျှို့ဝှက်အစောင့်တွေက ရှချန်ယွင်ကို ချည်နှောင်လိုက်ပြီးတဲ့နောက်မှာ မြို့သခင်ခန်းဆောင်ရှိရာဘက်ကို လိုက်လာခဲ့တယ်။
မြို့သခင်အိပ်ခန်းဆီကို ပိုပြီးနီးလာတဲ့အခါ ရှချန်ယွင်ရဲ့မျက်နှာက ဖြူဆုတ်သွားခဲ့တယ်။
ဧကန္တ အမေက အဖေနဲ့ အဒေါ်ချောင်တို့ကြားက ကိစ္စကို ရှာတွေ့သွားလို့များ ဒီလိုမျိုး ပြောင်းလဲသွားတာလား။
ဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါ သူ့မှာ မနေနိုင်တော့ဘဲ ရှယောင်ယွိကို အပြစ်တင်တဲ့ အရိပ်အရောင်တွေ ဖြစ်သွားတော့တယ်။ သူ့အဖေက ရွှေသက်စောင့်အဆင့် ကျင်ကြံသူ ယောက်ျားတစ်ယောက်ပဲ။ သူ့မှာ မယားငယ်ရှိတာက ပုံမှန်ပဲလေ။
အမေက အဲလောက်အထိ အစွမ်းရှိမနေဘူးဆိုရင် ငါ့အဖေက ဘာဖြစ်လို့ သူ မရှိတဲ့အချိန်မှာမှ အဒေါ်ချောင်နဲ့ ခိုးပြီးတွေ့စရာလိုလဲ။
ရှယောင်ယွိ တစ်ယောက်ကတော့ သူမရဲ့သားလိမ္မာလေး ဘာစဉ်းစားနေတယ်ဆိုတာ မသိရှာဘူး။ သူမက အိပ်ခန်းတံခါးရှေ့မှာရပ်ပြီး အထဲက ထွက်လာတဲ့ရွံစရာကောင်းတဲ့ ဆူညံတွေကို နားထောင်နေမိတယ်။ သူမက ရုတ်တရက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမရဲ့မျက်နှာကလည်း ဖြူဆုတ်သွားခဲ့တယ်။
“ ချီလန် ကျွန်မက ပိုချောလား မြို့သခင်က ပိုချောလား”
“ ဒါပေါ့ ကိုယ့်အချစ်လေးက ပိုချောတယ်။ ရှယောင်ယွိရဲ့ အေးစက်စက် မျက်နှာထားက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါ့မလဲ”
“ မင်းက ကိုယ့်အတွက် အရေးအကြီးဆုံး အမျိုးသမီးပဲ”
ဝမ်စစ်ချီက စွဲလန်းမှုအပြည့်ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ အဝတ်အစားကို တဝက်ပဲဝတ်ထားပြီး နှစ်လိုဖွယ်မျက်လုံးတွေ ပိုင်ဆိုင်ထားတဲ့ ချောင်ကျောင်းကို ကြည့်လိုက်တယ်။
“ ရှယောင်ယွိ သေသွားရင် ငါက မြို့အရှင်ရာထူးကို လက်လွှဲယူပြီး မင်းကတော့ မြို့အရှင်ရဲ့ တစ်ဦးတည်းသောဇနီး ဖြစ်လာမှာလေ”
“ ချီလန်က မြို့သခင်ရှနဲ့ အတူတူ အချိန်အကြာကြီး နေလာခဲ့တာပဲ.. ရှင်က တကယ်ပဲ လက်လွှတ်နိုင်လို့လား”
ချောင်ကျောင်းရဲ့အသံက ချိတ်လေးတစ်ခုလို စွဲလန်းဖွယ်ကောင်းနေပြီး ဝမ်စစ်ချီရဲ့နှလုံးသားကို ထပ်ခါထပ်ခါ ဆွဲချိတ်ထားတော့တယ်။
“ ကိုယ့်ရဲ့ကျောင်းအာရေ.. ကိုယ်က ရှယောင်ယွိကို နှစ်တဝက်လောက်အထိ ဟွမ်ရှင်းဆေးမှုန့် ပေးထားပြီပြီးလေ။ မင်းက ကိုယ်ရဲ့စိတ်ရင်းကို ဘယ်လိုဖြစ်ပြီး သံသယဝင်ရတာလဲလို့...”
သူ့စကားမဆုံးခင်မှာပဲ အားကောင်းတဲ့ဝိညာဉ်စွမ်းအင်တစ်ခုက လွင့်ထွက်လာပြီး အိပ်ခန်းတံခါးက အရှိန်နဲ့ပွင့်ထွက်သွားတယ်။ ရုတ်ခြည်းဆိုသလိုပဲ အိပ်ယာပေါ်က ဂွမ်းစောင်က ပြာအဖြစ် ပြောင်းလဲသွားပြီး ကုတင်အလယ်မှာ ဝတ်စလစ်နဲ့ပုံရိပ်နှစ်ခုသာ ကျန်ရစ်ခဲ့တယ်။
သူတို့အယောက်တိုင်းစီမှာ ဝိညာဉ်စွမ်းအင်ကြောင့် ပွန်းပဲ့ အစင်းရာတွေ ဖြစ်သွားတယ်။
ချီမင်နဲ့ဝိန်းကျစ်တို့က ဒီမြင်ကွင်းကို ကြည့်လိုက်ပြီး ရွံရှာပြီးအထင်သေးတဲ့ဟန်နဲ့ မျက်လုံးတွေကို အကြည့် လွှဲထားလိုက်တယ်။ ဒါက တကယ်ကို မျက်စိစပါးမွှေးစူးစရာပဲ။
ဒီဝမ်စစ်ချီကတော့လေ။ သူကို့ ဒီကျင့်ကြံရေးအဆင့်နဲ့ ဒီရာထူးရရှိစေတာ မြို့သခင်ရှရဲ့ ထောက်ပံ့မှုဆိုတာ သိနေရက်သားနဲ့။ သူက ကျေးဇူးမတင်ဘူးဆိုရင်လည်း ထားပါတော့။ ဒါပေမဲ့ မြို့သခင်ရှကို တိတ်တိတ်လေး လုပ်ကြံရဲရတယ်လို့။
ဒီလို လူဆိုးမျိုးကို ဆက်ပြီး နေခွင့် လုံးဝ မပေးသင့်ဘူး။
ရှယောင်ယွိက ရှေ့မှာရပ်နေလိုက်တယ်။ ဒီအချိန်မှာတော့ သူမရဲ့မျက်လုံးထဲမှာ လွှမ်းမိုးနေတဲ့ဒေါသက လုံးဝရှိမနေတော့ဘူး။
ဒီအခိုက်မှာတော့ သူမအတွက်တော့ ဝမ်စစ်ချီနဲ့ချောင်ကျောင်းတို့က သေနှင့်ပြီးသား လူနှစ်ယောက်လေ။
ဝမ်စစ်ချီက တံခါးရှေ့ကလူကို မြင်လိုက်ရတဲ့အခါ အမှတ်တမဲ့ ချောင်ကျောင်းရှေ့ကို ထွက်ရပ်လိုက်ပြီး သူ့အဝတ်အစားတွေကို ကပြာကယာ ယူဝတ်လိုက်တယ်။
ရှယောင်ယွိရဲ့မျက်နှာပေါ်က အေးစက်စက် အမူအရာကို ကြည့်ပြီး သူ့မျက်လုံးတွေထဲမှာ အံဩမှုနဲ့ ကြံရာမရ ဖြစ်သွားတော့တယ်။
ရှယောင်ယွိက ဝမ့်ကျန်ဂိုဏ်းကိုသွားပြီး လူလိမ် သွားဖမ်းတာ မဟုတ်လား။ သူက ဘာဖြစ်လို့ မြို့သခင်အိမ်တော်ကို ချက်ချင်း ပြန်ရောက်လာတာလဲ။
သူ အခုလေးတင် ပြောလိုက်တဲ့စကားကို စဉ်းစားလိုက်မိပြီး ဝမ်စစ်ချီရဲ့မျက်နှာက ရုတ်ခြည်းဆိုသလို ဖြူဆုတ်သွားပြီး သူ့သွားတွေကလည်း တဆတ်ဆတ်ရိုက် နေတော့တယ်။
တကယ်လို့ ဒါက သူ့ရဲ့အချစ်ကလေးနဲ့ ခိုးပြီးတွေ့တာပဲဆိုရင်တော့ ရှယောင်ယွိက အလွန်ဆုံးသူကို သင်ခန်းစာပေးပြီး မင့်ကျန့်မြို့ကနေ ထွက်သွားခိုင်းရုံပဲ။ ဒါပေမဲ့ သူက သူမကို အဆိပ်ခပ်ခဲ့တဲ့အကြောင်းသာ သိသွားမယ်ဆိုရင်တော့ သူတော့ ဇာတ်သိမ်းသွားလိမ့်မယ်။
ရှယောင်ယွိက သူ့ကို ဘယ်တော့မှခွင့်လွှတ်မှာ မဟုတ်ဘူး။
တကယ်လို့များ... ရှယောင်ယွိက သူ အခုလေးတင် ပြောလိုက်တဲ့စကားကို မကြားလိုက်ဘူးဆိုရင်ကော...
ဝမ်စစ်ချီက သူ့ရဲ့စိတ်ထဲမှာ မျှော်လင့်ချက်လေးတစ်ခုကို စွဲကိုင်ထားပြီး သူ့အသံက တုန်ရင်လို့နေတယ်။
“ မြို့သခင် ကျေးဇူးပြုပြီး ကျုပ် ရှင်းပြတာကိုနားထောင်ပေးပါအုံး...”
[ ဘာတွေ လွတ်သွားပါလိမ့်]
[ အိပ်ရာထဲမှာ ဖောက်ပြန်သူတစ်ယောက်ကို ဖမ်းရမဲ့အဆင့် ရောက်လာပြီပဲ။ စိတ်လှုပ်ရှားစရာကောင်းလိုက်တာ]
စူးလီက ရှန်ချန်းဟန်လုပ်ပေးထားတဲ့ အသားကင်လေးကို အခုမှစားပြီးခါစ ရှိသေးတယ်။ သူမက အိမ်ထဲကို ပြန်ရောက်လာတာနဲ့ချက်ချင်း ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့မြင်ကွင်းကို မြင်လိုက်ရပြီး ဝမ်းသာအားရ ဖြစ်သွားတော့တယ်။
သူမက ကောင်းကင်စာအုပ်ကို လှန်လှောလိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။
[ နင်က ဘာကိုရှင်းပြချင်တာလဲ]
[ ရှယောင်ယွိနဲ့မတွေ့ခင်ကတည်းက နင်က ချောင်ကျောင်းနဲ့ အချစ်ရေးကိစ္စတွေ ရှိပြီးသားလို့ ရှင်းပြမလို့လား။ ရှယောင်ယွိကို နှစ်နှစ်ရာလုံးလုံး ဦးထုတ်စိမ်းဆောင်းခိုင်းထားတာကိုပြောပြမလို့လား]
[ ဒါမှမဟုတ် ရှယောင်ယွိကို ဆေးခပ်ထားတာက အဆိပ် မဟုတ်ပါဘူးလို့ ရှင်းပြမလို့လား]
ကောင်းကင်ကလာတဲ့စကားကို ကြားလိုက်ရတာအခါ ဝမ်စစ်ချီရဲ့မျက်နှာပေါ်မှာ အရောင်တွေအားလုံး ပျောက်ဆုံးသွားတော့တယ်။
သူစိတ်ထဲမှာ စာလုံးနှစ်လုံးပဲ ကျန်တော့တယ်။
သွားပြီ။
အပြင်လောကကလာတဲ့အသံ ရောက်လာပြီ။ ဒီလိုဆိုရင်တော့ သူ လုပ်ခဲ့တာတွေကို ဖုံးကွယ်လို့ မရတော့ဘူး။
သူ့နောက်မှာတော့ ချောင်ကျောင်းရဲ့မျက်နှာက သူ့ထက်ကို ဖြူဆုတ်နေပြီး သူမရဲ့ခန္ဓာကိုယ်ကို ဝတ်ရုံတစ်ခုနဲ့ ဖုံးအုပ်ထားကာ တဆတ်ဆတ် တုန်ယင်နေလိုက်တာ နောက်တစ်စက္ကန့်နေရင် မေ့လဲသွားတော့မတတ်ပဲ။
သူမက သာမန်ရွှေသက်စောင့်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ အဲဒီရွှေသက်စောင့်ဆိုတာကလည်း ဝမ်စစ်ချီအတင်းတိုက်လို့ ရလာတာ။ သူမမှာ မိသားစုနောက်ခံဆိုတာ မရှိဘူး။ သူမလို လူတစ်ယောက်အတွက် ရှယောင်ယွိက သူမကို ပါးတစ်ချက်သာရိုက်လိုက်ရင် ဘယ်တော့မှ ပြန်လှည့်လာနိုင်မှာ မဟုတ်ဘူး။
သူမက ရှယောင်ယွိကို ဆွပေးချင်တယ်ဆိုရင်တောင် ဝမ်စစ်ချီရဲ့ရှေ့မှာပဲ လုပ်ရဲတာ။ သူမက ရှယောင်ယွိကို တကယ်မြင်တဲ့အချိန်မှာတော့ စကားတစ်လုံးမှ မထွက်လာရဲတော့ဘူး။
ရှယောင်ယွိသာ ဒီအချိန်မှာ ပြန်လာမယ်မှန်းသိခဲ့ရင် သူမက မြို့သခင်ရဲ့အိမ်တော်ထဲမှာ ဝမ်စစ်ချီနဲ့ဒီလို မဖွယ်မရာတွေ ဘယ်တော့မှ လုပ်ရဲမှာမဟုတ်ဘူး...
ချောင်ကျောင်းရဲ့ရင်ဘတ်က ဆက်တိုက်ကို တုန်လှုပ်နေပြီး သူမမှာ အလွန်မှကြောက်ရွံ့မိတဲ့အတွက် အသံတစ်ချက်တောင် မထွက်နိုင်တော့ဘူး။
သူတို့နှစ်ယောက်က ဘယ်လိုပဲ ကြောက်စိတ်မွှန်နေပါစေ ကောင်းကင်ကလာတဲ့အသံကတော့ ဆက်ပြောနေတုန်းပဲ။
[အဲလိုပြောလို့ဖြင့် နင်က ရှယောင်ယွိကို အဆိပ်ခပ်တုန်းကတော့ တော်တော်လေးကို ဘဝင်ခိုက်နေတာ မဟုတ်ဘူးလား]
[ မြို့သခင်ရာထူးက မကြာခင်မှာ နင့်ရဲ့ဟာဖြစ်လာတော့မယ်လို့ ခဏခဏ ပြောနေတာလေ။ နင်က မင်ကျန့်မြို့မှာ ရှယောင်ယွိရဲ့ ခြေရာလက်ရာတွေ အားလုံးကို လုံးဝ ဖျောက်ဖျက်ပစ်မယ်လို့ ပြောသေးတယ်လေ။ ဒါမှ နင်က မင်ကျန်မြို့က နင့်ကိုပဲ မြို့သခင်အဖြစ်မှတ်မိနေမှာတဲ့]
[ ကျွတ်ကျွတ်... ဝမ်စစ်ချီရဲ့ဦးနှောက်က တစ်ခုခုတော့လွဲနေပြီ။ အခုလေးတင်မှ ရွှေအမြုတေအဆင့် ရောက်စလေးပဲ ရှိသေးတဲ့ သူရဲ့ကျင့်ကြံခြင်းအဆင့်နဲ့များ သူကများ မြို့သခင်ရာထူးကို လိုချင်သေးသတဲ့လား]
[ရှယောင်ယွိသာ သေသွားရင် သူကတော့ကျန်တဲ့ တစ်ဘဝလုံးမှာ သနားစရာ မုဆိုးဖိုလေး ဖြစ်လာလိမ့်မယ်]
ဝမ်စစ်ချီက ကောင်းကင်ကလာတဲ့အသံက သူ လုပ်ခဲ့တဲ့အရာကို ထုတ်ဖော်လိုက်တာကို ကြားလိုက်ပြီးတဲ့နောက်မှာ လုံးဝကို ပြိုလဲသွားတော့တယ်။
ရှယောင်ယွိနဲ့ အချိန်အကြာကြီး နေလာခဲ့ပြီးအတွက်ကြောင့် သူက သူမရဲ့အကျင့်စရိုက်ကို သေချာပေါက် သိတာပေါ့။ သူက သစ္စာဖောက်တဲ့သူတွေအပေါ် ဘယ်တော့မှ သနားညှာတာလေ့ မရှိဘူး။ သူတို့တွေက နှစ်နှစ်ရာနီးပါးလောက် အတူတူနေလာတယ်ဆိုရင်တောင်မှ သူမက သူ့ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး။
သူကတော့ သေလောက်အောင် ကံဆိုးမိုးမှောက်ကျသွားပြီလို့ သိလိုက်ရပြီးတဲ့နောက်မှာ စိတ်မကောင်းစွာနဲ့ပဲ ဒီအခြေအနေကို လက်ခံလိုက်တဲ့ပုံပဲ။ သူက နာနာကျည်းကျည်းနဲ့ ရှယောင်ယွိကို မော့ကြည့်လိုက်တယ်။
“ ငါ ဒီလိုလုပ်ရတာ မင်းကြောင့်ပဲ ရှယောင်ယွိ။ မင်းက ငါ့ကိုဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာ”
“ ဘယ်ယောက်ျားကများ ငါ့လို နှစ်နှစ်ရာလုံးလုံး မင်းရဲ့ အေးစက်တဲ့မျက်နှာကို သည်းခံပေးခဲ့လို့လဲ။ မင်းက ကျောင်းအာလိုမျိုး ဘယ်တုန်းကမှ သိမ်မွေ့ပြီး စဉ်းစားပေးတတ်တာမျိုး မရှိဘူး။ မင်းက ကျောင်းအာလိုမျိုး ငါ့ကို ဂရုတစိုက်လည်း ဘယ်တော့မှ မရှိခဲ့ဘူး”
“ငါက ယောက်ျားတစ်ယောက်ပါ၊ ဒါပေမဲ့ ငါ့မှာ နှစ်နှစ်ရာလုံးလုံး မင်းရဲ့ဘေးမှာ အစေခံတစ်ယောက်လို လက်ဖက်ရည်ကမ်းလိုက် ရေလေးကမ်းလိုက်နဲ့ ခစားနေခဲ့ရတယ်”
“ ငါက မင်းရဲ့ယောက်ျား၊ မင်းရဲ့လက်အောက်ငယ်သား မဟုတ်ဘူး”
စူးလီက အင်မတန်မှ မတရားခံနေရတာကို ခံစားနေရတဲ့ပုံစံဖြစ်နေတဲ့ ဝမ်စစ်ချီရဲ့မျက်နှာကို ကြည့်လိုက်ပြီး အထင်သေးသလို သူမရဲ့မျက်လုံးတွေက ကွေးတက်သွားခဲ့တယ်။
[နင်က ရှယောင်ယွိဆီက မှော်ရတနာတွေ ရတဲ့အချိန်တုန်းကတော့ ဒီလိုပြောခဲ့တာ မဟုတ်ပါဘူး]
[ဒီတော့ အကျိုးအမြတ်တွေ အားလုံး နင့်ဟာဖြစ်လာပြီးဆိုတော့ နင်က တစ်ခုလေးတောင်မှ ပြန်မပေးချင်တော့ဘူးပေါ့လေ]
[ ကြည့်လိုက်ပါအုံးမယ်၊ ဝိုးး ဝမ်စစ်ချီက ရှယောင်ယွိရဲ့ယောက်ျား ဖြစ်လာတဲ့နှစ်တွေတုန်းကဆိုရင် သူက ဝိညာဉ်ရတနာ ရာနဲ့ချီအောင် လက်ခံရခဲ့တယ်။ ဒါတွေက သူမိသားစုကို တိုက်ရိုက် မြေတောင်မြှောက်ပေးခဲ့ပြီး ဝမ်မိသားစုက သေးငယ်တဲ့ အထက်တန်းစားမိသားစု တစ်ခုပြောင်းလဲလာခဲ့တာ]
[ကျွတ်ကျွတ် ရှယောင်ယွိက တကယ်ကို ရက်ရောတာပဲ၊ သူက ပစ္စည်းကောင်းတွေ အများကြီးကို နင့်ကို တကယ်ပေးခဲ့တာပဲ]
[ငါ့အထင်တော့ ဒီပစ္စည်းတွေအားလုံးရဲ့ စာရင်းကို ချပြလိုက်မယ်ဆိုရင် မင်ကျန့်မြို့က အမျိုးသားကျင့်ကြံသူတွေအားလုံးက ရှယောင်ယွိကို ရှယောင်ယွိရဲ့ယောက်ျားဖြစ်ပါရစေဆိုပြီး လာတောင်းပန်နေလောက်တယ် ဟုတ်တယ်မလား]
ဝမ်စစ်ချီရဲ့နာကျည်းမှုတွေက ရုတ်တရက် ရပ်တန့်သွားတယ်။ သူက သူ့လက်ထဲက ဝိညာဉ်ရတနာတွေကို ပြန်စဉ်းစားမိပြီး အံကြိတ်ရင်း ပြောလိုက်တယ်။
“ ငါက အဲဒီဝိညာဉ်ရတနာတွေနဲ့ ထိုက်တန်တယ် “
“ငါ့မှာ မင်းကို နှစ်နှစ်ရာလုံးလုံး သည်းခံလာခဲ့ရတာ”
သူက ဆက်ပြီးပြောချင်သေးပေမဲ့လည်း ရှယောင်ယွိရဲ့အကြည့်ကို မြင်လိုက်တဲ့အခါ ချက်ချင်း ရပ်တန့်သွားပြီး သူ့မျက်နှာပေါ်က ထောင်လွှားနေတဲ့အရိပ်အရောင်က ဘာတစ်ခုမှ မကျန်ခဲ့တော့ဘူး။
ဒီအချိန်မှာ ရှယောင်ယွိ သူ့ကိုကြည့်နေတဲ့ပုံစံက လူသေတစ်ယောက်ကို ကြည့်နေတဲ့ပုံစံမျိုးပဲ။
သူမက သူ့ကို သတ်ချင်နေတာပဲ။
သူက မသေချင်သေးပါဘူး။
သူက တကယ်ပဲ အသတ်ခံလိုက်ရနိုင်တယ်ဆိုတာကို သဘောပေါက်သွားပြီးတဲ့နောက်မှာ ဝမ်စစ်ချီက စကောတစ်ခုလို လှုပ်ရှားသွားပြီး တစ်လုံးမှ မပြောနိုင်တော့ဘူး။ သူက တုန်တုန်ယင်ယင်နဲ့ ပြောလိုက်ရတော့တယ်။
“မြို့သခင် ကျုပ် မှားသွားပါတယ်၊ ဒီတစ်ခါတော့ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”
“ကျုပ်အခုလို ပြောလိုက်တာကလည်း ဒေါသဖြစ်သွားလို့ပါ၊ ကျုပ်က မင်းကို ချစ်ပါတယ်၊ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ ကျုပ်က မင်းကို နှစ်နှစ်ရာလုံးလုံး စောင့်ရှောက်ပေးခဲ့တာကို ထောက်ပြီး ခွင့်လွှတ်ပေးပါ”
ရှယောင်ယွိက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ခပ်ယဲ့ယဲ့လေး ပြုံးမိသွားတယ်။ သူမရဲ့အသံက သိမ်မွေ့နေပေမဲ့လည်း သူမရဲ့အသံထဲမှာ ဒေါသအသံတစ်ခုမှ ပါမနေဘူး။
“ဒါက ဘယ်လိုဖြစ်ပြီး ဒေါသထွက်တဲ့ စကားဖြစ်နိုင်မှာလဲ၊ ကျွန်မရဲ့ခင်ပွန်း ပြောလိုက်တဲ့ စကားလုံးတိုင်းက သူ့ရင်ထဲက လာတယ်ဆိုတာ ကျွန်မကြားမိသားပဲ”
“ကျွန်မရဲ့ခင်ပွန်းက ကျွန်မအပေါ်မှာ ဒီလိုသဘောထားတွေ အများကြီး ရှိနေမယ်လို့ မသိခဲ့ဘူး”
သူမကစကားဆုံးသွားတဲ့နောက်မှာ လက်ဝှေ့ယမ်းပြလိုက်ပြီး သူမရဲ့ဟန်ပန်အမူအရာက မင်ကျန့်မြို့သခင်ရဲ့ ထည်ဝါခမ်းနားမှု အပြည့်ဖြစ်နေတယ်။ သူမက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
“ငါက ငါ့ဘေးမှာ သစ္စာဖောက်တွေကို ဘယ်တော့မှ မထားဘူး”
အမှောင်ထဲမှာ ပုန်းခိုနေတဲ့ လျှို့ဝှက်အစောင့်တွေက ရုတ်ခြည်းဆိုသလို ပေါ်ထွက်လာပြီး သူတို့ရဲ့ဓားတွေနဲ့ ဝမ့်စစ်ချီနဲ့ ချောင်ကျောင်းကို သတ်တော့မဲ့ဆဲဆဲမှာ ချည်နှောင်ထားတာကနေ ရုန်းထွက်ပြီး နှုတ်ပိတ်ထားတဲ့အကြောကို ချိုးဖျက်လိုက်တဲ့ ရှချန်ယွင်က ဝမ့်စစ်ချီရှေ့ကို ရုန်းရင်ဆန်ခတ်နဲ့ လေးဘက်ထောက်လာတယ်။
သူက ခေါင်းကိုမော့ပြီး သူ့နောက်က လူနှစ်ယောက်ကို ကာကွယ်ပေးရင်း ပြတ်သားတဲ့အကြည့်တစ်ခုနဲ့ ရှယောင်ယွိကို ပြောလိုက်တယ်။
“အမေ... အမေက အဖေနဲ့ အဒေါ်ချောင်တို့ကို သတ်လို့မရဘူး”
ရှယောင်ယွိက သူမရဲ့လက်ကို ဖြည်းဖြည်းချင်း တင်းနေအောင် ဆုပ်ထားလိုက်ပြီး စကားတစ်လုံးချင်းစီ ပြောလိုက်တယ်။
“ရှချန်ယွင် နင်အခုပြောနေတဲ့ စကားကို နင်သိရဲ့လား”
“အမေ”
ရှချန်ယွင်က သူရဲ့မျက်နှာပေါ်မှာ ပြတ်သားတဲ့အကြည့်တစ်ခု ဖြစ်နေဆဲပဲ။
“အမေက မင်ကျန့်မြို့ရဲ့ အရေးကိစ္စတွေနဲ့ အလုပ်များနေတာ၊ အမေက ကျွန်တော်နဲ့ ရှိနေတဲ့အချိန်တိုင်း ကျင့်ကြံခြင်းအကြောင်းတွေပဲ ပြောတယ်၊ ကျွန်တော် အမေနဲ့နေရတာကို တကယ်ပဲ စိတ်ကုန်နေပြီ”
“အဖေနဲ့အဒေါ်ချောင်တို့ကပဲ ကျွန်တော့ကို အမြဲတမ်း စောင့်ရှောက်လာခဲ့တာ၊ သူတို့တွေကပဲ ကျွန်တော့ကို အိမ်ဆိုတဲ့ ခံစားချက်ဖြစ်စေခဲ့တာ”
“အမေက သူတို့ကိုသတ်မှာ ကျွန်တော် ခွင့်မပြုနိုင်ဘူး”
[အိုး ဟဲ့~~ နင့်ကိုဂရုစိုက်ပြီး စားသောက်ပျော်ပါးဖို့ အပြင်ကို ခေါ်ထုတ်ပေးလိုက်လို့ နင့်မှာ တိုးတက်ဖို့ မစဉ်းစားတော့ဘူးလေ၊ ဒါကြောင့်လဲ နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ထပ်ပြီး တိုးတက်မလာတေ့ာဘဲ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်မှာပဲ အမြဲတမ်း တစ်နေတာပေါ့”
[ဒီအရူးက ဘယ်ကနေရောက်လာတာလဲ၊ သူ့မှာ အကောင်းနဲ့အဆိုးတောင် မခွဲခြားနိုင်တော့ဘူး]
ရှချန်ယွင်က အပြင်ကလာတဲ့အသံကို မကြားနိုင်ဘူး။ ဒါမှမဟုတ် သူ ဒီစကားကို ကြားခဲ့ရင်တောင် သူ့စိတ်ထဲမှာ အတည်မှတ်ယူလိမ့်မှာ မဟုတ်ဘူး။
သူ့လက်တွေက ကျောပြန်တုပ်ခံထားရတဲ့အတွက် ရင်ဘတ်ကိုချည်ပြီး မားမားမတ်မတ် နေလိုက်တယ်။
“အမေက သူတို့ကိုသတ်ချင်တယ်ဆို ကျွန်တော့ကိုအရင် သတ်လိုက်ပါ”
ရှယောင်ယွိရဲ့မျက်နှာက ဖြူဆုတ်သွားခဲ့တယ်။ သူမက ရှချန်ယွင်ကို ကြည့်လိုက်ပြီး တစ်လုံးချင်းစီ ပြောလိုက်တယ်။
“သူတို့တွေက ငါ့ကို ဟွမ်ရှင်းဆေးမှုန့်ကိုသုံးပြီး ငါ့ကို သတ်ချင်နေတာတောင်မှ နင်က သူတို့အတွက် တောင်းပန်ပေးချင်သေးတာလား”
ဒီအချိန်မှာတော့ သူမက ခဏလောက် ရပ်တန့်သွားပြီး သူမရဲ့ အသံတွေမှာလည်း မမြင်သာတဲ့ ပင်ပန်းနွမ်းနယ်မှုတစ်ခု ဖြစ်သွားတော့တယ်။
“နင့်အဖေ နင့်ကို ဝိညာဉ်ဆန်ပြုတ်ထဲမှာ ထည့်ခိုင်းတဲ့ပစ္စည်းက ဟွမ်ရှင်းဆေးမှုန့်ဆိုတာ နင်သိလား”
ဟွမ်ရှင်းဆေးမှုန့်။ စိတ်တွေ ပျံ့လွင့်ဆေးတဲ့ ဆေးမှုန့်လား။
ရှချန်ယွင်က အခိုက်အတန့် မှင်တက်အံ့သြသွားတယ်။ ဒါပေါ့ သူ ဟွမ်ရှင်းဆေးမှုန့်ရဲ့ ဆိုးကျိုးတွေကို သိတယ်လေ။
သူက သူမကို ဆေးခပ်တဲ့အချိန်တုန်းက ဒါက ခန္ဓာကိုယ်ကို နည်းနည်းပါးပါး အန္တရာယ်ဖြစ်စေတဲ့ အဆိပ်တချို့လို့ပဲ ထင်ထားခဲ့တာ။ သူက သူ့အမေ သူ ကျင့်ကြံတာကို စောင့်ကြည့်ဖို့ အချိန်မရအောင်ပဲ လုပ်ချင်ခဲ့တာ။
သူက အမှတ်တမဲ့ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ဝမ်စစ်ချီနဲ့ ရှောင်ကျောင်းတို့က သူတို့ရဲ့မျက်နှာပေါ်မှာ မျှော်လင့်ချက်တွေနဲ့ သူ့ကို ကြည့်နေတာ မြင်လိုက်ရတယ်။ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရှယောင်ယွိဘက်လှည့်လိုက်ကာ တောင်းပန်တိုးလျှိုးလိုက်တယ်
“အဲ့ဒါက ဟွမ်ရှင်းဆေးမှုန့်မှန်း ကျွန်တော်တကယ် မသိခဲ့ဘူး။ ဒါပေမဲ့ အမေရယ်.. အမေအခု အဆင်ပြေနေတာပဲ မဟုတ်လား “
“အဖေနဲ့အဒေါ်ချောင်တို့က သူတို့မှား မှန်းသိသွားပါပြီ၊ သူတို့တွေက ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ ထပ်ပြီးလုပ်တော့မှာ မဟုတ်တော့ဘူး” သူက သူအဖေနဲ့အဒေါ်ချောင်တို့ အသတ်ခံရမှာကို မကြည့်ရက်နိုင်ဘဲ သူတို့အတွက် အသနားခံ တောင်းပန်ပေးလိုက်တယ်။
“အမေရယ် ဒီတစ်ခါတော့ သူတို့ကို ကျေးဇူးပြုပြီးခွင့်လွှတ် ပေးလိုက်ပါ”
“အဖေက ဒီလိုလုပ်တယ်ဆိုတာကလည်း အမေကသူ့ကို နှစ်ပေါင်းများစွာ ဖိနှိပ်လာလို့ပါ၊ သူက မှားယွင်းတယ်ဆိုရင်တောင်မှ အမေက...”
သူ့စကားမဆုံးခင်မှာပဲ ရှယောင်ယွိက သူ့ကို ပါးရိုက်လိုက်တော့တယ်။ သူမက အံကြိတ်ထားလိုက်ပြီး သူမရဲ့အသံက ဒေါသသံနဲ့ တုန်ယင်နေတယ်။
“ငါ့မှာ နင်လိုအမှားအမှန်မသိ သစ္စာမရှိတာနဲ့သားသမီး ဝတ္တရားမကျေပွန်တဲ့ နင့်လိုသားမျိုးရှိနေတာပဲ”
သူမမှာတော့ သူ့ကိုနှစ်ပေါင်းများစွာ ကြိုးစားပြီး ခက်ခက်ခဲခဲ ပျိုးထောင်ပေးခဲ့ရတာ သူမ လုပ်လိုက်တဲ့ ကိစ္စအားလုံးကတော့ ဒီလို တိရစ္ဆာန်တစ်ကောင်ကို ပျိုးထောင်ပေးခဲ့တာတဲ့။
ရှချန်ယွင်က ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတဲ့အတွက် သွေးတွေ အန်ထွက်လာပေမဲ့ အတွင်းပိုင်းမှာတော့ နာကျင်တယ်လို့ မခံစားရဘူး။
သူက သူရင်ဘတ်ကို အုပ်ထားလိုက်ပြီး ရှယောင်ယွိက ညှာတာပေးလိုက်တာကို သတိထားမိလိုက်တယ်။
သူ့မျက်လုံးထဲမှာ ဘဝမြင့်တဲ့ အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွားတယ်။ သူက သူအမေရဲ့ တစ်ဦးတည်းသောသားပဲ သူက ဘာအမှားပဲ လုပ်ခဲ့ပါစေ အမေက သူ့ကို ဘာမှလုပ်မှာမဟုတ်ဖူး။
ဒါကလည်း သူ့အမေ ဒေါသဖြစ်နေတာတောင်မှ သူ့အဖေနဲ့ အဒေါ်ချောင်တို့အတွက် တောင်းပန်တိုးလျှိုးရဲတဲ့ အကြောင်းအရင်း တစ်ခုလည်း ဟုတ်တယ်။
ဒီလိုစဥ်းစားလိုက်ပြီး သူက နာကျင်မှုနဲ့ ရှယောင်ယွိရဲ့ ခြိမ်းခြောက်နေတဲ့ အကြည့်အောက်မှာ ခေါင်းကို ထောင်ထားလိုက်တယ်။
“အမေ- အမေက အဖေနဲ့အဒေါ်ချောင်ကို သတ်မယ်ဆိုရင် ကျွန်တော်က အမေရှေ့မှာပဲ ကိုယ့်ဟာကို သတ်သေလိုက်မယ်”
“အမေက ကျွန်တော့်ကို ထိန်းချုပ်နိုင်တယ်ဆိုရင်တောင်မှ ကျင့်ကြံသူတွေမှာ ကိုယ့်ဟာကို သတ်သေနိုင်တဲ့ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာ အမေ သိမှာပါ”
ရှယောင်ယွိက သူမရဲ့လက်ကိုတင်းနေအောင် ဆုပ်ထားလိုက်ပြီး အလွန်မှအေးစက်တဲ့ အသံတစ်ခုနဲ့ပြောလိုက်တယ်။
“နင်က ငါမလုပ်ရဲဘူးလို့ ထင်နေတာလား”
ရှချန်ယွင်က သူမရဲ့အသံအောက်မှာ တုန်လှုပ်သွားပေမဲ့ သူကတော့ နောင်တမရပဲ ဖြစ်နေတုန်းပဲ။
“အမေ ကျွန်တော်က အမေရဲ့ တစ်ဦးတည်းသောသားပါ”
“ကျွန်တော်က အမေ့ဘေးမှာရှိတဲ့ ရှမိသားစုရဲ့ တစ်ဦးတည်းသောသားပါ၊ အမေက ကျွန်တော့်ကိုသေအောင် တကယ်ပဲ ဖိအားပေးချင်နေတာလား”
ရှယောင်ယွိက သူ့စကားလုံးတွေကြောင့် အင်မတန်မှ ဒေါသထွက်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှာ သွေးတွေ ပြောင်းပြန်စီးသွားသလို ခံလိုက်ရတယ်။ ဒါပေမဲ့လည်း သူ့ကိုသတ်ဖို့ သူမရဲ့ လှုပ်ရှားမှုတွေကတော့ တုံ့ဆိုင်းနေတုန်းပဲ။
ရှချန်ယွင်ရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သိပ်မဝေးလှတဲ့နေရာမှာ ရှိနေကြတဲ့ ချီမင်နဲ့ ဝှမ်ကျစ်တို့က သူတို့ရဲ့ မျက်နှာပေါ်မှာ ရှားရှားပါးပါးဒေါသ ဖြစ်သွားတော့တယ်။
ဒီလို မျိုးဆက်မျိုးကို ထားစရာမလိုဘူး။
ဒါပေမဲ့လည်း ရှယောင်ယွိနဲ့ ရှမိသားစုအတွက် ရှချန်ယွင်ရဲ့တည်ရှိမှုက အင်မတန်မှ အရေးပါနေတယ်။
ရှယောင်ယွိရဲ့ ကျင့်ကြံခြင်းအဆင့်က ဝိညာဥ်ခန္ဓာကိုယ်အဆင့် ထိရောက်နေပီဆိုတော့ သူမအတွက် ကလေးထပ်ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲသွားပြီ။ သူမရဲ့တစ်ဘဝလုံးမှာ ရှချန်ယွင်ဆိုတဲ့ တစ်ဦးတည်းသော သားပဲ ရှိလာနိုင်ဖို့က ဖြစ်နိုင်ခြေများတယ်။
ဆက်ခံသူရှိလာဖို့ ရှမိသားစုရဲ့ အစွဲအလန်းအရဆိုရင် ရှယောင်ယွိက...
ဒီလိုစဥ်းစားလိုက်ပြီး နှစ်ယောက်လုံးက မျက်မှောင်ကြုတ်လိုက်ကြတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကလာတဲ့ အသံကထွက်လာပြန်တယ်။
[ရှချန်ယွင်က ရှယောင်ယွိရဲ့ တစ်ဦးတည်းသောကလေးတဲ့လား ]
[မဟုတ်ပါဘူး.. သူ့မှာ ကလေးနှစ်ယောက် ထပ်ရှိရဲ့သားနဲ့။ သားတစ်ယောက်နဲ့ သမီးတစ်ယောက်လေ]
[ရှယောင်ယွိက သားသမီးကို အရမ်းတန်ဖိုးထားတာပဲ.. သူက သူနဲ့အတူတူ ကလေးနှစ်ယောက်ကို ဘာဖြစ်လို့ခေါ်မထားတာလဲ]
ရှယောင်ယွိမှာ နေရာမှာတင် ရုတ်တရက် အေးခံသွားတော့တယ်။ သူမက ဇဝေဇဝါနဲ့ မျက်မှောင်ကြုတ်လိုက်ပီး သူမရဲ့စိတ်တွေကဗလာအတိ ဖြစ်သွားတော့တယ်။
သူ့မှာ ကလေးနှစ်ယောက် ရှိသေးတယ် ဟုတ်လား။
ဘယ်လိုလုပ်ပြီး ဖြစ်နိင်မှာလဲ။
အမေတစ်ယောက်အနေနဲ့ သူက အမေလုပ်ပြီး ကလေးဘယ်နှယောက် မွေးခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ပြီးမသိဘဲ နေမှာလဲ။
သူ သေချာသိနေတာပဲ။
ပြီးခဲ့တဲ့နှစ်ပေါင်းတစ်ရာအတွင်း သူမက ရှချန်ယွင်တစ်ယောက်ပဲမွေးခဲ့တာ။
ဒါပေမဲ့ အပြင်လောကကလာတဲ့အသံက ဘယ်တော့မှ မမှားခဲ့ဖူးဘူးပဲ။
အခိုက်အတန့်အတွင်းမှာ သူမက ဘယ်လိုဖြစ်ပြီး ကလေးနှစ်ယောက် ထပ်ရှိနေနိုင်မယ်ဆိုတဲ့ အကြောင်းကို စဥ်စားမတတ်အောင်ဖြစ်သွားတယ် ။
ဧကန္တ အပြင်လောကက လာတဲ့အသံက အနာဂတ်မှာဖြစ်လာမဲ့ ကိစ္စကို ပြောနေတာများလား။
သူမရဲ့နောက်က ချီမင်နဲ့ ဝိန်းကျစ်တို့ကလည်း စိတ်လျှော့သွားပြီး အထိတ်တလန့် ဖြစ်သွားတယ်။ အဖေဆိုရင်တော့ ကလေးတွေရဲ့ အရေအတွက်နဲ့ သွေးသားအရင်းအချာကို မှားချင်မှားအုံးမယ်။ ဒါပေမဲ့ အမေတစ်ယောက်အနေနဲ့ ကတော့ ရှယောင်ယွိက သူ့မှာ ကလေးဘယ်နှယောက် ရှိတယ်ဆိုတာ ဘယ်လိုလုပ်မသိပဲနေမှာလဲ။
အပြင်လောကက လာတဲ့အသံထဲမှာ အထိတ်တလန့် အရိပ်အယောင်တစ်ခု ပါနေတယ်။
[သြော် ဒီလိုဖြစ်ခဲ့တာကိုး.. အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းသွားပြီ]
[ကလေးမွေးပေးခဲ့တာက ယောကျာ်းတစ်ယောက်ဖြစ်နေခဲ့တာကိုး]
[သူကလည်း အမွှာလေးတွေ မွေးခဲ့တာတဲ့၊ ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်]
...