← Chapters

အခန်း ၇၉

Vol. 6 Ch. 79

အခန်း ၇၉

Vol. 6 Ch. 79

အပိုင်း(၇၉)

နှစ်တစ်ရာကျော်လောက် သိလာတဲ့အသိအမြင်တွေက ရုတ်တရက် ပြိုကွဲသွားပြီး ကျောက်မိသားစုဝင်အားလုံးက ငေးမောနေတဲ့ အမူအရာတစ်ခုနဲ့ အိပ်ပျော်ရင်း လမ်းလျှောက်နေကြသလိုပဲ။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဘိုးဘေးက မဟာနယ ပညာရှင်တစ်ယောက်သာ မဟုတ်ခဲ့ဘူးဆိုရင် ကျင့်ကြံသူတွေအားလုံးက တလေးတစားနဲ့ ဘာလို့ ဆက်ဆံကြမှာလဲ။ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ရတနာတွေကို ဘာလို့ သူ့ကို အလုအယက်ပေးနေကြမှာလဲ။

သူတိုတွေက ငတုံးမှမဟုတ်ဘဲ။

သူတို့တွေက သူတို့ရဲ့စိတ်ထဲမှာ ဘိုးဘေးကြီးကို နှစ်သိမ့်ဖို့ ဘယ်လိုပဲ ကြိုးစားနေပါစေ ဘိုးဘေးကြီးက ခေါင်းမှာပွန်းပဲ့ဒဏ်ရာတွေနဲ့ မြေကြီးပေါ်မှာ ဒူးထောက်နေတာ မြင်လိုက်ရတဲ့အခါ သူတို့က ဒါကို ဝန်မခံချင်ဘူးဆိုရင်တောင် နည်းနည်းလေးစပြီး ယုံကြည်လာမိတယ်။

ဘိုးဘေးကြီးက မဟာယနပညာရှင်တစ်ယောက် မဟုတ်ဘူးဆိုရင် သူတို့တွေ ဒီနှစ်တွေမှာ ရှကျန့်မြို့မှာ လုပ်ခဲ့တဲ့ကိစ္စတွေနဲ့ သူတို့ပြစ်မှားခဲ့တဲ့ ရွှေသက်စောင့်အဆင့် ကျင့်ကြံသူတွေကတော့ ....

သွားပြီ။ လုံးဝသွားပြီ။

မဟာယနပညာရှင်တစ်ယောက်ရဲ့ အကာအကွယ်သာ မရှိဘူးဆိုရင် သူတို့ကတော့ သေချာပေါက် အသတ်ခံရတော့မှာပဲ။

ရှယောင်ယွိက မြေကြီးပေါ်မှာ ဒူးထောက်နေတဲ့ ကျောက်မိသားစုဘိုး‌ဘေးကို ကြည့်ပြီး သူမရဲ့လက်ထဲက ဓားကို သိမ်းလိုက်တယ်။

“ ရှကျန့်မြို့မှာ ဖြစ်သွားတဲ့ ကိစ္စတွေကိုတော့ ရှကျန့်မြို့သခင်က ဖြေရှင်းတာ သဘာဝကျပါတယ်”

ကျောက်မိသားစု အိမ်တော်ဝင်းကို မရေမတွက်နိုင်တဲ့ရဲမက်တွေက ဝန်းရံထားတဲ့အသံကို ကြားလိုက်ရတဲ့အခါ သူမက အပြေးအလွှား ဝင်လာတဲ့ ရှကျန့်မြို့သခင်ဆီကို ရောက်သွားလိုက်ပြီး ကျောက်မိသားစု အရေးကိစ္စတွေကို ကျစ်ကျစ်လစ်လစ် ပြည့်စုံတဲ့အမူအရာတစ်ခုနဲ့ ရှင်းပြလိုက်တယ်။

ရှကျန့်မြို့သခင်မှာ မဟာယနပုဂ္ဂိုလ်ထူးကို ဖြေရှင်းနိုင်မဲ့နည်းလမ်း မရှိတဲ့အတွက်ကြောင့် ကျောက်မိသားစုကို နှစ်ပေါင်းများစွာ သည်းခံလာရတာ။ ဒီနေ့ပြီးသွားရင်တော့ သူက နှစ်ပေါင်းရာချီအောင် ပြုလုပ်ခဲ့ကြတဲ့ ကျောက်မိသားစုရဲ့ ဒုစရိုက်ကိစ္စတွေအားလုံးကို သေချာပေါက် စာရင်းရှင်းရလိမ့်မယ်။

မျက်နှာပေါ်မှာ ကျေးဇူးတင်တဲ့အကြည့်တစ်ခုနဲ့ သူက ရှယောင်ယွိရဲ့လက်ကို ဆွဲလိုက်ပြီး သူမကို သူ့အိမ်ဆီသို့ အလည်ခေါ်လိုက်ချင်သော်ငြားလဲ ရှယောင်ယွိကတော့ တွေဝေမနေဘဲ ငြင်းပယ်လိုက်တယ်။ ဒီအချိန်မှာတော့ သူ့မက သူမရဲ့ခင်ပွန်းနဲ့ ကလေးတွေနဲ့အတူ ရှိချင်တော့တယ်။

ရဲမက်စစ်သည်တွေက ကျောက်မိသားစုဝင်အားလုံးကို ဖမ်းခေါ်သွားပြီးတဲ့နောက်မှာ ရှယောင်ယွိရဲ့ မျက်လုံးထဲမှာ ရှုပ်ထွေးနေတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူမက ရုံယိဆီကို တစ်လှမ်းချင်း လျှောက်သွားလိုက်တယ်။

ရုံယိရဲ့ ပိန်ပါးတဲ့ကိုယ်ထည်နဲ့ မျက်နှာပေါ်က ဖျားနာနေတဲ့ ရုပ်ကလေးကို ကြည့်လိုက်ပြီး သူမက ခပ်တိုးတိုး သက်ပြင်းတစ်ချက် ချလိုက်တယ်။

ရုံယိက အခုလေးတင်ဖြစ်ပျက်သွားတဲ့ ရုပ်ပျက်ဆင်းပျက် အခြေအနေကနေ နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။ သူနဲ့ အရမ်းကို နီးကပ်နေတဲ့ ရှယောင်ယွိကို ကြည့်လိုက်တဲ့အခါ အရမ်းပျာယာခတ်သွားပြီး ဘာလုပ်ရမယ်မှန်းမသိအောင် ဖြစ်သွားတယ်။

ဒီအချိန်မှာပဲ သူ့နောက်မှာရှိနေတဲ့ ရှအန်းယန့်နဲ့ ရှယွင်ကွေးတို့က သတိလေးနဲ့ ခေါင်းလေး ပြူထွက်လာပြီး သတိရှိနေပေမဲ့လဲ ထိန်းချုပ်မရတဲ့ လေးစားအားကျမှုတွေနဲ့ ရှယောင်ယွိကို ကြည့်လိုက်ကြတယ်။

ရှအန်းယန့်က ခေါင်းလေးကို မော့လိုက်ပြီး ရှယောင်ယွိနဲ့ ခြောက်ဆယ်ရာခိုင်နှုန်းလောက် တူပေမဲ့ မသိမသာလေး ပိုပြီးပိန်နေတဲ့ မျက်နှာလေးကို ဖော်ထားလိုက်တယ်။

“တကယ်ပဲ သမီးတို့ရဲ့အမေလား”

ရှယောင်ယွိရဲ့မျက်လုံးတွေက ရုတ်တရက် နူးညံ့သွားပြီး သူမက တတ်နိုင်သလောက် ညင်ညင်သာသာလေး ပြောလိုက်တယ်။

“ငါပါ၊ ငါက မင်းတို့ရဲ့အမေပါ”

ရှအန်းယန့်က ရုတ်တရက် သတိဝင်လာပြီး သူမရဲ့အသံက ပိုပြီးအများကြီး ကျယ်လာတယ်။

“ အမေ၊ အမေက နောက်ဆုံးတော့ ဂူပိတ်ကျင့်ကြံတာကနေ ထွက်လာပြီးပေါ့” သူမကခေါင်းလေးကို ပြန်လှည့်လိုက်ပြီး လင်းလက်နေတဲ့မျက်လုံးတွေနဲ့ ရုံယိကို ကြည့်လိုက်တယ်။ “အဖေ၊ အဖေက ကျန့်အာတို့ကို တကယ်မလိမ်ခဲ့ဘူးပဲ၊ အမေက ဂူပိတ်ကျင့်ကြံနေတာပဲ၊ သူက ထွက်လာတာနဲ့ချက်ချင်း သမီးတို့ကို လာရှာတယ်”

“ အမေက လူဆိုးတွေကိုလဲ အနိုငိယူသွားနိုင်တယ်။ အမေက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ”

တခြားဘက်မှာရပ်နေတဲ့ ရှယွင်ကွေးက ရုံယိနောက်ကနေ ထွက်ရပ်လိုက်ပြီး ရို့ရို့ကလေး.. “အမေ ကွေးအာက အမေ့ကို အရမ်းလွမ်းနေတာ”

ကလေးနှစ်ယောက်‌ ပြောလိုက်စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှယောင်ယွိက ရုံယိကို အမှတ်တမဲ့ လှမ်းကြည့်လိုက်တယ်။

ရုံယိက အတိုင်းအတာတစ်ခုအထိ နေရခက်သွားပြီး ခေါင်းကို ငုံ့ထားလိုက်မိတယ်။ ကလေးတွေက သူတို့အမေက သူတို့ကို ထပ်ပြီးမလိုချင်တော့ဘူးလို့ တွေးလိုက်မှာကို မလိုလားလို့ သူက ဒီလို လိမ်ညာထားခဲ့တာပါ။

မြို့သခင်ရှက သူ့ကိုဘယ်လိုထင်သွားမလဲ။ ယောက်ျားတစ်ယောက်က ကလေးမွေးတဲ့အတွက်.... ရွံဖို့ကောင်းတယ်လို့များ သူက ထင်သွားမလား။ တစ်ချိန်လုံး အလိမ်အညာတွေ ပြောနေတဲ့ လူလိမ်တစ်ယောက်လို့များ သူ့ကို ထင်သွားမလား။

သူက စိတ်ကူးယဉ် အိပ်မက်တွေ မက်နေတုန်းပါပဲ တောင်းပန်တဲ့လေသံတစ်ခုက တစ်ဘက်ကနေ ထွက်လာခဲ့တယ်။

“ဒီနှစ်တွေမှာ ရှင် ပင်ပန်းခဲ့ရပါပြီ”

ရုံယိက အမှတ်တမဲ့ ခေါင်းမော့ကြည့်လိုက်ပြီး ရှယောင်ယွိကို အူကြောင်ကြောင်နဲ့ ငေးကြည့်လိုက်တယ်။

“ မြို့သခင် မင်း...”

“ ကျွန်မက မိခင်ကောင်း မဟုတ်ခဲ့ပါဘူး”

ရှယောင်ယွိက ဝမ်စစ်ချီရဲ့စွန့်ပစ်တာခံခဲ့ရတဲ့ ရှချန်းယွင်ကို စဉ်းစားလိုက်မိပြီး သူမရှေ့က ကလေးနှစ်ယောက်ကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ဘာမှမတတ်နိုင်တော့ဘဲ သက်ပြင်းချလိုက်တော့တယ်။

“ မင်းက ကလေးတွေကို တကယ် ကောင်းကောင်းမွန်မွန် သင်ကြားပေးခဲ့တာပါ”

“ မင်းက မြို့သခင်ကောင်းတစ်ယောက်ပါ” ရုံယိက စဉ်းစားမနေပဲ ပြောချလိုက်တယ်။

“ မင်းရဲ့အုပ်ချုပ်မှုအောက်မှာ မင်ကျန့်မြို့က စည်ပင်ပေါများကြွယ်ဝပြီး မြို့ထဲက မတရားမှု၊ မှားယွင်းစွပ်စွဲမှုကိစ္စတွေကိုလဲ ရှင်းလင်းခဲ့တယ်။ မင်ကျန့်မြို့က အခုဆိုရင် သီးသန့်ကျင်ကြံသူတွေ တော်တော်များများ အခြေချဖို့ ရွေးချယ်တဲ့ မြို့တစ်မြို့ဖြစ်လာပြီ”

“ဒီအပြင် ပြီးခဲ့တဲ့နှစ်ရက်ကျော်ကလောက်ကလဲ လူလိမ်တွေရဲ့လှည့်စားတာ ခံလိုက်ရတဲ့ မြို့သားတွေဆီကိုလဲ အလည်အပတ် သွားရောက်ခဲ့သေးတယ်။ ဒါတွေတင် မဟုတ်သေးဘူး...”

ဒါတွေအားလုံးက ရှကျန့်မြို့သခင်လို မဟုတ်ဘူးလေ။ ရှကျန့်မြို့က လူတချို့လဲ အလိမ်ခံလိုက်ရသေးတယ်။ ဒါပေမဲ့လဲ မြို့သခင်က ရဲမက်တွေကို ခဏလောက်ပဲ ရှာဖွေခိုင်းလိုက်ပြီးတော့ နောက်ထပ်သတင်း မကြားရတော့ဘူး။

သူက သတ္တိမွေးပြီး ခေါင်းကို ထောင်းလိုက်ပြီးတော့ ရှယောင်ယွိရဲ့မျက်လုံးကို တည့်တည့်ကြည့်လိုက်ပြီး အင်မတန်မှ လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။

“ မင်းက ကောင်းပါတယ်၊ တကယ်ကောင်းတာပါ”

ရှယောင်ယွိက သူ့ကို မကယ်တင်ပေးခဲ့ဘူးဆိုရင် သူက ရူးသွပ်နေတဲ့ ဝိညာဉ်သားရဲရဲ့ ပါးစပ်ထဲမှာ သေသွားလောက်ပြီးလေ။

မကောင်းတဲ့လူက... သူပါ။

မြို့သခင်နဲ့ မထိုက်တန်တဲ့သူကလဲ... သူပါပဲ။

ရှယောင်ယွိက ရုံယိရဲ့ခေါင်းမာတဲ့အကြည့်ကို ကြည့်လိုက်ပြီး မတတ်သာတော့ဘဲ ခေါင်းခါလိုက်တယ်။

ရုံယိက သူ့ဘေးက ကလေးတွေ လှမ်းဆွဲလိုက်တာ ခံစားမိလိုက်ပြီး ရှယောင်ယွိနဲ့ ပြန်ဆုံတွေ့ရတဲ့ပျော်ရွှင်မှုက တဖြည်း‌ဖြည်း မှေးမှိန်သွားတယ်။ မြို့သခင်က ဒီတစ်ခါရောက်လာတာ ကျန့်အာနဲ့ ကွေးအာကို လာခေါ်တာပဲ။

ဒီနေ့ဖြစ်သွားတဲ့ခဲ့ကိစ္စတွေကလဲ သူ့ကို အရမ်း‌ ကြောက်လန့်သွားစေခဲ့မိတယ်။ ကလေးနှစ်ယောက်ကသာ ငယ်ငယ်လေးကတည်းက မြို့သခင်နဲ့ အတူတူရှိခဲ့မယ်ဆိုရင် ဒီလောက်များပြားတဲ့ အန္တရာယ်နဲ့ထိတွေ့ခဲ့ရမှာ မဟုတ်သလို သူနဲ့အတူတူနေရတုန်းကလဲ ဒုက္ခတွေကို ခံစားခဲ့ရမှာ မဟုတ်ဘူး။

သူက အဖေကောင်းတစ်ယောက် မဟုတ်ဘူး။ အမြဲတမ်း အရမ်းကို အတ္တကြီးမိခဲ့ပြီး သူ့ဘေးမှာပဲ ခေါ်ထားခဲ့မိတယ်။

ကလေးတွေက ပိုပြီးကောင်းမွန်တဲ့ အနာဂတ်တစ်ခုနဲ့ ထိုက်တန်တာ သေချာတယ်။

သူက ရင်နာနေတဲ့ခံစားချက်ကို ကြိုးစားထိန်းချုပ်လိုက်ပြီး ကလေးနှစ်ယောက်ကို သူအမေရဲ့စကား နားထောင်ဖို့ ပြောတော့မဲ့ဆဲဆဲမှာပဲ ရှယောင်ယွိက တိုးတိုးလေး ပြောလိုက်တယ်။

“ ဝမ်စစ်ချီက မြို့သခင်ကို လုပ်ကြံဖို့ကြိုးစားခဲ့တယ်။ ဒါကြောင့်မလို့ သူ့ကို အမှောင်ခန်းထဲမှာ ပိတ်လှောင်ထားတယ်...”

သူ့စကားမဆုံးခင်မှာပဲ ရုံယိက စိုးရိမ်တကြီး ခေါင်းပြန်မော့လာပြီး သူ့အသံက အနည်းငယ်တုန်ယင်သွားတယ်။

“ မြို့သခင် အဆိပ်က အရမ်းပဲပြင်းသလား။ မြို့သခင် မင်း....”

“ ကျွန်မ အဆင်ပြေပါတယ်”

ရှယောင်ယွိက အရင်ကတစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တစ်ခုကို ရင်ထဲမှာ နာနာကျင်ကျင်နဲ့ ခံစားမိသွားတယ်။ သူမရဲ့လက်ဖျားလေးတွေက ထိန်းမရအောင် လှုပ်ရှားသွားပြီး သူမရဲ့အသံကလဲ တရားဝင် ထွက်လာတော့တယ်။

“အခု မြို့သခင်ရဲ့အိမ်တော်ဝင်းထဲမှာ အိမ်တော်ကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် ခင်ပွန်းတစ်ယောက် လိုအပ်နေတာ၊ ရှင်က တာဝန်ယူဖို့ ဆန္ဒရှိလား”

“ကျန့်အာနဲ့ကွေးအာတို့ဘေးမှာ ရှင်ရှိနေတော့ ကျွန်မက ပိုပြီး စိတ်‌အေးရတယ်”

ရုံယိက ဒီလောက်ကြီးမားတဲ့ ပိုင်မုန့်ကြီးကြောင့် မှင်တက်အံ့ဩသွားပြီး သတိပြန်ဝင်လာဖို့ အချိန်အတော်လေး ယူလိုက်ရတယ်။ သူက ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်တယ်။

“ ကျွန်တော် လုပ်ဖို့လိုလားပါတယ်”

ရှယောင်ယွိက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး သူမရဲ့လက်ကို သူ့ဘက် ကမ်းပေးလိုက်တယ်။

“ ခင်ပွန်း မြို့သခင်အိမ်တော်ကို အတူတူပြန်ကြရအောင်”

ချီမင်နဲ့ ဝိန်းကျစ်တို့က ကျောက်မိသားစုကို ခေါ်သွားလိုက်ပြီးတော့ သိပ်မကြာခင်မှာပဲ ခြံဝင်းထဲကနေ တွေးတွေးဆဆနဲ့ ထွက်လာလိုက်ကြပြီး ရှယောင်ယွိနဲ့ တခြားသူတွေအတွက် အချိန်ပေးထားလိုက်တယ်။

ဝိန်းကျစ်က ရှယောင်ယွိဆီမှာ ဖြစ်သွားတဲ့ကိစ္စတွေကို ပြန်စဉ်းစားလိုက်ပြီး ခေါင်းခါရင်း သက်ပြင်းတစ်ချက် ချလိုက်တယ်။

“ တစ်ယောက်တည်းနေတာပဲ ကောင်းပါတယ်။ မဟုတ်ဘူးဆိုရင် ကိုယ့်ဘေးမှာ နေနေတဲ့လူက ကိုယ့်ကို တစ်ချိန်လုံး သတ်ချင်နေတာတောင် မသိဘဲဖြစ်နေလိမ့်မယ်”

“ အဲဒီဝမ်စစ်ချီက သိမ်မွေ့ပြီးသစ္စာရှိမဲ့ပုံ၊ မြို့သခင်အိမ်တော်ကိုလဲ ပြီပြည့်စုံအောင်စီစဉ်ပေးမဲ့ပုံ ပေါက်နေပြီးတော့၊ သူက နောက်ကွယ်မှာတော့ ဒီလောက်ရက်စက်တဲ့သူ ဖြစ်နေမယ်လို့ လုံးဝမထင်ထားခဲ့မိဘူး”

“ လူတစ်ယောက်ရဲ့မျက်နှာကိုသိနိုင်ပေမဲ့ သူ့စိတ်ကိုတော့ မသိနိုင်ဘူးပဲ”

ချီမင်က ဒီစကားကို ကြားလိုက်တဲ့အခါ ချောင်းဟန့်ပြီး ပြောလိုက်တယ်။

“ ကျုပ်အထင်တော့ ရုံယိက မြို့သခင်ရှကို တကယ် နက်နက်နဲနဲ ချစ်တာပဲ။ မြို့သခင်ရှက အစကတည်းက ဒီသခင်လေးရုံနဲ့ တွေ့ဆုံခဲ့ရတာ။ သူက ဘဝရဲ့အတက်အကျတွေကို ရင်ဆိုင်ခဲ့ရလိမ့်‌မယ်လို့တောင် မထင်မိဘူး”

“ မြို့သခင်ရှက သူနဲ့တွေ့တာ ကံကောင်းသွားတာပဲ။ တကယ်လို့များ မြို့သခင်ရှသာ သတိမထားခဲ့မိဘူးဆိုရင် ဝမ်စစ်ချီရဲ့လက်ထဲမှာ သေဆုံးသွားလောက်ပြီ”

ဝိန်းကျစ်က အထင်သေးဟန်နဲ့ လက်ခါပြလိုက်တယ်။

“ တစ်ယောက်တည်းဖြစ်တာ အကောင်းဆုံးပါဗျာ။ ဘာလို့များ အပြင်ထွက်ပြီး ကိုယ့်ဟာကို ဒုက္ခရှာရမှာလဲ”

စူးလီက ဖရဲသီးစားလို့ဝသွားပြီး တိမ်လွှာကြေးမုံကို ပိတ်‌တော့မဲ့ဆဲဆဲမှာပဲ ဝိန်းကျစ် သက်ပြင်းချသံကို ကြားလိုက်တယ်။

သူမက ကောင်းကင်စာအုပ်ကို သာမန်ကာလျှံကာ လှန်လျောကြည့်လိုက်ပြီး စာအုပ်ထဲက စာလုံးတွေကို ဖတ်လိုက်တယ်။ သူမရဲ့အသံက သနားတဲ့အရိပ်အယောင်အပြည့် ဖြစ်သွားတယ်။

[ရှင်ပြောတဲ့စကားက အရမ်းကို အဓိပ္ပာယ်ရှိတယ်လို့ ကျွန်မက ထင်ပေမဲ့လဲ ရှင်အမေကတော့ အဲလို လုံးဝ မထင်တာ သိသာတယ်]

[အခုတလော ရှင် လုံးဝ အလုပ်မများနေတာကို သူ သိတယ်လေ၊ ဒါကြောင့်မလို့ ရှင်နဲ့ ချိန်းတွေ့ပေးဖို့အတွက် မိန်းကလေး အယောက်ငါးဆယ် ရှာထားပေးတယ်တဲ့။ အယောက်ငါးဆယ်တောင်နော်]

[ ဝိုး၊ အရွယ်အစားမျိုးစုံ၊ ဆိုဒ်မျိုးစုံနဲ့ အမျိုးသမီးကျင့်ကြံသူတွေပဲ။ မိန်းမလှလေးကနေ သူရဲကောင်းဆန်ဆန် ခန့်ညားပြီး ယောက်ျားဆန်ဆန် ပုံစံလေးတွေတောင် ပါသေးတယ်]

[ ဟားဟားဟား ရှင်ကယောက်ျားတွေကို ကြိုက်သွားမှာ ရှင့်အမေက ကြောက်နေတာလေ။ ဒါကြောင့်မလို့ ဒီလိုရုပ်သွင်မျိုးနဲ့ အမျိုးသမီးကျင့်ကြံသူတွေကို ရှာထားပေးတာပဲ]

[ဟားဟား ရှင်က အရမ်းကံကောင်းတာပဲ]

ဝိန်းကျစ်ရဲ့မျက်နှာက ကြောက်ရွံ့မှုအပြည့် ဖြစ်သွားတယ်။

“ဂိုဏ်ချုပ်ကြီး ရုတ်တရက်ကြီး အခုမှသတိရလာလို့ ကျုပ် လျှို့ဝှက်နေရာလေးတစ်ခုကို သွားလိုက်ပါအုံးမယ်။ ဒီလူလိမ်တွေကိုတော့ ဝမ်ကျန့်ဂိုဏ်းကိုပဲ လွှဲထားလိုက်တော့မယ်”

“ ကျုပ် အရင်သွားလိုက်တော့မယ်”

ရွှမ်းလင်တောင်ထွတ်

ဖရဲသီးစားရင်း အရမ်းကိုကျေနပ်နေတဲ့ စူးလီက ရောင့်ရဲတင်းတိမ်သွားပြီး လေချဉ်တောင် တက်လိုက်သေးတယ်။ သူမက လက်ကို ဝေ့ရမ်းလိုက်ပြီး လေထဲက တိမ်လွှာကြေးမုံကို သိမ်းထားလိုက်တယ်။

သူမဘေးက စားပွဲပေါ်က ကုန်သွားတဲ့အသားကင်ကို ကြည့်လိုက်ပြီး အသားကင်နံ့ကို ပြန်စဉ်းစားရင်း ခေါင်းညိတ်လိုက်တယ်။

ရှန်ချန်းဟန်ရဲ့အသားကင်က တကယ် အံ့ဩစရာကောင်းတာပဲ။ ငါက ဒီအတိုင်းပြောပြလိုက်ရုံနဲ့ ရှန်ချန်းဟန်က ငါလိုချင်တဲ့အရသာကို လုပ်ပေးနိုင်တယ်။

ဒါပေမဲ့ အခုတလော ရှန်ချန်းဟန်က အချုပ်အလုပ် လုပ်နေရတာ ... ဝါသနာပါတဲ့ပုံပဲ။

သူမက လက်တစ်ဖက်နဲ့မေးကို ထောက်ထားလိုက်တယ်။ ပြီးခဲ့တဲ့နှစ်ရက်တုန်းက သူ ဘာမှမလုပ်ဘူး။ ဒီတော့ ဝမ်ကျန့်ဂိုဏ်းမှာ ရှန်ချန်းဟန်ရဲ့ဆရာဖြစ်လာနိုင်တဲ့ ဆရာအ‌လောင်းအလျာတွေကို ကြည့်ပေးနေတာပေါ့။ ကံဆိုးချင်တော့ သူတို့တွေအားလုံးက ဝင်ငွေနည်းပါးကြတယ်လေ...။

ဒါမှမဟုတ် အားလုံးက လိုအပ်ချက်နဲ့ မကိုက်ညီဘူးဆိုရင်တော့ လူပုတွေကြားထဲက အရပ်အမြင့်ဆုံးသူကိုပဲ ရွေးရတော့မှာလား။

ထားလိုက်ပါအုံးလေ နောက်တစ်ခါထပ်ရှာကြတာပေါ့။

ဒီအချိန်မှာတော့ စူးလီက ပြီးခဲ့တဲ့လအနည်းငယ်တုန်းက သူမ အများကြီး ပြောင်းလဲသွားတာကို သတိမထားမိလိုက်ဘူး။

အရင်တုန်းကသာဆိုရင် သူမက ဖရဲသီးတွေ စားပြီး ဒီအတိုင်း ကြည့်နေမှာပဲ။ ဖရဲသီးကိစ္စကိုလဲ ဝင်စွက်ဖက်မှာ မဟုတ်သလို ဒီဖရဲသီးနဲ့ဆိုင်တဲ့လူတွေကိုလဲ ဂရုစိုက်မိမှာမဟုတ်ဘူး။ အလွန်ဆုံး သူမက နောင်တမရချင်လို့ စကားတစ်ခွန်းနှစ်ခွန်းလောက် သတိပေးတာ‌လောက်ပဲရှိတာ။

အစတုန်းကတော့ သူမက သူမရဲ့အရင်ဘဝတုန်းကလိုပဲ ဘေးမှာ ရပ်ကြည့်နေတဲ့သူလို့ပဲ သူဟာ့သူ ထင်ထားခဲ့တာ။

ဒါပေမဲ့ သူမက အခုတော့ ရှန်ချန်းဟန်ရဲ့ ဆရာအတွက် ဆရာအလောင်းအလျာတစ်ယောက်ကိုတောင် အကြိမ်ကြိမ် ရှာပေးနေသတဲ့။

ဒီအချိန်မှာပဲ တံခါးအပြင်ဘက်မှာ လူရိပ်တစ်ခုကို သတိထားမိလိုက်တော့ အိပ်ရာပေါ်က ဆင်းပြီး တံခါးဖွင့်ပေးလိုက်တယ်။

တံခါးနားမှာရပ်နေတဲ့ ရှန်ချန်းဟန်က တံခါးဖွင်သံကို ကြားလိုက်တယ်။ သူမက ဇဝေဇဝါနဲ့ လက်ကို နောက်ပြန်ပို့ထားလိုက်ပြီး သူမလက်ထဲက ပစ္စည်းကို ဝှက်ထားလိုက်တယ်။

စူးလီက သူမရဲ့လှုပ်ရှားမှုကိုမြင်သွားပြီး တွေးတွေးဆဆနဲ့ မျက်တောင်ခတ်လိုက်တယ်။

“ နင်...”

ရှန်ချန်းဟန်က သူမရဲ့အသံကို ကြားလိုက်ရတဲ့အချိန် ဇဝေဇဝါနဲ့ နောက်ကို လှည့်ကြည့်လိုက်တယ်။

သူမလက်ထဲက ကိုင်ထားတဲ့ပစ္စည်းက သူမကိုယ်တိုင် ထိုးထားတဲ့ ကတ္တီပါသားယုန်လေးတစ်ခုပဲ။ ယုန်ကလေးမှာ ကျင့်ကြံရေးလောကထဲက အဆင့်နှစ်ဝိညာဉ်သားရဲရဲ့ ကြောက်စရာကောင်းတဲ့ ဟန်ပန်တစ်ခုရှိပေမဲ့ ပွယောင်ယောင်ပန်း‌ရောင် နားရွက်တစ်စုံနဲ့ အနီရောင် မျက်ဝန်းတစ်စုံလဲ ရှိတယ်။ ထူးထူးခြားခြားကို ချစ်စရာကောင်းနေတယ်။

“ ချန်ပေ့ ပြီးခဲ့တဲ့နှစ်ရက်တုန်းကလေ ချန်ပေ့က ယုန်ကင်စားတယ်မလား။ အဲဒီတုန်းက ချန်ပေ့က အမွှေးပွပွယုန်လေးတွေက ချစ်စရာကောင်းတယ်လို့ ပြောခဲ့တယ်လေ “

ဒါက ရှန်ချန်းဟန်အတွက် ဒီလိုထူးဆန်းတဲ့ပစ္စည်းတွေ ချုပ်လုပ်ပေးတာ ပထမဦးဆုံးအကြိမ်ပဲ။ သူမက ချန်ပေ့ ပြောတဲ့အတိုင်း တိမ်လိုပွယောင်းယောင်း ယုန်လေးကို အကောင်းဆုံး လုပ်ပေးချင်ပေမဲ့လဲ ချန်ပေ့ ပြောလိုက်တဲ့ပုံစံနဲ့က အတိုင်းအတာတစ်ခုထိ ကွာခြားနေတယ်။

ဒီပွယောင်းယောင်းယုန်သားရဲလေးက ထူးဆန်းနေတယ်လို့ ထင်လား။

သူမရဲ့ပတ်ဝန်းကျင်က အေးတိအေးစက်နဲ့မာထန်တဲ့ခံစားချက်က ကူကယ်ရာမဲ့တဲ့ ခံစားချက်တစ်ခု တဖြည်းဖြည်း အစားထိုး ဝင်ရောက်လာတော့တယ်။ သူမက သူမရဲ့လက်ကို ပြန်ရုပ်သိမ်းတော့မဲ့ အချိန်မှာပဲ သူမရဲ့လက်ထဲက ပွယောင်းယောင်း တိမ်ပုံယုန်သားရဲလေးကို လှမ်းယူတဲ့လက်တစ်ဖက်ကို တွေ့လိုက်တယ်။

စူးလီက သူမရဲ့လက်ထဲက ချစ်စရာကောင်းပြီး ရုပ်ဆိုးတဲ့ယုန်လေးကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ရယ်‌မောလိုက်မိတယ်။

သူမရဲ့အသံက ပျင်းရိလေးတွဲနေပေမဲ့လဲ နူးညံ့နေတယ်။

“ ချစ်စရာလေးပဲ၊ ငါ ဒါကိုအရမ်းကြိုက်တယ်”

ရှန်ချန်းဟန်ရဲ့မျက်လုံးတွေက ရုတ်တရက် လင်းလက်သွားပြီး နည်းနည်းလေးပိုပြီး အသက်ဝင်ပြီး ငယ်ရွယ်တဲ့အရောင်အဝါတစ်ခု ဖြစ်လာတယ်။

“ ချန်ပေ့က သဘောကျတယ်ဆိုရင် ကျေနပ်ပါပြီ”

“ကျွန်မကလေ၊ ကတ္တီပါသားနဲ့လုပ်ထားတဲ့ အမြီးကိုးချောင်း မြေခွေးတစ်ကောင်ကိုလဲ ပြင်ဆင်ထားတယ်။ ကျွန်မ အခုပဲသွားယူလိုက်မယ်”

စူးလီက ကူကယ်ရာမဲ့သွားသလို မျက်ခုံးကို ပွတ်သက်လိုက်ပြီး လက်တစ်ဖက်နဲ့ ရှန်ချန်းဟန်ကို လှမ်းဆွဲထားလိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံတစ်ခုနဲ့ ပြောလိုက်တယ်။

“ နင် ဒီလိုတွေလုပ်စရာမလိုပါဘူး”

ရှန်ချန်းဟန်ရဲ့ ငေးငိုင်သွားတဲ့အမူအရာကို ကြည့်လိုက်ပြီး သူမက အသာအယာ ခေါင်းခါပြလိုက်တယ်။

“ နင့်မှာ ဒီလိုအားလပ်တဲ့အချိန်ရှိနေတာပဲ၊ နင်ကြိုက်တဲ့ တစ်ခုခုလေး လုပ်ရင်ကော...”

သူမက တံခါးဘောင်ကို မှီထားလိုက်ပြီး သူမရဲ့အသံက နည်းနည်းလေး အေးဆေးနေတယ်။

“အပြင်ထွက် လက်ဖက်ရည်လေး ဘာလေးသောက်၊ မိတ်ဆွေ‌ဖွဲ့၊ ပန်းတွေကိုရှုစားပြီး တခြားကျင့်ကြံသူတွေလို စောင်းတီးတာဖြစ်ဖြစ် လုပ်ရင်ကော မကောင်းဘူးလား”

ရှန်ချန်းဟန်က ဘာမှမတတ်နိုင်သလို ခေါင်းလေးကို ငုံ့ထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

“ ဒါပေမဲ့ ကျွန်မက အဲဒါတွေကို မကြိုက်ဘူးလေ”

“ ကျွန်မက ချန်ပေ့ကို ပျော်အောင်လုပ်ပေးနိုင်မဲ့ကိစ္စတွေကိုပဲ ကြိုက်တာ”

ဒီအချိန်မှာတော့ သူမက ခေါင်းကိုမော့ထားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ပြတ်သားမှုအပြည့် ဖြစ်နေတော့တယ်။

“ ချန်ပေ့က ပျော်နေတယ်ဆိုရင် ကျွန်မကလဲပျော်ရတာပဲ”

စူးလီမှာ အဝေးမှာရှိတဲ့ ရွှမ့်ချန်ဂိုဏ်းက တစ်စုံတစ်ယောက်ကို မနေနိုင်ဘဲ စဉ်းစားမိသွားပြီး ကူကယ်ရာမဲ့သလို သက်ပြင်းချလိုက်တယ်။ အဖြေတွေကလဲ ဘာဖြစ်လို့များ တစ်ထပ်တည်း တူနေရတာလဲ။

ရှန်ချန်းဟန်က သူမရဲ့သက်ပြင်းချသံကို ကြားလိုက်ပြီး သူမက စိတ်ဆိုးသွားမှာ ကြောက်ရွံ့တဲ့အတွက် မြန်မြန်ပြန်ပြောလိုက်တယ် ။

“ ချန်ပေ့ ကျွန်မလေ ဓားသိုင်းကွက်တွေကို ဆွေးနွေးဖို့ ရွှီလင်နဲ့ တခြားသူတွေဆီ သွားလိုက်အုံးမယ်။ ကျွန်မက လက်ဖက်ရည်သောက်ပြီး ပန်းတွေကိုလဲ သွားကြည့်ခဲ့ပါမယ်”

ဒီအချိန်မှာတော့ သူမက သတိလေးနဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်။

“ ပြီးရင်လေ ချန်ပေ့၊ ကျွန်မ လက်ဖက်ရည် သွားသောက်ပြီးရင်လေ အဲဒီကတ္တီပါသား ဝိညာဉ်သားရဲတွေကို ဆက်ပြီးချုပ်လုပ်လို့ရမလား”

သူမက သူမရဲ့ချန်ပေ့ကို တကယ် အရမ်းပဲ သဘောကျတာပါ။

သူမကို ဒုတိယဘဝပေးခဲ့တာ ချန်ပေ့လေ။ ဒါပေမဲ့ ချန်ပေ့က သူ့မှာ လိုချင်တဲ့အရာတိုင်း ရှိနေပြီး သူမဆီ‌နေက ဘာတစ်ခုမှ ဘယ်တုန်းကမှ မလိုချင်ဘူး။ သူက သူမကိုလမ်းညွှန်ပြီး အကူအညီပေးတာတွေပဲ လုပ်ခဲ့တယ်။

သူမက သူမရဲ့ချန်ပေ့ကို တကယ်ပဲ ပျော်ရွှင်စေချင်တယ်။ အပြုံးလေးတစ်ခုပဲ ဆိုရင်တောင်မှပေါ့။

စူးလီက သူမရဲ့သတိလေးနဲ့ ချစ်ရာကောင်းတဲ့ ရုပ်သွင်လေးကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ သူမရဲ့ခေါင်းလေးကို လှမ်းဖွပေးလိုက်တယ်။

“ ထားလိုက်ပါတော့ နင်ကြိုက်တာပဲ လုပ်ပါ”

“ ချန်ပေ့”

ဒီအချိန်မှာပဲ အရမ်းကိုတိုးညင်းပေမဲ့ အင်မတန်မှ ရင်းနှီးနေတဲ့ အသံတစ်ခုက အဝေးက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

စူးလီက မော့ကြည့်လိုက်တဲ့အချိန်မှာ သိပ်မဝေးလှတဲ့နေရာမှာ ရပ်နေပြီး သူမကို တိတ်တိတ်လေး ကြည့်နေတဲ့ပုံရိပ်တစ်ခုကို မြင်လိုက်တယ်။ သူမရဲ့လက်ကတော့ ရှန်ချန်းဟန်ရဲ့ခေါင်းပေါ်မှာ ရှိနေတုန်းပဲ။

ဟဲ့ - ဘယ်လိုလုပ်ပြီး ရှင်းမပြတတ်တဲ့ မလုံမလဲ ခံစားချက်ကြီး ငါ့မှာ လာဖြစ်နေရတာလဲ။

...

All Chapters