အခန်း ၉၅
Vol. 7 Ch. 95
အပိုင်း(၉၅)
စူးလီက ဝဲဖြစ်နေတဲ့ မဲညစ်နေတဲ့သွေးအိုင်ကြီးကို ကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကျုံ့လိုက်တယ်။
သူမက ကောင်းကင်တာအိုတစ်ယောက်ဆိုတော့ သွေးအိုင်ကြီးက သူမကို လုံးဝထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီစေးကပ်ကပ် မှိုင်းညို့ပြီး မိစ္ဆာဆန်တဲ့ခံစားချက်က သူမကို အမှတ်တမဲ့ တွန်းလှန်နေအောင် ခံစားရစေတယ်။
ရှဲ့ချီယွမ်က ဒီနေရာမှာ နှစ်ပေါင်းနှစ်ထောင်တောင် ချုပ်နှောင်ခံထားရတာတဲ့လား။
သူမက ခေါင်းမော့လိုက်ပြီး အားလုံးကို ဝါးမျိုတော့မယောင် ဖြစ်နေတဲ့ သွေးပင်လယ်ကိုဖြတ်ပြီး သွေးအိုင်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းအထိ ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်တယ်။
ဟန်နင်တောင်ပေါ်က သံကြိုးတွေ ခတ်ထားတဲ့ပုံရိပ်ကြီးကို မြင်လိုက်ရတဲ့အခါ သူမရဲ့မျက်လုံးတွေက မသိမသာ အေးခဲသွားခဲ့တယ်။
အဲဒီပုံရိပ်က သွေးတွေနဲ့ စွန်းထင်းနေတာတောင် သူ့မှာ သန့်စင်ပြီး တခြားလောကက အငွေ့အသက်တစ်ခု ရှိနေသေးတယ်။ နှစ်တစ်ထောင်လောက် သွေးအိုင်တစ်ခုထဲမှာ အကျဥ်းကျ ခံထားရတဲ့အတွေ့အကြုံက သူ့ကို သွေးသံရဲရဲ ဆိုးညစ်မှုတစ်ခုအသွင် ဖြစ်နေစေတယ်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက မသေမျိုးစွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး မိစ္ဆာစွမ်းအင်တွေ ရောယှက်နေတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်သွေးအိုင်ရဲ့ လွှမ်းမိုးမှုအောက်မှာ မိစ္ဆာစွမ်းအင်တွေကလည်း သူ့ခန္ဓာကိုယ်ထဲက မသေမျိုးစွမ်းအင်တွေအားလုံးကို မြန်မြန်ဆန်ဆန် ဝါးမျိုပြစ်နိုင်သယောင်ပဲ။
စူးလီက ရှဲ့ချီယွမ်ရဲ့ပုံရိပ်ကို ကြည့်လိုက်မိပြီး မှိုင်မှိုင်တွေတွေနဲ့ မျက်တောင်ခတ်မိလိုက်တယ်။
ကျင့်ကြံရေးလောကထဲမှာ အလှတရားက ဒုက္ခတစ်မျိုးပဲလို့ သူမကို သက်ပြင်းချအောင်လုပ်နိုင်တဲ့သူ ကျင့်ကြံသူနှစ်ယောက်ပဲ ရှိတယ်။
တစ်ယောက်က အမျိုးသမီးတစ်ယောက်လို ဝတ်စားလိုက်ရင် ကိုယ့်ဟာကို သတိမထားမိလောက်အောင် စွဲမက်ဖွယ် အလှတရားတစ်ခု ပိုင်ဆိုင်ထားတဲ့ ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးပေါ့။ နောက်တစ်ယောက်ကတော့ သူမရှေ့ကလူပဲ။
သူ့မှာ အင်မတန်မှ ချောမောတဲ့ မျက်နှာတစ်ခု ရှိနေတာပဲ။ နာကျင်မှုကြောင့် ထင်တယ်။ သူ့မျက်ခုံးတွေက မသိမသာလေး တွန့်ချိုးနေတယ်။ သူ့ရဲ့ဖြူဖျော့နေတဲ့ အသားအရည်နဲ့ တင်းနေအောင် စေ့ထားတဲ့ နှုတ်ခမ်းတွေက နာမကျန်းဖြစ်နေတဲ့ အလှလေးတစ်ယောက်နဲ့ ဆင်တူနေတယ်။
ဒါပေမဲ့ ပြိုလဲလုဆဲဆဲ သူ့ခန္ဓာကိုယ်အတွင်းမှာတော့ သူက လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သယောင် စွမ်းအင်တစ်ခုကို သယ်ဆောင်ထားတယ်။
သူက မျက်လုံးတွေကို မှိတ်ထားပြီး သူ့ဝိညာဥ်စွမ်းအင်တွေက ကုန်ခမ်းသွားတာတောင် ဘယ်သူကမှ သူ့ကိုလျော့မတွက်ရဲဘူး။
ပိုပြီးတော့ အံ့သြစရာကောင်းတာက နှစ်ထောင်ချီအောင် သူ့ခန္ဓာကိုယ်ထဲမှာ စုစည်းထားတဲ့ အရောင်အဝါတစ်ခုပဲ။ တည်ငြိမ်သလို ရူးသွပ်တယ်။ ဝိရောဓိ ဖြစ်နေပေမဲ့လည်း ထက်မြက်တယ်။ နှစ်ထောင်ချီအောင် သန့်စင်ရာဘုံတစ်ခုမှာ သန့်စင်ပေးထားတဲ့ မြင့်မြတ်လက်နက်တစ်ခုလိုပဲ။ အန္တရယ်ကင်းတယ် ထင်ရပေမဲ့ သူ့ပတ်ဝန်းကျင်က အရာအားလုံးကို ပြာချပစ်နိုင်တယ်။
သူရဲ့တုန်ယင်ပြီး အမာရွတ်တွေ ပြည့်နေတဲ့ခန္ဓာကိုယ်မှာတော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က အသက်ရှင်နေထိုင်ခဲ့တဲ့ ပါရမီရှင်လေးတစ်ယောက်လို တောက်ပတဲ့အရိပ်တစ်ခုကို မသဲမကွဲ မြင်နေရတယ်။
စူးလီက သူ့ရဲ့ပုံရိပ်ကို ကြည့်ရင်း ခဏလောက် တုံ့ဆိုင်းသွားပြီ အကြည့်လွှဲလိုက်တယ်။ သူရဲ့လက်ရှိ အခြေအနေကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမကမနေနိုင်ဘဲ မျက်မှောင် အနည်းငယ် ကျုံ့မိသွားတယ်။
ရှဲ့ချီယွမ်က သွေးအိုင်ထဲမှာ ဒူးတစ်ဝက်ထောက်ထားပြီး ဝိညာဥ်ဓားသွားတွေရှိနေတဲ့ သွေးရေအိုင်က သူ့ခန္ဓာကိုယ်ကို တစ်စတစ်စ ပြတ်ရှအောင်လုပ်နေတယ်။ ဒါပေမဲ့လည်း သူ့ဒဏ်ရာတွေက သူရဲ့လေဟာနယ် ဖြိုခွဲခြင်း ကျင့်ကြံခြင်းအဆင့်ရဲ့ အကျိုးသက်ရောက်မှုအောက်မှာ ချက်ချင်းဆိုသလို ပျောက်ကင်းသွားပြီး သွေးအိုင်ထဲကို ပေါင်းစည်းသွားတဲ့ ပြတ်တောင်းပြတ်တောင်း သွေးစလေးတွေသာ ကျန်ခဲ့တယ်။
ဒါက အဆက်မပြတ်ဖြစ်နေပြီး ဘယ်တော့မှမဆုံးနိုင်တဲ့ နှိပ်စက်မှုတစ်ခုလိုပဲ။
ဒါပေမဲ့ ဒါက သူ့ခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေကိုဖော်ပြဖို့ လုံးဝမတန်တဲ့အရာပဲ။
သူ့ခန္ဓာကိုယ်ရဲ့ မရင်ဒီယန် အားလုံးမှာ ဝိညာဥ်သတ်ဖြတ်ခြင်းအပ်တွေကို နက်နက်ရှိုင်းရှိုင်း စိုက်ထားတယ်။ အဆင့်ရှစ် ဝိညာဥ်လက်နက် ဒါဇင်ပေါင်းများစွာကလည်း သူ့ကျင်ကြံရေးကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတယ်။ သူ့ပခုံးကို ထိုးဖောက်နေတဲ့ သံကြိုးကြီးကလည်း နှစ်တစ်ထောင်သက်တမ်း ပြင်းထန်တဲ့ အအေးဓာတ်တစ်ခုကို သယ်ဆောင်ထားပြီး သူ့ခန္ဓာကိုယ်ကို အလိုလိုကုသခြင်း မလုပ်နိုင်အောင် ဖြစ်နေစေတယ်။ သူ့ခမျာ သူ့ခန္ဓာကိုယ်ထဲက သွေးတွေကို သွေးအိုင်ထဲကို တစ်စက် တစ်စက်ချင်း စီးကျနေတာကို ခွင့်ပြုထားဖို့ပဲ တတ်နိုင်တယ်။
ဒါပေမဲ့ ခန္ဓာကိုယ်ထဲက နာကျင်မှုက လူတစ်ယောက်ရဲ့စိတ်ဝိညာဥ် ဆယ်ပုံတစ်ပုံကို ဖျက်ဆီးခံလိုက်ရတဲ့ နာကျင်မှုနဲ့ ယှဉ်နိုင်မှာလဲ။
စူးလီက ရှဲ့ချီယွမ်ရဲ့ဝိညာဥ်ကို ထိုးဖောက်ထားတဲ့ ဝိညာဥ်ဖမ်းချုပ်ခြင်း သံကြိုးအခုတစ်ရာနီးပါးကို ကြည့်လိုက်ပြီး မလိုလားမိတဲ့ ခံစားချက်နဲ့ သူမရဲ့ မျက်လုံးတွေကို ပိတ်ထားလိုက်တယ်။
သူမ သွေးရေအိုင်ထဲကို မလာခင်တုန်းက စိုးရိမ်မိတာက နှစ်ပေါင်းနှစ်ထောင်လောက် ဒီနေရာမှာ အကျဥ်းချခြင်းခံထားရတဲ့ ရှဲ့ချီယွမ်က စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုတွေဖြစ်သွားပြီး လူ့အဖွဲ့အစည်းကို လက်စားချေမဲ့အတွေးတွေပဲ ရှိတော့မယ်လို့ ထင်ထားခဲ့တာ။
တကယ်လို့ သူ့မှာ ဒီလိုစိတ်ကူးတစ်ခု ရှိခဲ့တယ်ဆိုရင် သူမက လှည့်ထွက်သွားပြီး သူ့ကို ဒီရာမှာပဲ ကိုယ့်အားကိုယ်ကိုးခိုင်းပြီး ထားခဲ့လို့ရတယ် မဟုတ်လား။
ဒါပေမဲ့ အခုကျတော့...
ထားလိုက်ပါတော့လေ။ ဒီလိုဒုက္ခတွေ တွေ့ကြုံရပြီးတဲ့နောက်မှာ လူတစ်ယောက်ကို ကြင်နာ သိမ်မွေ့ပြီး သဘောထားကြီးဖို့ ဘယ်လိုလုပ်ပြီး မျှော်လင့်လို့ရနိုင်မှာလဲ။
ဒါက လူသားတွေကို အန္တရယ်မပြုဘူးဆိုရင်တော့...
နောက်ဆုံး သူမက ကောင်းကင်တာအိုပဲ။ အလွန်ဆုံး သူမက သူတို့တွေကို ကယ်တင်ပြီးရင် လူတွေကို စောင့်ကြည့်ဖို့ တိမ်လွှာကြေးမုံကို အသုံးပြုလို့ရသားပဲ။
ဒီလိုစဥ်းစားလိုက်ပြီး စူးလီက သူမမျက်လုံးတွေကို ပိတ်လိုက်ကာ သွေးအိုင်ရဲ့အနက်ဆုံး အပိုင်းကို တစ်လှမ်းချင်း လျှောက်သွားလိုက်တော့တယ်။
ရက်စက်ကြမ်းကြုတ်လှတဲ့ သွေးရေအိုင်ကြီးက သူမရဲ့ခြေထောက်အောက်မှာ ရန်လိုခြင်း အရိပ်အယောင် တစ်ခုမှမရှိဘဲ ငြိမ်သက်သွားပြီး သူမ ခြေလှမ်းလိုက်တဲ့ နေရာတိုင်းမှာ တလေးတစားနဲ့ ခယဝပ်တွားလာခဲ့တယ်။ သူမရဲ့ခြေဖျားက သွေးရေအိုင်ထဲက ထွက်သွားတဲ့အချိန်မှာတော့ အနည်းငယ် စင်ထွက်သွားတဲ့သွေးက သွေးရောင်ပန်းတစ်ပွင့်အဖြစ် မြောက်တက်သွားပြီး နောက်တစ်က္ကန့်မှာတော့ သွေးအိုင်ထဲကို ပြန်ရောက်သွားတယ်။
ရှဲ့ချီယွမ်က သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိန်မှာ သူ မြင်တွေ့လိုက်တဲ့အရာက သွေးရေအိုင်က လက်မြှောက် အရှုံးပေးလိုက်ကြပြီး စူးလီက သွေးပေါ်မှာ လမ်းလျှောက်နေတဲ့ မြင်ကွင်းတစ်ခုပဲ။
သူက ရှဲ့မိသားစုဝင်တစ်ယောက်လား။
နှစ်ပေါင်းနှစ်ထောင်လုံးလုံး သူ့ကို သူမရဲ့ကိုယ်ပိုင်လက်တွေနဲ့ သွေးရေအိုင်ထဲကို ပို့ခဲ့တဲ့ သူ့အမေကလွဲရင် ဒီနေရာကို ဘယ်သူမှ ခြေမချခဲ့ဖူးဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဒီနေရာကို ခြေတစ်လှမ်းချတာနဲ့ သူတို့ရဲ့အသက်တွေက သူ့လက်ထဲကို ရောက်သွားလို့ပဲ။
ရှဲ့ချီယွမ်ရဲ့မျက်လုံးတွေက မှင်ရည်လိုမဲနက်နေပြီး သူ့မျက်လုံးထဲမှာလည်း ပုန်းကွယ်နေတဲ့ နက်ရှိုင်းတဲ့ ဒေါသတစ်ခု ရှိနေတယ်။ သူ့ပတ်ဝန်းကျင်က အရာအားလုံးကို ဝါးမျိုပြစ်နိုင်သယောင်ထင်ရတဲ့ ဒေါသတစ်ခုပဲ။
သွေးရေအိုင်ထဲမှာ သွေးစက်တွေက တစ်စက်ပြီး တစ်စက် တိတ်တိတ်ကလေး လွင့်ပျံသွားပြီး ရောက်လာသူရဲ့အသက်ကို အချိန်မရွေး စုတ်ဖြဲပြစ်နိုင်တဲ့ နီရဲရဲမျက်ရည်တွေလိုပဲ။
စူးလီက လွင့်ပျံလာတဲ့ သွေးစက်တွေကို လုံးဝဂရုမစိုက်လေဘူး။ သူမက ရှဲ့ချီယွမ်ရဲ့ရှေ့မှာ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လာပြီး ရပ်လိုက်တယ်။
သူမက အလင်းရောင်တစ်စက်ကလေးမှ မရှိဘဲ အသူရာချောက်လို မဲနက်နေတဲ့ သူ့မျက်လုံးတွေကို ကြည့်လိုက်ပြီး အသာအယာ မျက်တောင်ခတ်လိုက်တယ်။ သူ့မရဲ့အသံထဲမှာ ချိတုံချတုံဖြစ်နေတဲ့ ခံစားချက်တစ်ခု ပါနေတယ်။
"ရှဲ့ချီယွမ် ရှင် လောကကြီးကို ဖျက်ဆီးပစ်ချင်သလား"
မေးခွန်းကို မေးလိုက်ပြီးနောက်မှာပဲ ရုတ်တရက်ဆိုသလို တစ်ခုခုမှားနေမှန်း သိလိုက်တယ်။ ဒီမေးခွန်းက အရမ်းကို ဦးဆောင်နေတဲ့မေးခွန်း မဟုတ်လား။
ဒီလိုစဥ်းစားလိုက်ပြီး သူမက ရှေ့ကိုအနည်းငယ် ကိုင်းလိုက်ကာ
"ထားလိုက်ပါလေ မေးခွန်းပြောင်းလိုက်မယ်"
သူမက သူ့မျက်လုံးထဲကို စိုက်ကြည့်လိုက်ပြီး လေးလေးနက်နက်နဲ့ မေးလိုက်တယ်။
"ကျွန်မရဲ့လက်တွေနဲ့ ရှဲ့မိသားစုကို ဖျက်ဆီးပြီး ရှင့်ဒေါသတွေ ဖွင့်ချလို့ရအောင် လုပ်ပေးလို့ရမလား"
ရှဲ့ချီယွမ်က သူမရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ သူ့မျက်လုံးထဲမှာ လုံးဝ ယိမ်းယိုင်သွားတာမျိုး မရှိခဲ့ဘူး။
ရှဲ့မိသားစုရဲ့ပျက်စီးခြင်းက သူ့အတွက်တော့ သေချာနေတဲ့ အချက်တစ်ခုပဲ။ သူ့စိတ်ဝင်စားမှုကို တကယ်တမ်း နိုးဆွနေတဲ့အရာက သူမရဲ့သရုပ်မှန်ပဲ။
သူမက ရှဲ့မိသားစုဝင်တစ်ယောက် မဟုတ်ဘူး။
သွေးရေအိုင်ထဲက ချုပ်တည်းမှုတွေကို လျစ်လျူရှိထားပြီး လွတ်လွတ်လပ်လပ်ဝင်ထွက်နိုင်တယ်။ ဒီလိုလူမျိုးကသွေးရေအိုင်ထဲကို ဝင်လာပြီး ဘာလုပ်ချင်တာလဲ။
သူရဲ့နောက်ဆုံး သွေးအစက်တိုင်းကို ညှစ်ထုတ်ပြီးမှ သူ့ကို ကျေးဇူးတင်ချင်နေတာလား။
သူ့စိတ်က လှုပ်ရှားသွားတာနဲ့အမျှ လေထဲက သွေးစက်တွေကလည်း ခရမ်းနီရောင် အရောင်တစ်ခု ပြောင်းလဲသွားခဲ့တယ်။ သူက သူ့ဝိညာဥ်စွမ်းအားကို အချိန်ခဏလေးပဲ အသုံးချလိုက်ပေမဲ့ မဆုံးနိုင်တဲ့နာကျင်မှုက ရုတ်တရက် ဆိုသလို သူ့ရင်ထဲမှာ လှုပ်ခတ်လာခဲ့တယ်။
ရှဲ့မိသားစုက သူ့ကို ခံစားချက်မရှိ ဘာမှမစဥ်းစားတတ်ဘဲ သူ့ကို မိသားစုအတွက် အထောက်အပံ့တစ်ခုသာ ဖြစ်စေနိုင်တဲ့ လက်နက်တစ်ခု ဖြစ်လာစေချင်တယ်။
ရှဲ့ချီယွမ်က အပိုင်းပိုင်းအစဖြစ်အောင် စုတ်ဖြဲခံနေရတဲ့ သူ့ဝိညာဥ်ရဲ့နာကျင်မှုကို တည်တည်ငြိမ်ငြိမ် သည်းခံနေလိုက်တယ်။ နှစ်ပေါင်းနှစ်ထောင် ကြာပြီးသွားတဲ့နောက်မှာ ဒီနာကျင်မှုက သူ့အတွက်တော့ အကျင့်တစ်ခုလို့ ဖြစ်လာခဲ့တယ်။
ခရမ်းနီရောင်သွေးစက်တွေက လူနှစ်ယောက်ဆီကို ဖြည်းဖြည်းချင်း ရွေ့လာတယ်။ ဒါက အင်မတန်မှ အန္တရာယ်များတယ်ဆိုပေမဲ့လည်း နှေးကွေးတယ်ဆိုရုံလောက်ပဲ။
နှေးလိုက်တာမှ သူ့ရှေ့ကလူအတွက် သွေးရေအိုင်ထဲကနေ ထွက်သွားပြီး သေမင်း ရောက်မလာခင်မှာဘဲ သူ့ကို ချန်ခဲ့နိုင်တဲ့အထိ နှေးကွေးနေတယ်။
ဒါပေမဲ့ သူ့ရှေ့ကလူကတော့ လုံးဝကို နောက်ဆုတ်မသွားဘူး။ ဒါပေမဲ့ အဲဒီအစား ရှေ့တစ်လှမ်းတိုးလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ သူ့နဖူးကို အသာအယာ လေးပွတ်သပ်လိုက်တယ်။
နွေးထွေးပြီး မှိန်ဖျတဲ့အလင်းရောင်တစ်ခု လင်းလက်လာပြီး နောက်တစ်စက္ကန့်မှာတော့ နှစ်ထောင်ချီအောင် ကြာမြင့်လာပြီဖြစ်တဲ့ သူ့ဝိညာဥ်ကို ချုပ်နှောင်ထားတဲ့အရာက ပျောက်ကွယ်သွားတယ်။
ဒါက အနာပေးပြီး ဆေးပေးမှာတော့ မဟုတ်ပါဘူးနော်။
ရှဲ့ချီယွမ်က နှစ်ပေါင်းနှစ်ထောင်လုံးလုံး လုံးဝမခံစားဘူးရတဲ့ အေးချမ်းသွားတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူ့မျက်လုံးထဲမှာလည်း အံ့သြရိပ်တစ်ခု ပေါ်လာတယ်။
သူက ခေါင်းကိုမော့လိုက်ပြီး သူရှေ့က ရုပ်ပုံလွှာကို အားတက်သရော ကြည့်လိုက်တယ်။ သူမက မြူတစ်မှုန်တောင် စွန်းထင်းခြင်းမရှိတဲ့ မျက်လုံးအစုံတစ်ခု ပိုင်ဆိုင်ထားတာပဲ။
အဲဒီမျက်ဝန်းတွေက အရမ်းကို ကြည်လင်လွန်းလို့ သူ့စိတ်ဝိညာဥ်ထဲက ညစ်နွမ်းနေတဲ့ အရာအားလုံးကို ပြန်မြင်နိုင်လောက်အောင် ကြည်လင်နေတယ်။
သူ့အသံက အနည်းငယ် တိုးညင်းနေပြီး တိမ်ဝင်နေတယ်။
"မင်း ဘယ်သူလဲ"
စူးလီက သံကြိုးတွေ မပါတာတောင်မှ ကွဲအက်မှုအပြည့်ဖြစ်နေတဲ့ ချီယွမ်ရဲ့ဝိညာဥ်ကို ကြည့်လိုက်ပြီး သိုလှောင်အိတ်ကိုဖွင့်ရင်း သူမက သူ့အဖြေကို အေးအေးဆေးဆေး ပြန်ဖြေလိုက်တယ်။
"ကျွန်မလား "
သူမက သူ့နှုတ်ခမ်းဝအထိ ရွက်လွှာကိုးခု ဝိညာဥ်စွမ်းအင် သစ်ပင်တစ်ပင်ကို လှမ်းပေးလိုက်ပြီး ပျင်းရိလေးတွဲတဲ့အသံနဲ့ ပြောလိုက်တယ်။
"တခြားသူတွေကို မကြာခဏဆိုသလို လိုလိုလားလား ကူညီပေးချင်နေတဲ့ လူကောင်းတစ်ယောက်ပေါ့"
ရှဲ့ချီယွမ်က သူ့နှုတ်ခမ်းပေါ်က နတ်ဆေးပင်ကို ကြည့်လိုက်ပြီး ဆက်တိုက်လှိုက်တက်နေတဲ့ သူ့မျက်လုံးထဲက မှင်ရည်တွေက နောက်ဆုံးတော့ မှေးမှိန်သွားခဲ့တယ်။
ဒီလောကမှာ အကြောင်းမရှိဘဲနဲ့ စေတနာပိုတယ်ဆိုတာ လုံးဝမရှိဘူး။
အခုတော့ သူ့မှာ ဘာရှိနေလို့များ ဒီမှော်ဆေးပင်နဲ့ နှိုင်းယှဥ်ရတာလဲ။ မသေမျိုးတစ်ဝက် ဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်ရဲ့ ဝိညာဥ်စွမ်းအင် အရိုးကြောင့်လား။ ဒါမှမဟုတ် သူ့ရဲ့ ပြန်လည်ကောင်းမွန်သွားတဲ့ဝိညာဥ် ကြောင့်လား။
"မင်း ဘာလိုချင်တာလဲ"
စူးလီက သူ့မေးခွန်းကို ကြားလိုက်တဲ့အခါ ထပ်ပြီးအချိန် မဖြုန်းချင်တော့ဘဲ ရွက်လွှာကိုးခု ဝိညာဥ်ဆေးပင်ကို သူ့ပါးစပ်ထဲ ဒီအတိုင်းထိုးထည့်ပြီး ပြောလိုက်တယ်။
"မြန်မြန်စားလိုက်"
သူက ဆေးပင်ကို စားလိုက်ပြီးတာကို မြင်လိုက်တဲ့အခါ သူမရဲ့အကြည့်ကို သူ့ပခုံးပေါ်က သံကြိုးတွေဆီ ပြောင်းထားလိုက်တယ်။ ဘယ်တော့မှ ခဲမသွားနိုင်တဲ့ သံကြိုးပေါ်က သွေးစတွေကိုကြည့်ရင်း သူမက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။
"ရှဲ့မိသားစုကို ဒီအတိုင်းဖျက်ဆီးလိုက်ဖို့က သူတို့တွေအတွက် အရမ်းလွယ်ကူနေတယ် မဟုတ်ဘူးလား "
ရှဲ့ချီယွမ်က သူ့ပါးစပ်ထဲက ဝိညာဥ်ဆေးပင်တွေရဲ့ အာနိသင်ကို မစုပ်ယူရသေးခင်မှာဘဲ စူးလီရဲ့မေးခွန်းကို ကြားလိုက်တယ်။
သူက အခိုက်တန့် မှင်တက်အံ့သြသွားပြီး သူ့ပခုံးနှစ်ဖက်စလုံးက စူးရှတဲ့နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ သူ့ကို ချုပ်နှောင်ထားခဲ့တဲ့သံကြိုးတွေက ကောင်းကင်အပြည့် ငွေရောင်အလင်းတန်းတစ်ခု ပြောင်းလဲသွားပြီး နေရာမှာတင် ပျောက်ကွယ်သွားခဲ့တယ်။
သူက တစ်ခုခုကို နားလည်သွားတဲ့ပုံပါပဲ။ အဲဒီအခိုက်တန့်လေးမှာ သူနှလုံးသားက မသိမသာ လှုပ်ရှားသွားခဲ့တယ်။
သူမက သူနာကျင်မှာကို စိုးရိမ်နေခဲ့တာလား။
ဒီလိုနာကျင်မှုမျိုးဆိုတာ ဘာမှတောင် မဟုတ်ပါဘူး။ သူ့အတွက် ပူပန်ဖို့တောင် မထိုက်တန်ဘူး။
စူးလီက သူမရှေ့ကလူရဲ့ ရှုပ်ထွေးနေတဲ့ အကြည့်ကို လုံးဝ ဂရုမစိုက်လေဘူး။ သူမက ရှဲ့အိမ်တော်အထက်က လေထဲမှာပျံသန်းနေတဲ့ ဝမ့်ကျန့်ဂိုဏ်းရဲ့ လှေပျံကြီးအကြောင်းကို စဥ်းစားလိုက်ပြီး တွေဝေမနေဘဲ သူမရဲ့သိုလှောင်အိတ်ထဲက ဒဏ်ရာကုသတဲ့ မှော်ရတနာနဲ့ ဆေးလုံးတစ်ထုပ်ကို ဆွဲထုတ်လိုက်တယ်။
အဲဒီနောက်မှာတော့သူမက အိတ်ကို ရှဲ့ချီယွမ်ရဲ့လက်ထဲ ကျွမ်းကျွမ်းကျင်ကျင် ထိုးထည့်ပေးလိုက်ပြီး
"ဒါတွေက လုံလောက်လောက်ပါတယ်"
ရှဲ့ချီယွမ်က ဆေးအိတ်ကို လှမ်းမဖမ်းလိုက်ဘူး။ သူက ဒီအတိုင်း စူးလီကို ခေါင်းမာမာနဲ့ ကြည့်နေလိုက်ပြီး မရေမတွက်နိုင်တဲ့ ဝိညာဥ်ရတနာတွေ ကြမ်းပြင်ပေါ်ကျသွားတာကိုပဲ လွှတ်ထားလိုက်တယ်။
သူက ရှဲ့မိသားစုရဲ့ မရေမတွက်နိုင်တဲ့ မိသားစုဝင်တွေအတွက် ရှဲ့မိသားစုကို ဂူသင်္ချိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားအောင် နှစ်တစ်ထောင်လုံး ဖြည်းဖြည်းချင်းဆီ သူရဲ့နည်းလမ်းတွေ အားလုံးသုံးပြီး လုပ်သွားနိုင်တယ်။ ဒါမှမဟုတ်လည်း သူက လောဘကြီးကာ ရက်စက်နိုင်ပြီး ဒီလူတွေအားလုံးကို အရာအားလုံး ဆုံးရှုံးသွားအောင် လုပ်ပစ်နိုင်တယ်။
ဒါပေမဲ့ အခုတော့ သူ့ရှေ့က လူရဲ့လှုပ်ရှားနေတဲ့ ဟန်အမူအရာကို ကြည့်ပြီး သူမက ဘာလိုချင်တယ်ဆိုတာကို နားမလည်နိုင်ဘူး။
ဒီဝိညာဥ်ရတနာတွေအားလုံး သုံးလို့ရလာအောင် သူမအတွက် သူ့မှာ ဘာတန်ဖိုးရှိတာများ ရှိနေလို့လဲ။ စူးလီက သူ့အမူအရာကိုတောင် လှည့်မကြည့်မိဘူး။ သူမက အလောတကြီး အပြုအမူနဲ့ ရှဲ့ချီယွမ်ရဲ့ ခန္ဓာကိုယ်ပေါ်က မရေမတွက်နိုင်တဲ့ အမာရွတ်တွေကို လှမ်းကြည့်လိုက်ပြီး ခဏရပ်သွားကာ ခန္ဓာကိုယ်ကို အားပြန်ဖြည့်ပေးနိုင်တဲ့ ဝိညာဥ်ဆေးပင်တွေကို ဆွဲထုတ်လိုက်တယ်။
ဒါက သိုလှောင်အိတ်ကြီးကို နေရာလွတ်အောင်လုပ်ဖို့ တကယ့်ကို ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုပဲ။
သူမက လွတ်သွားတဲ့နေရာထဲမှာ ဘယ်လို ဝိညာဥ်အစားအသောက်တွေကို ထည့်ရမလဲဆိုတာကိုတောင် စဥ်းစားနေပြီလေ။
သူမမှာ သိုလှောင်စွမ်းအင် အကောင်းဆုံးရှိပြီး လတ်ဆတ်နေအောင် ထိန်းသိမ်းထားနိုင်တဲ့ အာနိသင်ရှိတဲ့ သိုလှောင်အိတ်က ဒီတစ်ခုပဲရှိတာ။ အိတ်ထဲမှာ ဝိညာဥ်စွမ်းအင် အစားအသောက်တွေကို သိုလှောင်ထားတာက ပထမဆုံးလုပ်ခဲ့တဲ့ အချိန်ကထက်တောင် ပိုပြီးတော့အရသာ ရှိနိုင်သေးတယ်။
အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီအထဲမှာ ဝင်ရောက်နိုင်ဖို့ ရှားရှားပါးပါး ဝိညာဥ်ရတနာတွေ အများကြီးက ယှဥ်ပြိုင်နေလိမ့်မှာ မဟုတ်ဘူးလေ။
ရှဲ့ချီယွမ်ရဲ့ ပတ်ဝန်းကျင်မှာ ဝိညာဥ်ရတနာတွေ ပုံနေတာကို ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ စူးလီက တစ်ခုခုကို သတိရသွားသယောင် နောက်ကျမှပြောလိုက်တယ်။
"ဒါနဲ့ အခု ရှင့်မှာ ကျင့်ကြံရေးလောကကြီးကို ဖျက်ဆီးမဲ့စိတ်ကူးရှိလား"
ရှဲ့ချီယွမ်က မြေကြီးပေါ်က ဝိညာဥ်ရတနာတွေကိုတောင် လှည့်မကြည့်ဘူး။ သူက သူကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ သံသယလွန်ကဲတဲ့ အမူအရာတစ်ခုနဲ့ စူးလီကိုကြည့်လိုက်တယ်။
"တကယ်လို့ ရှိတယ်လို့ပြောရင်ရော"
ဒီစကားကို ကြားလိုက်ရတဲ့အခါ စူးလီက သူ့ကို ဘာမှမဖြစ်သလို လှမ်းကြည့်လိုက်ပြီးတဲ့နောက် အသေးငယ်ဆုံးသော နေရာလေးတစ်ခုပဲ ပေးရတဲ့ ဝိညာဥ်ဆေးပင်တွေကို ပြန်ယူထားလိုက်တယ်။
"အခုရော ကျန်သေးလား"
ရှဲ့ချီယွမ်က သူမရဲ့လှုပ်ရှားမှုတွေကို အားတက်သရော စောင့်ကြည်မိတယ်။ ဒါက သတိပေးတဲ့ပုံစံတစ်ခုနဲ့တောင် မတူဘူး။
သူ့မှာ လောကကြီးကို ဒုက္ခတွေ သယ်လာပေးနိုင်မယ်လို့ သူမက ထင်ခဲ့မယ်ဆိုရင် သူမက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူးတဲ့လား။
ကြည့်ရတာ သူမက သူ့ကို တကယ်ပဲ ကယ်တင်ချင်ခဲ့တဲ့ပုံပဲ။
စူးလီက သူ့ကိုပြန်မဖြေဘဲ ကြည့်လိုက်ရင်း အနည်းဆုံး နေရာလေးကို ဖြည့်ပေးနိုင်တဲ့ ဝိညာဥ်ရတနာတစ်ခုကို ပြန်ယူလိုက်တယ်။
"အခုရော"
ရှဲ့ချီယွမ်ရဲ့ နှုတ်ခမ်းတွေက လုံးဝကို မသိသာတဲ့အပြုံးတစ်ခု စွန်းထင်လာတယ်။ သူ့အသံကလည်း သက်ပြင်းချသံတစ်ခုလို ပေါ့ပါးနေတယ်။
"မရှိတော့ပါဘူး"
"ဒါက အိပ်မက်တစ်ခုများလား"
ဒါက လူတစ်ယောက် မသေခင်မှာ မက်ရတဲ့ အင်မတန်ကိုလှပတဲ့ အိပ်မက်တစ်ခုဆိုရင်တောင် တော်တော်လေး များနေပြီ။ ဒီထဲမှာ တစ်သက်လုံး နေသွားချင်စိတ်ဖြစ်အောင် လုပ်နေတယ်။
နှစ်နှစ်ထောင်လုံးလုံး ဒုက္ခတွေခံစားလာရတာက သူ့မျှော်လင့်ချက်အားလုံးကို ဖယ်ရှားပစ်ဖို့ လုံလောက်ပြီး အမှောင်ထုထဲမှာ တသက်လုံး နစ်မြှပ်သွားရတော့မယ်လို့ သူက ထင်ထားခဲ့တာဘဲ။
ဒါပေမဲ့ အခုကျတော့ သူက အလင်းတန်းလေးတစ်ခုကို တွေ့လိုက်ရသလိုပဲ။
သူ့အဖြေကို ပြန်ကြားလိုက်ရပြီးတဲ့နောက်မှာတော့ သူမရဲ့လက်ထဲက ပြန်ယူဖို့အသင့်ဖြစ်နေတဲ့ ဝိညာဥ်ဆေးပင်တွေကို ပြန်ချထားပေးလိုက်တယ်။
သူမက သူ့ကို ပျင်းပျင်းရိရိနဲ့ လက်ဝေ့ယမ်းလိုက်ပြပြီး
"ဒါဆိုရင်တော့ ရှင်က ရှင့်ဒဏ်ရာတွေကို သေချာလေး ဂရုစိုက်သင့်တယ်နော်"
"ဒါက မေးဖို့ရာ နည်းနည်းလေး ခက်ခဲတယ်ဆိုပေမဲ့ ရှင်က ကျင့်ကြံရေးလောကထဲမှာ ဘယ်သူကိုမှ အန္တရာယ် မပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ ကျွန်မမျှော်လင့်နေသေးတယ်"
စူးလီက ဖြည်းဖြည်းချင်း ပြန်ထွက်သွားရင်း သူမအသံထဲမှာတော့ အေးချမ်းမှုတစ်ခုပါနေတယ်။
"နောက်တစ်ခါ ကျွန်မတို့ပြန်တွေ့ကြရင် ရှင့်ဒဏ်ရာတွေအားလုံး ပြန်ကောင်းနေဖို့မျှော်လင့်တယ်"
ရှဲ့ချီယွမ်က တလှမ်းချင်းလှမ်းပြီး လျှောက်သွားတဲ့ သူမရဲ့ကျောပြင်ကို စောင့်ကြည့်နေမိတယ်။ သူက လက်ဝေ့ယမ်းလိုက်တဲ့အခါ သွေးရေအိုင်ထဲက သွေးတွေက နှစ်ဖက်စလုံးကို စီးထွက်သွားပြီး လမ်းကြောင်းတစ်ခု ပွင့်သွားရင်း မြက်ပင်နဲ့ သစ်ပင်တွေရဲ့ ကြည်လင်တဲ့ရနံ့တစ်ခုပါတဲ့ လမ်းလေးတစ်ခုကို ဖွင့်ပေးလိုက်တယ်။
ဒီလမ်းက သူ့ဝိညာဥ်စွမ်းအင်တွေ အားလုံးကို ခန်းခြောက်သွားစေတယ်ဆိုပေမဲ့ ဒါကပဲ သူက သူမကို ဖြေလိုက်တဲ့ အဖြေလည်းဖြစ်တယ်။
သူက သူမကို ခေါ်ထားလို့ မရဘူးဆိုတာ သိနေတယ်။ ဒါပေမဲ့ သူတို့တွေ ပြန်တွေ့လိမ့်မယ်လို့ သူမက ပြောသွားတယ်လေ။
...