အခန်း ၇၇
Vol. 6 Ch. 77
အပိုင်း(၇၇)
သူမရဲ့မျက်နှာက တည်ငြိမ်နေပြီး သူမက ခန့်ညားထည်ဝါအကြည့်တစ်ခုနဲ့ မြို့သခင်အိမ်တော်ကို ဝေ့ကြည့်လိုက်တယ်။ သူမက ပြတ်သားတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
“သိပ်မကြာသေးခင်ကမှ အပြင်ဘက်မှာ ငါ့ရဲသွေးသားတော်စပ်သူတွေ ရှိနေသေးတာကို ခပ်ရေးရေး သိလိုက်ရတယ်။ သူတို့တွေက ငါနဲ့ သွေးချင်းဆက်နေတယ်။ သူတို့တွေက ငါ့ရဲ့အာရုံကို မကြာခဏ လာပြီးတော့ နှိုးဆွနေတယ် “
ချီမင်က ရှယောင်ယွိလုပ်ချင်တဲ့ကိစ္စကို ချက်ချင်းနားလည်သွားလိုက်ပြီး ရှေ့ကိုခြေလှမ်းအနည်းငယ် မြန်မြန်တိုးလိုက်ကာ ပြောလိုက်တော့တယ်။
“ သိပ်မကြာခင်တုန်းက ထျန်းကျီးဂိုဏ်းက တပည့်တစ်ယောက်က မြို့သခင်ရှရဲ့ အနာဂတ်ကို ကြိုတင်ခန့်မှန်းခဲ့တာ ကျုပ်ကြားခဲ့ဖူးတယ်။ သူ ပြောခဲ့တာက မြို့သခင်ရှမှာ ရှန်ချန်ယွင်အပြင် သားတစ်ယောက် သမီးတစ်ယောက်လည်း ရှိနေသေးတယ်တဲ့။ ထျန်းကျီးဂိုဏ်းလို့ မပြောရဘူး ခန့်မှန်းချက် အရမ်းကိုတိကျတာပဲ”
စူးလီက တိမ်လွှာကြေးမုံထဲက ထွက်လာတဲအသံကို ကြားလိုက်ပြီး တွေးတွေးဆဆနဲ့ မော့ကြည့်လိုက်တယ်။
[ရှယောင်ယွိက ကလေးတွေရှိတယ်ဆိုတာကို ခန့်မှန်းမိပြီးသား ဖြစ်နေတာကို ဒါနဲ့များကလေးနှစ်ယောက်ကို စောစောစီးစီး သွားမရှာခဲ့တာတဲ့လဲ]
သူမက ရှန်ချန်ယွင်ကို လှမ်းကြည့်လိုက်ပြီး သဘောပေါက်သွားတယ်။
[ ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့အဓိကသွေးသားက ပျက်စီးသွားပြီးလေ။ အခု ငါ့မှာအငယ်လေးတွေကို ရှာဖွေရင်းနဲ့ပဲ အချိန်ကုန်ရတော့မယ်]
ရှန်ချန်ယွင်က အပြင်လောကကလာတဲ့အသံကို ဘာမှမကြားနိုင်ဘူး။ ဒါပေမဲ့လည်း ရှယောင်ယွိနဲ့ ချီမင်တို့ကြားက စကားကိုတော့ ကြားနိုင်တယ်။သူက မယုံမကြည်နဲ့ နေရာမှာ ရပ်နေမိတယ်။
သူ့အမေမှာ တခြားကလေးတွေ ရှိနေသေးတယ်ဆိုရင် သူကတော့…
ဖြစ်ပျက်နေတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူ့နောက်မှာရှိနေတဲ့ သူရဲ့ချစ်လှစွာသော အဖေနဲ့ အဒေါ်ချောင်တို့ကို ထပ်ပြီး ဂရုမစိုက်နိုင်တော့ဘဲ ရှယောင်ယွိရဲ့ရှေ့ကို လေးဘက်ထောက်ပြီး သွားလိုက်တော့တယ်။
“ အမေ အရူးအလုပ်မခံပါနဲ့ “
“ ကျွန်တော်က အမေရဲ့တစ်ဦးတည်းသောသားပါ။ ဆယ်လလောက် ကိုယ်ဝန်ဆောင်ပြီးမှ မွေးလာခဲ့တဲ့ အမေရဲ့သား၊ အမေရဲ့တစ်ဦးတည်းသော သွေးသားပါ”
“ အမေက ဘယ်လိုဖြစ်ပြီး ကျွန်တော့်အပြင် နောက်ထပ် ကလေးတစ်ယောက်ရှိနိုင်မှာလည်း အမေ့ကို လိမ်ညာချင်တဲ့ တစ်ယောက်ယောက် ရှိနေတာပဲ ဖြစ်ရမယ်”
သူက ခန္ဓာကိုယ်အပေါ်ပိုင်းကို ချည်တုပ်ခံထားရတဲ့အတွက်ကြောင့်မို့လို့ ခြေထောက်နဲ့ပဲ ရှေ့ကို တွတ်ဆွဲပြီးတော့ သွားနိုင်တယ်။ သူရဲ့ခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်တဲ့ ပွန်းပဲဒဏ်ရာတွေ ဖြစ်လာတယ်။
“ အမေ၊ အမေကဉာဏ်ပညာကြီးမားပြီး သတ္တိရှိလှပါတယ်။ ဘယ်လိုလုပ်ပြီး ဒီလိုရယ်စရာကောင်းတဲ့ လိမ်ညာမှုတစ်ခုတည်းမှာ အလှည့်စားခံနိုင်မှာလဲ”
“ အမေ”
ရှန်ချန်ယွင်က ဘာပဲပြောပြော သူဘယ်လောက်ပဲ အော်ပြောပြော ရှယောင်ယွိက သူ့ကိုတောင် လုံးဝမကြည့်လေဘူး။
ဝိန်းကျစ်ကလည်း သတိဝင်လာပြီး ချောင်းဟန့်လိုက်ပြီးမှ လေးနက်တဲ့လေသံနဲ့ ပြောလိုက်တယ်။
ဒါဆိုရင် မြို့သခင်ရှက ကလေးနှစ်ယောက် ဘယ်မှာရှိနေတယ်ဆိုတာကို ခံစားမိသလား။
သူရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ စူးလီက စိတ်ဝင်တစားနဲ့ ခေါင်းမော့ကြည့်လိုက်တယ်။
[ရှကျန်းမြို့က မင်ကျန့်မြို့နဲ့မှ မနီးဘဲ၊ အဲဒီမြို့က နယ်စပ်မြို့ငယ်လေးတစ်ခု။ ဆင်းရဲပြီး ဝေးလံခေါင်းဖျားလွန်းတယ်။ ရှယောင်ယွိက တကယ်ပဲ ခံစားမိနိုင်လို့လား]
[ကျောက်မိသားစုက နဂါးနဲ့ကျားတွေရဲ့ သားရဲတွင်းတစ်ခုပဲ။ ရုံယိနဲ့ သူ့ကလေးနှစ်ယောက်က အဲဒီနေရာကို ရောက်နေတယ်။ သူတို့တွေ အရိုးအသား တခြားစီ စားခံရတော့မှာ သိပ်မကြာတော့ဘူး]
“ ရှကျန့်မြို့မှာ”
ရှယောင်ယွိရဲ့အသံက ဝမ်းသာအားရနဲ့ တုန်ယင်သွားတယ်။
[ ဝိုး__ သူကတကယ်ခံစားမိတာပဲ]
[ ရှယောင်ယွိက တကယ်ပါပဲ... စောစောတုန်းက သူဘာတွေများ လုပ်နေတာလဲ]
ဝိန်းကျစ်က ဝိညာဉ်စွမ်းအင်လှေကို ချက်ချင်း ထုတ်လိုက်တယ်။
” ကျုပ်ဝိညာဉ်စွမ်းအင်လှေပေါ်မှာ အမြန်နှုန်းမြှင့်ပေးတဲ့ အဆောင်စာရွက်တစ်ခု ထည့်ထားပေးတယ်။ ကျုပ်တို့တွေ အလွန်ဆုံးနှစ်နာရီအတွင်း ရောက်သွားနိုင်တယ်”
ရှန်ချန်ယွင်က သူတို့ရဲ့စကားကို နားထောင်ပြီး ကြောက်လန့်တကြားနဲ့ ခေါင်းခါလိုက်မိတယ်။
သူက အမြဲတမ်းလိုလို လုံးဝကို အကြောက်အလန့် ကင်းခဲ့တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေက သားသမီးနဲ့ ဆက်ခံမဲ့သွေးသားအပေါ် အရမ်းကို အလေးထားတယ်။ သူ့အမေက အစွမ်းထက်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တစ်ယောက်။ ဒီတော့ သူ့မှာ နောက်ထပ်ကလေးတစ်ယောက် ရဖို့ဆိုတာ အင်မတန်မှ ခက်ခဲလိမ့်မယ်လေ။
သူရဲ့လုပ်ရပ်တွေက အရမ်းကို အလွန်အကျွံဖြစ်သွားမှန်းလည်း သူ သိနေတယ်။ သူက သူ့အမေကို အဆိပ်ခပ်ခဲ့တဲ့ကိစ္စကို ထပ်ပြီးပေါင်းထည့်လိုက်မယ် ဆိုရင်တော့...
သူသာတကယ်ပဲ သူ့အမေရဲ့တစ်ဦးတည်းသောသား မဟုတ်ဘူးဆိုရင် သူတော့ ဇာတ်သိမ်းပြီ။
သူ့အမေက သူ့ကို သေချာပေါက် လက်လျှော့လိမ့်မယ်။ အခု သူ ပိုင်ဆိုင်ထားတဲ့ ချမ်းသာကြွယ်မှု၊ ဂုဏ်သိက္ခာတွေအားလုံး မြို့သခင်လေးဆိုတဲ့ အဆင့်အတန်းကပါ အားလုံး ပျောက်ကွယ်သွားလိမ့်မယ်။
ပြောလို့မရဘူး။ သူက သာမန်ကျင့်ကြံသူတစ်ယောက်တောင် ဖြစ်သွားလိမ်မယ့်။
ဒီလိုစဉ်းစားလိုက်မိပြီး သူက ရှေ့ကိုလေးဘက်ထောက်ကာ ရုန်းကန်သွားလိုက်ရင် သူ့ရဲ့သစ္စာရှိပုံကို ဖော်ပြနေတော့တယ်။
“ အမေ ကျွန်တော်မှားမှန်းသိပါပြီ”
“အခုအချိန်ကစပြီး အမေလုပ်သမျှကိစ္စတိုင်းက ကျွန်တော် ဘယ်တော့မှ မငြင်းပယ်တော့ပါဘူး။ အမေက ကျွန်တော့်အဖေကို သတ်ချင်ရင် မဟုတ်ဘူး ဒီသစ္စာဖောက်နှစ်ယောက်ကို သတ်ချင်တယ်ဆိုရင်လည်း ကျွန်တော်က အပြည့်အဝ ထောက်ခံပါတယ်”
“ အမေ ကျွန်တော့်ကို ကြည့်ပါအုံး။ ကျွန်တော်မှားမှန်း တကယ် သိပါပြီ”
ရှယောင်ယွိက သူ့ကို တစက်ကလေးမှ လှည့်မကြည့်တာကို မြင်လိုက်ရတဲ့အခါ သူက ခါးခါးသီးသီး ငိုယိုပြီး ဝန်ခံတော့တယ်။
“ အမေ နောက်ကျရင် ကျွန်တော်က ကြိုးကြိုးစားစားနဲ့ ကျင့်ကြံပါ့မယ်။ အမေ့စကားကို နားထောင်ပါ့မယ်။ ဖြစ်စေချင်တာ မှန်သမျှကို လုပ်ပေးပါမယ်”
ရှယောင်ယွိက သူ့သွေးသားကို တန်ဖိုးအထားဆုံးဆိုတာကို နားလည်လိုက်ပြီးတဲ့နောက်မှာ သူက ရုတ်တရက် ခေါင်းထောင်လာတော့တယ်။
“ အမေ ကျွန်တော့်ညီလေးနဲ့ ညီမလေး ပြန်ရောက်လာတဲ့အချိန်ကျရင် ကျွန်တော်က သူတို့တွေကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံပါမယ်။ ကျွန်တော်က သူတို့တွေကိုခေါ်ပြီး လေ့ကျင့်ပေးပြီး အမေဂုဏ်ယူရအောင် ကျွန်တော်တို့တွေကို အတူတူပျိုးထောင်ပေးပါ့မယ်”
“ အမေ__ __”
သူက ဘယ်လောက်ပဲငိုနေပါစေ။ ဘယ်လိုပဲတောင်းပန်နေပါစေ ရှယောင်ယွိရဲ့နှလုံးသားကတော့ လုံးဝကို မယိမ်းယိုင်မသွားခဲ့ဘူး။ အခုလေးတင် ဖြစ်ပျက်သွားတဲ့အရာအားလုံးက ရှန်ချန်ယွင်က ဘယ်လိုလူမျိုးလဲဆိုတာ သူမကိုနားလည်အောင် လုပ်ပေးဖို့ လုံလောက်တယ်။
ဒီလို သားသမီးမျိုးကို ဆက်ထားဖို့ မလိုတော့ဘူး။
သူမက ဝိညာဉ်စွမ်းအင်လှေပေါ်မှာ ရပ်လိုက်ပြီး ပတ်ဝန်းကျင်က လျှို့ဝှက်အစောင့်တွေကို လက်ဝှေ့ပြလိုက်တယ်။
“ ရှန်ချန်ယွင်ရယ်၊ ဝမ်စစ်ချီရယ်၊ ချောင်ကျောင်းရယ်ကို လျှို့ဝှက်အချုပ်ထဲမှာ ထည့်ထားလိုက်၊ ငါ ပြန်ရောက်လာတဲ့အခါမှ သူတို့တွေကို ဖြေရှင်းမယ်”
“ ကျန်တဲ့လျှို့ဝှက်အစောင့်တွေက ငါနဲ့ရှကျန့်မြို့ကို လိုက်ခဲ့ပြီး မြို့သခင်လေးနှစ်ယောက်ကို သွားကြိုပြီးတော့ သူတို့ကို အိမ်ပြန်ခေါ်လာမယ်”
“ မြို့သခင်ရဲ့အမိန့်အတိုင်းပါ”
အမှောင်ခန်းလို့ ကြားလိုက်ရတဲ့အခါ ရှန်ချန်ယွင်က အရူးတစ်ယောက်လို စတင်ပြီးတော့ ရုန်းကန်တော့တယ်။ လျှို့ဝှက်အကျဉ်းခန်းဆိုတာ သေမိန့်ကျပြီးသား အကျဉ်းသားတွေကို ထားတဲ့နေရာပဲ။ သူ့အမေက ဘယ်လိုဖြစ်ပြီး သူ့ကို လျှို့ဝှက်အကျဉ်းခန်းထဲမှာ ထားခိုင်းရတာလဲ။
သူအမေက သူ့ကိုစွန့်ပစ်မဲ့အပြင် သူ့ကို သတ်ပါသတ်ချင်နေတာလား။
ဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါ ဝိညာဉ်စွမ်းအင်လှေ ထွက်သွားတဲ့ လားရာဘက်ကို အော်ဟစ်ပြောဆိုလိုက်တယ်။ “အမေ ကျွန်တော်က အမေရဲ့သားပါ ကျွန်တော်က ရှမိသားစုရဲ့ သွေးသားပါ”
“ အမေ ကျွန်တော့်ကို ဒီလိုလုပ်လို့မရဘူး”
ဒါပေမဲ့လည်း ရှယောင်ယွိက သူ့အသံကို ဆက်ပြီးမကြားနိုင်တော့ဘူး။ သူမက ဒီစကားကို ကြားတယ်ဆိုရင်တောင် သူမရဲ့ဆုံးဖြတ်ချက်တွေက တစက်ကလေးမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။
လူတိုင်းက သူတို့ရဲ့ရွေးချယ်မှုနဲ့ လုပ်ရပ်တွေအတွက် တန်ကြေးတစ်ခုကို ပေးဆပ်ရမှာပဲ။
ရှကျန့်မြို့။ ကျောက်အိမ်တော်ဝန်း။
ရွှေသက်စောင့်အဆင့်ကျင့်ကြံသူတွေက တံခါးနားမှာ စုဝေးနေကြပြီး သူတို့တစ်ယောက်ချင်းစီကလည်း မကျေမနပ် ဖြစ်နေကြတဲ့ပုံပဲ။ ဒါပေမဲ့လည်း ကျောက်မိသားစုရဲ့တစ်ဦးတည်းသော မဟာယနပညာရှင်ကြောင့်ပဲ သူတို့တွေက သူတို့တွေရဲ ဝိညာဉ်စွမ်းအားကို လုံးဝထုတ်မသုံးရဲကြဘူး။ သူတို့တွေက အံကြိတ်ထားပြီး အေးတိအေးစက်မျက်နှာတစ်ခုနဲ့ပဲ ကျောက်မိသားစုရှေ့မှာ ဝေဖန်ပြစ်တင်နိုင်တော့တယ်။
“ ခင်ဗျားရဲ့ ဒုတိယသားက ကျုပ်တို့ဝမ်းမိသားစုရဲ့ နှစ်ပေါင်းသုံးရာသက်တမ်းရှိတဲ့ အဆင့်လေး မှော်လက်နက်တစ်ခုကို ဝိညာဉ်ကျာက်တုံးတစ်ခု သုံးပြီး ယူသွားတယ်။ ဒါက လုယက်တာနဲ့ ဘာကွာသေးလို့လဲ။ ခင်ဗျားတို့ ဒီနေ့ ဖြေရှင်းချက်တစ်ခုတော့ ပေးမှရမယ်”
နောက်လူတစ်ယောက်ရဲ့အသံထဲမှာလည်း စိတ်ပျက်ပြီး နာကျည်းမှုအပြည့်ပါနေတယ်။
“ ကျောက်ချန်းက ကျုပ်သမီးကို မေတ္တာရှိနေပြီး သူ့ကို အတင်းလက်ထပ် ယူချင်တယ်။ လဲ့အာက အကြိမ်နည်းနည်းလေးပဲ ငြင်းဆန်ရသေးတယ် သူကတော့ လူလွတ်ပြီး လဲ့အာရဲ့ အရွတ်တွေနဲ့ အကြောတွေကို ပျက်စီးသွားအောင်လုပ်ခဲ့တယ်။ ဒီနေ့ကျုပ်သေသွားမယ်ဆိုရင်တောင် ကျုပ်ရဲ့လဲ့အာအတွက် တရားမျှတမှုကိုရှာပေးရမယ်”
“ ကျောက်ချန်းက ကျုပ်မိန်းမကို လုယက်ဖို့ ကြိုးစားနေသေးတာပဲ။ ကျောက်သခင်ကြီး ခင်ဗျားက တကယ်လို့ ဖြေရှင်းချက်တစ်ခု မပေးဘူးဆိုရင် နောက်တစ်ကြိမ် ကျောက်ချန်းနဲ့ တွေ့တဲ့အခါ ကျုပ်က မဟာယနပညာရှင်ကြီးရဲ့ လိုက်သတ်ခံရမယ်ဆိုရင်တောင် ကျုပ်က ကျောက်ချန်းကို ဖျက်ဆီးပစ်ရလိမ့်မယ်”
“ ဟုတ်တယ် ကျောက်မိသားစုက ဒီနေ့တော့ ဖြေရှင်းချက်တစ်ခု သေချာပေါက်ပေးရမယ်”
ရှကျန့်မြို့က ဝေးလံခေါင်းဖျားတဲ့ ဒေသတစ်ခုမှာရှိပြီး ပတ်ဝန်းကျင်မြို့တွေထက်ကို ပိုပြီးတော့ဆင်းရဲတယ်။ မြို့သခင်ကတောင် အခြေတည်စကျင့်ကြံခြင်းအဆင့်ပဲ ရောက်သေးပြီး ကျောက်မိသားစုမှာ တာဝန်ယူပေးမဲ့ မဟာယနပညာရှင်တစ်ယောက်ပဲရှိတယ်။
မဟာယနပညာရှင်တစ်ယောက်က လက်တစ်ချက်ဝေ့လိုက်ရုံနဲ့ မြို့တစ်ခုလုံးကို ပြာကျသွားအောင် လုပ်ပစ်နိုင်တယ်။ မြို့ထဲက ကျင့်ကြံသူတွေအားလုံး စုစည်းခဲ့မယ်ဆိုရင်တောင် သူတို့တွေက ဒီအစွမ်းထက်လှတဲ့ ပညာရှင်ရဲ့တကွက်အရွှေ့ကိုတောင် သည်းခံနိုင်လိမ့်မှာ မဟုတ်ဘူး။ ဒါကြောင့်လဲ ကျောက်မိသားစုရဲ့ တခြားမိသားစုဝင်တွေက အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ပဲ ရောက်ကြသေးပေမဲ့ သူတို့တွေက ရှကျန့်မျိုမှာ ထောင်ထောင်လွှားလွှား သွားလာနိုင်ပြီး ဘယ်သူကမှလည်း သူတို့တွေကိုမဆန့်ကျင်ရဲခဲ့ကြဘူး။
အချိန်တွေကြာလာတာနဲ့အမျှ ကျောက်မိသားစုက သူတို့ရဲ့ထိန်းချုပ်မှုအောက်ကနေ တဖြည်းဖြည်း ပိုပြီးတော့ လွတ်လာခဲ့တယ်။ သူတို့တွေက ဒါတွေကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် သူတို့တွေက စုပေါင်းပြီး ကျောက်မိသားစုဆီက ဖြေရှင်းချက်တစ်ခုကို လိုချင်ကြတယ်။
ကျောက်သခင်ကြီးက အုတ်မြစ်တည်ကျင့်ကြံရေးအဆင့်ပဲ ရောက်သေးပေမဲ့ ဒီလောက်များပြားတဲ့ ရွှေအမြုအတေအဆင့် ကျင့်ကြံသူတွေဝိုင်းခံထားရတဲ့ အချိန်မှာတောင်မှ နည်းနည်းလေးမှ ကြောက်ရွံ့ရိပ် မပြဘူး။ အဲဒီအစား သူက မောက်မာတဲ့ရုပ်တစ်ခုနဲ့ ခေါင်းကိုချီထားလိုက်ပြီး သူတို့ရဲ့စကားတွေကို စိတ်ထဲ လုံးဝမထားလေဘူး။ သူက သူတို့တွေကို အရေးလုပ်ဖို့ လုံးဝ စိတ်ကူးမရှိလေဘူး။ သူ့အတွက်တော့ သူတို့တွေက လူညံ့တစ်သိုက်ပဲ။
သူက အထင်သေးတဲ့ဟန်နဲ့ ငုံ့ကြည့်လိုက်တယ်။
“ ဒီတော့ ခင်ဗျားတို့တွေက ကျုပ်ရဲ့ကျောက်မိသားစုကို ဆန့်ကျင်ချင်နေတာလား”
“ ဘိုးဘေးကြီးက သီးသန့်ကျင်ကြံရေးလုပ်နေတယ်ဆိုပေမဲ့ သူက အပြင်ဘက်မှာ ဖြစ်ပျက်နေတာကို အပြည့်အဝ သတိထားမိတယ်။ ခင်ဗျားတို့တွေ မပြောခင် သေသေချာချာလေး စဉ်းစားတာ ပိုကောင်းမယ်”
ရှယောင်ယွိ၊ ချီမင်နဲ့တခြားသူတွေက ကျောက်မိသားစုအိမ်ကို ရောက်လာခြင်းမှာပဲ ဒီမြင်ကွင်းကို မြင်လိုက်ရတယ်။
ရှယောင်ယွိက သူမရဲ့ အမူအရာထဲမှာ စိုးရိမ်သွားတဲ့အရိပ်တခုနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ကျောက်မိသားစုက အရမ်းကို ဗိုလ်ကျစိုးမိုးတာပါပဲ။ ကလေးနှစ်ယောက်ကတော့ ဒီနေရာမှာ မရေမတွက်နိုင်တဲ့ အနိုင်ကျင့်ခံရတော့မယ်။
ဒီလိုစဉ်းစားလိုက်မိပြီး လက်တကမ်းအလိုက သွေးသားအရင်းကို ခံစားမိလိုက်တဲ့အခါတွေဝေမနေဘဲ ကျောက်မိသားစု အိမ်တော်ဝန်းကို ပြေးဝင်သွားတော့တယ်။
သူမနောက်မှာရပ်နေတဲ့ ချီမင်က အိမ်တော်ဝန်းထဲကပြင်းထန်လှတဲ့ မဟာယနဖိအားကို မသိမသာ ခံစားလိုက်မိပြီး မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိတယ်။ ရှကျန့်မျိုမှာ တာဝန်ယူထားတဲ့ မဟာယနပညာရှင်တစ်ယောက် တကယ်ပဲ ရှိနေတာလား။
တကယ်လို့များ ဒါက မဟာယနပညာရှင်တစ်ယောက်သာဆိုရင် သူတို့သုံးယောက်ပေါင်းပြီး တိုက်မယ်ဆိုရင်တောင် သူရဲ့လက်ထဲက ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။
ဝမ့်ကျန့်ဂိုဏ်းတစ်ခုလုံးမှာ မဟာယနပညာရှင် ခုနှစ်ယောက်ပဲရှိတယ်။ သူတို့တွေအများစုက ဝမ့်ကျန့်ဂိုဏ်းရဲ့ အရေးကိစ္စထဲမှာ ပါဝင်ပတ်သက်တာမျိုး လုံးဝ မရှိဘူး။ သူတို့တွေက ဝမ့်ကျန့်ဂိုဏ်းရဲ့ သေရေးရှင်ရေးအန္တရာယ် ဖြစ်လာတဲ့ခါကြမှသာ ထွက်ပေါ်လာတတ်တယ်။
ဒါပေမဲ့ ရှယောင်ယွိက သူ့ကလေးနှစ်ယောက်ကိုပဲ လာရှာတာပဲ။ ဒီမဟာယနပညာရှင်နဲ့တော့ ရန်သူတွေ ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။
ဒီလိုစဉ်းစားလိုက်ပြီး သူက ဝိညာဉ်စွမ်းအင်လှေပေါ်က ပျံပြီးဆင်းချလာကာ ရှယောင်ယွိကို လိုက်ဖမ်းချင်လို့ ဒေါသတကြီးဖြစ်နေတဲ့ ကျောက်မိသားစုခေါင်းဆောင်ရှေ့မှာ ရပ်လိုက်တယ်။
“ ကျုပ်က ဝမ့်ကျန့်ဂိုဏ်းခေါင်းဆောင်ပါ။ ကျုပ်က ရှကျန့်မြို့ကို ရောက်လာတာက မဟာယနပညာရှင်ဆီ အလည်လာချင်လို့ပါ။ အဆင်ပြေမလား မသိဘူးနော် “
“ဝမ့်ကျန့်ဂိုဏ်းချုပ် ဟုတ်လား” ကျောက်သခင်ကြီးက တွေဝေသွားတဲ့ ဟန်ဖြစ်သွားပြီး အိမ်တော်ဝန်းထဲကို အလောတကြီး ပြေးဝင်သွားတဲ့ ရှယောင်ယွိကို လွှတ်ပေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ်လေ အိမ်တော်ထဲမှာ ဘိုးဘေကြီးက ရှိနေတာပဲ။ ဘယ်သူကမှ ကျောက်မိသားစုကို ဒုက္ခပေးလို့ မရနိုင်ဘူး။
ရှယောင်ယွိက သူမရဲ့နောက်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို လုံးဝဂရုမစိုက်ဘူး။ သူမက သူမပတ်ဝန်းကျင်က မဟာနယပညာရှင်ဆီက ထွက်လာတဲ့ဖိအားတွေကို လုံးဝလျစ်လျူရှုထားမိတယ်။ သူမက သူမရဲ့သွေးသားတွေရှိနေတဲ့ ဒေါင့်တစ်နေရာဆီကို မြန်မြန် အပြေးလာခဲ့တယ်။
ဒီနေရာက ကျောက်မိသားစုရဲ့ အစွန်ဆုံးနေရာတစ်ခု ခြံဝန်းငယ်လေးတစ်ခု။ အရမ်းကို ယိုယွင်းနေပြီး သက်ကယ်တဲလေးတစ်လုံးသာ ကျန်တော့တယ်။
ခြံဝန်းလေးထဲမှာ တင်းမာတဲ့လေထုတစ်ခုဖြစ်နေတယ်။
ခေါင်းဆောင်က အနုစိပ်ပြီး ခန့်ညားထယ်ဝါတဲ့ ဝတ်ရုံတစ်ခုကို ဝတ်ထားပြီး သူ့ရဲ့ခေါင်းပေါ်မှာလဲ ရွှေနဲ့ကျောက်စိမ်းတခု ရောထားတဲ့ဆံထိုးတစ်ခုကို တပ်ဆင်ထားပြီး သူ့မျက်နှာပေါ်မှာတော့ ညစ်ညမ်းရိုင်းပျတဲ့ အမူအရာတစ်ခု ရှိနေတယ်။
သူရှေ့မှာရပ်နေတဲ့ရုံယိက လှပချောမောတဲ့ ရုပ်အသွင်နဲ့ မျက်ခုံးတွေကို ပိုင်ဆိုင်ထားတယ်။ သူ့ငယ်ရွယ်လှတဲ့ မာနစိတ်တွေက အစောကြီးကတည်းက ပျောက်ကွယ်သွားပြီးပြီ။ အခုတော့ သူ့မှာ သိမ်မွေ့ပြီး မာကြောတဲ့ စိတ်သဘောထားတစ်ခုသာ ကျန်တော့ပြီး သူ့မျက်နှာပေါ်မှာကတော့ ရောဂါရဲ့အငွေ့အသက်ကြောင့် ဖြူဆုတ်လို့နေတယ်။
ဒီအခိုက်အတန့်မှာ သူက လက်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ သိပ်သည်းနေတဲ့ သစ်သားချောင်းတစ်ခုကို ကိုင်ထားပြီး သူ့နောက်က ကလေးလေးနှစ်ယောက်ကို အခိုင်အမာ ကာကွယ်ပေးထားတယ်။ သူ့မျက်ခုံးတွေက တွန့်ချိုးနေပြီး သူ့မျက်လုံးတွေထဲမှာ သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်တစ်ခု ထင်ရှားနေတော့တယ်။
ကျောက်ချန်းက သူမျက်နှာပေါ်က အမူအရာကိုကြည့်လိုက်ပြီး မဖွယ်မရာ အပြုအမူတစ်ခုနဲ့ သူ့တံထွေးတွေကို သုတ်လိုက်တယ်။ ရှအန်းယန့်အပြင် ရုံယိကပါ အရမ်းကို ဆွဲဆောင်မှု ရှိနေတာကို သူက ဘယ်လိုလုပ်ပြီး သတိမထားမိဘဲ နေနိုင်မှာလဲ။
သူက ယောက်ျားတစ်ယောက်နဲ့ တစ်ခါမှ မကစားဖူးဘူးဆိုပေမဲ့ ဒီလိုအလှကလေးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ ခြွင်းချက်တစ်ခုတော့ မထားဘဲမနေနိုင်ဘူးလေ။
ဒီလိုစဉ်းစားလိုက်ပြီး သူက ပိုပြီတော့တောင် ညစ်ညစ်ညမ်းညမ်း ပြုံးလိုက်သေးတယ်။
“ မင်းတို့သုံးယောက်မှာ ဆွဲဆောင်ဖျားယောင်းနေတဲ့ရုပ်တွေ ရှိတာကို ငါတွေ့တယ်။ မင်းတို့တွေ ငါနဲ့အပျော်လိုက်ကစားပေးပြီး အဖော်လုပ်ဖို့ ကွတ်တိပဲ”
ရှယောင်ယွိက ခြံဝန်းထဲကို ရောက်လာတာနဲ့ ချက်ချင်း ကျောက်ချန်းရဲ့ အင်မတန်မှ ရွံရှာဖွယ်ကောင်းတဲ့စကားတွေကို ကြားလိုက်ရတယ်။ စဉ်းစားမနေတောဘဲ သူမဓားကို ဝှေ့ရမ်းလိုက်ပြီး သူ့ကို ခုတ်ချလိုက်တော့တယ်။
ကျောက်ချန်းနဲ့ သူ့နောက်ကအစေခံတွေက ဓားစွမ်းအင်ကြောင့် ဒဏ်ရာရကုန်ပြီး တစ်ယောက်ချင်းစီက အရိုးတွေကျိုးပြီး သွေးတွေ ပန်းထွက်လာတယ်။
ကျောက်ချန်းမှာက သူ့ကိုအကာအကွယ်ပေးမဲ့ မှော်ရတနာ အကာအကွယ်တစ်ခု ရှိနေတာမလို့ ဒဏ်ရာ နည်းနည်းလေးပဲ ရလိုက်တယ်။ သူက ရှယောင်ယွိကို ကြောက်စရာကောင်းပြီး ချိန်းခြောက်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
“ မင်းကများအတင့်ရဲလို့ ငါ့ကို ထိခိုက်အောင်လုပ်ရဲရသလား။ ငါ ဘယ်သူလဲဆိုတာ မင်းသိရဲ့လား။ ငါ့ရဲ့ဘိုးဘေးက ဘယ်သူလဲဆိုတာ မင်းသိရဲ့လား”
ရှယောင်ယွိက သူ့ကိုလုံးဝဂရုမစိုက်ဘူး။ သူက ရုံယိကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ကြည့်နေတယ်။ သူ့ရဲ့ဖျော့တော့နေတဲ့ မျက်နှာနဲ့ ပိန်လှီနေတဲ့ခန္ဓာကိုယ်ကို မြင်လိုက်ရပြီးတဲ့နောက်မှာ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ရုံယိတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်းကို ရုတ်တရက် ပြန်သတိရမိလိုက်တယ်။ သူ့အသံထဲမှာလည်း အပြစ်ရှိပြီး သနားစဖွယ်အရိပ်အယောင်တစ်ခုနဲ့ ပြည့်နှက်နေတယ်။
“ ရုံယိ ကျွန်မနောက်ကျသွားတယ်”
ရုံယိက ငေးကြောင်ကြောင်နဲ့ ရှယောင်ယွိကို စိုက်ကြည့်နေမိတယ်။ သူမက စကားပြောလိုက်တဲ့အချိန်မှာပဲ ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်။
သူရဲ့ဖြူဖျော့နေတဲ့မျက်နှာက ရုတ်တရက် နီမြန်းသွားပြီး သူရဲ့မူလက ထက်ရှပြီး မာကြောတဲ့ မျက်နှာကလည်း ကူကယ်ရာမဲ့သလို ဖြစ်သွားတော့တယ်။ သူက သူ့လက်ထဲက ဝိညာဉ်စွမ်းအင်တွေကို မသိလိုက်ပါဘဲ ရုပ်သိမ်းလိုက်ပြီး ဒီနှစ်တွေကို ဖြတ်သန်းလာပြီးတဲ့နောက်မှာ သူရဲ့အိုမင်းရင့်ရော်နေတဲ့ မျက်နှာကို စဉ်းစားလိုက်မိပြီး ကပျာကယာနဲ့ မျက်နှာလွှဲထားလိုက်တယ်။
“ ရှ_ မြို့သခင်ရှ ဘာဖြစ်လို့ ဒီကို....”
သူ့စကားမဆုံးခင်မှာဘဲ သူ့နောက်က ကလေးနှစ်ယောက်က သတိလေးနဲ့ ခေါင်းလေးတွေ ပြူထွက်လာတယ်။ ရှယောင်ယွိက သူမနဲ့ အတိုင်းအတာတစ်ခုထိ ရုပ်ချင်းဆင်နေတာကို တွေ့လိုက်ရပြီးတဲ့နောက်မှာ ရှအန်းယန့်ရဲ့ ကြောက်စိတ်မွှန်းနေတဲ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို မသက်မသာ ဖြစ်သွားတဲ့ အငွေ့အသက်တစ်ခု ပေါ်လာတယ်။ သူမက ရုံယိရဲ့အင်္ကျီလက်ကို ဆွဲလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
“ အဖေ သမီးတို့ကိုလာတွေ့တဲ့သူက အမေလား”
ရုံယိက ရှအန်းယန့်ရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူ့မျက်နှာတွေက ချက်ချင်းပဲ ဖြူဆုတ်သွားပြန်တယ်။
မြို့သခင်။ သူက ယန့်အာနဲ့ ကွေးအာတို့ကြောင့် ဒီကိုရောက်လာတာလား။
သူ့မျက်လုံးတွေထဲမှာ ဝမ်းနည်းတဲ့အရိပ်အယောင်တစ်ခု ဖြစ်သွားပေမဲ့လည်း ဒီနှစ်တွေထဲမှာ သူ့ဘေးမှာနေပြီး ဒုက္ခတွေကို ခံစားလာရတဲ့ကလေးနှစ်ယောက်ကို စဉ်းစားမိတဲ့အခါ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချနှင့်ပြီးသား ဖြစ်သွားတယ်။
ကြည့်ရတာတော့ ယန့်အာနဲ့ကွေးအာတို့က မြို့သခင်နဲ့နေတာ ပိုပြီးတော့သင့်တော်မှာပဲ။
သူက မြို့သခင်ရဲ့အကျင့်စရိုက်တွေကို သိထားပြီး သူမက သူတို့ရဲ့ကလေးတွေကို သေသေချာချာ ကောင်းကောင်းမွန်မွန် သေချာပေါက် ဆက်ဆံလိမ့်မယ်ဆိုတာကိုလည်း သိလိုက်တယ်။
ကလေးတွေ အဆင်ပြေနေသရွေ့ သူကတော့ စိတ်အေးရပါတယ်။
ရှယောင်ယွိက သူရဲ့စိုးရိမ်ပူပန်နေတဲ့ပုံကို မြင်လိုက်ရပြီး သူ့ကိုနှစ်သိမ့်ဖို့ စကားပြောတော့မဲ့အချိန်မှာပဲ တံခါးဆီကရောက်လာတဲ့ မရေမတွက်နိုင်တဲ့ခြေသံတွေကို ကြားလိုက်ရတယ်။
ကျောက်မိသားစုသခင်ကြီးက အိမ်ထဲကို မဝင်လာခင်မှာဘဲ ခြံဝန်းထဲကမြင်ကွင်းတွေကို တွေ့လိုက်ရတယ်။ သူက ဒဏ်ရာရနေတဲ့ သူ့သားကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာရင်နာပြီး ဒေါသထွက်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။
“ မင်းကများ အတင့်ရဲလို့ ကျောက်အိမ်တော်ဝန်းထဲမှာ ကျုပ်ရဲ့သားကို တိုက်ခိုကိရဲရသလား။ မင်းက ကျုပ်တို့ရဲ့ဘိုးဘေးကို လုံးဝဂရုမစိုက်တာပဲ”
“ ကျုပ် အခုချက်ချင်း ကျုပ်တို့ရဲ့ ဘိုးဘေကို ခေါ်ထုတ်ရလိမ့်မယ်။ ကျုပ်ရဲ့ဘိုးဘေက မဟာယနပညာရှင်တစ်ယောက်ပဲ။ ခင်ဗျားတို့တွေက ဝမ့်ကျန့်ဂိုဏ်းကပဲဖြစ်ဖြစ် ဝမ့်ကျန့်ဂိုဏ်းက မဟုတ်တာပဲဖြစ်ဖြစ် ခင်ဗျားတို့တွေ ကျုပ်ရဲ့ကျောက်မိသားစုကို ထိခိုက်အောင် လုပ်ရဲခဲ့မယ်ဆိုရင် ဒီကိစ္စကနေ ရှောင်လွှဲဖို့အခွင့်အရေးရမှာ မဟုတ်ဘူး”
ရုံယိက ကျောက်မိသားစုသခင်ကြီး ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူရဲ့စိုးရိမ်စိတ်တွေကို ထိန်းချုပ်မထားနိုင်အောင် ဖြစ်သွားတော့တယ်။
“ မြို့သခင် ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားပါ”
ရှယောင်ယွိက သူ့ကို ပြန်မဖြေလိုက်ဘူး။ သူမက ကိုယ့်ကိုလှည့်လိုက်ပြီး သူမရဲ့နောက်က ရုံယိနဲ့ကလေးတွေကို ပြတ်ပြတ်သားသား ကာကွယ်ပေးထားလိုက်တယ်။ သူမရဲ့ဓားကို ထုတ်ထားလိုက်တဲ့ ရည်ရွယ်ချက်က ရှေ့ကိုသတိရှိရှိတိုးသွားပြီး ဘယ်တော့မှ နောက်ဆုတ်လိမ့်မှာ မဟုတ်ဘူး။
ဒီနေ့ သူ့ရဲ့ခင်ပွန်းနဲ့ကလေးတွေကို ဘယ်သူမှ အန္တရာယ်ပေးခွင့်မပေးဘူး။ ချီမင်က ခြံဝန်းထဲက လက်ရှိအခြေအနေကို ကြည့်လိုက်ပြီးမနေနိုင်ဘဲ မျက်မှောင်ကြုတ်မိတယ်။ တကယ်လို့များ ကျောက်မိသားစုရဲ့ မဟာယနပညာရှင်က တကယ်ပဲ ထွက်လာတော့မယ်ဆိုရင်တော့...
သူတို့နဲ့ မတိုက်ခိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒီလိုမဖြစ်နိုင်ဘူးဆိုရင်တော့ သူကဂိုဏ်းထဲက မဟာယနပုဂ္ဂိုလ်တွေကို အကူအညီ လှမ်းတောင်းဖို့ပဲတတ်နိုင်တယ်”
ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားနေတုန်းမှာပဲ နောက်ဆုံးတော့ အပြင်လောကကလာတဲ့အသံက ထွက်လာခဲ့တယ်။
[ ဟဲ့ ဘယ်လိုဒါမှလဲ၊ မတွေ့တာကြာနေပြီကို ဘယ်လိုဖြစ်ပြီး တိုက်ခိုက်ချင်နေကြတာလဲ]
[ မဟာယနပညာရှင်တဲ့လား သူကဘယ်မှာလဲ။ ငါ သူ့ကို ဘာလို့မတွေ့တာလဲ]
[ကျောက်မိသားစုရဲ့ဘိုးဘေးက... ဟားဟားဟား.. သူက မဟာယနပညာရှင်.... ဒီဘိုးဘေကြီးရဲ့ ကျင့်ကြံရေးအဆင့်ကဖြင့် အခုမှ အုတ်မြစ်တည်စကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတာ]
[ဒီလိုဖြစ်နေတာကိုး။ သူက လျှို့ဝှက်နယ်မြေထဲမှာ မှော်ရတနာတစ်ခုကို ကောက်ရခဲ့တယ်လေ။ အဲဒီမှော်ရတနာက တခြားအစွမ်းမရှိဘဲနဲ့ မဟာယနကျင့်ကြံသူတစ်ယောက်ရဲ့ဖိအားလို ရုပ်ဖျက်နိုင်တဲ့ အစွမ်းပဲရှိတာတဲ့]
[သူက ဒီမှော်ရတနာကို အသုံးချပြီး ရှကျန့်မြို့ကလူတွေကို နှစ်ပေါင်းတစ်ရာကျော်လောက် လှည့်စားထားခဲ့တာပဲ။ ဘယ်သူကမှ အခုအချိန်ထိ မသိကြသေးဘူးတဲ့]
[ ဒီလိုကိစ္စကြီးကတော့ ကျင့်ကြံရေးလောကကြီးထဲမှာ တရားလွန်လွန်းပြီး ရှင်းမပြတတ်အောင်ကို ရုပ်တိမဲ့လွန်းတာပါကွာ။ ဟားဟား___]
...