အခန်း ၈၂
Vol. 6 Ch. 82
အပိုင်း(၈၂)
ယွင်ချွမ်ခန်းမထဲမှာ ဝမ့်ကျန့်ဂိုဏ်းသားအားလုံးက စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး ခန်းမထဲက လေထုအခြေအနေက အပ်ကျသံကို ကြားနိုင်လောက်တဲ့အထိ အရမ်းကို တိတ်ဆိတ်ငြိမ်သက်သွားတယ်။
ဒီအချိန်မှာတော့ ပေါ့ပါးပြီးပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်တဲ့ စူးလီရဲ့အသံက ပိုပိုပြီးတော့ ထင်ရှားလာခဲ့တယ်။
“အတင့်ရဲလို့ ဘယ်သူကများ ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ ဓားသိုင်းပညာကို မေးခွန်းထုတ်ရဲရသလဲ”
ခန်းမထဲက ဝမ့်ကျန့်ဂိုဏ်းသားတွေနဲ့ ရွှင့်ချန်ဂိုဏ်းသားတွေက အသံလာရာဘက်ကို ကြည့်လိုက်ကြတယ်။
စူးလီနဲ့ အနီးဆုံးမှာရှိနေတဲ့ ရှန်ယွမ်အန်းက သူမကို အရင်ဆုံးကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲက ဒေါသကလည်း ပျောက်ကွယ် မသွားသေးဘူး။
စူးလီက ချီကျင့်ကြံရေးအဆင့်ပဲ ရှိသေးတာကို မြင်လိုက်ရပြီးတဲ့အခါ ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူစိတ်ထဲက ဒေါသတွေကို ခက်ခက်ခဲခဲ မျိုသိပ်ထားလိုက်ရတယ်။
ဒီလူက ဝမ့်ကျန့်ဂိုဏ်းက တပည့်တစ်ယောက်လည်းမဟုတ်သလို ကျင့်ကြံရေးကလည်း နိမ့်ပါးတယ်။ ဒီတော့ သူက ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ အကျိုးဆောင်ခဲ့တာတွေကို မကြားခဲ့ဖူးတာ နားလည်ပါတယ်။
ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်လုံးတွေထဲမှာလည်း ဝမ့်ကျန့်ဂိုဏ်းက တခြားလူတွေလိုပဲ တူညီတဲ့ တယူသန်ဝါဒီတစ်ခုနဲ့ ပြည့်နေတော့တယ်။
“ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ ဓားသိုင်းပညာက ထူးခြားတယ်။ ဘယ်ဓားသိုင်းသမားကမှ သူနဲ့လုံးဝ မယှဥ်နိုင်ဘူး”
တစ်ဖက်မှာ ရှိတဲ့ သိုလှောင်ရုံအကြီးအကဲကလည်း တွေဝေမနေဘဲ ပြန်ဖြေလိုက်တယ်။
“ဟုတ်တယ်၊ ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ ဓားသိုင်းပညာက ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်ပြီး တိမ်လွှာတွေကို လွှင့်စင်သွားအောင် လုပ်နိုင်တဲ့အစွမ်းရှိတယ်။ ကျင့်ကြံရေးလောကထဲမှာ ဘယ်သူကမှ ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ ခွန်အားအပြည့်သုံးထားတဲ့ ဓားသိုင်းကို ခံနိုင်ရည်ရှိတဲ့သူ မရှိဘူး”
“ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ ယွမ်ချင်းဓားသိုင်း သုံးကွက်ဟာဆိုရင် အမြင့်မားဆုံး ဓားသိုင်းနည်းပညာပဲ၊ ဒီနေ့အထိ ဘယ်ဓားသိုင်းကျင့်ကြံသူကမှ အဲ့ဒီဓားသိုင်းပညာရဲ့ တစ်ထောင်ပုံတစ်ပုံကိုတောင်မှ နားလည်နိုင်တဲ့သူ မရှိဘူး”
“ဟုတ်တယ်၊ အဲ့ဒီတုန်းက ထိုက်ယွမ်အချုပ်အခြာကြီးဟာဆိုရင်..”
စူးလီက ဝမ့်ကျန့်ဂိုဏ်းရဲ့ တယူသန်အစွဲတွေနဲ့ လေးစားအားကျဖြစ်နေတဲ့ စကားလုံးတွေကို နားထောင်ရင်း တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။ ကြည့်ရတာ ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ ဓားသိုင်းပညာက တကယ်ကောင်းတဲ့ပုံပဲ။
ဒါပေမဲ့လည်း သူတို့တွေမှာ သူမရဲ့ဒုတိယမေးခွန်းကို ပြန်ဖြေဖို့ စိတ်ကူးမရှိတာကို မြင်လိုက်ရတဲ့အခါ သူမက လက်တစ်ဖက်ကိုမေးပေါ်တင်ပြီး ထပ်မေးလိုက်တယ်။
“ဒီလိုဆိုတော့ သူက လူတွေကို သင်ကြားပေးဖို့သင့်တော်လား”
သူမရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ ချီမင်က မျက်မှောင်ကြုံလိုက်ပြီး အသက်ရှုသံတွေကလည်း အများကြီးပိုပြီး မြန်ဆန်လာတော့တယ်။
ဒါပေမဲ့လည်း ပိုင်ကျစ်ယွင်က စူးလီနဲ့ အရမ်းကို ရင်းနှီးနေတာကို တွေ့လိုက်ရပြီး ပိုင်ကျစ်ယွင်က ရွှင့်ချန်ဂိုဏ်းအတွက် အရေးကြီးတဲ့ပုံ ပေါက်တာကို စဥ်းစားမိလိုက်ပြီး ခုနတုန်းက ရွှင့်ချန်ဂိုဏ်းကနေ မှော်ရတနာတစ်ခု ငှားယူမဲ့စိတ်ကူးလည်းရှိနေပြီး... ရွှင့်ချန်ဂိုဏ်းမှာ ရတနာတွေအများကြီးရှိနေပြီး ဘိုးဘေးကြီးကို ကယ်တင်ဖို့အရေးကို စဥ်းစားလိုက်မိတော့ သူ့မှာ သူတို့တွေကို မပြစ်မှားနိုင်တော့လေဘူး။
ဒီလိုစဥ်းစားလိုက်ပြီး နောက်ဆုံးတော့ သူက အေးတိအေးစက် မျက်နှာထားတစ်ခုနဲ့ မေးလိုက်တယ်။
“တာအိုရောင်းရင်းက ဘာဖြစ်လို့ ဒီမေးခွန်းကို မေးရသလဲ”
စူးလီက သူ့ကို ကြည့်လိုက်ပြီး အဖြေချက်ချင်း မပေးလိုက်ဘဲ ကြိတ်ပြီး သက်ပြင်းချလိုက်တယ်။
“ကြည့်ရတာ ထိုက်ယွမ်အချုပ်အခြာကြီးက ဓားသိုင်းကိုပဲ ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ပေမဲ့ တခြားသူတွေကိုတော့ ဘယ်လို သင်ပေးရမယ်ဆိုတာ သိတဲ့ပုံမပေါ်ဘူး”
ချီမင်ကတော့ တစ်စုံတစ်ယောက်က ထိုက်ယွမ် အချုပ်အခြာကြီးအကြောင်း မကောင်းပြောနေတာကို လုံးဝလက်မခံနိုင်ဘူး။ သူကမျက်လုံးအပြူးသားနဲ့ ပြန်ပြောလိုက်တယ်။
“ဘယ်သူပြောလဲ၊ ထိုက်ယွမ်အချုပ်အခြာကြီးက တခြားသူတွေကို သင်ကြားပေးတဲ့နေရာမှာ အရမ်းတော်တာ”
ဝမ့်ကျန့်ဂိုဏ်းက ကျင့်ကြံသူတွေအားလုံးက ထိုက်ယွမ်အချုပ်အခြာကြီး ချန်ထားပေးခဲ့တဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းသောဉာဏ်ကို အခြေခံပြီး လေ့ကျင့်ကြတာ။ အချုပ်အခြာကြီးက ဘယ်လိုဖြစ်ပြီး သူ့တပည့်တွေကို ကောင်းကောင်း မသင်ကြားပေးနိုင်ရမှာလဲ။
ယွိကျင်တောင်ထွတ်သခင်က နည်းနည်းလေး ထိလိုက်တာနဲ့ ပျက်ဆီးသွားမှာ စိုးရိမ်နေမိလို့ ချီမင်ရဲ့ လက်ထဲက ကျောက်စိမ်းပြားလေးကို ဂရုတစိုက်ကြည့်လိုက်ပြီး အခိုင်အမာ ပြောလိုက်တယ်။
“အမှန်ပဲ၊ အချုပ်အခြာကြီးက အရာအားလုံးကို နှံ့စပ်တယ်၊ သူက တပည့်တွေကို သင်ကြားပေးဖို့ဆိုတာတော့ ပြောစရာတောင်မလိုဘူး”
ထိုက်ယွမ်အချုပ်အခြာကြီးက သူ့တပည့်တစ်ယောက်ကို ဘယ်တုန်းကမှ လက်မခံရတဲ့ အကြောင်းအရင်းကတော့.... ဟုတ်တာပေါ့လေ ဘယ်သူကမှ အချုပ်အခြာကြီးရဲ့မျက်လုံးထဲကို ဝင်မလာနိုင်တာကြောင့်ပေါ့။ အချုပ်အခြာကြီးက သူ့တပည့်တွေကို သင်ကြားပေးမှာ မဟုတ်ဘူးလို့လား ဘယ်လိုများ ပြောရက်သလဲ။
စူးလီက အားလုံးရဲ့ တည်ကြည်တဲ့စကားလုံးတွေကို နားထောင်ပြီး တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။
သူ့မှာ ကောင်းမွန်တဲ့ဓားသိုင်းပညာ ရှိတယ်။ သူ့မှာ ကောင်းမွန်တဲ့ ကျင့်ကြံခြင်းအဆင့် ရှိတယ်။ တပည့်တွေကိုလည်း သင်ပေးနိုင်တယ်....
ဒီလိုစဥ်းစားလိုက်ပြီး သူမက ခေါင်းကို ပြန်လှည့်လိုက်ကာ ဇဝေဇဝါ ရုပ်ဖြစ်နေတဲ့ ရှန်ချန်းဟန်ကို ကြည့်လိုက်တယ်။ သူက ပျင်းရိလေးတွဲတဲ့ပုံစံနဲ့ မေးလိုက်တယ်။
“ထိုက်ယွမ်အချုပ်အခြာကြီးကို မင်းရဲ့ဆရာအဖြစ် သတ်မှတ်မယ်ဆိုရင်ရော ဘယ်လိုထင်လဲ”
ရှန်ချန်းဟန်မှာ ရုတ်တရက် မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး သူရဲ့နဂိုက အေးစက်နေတဲ့မျက်လုံးက ဝိုင်းစက်တဲ့ပုံသဏ္ဌာန်တစ်ခုဖြစ်သွားကာ ကြောက်လန့်တကြားဖြစ်သွားတဲ့ ယုန်သူငယ်လေးလို ဖြစ်သွားတော့တယ်။
စူးလီက သူမကို မေးလိုက်တဲ့စကားကို နားလည်နိုင်ဖို့ အချိန်တစ်ခု ယူလိုက်ရတယ်။ သူမရဲ့အသံက ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ ကြောက်ရွံ့ပြီး ထိတ်လန့်မှုတွေအပြည့်ပါပဲ။
“ဒါက ထိုက်ယွမ်အချုပ်အခြာကြီးလေ၊ ကျွန်မက သာမန်ဓားသိုင်းကျင့်ကြံသူ တစ်ယောက်ပဲ၊ ဘယ်လိုလုပ်ပြီး အချုပ်အခြာကြီးက ကျွန်မကို သူ့တပည့်တစ်ယောက်လို လက်ခံနိုင်ပါ့မလဲ.”
ရှန်ချန်းဟန်ရဲ့စကားမဆုံးခင်မှာပဲ စူးလီက သူမရဲ့လက်ကို ဆန့်လိုက်ပြီး ရှန်ချန်းဟန်ရဲ့နဖူးလေးကို လှမ်းတောက်လိုက်တယ်။
“ဘာတွေ အဲ့လောက်အများကြီး တွေးနေတာလဲ၊ နင်လက်ခံချင်လား လက်မခံချင်ဘူးလား၊ ဒါကိုပဲပြော”
ဒီအချိန်မှာတော့ သူမက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီးမှ ပြောလိုက်တယ်။
“ဒါပေမဲ့ ထိုက်ယွမ်အချုပ်အခြာကြီးက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုတော့ မရှိဘူး။ တကယ်လို့ နင်က တကယ် သဘောမကျဘူးဆိုရင်လည်း ထားလိုက်ပါ။ ငါ နင့်အတွက် တခြားတစ်ယောက် ထပ်ရှာပေးပါမယ်”
ရှန်ချန်းဟန်က ခေါင်းကို တွင်တွင် ခါယမ်းပြလိုက်တယ်။
“ချန်ပေ့ ကျွန်မက ထိုက်ယွမ်အချုပ်အခြာကြီးကို ဘယ်လိုလုပ်ပြီး သဘောမကျဘဲ နေနိုင်ပါ့မလဲ”
ဒီစကားကို ကြားလိုက်ရတဲ့အခါ ချီမင်ရဲ့မျက်လုံးထဲက ဒေါသတွေက ရုပ်လုံးပေါ်လာပြီး သူ့ရဲ့အကြည့်က စူးလီကို ထက်ခြမ်းပိုင်းပစ်ချင်တဲ့ဟန် ဖြစ်သွားတော့တယ်။
သူက အံကြိတ်လိုက်ပြီး တစ်လုံးချင်းစီ ပြောလိုက်တယ်။
“ရယ်စရာကောင်းလိုက်တာ၊ မင်းက ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ တပည့်ဖြစ်လာနိုင်တယ်လို့များ ထင်နေတာလား”
“မင်းကများ အတင့်ရဲလို့...”
ထိုက်ယွမ်အချုပ်အခြာကြီးကိုတောင်မှ မလေးမစားလုပ်ရဲတယ်။
ဒီအချိန်မှာပဲ သူ့မှာ အရမ်းကို ဒေါသထွက်ရလွန်းလို့ ကျောက်စိမ်းပြားကို ကိုင်ထားတဲ့လက်ကတော့ တည်ငြိမ်နေဆဲ ဖြစ်ပေမဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေတော့တယ်။
“ရှန်ချန်းဟန် ငါက ဓားခန္ဓာကိုယ်အစစ် ပိုင်ဆိုင်ထားတဲ့ အချုပ်အခြာပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ခဲ့ဖူးပြီးပြီ မင်းမှာ ဓားခန္ဓာကိုယ်တစ်ခုနဲ့ မွေးဖွားလာတယ်ဆိုတိုင်း...”
သူ့စကားမဆုံးခင်မှာပဲ စူးလီက ဂရုမစိုက်တဲ့ အမူအရာတစ်ခုနဲ့ သူ့ညာဘက်လက်ကို အေးအေးဆေးဆေး ဆန့်ထုတ်လိုက်ပြီး နတ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေတဲ့ အဆင့်(၉)ဆေးပင်တစ်ခုက သူမရဲ့လက်ဖဝါးပေါ်မှာ ငြိမ်ငြိမ်သက်သက်လေး လွင့်မြောနေတော့တယ်။
ဒါက... သိပ်မကြာခင်မှာ မသေမျိုးအဆင့်တစ်ခုကို တက်တော့မဲ့ အဆင့်(၉)မသေမျိုး ကြာပွင့်တစ်ပွင့်ပဲ။
ချီမင်: !!!
ဝမ်ကျန့်ဂိုဏ်းသားတွေအားလုံး: !!!
ချီမင်ရဲ့စကားလုံးတွေက ရုတ်တရက် ဆိုသလို စကားလမ်းကြောင်း ပြောင်းသွားတော့တယ်။
“တကယ်တမ်းကျတော့ အချုပ်အခြာကြီးက တပည့်တွေကို လက်ခံရတာ တကယ်သဘောကျပါတယ်”
ရှန်ချန်းဟန်ကလည်း စူးလီရဲ့လက်ထဲက ဝိညာဥ်ဆေးပင်ကို မျက်လူံးအဝိုင်းသားနဲ့ ကြည့်နေလိုက်ပြီး
“အချုပ်အခြာကြီးက ချန်းဟန်ကို တပည့်အဖြစ် အထူးတလည် သဘောကျတယ်ဆိုတာကို မြင်နိုင်တယ်”
နတ်စွမ်းအင်အဆင့် နီးပါးရောက်တော့မဲ့ ဝိညာဥ်စွမ်းအင်ဆေးပင်တစ်မျိုးပဲ။ ချမ်းသာကြွယ်ဝခြင်းကြောင့် နာမည်ကြီးတဲ့ ရွှင်ချန်ဂိုဏ်းမှာတောင် ဒီလိုပစ္စည်းမျိုးကို ထုတ်နိုင်မှာ မဟုတ်လောက်ဘူး။
ဒီဝိညာဥ်ဆေးပင်က အချုပ်အခြာအကြီးအကဲကို ဆယ်စုနှစ်နီးပါးလောက် ပြန်ပြီး ရှင်သန်နိုင်စေလောက်တယ်။
သိုလှောင်ရုံအကြီးအကဲက သူ့ရင်ဘတ်ကိုတောင် ပုတ်လိုက်ပြီး အာမခံလိုက်သေးတယ်။
“စိတ်မပူပါနဲ့ တာအိုရောင်းရင်း၊ အချုပ်အခြာကြီးက လူတွေကို သင်ကြားပေးတဲ့နေရာမှာ အရမ်းကိုတော်ပါတယ်။ ချန်းဟန်ကိုလေ ကျင့်ကြံရေးလောကရဲ့ ထိပ်တန်းဓားသိုင်းကျင့်ကြံသူ တစ်ယောက် ဖြစ်လာအောင် သေချာပေါက် သင်ကြားပေးပါလိမ့်မယ်”
ရှန်ချန်းဟန်က လူအုပ်ကြီးရဲ့အမူအရာကို ကြည့်လိုက်ပြီး ဒီဝိညာဥ်ဆေးပင်က ဘယ်လောက်တောင် ရှားပါးတယ်ဆိုတာကို သိသွားတော့တယ်။ သူမက တကယ့်ကို လေးနက်တဲ့အမူအရာတစ်ခုနဲ့ စူးလီကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“ချန်ပေ့ ချန်ပေ့ အဲလိုလုပ်စရာမလို....”
သူမစကား မဆုံးသေးခင်မှာပဲ စူးလီက သူမရဲ့အဆင့်(၉)နတ်သမီးကြာပန်းကို အထင်မကြီးတဲ့ အရိပ်အယောင်တစ်ခုနဲ့ ရှန်ချန်းဟန်ရဲ့လက်ထဲ ထည့်ပေးလိုက်တယ်။
“နောက်ဆုံး ဒီဝိညာဥ်ဆေးပင်ကလည်း နေရာအရမ်းယူနေတာမလို့ ပေးပစ်ရမှာပဲလေ”
အဲဒီလိုပြောလိုက်ပြီး သူမက တစ်ခုခုကို ရုတ်တရက် စဥ်းစားမိသွားတဲ့ပုံပဲ။ သူမရဲ့သိုလှောင်အိတ်ထဲက ငွေရောင်အလင်းထုတ်လွှင့်နေတဲ့ ကျောက်တုံးတစ်ခုကို ထုတ်လာခဲ့တယ်။
အဲ့ဒီကျောက်တုံးက ချီမင်ရဲ့ဘေးကို လိမ့်သွားတယ်။
ချီမင်က ကျောက်တုံးရဲ့ အသက်ရှူသံကို ခံစားမိလိုက်ပြီး မေ့လဲတော့မတတ် တုန်ယင်သွားတော့တယ်။
“မဟုတ်မှလွဲရော... ဟွမ်းယွင်ကျောက်တုံး မဟုတ်လား” စိတ်ဝိညာဥ်ကို အားဖြည့်ပေးနိုင်ပြီး သိစိတ်ကို ပြန်ပြန်ပြုပြင်ပေးနိုင်တဲ့ ဒဏ္ဍာရီလာ မသေမျိုးအဆင့် ရတနာတစ်ခုလား”
ဒါက အခုအချိန်မှာ ဘိုးဘေးကြီး အလိုအပ်ဆုံးအရာဆိုတာ အတိအကျပဲ။
“အဲဒီနာမည်ဖြစ်မယ် ထင်တယ်”
စူးလီက ပျင်းရိလေးတွဲကာ သမ်းဝေလိုက်တယ်။ သူမက သေမျိုးလောကထဲကို ဆင်းသက်လာကတည်းက ဒီကျောက်တုံးက သူမ နောက်လိုက်နေပြီး အမြဲတမ်း လိုက်တွယ်ကပ်နေတဲ့ပုံပဲ။
သူမ အမုန်းဆုံးအရာလို့ပြောရင် ဒီကျောက်တုံးက နေရာအများကြီး ယူထားတာပဲ။ ကြည့်လိုက်ရင် အရမ်းသေးငယ်တဲ့ပုံဆိုပေမဲ့ သူ့ကို သိုလှောင်အိတ်ထဲ ထည့်လိုက်တယ်ဆိုရင် နေရာရဲ့ တစ်ဝက်ကျော်လောက်တောင် ကုန်သွားတာ။
ဒီလို စဥ်းစားလိုက်ပြီး သူမရဲ့အသံက ပိုပိုပြီး မနှစ်မြို့သလို ဖြစ်လာတော့တယ်။
“မြန်မြန်လုပ် ၊ဒါကိုသုံးပြီးတော့ ရှင်တို့ရဲ့အချုပ်အခြာကြီးကို ကယ်တင်လိုက်”
ချီမင်က မျက်ရည်တွေ ဝေ့နေတဲ့မျက်လုံးနဲ့ စူးလီကို ကြည့်လိုက်တာ ကယ်တင်ရှင်တစ်ယောက်ကို ကြည့်နေတဲ့အတိုင်းပဲ။ သူ့အသံကလည်း တုန်ယင်နေတော့တယ်။
“ချန်ပေ့ ခင်ဗျားက ဝမ့်ကျန့်ဂိုဏ်းရဲ့ကျေးဇူးရှင်ပါပဲ”
“အခုအချိန်ကစပြီး ချန်ပေ့ ဘာကိုပဲ တောင်းဆိုပါစေ ကျုပ်က ဘယ်တော့မှငြင်းမှာ မဟုတ်ဘူး”
ဒီစကားလုံးတွေကို ကြားလိုက်ပြီးနောက်မှာ စူးလီရဲ့နားတွေက အသားမာ တက်လုနီးပါးပဲ။ သူမက လေးလေးတွဲတွဲနဲ့ ပြောလိုက်တယ်။
“ကျွန်မက ရှင့်စေတနာတွေကို လက်ခံပါတယ်။ ရှင့်မှာ အချိန်ရှိခဲ့မယ်ဆိုရင် မြန်မြန်လေးလုပ်ပြီး ရှင့်ရဲ့ဘိုးဘေးကို ကယ်လိုက်စမ်းပါ”
ဝမ့်ကျန့်ဂိုဏ်းသားတွေ အားလုံးက တစ်ယောက်ပြီးတစ်ယောက် သတိဝင်လာကြပြီး သူတို့ရဲ့ဝမ်းသာစိတ်ကို မြန်မြန်ဖိနှိပ်ထားလိုက်ပြီး ကျောက်စိမ်းပြားထဲက ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ ဝိညာဥ်ကို ဟွေးယွမ်ကျောက်တုံးထဲ ဂရုတစိုက် ဆွဲထည့်ပေးဖို့အတွက် ဟွေးယွမ်ကျောက်တုံးရဲ့ ဝိညာဥ်စွမ်းအင်တွေကို စတင်ပြီး အသုံးပြုလိုက်ကြတယ်။
စူးလီက သူမရဲ့ထိုင်ခုံကို ပြန်သွားလိုက်ပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို အာရုံစိုက်မနေတော့ဘူး။ သူမက ပိုင်ကျစ်ယွင် သူမကို လှမ်းပေးလာတဲ့ ဝိညာဥ်သစ်သီးကို တစ်ကိုက်ချင်းစားနေလိုက်တယ်။
ပိုင်ကျစ်ယွင်က သူမရဲ့နေရာကနေ ယွင်ချွမ်ခန်းမအလယ်ကို သွားလိုက်တဲ့အချိန်ကတည်းက ရှန်ချန်းဟန်က သူမကို စပြီးပြုစုတော့တယ်။ ဝိညာဥ်စွမ်းအင်သစ်သီး ပါးစပ်အပြည့်သုံးခါ၊ အဲ့ဒီနောက်မှာ ဝိညာဥ်စွမ်းအင် လက်ဖက်ရည်တစ်ခွက်၊ အဲ့ဒီနောက်မှာ အသားကင်တစ်တုံး၊ အဲ့ဒီနောက်မှာ သူ့ပါးစပ်ကိုဆေးဖို့ ဝိညာဥ်စွမ်းအင် လက်ဖက်ရည်တစ်ခွက်၊ အဲ့ဒီနောက်မှာ သူ့မရဲ့ခံတွင်းကိုရှင်းဖို့ သရေစာ နည်းနည်းပါးပါး၊ အဲ့ဒီနောက်မှာ နောက်ထပ် ဝိညာဥ်စွမ်းအင် သစ်သီးပါးစပ် အပြည့်သုံးခါ...
ရှန်ချန်းဟန်က ထိုက်ယွမ်အချုပ်အခြာကြီးကိုလည်း ဂရုမစိုက်သလို အဆင့်(၉)ကြာပန်းကိုလည်း ဂရုမစိုက်တဲ့အပြင် ဟွမ်းယွမ် ကျောက်တုံးကိုလည်း လုံးဝဂရုမစိုက်ဘူး။ သူမအတွက်တော့ အရေးကြီးဆုံးသူက အမြဲတမ်း သူမရဲ့ချန်ပေ့ပဲ။
ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ဝိညာဥ်က ယွမ်ချန်ခန်းမထဲမှာ ပေါ်လာတဲ့အချိန်မှာတော့ စူးလီခမျာ ဗိုက်ပြည့်ပြီး လေချဥ်တောင် တက်သွားတယ်။ ထိုက်ယွမ်အချုပ်အခြာကြီးကို မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာ ဝမ့်ကျန့်ဂိုဏ်းသားတွေ အားလုံးက အလွန်မှ ဝမ်းသာသွားကြပြီး စကားတစ်ခွန်းတောင် မပြောနိုင်ကြတော့ဘူး။ ဂိုဏ်းချုပ်ဖြစ်တဲ့ ချီမင်က မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပြီး ငိုနေပြန်တယ်။
“ဝမ့်ကျန့်ဂိုဏ်းရဲ့ ၆ဆက်မြောက်ဂိုဏ်းချုပ်က ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်”
ဝမ့်ကျန့်ဂိုဏ်းရဲ့ တခြားဂိုဏ်းဝင်တွေကလည်း ဝမ်းလျားမှောက်လိုက်ကြပြီး ဦးညွှတ်လိုက်ကြတယ်။
“ဘိုးဘေးကြီးကို နှုတ်ဆက်ပါတယ်”
ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ အကြည့်က ခပ်တန်းတန်းဖြစ်နေပြီး ဣန္ဒြေသံန္ပတ္တိနဲ့ ဖြစ်နေပေမဲ့လည်း လူတွေက သူ့ကို တိုက်ရိုက် မကြည့်ရဲကြဘူး။ သူက ခန်းမထဲက မြင်ကွင်းကို တည်တည်ငြိမ်ငြိမ်နဲ့ လှမ်းကြည့်လိုက်ပြီး သူ့ရဲ့အသံက တမလွန်ဘဝကို ဖြတ်သန်းလာခဲ့သယောင် ဝေးကွာပြီး လေးနက်နေတော့တယ်။
“မင်းတို့ရဲ့ ခက်ခက်ခဲခဲ အားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်”
“မပင်ပန်းပါဘူး၊ မခက်ခဲပါဘူးခင်ဗျာ”
တကယ်ကို တလေးတစားနဲ့ အားလုံးက ထိုက်ယွမ်အချုပ်အခြာကြီးကို ပြီးခဲ့တဲ့နှစ်တစ်ထောင်ကျော်လုံး ဝမ့်ကျန့်ဂိုဏ်းက တွေ့ကြုံခဲ့သမျှအရာတွေ အားလုံးကို ပြောပြရင်း ထိုက်ယွမ်အချုပ်အခြာကြီးအတွက် စိတ်အားထက်သန်တဲ့ လေးစားအားကျမှု အမူအရာတွေကို ဖော်ပြနေကြတယ်။
အားလုံးငိုယိုရင်း ပြောဆိုရင်း သူတို့ရဲ့အသံတွေက လည်ချောင်းထဲမှာ ဆို့နှစ်နေတော့တယ်။
ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ အဖြေတွေကတော့ ‘အင်း’၊ ‘ကောင်းတယ်’၊ ‘မဆိုးဘူး’၊ “အရမ်းကောင်းတယ်”။
ချီမင်က ထိုက်ယွမ်အချုပ်အခြာကြီးက မဆိုးဘူးလို့ ခုနှစ်ကြိမ် ပြောလိုက်တာကို ကြားလိုက်ပြီးတဲ့နောက်မှာ သူက အပြင်လောကကအသံရဲ့ အချုပ်အခြာကြီးအပေါ် အကဲဖြတ်ချက်ကို ရုတ်တရက် သတိရသွားတယ်။
အချုပ်အခြာကြီးက တော်တော်လေး ပျင်းရိတယ်လို့ အပြင်လောကကလာတဲ့အသံက ပြောခဲ့သလိုပဲ။ မဟုတ်ဘူး... အချုပ်အခြာကြီးက အင်မတန်မှ အရည်အချင်းရှိတဲ့အတွက် အရမ်းကြီး အလုပ်ကြိုးစားနေစရာ မလိုဘူးလို့ပြောတာ။ ဒီအချိန်မှာပဲ ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ စူးရှတဲ့အကြည့်တွေက လက်ထဲမှာ အဆင့်(၉)မသေမျိုးကြာပန်းကို ကိုင်ထားတဲ့ ရှန်ချန်းဟန်ဆီ ပြောင်းသွားတယ်။
သူ့အကြည့်ထဲမှာ ဖိနှိပ်မှုတွေ အများကြီး မပါသလို ဘာခံစားချက်မှ မပါဘူးဆိုရင်တောင်မှ ဒါက ရှန်ချန်းဟန်ကို တောင့်တင်းသွားစေပြီး စကားတစ်ခွန်းတောင် မပြောနိုင်အောင်ဖြစ်သွားစေတယ်။
ဒီအချိန်မှာ ချီမင်က ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ အကြည့်ကို သတိထားမိသွားပြီး ဟွမ်းယွမ်ကျောက်တုံးနဲ့ အဆင့်(၉) မသေမျိုးကြာပန်းကို ထုတ်ပေးလိုက်ချိန်တုန်းက စူးလီ ပြောခဲ့တဲ့စကားကို သတိရသွားတယ်။ သူက ရှေ့ကို မြန်မြန်နှစ်လှမ်းလောက် လှမ်းလိုက်ပြီး တလေးတစားနဲ့ ရှန်ချန်းဟန်ကို ချီးမွမ်းပြောဆိုလိုက်တယ်။
ဘယ်လိုဓားခန္ဓာမျိုးလဲဆိုရင် အင်မတန်မှ အရည်အချင်းရှိတယ်။ ဘယ်လောက်အထိ နားလည်နိုင်စွမ်းရှိသလဲဆိုရင် အင်မတန်မှ ကောင်းမွန်တဲ့ အကျင့်စရိုက်ရှိတယ်။ ဘယ်လောက်အထိ ဖြောင့်မတ်တဲ့သူမျိုးလဲဆိုရင်တော့...
ခဏလောက် စကားပြောပြီးတဲ့နောက်မှာတော့ ချီမင်က နောက်ဆုံးတော့ ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သတ္တိတွေကို ကြိုးစားမွေးမြူလိုက်ပြီး အရမ်းကို တိုးညင်းတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“အချုပ်အခြာကြီးက ရှန်ချန်းဟန်ကို အကြီးအကဲရဲ့တပည့်အဖြစ် လက်ခံပေးနိုင်မယ်ဆိုရင် တကယ်ပဲ...”
သူ့စကားမဆုံးခင်မှာပဲ ထိုက်ယွမ်အချုပ်အခြာကြီးရဲ့ ဘာကိုမှ ဂရုမစိုက်တဲ့အကြည့်နဲ့ စကားဖြတ်ခြင်း ခံလိုက်ရတော့တယ်။
ချီမင်က ပြောလက်စ,စကားကို ရုတ်တရက် ရပ်ထားလိုက်ပြီး ဆက်မပြောတော့ဘဲ လေးလေးနက်နက်နဲ့ ခေါင်းငုံ့ထားလိုက်တယ်။
ထိုက်ယွမ်အချုပ်အခြာကြီးရဲ့အကြည့်က ရှန်ချန်းဟန်ရဲ့နှလုံးသားနေရာကို ခဏလောက် ဝေ့ဝဲကြည့်နေလိုက်ပြီး သူ့မျက်လုံးထဲမှာ ထောက်ခံတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။ သူရဲ့ပါရမီ အရည်အချင်းနဲ့ ယှဥ်ရင် သူ့ကို ကျေနပ်စေတဲ့အရာကတော့ ရှန်ချန်းဟန်ရဲ့ ဓားခန္ဓာကိုယ်နှလုံးသားပဲ။
သူက မရေမတွက်နိုင်တဲ့ လူတွေအများကြီးကို တွေ့ခဲ့ပြီးတာတောင် သူတို့ရဲ့စိတ်နှလုံးကို မြင်လိုက်တဲ့အခါမှာ ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်အောင် မလုပ်နိုင်ဘူး။
သူသာ အသက်ရှင်နေသေးတယ်ဆိုရင် သူ့စိတ်ထဲမှာ သဘောကျမိတယ်ဆိုရင်တောင် သူမကို တပည့်အဖြစ် လက်ခံလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့အခုကျတော့ ...
သူ့အသံက တည်ငြိမ်လို့နေတယ်။
“မင်းက ကျုပ်ကို မင်းရဲ့ဆရာအဖြစ် သတ်မှတ်ချင်တာလား”
ရှန်ချန်းဟန်မှာ လွှမ်းမိုးဖိစီးနေတဲ့ စွမ်းအားတစ်ခုကို ရင်ဆိုင်နေရသလို ခံစားလိုက်ရပြီး သူမရဲ့ခန္ဓာကိုယ်ကလည်း ဆက်တိုက် တုန်ယင်သွားတယ်။
သူမရဲ့ခန္ဓာကိုယ်က ချွေးအေးတွေနဲ့ ရွှဲနစ်နေသည့်တိုင် အသွေးအသားတွေ ငိုကြွေးနေတာကို ခံစားနေမိသည့်တိုင် သူမက ရှိသမျှအားကို သုံးလိုက်ပြီး ကိုယ့်ဟာကို အားတင်းပြီး ခေါင်းမော့လိုက်ကာ ထိုက်ယွမ်အချုပ်အခြာကြီးကို တည့်တည့်ကြည့်လိုက်တယ်။
“ဟုတ်ပါတယ်”
ဒါက ချန်ပေ့က သူမအတွက် မှော်ရတနာသုံးပြီး တိုက်ခိုက်ပေးထားတဲ့ အခွင့်အရေးလေ။ သူမက ချန့်ပေ့ကို သေချာပေါက် စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူး။
သူမပါးစပ်ကို ဖွင့်လိုက်တဲ့အခိုက်မှာပဲ သူမ ပတ်ဝန်းကျင်က ဖိအားတွေက ရုတ်တရပ် ပျောက်ကွယ်သွားပြီး နွေးထွေးပြီးသက်သောင့်သက်သာရှိတဲ့ ခံစားချက်တစ်ခု အစားထိုးဝင်လာကာ သူမမှာ ရေပူစမ်းထဲ ရောက်သွားသလိုပဲ။
မရေမတွက်နိုင်တဲ့ နွေးထွေးတဲ့ ရေစီးကြောင်းတွေက သူမရဲ့ချီသွေးကြောထဲကို ဖြတ်သန်းစီးဆင်းပြီး နောက်ဆုံးတော့ သူမရဲ့ တန့်ထျန်းဆီကို ပြန်ရောက်လာတော့တယ်။
ဒီအချိန်မှာပဲ သူမရဲ့ ချီသွေးကြောတွေက အရင်တုန်းကနဲ့ယှဥ်ရင် မသိမသာလေး ပိုပြီးကျယ်လာတာကို ရုတ်တရက် ခံစားမိလိုက်တယ်။
သူမက ငေးကြောင်ကြောင်နဲ့ ထိုက်ယွမ်အချုပ်အခြာကြီးကို ကြည့်လိုက်ပြီးတဲ့နောက်မှာ သူရဲ့တည်ငြိမ်တဲ့အသံကို ကြားလိုက်ရတယ်။
“မင်းက ကိုယ်ဟာကို ဓားသိုင်းကွက်တွေကို နားလည်အောင်လုပ်နိုင်လား“
ရှန်ချန်းဟန်က အင်မတန်မှ လေးနက်တဲ့ဟန် ဖြစ်နေတယ်။
“တပည့်က လုပ်နိုင်ပါတယ်”
“မင်းက ကိုယ့်အဝတ်ကို လျှော်ဖွတ်ပြီး ကိုယ့်ဟာကို ချက်ပြုတ်ပြီး ကိုယ့်အဝတ်အစားကို ပြင်ဆင်ချုပ်လုပ်တတ်ပြီး တစ်ယောက်တည်း အိပ်နိုင်လား”
ရှန်ချန်းဟန်ရဲ့မျက်နှာက တစ်ခဏအတွင်း ကြောင်အမ်းအမ်း ဖြစ်သွားတယ်။
“တပည့် လုပ်နိုင်ပါတယ်”
“မင်းက ကိုယ့်ဟာကိုအပြင်ထွက်ပြီး တစ်ယောက်တည်း လေ့ကျင့်နိုင်လား”
ရှန်ချန်းဟန်ရဲ့မျက်နှာပေါ်က ရှုပ်ထွေးနေတဲ့အမူအရာက ပိုပိုပြီးတော့ ပြင်းထန်လာခဲ့တယ်။
“တပည့် လုပ်နိုင်ပါတယ်”
သူမရဲ့အဖြေကို ပြန်ကြားလိုက်ပြီးတဲ့နောက်မှာ ထိုက်ယွမ် အချုပ်အခြာကြီးက ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။ ဒီတပည့်က ထောက်ပံ့ဖို့ရာ တကယ်လွယ်ကူတာပဲ။
သူမက အဝတ်လျှော်ပေးဖို့လိုပြီး ချက်ပြုတ်ပေးဖို့လိုပြီး အိပ်တဲ့အခါမှာလည်း ချော့မော့ပေးဖို့လိုပြီး နေ့တိုင်းလိုလို အတူတူ လေ့ကျင့်ပေးဖို့လို့နေတဲ့ ချုံးမင်က တပည့်ထက်ကို ပိုပြီးတော့ သင်ကြားပြသဖို့ လွယ်ကူသေးတယ်။
သူလိုနေတဲ့တပည့်က လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး ကိုယ်ဟာကို စောင့်ရှောက်နိုင်တဲ့ တပည့်တစ်ယောက်ပဲ။
တပည့်တွေကို သင်ကြားပြသပေးရတာက နည်းနည်းတော့ ဒုက္ခများတယ်ဆိုပေမဲ့လည်း သူ့ရဲ့ထောင်ချီတဲ့ အမွေအနှစ်တွေက ဆက်ခံမဲ့သူတစ်ယောက် လိုသေးတယ်လေ။
“ဒီနေ့ကစပြီး မင်းက ငါ့ရဲ့တပည့်ဖြစ်သွားပြီ”
ရှန်ချန်းဟန်က စဥ်းစားမနေဘဲ ဒူးထောက်ချလိုက်ပြီး သူ့အသံက ပြတ်သားလေးစားမှုတွေ ပါဝင်နေတယ်။
“တပည့်ချန်းဟန် ဆရာကိုနှုတ်ဆက်ပါတယ်”
ဒီအချိန်မှာပဲ ကောင်းကင်စွမ်းအင်ကို သယ်ဆောင်ထားတဲ့ ဝိညာဥ်အလင်းတန်းတစ်ခုက ဖျတ်ခနဲ လင်းလက်သွားတယ်။ ဒီအချိန်ကစပြီး ထိုက်ယွမ်အချုပ်အခြာကြီးနဲ့ ရှန်ချန်းဟန်တို့ ဆရာတပည့် ဆက်ဆံရေးကို ကောင်းကင်ဘုံက အသိအမှတ်ပြုလိုက်တယ်။
ရှန်ချန်းဟန်က ထရပ်လိုက်ပြီးတဲ့နောက်မှာတော့ ဝမ့်ကျန်ဂိုဏ်းသားတွေက သူမကို တလေးတစားနဲ့ ဦးညွှတ်ပြီးပြောလိုက်တယ်။
“ဆရာဦးလေးကို နှုတ်ဆက်ပါတယ်”
ရှန်ချန်းဟန်က သူတို့ရဲ့ လှုပ်ရှားပုံတွေကို စောင့်ကြည့်နေမိပြီး ဘာမှမပြောနိုင်ဘဲ ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေတော့တယ်။ သူမက အမှတ်အမဲ့ ခေါင်းကို လှည့်ကြည့်လိုက်ပြီး သူမဘေးမှာ ထိုင်နေတဲ့စူးလီကို ကြည့်လိုက်တယ်။ သူမရဲ့ဘာမှဂရုမစိုက်တဲ့ပုံစံနဲ့ အေးအေးဆေးဆေး ဖြစ်နေတာကို မြင်လိုက်ရတော့ သူမရဲ့ပျာယာခတ်နေတဲ့နှလုံးသားက သူ့ရဲ့အိမ်ကလေးကို ရှာတွေ့သွားတဲ့အတိုင်း ချက်ချင်းပဲ တည်ငြိမ်သွားတော့တယ်။
ချန့်ပေ့က ဒီနေရာမှာ ရှိနေသရွေ့ သူမမှာ ဘာကိုမှ ကြောက်စရာ မရှိတော့ဘူး။
သူမက ဂိုဏ်းချုပ်ကြီးချီမင်ကို လေးစားဦးညွှတ်လိုက်ပြီး ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ကြီးက ဒီလိုလုပ်စရာမလိုပါဘူး...” ချီမင်က သူမရဲ့လက်ဆောင်ကို လုံးဝလက်မခံရဲလေဘူး။ သူက ဘေးကို မြန်မြန်လှည့်လိုက်ပြီး ပြောလိုက်တယ်။
“ဆရာတူဦးလေး မဖြစ်ပါဘူး၊ မလုပ်ပါနဲ့”
...