အခန်း ၈၉
Vol. 6 Ch. 89
အပိုင်း(၈၉)
စူးလီက ဝမ့်ကျန့်ဂိုဏ်းရဲ့ ကြည်လင်ပြီးသန့်ရှင်းနေတဲ့ ကောင်းကင်ကို ကြည့်လိုက်ပြီး မယုံမကြည်နဲ့ သူမရဲ့မျက်လုံးတွေကို မှိတ်ထားရတယ်။
သူမရဲ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာ ကောင်းကင်ကြီးက အရင်ထက်တောင်ပိုပြီး ကြည်လင်သန့်ရှင်းနေတယ်လို့ ခံစားလိုက်ရတယ်။
ဒီတော့ တစ်ရက်ထဲနဲ့ ငါမသိလိုက်တဲ့ကိစ္စတွေ ဘာဖြစ်သွားတာလဲ။
“ချန်ပေ့”
စူးလီရဲ့လှုပ်ရှားမှုတွေကို ကြားလိုက်တဲ့အခါ ရှန်းချန်ဟန်က သူမရဲ့လက်ထဲက ချင်းရွှမ်းဓားကို သိမ်းလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ပျော်ရွှင်မှုနဲ့ လေးစားတဲ့ အရိပ်ယောင်တစ်ခုဖြစ်နေတယ်။
“ချန်ပေ့ ဘာစားချင်လဲ။ ကျွန်မအခုချက်ချင်း သွားပြင်ပေးမယ်”
စူးလီက အေးအေးလူလူနဲ့ လက်ကာပြလိုက်ပြီး
“ငါဘာမှမစားချင်ဘူး ဆက်ပြီးတော့ ဓားသိုင်းလေ့ကျင့်လိုက်ပါ”
သူမက နေ့တိုင်း အရုပ်တွေချုပ်လိုက် အချက်အပြုတ်ချက်လိုက်နဲ့ လုပ်နေရင် သူ့ရဲ့ဦးရီးတော် ဝမ့်ကျန့်ဂိုဏ်းရဲ့ဘိုးဘေးကြီးက ဘယ်လိုထင်သွားမလဲ။
သူမှာက ကူကယ်ရာမဲ့သလို ခေါင်းခါပြလိုက်တယ်။ ဒါပေမဲ့ မျက်လုံးထဲမှာတော့ ဝိုးတဝါးအပြုံးလေး တစ်ခုဖြစ်သွားတယိ။
အခုတစ်လော ရှန်းချန်းဟန်ဆီမှာ ပိုင်ကျစ်ယွင်ရဲ့ အရိပ်အယောင်တွေ မတွေ့ရတော့သလောက်ပဲ။
သူတို့တွေက အရမ်းကို ဆင်တူကြတယ်ဆိုပေမဲ့ ရှန်းချန်းဟန်ကတော့ ရှန်းချန်းဟန်ပဲ။
သူမရဲ့စိတ်ထဲမှာ သတိရဖို့ထိုက်တန်တဲ့ နောက်ထပ်လူတစ်ယောက် ရှိသေးတယ်ထင်တယ်။ ဒီခံစားချက်ကြီးက လက်ခံဖို့ရာ အရမ်းကို ခက်ခဲတဲ့ခံစားချက်ကြီးတော့ ဟုတ်မနေဘူး။
ပျင်းပျင်းရိရိနဲ့ စဥ်းစားလာလိုက်ပြီး သူမကခြံဝင်းတံခါးဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။ တံခါးကို ဖွင့်လိုက်တာနဲ့ချက်ချင်း ဝိညာဥ်စွမ်းအင်အစားအသောက်တွေ လာပို့ပေးတဲ့ ချွီလင်ကို တွေလိုက်ရတယ်။
“စူးချန်ပေ့”
စူးလီကို မြင်လိုက်ရပြီးတဲ့နောက်မှာ ချွီလင်က သူမရဲ့လက်ထဲက ဝိညာဥ်စွမ်းအင် အစားအသောက်ဘူးလေးကို မြှောက်ပြလိုက်ပြီး တောက်ပစွာနဲ့ ပြုံးပြလိုက်တယ်။
“မနေ့တုန်းက ချန်ပေ့က ပျော်ရွှင်မှုလေးလီ အသားလုံးဟင်း စားချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကျွန်မ ဒီနေ့ ယူလာပေးတယ်”
စူးလီက သူမကို တွေးတွေးဆဆနဲ့ ကြည့်လိုက်မိတယ်။ တကယ်လို့ သူမ အမှတ်မမှားဆိုရင် ဒီချွီလင်က နည်းနည်း အကုန်သိတစ်ယောက်နဲ့ ဆင်တူနေတယ်။ ငါ့လို့ပေါ့။ အဟမ်း ကောလာဟလကြိုက်တာလေ။ ဒီလိုစဥ်းစားလိုက်ပြီး သူမက တံခါးဘောင်ကို မှီထားလိုက်ကာ တိမ်တွေကင်းစင်နေတဲ့ ကောင်းကင်ကို ကြည့်လိုက်ပြီး သိလိုစိတ် အရိပ်အယောင်တစ်ခုနဲ့ မေးလိုက်တယ်။
“လတ်တလောမှာ ဝမ့်ကျန့်ဂိုဏ်းထဲမှာ တစ်ခုခု ဖြစ်သွားတာ ရှိသေးလား”
အပေါက်တွေက ညတွင်းချင်း ဝမ့်ကျန့်ဂိုဏ်းထဲကနေ ပျောက်သွားတာတော့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား။
ချွီလင်က ဇဝေဇဝါနဲ့ မျက်တောင်ခတ်လိုက်တယ်။
“အခုတစ်လော ဝမ့်ကျန်ဂိုဏ်းထဲမှာ ဘာမှမဖြစ်ထားပါဘူး။ ဝမ့်ကျန့်ဂိုဏ်းက လတ်တလောမှာ အင်မတန်မှ အဆင်ပြေပြေနဲ့ကို လည်ပတ်နေတာပဲ။ ဂိုဏ်းရဲ့ဂိုဒေါင်ကိုလည်း ပြန်ပြီး ဖြည့်တင်းပြီးတဲ့အပြင် အကြောင်းကြောင်းကြောင့် တပည့်တွေရဲ့ လေ့ကျင့်ခြင်း တိုးတက်မှုကလည်းပဲ အများကြီး တိုးတက်လာတယ်လေ။
ပုံမှန်ဆိုရင် ဓားသိုင်းကျင့်ကြံသူတွေက သူတို့ရဲ့မွေးချင်းဓားနဲ့ ရင်ဆိုင်နေရတဲ့ မသိမသာ အချေအတင် ဖြစ်ရတာတွေလဲ လုံးဝကို ပျောက်ကွယ်သွားပြီး လူနဲ့ ဓားဟာဆိုရင် သိသိသာသာကို ကိုက်ညီလာခဲ့တယ်။
ဒါကြောင့်မလို့ တပည့်တွေက ဒီရက်ပိုင်းထဲမှာ နေ့တိုင်းဆိုသလို ဓားသိုင်းကိုတစ်နာရီပိုပြီးတော့ လေ့ကျင့်လာကြတယ်။
အဲ့ဒီအပြင်ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတွေကလည်း ဒီရက်ပိုင်းမှာ မကြုံစဖူး စိတ်ချမ်းသာနေကြတယ်။ အရမ်းကို စိတ်ချမ်းသာနေလိုက်တာများ တပည့်တွေတောင် စိုးရိမ်ရတဲ့အထိပဲ။
ဒါပေမဲ့...
ဒီနေ့မနက်က သူမကြားခဲ့တဲ့သတင်းကို ပြန်စဥ်းစားမိလိုက်တဲ့အခါ ချွီလင်ရဲ့မျက်လုံးတွေက ရုတ်တရက် စိတ်လှုပ်ရှားသွားတဲ့ အရိပ်အယောင်ဖြစ်သွားတယ်။
အတင်းအဖျင်းတွေဆိုတာ ဒါပေါ့လေ၊ ပြောရရင် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာပေါ့။ သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးဘေးမှာ ဘယ်သူမှမရှိတာကို တွေ့လိုက်ရတယ်။ သူမက ရှေ့ကို နှစ်လှမ်းလောက် တိုးသွားလိုက်ပြီး စူးလီကို လေသံတိုးတိုးနဲ့ ပြောပြလိုက်တယ်။
“ဒါပေမဲ့ မနေ့တုန်းကတော့ ဝမ့်ကျန့်ဂိုဏ်းပတ်ဝန်းကျင်က မြို့တွေထဲမှာ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့တယ်လေ”
စူးလီက မျက်ခုံးတွေကိုမသိမသာပင့်ထားလိုက်ပြီး
“အော်”
“ဘာဖြစ်ခဲ့တာလဲ”
“မနေ့တုန်းက လူလိမ်ဂိုဏ်းတစ်ခုကို ဆီးနှင်းဓားမြို့ထဲမှာ ဖော်ထုတ်ခဲ့တယ်လေ။ ဆီးနှင်းဓားမြို့သခင်နဲ့ သူရဲ့လူတွေ ရောက်လာတဲ့အခါ လူလိမ်တွေက ကျောက်စိမ်းပြားကို အတုဖြစ်အောင် သန့်စင်နေတာတဲ့။ အခု သူတို့တွေကို လက်ပူးလက်ကြပ်မိသွားပြီလေ”
ချွီလင်က ပြောရင်းဆိုရင်း ပိုပိုပြီးတော့ စိတ်လှုပ်ရှားလာတယ်။ သူက မနေနိုင်တော့ဘဲ သူမရဲ့ ညာဖက်လက်ကို ဝေ့ယမ်းလိုက်တယ်။
“အရေးအကြီးဆုံးကိစ္စကတော့ လူလိမ်တွေကို ဖမ်းခဲ့တဲ့အထဲမှာ ကြီးမြတ်သူနှစ်ယောက်ပါတယ်တဲ့”
“ကြီးမြတ်သူက သူရဲ့ဓားကိုဆွဲထုတ်လိုက်တာနဲ့ ချက်ချင်း အဲဒီလူလိမ်တွေက ဒူးထောက်ပြီး အသနားခံကြတော့တာတဲ့”
သူမရဲ့သရုပ်ဖော်နေတဲ့ဟန်ကို နားထောင်လိုက်ပြီးတဲ့နောက်မှာ စူးလီက ခဏလောက်နှုတ်ဆိတ်သွားပြီး စိတ်ရင်းအတိုင်း မေးလိုက်တယ်။
“ကျင့်ကြံရေးလောကထဲက ကြီးမြတ်သူတစ်ယောက်ဟာဆိုရင် အရမ်းကို ကျိုးကြောင်းဆင်ခြင် တတ်ကြတယ်မလား”
သူမရဲ့အမြင်မှာတော့ ဒီကြီးမြတ်သူတွေက လုံးဝကို ပါးနပ်မှု မရှိဘူးဆိုပေမဲ့ သူတို့တွေမှာ လိုအပ်တဲ့ပုံစံတွေတော့ ရှိနေသေးတာပဲ။ အခုကျတော့ ဘယ်လိုဖြစ်ပြီးတော့များ သူတို့တွေက ကိုယ်တိုင်ကိုယ်ကျ လူလိမ်တွေကို လာဖမ်းရတဲ့အထိ ဖြစ်နေရတာလဲ။
သူမရဲ့မေးခွန်းကို ကြားလိုက်ပြီးတဲ့နောက်မှာ ချွီလင်က အောင့်သက်သက်နဲ့ လည်ချောင်းကို ရှင်းလိုက်တယ်။
“အဟမ်း ဒီကြီးမြတ်သူနှစ်ယောက်ကလေ... ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အရင်တုန်းက အလိမ်ခံခဲ့ရတာကိုး၊ သူတို့တွေက လူလိမ်တွေကို အရိုးထဲကနေ မုန်းကြတယ်လေ”
စူးလီက ပတ်ဝန်းကျင်ကိုကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို စဥ်းစားမိသွားသယောင် ချိတုံချတုံအမူအရာနဲ့ ပြောလိုက်တယ်။
“ဧကန္တ သူတို့တွေက ဟိုလူထွားကြီးရဲ့ငွေနဲ့ လှည့်စားခံလိုက်ရတဲ့ သူတွေလား”
ချွီလင် ခေါင်းညိတ်ပြတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ ပိုပြီးတော့ကို နားမလည်နိုင်အောင် ဖြစ်သွားတော့တယ်။
“သူတို့တွေအားလုံးက ဂူပိတ်ကျင့်ကြံနေကြတာ မဟုတ်ဘူးလား”
ချွီလင်ကအနည်းငယ် ချောင်းဟန့်ပြီးပြောလိုက်တယ်။
“ပြောကြတာကတော့လေ ကြီးမြတ်သူတွေက လှည့်စားခံရပြီးကတည်းက ကျင့်ကြံရေးအဆင့်တူကြတဲ့ ကြီးမြတ်သူတွေ အများကြီးက သူတို့ကိုသွားပြီးတော့ နှစ်သိမ့်ပေးခဲ့တယ်တဲ့”
စူးလီက မျက်လုံးထဲမှာ စိတ်ဝင်စားတဲ့ အရိပ်အယောင်တစ်ခုနဲ့ မေးကိုထောက်ထားလိုက်တယ်။
“သူတို့တွေက လူရှေ့မှာ ကံဆိုးခြင်းကို ပီတိတဖွားဖွားဖြစ်အောင် လုပ်ပြနေတာကိုး”
မကောင်းတဲ့မိတ်ဆွေတွေကလည်း နေရာတိုင်းမှာပါပဲလား။
သူမရဲ့ဖော်ပြချက်ကို ကြားပြီးတဲ့အခါ ချွီလင်က ခေါင်းညိတ် သဘောတူလိုက်တယ်။
ကြီးမြတ်သူတွေအားလုံးက သိကြတယ်လေ။ ဒီကြီးမြတ်သူတွေက ဒေါသထွက်နေတဲ့ အခြေအနေတစ်ခုမှာ ရှိပြီး ဂူပိတ်ကျင့်ကြံဖို့ လုံးဝမသင့်တော်ဘူးပေါ့။ ဒါပေမဲ့ လှည့်စားခံရတဲ့ ကျင့်ကြံသူတွေအားလုံးက ဂူပိတ်ကျင့်ကြံမယ်လို့ ကြိုတင် ပြောထားတဲ့ စကားအောက်မှာ အပြင်လူတွေကို တွေ့ဖို့ ငြင်းဆန်နေတာပေါ့။
ဒါကြောင့်ပဲ ကြီးမြတ်သူတွေက လူသူကင်းမဲ့တဲ့နေရာတွေကိုသွားပြီး မှန်ကန်တဲ့နေရာတစ်ခုကို ရှာတွေ့ခဲ့ကြတယ်လေ။
ထပ်ပြီးပြောရမယ်ဆိုရင် သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်တွေက တူညီနေတာမလို့ မိသားစုထဲက လူတွေကလည်း သူတို့ကို မတားမြစ်ရဲကြဘူးပေါ့။
ဒီအကြောင်းကို စဥ်းစားလိုက်ပြီး ချွီလင်ကသူမရဲ့အသံထဲမှာ သနားစဖွယ် အရိပ်အယောင်လေးတစ်ခု ပါသွားတော့တယ်။
“ကြီးမြတ်သူတွေက သီးသန့်နေကြတာ ခုနှစ်ရက်တောင် မရှိသေးဘူး။ ဆယ့်နှစ်ယောက်လောက်ရှိတဲ့ ကြီးမြတ်သူတွေက သူတို့ဆီ အလည်ရောက်လာတယ်။ ဒီတော့ သူတို့တွေက နောက်တစ်နေ့ကျရင် သီးသန့်နေထိုင်ရာက ထွက်လာမယ်လို့ ကြော်ငြာပြီး သူတို့က ခရီးသွားချင်ကြတယ်လို့ ပြောတယ်”
“ဒီခရီးအတောအတွင်းမှာ...”
စူးလီက မျက်နှာပေါ်မှာ ဖိနှိပ်ထားတဲ့ အပြုံးတစ်ခုဖြစ်သွားတယ်။
“နောက်ပြီးတော့ သူတို့တွေက လူလိမ်တစ်ဖွဲ့ကို လမ်းကြုံ သုတ်သင်ခဲ့တယ်ပေါ့လေ”
သူတို့ရဲ့အတွေ့အကြုံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက သူတို့အတွက် မျက်ရည်မကျဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။
အစတုန်းကတော့ သူတို့တွေက ကျင့်ကြံရေးလောကထဲမှာ ထိပ်တန်းကျင့်ကြံရေးအဆင့်ရှိပြီး သူတို့နောက်မှာ မရေမတွက်နိုင်အောင် ထောက်ခံသူတွေရှိကြတဲ့ ကြီးမြတ်သူတချို့ပဲ။
ဒါပေမဲ့လည်း သူတို့တွေက လူထွားကြီးတစ်ယောက်ရဲ့ ငွေနဲ့ လိင်ကို လှည့်စားခံရတယ်။ အဲ့ဒီနောက်မှာ မရေမတွက်နိုင်တဲ့ ရယ်စရာကောင်းတဲ့ ကိစ္စတွေကို လုပ်ခဲ့ကြတယ်။ အခုကျတော့ သူတို့တွေက ပြန်လာစရာ အိမ်မရှိအောင် ဘေးကရပ်ကြည့်နေသူတွေရဲ့ ဖိအားပေးခံရပြီး အခုကျတော့ လှည့်ပတ်ပြီး သွားလာနေရုံပဲ တက်နိုင်တယ်။ မဟုတ်သေးပါဘူး။ ကျင့်ကြံရေးလောကထဲမှာ ဒါကို ‘သိုင်းလောကထဲ ကျင်လည်တယ်’လို့ ခေါ်တာပါ။
“သူတို့တွေက အဲ့ဒီလူလိမ်ဂိုဏ်းကို ဖျက်ဆီးပြီးတော့ဘာဖြစ်သွားလဲ”
စူးလီက ထရပ်လိုက်ပြီး သူမရဲ့လက်ထဲကနေ့လယ်စာ ထမင်းဘူးကို လှမ်းယူလိုက်တယ်။
“သူတို့တွေက သူတို့ရဲ့ ဒေါသကိုဖွင့်ချပြီးတော့ အိမ်ပြန်သွားကြတာလား”
ချွီလင်က သူမရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ ခဏလောက် နှုတ်ဆိတ်သွားပြီး မသိမသာ ခေါင်းခါပြလိုက်တယ်။
“ကြီးမြတ်သူ တော်တော်များများက...”
သူမက စကားလုံးတွေကို သေချာစဥ်းစားပြီးမှ ပြောလိုက်တယ်။
“သူတို့တွေက သူတို့ရဲ့နှလုံးသားထဲမှာ တကယ့်ကိုကြီးမြတ်တဲ့ ဖြောင့်မတ်မှန်ကန်မှုတွေရှိပြီး ကျင့်ကြံရေးလောကကြီးက လူလိမ်တွေ လှည့်စားပြီး လိမ်လည်ခံနေရတာကို မမြင်ရက်ကြဘူးလေ။ အခုသူတို့တွေက ကျင့်ကြံရေးလောကထဲက ဒေသ တော်တော်များများကို သွားပြီး လူလိမ်တွေကို ဖမ်းရင်း အလုပ်များနေကြတော့တာပဲ”
စူးလီက လက်တစ်ဖက်ကို နှုတ်ခမ်းပေါ်တင်ထားပြီး သူမရဲ့အပြုံးကို ဖုံးကွယ်ထားလိုက်တယ်။ သူမက ချောင်းဟန့်ပြီး ပြောလိုက်တယ်။
“အရမ်းကောင်းတာပေါ့”
ချွီလင် ပြန်သွားပြီးနောက်မှာ သူမက ဝမ့်ကျန့်ဂိုဏ်းရဲ့ ပြာလဲ့လဲ့ကောင်းကင်ကို ကြည့်လိုက်ပြီး ပျင်းပျင်းရိရိနဲ့ စဥ်းစားလိုက်တယ်။ ငါ့အထင်တော့ နောက်ပိုင်းကျရင် ဝမ့်ကျန့်ဂိုဏ်းမှာ လူလိမ်တွေ ရှိလာဖို့ တော်တော်လေး ခက်ခဲသွားလိမ့်မယ်ထင်တယ်။
-
ယွင်ချန်ခန်းမထဲမှာ
ရှန်ယွင်အန်းက ချီမင်ရဲ့မျက်နှာသေဖြစ်နေတဲ့ပုံစံကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ သံသယအရိပ်တစ်ခု ဖြစ်သွားတယ်။
“ဂိုဏ်းချုပ်ကြီး ပြီးခဲ့တဲ့နှစ်ရက်အတွင်း ခင်ဗျားရဲ့မျက်နှာတွေက ပြုံးရလွန်းလို့ တောင့်တင်းလာပြီလား”
“အဲ့လိုမှမဟုတ်ဘူးဆိုရင် ဝမ့်ကျန့်ဂိုဏ်းက အဲ့လောက်အထိ ပေါများကြွယ်ဝလာတဲ့ဟာကို ဂိုဏ်းချုပ်ကြီး ကဒီလိုအမူအရာ ဘာလို့ဖြစ်နေသေးတာလဲ”
သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ချီမင်က ဒေါသထွက်တဲ့ဟန်နဲ့ သူ့ကိုလှမ်းကြည့်လိုက်ပြီး ကောင်းကင်ကြီးကို အမြတ်တနိုးအကြည့်နဲ့ လှမ်းကြည့်လိုက်ပြီး သက်ပြင်းချရင်း ပြောလိုက်တယ်။
“ဒီက ဂိုဏ်းချုပ်ကြီးက လတ်တလောမှာ ဂိုဏ်းကိစ္စကို စိုးရိမ်လာခဲ့တာ”
“အပြင်လောကကလာတဲ့အသံက ဝမ့်ကျန့်ဂူသင်္ချိုင်းကိစ္စပြီးသွားကတည်းက ဝမ့်ကျန့်ဂိုဏ်းမှာ လုံးဝပေါ်မလာတော့ဘူးလေ”
“အဲ့ဒီမတိုင်ခင်ကဆိုရင် အနည်းဆုံး တစ်နေ့တစ်ခါတော့ ပေါ်လာတက်ပြီး ပေါ်လာတဲ့အချိန်တိုင်းလဲ ဂိုဏ်းထဲမှာအဓိက ပြဿနာကြီးတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လေ”
သူကတခြားသူတွေရဲ့ ကံကောင်းခြင်းတွေကို စုပ်ယူနေတဲ့ လင်ယွိလွမ်ကိုလည်း ဖမ်းဆီးကူပေးခဲ့ပြီး ဆရာတူဦးလေးရဲ့ ပျောက်ဆုံးသွားတာကြာပြီဖြစ်တဲ့ သမီးကိုလည်း ရှာဖွေကူညီပေးခဲ့တယ်။ ဝမ့်ကျန့်ဂူသင်္ချိုင်းရဲ့ ပြဿနာကိုလည်း ရှာဖွေဖော်ထုတ်ပေးခဲ့ပြီး ကူညီဖြေရှင်းပေးခဲ့သေးတယ်လေ။
တကယ်လို့များ အပြင်လောကကလာတဲ့အသံ မရှိဘူးဆိုရင် ဝမ့်ကျန့်ဂိုဏ်းက တိတ်တိတ်လေး ပျောက်ကွယ်သွားနိုင်တယ်။
အပြင်လောကက လာတဲ့အသံက ဝမ့်ကျန့်ဂိုဏ်းရဲ့ကျေးဇူးရှင် သူတို့ကိုဘဝအသစ်ပေးခဲ့တဲ့ ကျေးဇူးရှင်လို့တောင် ပြောလို့ရတယ်။
ဒါပေမဲ့အခုကျတော့ ကောင်းကင်ကလာတဲ့အသံက ပေါ်မလာတာ သုံးရက်လုံးရှိသွားပြီလေ။
သူက ဘယ်လိုဖြစ်ပြီး မစိုးရိမ်ဘဲ ပျာယာမခတ်ဘဲ နေတော့မှာလဲ။
ရှန်ယွင်အန်းက ကောင်းကင်ကိုမော့ကြည့်နေတဲ့ ချီမင်ကိုကြည့်လိုက်ပြီး ရုတ်တရက်တစ်ခုခုကို စဥ်စားမိသွားတယ်။ သူမျက်နှာပေါ်က သိမ့်မွေ့တဲ့အပြုံးက မသိမသာ အေးခဲသွားတော့တယ်။
သူက ခဏလောက် သေသေချာချာ စဥ်းစားလိုက်ပြီး နောက်ဆုံးတော့ ဖြေသိမ့်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ဂိုဏ်းချုပ်ကြီး အားလုံးက အချိန်တစ်ခုရောက်ရင် ပင်ပန်းသွားကြတာပဲ။ ကြည့်ရတာသူလည်း အနားယူနေတာနေမှာပါ”
“နောက်ပြီးတော့ ဝမ့်ကျန့်ဂိုဏ်းကလဲ ဒီကာလအတွင်းမှာ ပြဿနာအများစုကို ဖြေရှင်းခဲ့ပြီးပြီပဲ။ ကောင်းကင်ရဲ့ချီးမြှောက်ခြင်းက လုံလောက်နေပါပြီ”
ကောင်းကင်အကြောင်း ပြောလိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေထဲမှာ လုံးဝကိုလေးစားတဲ့ အရိပ်အယောင်နဲ့ ပြည့်နှက်သွားတယ်။
ဝမ့်ကျန့်ဂိုဏ်းက ကောင်းကင်တာအိုအပေါ်ကိုပဲ အားကိုးနေလို့မရဘူးလေ။ ဝမ့်ကျန့်ဂိုဏ်းက စည်းလုံးနေသရွေ့ သေချာပေါက် တိုးတက်အောင်မြင်နေအုံးမှာပေါ့။
ဒီအချိန်မှာတော့ သူက ခဏလောက် တုံ့ဆိုင်းသွားပြီး သူ့အသံထဲမှာ ကျီစယ်တဲ့အရိပ်လေး စွက်သွားတယ်။
“နောက်ပြီးတော့ ဝမ့်ကျန့်ဂိုဏ်း ပတ်ဝန်းကျင်မှာလည်း ကြီးမြတ်သူတွေ အများကြီးရှိတာပဲ။ အဟမ်း... လူလိမ်တွေကိုဖမ်းမိကြတာ အနည်းဆုံးတော့ ဝမ့်ကျန့်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေ ထပ်ပြီးအလိမ်ခံရမှာ စိုးရိမ်စရာမလိုဘူးလေ”
သူရဲ့နှစ်သိမ့်ပေးနေတဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီမင်ရဲ့ ကူကယ်ရာမဲ့သလို ခေါင်းခါပြလိုက်တယ်။
“ကျုပ်လေ အရမ်းကိုစိုးရိမ်ပြီး နားမလည်နိုင်အောင်ဖြစ်ရတယ်”
“ဒါပေမဲ့လည်း စစ်ယွီဖုန်းက တစ်ခုခုလွဲနေတယ်လို့ ခံစားနေရတုန်းပဲ”
သူက အင်မတန်မှ လေးနက်တဲ့အကြည့်တစ်ခုနဲ့ ရှန်ယွမ်အန်းကို ကြည့်လိုက်တယ်။
“စစ်ယွီဖုန်းရဲ့ တပည့်တွေက ဘာဖြစ်လို့များ အရင်ကထက်ပိုပြီး ဓားသိုင်းကျင့်ကြံတာကို အရမ်းကြိုးစားပြီး လုပ်နေတာလဲ။ ဧကန္တ တစ်ယောက်ယောက်ကများ သူတို့ကို မက်လုံးပေးထားလို့လား”
“ဂိုဏ်းချုပ်ကြီး ဝမ့်ကျန့်ဂိုဏ်းကတပည့်တွေက သတိအနေအထားနဲ့ ရှိနေသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေမှာ ဓားသိုင်းကျင့်ကြံဖို့ အချိန်ကနည်းပါးကြတယ်မဟုတ်လား”
ရှန်ယွမ်အန်းက သူမျက်ခုံးတွေကို ကူကယ်ရာမဲ့သလို ပွတ်သပ်လိုက်တယ်။
“နောက်ပြီးတော့ အခုဆိုရင် တပည့်တွေနဲ့ သူတို့ရဲ့မွေးချင်းဓားတွေက ပိုပြီးတော့ အပေးအယူ မျှလာပြီလေ။ စိတ်လှုပ်ရှားကြလို့ ခဏလောက်ပိုပြီး ဓားသိုင်းကျင့်ကြံကြတာက သူတို့အတွက်ပုံမှန်ပါပဲ”
ကြည့်ရတာ ဝမ့်ကျန့် ဂူသင်္ချိုင်းထဲကကိစ္စက ဂိုဏ်းချုပ်ကြီးကို ကြီးမားတဲ့ပူပင်မှုတစ်ခု ဖြစ်စေတဲ့ပုံပဲ။ အဲ့ဒိမတိုင်ခင်တုန်းက သူကဂိုဏ်းချုပ်ကြီးက အရမ်းကြီးစိုးရိမ်ပြီး ပူပင်နေတာမျိုးတစ်ခါမှ မတွေ့ခဲ့ဘူးဘူးလေ။
ချီမင်က ခြောက်ခြောက်ကပ်ကပ်နဲ့ နှစ်ကြိမ်လောက် ရယ်မောလိုက်တယ်။
“အကြီအကဲရှန်ပြောတာ မှန်ပါတယ်”
“ဒါပေမဲ့ ရှောင်ဖုန်းရဲ့ဘေးက ဓားစွမ်းအင်တွေကတော့...”
“ဒါကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဓားဆရာကြီးရဲ့ကြီးမားတဲ့ဓားစွမ်းအင် လွှမ်းမိုးခံရလို့ဖြစ်မှာပါ”
“ဒါပေမဲ့လည်း ဝမ့်ကျန့်ဂိုဏ်းအနီးနားက သော့ပေါင်းခန်းမထဲမှာ ရုတ်တရက်ပေါ်လာတာရှိသေးတယ်”
“အဲ့ဒါကတော့ တကယ့်သော့ပေါင်းခန်းမပါ၊ ကျွန်တော်က ကျုပ်ရဲ့တပည့်တွေကို စုံစမ်းဖို့ လွှတ်လိုက်ပြီးပြီ”
ရှန်ယွင်အန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ့မျက်နှာကို တည်ငြိမ်အောင် ကြိုးစားထားလိုက်တယ်။
“ဂိုဏ်းချုပ်ကြီး ကျုပ်ကိုယုံပါဗျာ၊ အခုဆိုရင် ဝမ့်ကျန့်ဂိုဏ်းရဲ့ပတ်ဝန်းကျင်မှာ လိမ်လည်ရဲတဲ့သူ မရှိတော့ပါဘူး။ တကယ်လို့များ သူတို့တွေက လူလိမ်ဆိုရင်တောင်မှ သူတို့တွေ ကောင်းကောင်း နေချင်ကြမှာပါ”
“ဒါပေမဲ့ ယီချင်တောင်ထွတ်မှာ...”
သူက ဝမ့်ကျန့်ဂိုဏ်းထဲမှာ တစ်ခုခုလွဲနေတာကို သတိထားမိတယ်လို့ ချီမင်က ပြောဖို့ ကြိုးစားတော့မဲ့ဆဲဆဲမှာပဲ။ တပည့်တစ်ယောက်က စိုးရိမ်ပူပန်တဲ့မျက်နှာတစ်ခုနဲ့သူ့ဆီကိုရောက်လာပြီး ပြောလိုက်တော့တယ်။
“ဂိုဏ်းချုပ်ကြီး ရှဲ့ရှောက်ချင်း၊ ရှဲ့မိသားစုရဲ့သခင်လေးက အလည်ရောက်လာပါတယ်”
ချီမင်က သူ့စိတ်ခံစားချက်အားလုံးကို ဘေးဖယ်ထားလိုက်ပြီး ထရပ်ကာပြောလိုက်တယ်။
“ကျေးဇူးပြုပြီး ဖိတ်ခေါ်လိုက်ပါ”
သူ့စကားဆုံးသွားပြီးတာနဲ့ သူကထပ်ပြောလိုက်တယ်။
“အကြီးအကဲလင်းဖုန်းကို သူ့မြေးလေး ရောက်နေတဲ့အကြောင်း သတင်းပို့ဖို့ နောက်ထပ်တပည့်တစ်ယောက်ကို လွှတ်လိုက်အုံး”
“ဟုတ်ကဲ့”
ရှန်ယွမ်အန်းကလည်း ထရပ်လိုက်ပြီး ခန်းမဝင်ပေါက်ကိုကြည့်လိုက်တယ်။
တစ်သီးတခြားနေတတ်တဲ့ ရှဲ့မိသားစုဟာဆိုရင် ကျင့်ကြံရေးလောကထဲမှာ နှစ်ပေါင်းထောင်ချီအောင် အရေးပါတဲ့မိသားစုတစ်ခုပဲ။
ရှဲ့မိသားစုက ဝမ့်ကျန့်ဂိုဏ်းကို မတည်ထောင်ရသေးခင်ကတည်းက တည်ရှိလာတာ။
ရှဲ့မိသားစုက မိသားစုတစ်ခုသာသာပဲဆိုပေမဲ့လည်း ထူးချွန်တဲ့အရည်အချင်းနဲ့ မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်တွေ ပိုင်ဆိုင်ထားတယ်။ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေရှိပြီး တာဝန်ယူစောင့်ရှောက်ပေးနေတဲ့ အတိဒုက္ခကျင့်ကြံခြင်းအဆင့် ကြီးမြတ်သူနှစ်ယောက်လည်း ရှိသေးတယ်။ သူတို့ရဲ့အင်အားဟာဆိုရင် ဂိုဏ်းကြီးခြောက်ခုနဲ့တောင် ယှဥ်ပြိုင်နိုင်ဖို့လုံလောက်တယ်။
ရှဲ့မိသားစုမှာ မှော်ဝင်ရှေးဟောင်းပစ္စည်းနှစ်ခုရှိတယ်လို့တောင် သတင်းထွက်နေတယ်။ အဲဒါတွေက မှော်ဝင် ရှေးဟောင်းပစ္စည်းတွေတဲ့။
ဝမ့်ကျန့်ဂိုဏ်းမှာတော့ ရှေးဟောင်းမှော်ဝင်ပစ္စည်းတစ်ခုပဲရှိတာ။ အဲ့ဒါကထိုက်ချင်းဓားလေ။ တခြားဂိုဏ်းကြီးခြောက်ခုမှာလည်းပဲ အလွန်ဆုံးမှော်ဝင်ရှေးဟောင်းပစ္စည်း တစ်ခုပဲရှိကြတာ။
ဒါကြောင့်မို့လို့ ရှဲ့မိသားစုရဲ့နာမည်က တစ်ခါတစ်လေကျရင် ဂိုဏ်းကြီးခြောက်ခုရဲ့ တပည့်တွေရဲ့ နာမည်တွေထက်တောင် ပိုပြီးတော့အသုံးဝင်သေးတယ်။
တစ်ခုပဲ၊ ရှဲ့မိသားစုမှာ စည်းမျဥ်းစည်းကမ်းတွေ အများကြီးချမှတ်ထားတယ်တဲ့။ သူတို့တွေက အမြဲတမ်း သီးခြားနေထိုင်ကြပြီး အပြင်လူတွေဝင်ထွက်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားကြတယ်။ ဒါကြောင့်သူတို့တွေမှာ လျှို့ဝှက်တဲ့ရှဲ့မိသားစုဆိုတဲ့ ဘွဲ့တောင်ရထားသေးတယ်။
သူက ရှဲ့မိသားစု သခင်မရဲ့အဖေဖြစ်နေတာတောင် ကြီးမြတ်သူလင်ဖုန်းက ရှဲ့မိသားစုကို သွားလည်လေ့ မရှိဘူး။
ဂိုဏ်းကြီးခြောက်ခုက လူတွေအတွက်တော့ သူ့တို့တွေက ရှဲ့မိသားစုခေါင်းဆောင်ရဲ့မွေးနေ့မှာ နှစ်ပေါင်းတစ်ရာမှ တစ်ကြိမ်လောက်ပဲ ရှဲ့မိသားစုဆီကို သွားကြတာ။
ဒီအကြောင်းကို စဥ်းစားလိုက်ပြီး ရှန်ယွမ်အန်းက တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။ တကယ်လို့ သူအမှတ်မမှားဘူးဆိုရင် နောက်သုံးရက်နေရင် ရှဲ့မိသားစုခေါင်းဆောင်ရဲ့ အသက်(၈၀၀)ပြည့် မွေးနေ့ဖြစ်လိမ့်မယ်။
ဒီအခိုက်အတန့်မှာပဲ ငယ်ရွယ်နုပျိုတဲ့ ပုံရိပ်တစ်ခုက ခန်းမတံခါးထဲကို ဖြည်းဖြည်းချင်း လျှောက်ဝင်လာတယ်။
ရှဲ့ရှောက်ချင်းက ပေါ့ပါးတဲ့ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားတယ်။ သူက ချီမင်ကို တွေ့လိုက်တဲ့အခါ သူရဲ့ချောမောခံ့ညားတဲ့ မျက်နှာပေါ်မှာ ရင်းနှီးပြီးလေးစားတဲ့ အရိပ်အယောင်တစ်ခုကို ထုတ်ပြလိုက်တယ်။
“ရှောက်ချင်းက ဂိုဏ်းချုပ်ကြီးကိုနှုတ်ဆက်ပါတယ်”
ချီမင်က ပင်မထိုင်ခုံကနေ လျှောက်ဆင်းသွားပြီး ရှဲ့ရှောက်ချင်းကို ကိုယ်တိုင်တွဲထူပေးလိုက်တယ်။
“တူတော်မောင် အဲ့လောက်အထိ ယဥ်ကျေးနေစရာမလိုပါဘူး”
သူက ရှဲ့ရှောက်ချင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ခံစားမိလိုက်ပြီး လေးစားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
“မင်းကိုမတွေ့ရတာ ဆယ်စုနှစ်ပဲရှိသေးတယ်၊ ကျုပ်ရဲ့ချစ်လှစွာသော တူတော်မောင်က ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်စ ဝိညာဥ်အဆင့်ကို ရောက်သွားပြီပဲ၊ မင်းကတကယ့်ကို ငယ်ရွယ်ပြီးတော့ အလားအလာရှိပါပေတယ်”
သူက အခြေတည်စဝိညာဥ် ကျင့်ကြံခြင်းအဆင့်ကို နှစ်၁၀၀မပြည့်ခင်မှာပဲ ရောက်သွားခဲ့တာပဲ။ ကျင့်ကြံရေးလောက တစ်ခုလုံးကို ကြည့်မယ်ဆိုရင် သူက အင်မတန်မှထူးခြားတဲ့ အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်လို့ ပြောလို့ရတယ်။
“ဂိုဏ်းချုပ်ကြီး၊ ဂိုဏ်းချုပ်ကြီးက အရမ်းကို ချီးမွမ်းလွန်းနေပါပြီ၊ ရှောက်ချင်းက မိသားစုရဲ့ချီးမြှောက်ခံရတာသက်သက်ပါ”
ရှဲ့ရှောက်ချင်းက ငယ်ရွယ်သေးပြီ သူ့ရဲ့စကားလုံးတွေက နှိမ်ချပုံပေါ်ပေမဲ့လည်း သူရဲ့အသံထဲမှာတော့ သူ့ကိုယ်တိုင် သတိမထားမိတဲ့ ဂုဏ်ယူတဲ့အရိပ်တစ်ခု ပါနေသေးတယ်။
ဒါပေါ့လေ။ သူမှာလည်း ဂုဏ်ယူရမဲ့အကြောင်အရင်း ရှိတာကိုး။
...