အခန်း ၉၂
Vol. 7 Ch. 92
အပိုင်း (၉၂)
သူမရဲ့ သမီးအရင်းဖြစ်သူက ကျန်းကျူးရဲ့ဘေးမှာရှိနေပြီး ကျန်းကျူးကို အမေလို့ခေါ်နေတာကို စဥ်းစားမိတော့ သူမရဲ့ မျက်လုံးထဲမှာ အေးစက်မှုတွေအပြည့် ဖြစ်သွားတယ်။ အဲဒီခွေးမ။ သူ ဒါနဲ့ပဲ တန်တယ်။
ဒါပေမဲ့လည်း အဲဒီတော့ရော ဘာဖြစ်လဲ။ ဘာပဲဖြစ်ဖြစ် သူ့သမီးက ငါ့လက်ထဲမှာပဲ...
သူမက ဒီလိုစဥ်းစားလိုက်ပြီး ရုတ်တရက် ထရပ်လိုက်ကာ သူမဘေးက လူတွေကို ပြောလိုက်တယ်။
“သူ့ကို ဒီနေရာမှာ သုံးနာရီလောက် ဒူးထောက်ခိုင်းထားလိုက် ဒါမှ သူ သင်ခန်းစာယူတတ်မှာ”
သူမဘေးက အစေခံမလေးက သတိနဲ့ ပြန်ဖြေလိုက်တယ်။
“ဟုတ်ကဲ့”
ဒီအချိန်မှာဘဲ လောကကြီးကို ဖျက်ဆီးတော့မယောင် ဝိညာဉ်စွမ်းအင်တစ်ခုက လေထဲကနေ ထွင်းဖောက်လာပြီး ဘယ်သူမှ သတိမ၀င်သေးခင်မှာပဲ ရှဲ့ယွင်နဉ်ကို ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်တော့တယ်။
“သခင်မလေး”
မရေမတွက်နိုင်တဲ့ အစေခံမလေးတွေရဲ့ တအံ့တဩအသံကြားမှာ ကျန်းကျူးက ရှဲ့ယွင်နဉ်ကို ထပ်လှည့်မကြည့်တော့ဘဲ ဒူးထောက်နေတဲ့လူဆီ အပြေးအလွှားပြေးသွားပြီး မျက်လုံးတွေမှာ မျက်ရည်အပြည့်နဲ့ ရှဲ့ယုံကိုဂရုတစိုက် တွဲထူပေးလိုက်တယ်။
“ယုံအာ”
ရှဲ့ယုံမှာ အင်မတန်မှ ဆာလောင်မွတ်သိပ်နေတဲ့အတွက် မူးဝေသလို ခံစားနေရပြီး သူမခန္ဓာကိုယ်က နာကျင်မှုကိုတောင် မခံစားနိုင်တော့ဘူး။
သူမက ကြောင်တောင်တောင်နဲ့ မျက်တောင်ခတ်မိသွားတယ်။ သူမကို တွဲထူထားပေးတဲ့လူကို မမြင်နိုင်ပေမဲ့လည်း အသံပိုင်ရှင်ကိုတော့ အရမ်းရင်းနှီးနေတယ်။
“ဒေါ်ဒေါ် ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ”
သူမ သူမရဲ့အဒေါ်ဖြစ်သူကို မတွေ့တာ အတော်လေးကြာသွားပြီပဲ။
ကျန်းကျူးက သူမရဲ့မျက်ရည်တွေကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘဲ မျက်ရည်တွေက ရှဲ့ယုံပေါ်ကို တစ်စက်ပြီးတစ်စက် စီးကျသွားခဲ့တယ်။ သူမရဲ့အသံက အရင်တုန်းက တခါမှ မဖြစ်ခဲ့ဖူးတဲ့အတိုင်း တိမ်ဝင်နေတယ်။
“ယုံအာ ငါက မင်းရဲ့အမေပါ”
ရှဲ့ယုံက နေရာမှာ ငေးကြောင်ကြောင်လေး ရပ်နေတယ်။ ဘာ။ အမေ။
သူမရဲ့အမေက...
ကျန်းကျူးက ရှဲ့ယုံရဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို ကြည့်လိုက်ပြီး ကပျာကယာနဲ့ သူမရဲ့ဝိညာဥ်အာရုံကိုသုံးပြီး သိုလှောင်အိတ်ထဲကို ရှာဖွေလိုက်တယ်။ ရှဲ့ယုံ စားနိုင်မဲ့ ဆေးလုံးတချို့ကို ရှာတွေ့ပြီးတဲ့နောက်မှာ သူမက တုန်ယင်နေတဲ့ ညာဘက်လက်နဲ့ သူမရဲ့ပါးစပ်ထဲကို ဆေးလုံးတွေကို ထည့်ပေးလိုက်တယ်။
“ယုံအာ အမေ သမီးကို မွေးတုန်းက တစ်ယောက်ယောက်က သမီးနဲ့ ရှဲ့ရှောက်ချင်းကို နေရာလဲထားခဲ့တာ။ သမီးက အမေရဲ့သမီးအရင်းပဲ၊ အမေရဲ့ တစ်ဦးတည်းသော သမီးပဲ”
သူမက မချုပ်တည်းနိုင်တဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“အမေရဲ့ ယုံအာလေးရယ်”
ဒီအချိန်မှာပဲ ရှဲ့မိသားစုခေါင်းဆောင်က လဲကျသွားတဲ့ ရှဲ့ယွင်နဉ်နားကို အလျင်အမြန် ရောက်လာပြီး သူမကို စိုးရိမ်တကြီးနဲ့ တွဲထူပေးလိုက်တယ်။ တစ်ချိန်မှာပဲ သူက သူမကို မရေမတွက်နိုင်တဲ့ ဆေးလုံးတွေကို ကျွေးလိုက်ပြီး သူမက နည်းနည်းလေး ဒဏ်ရာရသွားမှာကိုတောင် ကြောက်ရွံ့နေတယ်။
“နဉ်အာ အဆင်ပြေရဲ့လား”
“အစ်ကို”
ရှဲ့ယွင်နဉ်က သူမရဲ့ရင်ဘတ်ကို အုပ်ထားပြီး သူမရဲ့အသံကလည်း နာကျင်မှုကြောင့် တုန်ယင်နေတယ်။ ဒါပေမဲ့လည်း သူမရဲ့ မျက်လုံးတွေထဲမှာတော့ ထိန်ချုပ်မထားနိုင်တဲ့ ချစ်မေတ္တာတွေ အပြည့်ပဲ။
“ဒီတော့ အစ်ကိုက ညီမကို ဂရုစိုက်သေးတယ်နော်”
ဒီအချိန်မှာပဲ ဝမ့်ကျန့်ဂိုဏ်းနဲ့ တခြားဂိုဏ်းကလူတွေက နောက်ဆုံးတော့ ရှဲ့မိသားစုကျင့်ကြံသူတွေ ဝိုင်းရံထားတာကနေ ထိုးဖောက်လာပြီး ကျန်းကျူးရဲ့ဝိညာဥ်စွမ်းအင် နောက်လိုက်လာခဲ့ကြတယ်။
ရှဲ့ရှောက်ချင်းကလည်း သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး နေရာကို ရောက်လာခဲ့တယ်။ သူက မျက်လုံးထဲမှာ ဇဝေဇဝါနဲ့ ပတ်ဝန်းကျင်က မြင်ကွင်းကို ကြည့်လိုက်တယ်။ ဘာတွေ ဖြစ်နေကြတာလဲ။
စူးလီကတော့ နောက်ဆုံးမှ ဖြည်းဖြည်းချင်း ဒီနေရာကို ရောက်လာတယ်။ သူမက ရှဲ့မိသားစုခေါင်းဆောင်နဲ့ ရှဲယွင်နဉ်တို့ကြားက နက်နက်ရှိုင်းတဲ့ မေတ္တာတရားကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ သက်ပြင်းချလိုက်တယ်။
[တကယ်ကို ချစ်သူစုံတွဲတွေပဲ]
[သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု မူမမှန်တာကို မျက်လုံးပါတဲ့သူတိုင်း သိတယ်။ ဟုတ်တယ်မလား]
ရှဲ့ရှောက်ချင်းက ရုတ်တရက်ဆိုသလို မျက်လုံးတွေ အဝိုင်းသားဖြစ်သွားတယ်။ ဘယ်လို။
အဖေနဲ့ အဒေါ်တို့က ....
ဘေးမှာရပ်နေတဲ့ ကြီးမြတ်သူလင်းဖုန်းက ဒီလူယုတ်မာမနဲ့ လူယုတ်မာကိုမြင်လိုက်ရတဲ့အခါ ဆက်ပြီး သည်းမခံနိုင်အောင် ဖြစ်သွားတယ်။ သူက သူ့မှော်ဓားကို ဆွဲထုတ်လိုက်ပြီး ရှဲ့မိသားစုသခင်ကြီးနဲ့ ရှဲ့ယွင်နဉ်ကို ရက်ရက်စက်စက် လွှဲယမ်းလိုက်တော့တယ်။ ပြင်းထန်တဲ့ ဓားစွမ်းအင်တွေပါနေတဲ့ ဓားစွမ်းအင်ကြောင့် ရုတ်တရက် ယွင်လိုခန်းမကို နှစ်ပိုင်းပိုင်းသွားခဲ့တယ်။
ရှဲ့မိသားစုခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်ပေါ်က အကာအကွယ်မှော်လက်နက်က ရုတ်ခြည်းဆိုသလို ကွဲအက်လာတယ်။
ကြီးမြတ်သူလင်းဖုန်းကလဲ ဒါက ရှဲ့မိသားစုဆိုတာ သိပါတယ်။ ချီမင်ရဲ့ အကြံပေးချက်အတိုင်း သူက နောက်ဆုံးတော့သူရဲ့ ဝိညာဥ်ဓားကို ပြန်သိမ်းလိုက်ပြီး ကျောစိမ့်ဖွယ်ကောင်းတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
“ရှဲ့ယွင်ပေါ် မင်းက ကိုယ့်သွေးသားအရင်းနဲ့ကို ဖောက်ပြန်ရဲတယ်။ သူနဲ့ ပူးပေါင်းပြီးတော့ ငါ့သမီးရဲ့ကလေးနေရာမှာ အစားထိုးခဲ့တယ်”
“မင်းနဲ့မင်းတို့ရှဲ့မိသားစု ငါ့ကို ဖြေရှင်းချက်တစ်ခုပေးနိုင်ရင် အကောင်းဆုံးပဲ”
ဝမ့်ကျန့်ဂိုဏ်းက လူတွေအားလုံးက ကြီးမြတ်သူလင်းဖုန်းဘေးမှာ ရပ်လိုက်ကြတယ်။ သူတို့ရဲ့ ကိုယ်နေဟန်ထားက သာမန် ဖြစ်နေပေမဲ့လည်း သူတို့ရဲ့လက်တွေကတော့ သူတို့ရဲ့မွေးချင်းဓားပေါ် ရောက်နှင့်နေပြီးသားဖြစ်ပြီး သူတို့ရဲ့ဓားကို ဆွဲထုတ်ဖို့ အသင့်ပြင်ထားကာ အချိန်မရွေးရန်သူနဲ့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်။
သူတို့တွေက ရှဲ့ယွင်ပေါ်နဲ့ ရှဲ့မိသားစုကို ဝမ့်ကျန်းဂိုဏ်းကို ဖြေရှင်းချက်တစ်ခုပေးဖို့ ဖိအားပေးထားလိုက်တယ်။
ရှဲယွင်ပေါ်ရဲ့ရင်ခွင်ထဲက ရှဲ့ယွင်နဉ်က ကြောက်စိတ်မွန်သွားခဲ့တယ်။ သူတို့တွေက တကယ်ပဲ ရှောက်ချင်းရဲ့သရုပ်မှန်ကို သိနေကြတာတဲ့လား။ သူတို့တွေက သူမနဲ့ သူမအစ်ကိုကြားက ဆက်ဆံရေးကိုတောင် သိနေတယ်။
ဘယ်လိုလုပ်ရမလဲ။
သူမက ရှဲ့ယွင်ပေါ်ကို ကူကယ်ရာမဲ့သလို ကြည့်လ်ိုက်ပြီး သူမရဲ့အသံထဲမှာလည်း အားကိုးတဲ့ခံစားချက်တစ်ခု ရစ်တွယ်နေတဲ့ အသံနဲ့ပြောလိုက်တယ်။
“အစ်ကို”
ရှဲ့ယွင်ပေါ်က သူမရဲ့အသံကိုကြားလိုက်တဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က တဒင်္ဂ တောင့်တင်းသွားတယ်။ ဒါပေမဲ့လည်း သူက ရှဲ့ယွင်နဉ်ကို ထပ်ပြီးမကြည့်လေတော့ဘူး။
သူကပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တိမ်ဝင်နေတဲ့အသံတစ်ခုနဲ့ ကြီးမြတ်သူလင်းဖုန်းကို ပြောလိုက်တယ်။
“ကြီးမြတ်သူက ဘာဖြစ်စေချင်သလဲ”
အရင်တုန်းက ကျန်းကျူးနဲ့ တာအိုစုံတွဲတစ်တွဲ ဖြစ်အောင် တည်ဆောက်ဖို့ ရွေးချယ်ခဲ့တယ် ဆိုတာကလည်း ရှဲ့မိသားစုကို ရှဲ့မိသားစုကကိုယ့်ဟာကို အသက်ရှင်ရဖို့အတွက် ရုန်းကန်နေရလို့ပဲ။ မဟာဘိုးဘေးကြီးကလည်း သေလုနီးပါးဖြစ်နေပြီး တခြားအတိဒုက္ခကျင့်ကြံခြင်း ပညာရှင်တွေကလည်း...
ရှဲ့မိသားစုမှာ အထောက်အပံ့လိုအပ်တယ်။ ဝမ့်ကျန့်ဂိုဏ်းက ဂိုဏ်းကြီးခြောက်ခုထဲကတစ်ခုဆိုတော့ အကောင်းဆုံးရွေးချယ်မှုပဲ။
သူနဲ့ ကျန်းကျူးတို့ တွေ့ဆုံပုံကလည်း သူ့အစီအစဥ်ထဲက အပိုင်းတစ်ပိုင်းပဲ။ သူ ဒါမှမဟုတ် ရှဲ့မိသားစုက ဝမ့်ကျန့်ဂိုဏ်းရဲ့ အထောက်အပံ့ကို ဆုံးရှုံးလို့ မဖြစ်ဘူးလေ။
ကြီးမြတ်သူလင်းဖုန်းရဲ့ အေးစက်စက်မျက်လုံးတွေနဲ့ ဝမ့်ကျန့်ဂိုဏ်းက လူတွေကိုကြည့်ပြီူတော့ သူကမျက်လုံးထဲမှာ တအံ့တသြဖြစ်နေတဲ့ ရှဲ့ယွင်နဉ်ကို ပြန်ချထားလိုက်ပြီး အံ့ကြိတ်ကာ ပြောလိုက်တော့တယ်။
“ရှဲ့ယွင်နဉ်က ရှဲ့မိသားစုရဲ့အမွေခံကို တိတ်တဆိတ် အစားထိုးခဲ့တဲ့အတွက် သူ့ကို နှစ်တစ်ရာ ပိတ်လှောင်ထားလိုက်ပါမယ်”
ကြီးမြတ်သူလင်းဖုန်းရဲ့ မျက်နှာက ညိုမည်းလို့နေတယ်။ သူက ဘာတစ်ခွန်းမှဘဲ အပြင်လောကကလာတဲ့ ထူးဆန်းတဲ့အသံတစ်ခုကို ကြားလိုက်တယ်။
[ကျွတ်ကျွတ် သီးခြားပိတ်လှောင်ထားတာက ဘယ်လိုပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးဖြစ်မှာလဲဟယ်~]
[ဒီပြစ်ဒဏ်က ရှင့်ညီမ အလိမ္မာလေး ပြန်ပြီးအားပြည့်လာအောင် လှပတဲ့နေရာလေးတစ်ခု ရှာပေးထားတာလို့ပဲ ပြောလိုက်ပါတော့လား]
[အရမ်းကို ‘ချစ်နေလိုက်တာများ’.. လူတွေကို အန်ချင်စရာကောင်းအောင် လုပ်နေတာပဲ]
[ရှင်နဲ့ရှင့်ညီမက သွေးရင်းစပ်ယှက်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောခဲ့တယ်။ အဲဒီတော့ရော ဘာဖြစ်လဲ၊ ရှင်က ဘာလို့ ကျန်းကျူးကို ဒုက္ခပေးခဲ့သလဲ။ ရှင်က ရှန်းကျူးကို ဒုက္ခပေးတယ်ဆိုလည်း ထားလိုက်ပါအုံး။ ကိုယ်ရဲ့သမီးအရင်းကိုတောင်မှ ဒုက္ခပေးခဲ့တယ်]
[ရှဲ့ယုံက ရှင်နဲ့ ကျန်းကျူးတို့ရဲ့ သမီးဖြစ်နေတယ်ဆိုတာကို သိနေရဲ့သားနဲ့ နှစ်ပေါင်းများစွာ သူ နှိပ်စပ်ခံနေရတာကို ဒီအတိုင်းကြည့်နေခဲ့တယ်]
[ရှင့်ကို လူယုတ်မာလို့ပြောရင်တော့ လူယုတ်မာတွေကို စော်ကားရာကျကုန်မယ်]
ကျန်းကျူးက ဆေးအရှိန်ကြောင့် အိပ်မောကျသွားတဲ့ ရှဲ့ယုံကို ကြည့်လိုက်ပြီး သူမရဲ့ ပွန်းပဲ့နေတဲ့ မျက်နှာလေးကို ဂရုတစိုက် ပွတ်သပ်ပေးလိုက်တယ်။ သူမက ခေါင်းပြန်မော့လာတဲ့အချိန်မှာတော့ ရှဲ့ယွင်ပေါ်ကို ရန်သူတစ်ယောက်ကို ကြည့်နေသလို ကြည့်လိုက်တယ်။
“ကျွန်မ ရှင့်ကို ရှဲ့ယွင်နဉ်နဲ့ ရှဲ့ရှောက်ထင်းတို့ရဲ့ ကျင်ကြံရေးကို ဖျက်ဆီးစေချင်တယ်။ နောက်ပြီးတော့ သူတို့ကို လူသေအရိုးတောထဲ ပစ်ထားပြီး သူ့တို့ဟာသူတို့ ကိုယ့်ဝမ်းကိုကြောင်းခိုင်းမယ်”
“မင်း ရူးနေတာပဲ”
ရှဲ့ယွင်ပေါ်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။
“ယွင်နဉ်နဲ့ ရှောက်ထင်းတို့နှစ်ယောက်စလုံးက ရှဲ့မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေပဲ။ ရှောက်ထင်းကိုလဲ မင်းပဲ ပြုစုပျိုးထောင်လာခဲ့တာ။ ဘယ်လိုဖြစ်ပြီး ဒီလောက်ရက်စက်တဲ့ ပြစ်ဒဏ်မျိုးကို စဥ်းစားနိုင်ရက်သလဲ”
ရှဲ့ရှောက်ချင်းက သူတို့ရဲ့စကားသံတွေထဲက ဖြစ်ပျက်သွားတဲ့ အကြောင်းအရာကိုသိသွားပြီး သူ့မျက်လုံးတွေက သူရဲ့ညီမလေးအစစ်ဖြစ်သူကို ဂရုတစိုက်ကြည့်နေမိတယ်။
ရှဲ့ယွင်ပေါ် ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှဲ့ရှောက်ချင်းက မျက်လုံးထဲမှာ ထိန်းချုပ်လို့ မရနိုင်တော့တဲ့ စိတ်ပျက်မှုနဲ့အတူ ရှဲ့ယွင်ပေါ်ကို ကြည့်လိုက်တယ်။
“အဖေ.. အဒေါ်က ဒီလောက်ယုတ်မာတဲ့ ကိစ္စကို လုပ်ထားခဲ့တာ။ ဘယ်ပြစ်ဒဏ်ကမှ မလွန်ကျွံဘူး၊ အဖေက ဘယ်လိုဖြစ်ပြီး...”
ရှဲ့ယွင်ပေါ်က မျက်နာပေါ်မှာ ရက်စက်တဲ့အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။
“တိတ်စမ်း”
ကျန်းကျူးက ရှဲ့ယွင်ပေါ်ရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတဲ့အခါ မျက်နှာ မဲ့ထားလိုက်တယ်။
ရှဲ့ယွင်ပေါ်က ကလေးကို အစားထိုးခဲ့တဲ့ တရားခံတွေထဲက တစ်ယောက်မှန်း သူမ သိလိုက်ရတဲ့ကတည်းက သူ့အပေါ်မှာ ဘာခံစားချက်မှ မရှိတော့ဘူး။ ဒါကြောင့် ရှဲယွင်နဉ်အပေါ် သူ့ခံစားချက်တွေကို မြင်လိုက်ရတဲ့အချိန်မှာ သူမက ဒီလိုပဲ ရွံ့ရှာသလိုပဲ ခံစားနေတယ်။
ဓားသိုင်းကျင့်ကြံသူတွေက အမြဲတမ်းဓားသိုင်းကျင့်ကြံမှုအပေါ်ပဲ အစွဲလမ်းထားပြီး အချစ်ကို လက်လွှတ်ထားခဲ့ကြတာ။
ဒီအချိန်မှာတော့ သူမက သူမရဲ့ကလေးအတွက် တရားမျှတမှုကိုပဲ လိုချင်တော့တယ်။ ရှဲယွင်နဉ်နဲ့ ရှဲ့ရှောက်ထင်းကို ဖြေရှင်းပြီးသွားရင် ရှဲယွင်ပေါ်အလှည့်ပဲ။
သူမက ရှဲ့ယွင်ပေါ်ကို သတ်ပြစ်ဖို့ နည်းလမ်းမရှိဘူးဆိုပေမဲ့ ရှဲ့မိသားစုအပေါ်ကို ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်အောင် လုပ်နိုင်သေးတယ်။
ရှဲ့မိသားစုထဲမှာ နှစ်ပေါင်းအများကြီး နေလာခဲ့တဲ့အတွက် ရှဲ့မိသားစုကို အကြီးမားဆုံး ထိခိုက်ခံစားမိစေမဲ့ အတွင်းသတင်းတွေကို သူမလုံ လုံလောက်လောက် သိထားပြီးသား။
သူမက တစ်ချက် အလျှော့ပေးလိုက်တဲ့ ပုံစံနဲ့ပြစ်ဒဏ်ကို လျော့ပေးလိုက်တယ်။
“ရှဲ့ယွင်နဉ်နဲ့ ရှဲ့ရှောက်ထင်းကို ခြေလက်အင်္ဂါချို့တဲ့အောင် လုပ်ပစ်လိုက်၊ ဒါက ကျွန်မရဲ့နောက်ဆုံးသည်းခံခြင်းပဲ”
“မဖြစ်နိုင်ဘူး”
ရှဲ့ယွင်ပေါ်က စဥ်းစားမနေဘဲ ပြန်ပြောလိုက်တယ်။
“ယွင်နဉ်နဲ့ ရှောက်ထင်းကို ဒီလောက်ကြီးမားတဲ့ ဒုက္ခမျိုးခံစားဖို့ ခွင့်မပြုပေးနိုင်ဘူးလေ”
ကြီးမြတ်သူလင်းဖုန်းက သူရဲ့ခေါင်းမာပြီး နောင်တမရတတ်တဲ့ အဖြေကို ကြားလိုက်တဲ့အခါ ကြောက်စရာကောင်းလွန်းပြီး သိပ်သည်းလှတဲ့ ဝိညာဥ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ပတ်ဝန်းကျင်မှာ ရုတ်တရက် လှိုင်းထသွားတော့တယ်။
ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးက သူ့ကို စိတ်လျှော့ဖို့ကြည့်လိုက်ပြီးတော့တင်းမာတဲ့မျက်နှာထားတစ်ခုနဲ့ ထွက်ရပ်လိုက်တယ်။
“ဒီတော့ ရှဲ့မိသားစုခေါင်းဆောင်က ဝမ့်ကျန့်ဂိုဏ်းကို ဖြေရှင်းချက်တစ်ခု မပေးချင်ဘူးပေါ့ ဟုတ်လား”
အခုတော့ ဒါက ကျန်းကျူးနဲ့ ရှဲ့ယွင်ပေါ်ကြားက သီးသန့်ကိစ္စမဟုတ်တော့ဘဲ ရှဲ့မိသားစုနဲ့ ဝမ့်ကျန့်ဂိုဏ်းကြားက လူသိရှင်ကြား ကိစ္စတစ်ခု ဖြစ်သွားပြီ။
ရှဲ့ယွင်ပေါ်က မြေကြီးပေါ်မှာလဲနေတဲ့ ရှဲ့ယွင်နဉ်ကို ကပျာကယာ လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးတွေက တဖြည်းဖြည်း ပြတ်သားလာခဲ့တယ်။
ဒါကရှဲ့မိသားစုလေ။ ရှဲ့မိသားစုရဲ့ အတွင်းရေးကိစ္စကို ဘယ်လိုဖြေရှင်းပါလို့ ဝမ့်ကျန်ဂိုဏ်းက ဝင်ပြောဖို့အလှည့် မကျသေးဘူး။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ယဥ်ကျေးတဲ့အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ သူက အဓိပ္ပာယ်ပါပါနဲ့ စကားလမ်းကြောင်း လွှဲလိုက်တယ်။
“ဂိုဏ်းချုပ်ကြီးချီ၊ ကြီးမြတ်သူလင်းဖုန်း ဘိုးဘေးကြီးက ခင်ဗျားတို့နှစ်ယောက်နဲ့ စကားပြောချင်တယ်လို့ စောစောက ပြောထားတယ်”
“ဘိုးဘေးကြီးက ခင်ဗျားတို့နှစ်ယောက်အပေါ် တကယ့်ကို အထင်ကြီး လေးစားတာ”
ဒါက ဝမ့်ကျန့်ဂိုဏ်းကို ဖိနှိပ်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်သလို ရှဲ့မိသားစုက အတိဒုက္ခ ပြန်လည်ဝင်စားခြင်းအဆင့် ပညာရှင်တွေက ရှဲ့မိသားစုအတွက် အကောင်းဆုံးအကာအရံပဲ။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာက အင်မတန်မှ အေးစက်လာခဲ့တယ်။ အခု ဓားဆရာကြီးက နေ့တိုင်း ဓားသိုင်းကျင့်ကြံနေဆဲဖြစ်ပြီး ဂိုဏ်းထဲကနေ လုံးဝထွက်လာလို့ မရနိုင်သေးဘူး။ နောက်ပြီးတော့ ဒါကရှဲ့မိသားစုရဲ့ နယ်မြေထဲရောက်နေတယ်။
သူက မျက်လုံးထဲမှာ ပုန်းကွယ်နေတဲ့ဒေါသကို ဖုံးကွယ်ထားဖို့ မျက်လုံးတွေကို မှိတ်လိုက်တယ်။ ရှဲ့ယွင်ပေါ်က ရှဲ့မိသားစုရဲ့ဘိုးဘေးကြီး နာမည်ကိုသုံးပြီး သူရဲ့ညီမအလိမ္မာလေးအတွက် ဒီအခြေအနေကို ဖိနိုပ်ဖို့ တကယ်တမ်း လုပ်ချင်နေတာပဲ။
သူက ဝမ့်ကျန့်ဂိုဏ်းကို လုံးဝ အလေးမထားဘူး။
သူ့နောက်က ဝိညာဥ်ဓားကလဲ သူ့ဒေါသကို ခံစားမိသွားပြီး သူရဲ့မွေးချင်းဓားက တဂျစ်ဂျစ် မြည်သံတစ်ခုနဲ့ စတင် တုန်ယင်လာခဲ့တယ်။ ဒီအခိုက်မှာပဲ ကောင်းကင်ကလာတဲ့အသံက နောက်ဆုံးတော့ ရောက်လာခဲ့တယ်။
[ရှင်တို့ရဲ့ဘိုးဘေးကြီး ဟုတ်လား။ အဲဒီဘိုးဘေးကြီးက လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သေသွားပြီ မဟုတ်လား]
[ဘာလဲ သူက ရှင့်အိပ်မက်ထဲမှာ ပေါ်လာလို့လား]
...