← Chapters

အခန်း (၄၂၇-၄၂၈)

Vol. 31 Ch. 427-428

အခန်း (၄၂၇-၄၂၈)

Vol. 31 Ch. 427-428

အပိုင်း(၄၂၇)

ချန်အန်းမြို့တော် မှ ထွက်ခွာလာပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ ညဉ့်ယံ၏ ဒုတိယပိုင်းသို့ပင် ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ် နာရီအနည်းငယ် အကြာတွင် မိုးလင်းတော့မည် ဖြစ်ကြောင်း ကျန်းလျို သတိပြုလိုက်မိသည်။

"ဒါနဲ့... မင်းတို့မိစ္ဆာမျိုးနွယ် တွေဆီ ပြန်ချင်တယ်ဆိုရင်… ဘယ်နေရာကနေ ပြန်သွားရမှာလဲ..."

ကျန်းလျို ခေါင်းလှည့်ကာ သူ၏ဘေးရှိ မိစ္ဆာမလေး အား မေးလိုက်လေသည်။

ထိုမေးခွန်းကို ကြားသောအခါ မိစ္ဆာမလေး ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာ ပေါ်လာပြီး ခေါင်းခါလိုက်လေသည်။

"အဲဒါကိုတော့... ငါလည်း မသိဘူး..."

သူမသည် မွေးကတည်းက မြေအောက် မိစ္ဆာဂူ ထဲတွင်သာ နေထိုင်ခဲ့ရသူဖြစ်ရာ မိစ္ဆာမလေး အနေဖြင့် သူမ၏ မျိုးနွယ်စုဝင်များကို မိစ္ဆာနယ်မြေ သို့ ပြန်လည်ခေါ်ဆောင်သွားလိုသော်ငြားလည်း မည်သို့ ပြန်သွားရမည်၊ မည်သည့်နေရာမှ ပြန်သွားရမည် ဆိုသည်ကို ရှင်းလင်းစွာ သိရှိထားခြင်း မရှိချေ။

"ဝူခုန်း… ပါကျဲ... မင်းတို့နှစ်ယောက်ကော သိလား..."

မိစ္ဆာမလေး၏ စကားကို ကြားပြီးနောက် ကျန်းလျိုက စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ဘက် လှည့်ကာ မေးလိုက်လေသည်။

"ဆရာ... ကျွန်တော် သိတော့ သိတယ်... ဒါပေမဲ့ ကျွန်တော်သိတဲ့နေရာက ဒီကနေဆို အဝေးကြီးပဲ... ဂျူးလုတိုက် နယ်မြေထဲမှာ ရှိတာ..."

စွန်းဝူခုန်းက ခေါင်းခါယမ်းကာ ဘာမှမတတ်နိုင်သည့်ဟန်ဖြင့် ပြန်ဖြေလိုက်လေသည်။

စွန်းဝူခုန်းနှင့် ဇီရှားတို့ ငရုတ်သီး ရှာဖွေရန် မီးလျှံမိစ္ဆာနယ်မြေသို့ သွားရောက်ခဲ့စဉ်က လူ့လောကနှင့် မိစ္ဆာနယ်မြေတို့ ဆက်သွယ်ထားသော နေရာတစ်ခုမှတစ်ဆင့် မိစ္ဆာနယ်မြေထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြပေသည်။

သို့သော် ထိုနေရာသည် ဤနေရာမှ အလွန်တရာ ဝေးကွာလွန်းလှပေသည်။

တာ့ထန်သည် တောင်ဘက်ရှိ ရှန်းပုတိုက် နယ်မြေအတွင်း၌ တည်ရှိပြီး ထိုဆက်သွယ်ထားသော နေရာမှာ မြောက်ဘက်ရှိ ဂျူးလုတိုက် နယ်မြေအတွင်း၌ တည်ရှိလေသည်။ ဖြတ်သန်းရမည့် ခရီးအကွာအဝေးမှာ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ်ထက်ပင် ပို၍ ဝေးကွာနေသေးသည်။

သို့သော် စွန်းဝူခုန်း၏ စကားအပြီးတွင် ကျူးပါကျဲက ဝင်ပြောလိုက်လေသည်။

"တကယ်တော့ ဆရာ... ကျွန်တော် ဝက်ကြီး နည်းနည်းပါးပါး သိထားတာ ရှိတယ်..."

"အို... ကျူးပါကျဲ... မင်း ဘာတွေသိထားလို့လဲ... ပြောပြစမ်းပါဦး..."

ကျူးပါကျဲ၏ စကားကို ကြားသောအခါ ကောင်းကင်ဘုံတွင် တစ်ချိန်က ထျန်းဖုန် စစ်သူကြီး ဖြစ်ခဲ့ဖူးသူပီပီ ကျန်းလျိုက မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည်။

"ကျွန်တော် သိသလောက်တော့ မိစ္ဆာတွေအားလုံးက သူတို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မိစ္ဆာအငွေ့အသက်တွေကနေတစ်ဆင့် မိစ္ဆာနယ်မြေနဲ့ ဆက်သွယ်နိုင်စွမ်း ရှိကြတယ်... တကယ်လို့ သင့်တော်တဲ့ မှော်ဝင်္ကပါ တစ်ခုကိုသာ စီစဉ်ထားနိုင်ရင်… အဲဒီ မှော်ဝင်္ကပါထဲကို လုံလောက်တဲ့ မိစ္ဆာအငွေ့အသက်တွေ ဖြည့်သွင်းပေးလိုက်တာနဲ့ သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုကို ရောက်သွားလိမ့်မယ်... အဲဒီအခါ မိစ္ဆာနယ်မြေက အာရုံခံမိသွားပြီး မိစ္ဆာတွေကို မိစ္ဆာနယ်မြေဆီ ပြန်ခေါ်သွားဖို့ လမ်းကြောင်းတစ်ခု ဖွင့်ပေးလိမ့်မယ်..."

ကျူးပါကျဲက ကျန်းလျိုအား ရှင်းပြလိုက်လေသည်။

ကျူးပါကျဲ၏ စကားကို ကြားသောအခါ ကျန်းလျိုက မိစ္ဆာမလေးဘက်သို့ လှည့်ကြည့်ကာ မေးလိုက်လေသည်။

"မှော်ဝင်္ကပါ... မင်းတို့ဆီမှာ အဲဒါမျိုး ရှိလို့လား..."

"အဲ့တာက..."

ကျန်းလျို၏ စကားကို ကြားသောအခါ မိစ္ဆာမလေးသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား သူမ၏ လက်ကို မြှောက်လိုက်၏။ ထိုအခါ... ပုံစံဒီဇိုင်း အမြောက်အမြားဖြင့် အလှဆင်ထားသော ရှေးဟောင်း ခရမ်းရောင် အဝတ်စတစ်ခု သူမ၏ လက်ထဲတွင် ထွက်ပေါ်လာလေသည်။

"ဒီအဝတ်စပေါ်မှာ ငါ သိပ်နားမလည်တဲ့ဟာတွေ အများကြီး ပါနေတယ်... ငါတို့ မိစ္ဆာနယ်မြေကို ဘယ်လို ပြန်ရမလဲဆိုတာ ပြထားတဲ့ မြေပုံတစ်ခုလို့ပဲ ငါက အမြဲတမ်း ထင်နေခဲ့တာ... ဒါပေမဲ့ အခုကြည့်ရတာ အဲဒါက နင်တို့ပြောနေတဲ့ မှော်ဝင်္ကပါများ ဖြစ်နေမလား..."

စကားပြောရင်းဖြင့် မိစ္ဆာမလေးသည် သူမ၏ လက်ထဲရှိ ခရမ်းရောင် အဝတ်စကို ဖြန့်ချလိုက်လေသည်။ ထိုအဝတ်စပေါ်တွင် နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများနှင့် မှော်စာလုံးများကို အမှန်တကယ် ရေးဆွဲထားသည်ကို မြင်တွေ့ရပေသည်။

"မှန်တယ်... ဒါ သေချာပေါက် အဲဒါပဲ ဖြစ်ရမယ်... မင်းရဲ့ မိစ္ဆာအငွေ့အသက်တွေကို အဲဒီထဲ ထည့်ပြီး စမ်းကြည့်လိုက်..."

ကျူးပါကျဲက ရေးဆွဲထားသော မှော်စာလုံးများနှင့် ခရမ်းရောင် အဝတ်စကို သေချာစွာ ကြည့်ရှုပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

ကျီ...

သို့သော် မိစ္ဆာမလေးနှင့် အခြားသူများက ထိုမှော်ဝင်္ကပါကို အသက်သွင်းရန် စတင် မကြိုးစားရသေးမီမှာပင် မိုးကုတ်စက်ဝိုင်းဆီမှ စူးရှသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ချက်ချင်းဆိုသလိုပင် အရောင်အသွေး စုံလင်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး လူတိုင်း၏ မျက်စိများကို ကန်းလုမတတ် တောက်ပသွားစေလေသည်။ ကျန်းလျိုတို့ အားလုံး မျက်လုံးများကို အလိုအလျောက်ပင် မှိတ်လိုက်မိကြ၏။

"အား... ငါ့ပစ္စည်း..."

ထိုအချိန်တွင်ပင် မိစ္ဆာမလေး၏ အံ့အားသင့်တကြီး အော်ဟစ်သံ ထွက်ပေါ်လာလေသည်။ အားလုံး ချက်ချင်းပင် မျက်လုံးဖွင့်၍ အသံထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ သူတို့ အပေါ် ဖြတ်ကျော်ပျံသန်းသွားသော အလွန်တရာ မြင့်မြတ်ပြီး လှပလှသည့် ငှက်ကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရလေသည်။

ထိုငှက်ကြီးသည် ၎င်း၏ ခြေသည်းများကြားတွင် ခရမ်းရောင် အဝတ်စတစ်ခုကို ဆုပ်ကိုင်ထားလေသည်။ ၎င်းမှာ မိစ္ဆာမလေး ယခုလေးတင် ထုတ်ယူပြသခဲ့သော မိစ္ဆာနယ်မြေသို့ ပြန်ရန် လိုအပ်သည့် မှော်ဝင်္ကပါ အဝတ်စပင် ဖြစ်ပေတော့သည်။

"လိုက်ကြ..."

အရောင်အသွေး စုံလင်သော ထိုငှက်ကြီးက မိမိ၏ လက်ထဲမှ အဝတ်စကို လုယူသွားသည်ကို ကြည့်ရင်း မိစ္ဆာမလေးမှာ ဒေါသနှင့် အံ့အားသင့်မှုများ ရောယှက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

သူမ၏ အော်ဟစ်သံနှင့်အတူ မိစ္ဆာမလေး၏ နောက်ရှိ မိစ္ဆာသတ္တဝါများအားလုံး အထူးသဖြင့် ပျံသန်းနိုင်စွမ်းရှိသူများသည် ချက်ချင်း လှုပ်ရှားလိုက်ကြပြီး ထိုအရောင်အသွေးစုံလင်သော ငှက်ကြီးနောက်သို့ အပြင်းအထန် လိုက်လံ ဖမ်းဆီးကြလေတော့သည်။

"ဝူခုန်း... သွားပြီး အဲဒီအဝတ်စကို ပြန်ယူခဲ့စမ်း..."

အလားတူပင် ကျန်းလျိုကလည်း အော်ဟစ်လိုက်လေသည်။ သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် ပစ္စည်းတစ်ခုကို လုယူသွားဝံ့သည်အထိ တကယ့်ကို ရဲတင်းလွန်းလှသည် မဟုတ်ပါလော…။

ထိုငှက်က ဝက်ဝံအသည်းနှင့် ကျားသစ်သည်းခြေကိုများ စားထားလို့ သည်လောက် ရဲတင်းနေသည်လား။

"စိတ်ချပါ ဆရာ..."

ကျန်းလျို၏ အမိန့်ကို ကြားသောအခါ စွန်းဝူခုန်းက ခေါင်းညိတ်ရင်း ကောင်းကင်သို့ ခုန်တက်ကာ ထိုငှက်ကြီးရှိရာဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားလေသည်။

တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်၏ အစွမ်းများကြောင့် စွန်းဝူခုန်း၏ အလျင်မှာ အလွန်တရာ မြန်ဆန်လှပေသည်။

သို့သော် ထိုအရောင်အသွေးစုံလင်သော ငှက်ကြီးသည်လည်း ထိုနည်းတူပင် မြန်ဆန်လှသည်။ ၎င်းသည် တောင်ပံများကို ခတ်လိုက်သည်နှင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် မျက်စိအောက်မှ ပျောက်ကွယ်သွားလေတော့သည်။

ထိုမျှလောက် မြန်ဆန်လှသော အရှိန်ကြောင့် ကျန်းလျို တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားရလေသည်။

"ဘာတွေ ဖြစ်ကုန်တာလဲ... ဒီလောက် အရှိန်မြန်တယ်ဆိုတော့… ဒီငှက်က တကယ်ကို အစွမ်းထက်မှာ သေချာတယ်... ဒီအဝတ်စကို ယူသွားရတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်နိုင်မလဲ..."

ကျန်းလျိုက အလွန်တရာ ဇဝေဇဝါ ဖြစ်နေလေသည်။

ငှက်ကြီး၏ မြင့်မားသည့် ကျင့်စဉ်အဆင့် အရ ဆိုလျှင် ၎င်းသည် လူသားများနှင့် တန်းတူညီမျှသော ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားမှာ သေချာပေသည်။ ဤသို့ဆိုလျှင်... ဤအဝတ်စကို လုယူသွားရသည့် ၎င်း၏ ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်နိုင်ပါသနည်း။

"ဒီလူ့လောကကြီးက... ငါတို့ရဲ့ မိစ္ဆာဂူတွေထက်တောင် ပိုပြီး အန္တရာယ်များနေသလိုပဲ..."

မျက်စိတစ်မှိတ်အတွင်းမှာပင် မိမိ၏ အဝတ်စ လုယူခံလိုက်ရခြင်းကို မိစ္ဆာမလေး အနေဖြင့် လက်ခံနိုင်ရန် ခက်ခဲနေလေသည်။ မိစ္ဆာဂူတွေထဲမှာဆိုရင် ဘာပဲဖြစ်ဖြစ် သူမက ဘုရင်မလေး ဖြစ်ပေသည်။

စွန်းဝူခုန်း၏ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်မှာ အလွန်တရာ မြန်ဆန်လှပေသည်။ အလျင်အမြန်နှုန်းနှင့် ပတ်သက်လာလျှင် ဘုံသုံးပါး အတွင်း၌ စွန်းဝူခုန်းအား ယှဉ်နိုင်သူ မရှိသလောက်ပင် ဖြစ်ပေသည်။

သို့သော် အရောင်အသွေးစုံလင်သော ထိုငှက်ကြီးသည် ကောင်းကင်ယံတွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့် တန်းတူပင် ၎င်း၏ အမြန်နှုန်းမှာ ပို၍ပို၍ မြင့်မားလာလေသည်။ စွန်းဝူခုန်းသည် တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်ကို အစွမ်းကုန် အသုံးပြုထားသော်ငြားလည်း လောလောဆယ်တွင် လိုက်မီရန် အခက်အခဲ ဖြစ်နေလေသည်။

"ဒီရောင်စုံ ငှက်ကြီးက ဘယ်သူများလဲ... ဒီလောက်တောင် အစွမ်းထက်နေရအောင်လို့..."

အချိန်အတော်ကြာ လိုက်လံဖမ်းဆီးပြီးနောက် ပို၍ပင် နောက်ကောက်ကျန်ရစ်ခဲ့သဖြင့် စွန်းဝူခုန်းအနေဖြင့် လက်ခံနိုင်ရန် ခက်ခဲနေလေသည်။

သူ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်ကို သင်ယူတတ်မြောက်ပြီးကတည်းက ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပုံရပေသည်။

"ဒီတာဝန်က အတွေ့အကြုံမှတ် တွေ အများကြီး ပေးတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်တော့ဘူး... ဒါက အကြောင်းရင်း ဖြစ်နေတာလား... ချန်အန်းမြို့တော် ကနေ ထွက်လာတာလေးတင် ရှိသေးတယ်... ပြဿနာက တက်နေပြီလား..."

စွန်းဝူခုန်း ထိုအရောင်အသွေးစုံလင်သော ငှက်ကြီးနောက်သို့ လိုက်လံဖမ်းဆီးနေသည်ကို ကြည့်ရင်း ကျန်းလျို တီးတိုး ရေရွတ်လိုက်လေသည်။

"ဆရာ... ကျွန်တော်တို့ကရော ဘယ်လိုလုပ်ကြမလဲ..."

စွန်းဝူခုန်းတို့ ကောင်းကင်ယံတွင် ပျောက်ကွယ်သွားပြီးနောက် နဂါးဖြူလေး အောင်းလီက ကျန်းလျိုဘက်လှည့်ကာ မေးလိုက်လေသည်။

"ငါတို့လား... ဝူခုန်း လိုက်သွားပြီပဲ... ငါတို့ လိုက်သွားစရာ မလိုတော့ပါဘူး... ဒီမှာပဲ စောင့်နေကြတာပေါ့..."

ကျန်းလျိုက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။ အမှန်ပင် စွန်းဝူခုန်း လိုက်သွားပြီဖြစ်ရာ ကျန်သည့်သူများ လိုက်ပါသွားရန် မလိုအပ်တော့ချေ။ အကယ်၍ သူသာ လိုက်မမီနိုင်ဘူးဆိုလျှင် သူတို့ လိုက်သွား၍လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

သို့သော် အောင်းလီနှင့် မိစ္ဆာမလေးတို့ မသိနိုင်သောအရာတစ်ခုမှာ ကျန်းလျို၏ရှေ့တွင် သူတစ်ယောက်တည်းသာ မြင်တွေ့နိုင်သော အလင်းဖောက်ထွင်းမြင်ရသည့် ဇာတ်ကောင် အချက်အလက် မျက်နှာပြင် တစ်ခု ဝဲပျံနေခြင်းပင် ဖြစ်သည်။

အမည် - ဥဒေါင်း (အပြာရောင်)

ကျား/မ - မ

အသက်မွေးဝမ်းကျောင်း - ဥဒေါင်းမဟာအလင်းရှင် ဗောဓိသတ်

အဆင့် - ၈၈

လက်နက်ကိရိယာ - ....

"ဥဒေါင်းမဟာအလင်းရှင် ဗောဓိသတ်... သူ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ..."

ကျန်းလျိုသည် သူ၏ရှေ့ရှိ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို ကြည့်ရင်း ရင်တွင်း၌ တွေးတောနေမိလေတော့သည်။

***

အပိုင်း(၄၂၈)

တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်သည် တစ်ချက် ခုန်လိုက်ရုံဖြင့် လီပေါင်း တစ်သိန်းရှစ်သောင်းကို ဖြတ်သန်းနိုင်ပေသည်။

စွန်းဝူခုန်း၏ ကျင့်စဉ်အဆင့်သည် ထိုက်ယီရွှေနတ်မင်း၏ အထွတ်အထိပ်တွင်သာ ရှိကောင်းရှိမည် ဖြစ်သော်လည်း အလျင်အမြန်နှုန်းနှင့် ပတ်သက်လာလျှင် ဘုံသုံးပါးနှင့် လမ်းကြောင်းခြောက်သွယ် တစ်ခုလုံးတွင် ထိပ်တန်းစာရင်းဝင် ဖြစ်ကြောင်း သူ ယူဆထားလေသည်။ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်ကို သင်ယူတတ်မြောက်ပြီးကတည်းက ယနေ့တိုင်အောင် နှစ်ပေါင်းများစွာ တစ်လျှောက်လုံး အလျင်အမြန်နှုန်းနှင့် ပတ်သက်၍ မည်သူ့ကိုမျှ သူ ရှုံးနိမ့်ဖူးမည်မဟုတ်ဟု စွန်းဝူခုန်းက ယုံကြည်ထားလေသည်။

သို့သော် ဤလျင်မြန်စွာ ပျံသန်းနေသော ငှက်ကြီးကို ရင်ဆိုင်ရချိန်တွင် စွန်းဝူခုန်းက သူ မည်မျှပင် ကြိုးစားစေကာမူ ထိုငှက်ကြီးကို လိုက်မမီနိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ဤအရာက သူ့ ရင်ထဲတွင် အံ့အားသင့်မှုကို ဖြစ်ပေါ်စေလေသည်။ ဤမျှ အံ့မခန်း မြန်ဆန်လှသော အရှိန်ကို ပိုင်ဆိုင်ထားသည့် ဤငှက်ကြီးသည် မည်သို့သော နတ်သတ္တဝါများ ဖြစ်နေပါသနည်း။

ညဦးယံမှ မိုးလင်းသည်အထိ နာရီအတော်ကြာအောင် လိုက်လံဖမ်းဆီးပြီးနောက် သူ လုံးဝ လိုက်မမီနိုင်သေးကြောင်း စွန်းဝူခုန်းသည် ကိုယ့်ကိုယ်ကို ဝန်ခံလိုက်လေတော့သည်။

...

အခြားတစ်ဖက်တွင်မူ ကျန်းလျိုနှင့် အခြားသူများသည် စွန်းဝူခုန်း ပြန်အလာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြလေသည်။ သို့သော် အချိန်အတော်ကြာသည်အထိ သူ့ကို မမြင်တွေ့ရချေ။ ယင်းအစား အစပိုင်းတွင် လိုက်လံဖမ်းဆီးရန် ထွက်သွားခဲ့ကြသော မိစ္ဆာမျိုးနွယ်ဝင်များသာ ပြန်လည်ရောက်ရှိလာကြလေသည်။

အမှန်တကယ်တော့ မျက်တောင်တစ်ခတ် အချိန်လေးအတွင်းမှာပင် စွန်းဝူခုန်းနှင့် ထိုငှက်ကြီးတို့က သူတို့ကို အဝေးကြီး အနောက်မှာ ချန်ရစ်ထားခဲ့ခြင်း ဖြစ်လေသည်။

ဤမိစ္ဆာမျိုးနွယ်ဝင်များ၏ စကားများသည် ကျန်းလျို၏ မျှော်လင့်ထားမှုများအတွင်း၌သာ ရှိနေခဲ့ပေသည်။ သူတို့ထဲတွင် အသန်မာဆုံးသူများပင်လျှင် မိစ္ဆာစစ်သူကြီး အဆင့်တွင်သာ ရှိကြရာ သူတို့၏ အမြန်နှုန်းက စွန်းဝူခုန်း၏ တိမ်တိုက်စီးနင်းခြင်း နတ်စွမ်းရည်ကို မည်သို့ ယှဉ်နိုင်မည်နည်း။

"ကောင်းပြီ... ဖူထူတောင်က သိပ်မဝေးတော့ဘူး... အဲဒီမှာ သွားစောင့်ကြတာပေါ့..."

ချန်အန်းမြို့တော်မှ အကွာအဝေး တစ်ခုအထိ ထွက်လာခဲ့ပြီးနောက် ကျန်းလျိုက မိုးကုတ်စက်ဝိုင်းကို ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီး မိုင်သုံးဆယ်ခန့် အကွာရှိ ဖူထူတောင်ဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။

အချိန်က မိုးလင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ နေ့ခင်းကြောင်တောင် ဤမျှများပြားသော မိစ္ဆာများနှင့် ရှိနေခြင်းက လူအများကို လန့်ဖျပ်သွားစေနိုင်သဖြင့် မကောင်းလှချေ။

ဖူထူတောင်သို့ ပြန်လည်ရောက်ရှိလာသောအခါ ထိုနေရာသည် အလွန်တရာ ခြောက်ကပ် တိတ်ဆိတ်နေလေပြီ။ သွေးကျားဘုရင် နှင့် ရေနဂါးမင်း တို့ကြားက တိုက်ပွဲအပြီးတွင် ဖူထူတောင်ရှိ မိစ္ဆာမျိုးနွယ်များ လုံးဝနီးပါး ပျက်စီးဆုံးရှုံးသွားခဲ့လေပြီ။ သေသူများက သေ၊ ထွက်ပြေးလွတ်မြောက်သူများက ပြေးကြသဖြင့် တောင်ပေါ်တွင် မိစ္ဆာသတ္တဝါများ မကျန်ရှိသလောက်ပင် ဖြစ်နေလေတော့သည်။

ကျန်းလျိုနှင့် အပေါင်းအပါများသည် ဖူထူတောင်သို့ ရောက်ရှိပြီးနောက် အနားယူရန် ထိုင်လိုက်ကြသည်။ ကျန်းလျိုနှင့် မိစ္ဆာမလေးတို့သည် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုကြပြီး တစ်ဦး၏ အခြေအနေကို အခြားတစ်ဦးက မေးမြန်းကြလေသည်။

သူတို့ကြားတွင် ယခင်ကတည်းက သံယောဇဉ်အချို့ ရှိခဲ့ကြသည်။ အသေခံ အတူတူတိုက်ပွဲဝင်ခဲ့ဖူးသူများဟုပင် ဆိုနိုင်သည်။ သို့သော်ငြားလည်း... ပြောပြ၍ရသော အကြောင်းအရာများ ရှိသကဲ့သို့ ဖွင့်ပြောပြ၍ မရနိုင်သော အရာများလည်း ရှိနေပေသည်။

ထို့ကြောင့် ကျန်းလျိုသည် သူ မျှဝေနိုင်သော အသေးစိတ် အချက်အလက်အချို့ကို ရွေးချယ်ကာ မိစ္ဆာမလေးအား ပြောပြလိုက်လေသည်။

"ဒီလိုကိုး... ကိုကို ရွှမ်ကျန်းက အရမ်း ယုတ်မာတာပဲ... ကိုကို့ရဲ့ ကျင့်စဉ်အဆင့်က အရင်က ငါ့ထက် အများကြီး နိမ့်ခဲ့ပေမဲ့… အခုတော့ ငါ့ကိုတောင် လိုက်မီနေပြီပဲ..."

သူမ၏ ချီးကျူးစကားက အနည်းငယ် နားဝင်ခက်သော်လည်း ကျန်းလျိုက လက်ခံလိုက်လေသည်။

မိစ္ဆာမလေးမှာ အဆင့် ၅၀ ဖြစ်ပြီး ကျန်းလျိုက ယခုအခါ အဆင့် ၄၇ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျင့်စဉ်အဆင့်အရ ကြည့်မည်ဆိုလျှင် သူတို့နှစ်ဦးကြားရှိ ကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားလှသည် မဟုတ်ချေ။

"မင်းရဲ့ တိုးတက်နှုန်းကလည်း တော်တော်မြန်တာပဲ..."

မိစ္ဆာမလေး၏ စကားကို ကြားသောအခါ ကျန်းလျိုက ခွန်းတုံ့ပြန်လိုက်လေသည်။ မူလက မိစ္ဆာမလေး၏ ကျင့်စဉ်အဆင့်မှာ မိစ္ဆာစစ်ဗိုလ် အဆင့်နှင့် အတော်လေး နီးစပ်ပြီး ရိုးရိုးရှင်းရှင်း ဆိုရလျှင် အဆင့် ၃၀ ကျော်ဝန်းကျင်တွင်သာ ရှိခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်ကျော် အချိန်လေးအတွင်း အဆင့် ၅၀ သို့ ရောက်ရှိလာခြင်းမှာ အမှန်တကယ်ပင် အလွန်တရာ မြန်ဆန်လွန်းလှပေသည်။

ထို့ကြောင့် မိစ္ဆာမျိုးနွယ် မှ ဖြစ်သော်ငြားလည်း မွေးရာပါ 'တောက်' ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသော မိစ္ဆာမလေး၏ အရည်အချင်းမှာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သူမ၏ တိုးတက်နှုန်းမှာ သူ့လောက် မမြန်ဆန်နိုင်သော်လည်း သူက ဂိမ်းစနစ်ကို ပိုင်ဆိုင်ထားပြီး မိစ္ဆာများကို သတ်ဖြတ်ခြင်းဖြင့် အဆင့်တင်နိုင်ကာ တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ ထို့အပြင် သူ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်အတွက် ဆေးလုံးအချို့ကိုပင် စားသုံးနိုင်သေးရာ သူမနှင့် သူ၏ အခြေအနေမှာ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။

ပေါ့ပေါ့ပါးပါး စကားပြောဆိုမှုများအတွင်း ကျန်းလျိုသည်လည်း မိစ္ဆာမလေး၏ လတ်တလော အခြေအနေများကို မေးမြန်းခဲ့ပြီး အကြောင်းအရာအချို့ကို တဖြည်းဖြည်း နားလည်လာခဲ့လေသည်။

အမှန်တော့ ထွက်ပြေးလွတ်မြောက်လာပြီးနောက် မိစ္ဆာမလေးသည် မိစ္ဆာဂူသို့ ပြန်သွားခဲ့ခြင်း ဖြစ်သည်။ သမာဓိ မိစ္ဆာမီးတောက် ၏ စွမ်းအားကို အသုံးပြုကာ အချိန်အတော်ကြာ တိုက်ခိုက် အောင်နိုင်ပြီးနောက် သူမသည် ဂူအတွင်းရှိ မိစ္ဆာများ အားလုံးကို အောင်မြင်စွာ အညံ့ခံစေနိုင်ခဲ့ပြီး ထို မြေအောက် မိစ္ဆာဂူ ၏ အုပ်ချုပ်သူ ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

မိစ္ဆာမလေး၏ အတွေ့အကြုံများကို ကြားသောအခါ ကျန်းလျိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ဤအရာအားလုံးက အံ့ဩစရာ မဟုတ်ကြောင်း ခံစားလိုက်ရလေသည်။

"အစစ်အမှန် သမာဓိ မီးတောက်ဆိုတာ နတ်မင်းတွေနဲ့ ဗုဒ္ဓတွေတောင် ရင်ဆိုင်ဖို့ ခက်ခဲတဲ့ မီးတောက်မျိုးပဲ... မိစ္ဆာစစ်သူကြီး အဆင့်အောက်မှာရှိတဲ့ ကောင်တွေအတွက်တော့ ဒါက သေချာပေါက် ပြိုင်ဘက်ကင်း ဖြစ်နေမှာပဲ..."

မိုးလင်းလာသည့်တိုင်အောင် စွန်းဝူခုန်း ပြန်မလာသေးသော်လည်း ကျန်းလျို၏ ရင်ထဲတွင် အလွန်အမင်း အံ့အားသင့်သည့် အရိပ်အယောင်များ မပြခဲ့ချေ။

ထိုမှော်ဝင်္ကပါကို လုယူသွားသူမှာ ဥဒေါင်းမဟာအလင်းရှင် ဗောဓိသတ် ဖြစ်နေသည်ကို စဉ်းစားကြည့်ပါက စွန်းဝူခုန်း အနေဖြင့် ၎င်းကို ဤမျှမြန်မြန် ပြန်လည်လုယူနိုင်ခြင်း မရှိသည်မှာ ယုတ္တိတန်ပေသည်။

ထို့ပြင် အဆင့် ၈၈ ရှိသော ဥဒေါင်းမဟာအလင်းရှင် ဗောဓိသတ်သည် တာလော့ရွှေနတ်မင်း ၏ အဆင့်အတန်းတွင် ရှိနေသည် မဟုတ်ပါလော။

ကျန်းလျိုနှင့် မိစ္ဆာမလေးတို့ စကားပြောလိုက် နားလိုက်ဖြင့် စွန်းဝူခုန်း အပြန်ကို စောင့်ဆိုင်းနေစဉ် ရုတ်တရက် ဖူထူတောင် ပတ်ဝန်းကျင်တွင် ကင်းလှည့်နေသော မိစ္ဆာတစ်ကောင်က အနားသို့ ချဉ်းကပ်လာပြီး ကျန်းလျိုအား လျှောက်ထားလိုက်လေသည်။

"ရွှမ်ကျန်းဆရာတော်... တောင်ခြေမှာ ဆရာတော်ကို လာရှာနေတဲ့ ဘုန်းကြီးတစ်ပါး ရောက်နေတယ်..."

"ဘုန်းကြီးတစ်ပါး... ငါ့ကို လာရှာတာလား..."

ထိုမိစ္ဆာ၏ စကားကို ကြားသောအခါ ကျန်းလျိုမှာ အနည်းငယ် အံ့အားသင့်သွားလေသည်။

သူ ဤမိစ္ဆာများနှင့်အတူ ဖူထူတောင် တွင် ရှိနေကြောင်းကို အခြားသူများ မသိသင့်ဘူး မဟုတ်ပါလော…။ ဘုန်းကြီးတစ်ပါးက အဘယ်ကြောင့် သူ့ကို လာရှာရသနည်း…။

"သူ ဘယ်သူလဲဆိုတာ ပြောသေးလား..."

ကျန်းလျိုက ထိုမိစ္ဆာအား ချက်ချင်း မေးလိုက်လေသည်။

"အဲဒီဘုန်းကြီးက နည်းနည်း စုတ်ပြတ်သတ်နေတဲ့ပုံ ပေါက်တယ်... သူ့ခေါင်းပေါ်မှာလည်း အနာဖေးတွေ အများကြီးနဲ့... ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာတော့ မပြောသွားဘူး..."

မိစ္ဆာက ကျန်းလျို၏ မေးခွန်းကို ပြန်ဖြေရင်း ခေါင်းခါပြလိုက်လေသည်။

"အနာဖေးတွေနဲ့ ဘုန်းကြီးလား..."

ကျန်းလျို၏ ခေါင်းထဲတွင် အတွေးတစ်ခု လင်းလက်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ တောင်ခြေဆီသို့ ထွက်ခွာသွားလေသည်။

"ကျူးပါကျဲ... မင်း လိုက်လာစရာ မလိုပါဘူး... ငါ့ဟာငါပဲ သွားကြည့်လိုက်မယ်..."

မိမိနောက်မှ တကောက်ကောက် လိုက်ပါလာသော ကျူးပါကျဲနှင့် နဂါးမြင်းဖြူတို့အား ခေါင်းခါပြရင်း ကျန်းလျိုက ပြောလိုက်လေသည်။

အကယ်၍ အနာဖေးများနှင့် ဘုန်းကြီးသည် သူထင်ထားသူသာ အမှန်တကယ် ဖြစ်နေမည်ဆိုလျှင် သူမက အနာဖေးများနှင့် ဘုန်းကြီးအသွင် ဖန်ဆင်း၍ ဤနေရာသို့ လာရောက်ခြင်းမှာ အခြားမည်သူ့ကိုမျှ အသိမပေးလို၍ ဖြစ်ကြောင်း ထင်ရှားနေပေသည်။

ထင်ထားသည့်အတိုင်းပင် ဖူထူတောင် ခြေရင်းတွင် အနာဖေးများနှင့် ဘုန်းကြီးတစ်ပါးက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။ သူသည် မူလက သူ့အား ပိုးဖဲသင်္ကန်း နှင့် ကွင်းကိုးကွင်းပါ တောင်ဝှေး တို့ကို ပေးသနားခဲ့သော ကွမ်ယင် ဗောဓိသတ်ပင် မဟုတ်ပါလော…။

အနာဖေးများနှင့် ဘုန်းကြီးကို စိုက်ကြည့်ရင်း ကျန်းလျိုက အနားသို့ ချဉ်းကပ်သွားကာ လက်အုပ်ချီ ဦးညွှတ်လျက် ပြောလိုက်လေသည်။

"တပည့်တော် ရွှမ်ကျန်း ကွမ်ယင် ဗောဓိသတ်ကို ဂါရဝပြု ရှိခိုးပါတယ်ဘုရား... ဗောဓိသတ်... ဒီနေ့ အနာဖေးတွေနဲ့ ဘုန်းကြီးအသွင် ဖန်ဆင်းလာရလောက်အောင် စိတ်ရွှင်လန်းနေတဲ့ပုံပဲ... ဘာများ လမ်းညွှန်ချင်လို့လဲ ဘုရား..."

"ရွှမ်ကျန်း... ဝူကျင်း မိစ္ဆာပူးကပ်ခံရပြီး ထွက်သွားပြီပဲ... သူ့ကို ပြန်ခေါ်လာဖို့ လိုက်ရှာမယ်လို့ မင်း စဉ်းစားဖူးလား..."

ကွမ်ယင်က ကျန်းလျိုကို ကြည့်ပြီး စကားပလ္လင်ခံမနေဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။

ကွမ်ယင်၏ စကားကို ကြားသောအခါ ကျန်းလျို၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး မဟာယနဂိုဏ်း က ရှားဝူကျင်းအား ပြန်လည်ခေါ်ယူရန် သူ့ကို ကူညီပေးတော့မည် ဖြစ်ကြောင်း ရိပ်မိသွားကာ အေးဆေးတည်ငြိမ်စွာ ခေါင်းညိတ်၍ ပြန်ဖြေလိုက်လေသည်။

" တပည့်တော် စဉ်းစားပါတယ်..."

"အောမိတော်ဖော... ဒါက အခွင့်အရေးတစ်ခုပဲ..."

ကျန်းလျို၏ အတည်ပြုစကားကို ကြားသောအခါ ကွမ်ယင် ဗောဓိသတ်မှာ အလွန်တရာ ကျေနပ်သွားပုံရပြီး ပြောလိုက်လေသည်။

"အခွင့်အရေး... ဗောဓိသတ်ဆိုလိုတာက..."

ကွမ်ယင် ဗောဓိသတ်၏ စကားကို စိတ်ဝင်စားသွားသဖြင့် ကျန်းလျိုက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

"သက်ရှိအားလုံးက တန်းတူညီမျှပြီး… အားလုံးကို ကယ်တင်နိုင်ပါတယ်... ရွှမ်ကျန်း... ဒီ မိစ္ဆာမျိုးနွယ် တွေကို ရင်ဆိုင်ရချိန်မှာတောင် သူတို့ကို မိစ္ဆာနယ်မြေ ဆီ ပြန်ပို့ပေးဖို့ ဆန္ဒရှိတဲ့ မင်းရဲ့ ကရုဏာတရားက ကောင်းမြတ်လှပါတယ်..."

ကွမ်ယင် ဗောဓိသတ် ဖန်ဆင်းထားသော အနာဖေးများနှင့် ဘုန်းကြီးက ခဏမျှ ရပ်နားလိုက်ပြီးနောက် ဆက်လက် ပြောဆိုလေသည်။

"ဒါပေမဲ့ မင်းအတွက်ရော ဒါက အခွင့်အရေးတစ်ခု မဟုတ်ဘူးလား... ဒီအခွင့်အရေးကို ယူပြီး မိစ္ဆာနယ်မြေ ထဲကို ဝင်သွားမယ်ဆိုရင်… ဝူကျင်းကို ရှာတွေ့ပြီး သူ့ကို ပြန်ခေါ်လာနိုင်ကောင်း ပြန်ခေါ်လာနိုင်မှာပေါ့..."

***

All Chapters