← Chapters

အခန်း ၉၃

Vol. 7 Ch. 93

အခန်း ၉၃

Vol. 7 Ch. 93

အပိုင်း (၉၃)

ရှဲ့သခင်ကြီးက ဝမ့်ကျန့်ဂိုဏ်းကို ခြိမ်းခြောက်ဖို့ ရှဲ့မိသားစုရဲ့ မဟာဘိုးဘေးကြီးကို အသုံးချလိုက်တဲ့အခါ တခြားဂိုဏ်းခေါင်းဆောင်တွေနဲ့ မိသားစုခေါင်းဆောင်တွေရဲ့ မျက်နှာကလည်း လေးနက်သွားပြီး ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကျုံ့သွားခဲ့တယ်။

ဒီတစ်ကြိမ် ရှဲ့မိသားစုခေါင်းဆောင် လုပ်လိုက်တဲ့အရာ ဝမ့်ကျန့်ဂိုဏ်းနဲ့ ကစားပွဲတစ်ခုတောင် မဟုတ်တော့ဘဲ ကျင့်ကြံရေးလောကထဲက ဂိုဏ်းတွေအားလုံးနဲ့ မိသားစုတွေအားလုံးကို ပေါ်ပေါ်ထင်ထင် အထင်အမြင် သေးလိုက်တာပဲ။

အဲ့လိုမှမဟုတ်ဘူးဆိုရင် သူက သူတို့အားလုံးရှေ့မှာ ဖြေရှင်းချက်ပေးဖို့ဘာလို့ ငြင်းပယ်နေမှာလဲ။

ရှဲ့မိသားစုရဲ့အစောပိုင်းက ထောင်လွှားတဲ့သဘောထားကို စဥ်းစားမိပြီး သီးသန့်မိသားစုတစ်ခု တည်ထောင်တယ်လို့ ကြော်ငြာခဲ့တဲ့အကြောင်း၊ ကျင့်ကြံရေးလောကကို အထင်သေးတဲ့အကြောင်းကို စဥ်းစားမိလိုက်တဲ့အခါ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ပိုလိုပဲ မျက်မှောင်ကျုံ့လာတော့တယ်။

သူက ရှေ့ကို တစ်လှမ်းတိုးပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးနဲ့အတူ ရှဲ့မိသားစုသခင်ကြီးကို ဖိနိုပ်ဖို့ ကြိုးစားမယ် ပြင်လိုက်တဲ့ဆဲဆဲမှာပဲ ရုတ်တရက်ဆိုသလို အပြင်လောကကအသံကို ကြားလိုက်ရတယ်။ သူက ရုတ်တရက် ရပ်ထားလိုက်ပြီး တအံ့တသြနဲ့ အဲ့ဒီနေရာမှာ ရပ်နေလိုက်တယ်။

ဘယ်လို။

ရှဲ့မိသားစုရဲ့ မဟာဘိုးဘေးကြီးက သေသွားပြီတဲ့လား။ သူ သေသွားတာ ဆယ်နှစ်တောင် ရှိပြီတဲ့လား။

ရှဲ့မိသားစုရဲ့ မဟာဘိုးဘေးကြီးက အတိဒုက္ခ ဖြတ်ကျော်ခြင်းကျင့်ကြံခြင်း အဆင့်မှာရှိတဲ့ ကြီးမြတ်သူတစ်ယောက်ပဲ။ သူက ဘယ်လိုဖြစ်ပြီး အဲ့လောက်ငြိမ်ငြိမ်သက်သက် သေဆုံးသွားခဲ့တာလဲ။

တခြားသူတွေရဲ့အမူအရာက သူ့ထက်တောင်ပိုပြီး ကြီးကျယ်နေသေးတယ်။ အားလုံးက လုံးဝကို ငေးကြောင်ကြောင်ဖြစ်သွားပြီး သတိလက်လွှတ်ဖြစ်သွားတဲ့ပုံပဲ။

ဒီနေ့ကြားလိုက်ရတဲ့ လျှိူ့ဝှက်ချက်တွေက ဘယ်လိုဖြစ်ပြီး ယုံကြည်စရာ မကောင်းနေတာလဲ။

ပြီးခဲ့တဲ့ခြောက်လတုန်းက အပြင်လောကကလာတဲ့အသံကို တွေ့ကြုံခဲ့ပြီးတဲ့နောက်မှာ လူတွေအများကြီးက အသက်တစ်ချက် နှစ်ချက်လောက်ရှူရုံ တုံ့ပြန်လိုက်ပြီး ရှဲ့မိသားစုခေါင်းဆောင်ကို တွေးတွေးဆဆနဲ့ လှည့်ကြည့်လိုက်ကြတယ်။

ဧကန္တ ရှဲ့မိသားစုသခင်ကြီးက ရှဲ့မိသားစုရဲ့ မဟာအကြီးအကဲနာမည်ကို ဆက်ပြီးအားထားချင်လို့ ရှဲ့မိသားစု မဟာဘိုဘေး သေးဆုံးသွားတဲ့အချက်ကို လျှိူ့ဝှက်ထားခဲ့တာလား။

အဲ့ဒီနောက်မှာတော့ ရှဲ့မိသားစုသခင်ကြီးရဲ့ မျက်လုံးထဲက အထိတ်တလန့်နဲ့ ဇဝေဇဝါဖြစ်သွားတဲ့ပုံစံက သူ့တို့ထက်တောင်ပိုပြီး သိသာနေတာကို မြင်လိုက်ကြရတယ်။

ရှဲ့ယွင်ပေါ်က ဟန်ဆောင်နေတာလား။ သူက အရမ်းဟန်ဆောင်ကောင်းနေတာပဲ ဟုတ်တယ်မလား။

အားလုံးရဲ့ အာရုံစိုက်မှုအလည်ကို ရောက်နေတဲ့ ရှဲ့ယွင်ပေါ်က အချိန်အတော်ကြာအောင် မှင်တက်အံ့သြသွားပြီး နောက်ဆုံးမှ အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားကို သဘောပေါက်သွားတယ်။

သူက ယုံကြည်သွားကြတဲ့သူတွေကို ကြည့်လိုက်ပြီးသူရဲ့ ကြောက်ရွံ့နေတဲ့စိတ်တွေကို မျိုသိပ်ထားလိုက်ရင်း သူ့ကိုယ်သူ ဆက်ပြီးနှစ်သိမ့်နေလိုက်တယ်။

ဘိုးဘေးက ဒီနှစ်တွေထဲမှာ ရှဲ့မိသားစုထဲမှာပဲ သီးသန့်ကျင့်ကြံရေးလုပ်နေတာ ဘာအန္တရာယ်ကိုမှ လုံးဝ ရင်မဆိုင်ခဲ့ရဘူး။ အခုဆိုရင် မဟာဘိုးဘေး မသေဆုံးခင် နှစ်၁၀၀နီးပါးလောက် ကျန်သေးတယ်။ မဟာဘိုးဘေးရဲ့ အသက်ကမ္ဗည်းတိုင်ကလည်း အခုအထိလင်းလက်နေသေးတယ်။ မဟာဘိုးဘေးက ဘယ်လိုဖြစ်ပြီး ဒုက္ခရောက်နိုင်မှာလဲ။

အပြင်လောကကလာတဲ့အသံက အာရုံစိုက်ခံရဖို့ ဆွဲဆောင်ဖို့ကြိုးစားနေတာပဲ ဖြစ်ရမယ်။

သူက ဒီလိုအလိမ်အညာမျိူးနဲ့တော့ အရူးလုပ်ခံမှာ မဟုတ်ဘူး။

ဒီလိုစဥ်းစားလိုက်ပြီး နောက်ဆုံးတော့ သူ့မျက်နှာမှာအရောင်တချို့ ပြန်ပေါ်လာတယ်။ ဒါပေမဲ့လည်း သိပ်မဝေးလှတဲ့နေရာက ကျန်းကျူးရဲ့စကားတွေက အခုလေးတင် တည်ငြိမ်သွားတဲ့ သူရဲ့စိတ်ကို တဖန် ပျာယာခတ်သွားစေတော့တယ်။

“ကျွန်မ မှတ်မိသလောက်တော့ မဟာဘိုးဘေးက သီးသန့်ကျင့်ကြံရေးလုပ်နေတာ ဆယ်နှစ်နီးပါးရှိသွားပြီ။ ဂူထဲက ဘယ်တော့မှ ထွက်မလာခဲ့ဘူး။ သူက ဒီကာလအတွင်းမှာ စကားတစ်လုံးလေးတောင် မပြောဖူးဘူး။ ဒါပေမဲ့ အရင်တုန်းကဆိုရင် မဟာဘိုးဘေး သီးသန့်ကျင့်ကြံနေရင်တောင်မှ သူကရှဲ့မိသားစုရဲ့ လက်ရှိအခြေအနေအကြောင်းကို မကြာခဏ ထွက်လာပြီးတော့ မေးမြန်းတတ်သေးတယ်”

ဒီလို တိုတောင်းလှတဲ့ နေ့တစ်ဝက်စာအတွင်းမှာပဲ ကျန်းကျူးက အပြင်လောကကလာတဲ့အသံကို လုံးဝ ယုံကြည်သွားခဲ့တယ်။ သူမက အပြင်လောကကလာတဲ့အသံကို ကြားခဲ့ပြီးတဲ့နောက်မှာ သံသယတစ်ခုလေးတောင် မဖြစ်ခဲ့ဘဲ မဟာဘိုးဘေးကြီးရှဲ့ရဲ့ သေဆုံးမှုသဲလွန်စကို ချက်ချင်း ရှာဖွေတော့တယ်။

“နောက်ပြီးတော့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မဟာဘိုးဘေးရဲ့ အသက်ကမ္ဗည်းတိုင်က ရုတ်တရက် အများကြီး မဲမှောင်သွားခဲ့တယ်။ ဒါပေမဲ့ ဒါက အချိန်တိုလေးတစ်ခုပဲ။ ခဏအကြာမှာ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားတယ်။ ဒါကြောင့် ဒါက အာရုံစိုက်မှုအများကြီး မဖြစ်ခဲ့ဘူး”

ကျန်းကျူးက လက်တစ်ဖက်မှာ ရှဲ့ယုံကို ဂရုတစိုက် ဖက်ထားရင်း သူမရဲ့မျက်လုံးထဲမှာ ရစ်ဝဲနေတဲ့ အေးစက်မှုတစ်ခုနဲ့ ရှဲ့ယွင်ပေါ်ကို ကြည့်လိုက်တယ်။

သူမက နှစ်ပေါင်းများစွာ ရှဲ့မိသားစုရဲ့အရေးကိစ္စ တစ်ဝက်လောက်ကို တာဝန်ယူလာခဲ့ရတာ။ သူမက ရှဲ့မိသားစုရဲ့ လျှိူ့ဝှက်ချက်တွေကို မထုတ်ဖော်ခဲ့ဘူးဆိုပေမဲ့ သူမ သိထားတဲ့အချက်ကနေပြီးတော့ သုံးသပ်ချက်တွေ အများကြီး လုပ်နိုင်သေးတယ်။

“အခု ကျွန်မဒီအကြောင်းကို ပြန်စဥ်းစားကြည့်လိုက်တော့ အဲဒီအချိန်တုန်းက မဟာဘိုးဘေးကြီးက တစ်ခုခု မူမမှန်ဖြစ်နေခဲ့တယ် ထင်တယ်”

ရှဲ့ယွင်ပေါ်က သူရဲ့ကြောက်စိတ်ကို ဖိနှိပ်ထားလိုက်ပြီး ကျန်းကျူးကို ဒေါသတကြီးနဲ့ စိမ်းစိမ်းဝါးဝါး ကြည့်လိုက်တယ်။

“ကျန်းကျူး မင်း အတင့်ရဲလို့ မဟာဘိုးဘေးကြီးရဲ့ တည်နေရာကို အကြောင်းမရှိဘဲ ခန့်မှန်းရဲရသလား”

“ဒါက ဘာပြစ်မှုဆိုတာ မင်းသိရဲ့လား”

သူ့စကားဆုံးသွားပြီးတဲ့နောက်မှာပဲ ကောင်းကင်ကလာတဲ့အသံက ထပ်ပြီးပြောလိုက်တယ်။

[ဟားဟားဟား ရှဲ့မိသားစုက သူတို့ရဲ့မဟာဘိုးဘေးကြီး အစောကြီးကတည်းက ဆုံးပါးသွားတာကို တကယ်မသိခဲ့တာပဲ]

[ကျွတ်ကျွတ် မဟာဘိုးဘေးကြီးရှဲ့ သီးသန့်ကျင့်ကြံနေတဲ့ဂူထဲမှာ မရေမတွက်နိုင်တဲ့ သဘာဝရတနာတွေ ရှိနေတာပဲ၊ ဝိညာဥ်စွမ်းအင်တွေက မဟာဘိုးဘေးကြီးရှဲ့ရဲ့ ခန္ဓာကိုယ်ကို ဆက်တိုက်သန့်စင်ပေးနေတဲ့ အတွက်ကြောင့်မို့လို့ အသက်ကမ္ဗည်းတိုင်ကတောင် မဟာဘိုးဘေးကြီးရှဲ့ ဆုံးပါးသွားတာကို မသိဘူးတဲ့]

စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ကြည့်လိုက်တယ်။ သူမက ဒီဝိညာဥ်ရတနာတွေကို လုံးဝစိတ်မဝင်စားပေမဲ့လည်း မတတ်နိုင်ဘဲ သက်ပြင်းချမိတယ်။

“ဒီလောက်များတဲ့ရတနာတွေကို အလောင်းတစ်ခုထဲ ပစ်ထည့်ထားလိုက်တာကတော့ နှမြောစရာ ကောင်းပါတယ်”

ရှဲ့ယွင်ပေါ်က အပြင်လောကကလာတဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ သူ့ရင်ထဲမှာမဖော်ပြနိုင်တဲ့ ကြောက်ရွံ့စိတ်တွေကို ခံစားလိုက်ရတယ်။ သူကလည်း မဟာဘိုးဘေးကြီးနဲ့ လွန်ခဲ့တဲ့ဆယ်နှစ်မတိုင်ခင်တုန်းက ကွာခြားချက်ကို ပြန်ပြီးစဥ်းစားမိလိုက်တယ်။

မဟာဘိုးဘေးကြီးက နောက်ဆုံးတော့ ရှဲ့မိသားစုရဲ့အရေးကိစ္စကို ကြားဝင်နေတာ ရပ်တန့်သွားပြီဆိုပြီး သူက ပျော်နေတာလေ။ ဒီလိုဆိုရင် ရှဲ့မိသားစုရဲ့သခင်ကြီးအဖြစ်နဲ့ သူ့ရာထူးနဲ့ သူ့အာဏာက ပိုပြီးတော့ တည်ငြိမ်လာမှာကိုး။ ဒါပေမဲ့ အခုတော့ သူက စဥ်းစားမိလိုက်တယ်။ သူက သူ့အတွေးတွေကို မြန်မြန်ဆန်ဆန်ပဲ ရပ်တန့်ထားလိုက်တယ်။

မဖြစ်နိုင်ဘူး။ မဟာဘိုးဘေးကြီးက ဘယ်တော့မှ သေတော့မှာ မဟုတ်ဘူး။ သူ အတွေးလွန်နေတာပဲ ဖြစ်ရမယ်။

သူက ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ပြီး သူ့ဘေးမှာရပ်နေပြီး ထိတ်လန့်မှုကနေ သတိပြန်မဝင်လာသေးတဲ့ ရှဲ့ရှူးကို လှမ်းကြည့်လိုက်တယ်။

“မဟာဘိုးဘေးကြီးကို အကူအညီသွားတောင်းလာခဲ့”

“တစ်စုံတစ်ယောက်က ရှဲ့မိသားစုထဲမှာ ပြသာနာရှာနေတယ်လို့ ပြောလိုက်”

ရှဲ့ရှူးက ရုတ်တရက် သတိပြန်ဝင်လာပြီး အလောတကြီး ဦးညွှတ်လိုက်ကာ မဟာဘိုးဘေးကြီးရှဲ့ ဂူပိတ်ကျင့်နေတဲ့ ဂူရှိရာဖက်ကို အလျင်အမြန် ပြန်ထွက်သွားလိုက်တယ်။

သူက စိုးရိမ်တကြီးနဲ့ စောင့်စားနေတဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့ သရော်သံမှတ်ချက်က ထက်ရှတဲ့ ဓားသွားတစ်ခုလို သူ့ရင်ကို အကြိမ်ကြိမ် ဖြတ်တောက်လေတော့တယ်။

[ဒီရှဲ့မိသားစုက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ သူတို့တွေက သူတို့ရဲ့ ဘိုးဘေးကြီး လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက သေသွားတာကိုတောင် မသိခဲ့ကြဘူးတဲ့။ သူတို့တွေက သူတို့ရဲ့ဘိုးဘေးကြီးနာမည်ကို သုံးပြီးတော့တောင် တခြားသူတွေကို အနိုင်ကျင့်နေသေးတယ်တဲ့]

[ကျင့်ကြံရေးလောကထဲမှာ ဒီလိုလိမ္မာသိတတ်တဲ့ မိသားစုတစ်ခု ဘယ်လိုရှိနိုင်မှာလဲ ဟားဟားဟား]

[အယ်... ဒါပေမဲ့ ဒီရှဲ့မိသားစုသခင်ကြီးကတော့ မဟာဘိုးဘေးကြီးရှဲ့ သေဆုံးသွားပြီးတဲ့နောက်မှာ သူ့ဘဝက ပျော်ရွှင်လာတယ်လို့ ထင်နေတာတဲ့]

[သူကတကယ်ကို လိမ္မာသိတတ်တဲ့သားတစ်ယောက်၊ လိမ္မာသိတတ်တဲ့ မြေးတစ်ယောက်ပဲ]

အားလုံးက အပြင်လောကကလာတဲ့ သရော်လှောင်ပြောင်သံကို နားထောင်နေတုန်း စုံစမ်းဖို့ ထွက်သွားလိုက်တဲ့ ရှဲ့ရှူးက အချိန်တော်တော်ကြာတဲ့အထိ ပြန်မလာခဲ့သလို သတင်းတစ်ခုတောင် ပါမလာခဲ့လေဘူး။

ရှဲ့ယွင်ပေါ်ရဲ့အမူအရာက တဖြည်းဖြည်းပိုပြီး အကျည်းတန်လာခဲ့တယ်။ မဟာဘိုးဘေးကြီးက အဆင်ပြေနေမယ်ဆိုရင် ရှဲ့ရှူးက အစောကြီးကတည်းက ပြန်လာပြီး သတင်းပို့ပြီးနေလောက်ပြီ။ ဧကန္တ တကယ်ပဲ...

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးနဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အဝေးကနေပြီး အချင်းချင်း ကြည့်လိုက်ကြတယ်။ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဦးဆောင်လိုက်ပြီး ရှေ့ကို နှစ်လှမ်းတိုးလာလိုက်တယ်။ သူ့အသံထဲမှာလည်း ထပ်ပြီးယဥ်ကျေးတော့တဲ့ အပြုအမူမရှိတော့ဘူး

“သခင်ကြီးရှဲ့ ကျုပ်တို့တွေက မဟာဘိုးဘေးရှဲ့နဲ့ မရင်းနှီးဘူး။ ဒီတော့ ပြောစရာအကြောင်းအရာလည်း မရှိဘူး”

“ဒီနေ့ ဝမ့်ကျန့်ဂိုဏ်းက ရှင်းပြချက်တစ်ခုကိုပဲ လိုချင်တယ်”

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကလည်း ထရပ်လိုက်တယ်။ သူ့ရဲ့လေသံက ကြင်နာသနားတတ်တဲ့လေသံ ဖြစ်နေပေမဲ့စကားလုံး တစ်လုံးချင်းစီတိုင်းမှာတော့ ဖော်ပြမထားတဲ့ ခြိမ်းခြောက်မှုတစ်ခု ပါနေတယ်။

“ရွှင့်ချန်ဂိုဏ်းနဲ့ ဝမ့်ကျန့်ဂိုဏ်းက အမြဲတမ်းဆက်ဆံရေး ကောင်းမွန်လာခဲ့တယ်။ ကျုပ်အနေနဲ့ ဝမ့်ကျန့်ဂိုဏ်းတပည့်သားတွေက ရှဲ့မိသားစုဝင်တွေ မတရား ဆက်ဆံနေတာကိုတော့ တကယ်ပဲ သည်းမခံနိုင်ဘူး”

“ရှဲ့သခင်ကြီးက ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူပါ၊ ဒါကြောင့် မှန်ကန်တဲ့ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲဆို သိသင့်ပါတယ်”

ရှဲ့ယွင်ပေါ်ရဲ့စိတ်တွေက ဒီအချိန်မှာ ရှုပ်ထွေးသွားတော့တယ်။ ရွှင့်ချန်ဂိုဏ်းချုပ်နဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်တို့ရဲ့ တစ်ချိန်တည်းဖိနိုပ်တာကို ရင်ဆိုင်လိုက်ရတဲ့အခါ သူက အံ့ကြိတ်ထားလိုက်ရတယ်။ သူဟာ တခြားသူတွေရဲ့ လေးစားပြီးအားကျရတဲ့သူ အမြဲတမ်း ဖြစ်ခဲ့တာ သူက ဘယ်တုန်းက ဒီလူတွေရဲ့မျက်နှာကို ကြည့်ဖို့လိုပြီး သူတို့ရဲ့စကားတွေကို နားထောင်ဖို့ လိုခဲ့လို့လဲ။

သူကရှဲ့မိသားစုရဲ့ မိသားစုခေါင်းဆောင်။ လျှိူ့ဝှက်တဲ့ အထင်ကရမိသားစုတစ်ခု။ ရှဲ့မိသားစုရဲ့ အာဏာအားလုံးကို ကိုင်ဆောင်ထားတဲ့သူ။ သူက သူကာကွယ်ပေးချင်တဲ့လူတွေကို မကာကွယ်ပေးနိုင်ဘူးဆိုရင်တော့ ရှဲ့မိသားစုရဲ့ခေါင်းဆောင်လုပ်ရတာ သူ့အတွက် ဘာအဓိပ္ပာယ်ရှိမှာလဲ။

မဟာဘိုးဘေးကြီးက တစ်ခုခု ဖြစ်သွားခဲ့တယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ရှဲ့မိသားစုမှာ အတိဒုက္ခ ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ရှိတာပဲ။

သူက မတ်မတ်ရပ်လိုက်ပြီး စကားကို တစ်လုံးချင်းပြောလိုက်တယ်။

“ ဂိုဏ်းချုပ်ကြီးလုက မေ့နေတာပဲဖြစ်ရမယ်။ သခင်ကြီးမင်ဟွားကလည်း ကျုပ်တို့မိသားစုရဲ့ အကြီးအကဲတစ်ယောက်ပဲလေ။ ဒါက ကျုပ်တို့ရှဲ့မိသားစုပါ။ ဂိုဏ်းချုပ်ကြီးနှစ်ယောက်က ကျူပ်တို့ရှဲ့မိသားစုရဲ့....”

သူ့စကားမဆုံးခင်မှာပဲ အပြင်လောက ကလာတဲ့အသံကို တစ်ဖန်ကြားလိုက်ရပြန်တယ်။

[ကြီးမြတ်သူမင်ဟွား ဟုတ်လား]

ခဏလောက်ပွဲကြည့်လိုက်ပြီးတဲ့နောက်မှာ စူးလီက ဒီနာမည်ကို ရုတ်တရက်ကြားလိုက်ပြီး တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။

[နည်းနည်းလေး ရင်းနှီးနေသလိုပဲ၊ တစ်ချက်လောက်ကြည့်လိုက်__]

[ဟားဟားဟား ကျင့်ကြံရေးအဆင့်တွေ ဆက်တိုက်ကျဆင်းနေတဲ့လူကို ပြောတာလား။ အခုဆိုရင် မင်ဟွားကျင့်ကြံသူရဲ့အဆင့်က ပေါင်းစပ်ကျင့်ကြံခြင်း အဆင့်ထိတောင် ကျဆင်းနေပြီပဲ]

[သူက အခုလောက်ဆိုရင် ရှင့်ကိုတောင် နိုင်အောင် တိုက်နိုင်မှာ မဟုတ်တော့ဘူး ဟားဟားဟား]

[သူ့ကျင့်ကြံရေးအဆင့်ကလည်း ဆုတ်ယုတ်လာတာ နှစ်၄၀ နှစ်၅၀ရှိသွားပြီ။ ရှင် ဒါကို မသိဘူးဆိုရင်လည်း ထားပါတော့။ ဒါပေမဲ့ ရှင်က သူ့ကို မိုက်မိုက်မဲမဲနဲ့ ရှဲ့မိသားစုရဲ့ ရတနာတွေကိုတောင် ပို့ပေးပြီး သူက ရှဲ့မိသားစုကို ကာကွယ်ပေးလိမ့်မယ်လို့ မျှော်လင့်နေသေးတယ်နော် ဟားဟားဟား]

[ဟားဟားဟား ဒါကဘယ်လိုတောင် ကုပ်သွေးစုပ်နည်းလဲ]

အခုလေးတင် မတ်မတ်ရပ်လိုက်တဲ့ ရှဲ့မိသားစုသခင်ကြီးရဲ့ ခန္ဓာကိုယ်က ခပ်နာနာလေး အရိုက်ခံရသလို နောက်ကို ခြေတစ်လှမ်း ယိမ်းယိုင်သွားတော့တယ်။ ဒါက ဘယ်လိုဖြစ်တာလဲ။

ဒီအချိန်မှာတော့ သူက အပြင်လောကကလာတဲ့အသံရဲ့ စကားကို ၇၀ရာခိုင်နှုန်း ယုံကြည်နေခဲ့ပြီး ဖြစ်နေတယ်။

အထူးသဖြင့် ကြီးမြတ်သူမင်ဟွားက ရှဲ့မိသားစုရှေ့မှာ သူရဲ့ဝိညာဥ်စွမ်းအင်တွေကို ထုတ်မပြခဲ့တာ တော်တော်ကြာသွားပြီပဲ။

ဒီလိုဆိုရင်တော့ ရှဲ့မိသားစုနဲ့ ရှဲ့မိသားစုရဲ့ ကြီးမြတ်သူနှစ်ယောက်က...

ဒီအချိန်မှာ အပြင်လောကကလာတဲ့အသံကို ကြားနိုင်ကြတဲ့ ဝမ့်ကျန့်ဂိုဏ်းကလူတွေက ဘာအရိပ်အယောင်မှ မပြဘဲ ရှဲ့ယွင်ပေါ်ကို ဝိုင်းထားလိုက်ကြတယ်။

ဒါက ရှဲ့မိသားစုနယ်မြေပဲ။ သူတို့တွေက ရှဲ့မိသားစုထဲမှာ ရှဲ့ယွင်ပေါ်ကို ဘာမှမလုပ်နိုင်တာလည်း အမှန်ပဲ။ ဒါပေမဲ့လည်း ဘယ်နေရာမှာပဲဖြစ်ဖြစ် ရှဲ့ယွင်နဉ်ကတော့ သူမ လုပ်ခဲ့တဲ့ကိစ္စတွေကို ပြန်ပေးဆပ်မှဖြစ်မယ်။

အခုတော့ ရှဲ့မိသားစုထဲက အတိဒုက္ခဖြတ်ကျော်ခြင်း ကြီးမြတ်သူနှစ်ယောက်ကလည်း သူ့အကြောင်းနဲ့သူ သွားကြကုန်ပြီ။ မှော်လက်နက်နှစ်ခုကလွဲရင် ရှဲ့မိသားစုမှာ တခြားဂိုဏ်းတွေနဲ့ ယှဥ်ပြိုင်ဖို့ တခြားအထောက်အပံ့တွေ မရှိတော့ဘူး။

သူက ရှဲ့ယွင်နဉ်အတွက် မြင့်မြတ်လက်နက်ကို အသုံးပြုချင်တာ မဟုတ်ဘူးဆိုရင်တော့...

ဒီအချိန်မှာပဲ ရှဲ့ယွင်ပေါ်ရဲ့မျက်နှာပေါ်က အမူအရာက အင်မတန်မှ အကျည်းတန်သွားပြီး အမြင်မတင့်နိုင်အောင်ဖြစ်သွားတော့တယ်။

သူ့ရင်ထဲမှာ ရှဲ့ယွင်နဉ်က အရေးကြီးပါတယ်။ ဒါပေမဲ့ သူက အာဏာနဲ့တော့ ယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင်သူက ရှဲ့ယွင်နဉ်ကို သစ္စာဖောက်ခဲ့ပြီး ရှဲ့မိသားစုခေါင်းဆောင်ဆိုတဲ့ သူ့ရာထူးကို ထိန်းသိမ်းဖို့အတွက် ကျန်းကျူးနဲ့ လက်ထပ်ခဲ့မှာ မဟုတ်ဘူး။

ဒီအပြင် ဒီအချိန်မှာ သူမှာ တခြားဘာရွေးချယ်စရာမှလည်း မရှိတော့ဘူး။

သူက ရုတ်တရက် မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး တွန့်ဆုတ်မှုတွေကို ဖုံးကွယ်ထားလိုက်တယ်။ သူ့မျက်လုံးတွေကို တစ်ခါပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ အေးစက်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုက ကျန်ရစ်တော့တယ်။

“ဂိုဏ်းချုပ်ကြီးချီ ပြောတာ မှန်ပါတယ်။ ရှဲ့မိသားစုက ရှင်မအပေါ်မှာ အများကြီး အကြွေး တင်ခဲ့မိပါတယ်”

“အစ်ကိုနဉ်”

သူ့နောက်ကမယုံကြည်နိုင်တဲ့မျက်လုံးကို ရင်မဆိုင်ရဲတော့ဘဲ အံ့ကြိတ်ထားလိုက်ပြီး တစ်လုံးချင်း ပြောလိုက်တော့တယ်။

“ဒီနေ့ အာလုံးရဲ့ရှေ့မှာ ကျုပ်က ရှဲ့ယွင်နဉ်နဲ့ ရှဲ့ရှောက်ထင်းရဲ့ ကျင့်ကြံခြင်းတွေကို ဖျက်ဆီးပစ်ပါမယ်”

ရှဲ့ယွင်ပေါ် စကားမဆုံးခင်မှာပဲ ကောင်းကင်ကလာတဲ့အသံရဲ့ ခြောက်လန့်ဖွယ်အသံက ပြန်ထွက်လာခဲ့တယ်။

[ဟဲ့ နင်တို့နှစ်ယောက်က တကယ့်အချစ်စစ်တွေ မဟုတ်ကြဘူးလား။ ဘာဖြစ်လို့များ ဒီလောက် လွယ်လွယ်လေး လိုက်လျောခဲ့တာလဲ]

စူးလီက သက်ပြင်းချလိုက်ပြီး ခုနတုန်ုးက သူ့ကို ဇဝေဇဝါဖြစ်အောင် လုပ်နေတဲ့ မေးခွန်းတွေကို ကောင်းကင်စာအုပ်ထဲမှာ ဖြည်းဖြည်းချင်း ရှာဖွေလိုက်တယ်။

[ဒီလိုပြောလို့ ကျင့်ကြံရေးလောကရဲ့ကျင့်ကြံခြင်းအဆင့်တွေက ဆုတ်ယုတ်သွားတတ်လို့လား]

[ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အဆင့်တစ်ဆင့် ဆုတ်ယုတ်သွားတယ်ဆိုရင် ဒါက တော်တော်လေးကို ပြင်းထန်တဲ့ အခြေအနေဖြစ်နေပြီလို့ ငါ သိထားတာပါ။ ဒီမင်ဟွားကြီးမြတ်သူက အဆင့်သုံးဆင့်နီးပါးကို ဆုတ်ယုတ်ခဲ့တာပဲ ဟုတ်တယ်မလား]

[အကြောင်းအရင်းကို ကြည့်လိုက်__]

[သူက တကယ်တော့ လေ့ကျင့်ဖို့အတွက် ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဥ်ကို အသုံးချနေတာပဲဟဲ့]

[ဒီလိုမကောင်းတဲ့နည်းလမ်းနဲ့ ကျင့်ကြံနေမှတော့ ကျင့်ကြံခြင်းအဆင့်က မဆုတ်ယုတ်ဘဲ ဘယ်နေပါ့မလဲ]

ဂိုဏ်းအားလုံးနဲ့ မိသားစုအားလုံးကလူတွေက သူတို့ရဲ့ပြေလျော့နေတဲ့ခန္ဓာကိုယ်က ရုတ်တရက် တင်းမာသွားတော့တယ်]

ကျင့်ကြံရေးလုပ်ဖို့အတွက် ကျင့်ကြံသူတွေရဲ့ဝိညာဥ်ကို အသုံးချတယ်။ ဒီဆိုးညစ်တဲ့နည်းလမ်းကို ကျင့်ကြံရေးလောကထဲမှာ တားမြစ်ထားတာ နှစ်ပေါင်းထောင်ချီသွားပြီ မဟုတ်လား။

အားလုံးကဘယ်လောက်ပဲ ထိတ်လန့်အံ့သြနေပါစေ အပြင်လောကကလာတဲ့အသံကတော့ ဆက်ပြောနေတုန်းပဲ။

[ဟိုက်_ ဒီမင်ဟွားကျင့်ကြံသူက ကျင့်ကြံရေးလုပ်ဖို့အတွက်ဆိုပြီး ကျင့်ကြံသူထောင်ချီလောက်ကို သတ်ခဲ့တာပဲ]

စူးလီက ကောင်းကင်စာအုပ်ထဲက နစ်နာသူတွေရဲ့ စာရင်းအရှည်ကြီးကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ခေါင်းမော့လိုက်ပြီး ဒီနေရာမှာ စုဝေးနေကြတဲ့လူတွေကို လှမ်းကြည့်လိုက်တယ်။

[နစ်နာသူတွေထဲက ဆွေမျိုးတွေ အများကြီး ဒီကိုရောက်နေကြတာပါလား]

[မင်ချွမ်း၊ မင်မိသားစုသခင်ကြီးရဲ့ အငယ်ဆုံးသားက သူရဲ့ဝိညာဥ်ကို မင်ဟွားကြီးမြတ်သူ ခြောက်သွေ့အောင် စုပ်ယူခံလိုက်ရပြီး လျှို့ဝှက်နယ်မြေထဲမှာ သေသွားခဲ့တာတဲ့။ လုမိသားစုရဲ့ ဧည့်အကြီးအကဲကလည်း မင်ဟွားကြီးမြတ်သူရဲ့ အလစ်တိုက်ခိုက်ခံခဲ့ရပြီး သူ့ဝိညာဥ်က နောက်ဆုံးတော့ မင်ဟွားကြီးမြတ်သူရဲ့ အာဟာရဖြစ်လာခဲ့တယ်။ ယွဲ့ယွမ်သခင်ကြီးရဲ့ တပည့်ရောပဲ...]

ရှဲ့ယွင်ပေါ်ရဲ့မျက်နှာက ရုတ်တရက် ဖြူဆုတ်သွားခဲ့တယ်။ အပြင်လောကကလာတဲ့အသံက ဘာဖြစ်လို့ ဒီနာမည်အားလုံးကို သိနေတာလဲ။

သိပ်မဝေးလှတဲ့နေရာမှာ မျက်နှာပေါ်မှာ မျက်မှောင်ကျုံ့ပြီး သိပ်ပြီးအာရုံတစိုက်မရှိဘဲ ပွဲကို ဒီအတိုင်းကြည့်နေကြတဲ့ အထက်တန်းစားမိသားစုထဲက ကျင့်ကြံသူတွေက ရုတ်တရက်ဆိုသလို အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူတို့ရဲ့ ချစ်ခင်ရသူတွေကို ဆုံးရှုံးရတဲ့ခံစားချက်ကို သတိပြန်ဝင်လာပြီး သူတို့ရဲ့မျက်လုံးထဲမှာ သွေးချင်းချင်း နီသွားတော့တယ်။

သူတို့ရဲ့ကလေးတွေ တပည့်တွေ အကြီးအကဲတွေအားလုံးက ရှဲ့အိမ်ရဲ့ မင်ဟွားကြီးမြတ်သူလက်ထဲမှာ သေသွားခဲ့ကြတာကိုး။

မင်မိသားစုသခင်ကြီးက တိမ်ဝင်နေတဲ့လေသံတစ်ခုနဲ့ မဆုံးနိုင်တဲ့နာကျင်မှု မကျေနပ်ချက်တွေနဲ့ ပြောလိုက်တယ်။

“ကြီးမြတ်သူမင်ဟွားက ကျုပ်သားကို သတ်ခဲ့တယ်။ ကျုပ်က သူ့ကို သူ့အသက်နဲ့ ပြန်ပေးဆပ်ရစေချင်တယ်”

လုမိသားစုသခင်ကြီးကလည်း ထွက်ရပ်လိုက်ပြီး အေးစက်စက်လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

“ကြီးမြတ်သူမင်ဟွားက မရေမတွက်နိုင်တဲ့ မကောင်းမှုတွေကို ကျူးလွန်ခဲ့တာပဲ။ ဒီနေ့ရှဲ့မိသားစုက သူ့ကို သေချာပေါက်လွှဲပေးရမယ်”

“နောက်ပြီးတော့ ကျုပ်တပည့်... ကျုပ်တပည့်ရဲ့အသက်ကို ကျုပ်က်ိုပြန်ပေး”

“ကျင့်ကြံရေးလောကထဲမှာ ဒီလိုဆိုးယုတ်တဲ့လူတွေ လုံးဝရှိနေလို့မရဘူး”

စူးလီက ကြီးမြတ်သူမင်ဟွားကို တိုက်ခိုက်နေကြတဲ့ လူအုပ်ကြီးရဲ့စကားကို နားထောင်လိုက်ပြီး သူမရဲ့များပြားလှတဲ့ အလုပ်တွေကြားမှာ ကောင်းကင်စာအုပ်ကနေ ခေါင်းမော့လိုက်ပြီး သူတို့ကို လှမ်းကြည့်လိုက်တယ်။

[ဒီတော့ ဒီလူတွေကလည်း ပြဿနာကို အစောကြီးကတည်းက သိနေကြပြီး ရှဲ့မိသားစုနဲ့ စာရင်းရှင်းဖို့ တမင်တကာလာခဲ့ကြတာလား]

[ဟုတ်တာပေါ့ ဒါက နှစ်တစ်ရာနေမှ ရှဲ့မိသားစုကိုလာနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ဒီတော့ သူတို့တွေက အတူတူ စာရင်းရှင်းကြရမှာပေါ့]

မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့မေးခွန်းတွေကို ရင်ဆိုင်လိုက်ရပြီး သူတို့တွေက သူ့ကို ခုတ်ထစ်ချင်နေကြပြီ ရှဲ့မိသားစုကို အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် လုပ်ချင်နေတာကို သိလိုက်ရတဲ့အခါ ရှဲ့ယွင်ပေါ်က ချက်ချင်းပဲ ကြီးမြတ်သူမင်ဟွားနဲ့ ခပ်ခွာခွာလေး နေလိုက်တယ်။

“ကြီးမြတ်သူမင်ဟွားက ရှဲ့မိသားစုရဲ့ဧည်အကြီးအကဲ တစ်ယောက်သာသာပဲ၊ ရှဲ့မိသားစုက သူလုပ်ခဲ့တဲ့ ကိစ္စတွေကို မသိပါဘူး”

[သူ ဘာလုပ်ခဲ့တယ်ဆိုတာကို မသိဘူးဟုတ်လား]

[ရှဲ့မိသားစုကတောင် ကြီးမြတ်သူမင်ဟွားအတွက် နောက်က လိုက်မရှင်းပေးခဲ့ဘူးဆိုရင် သူက နှစ်တစ်ထောင်ထိအောင် ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ပြီး ဒီနှစ်တစ်ထောင်အတွင်းမှာ မရေမတွက်နိုင်တဲ့ မကောင်းမှုကို ကျူးလွန်နိုင်မှာတဲ့လား]

[ရှဲ့မိသားစုအတွက်တော့ အတိဒုက္ခကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကြီးမြတ်သူတစ်ယောက်ရဲ့ အကာအကွယ်က အရေးအကြီးဆုံးအရာပဲလေ။ ဒါက ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူ နည်းနည်းပါးပါးကို စွန့်လွှတ်လိုက်တယ်လို့ ထင်ထားတာပဲ မဟုတ်လား။ သူတို့ရဲ့မျက်လုံးထဲမှာဒါက သိပ်ကောင်းတဲ့ကိစ္စတစ်ခုပဲ]

[ဘာပဲဖြစ်ဖြစ်ပါ ရှဲ့မိသားစုက ကျင့်ကြံရေးလောကထဲက ဂိုဏ်းတွေနဲ့မိသားစုတွေကို အမြဲတမ်း အထင်သေးခဲ့တာပဲ]

အပြင်လောကကလာတဲ့အသံ ပျောက်သွားပြီးချက်ချင်းမှာပဲ ရုတ်တရက်ဆိုသလို မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဆီကနေ မဆုံးနိူင်တဲ့လူသတ်လိုတဲ့ပြင်းပြစိတ်တွေ ပေါ်ထွက်လာခဲ့တယ်။

ရှဲ့ယွင်ပေါ်ရဲ့မျက်နှာကလည်း ဖြူဆုတ်သွားပြီး သူက ခြောက်ကပ်ကပ်လေသံနဲ့ ပြောလိုက်တယ်။

“အားလုံးပဲ ကျုပ်ကို ရှင်းပြခွင့်ပေးပါ။ ရှဲ့မိသားစုက တကယ်တမ်းကျတော့....”

[ကျွတ် ကျွတ် မကောင်းတဲ့ကိစ္စလုပ်ခဲ့တာက ဒီကြီးမြတ်သူမင်ဟွား တစ်ယောက်ထဲမှ မဟုတ်ဘဲ။ ကြီးမြတ်သူမင်ဟွားကို ကျင့်ကြံသူတွေ ကူပြီးသတ်ဖြတ်ပေးခဲ့တဲ့ ရှဲ့မိသားစုကလည်း ဘယ်လိုဖြစ်ပြီး လူကောင်းတွေဖြစ်နိုင်မှာလဲ]

[ရှဲ့မိသားစုက ပြစ်မှုအများကြီးမှာ တကယ်ပဲအပြစ်ရှိခဲ့တယ်။ ရှဲ့မိသားစုအတွက် အရေးမပါလှတဲ့ အဆင့်ခြောက် ဝိညာဥ်စွမ်းအင်သစ်ပင်အတွက် သူတို့တွေက ဒီဝိညာဥ်စွမ်းအင်သစ်ပင်ကို ပိုင်ဆိုင်တဲ့ ကျန်းမိသားစုတစ်ခုလုံးကို ချက်ချင်းသတ်ဖြတ်ခဲ့ပြီး ကျန်းမိသားစုမှာ ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောသွေးသားကိုလည်း ဆယ်စုနှစ်ကြာတဲ့အထိ လိုက်ပြီးသတ်ပစ်ခဲ့တယ်လေ]

...

All Chapters