← Chapters

အခန်း ၈၈

Vol. 6 Ch. 88

အခန်း ၈၈

Vol. 6 Ch. 88

အပိုင်း (၈၈)

[ထိုက်ချင်းဓားက ပြဿနာဖြစ်နေတာပဲ]

စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ကြည့်လိုက်ပြီး သူမရဲ့အသံက နည်းနည်းလေး ထူးဆန်းသွားတယ်။

[ကြည့်ရတာ အစားများသွားလို့ထင်တယ်...]

ချီမင်နဲ့ တခြားလူတွေရဲ့ပြတ်သားနေတဲ့ မျက်နှာအမူအရာက ရုတ်ခြည်းဆိုသလို အေးခဲသွားပြီး သူတို့ရဲ့ မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာတယ်။ ‘အစားများသွားတယ်’ဆိုတာ ဘာအဓိပ္ပာယ်လဲ။

[လွန်ခဲ့တဲ့နှစ်နှစ်ရာတုန်းက ဝမ်ကျန့်ဂူသင်္ချိုင်းနဲ့ ဝိညာဥ်စွမ်းအင်တွေက သိသိသာသာ တိုးတက်လာခဲ့တယ်။ ဝမ့်ကျမ့်ဂူသင်္ချိုင်းကို စောင့်ရှောက်ပေးရတဲ့ မြင့်မြတ်လက်နက်တစ်ခုအနေနဲ့ ထိုက်ချင်းဓားက ဝမ့်ကျန့်ဂူသင်္ချိုင်းကို တည်ငြိမ်နေအောင် ထိန်းသိမ်းထားဖို့အတွက် ဝိညာဥ်စွမ်းအင်တွေ အားလုံးနဲ့ ပြန်ကျဲနေတဲ့ ကံကောင်းခြင်းတွေ အားလုံးကို အရင်ဆုံး စုပ်ယူထားလိုက်တယ်။

[ဒါက တစ်နှစ် နှစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ် နှစ်သုံးဆယ်လောက် စုပ်ယူထားတယ်ဆိုရင်တောင် ဟုတ်သေးတယ်။ ဒါပေမဲ့ ဒီစုပ်ယူထားတာက နှစ်ပေါင်းတစ်ရာလောက် ဖြစ်သွားတယ်]

[ပစ္စည်းတစ်ခု ဘယ်လောက်ပဲကောင်းကောင်းလေ တကယ်လို့ နှစ်တစ်ရာလောက်အထိ ကြာလာမယ်ဆိုရင်တော့ နောက်ဆုံးကျတော့ ပြန်အန်ထွက်လာတာပဲ ရှိတော့မှာပေါ့]

[နောက်ပြီးတော့ ဓားဝိညာဥ်တွေက လူသတ်လိုတဲ့ အရောင်အဝါတစ်ခု သယ်ဆောင်ထားတာ။ ဝမ့်ကျန့်ဂူသင်္ချိုင်းကနေပြီး ထုတ်နေတဲ့ကံကောင်းခြင်းတွေ၊ ဝိညာဥ်စွမ်းအင်တွေက အရမ်းကောင်းနေတဲ့ ပစ္စည်းတွေတော့ မဟုတ်ဘူး]

[ဒီတော့ ပြီးခဲ့တဲ့နှစ်တစ်ရာလုံးမှာ အလွန်အကျွံစားထားတဲ့ ထိုက်ချင်းဓားက ဝိညာဥ်စွမ်းအင်တွေနဲ့ ကံကောင်းခြင်းတွေကို အန်ထုတ်နေတာပေါ့။ အခုကျတော့ သူ အန်ထုတ်နေတာ တစ်ဝက်ကျော်ကျော်တောင် ရှိနေပြီ]

[ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဓားဆရာကြီးတွေ ဒီကိုလာပြီး ဒါတွေကို ဖိနှိပ်မယ်ဆိုရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး]

ချီမင်က အပြင်လောကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူက ချက်ချင်းဆိုသလို သတိပြန်ဝင်လာပြီး လေးနက်တဲ့အသံတစ်ခုနဲ့ ကြီးမြတ်သူတွေကို ပြောလိုက်တယ်။

“ကျုပ် သိသွားပြီ၊ ထိုက်ချင်းဓားရဲ့ပြဿနာက ဝမ့်ကျန့်ဂူသင်္ချိုင်းရဲ့ ကံကောင်းခြင်းနဲ့ ဝိညာဥ်စွမ်းအင်တွေ သောင်းကျန်းနေလို့ပဲ။ ဝမ့်ကျန့်ဓားသင်္ချိုင်းဆိုတာ မရေမတွက်နိုင်တဲ့ ဝိညာဥ်ဓားတွေ ပြန်လာရတဲ့နေရာတစ်ခုပဲ။ သူက လူသတ်လိုတဲ့ အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားပြီးသား ဖြစ်တဲ့အပြင် နှစ်ပေါင်းထောင်ချီအောင် အနည်ထိုင်လာပြီးတဲ့နောက်မှာ ဒီလူသတ်လိုတဲ့ အရောင်အဝါက ဆက်ပြီးတော့ အားပြင်းလာတာပဲ။

အပြင်လောက ကလာတဲ့အသံသာ သတိမပေးဘူးဆိုရင် လျှံထွက်နေတဲ့ ဝိညာဥ်စွမ်းအင်တွေကို ဘယ်သူမှ ဂရုစိုက်မိမှာမဟုတ်ဘဲ ဝမ့်ကျန့်ဓားသင်္ချိုင်းကြီးက စည်ပင်ဝပြောနေတယ်လို့ပဲ စဥ်းစားကြလိမ့်မယ်။

ကံကောင်းခြင်း။ ဒီလိုအရာမျိုးက မြင်ရတာလည်းမဟုတ်။ လက်ဆုတ်လက်ကိုင်ပြလို့ ရတာလည်းမဟုတ် ဒါကို စမ်းသပ်ကြည့်လို့လည်း မဖြစ်နိုင်ဘူး။

ထျန်းကျီးဂိုဏ်းကတောင် ကံကောင်းခြင်းကို အကြမ်းဖျဥ်းလောက်ပဲ တွက်ချက်နိုင်ပြီးတော့ တခြားကျင့်ကြံသူတွေဆိုရင် ပြောနေစရာတောင်မလိုဘူး။

“ကျုပ်တို့တွေက ဒီပျံ့နှံ့နေတဲ့ ဝိုညာဥ်စွမ်းအင်တွေကို နေ့ရောညပါ သန့်စင်လို့ရတယ်...”

အကြီးအကဲဟွားချီက မျက်မှောင်ကြုတ်ပြီး သူမရဲ့အသံက တည်ကြည်နေတယ်။

“ဒါပေမဲ့ ကံကောင်းခြင်းကျတော့...”

ကျင့်ကြံရေးလောကထဲမှာ ကံကောင်းခြင်းဆိုတာ စိတ်အထင်တစ်ခုသာဖြစ်ပြီး အဲဒါတွေကို ခံစားကြည့်လို့တောင် မရနိုင်ဘူးဆိုတော့ အဲဒါကို သန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒါကြောင့် ထိုက်ချင်းဓားရဲ့ လက်ရှိပြဿနာက ဝိညာဥ်စွမ်းအင်တွေနဲ့ သက်ဆိုင်မနေဘူး။ အရေးကြီးတာက အရင်ဆုံးကတော့ ကံကောင်းခြင်းကို ဘယ်လိုသန့်စင် ရမယ်ဆိုတာပဲ။

ဒါပေမဲ့အခုတော့ ထိုက်ချင်းဓားက အချိန်အကြာကြီး ကြံ့ကြံ့မခံနိုင်တော့ဘူး။ အားလုံးက ပြန်လည်ပြုပြင်ရမဲ့ အကြောင်းအရာတွေကို စိုးရိမ်တကြီး စဥ်းစားနေကြတဲ့အချိန်မှာပဲ စူးလီက တိမ်လွှာကြေးမုံထဲမြင်ကွင်းကို ကြည့်လိုက်ရင်း လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး ချီးကျူးစကားပြောလိုက်တယ်။

[ဒီဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အသေးအဖွဲ့ကိစ္စတွေကိုတော့ ကမောက်ကမ လုပ်တက်ပေမဲ့ ကိစ္စကြီးနဲ့ ပတ်သက်လာရင်တော့ တော်တော်လေး ပါးနပ်တာပဲ။ သူက ထိုက်ချင်းဓားရဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ အကြောင်းအရင်းကိုတောင် တကယ်တမ်း ရှာတွေ့သွားခဲ့တယ်]

[ဒါပေမဲ့ ဝမ့်ကျန့်ဂိုဏ်းက တကယ် ကံကောင်းပါတယ်။ သူတို့မှာ သူတို့လိုချင်တဲ့အရာအားလုံး ရှိနေတယ်]

စူးလီက သူတို့ရဲ့စကားတွေကို နားထောင်ရင်း မနေနိုင်ဘဲ သက်ပြင်းချမိတယ်။

[နင်တို့ဝမ့်ကျန့်ဂိုဏ်းထဲမှာ ကံကောင်းခြင်းတွေကို စုပ်ယူနိုင်မဲ့ လူတစ်ယောက်ရှိတယ် မဟုတ်လား]

[ကြည့်လိုက်ပါအုံးမယ်~ အခုသူကိုအမှောင်ခန်းထဲမှာ ပိတ်ထားတာလေ။ သူရဲ့ကံကောင်းခြင်းတွေက စာရွက်တစ်ရွက်လို ပါးလွှာတဲ့အထိ ခြောက်ကပ်နေပြီ]

ချီမင်က ရုတ်တရက်သတိဝင်လာပြီး တုန်ယင်နေတဲ့အသံနဲ့ ပြောလိုက်တယ်။

“လင်ယွိလွမ်”

ကြီးမြတ်သူ တော်တော်များများက အဲဒီအချိန်တုန်းက သီးသန့်ကျင့်ကြံခြင်း လုပ်နေတာကြမလို့ လင်ယွိလွမ်ရဲ့ကိစ္စကို တော်တော်များများ မသိကြဘူး။

ကြီးမြတ်သူ ရူရွှင့်က မသိမသာ မျက်မှောင်ကြုတ်လိုက်တယ်။

“လင်ယွိလွမ်က ဘယ်သူလဲ။ သူ့မှာ နည်းလမ်းတစ်ခုများ ရှိနေ...”

ချီမင်က လိုရင်းကိုပဲ ပြောလိုက်တယ်။

“လင်ယွိလွမ်က တခြားသူတွေရဲ့ ကံကောင်းခြင်းကို စုပ်ယူနိုင်တဲ့ တပည့်တစ်ယောက်ပဲ။ ကံကောင်းခြင်းတွေကို စုပ်ယူဖို့ သူက မရေမတွက်နိုင်တဲ့လူတွေကို သတ်ဖြတ်ခဲ့ပြီး အခုသူ့ကို ဝမ့်ကျန့်ဂိုဏ်းရဲ့ အမှောင်ခန်းထဲမှာ အကျဥ်းချထားတာ”

ဒီအချိန်မှာတော့ သူက အင်မတန်ကို ကျေးဇူးတင်မိသွားတော့တယ်။ တော်ပါသေးတယ် လင်ယွိလွမ်ကို သတ်လိုက်မယ်ဆိုရင် ကံကောင်းခြင်းတွေကို စုပ်ယူခံထားတဲ့လူတွေကို ထိခိုက်မိမှာ စိုးရိမ်နေတာ၊ ဒါကြောင့် သူက သူမကို ဝိညာဥ်စွမ်းအင်တွေနဲ့ သီးခြားဖယ်ထားလို့ရတဲ့ အမှောင်ခန်းတစ်ခုထဲမှာ ပိတ်ထားပြီး သူမဆီကိုလည်း အလည်လာခွင့် တားမြစ်ထားခဲ့တာ။

ဒီအကြောင်းကို စဥ်းစားလိုက်ပြီး သူရဲ့ခြေလှမ်းတွေက မြန်ဆန်သွားပြီး သူက နေရာမှာတင် ဖျတ်ခနဲ ပျောက်ကွယ်သွားတော့တယ်။

အသက်ရှုသံ လေး ငါးချက်လောက် အပြီးမှာတော့ သူက အများကြီးပိန်ချုံးသွားတဲ့ လင်ယွိလွမ်ကို ဝမ့်ကျန့်ဓားသင်္ချိုင်းထဲ ခေါ်လာလိုက်တယ်။

စူးလီက ထိုက်ချင်းဓားထဲကနေ ဆက်တိုက်စီးထွက်လာတဲ့ ကံကောင်းခြင်းတွေကို ကြည့်လိုက်ပြီး ပျင်းပျင်းရိရိ သမ်းဝေလိုက်တော့တယ်။

[တကယ်အလုပ်ဖြစ်တာပဲ]

[ရွှင့်ချန်ဂိုဏ်းကလဲ ကံကောင်းခြင်းကို စုပ်ယူနိုင်တဲ့ ပစ္စည်းတစ်ခု ရထားတယ်ဆိုတာ မှတ်မိနေသေးတယ်။ ဒီနှစ်ခုကို အလှည့်ကျ အသုံးချမယ်ဆိုရင် နှစ်ပေါင်းရာချီတော့ လုံလောက်သင့်တယ်]

အပြင်လောက ကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီမင်ရဲ့တင်းကြပ်နေတဲ့ ခန္ဓာကိုယ်က ရုတ်တရက် ပျော့ပြောင်းသွားခဲ့တယ်။ ဒါကအသုံးဝင်မယ်ဆိုရင်... အသုံးဝင်နေသရွေ့ အကောင်းဆုံးပဲပေါ့။

သူ ဒီနေ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးဆီသွားပြီး စကားလေး ကောင်းကောင်းပြောရမယ်။ သူက ကံကောင်းခြင်းကို စုပ်ယူနိူင်တဲ့ မှော်ရတနာကို သေချာပေါက် ရအောင်ယူ... အဲ... သေချာပေါက် ငှားရမ်းလာခဲ့ရမယ်။ ဝမ့်ကျန့်ဂူသင်္ချိုင်းကို နောက်ဆုံးတော့ ကယ်တင်နိုင်သွားပြီ။

သူက ဘိုးဘေးကြီးရဲ့ ယုံကြည်မှုကိုလည်း မြှင့်တင်နိုင်ခဲ့ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးတစ်ယောက်ဆိုတဲ့ သူရဲ့အခြေအနေကိုလည်း မြင့်တင်နိူင်ခဲ့ပြီ။ ချီမင်ရဲ့ တုံ့ပြန်ပုံကို မြင်လိုက်ရပြီးတဲ့နောက်မှာ ရှန်ချန်းဟန်က သတိလေးနဲ့ ပြောလိုက်တယ်။

“ဂိုဏ်းချုပ်ကြီး ဝမ့်ကျန့်ဂူသင်္ချိုင်းကိစ္စက ဖြေရှင်းလို့ ပြီးသွားပြီလား”

ချီမင်က သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး သူရဲ့မွေးချင်းဓားပေါ်က ဝိညာဥ်စွမ်းအင်တွေကို ခံစားလိုက်တယ်။ ဓားပေါ်က ဝိညာဥ်စွမ်းအင်တွေက နည်းနည်းလေး အားနည်းသွားတာကို သေသေချာချာ ခံစားမိလိုက်ပြီးနောက်မှာ သူက ရင်ထဲမှာဖိနှိပ်နေတဲ့ ခံစားချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး သူ့အသံကလည်း နည်းနည်းလေး တုန်ယင်နေတော့တယ်။

“ထိန်းချုပ်လို့ ရသွားပြီ”

ဒီကာလအတွင်းမှာ ကောင်းကင်တာအိုရဲ့ ဝမ့်ကျန့်ဂိုဏ်းအပေါ် ပေးခဲ့တဲ့အကူအညီတွေနဲ့၊ ကောင်းကင်ကလာတဲ့ သရုပ်သဏ္ဌာန်အဖြစ် ကောင်းကင်တာအိုရဲ့ ဆက်သားတစ်ယောက်ကို စဥ်းစားမိလိုက်ပြီး သူက မျက်ရည်တွေ မထိန်းနိုင်အောင် စီးကျလာပြီး ပြောလိုက်တော့တယ်။

“ကျုပ်တို့ ဝမ့်ကျန့်ဂိုဏ်းကို ကောင်းကင်ဘုံက မစနေတာပဲ”

“ကောင်းကင်ဘုံက စေတနာ သဒ္ဒါတရားထက်သန်ပြီး မျှတလိုစိတ်ရှိတာပဲ။ ကောင်းကင်ဘုံကပဲ ဝမ့်ကျန့်ဂိုဏ်းကို မျှော်လင့်ချက် အမျှင်တန်းလေးတစ်ခု ပေးခဲ့တာ”

စူးလီက ဇဝေဇဝါနဲ့ မျက်တောင်ခတ်လိုက်တယ်။ ဒီလူတွေက ဘာကြောင့်များ ငါ့ကို အမြဲတမ်း ကျေးဇူးတင်နေကြပါလိမ့်။

နောက်ပြီးတော့ သူတို့ရဲ့ ကျေးဇူးတင်စကားက ဘာကြောင့်များ တနင့်တပိုးကြီး ဖြစ်နေရပါလိမ့်။

အသစ်အဆန်းထွင်ထားတာလည်း မရှိသလို လှတပတ ဖြစ်နေတာမျိုးလည်း မရှိဘူး။ စူးလီက မနှစ်မြို့သလို ကြည့်လိုက်မိတဲ့အချိန်မှာပဲ တစ်ခုခုကို သတိရသွားပြီး သူမရဲ့မျက်လုံးထဲမှာ စိတ်ဝင်စားတဲ့ အရိပ်အယောင်တစ်ခု ရုတ်တရက်ထွက်လာတယ်။

[ဒီလိုပြောလို့ ထိုက်ချင်းဓား သောင်းကျန်းတာက ဝမ့်ကျန့်ဂိုဏ်းနဲ့ ပတ်ဝန်းကျင်မြို့တွေအပေါ် သိသိသာသာ သက်ရောက်မှုတစ်ခုတော့ ရှိလိမ့်မယ် ဟုတ်တယ်မလား]

[ဝမ့်ကျန့်ဂိုဏ်းကလာတဲ့ ဖရဲသီးတွေအားလုံးက တကယ်အရသာရှိတာပဲ]

[ဘာသက်ရောက်မှုမျိုး ဖြစ်နေမလဲ ကြည့်လိုက်အုံးမယ်]

[ဒါက လူတွေကို ပိုပြီးအရမ်းကို တစ်ဖက်စွန်း ရောက်သွားစေတာကိုး]

ချီမင်နဲ့ တခြားကြီးမြတ်သူတွေက တစ်ခုခုကို စဥ်းစားမိသွားတဲ့ဟန်ပဲ။ သူတို့ရဲ့မျက်လုံးထဲမှာ ချင့်ချိန်စဥ်းစားလိုက်တဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။

အပြင်လောက ကလာတဲ့အသံက ဆက်ပြောတယ်။

[ကျွတ် ကျွတ် ငါပြောပါတယ်။ ဂိုဏ်းတစ်ခုရဲ့ ဓားသိုင်းကျင့်ကြံသူတွေ၊ ယောကျာ်းတွေရော မိန်းမတွေရောက ပုံမှန် မဟုတ်ပါဘူးလို့။ သူတို့တွေက ကိုယ့်ဟာကို သင်းကွပ်ချင်နေကြတာလေ]

[သူတို့တွေအားလုံးက ထိုက်ချင်းဓားရဲ့ ဆိုးကျိုး သက်ရောက်တာ ခံနေရတာကိုး]

[လိုရင်းကို ပြောရမယ်ဆိုရင် ဒါကရက်စက်တဲ့သူတွေကို ပိုပြီးရက်စက်လာစေပြီး ဆိုးရွားတဲ့သူတွေကိုလည်း ပိုပြီးဆိုးသွမ်းလာစေတယ်။ တစ်ပါးသူအပေါ် ယုံမှားသံသယ ဖြစ်တတ်တဲ့သူတွေကလည်း ပိုပြီးလွန်ကဲလာပြီး ကပ်စေးနဲတဲ့သူတွေကတော့ ပိုပြီးကပ်စေးနဲလာတာပေါ့]

ဒီလိုပြောလိုက်ပြီး သူမက မနေနိုင်တော့ဘဲ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်တယ်။

[ဟားဟားဟားဟား တုံးအတဲ့သူတွေကိုတော့ ပိုပြီးတုံးအသွားအောင် လုပ်လိုက်တာပဲ]

ကြီးမြတ်သူတွေအားလုံးက တစ်ပြိုင်တည်း ချီမင်ကို ကြည့်လိုက်ကြတယ်။

ချီမင်ကတော့ ဒေါသထွက်ထွက်နဲ့ ပြန်ကြည့်ပေးလိုက်တယ်။ နဂိုကတင်းမာနေတဲ့ လေထုက နောက်ဆုံးတော့ ပြေလျော့သွားခဲ့တယ်။

-

ဆီးနှင်းဓားမြို့

ရှန့်ချန်းရှန်းက အခုလေးတင် သူ့အစ်ကိုနဲ့ ရန်ဖြစ်ထားတဲ့ကိစ္စကို စဥ်းစားပြီး ဒေါသထွက်တဲ့ မျက်နှာတစ်ခုနဲ့ လမ်းပေါ်မှာ လျှောက်လာခဲ့တယ်။

သူတို့တွေက အမေတစ်ခုထဲကမွေးလာတဲ့ ညီအစ်ကိုတွေဆိုပေမဲ့ အစ်ကိုက ပိုပြီးတော့ အရည်အချင်း ရှိတာမို့လို့ သူတို့အဖေနဲ့အမေက သူ့ကို မျက်နှာသာပေးတယ်လေ။ ဒီအချိန်မှာပဲ အမတတစ်ယောက် ရုပ်ပေါက်နေတဲ့ ကျင့်ကြံသူတစ်ယောက်က သူ့လက်ကို ဆန့်တန်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရှန့်ချန်းရှန်းကို တားလိုက်တယ်။ ကျင့်ကြံသူရဲ့အသံထဲမှာ စျာန်အငွေ့အသက် ပြည့်နှက်နေတယ်။

“ရောင်းရင်း ကျုပ်က ဒီနေရာကို ခရီးသွားလှည့်လည်လာပြီး မင်းနဲ့ ရေစက်ပါလာတာပဲ”

ရှန့်ချန်းရှန်းက အထင်သေးသလိုနဲ့ သူ့လက်တွေကို ပြန်ရုတ်သိမ်းလိုက်တယ်။

“ဘယ်သူက ခင်ဗျားနဲ့ ရေစက်ပါနေလို့လဲ”

ကျင့်ကြံသူက ဘာမှမတတ်နိုင်တော့သလို ခေါင်းခါပြီး ပြောလိုက်တော့တယ်။

“မင်းက မင်းရဲ့ဘဝမှာ ဘေးဒုက္ခသုံးခုရှိနေတာကို ကျုပ် လေ့လာမိခဲ့တယ်။ ဒါတွေအားလုံးကလည်း မင်းရဲ့အစ်ကိုနဲ့ ပတ်သက်နေတယ်။ မင်းရဲ့အစ်ကိုကလည်း ပိုပြီးတော်သန်မာလာလေလေ မင်းက ပိုပြီး အားနည်းသွားလေလေ ဖြစ်လိမ့်မယ်”

“မင်းရဲ့ကျင့်ကြံရေးအဆင့်တွေကို တိုးမြင့်အောင် လုပ်ပေးနိုင်ပြီး မင်းရဲ့အစ်ကိုထက် သာလွန်အောင် ကူညီပေးနိုင်တဲ့ ကျောက်စိမ်းပြားတစ်ခု ကျုပ်ဆီမှာ ရှိတယ်”

သူက ကျောက်စိမ်းပြားဆိုတဲ့အသံကို ကြားလိုက်ရပြီးတဲ့အချိန်မှာ အတုအယောင် ဆန့်ကျင့်ရေးသင်ခန်းစာကို အိမ်မှာ မရေမတွက်နိုင်အောင် ပြန်ရွတ်လာခဲ့ရတဲ့ ရှန့်ချန်းရှန်းရဲ့ရင်ထဲမှာ ရုတ်တရက် လှုပ်ရှားသွားခဲ့ရတယ်။ သူ လူလိမ်တစ်ယောက်နဲ့ တွေ့နေပြီလား။

သူနဲ့ သူ့အစ်ကို ကြားကဆက်ဆံရေးက ဒီလူ ပြောသလောက်လည်း မဆိုးသေးပါဘူး။ သူက တစ်ခါတလေမှ နှစ်ကြိမ်လောက်ပဲ ညည်းညူခဲ့သေးတယ်။ သူ့ကို သူ့အစ်ကိုလို နေ့တိုင်း ဆယ်နာရီလောက်ပဲ လေ့ကျင့်ရမယ်ဆိုရင် သူကတော့ ဒါကိုတောင့်ခံနိုင်လိမ့်မှာ မဟုတ်ဘူး။

အကြောင်းတချို့ကြောင့် ပြီးခဲ့တဲ့ရက်အတွင်းမှာ သူက အများကြီး ပိုပြီး ရှင်းရှင်းလင်းလင်း သိလာတယ်။ ဒီလိုစဥ်းစားလိုက်ပြီး သူက စိတ်ဝင်စားချင်ဟန်ဆောင်ပြီး ထပ်မေးလိုက်တယ်။

“ခင်ဗျားရဲ့ကျောက်စိမ်းပြားက ဝိညာဥ်ကျောက်တုံး ဘယ်လောက်ပေးရမှာလဲ”

ကျင့်ကြံသူက အဓိပ္ပာယ်ပါပါနဲ့ ခေါင်းခါပြလိုက်ပြီး ပြောလိုက်တယ်။

“ရောင်းရင်းနဲ့ကျုပ်က ရေစက်ပါလာတာပဲ။ ကျုပ်က ဒီကျောက်စိမ်းပြားကို ပေးပါမယ်”

ရှန့်ချန်းရှန်းက အတုအယောင်ဆန့်ကျင့်ရေး သင်ခန်းစာထဲမှာ အကြိမ်ရာထောငိချီမက ကြားခဲ့ဖူးတဲ့သင်ခန်းစာကို ရုတ်တရက် သတိရသွားတယ်။ အလကားရတဲ့ဟာတွေက ဈေးအကြီးဆုံးပဲတဲ့။

ဒီလူက သေချာပေါက် လူလိမ်တစ်ယောက်ပဲ ဖြစ်ရမယ်။ သူက ဒီလိုစဥ်းစားလိုက်ပြီး မျက်နှာပေါ်မှာ ဝင့်ကြွားတဲ့ အကျင့်တစ်ခုနဲ့ ခေါင်းကို မော့ထားလိုက်တယ်။

“ကျုပ်က ကျောက်စိမ်းပြားတစ်ခုကို မတတ်နိုင်တဲ့သူမလို့လား”

“ကျုပ်က ဒီပစ္စည်းကို အလကားမလိုချင်ပါဘူး။ ကျုပ်အတွက် အကောင်းဆုံးပစွည်းကိုပဲ သွားရှာလာခဲ့။ ကျုပ်မှာ ငွေရှိပါတယ်”

ဒီလိုနဲ့ ရှန့်ချန်းရှန်းရဲ့ ဇွဲရှိရှိနဲ့မရမက တောင်းဆိုချက် အပြီးမှာတော့ ကျင့်ကြံသူက နောက်ဆုံးတော့ ပိုကောင်းပြီး ပိုစျေးကြီးတဲ့ ကျောက်စိမ်းပြားတစ်ခုကို သွားယူဖို့အတွက် သူ့ကို အိမ်ကို ခေါ်လာခဲ့တော့တယ်။

-

လမ်းကြားလေးထဲက ယိုယွင်းပျက်စီးနေတဲ့ ခြံဝန်းတစ်ခုထဲမှာ

ယဲ့မီက သူ့လက်အောက်ငယ်သားတွေ သေသေချာချာလေး စီစဥ်ပေးထားတဲ့ အစီအစဥ်ကို ကြည့်လိုက်ပြီး ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကို စမ်းသပ်ဖို့ ရူးရူးမိုက်မိုက်နဲ့ လူလွှတ်နေတဲ့ လောင်ယဲ့လို သူကတော့ တုံးအနေမှာ မဟုတ်ဘူး။

ရယ်စရာပဲ။ ဂိုဏ်းရဲ့ အခြေအနေတွေက အကြီးအကဲကြောင့် ယိုယွင်းပျက်စီးလာတယ်ဆိုရင်တောင် နောက်ဆုံး ဒါကဂိုဏ်းကြီးခြောက်ခုထဲက တစ်ခုဖြစ်နေသေးတာပဲ။ ဂိုဏ်းကို စမ်းသပ်ဖို့သွားတာက သေမင်းကို သွားရှာတာနဲ့ အတူတူပဲ။

ပြဿနာကို ရင်ဆိုင်ရတဲ့အခါကျရင် ဒါကို ဖြေရှင်းရမှာပေါ့။

အခုတလော ဝမ့်ကျန့်ဂိုဏ်းအနီးနားမှာ သူ ဖြန့်ထားတဲ့ ငါးစာတွေကို လူတွေအများကြီးက ဟပ်နေကြတယ် မဟုတ်လား။

ဒီအချိန်မှာ ဒါက အဲ့ဒီအရူးလောင်ယဲ့သာဆိုရင် သူက ဝမ့်ကျန့်ဂိုဏ်းကို သွားပြီးတော့ စစ်ဆေးနေအုံးမှာ။

အင်းပေါ့လေ သူကတော့ ဘယ်တူပါ့မလဲ။ သူက တခြားသူတွေ သွားစစ်ဆေးတာကို ခွင့်ပြုထားလိုက်တာပဲ။ အဲ့ဒီအထက်တန်းစား မိသားစုတွေက အရမ်းကို အသုံးဝင်တာ။

နောက်ပြီးတော့ ငါးစာတွေကလည်း ကုန်သွားရုံပဲ မဟုတ်လား။ ဒီလိုဆိုရင် နောက်ထပ် နည်းနည်းလေးပိုပြီး ဖြန့်ထားလိုက်မှာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့မှာ ငါးစာတွေအများကြီးရှိတာပဲ။

ဆိုရိုးစကားက ဒီလိုရှိတယ် မဟုတ်လား။ လူရည်မွန်တစ်ယောက်က အန္တရာယ်ရှိတဲ့တံတိုင်းပေါ်မှာ မရပ်ဘူးတဲ့။

သူက သင်ယူတတ်တဲ့ လူတစ်ယောက်ပါ။

သူက ကျောက်စိမ်းပြားကို ဝီရိယ ရှိရှိသန့်စင်နေတဲ့ သူရဲ့ငယ်သားတွေကို ကြည့်လိုက်ပြီး ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။

ဒီအချိန်မှာပဲ ပြင်းထန်တဲ့ ဝိညာဥ်စွမ်းအားလှိုင်းတစ်ခုက တံခါးအပြင်ဘက်ကနေ ရုတ်တရက် ဝင်ရောက်လာပြီး နောက်တစ်စက္ကန့်မှာပဲ ခြံဝန်းတစ်ခုလုံးက ပွင့်ထွက်သွားတော့တယ်။

ရှေ့မှာရပ်နေတဲ့ ရှန့်ချန်းရှန်းက သူ့ဘေးမှာရှိနေတဲ့လူတွေကို ပြတ်သားတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

“မြို့သခင် ဒါပါပဲ”

“သူတို့တွေအားလုံးက လူလိမ်တွေပါ”

“ဂိုဏ်းချုပ်ကြီးချီ ပြောထားတဲ့ လူလိမ်အဖွဲ့ပါ”

မြို့သခင်က သိက္ခာရှိတဲ့ဟန်နဲ့ ပြောလိုက်တယ်။

“သူတို့အားလုံးကို ဖမ်းကြ”

ယဲ့မီရဲ့မျက်နှာက အေးစက်သွားတယ်။ သူတို့တွေက ဘာဖြစ်လို့ ငါ့အိမ်ကို ရောက်လာကြတာလဲ။

သူက ပုံပြင်စာအုပ်ထဲက အပြင်အဆင်အတိုင်း တင်းတင်းကြပ်ကြပ် သေချာပေါက် လိုက်လုပ်ထားတာပဲ။ ကိုယ့်ဟာကို မြို့ထဲမှာပုန်းအောင်းနေပြီး စည်ကားနေတဲ့မြို့ရဲ့ လျှို့ဝှက်ထောင့်တစ်နေရာကို ရှာထားတာပဲလေ၊ ဒီနေရာက လုံးဝ အာရုံမဆွဲဆောင်တဲ့နေရာပဲလေ။

သူက သူ့လက်အောက်ငယ်သားတွေကိုတောင် ပုံပြင်စာအုပ်ထဲကအတိုင်းပဲ တင်းတင်းကြပ်ကြပ် လုပ်ခိုင်းထားတာပဲ။ ဒါကလုံးဝကို မှားနိုင်စရာမရှိဘူး။

တော်ပါသေးရဲ့ သူ့မှာအကြီးအကဲတွေ အပ်နှင်ထားတဲ့ စွမ်းအားရှိနေလို့ပဲ။ ဒီလူလေးတွေပဲဆိုရင်တော့ သူကသူတို့တွေကို အလွယ်တကူသတ်ပစ်နိုင်....

“လိမ်ညာလှည့်စားနေတဲ့ ကျောက်စိမ်းပြားတွေကို သန့်စင်နေတာ ဒီနေရာလား “သြရှရှ အသံတစ်ခုက မတိုးမကျယ် ထွက်လာတယ်။

ရှန့်ချန်းရှန်းက သူ့ခေါင်းကိုမြန်မြန် ငုံ့ထားလိုက်ပြီး တလေးတစားနဲ့ ပြောလိုက်တယ်။

“လူကြီးမင်းခင်ဗျာ သူတို့တွေပါပဲ”

“ကျွန်တော် ဒီနေရာက ဆက်သွယ်ရေး ကျောက်စိမ်းပြား တစ်ခုကိုလည်း တွေ့ထားပါသေးတယ်”

ဘ၀သတ်သူက သူ့ခေါင်းကို ခက်ထန်ထန်နဲ့ မော့ထားပြီး အံ့ကြိတ်ထားတဲ့လေသံနဲ့ ပြောလိုက်တယ်။

“အရမ်းကောင်းတယ်”

သူ့ဘေးမှာရပ်နေတဲ့ အကြင်နာမဲ့ဓားလမ်းကြောင်း အဆင့် ရောက်သွားပြီဖြစ်တဲ့ နတ်သမီးလျိူကွမ်းက သူမရဲ့ဓားကို ဖြည်းဖြည်းချင်း ထုတ်လိုက်တယ်။

“အရမ်းကောင်းတယ်”

နောက်တစ်နေ့

စူးလီက အိပ်ခန်းထဲကနေ ထွက်လာပြီး ဝမ့်ကျန့်ဂိုဏ်းရဲ့ ချောမွေ့နေတဲ့ ကောင်းကင်ကြီးကို ကြည့်လိုက်ပြီး သူမရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါအကြည့်တစ်ခု ဖြစ်သွားတော့တယ်။ အပေါက်ကြီးက ဘယ်ရောက်သွားတာလဲ။

ဘယ်လိုဖြစ်ပြီး အပေါက်ကြီး၊ အပေါက်ငယ်အားလုံးက ပျောက်သွားကြတာလဲ။

...

All Chapters