← Chapters

အခန်း ၉၆

Vol. 7 Ch. 96

အခန်း ၉၆

Vol. 7 Ch. 96

အပိုင်း(၉၆)

စူးလီရဲ့ကျောပြင်က ထောင့်တစ်နေရာမှာ ပျောက်ကွယ်သွားတော့မဲ့အချိန်မှာ သူက အရမ်းကို ပေါ့ပါးတဲ့ လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

"မင်းက ဘယ်လို ရှဲ့မိသားစုမျိုးကို လိုချင်တာလဲ"

"ပျက်စီးသွားပြီး မတည်ရှိနိုင်တော့တဲ့ ရှဲ့မိသားစုလား၊ ဒါမှမဟုတ် အားလုံးက လူသားဝက်တွေ အသွင်ပြောင်းလဲသွားပြီး သူ့တို့စိတ်ဝိညာဥ် ဖျက်ဆီးခံလိုက်ရတဲ့ ရှဲ့မိသားစုလား ဒါမှမဟုတ်..."

"အင်း... မကောင်းတဲ့သူတွေကို အပြစ်ပေးပြီး လူတွေအားလုံးက လူကောင်းဖြစ်လာတဲ့ ရှဲ့မိသားစုတစ်ခုဆိုရင်ကော"

ရှဲ့ချီယွမ်က သူ့ရှေ့ကပျောက်သွားတဲ့ ပုံရိပ်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေမှာ အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီး နောက်ဆုံးတော့ အမှောင်ထုတွေဖုံးနေတဲ့ ယုံမှားသံသယ ပြင်းထန်မှုတွေက ရပ်တန့်သွားခဲ့တယ်။

"ကောင်းပြီ"

သူက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး နတ်ဆိုးစွမ်းအင်တွေ ထူထဲလွန်းနေလို့ အားလုံးကို ကြောက်ရွံ့နေအောင်လုပ်နေတဲ့ မဲနက်နေတဲ့ မှော်ပုတီးလုံးတစ်ခုက သူ့ရင်ဘတ်ပေါ်မှာ ပေါ်လာတယ်။

တစ်ခါတုန်းကတော့ ကျင့်ကြံရေးလောကတစ်ခုလုံးကို သူနဲ့တူတူ အဆုံးမရှိတဲ့ အမှောင်ထုထဲကို ဆွဲခေါ်သွားချင်ခဲ့ဖူးတယ်။ လက်တစ်ချက်အဝေ့မှာ မှော်ပုတီးလုံးက ရုတ်တရက်ဆိုသလို ပြာအဖြစ် ပြောင်းလဲသွားတယ်။

ဒါပေမဲ့ အခုတော့ သူ ဒါကိုထပ်ပြီး မလိုအပ်တော့ဘူး။

တစ်စုံတစ်ယောက်က သူ့ကိုလောကကြီးထဲ ပြန်ဆွဲခေါ်လာပေးခဲ့ပြီ။

စူးလီက သူ့မထွက်သွားပြီးတဲ့နောက်မှာ သွေးရေအိုင်ထဲမှာ ဖြစ်ပျက်သွားခဲ့တာကို မသိခဲ့ဘူး။ သူမက ဝမ့်ကျန့်ဂိုဏ်းရဲ့ လှေပေါ်ကို ပြန်ရောက်လာတာနဲ့ ချက်ချင်း ရှန်ချန်းဟန်ရဲ့ စိုးရိမ်တကြီး အကြည့်နဲ့ တွေ့ဆုံလိုက်ရတယ်။

နောက်ဆုံးတော့ စူးလီ ပြန်ရောက်လာတာကို မြင်လိုက်တဲ့အခါ သူမက စိတ်အေးသွားတဲ့အမူအရာနဲ့ သူမရဲ့အသံက အနည်းငယ် သတိလေးဖြစ်နေတယ်။

"ချန်ပေ့ ရှင် ခုနတုန်းက..."

ချန်ပေ့က ဘာတစ်ခုမှမပြောဘဲ ထွက်သွားပြီလို့ သူမ ထင်ထားခဲ့တာလေ။

စူးလီက ပျင်းပျင်းရိရိနဲ့ သမ်းဝေလိုက်ပြီး

"ရှုခင်းတွေကို သွားကြည့်တာ"

ရှန်ချန်းဟန်က အူကြောင်ကြောင်လေးနဲ့ ခေါင်းငုံကြည့်လိုက်တယ်။ သစ်တောတစ်ခုက လွဲပြီး သူမက တခြားဘာရှုခင်းကိုမှ မမြင်ရဘူးပဲ။

"ဒါဆိုရင် ချန်ပေ့ ရှုခင်းက လှလား"

သူ့မေးခွန်းကို ကြားလိုက်တဲ့အခါ စူးလီက ရုတ်တရက်ဆိုသလို သူမလို ကောင်းကင်တာအိုတစ်ယောက်ကို သဘောကျသွားအောင် လုပ်နိုင်တဲ့ ရှဲ့ချီယွမ်ရဲ့မျက်နှာကို ပြန်စဥ်းစားမိလိုက်တယ်။ သူမက ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီး နောက်ဆုံးမှာ အရိုးသားဆုံး ပြောလိုက်တယ်။

"လှတယ်"

ဒီအချိန်မှာပဲ ဂိုဏ်းကြီးအားလုံးနဲ့ မိသားစုတွေအားလုံးက သူတို့ဂိုဏ်းထဲက လူအရေအတွက်ကို ရေတွက်ပြီးသွားတော့တယ်။

ဒါက ဂိုဏ်းချုပ်တွေနဲ့ မိသားစုခေါင်းဆောင်တွေ အများကြီး အတူတူခရီးထွက်ရတဲ့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ။ နည်းနည်းပါးပါးလောက် နှုတ်ဆက်စကားပြောလို့အပြီးမှာ သူတို့တွေက ပျော်ပျော်ရွှင်ရွှင်နဲ့စပြီး စကားပြောကြတယ်။

ပထမဦးဆုံး စကားပြောလိုက်တဲ့သူကတော့ ကိုယ့်ဟာကို အရမ်းကို ကျေနပ်နေတဲ့ပုံပေါက်နေတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးပဲ။

ကောင်းကင်ကလာတဲ့အသံရဲ့ လွှမ်းမိုးမှုအောက်မှာ ဝမ့်ကျန့်ဂိုဏ်းက ဒီကာလအတွင်းမှာ ပေါများ ကြွယ်ဝလာခဲ့တယ်လေ။

သူက ဂိုဏ်းထဲက ပြဿနာတွေ အားလုံးကိုရှာဖွေတွေ့ရှိပြီး ဆိုးညစ်တဲ့စိတ်ထားတွေ ပိုင်ဆိုင်ထားတဲ့ မရေမတွက်နိုင်တဲ့လူတွေကို ဖမ်းမိခဲ့တဲ့အပြင် အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေကို နှစ်ရာချီအောင် စိတ်အနှောက်အယှက် ဖြစ်စေခဲ့တဲ့ ပြသာနာတွေ အများကြီးကိုလည်း ဖြေရှင်းနိုင်ခဲ့တယ်။

အဲ့ဒါတင် ဘယ်ကသေးမလဲ။ ဝမ့်ကျန့်ဂိုဏ်းရဲ့ ဂိုဒေါင်ဟာဆိုရင် အဲဒီအထင်ကရမိသားစုတွေရဲ့ လိုလိုလားလား ပေးကမ်းမှုအောက်မှာ သိုလှောင်အိတ်တွေက အကုန်ပြည့်နေပြီလေ။ အဟမ်း သူတို့တွေက အရင်တုန်းကလို ကြပ်ကြပ်တည်းတည်း ဘဝမျိုးနဲ့ နေစရာမလိုတော့ဘူးပေါ့။

ဒီလိုစဥ်းစားမိလိုက်တဲ့အခါ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက တခြားဂိုဏ်းချုပ်တွေကို ပြုံးပြလိုက်ပြီး ပြောလိုက်တယ်။

"ဂိုဏ်းချုပ်တွေ အားလုံးရော အခုတလော အခြေအနေ ကောင်းကြရဲ့လား"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ဘဝင်ခိုက်နေတဲ့ရုပ်ကို ကြည့်လိုက်ပြီး အကြောင်းအရင်းကို အလိုလို သိလိုက်တယ်။ သူကတော့ မနာလိုဘဲ မနေနိုင်တော့ပါဘူး။

"ကြည့်ရတာ ဝမ့်ကျန့်ဂိုဏ်းက ဒီတလောမှာ အရမ်းကို အဆင်ပြေနေတယ်နဲ့ တူတယ် ဂိုဏ်းချုပ်ကြီးချီက ပိုပြီးတော့ပွင့်လင်းတဲ့ စိတ်သဘောထားတစ်ခု ရှိလာတဲ့ပုံပဲ"

ဝမ့်ကျန့်ဂိုဏ်းချုပ်က နှိမ့်နှိမ့်ချချနဲ့ သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ကောင်းကင်ကြီးကို ယုံကြည်ကိုင်းရှိုင်းစွာနဲ့ ဖူးမြော်လိုက်တယ်။

"မဟုတ်ဘူး မဟုတ်ရပါဘူး၊ ဒါတွေအားလုံးက ကောင်းကင်တာအိုရဲ့ ကျေးဇူးကြောင့်ပါ။ ဝမ့်ကျန့်ဂိုဏ်းက အခက်ခဲတွေကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး ဒီလိုတိုးတက်မှုရခဲ့တာပဲ"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကတော့ သိပ်ကိုမနာလိုဖြစ်ရလွန်းလို့ မတတ်နိုင်ဘဲ အံ့ကြိတ်ထားလိုက်ရတော့တယ်။ သူရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူက အရှုံးမပေးနိုင်ဘူးဆိုတဲ့ မျက်နှာထားတစ်ခုနဲ့ မြှောက်ပ့င်နေတဲ့အမူအရာတစ်ခုနဲ့ ကောင်းကင်ကြီးကို ပြောလိုက်တယ်။

"အမှန်ပဲ ကောင်းကင်တာအိုရဲ့ ကျေးဇူးကြောင့်ပဲ ရွှင့်ချန်ဂိုဏ်းဟာဆိုရင် ကောင်းကင်တာအိုရဲ့ ချီးမြှောက်ခြင်းခံရပြီး လက်ရှိအခြေအနေကို ရောက်လာနိုင်တာပေါ့"

ကောင်းကင်တာအိုဆီကနေ အကျိုးကျေးဇူးတွေရခဲ့တဲ့ အထက်တန်းစားမိသားစု သခင်ကြီးတွေကလည်း တစ်ယောက်ပြီး တစ်ယောက်ထရပ်လာပြီး တစ်ယောက်ချင်းဆီက ကောင်းကင်တာအိုကို အားတက်သရော ချီးမွမ်းထောက်ခံကြတော့တယ်။

"အမှန်ပဲ ကောင်းကင်တာအိုက လုမိသားစုကို မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ညွန်ပြပေးတဲ့ ကျေးဇူးကြောင့် လုမိသားစုဟာဆိုရင် ပေါများကြွယ်ဝလာပြီး သူရဲ့အရင်တုန်းက ဂုဏ်အရောင်အဝါတွေကို ပြန်ပြီးရနိုင်နိုင်ခဲ့တာလေ"

"ဟုတ်တယ်"

သူတို့တွေက ကောင်းကင်ကလာတဲ့အသံနဲ့ ပတ်သက်ပြီး ဘာသတင်းမှ ပြောစရာမရှိဘူးဆိုပေမဲ့လည်း ဒါက ကိစ္စမရှိပါဘူး။ အပြင်လောကကလာတဲ့အသံက ကောင်းကင်တာအိုရဲ့တမန်တော်ပဲ။ နောက်ပြီး အပြင်လောကကလာတဲ့အသံက သူတို့မိသားစုတွေ၊ သူတို့ဂိုဏ်းတွေအတွက် ကောင်းကင်တာအိုရဲ့ ချစ်ခြင်းတရားတွေကို ကိုယ်စားပြုတယ်လေ။

ရလဒ်အနေနဲ့ အားလုံးက ကောင်းကင်တာအိုကို ချီးမွမ်းပြောဆိုကြတော့တယ်။ တစ်ချိန်ထဲမှာပဲ သူတို့တွေက ကောင်းကင်တာအိုရဲ့ ဘယ်လောက်တောင် ချစ်မြတ်နိုးပြီး မျက်နှာသာပေးခံရတယ်ဆိုတဲ့အကြောင်းကို ကြွားလုံး ဆက်ထုတ်ကြတော့တယ်။

တချို့လူတွေက ကောင်းကင်တာအိုအတွက် ကဗျာတွေ၊ သီချင်းတွေကိုတောင် ရေးစပ်ပေးလိုက်သေးတယ်။

ကောင်းကင်ကလာတဲ့အသံကို မကြားလိုက်ရတဲ့ အထက်တန်းစားမိသားစုတွေနဲ့ ဂိုဏ်းတွေက လူတွေကတော့ သူတို့ရဲ့မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ အကြည့်တစ်ခုဖြစ်နေပြီး ဒီလူတွေက ဘာကိုပြောချင်နေမှန်းမသိ ဖြစ်နေကြတယ်။

တကယ်လို့များ ငါတို့တွေက အခုအချိန်မှာ ကောင်းကင်တာအိုကို ချီးမွမ်းစကားပြောကြမယ်ဆိုရင် ကောင်းကင်တာအိုကရော ငါတို့တွေကို ချီးမြှောက်မှာတဲ့လား။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ ကောင်းကင်တာအိုဆိုတာ ဘက်မလိုက်ဘဲ အတ္တကင်းတဲ့သူလေ။ ဘယ်လိုဖြစ်ပြီး ဒီလို ချီးမြှောက်တဲ့စကားတွေနဲ့ စိတ်လှုပ်ရှားနိုင်ပါ့မလဲ။

သိပ်မဝေးလှတဲ့နေရာမှာ ကောင်းကင်တာအို စူးလီကလည်း သူမရဲ့မျက်နှာပေါ်မှာ သူတို့လိုပဲ နားမလည်နိုင်တဲ့ အကြည့်တစ်ခု ဖြစ်နေတယ်။

သူမ ဘာမှမလုပ်ခဲ့တာ သိသာပါတယ်။ ဒါပေမဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးလို လူတွေရဲ့ပါးစပ်ပေါ်မှာ သူမက သက်ရှိအားလုံးကို ချစ်မြတ်နိုးပြီး လောကကြီးကို ကာကွယ်တတ်တဲ့ ကြင်နာတတ်ပြီး သည်းခံတတ်တဲ့ ကောင်းကင်တာအိုတစ်ယောက် ဖြစ်နေပါရောလား။

သူမက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားတော့တယ်။

ဒီလူတွေက နာရီဝက်တိတိ ဆက်ပြီးတော့ ချီးမွမ်းစကား ပြောဆိုနေကြတယ်။

နာရီဝက်ကြာသွားပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ လှေပျံအသီးသီးပေါ်မှာ အချိန်အကြာကြီး စောင့်ဆိုင်းနေကြတဲ့ တပည့်တွေကို လှမ်းကြည့်လိုက်ပြီး အားလုံးက မခွဲခွာနိုင်တဲ့ ခံစားချက်တစ်ခုနဲ့ လူစုခွဲလိုက်ကြတယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက အနောက်ဘက်မှာ တစ်ချိန်လုံး တစ်ယောက်တည်း နှုတ်ဆိတ်ပြီးတော့ နေလာခဲ့ပြီး မသိမသာ စိတ်ရှုပ်နေတဲ့ရုပ်တစ်ခုနဲ့ အားလုံးရဲ့ ကောင်းကင်တာအိုအပေါ် ချီးမွမ်းစကားကို နားထောင်လာခဲ့တယ်။

အဟမ်း__ နေရာတိုင်းမှာ ကြွေးရှင်တွေချည်းပဲ။ အရမ်းကြီး ပေါ်ပေါ်ထင်ထင် နေလို့မကောင်းဘူး။

လှေပျံပေါ်ပြန်ရောက်တဲ့အခါ သူက လှေပျံပေါ်က တပည့်ကို ကြည့်လိုက်ပြီး သိပ်မဝေးလှတဲ့နေရာက တပည့်တွေကို ကြင်နာသနားဟန်နဲ့ ပြုံးပြလိုက်တယ်။

"ရှချင်း စုန့်ယွီ"

နာမည်စာရင်းအရှည်ကြီး ခေါ်လိုက်ပြီးတဲ့နောက်မှာ သူက ပြုံးပြီးတော့ ပြောလိုက်တယ်။

"မင်းတို့တွေက ချန်ထျန်းဂိုဏ်းကို ရောက်လာတာ တော်တော်ကြာသွားပြီ။ အခု ဂိုဏ်းကြီးအသီးသီးနဲ့ ဂိုဏ်းချုပ်တွေက နောက်ဆုံးတော့ ဒီကိုရောက်နေကြပြီး မင်းတို့တွေက မင်းတို့ရဲ့ဆရာကို လာပြီးတော့ နှုတ်ဆက်သင့်တယ်”

ဒီလူတွေက ချန်ထျန်းဂိုဏ်းက သူ့အကြွေးကို ပြန်မဆပ်နိုင်ဘူးဆိုတာ သိပြီးသွားတဲ့နောက်မှာ ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေက ချန်ထျန်းဂိုဏ်းကို စောင့်ကြည့်ဖို့ လွှတ်ထားတဲ့တပည့်တွေပေါ့။

တပည့်တွေက အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတော့ ချန်ထျန်းဂိုဏ်းချုပ်ကို ဦးညွှတ်လိုက်ကာ ရုတ်ခြည်းဆိုသလို လှေပျံပေါ်ကနေ ပျောက်ကွယ်သွားကြတယ်။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူရှေ့မှာပေါ်လာတဲ့ စုန့်ယွီကိုကြည့်လိုက်ပြီး ရုတ်တရက် နေရာမှာတင် အေးခဲသွားတော့တယ်။ သားနားကျော့ရှင်းပြီး ဓားသိုင်းပညာမှာ သာလွန်တဲ့ သူ့ရဲ့ချောမောလှတဲ့ နံပါတ်ခြောက်တပည့်ကြီးက ဘယ်လိုဖြစ်ပြီး သူတောင်းစားတစ်ယောက်လို ဖြစ်နေတာလဲ။

စုန့်ယွီက ဖြူဖွေးနေအောင် လျှော်ထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး အဲဒီအဝတ်တွေပေါ်မှာတောင် ဖာထေးရာတွေနဲ့ ဖြစ်နေတယ်။ သူ့ခေါင်းပေါ်က ဆံထိုးကလည်း ဝတ်ဆင်ထားတာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိဘူး။ အစတွေတောင် ကွဲထွက်နေတဲ့ ကောက်ရိုးကြိုးတစ်မျှင်အဖြစ် ပြောင်းသွားပါရောလား။

အခုတော့ သူရဲ့နဂိုက ချောမောလှတဲ့မျက်နှာက ပိန်ပါးပြီး ဝါကျင့်နေလိုက်တာ ဒုက္ခသည်တစ်ယောက်လိုပဲ။

သူ့ဘေးက သူရဲ့မွေးချင်းဓား ထည့်ထားတဲ့ ဓားအိမ်ကတောင် ရွှေတွေနဲ့ ကျောက်စိမ်းတွေကွပ်ထားတဲ့ ဓားအိမ်အစား အပေါဆုံး ကျောက်စိမ်းမေပယ်လ်သစ်သားနဲ့ လုပ်ထားတဲ့ ကျောက်စိမ်းဓားအိမ်ကြီး ဖြစ်နေပါရော။

စုန့်ယွီက ကျင်းတန်းအဆင့် ကျင်ကြံသူတစ်ယောက်ပဲ။

တကတည်း ဘယ်လိုဖြစ်လို့များ စုန့်ယွီကို ဒီလိုပုံစံဖြစ်လာအောင် ဘာက လုပ်လိုက်တာလဲ။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သတိပြန်ဝင်လာပြီး သူ့မျက်လုံးတွေမှာ ဒေါသအပြည့် ဖြစ်သွားတယ်။

"အတင့်ရဲလို့ ချန်းထန်းဂိုဏ်းက ကျုပ်တပည့်ကို ဒီလိုဆက်ဆံရသလား။ ကျုပ်အခုပဲ သူနဲ့ဒီစာရင်းကို သွားရှင်းရမယ်"

စုန့်ယွီက သူ့ကို မြန်မြန်ပြန်ပြီး ဖမ်းဆွဲထားလိုက်တယ်။ လအနည်းငယ်အတွင်းမှာပဲ သူ့မျက်လုံးတွေက ဘဝရဲ့လောကဓံကို မြင်ဖူးပြီးသားလူဖြစ်နေတယ်။

"ဆရာ ဒါက ဂိုဏ်းချုပ်ကြီးကျန်းနဲ့ ဘာမှမသက်ဆိုင်ပါဘူး"

"ဒါက တပည့်ရဲ့ပြဿနာပါ"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက မှင်တက်အံ့သြသွားတယ်။

"ဘယ်လို"

"ငါ့တပည်က ပြဿနာတချို့တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီတော့ သူ့မှာတောင် ဝိညာဥ်ကျောက်တုံးတွေ မရှိတော့ဘူး"

"ဒါနဲ့များ မင်းက ဘာဖြစ်လို့ ဆက်သွယ်ရေး မန္တာန်စာရွက်ကိုသုံးပြီး ဆရာ့ကို မဆက်သွယ်ရတာလဲ"

စုန့်ယွီက သူ့ရဲ့သိုလှောင်အိတ်ထက် ပိုပြီးတော့ရှင်းလင်းနေတဲ့ သူ့ဆရာရဲ့သိုလှောင်အိတ်ကို စဥ်းစားမိလိုက်ပြီး ခါးသက်သက်ပြုံးလိုက်တယ်။

"တပည့်က ဆရာကို ဒုက္ခမပေးချင်ပါဘူး။ တပည့်ဆီမှာ ဝိညာဥ်ကျောက်တုံးတွေ မရှိရုံလောက်ပါပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး ဒါကလည်း ကျွန်တော့်ရဲ့ အကျင့်စရိုက်ကို ပြုပြင်ပေးမဲ့ အခွင့်အရေးကောင်းတစ်ခုပဲဖြစ်ပါတယ်"

ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးက ပြန်မဖြေရသေးခင်မှာဘဲ သူ့ဘေးကလှေပျံပေါ်က ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ရင်နာနာနဲ့ အော်ပြောလိုက်တဲ့အသံကို ကြားလိုက်ရတယ်။

"ငါ့တပည့် မင်း ဘယ်လိုလုပ်ပြီး ဒီလိုပုံစံဖြစ်လာတာလဲ"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ရှေ့မှာရပ်နေတဲ့ ရှချင်းကို ကြည့်လိုက်ပြီး ရင်နာနာနဲ့ သူ့ရင်ဘတ်ကို လက်နဲ့အုပ်ထားလိုက်တယ်။

သူ့တပည့်ရဲ့ ခမ်းနားထည်ဝါလှတဲ့ ဝတ်စုံတွေ ဘယ်ရောက်ကုန်တာလဲ။ သူတို့ရဲ့လက်ရာမြောက်လှတဲ့ ရတနာတွေက ဘယ်ရောက်ကုန်တာလဲ။ သူတို့ရဲ့အကာအကွယ် မှော်ရတနာတွေကရော...

ဘယ်လိုဖြစ်ပြီး လီနင်ဖျင်ကြမ်းသားကို ဝတ်ထားပြီး ပိန်ချုံးလို့ ဆံပင်တွေကလည်း ခြောက်ကပ်နေလောက်အောင် ဖြစ်နေပါလား။

သူ့ရဲ့ရွှင့်ချန်ဂိုဏ်းက ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခုပဲ။ မရေမတွက်နိုင်တဲ့ ဝိညာဥ်ကျောက်တုံးတွေနဲ့ ရတနာတွေကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့တပည့်အရင်းက ဘယ်လိုလုပ်ပြီး ဒီလိုမမျှမတ ဘယ်တုန်းက ခံစားနေရတာလဲ။

သူက သူ့သိုလှောင်အိတ်ထဲက ဝိညာဥ်ရတနာတွေကို ထုတ်ရင်း စိတ်ဆင်းရဲတဲ့ပုံစံနဲ့ ပြောလိုက်တယ်။

"မင်းမှာ ဝိညာဥ်ကျောက်တုံးတွေ ပြတ်လပ်နေတာကို ဘာဖြစ်လို့ ငါ့ကိုမပြောတာလဲ ငါက ဝိညာဥ်ကြိုးကြာကို ဝိညာဥ်ကျောက်တုံးတွေကို လာပို့ခိုင်းလိုက်မှာပေါ့"

ရှချင်းက သူမရဲ့ညာဘက်လက်က ဖာထေးရာတွေကို ဂရုတစိုက် ခေါက်တင်လိုက်ပြီး သူမရဲ့ဆရာကို မပြရဲလေဘူး။

သူမက ချန်ထျန်းဂိုဏ်းက သူမရဲ့အတွေ့အကြုံတွေကို စဥ်းစားလိုက်ပြီး လေသံတိုးတိုးလေးနဲ့ ရှင်းပြလိုက်တယ်။

"ဆက်သွယ်ရေးမန္တာန်ကို အကြွေးဆပ်ဖို့ပေးလိုက်ရလို့ပါ"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ ယုံရခက်နေတဲ့ရုပ်ကို မြင်လိုက်ရတဲ့အခါ သူမက အဂ္ဂိရတ်ဖိုတစ်ခုကို မြန်မြန်ထုတ်ယူလာလိုက်ပြီး

"ဆရာ စိတ်မပူပါနဲ့ ကျွန်မ အကြွေးတွေကို ပြန်ဆပ်ဖို့ အဂ္ဂိရတ်ဖိုကိုတော့ မသုံးခဲ့ပါဘူး"

စူးလီက သူမရဲ့ပတ်ဝန်းကျင်က တပည့်တွေအတွက် စိုးရိမ်နေတဲ့အသံကို နားထောင်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ သံသယအရိပ်တစ်ခု ဖြစ်တည်လာတယ်။

ငါ သိသလောက်တော့ ရွှင့်ချန်ဂိုဏ်းရဲ့တပည့်တွေလက်ထဲက ဝိညာဥ်ကျောက်တုံးတွေနဲ့ ရတနာတွေနဲ့ ဓားသိုင်းကျင့်ကြံသူ ဆယ်ယောက်စာထက် ပိုပြီးတော့တောင် ညီမျှသေးတယ်။ ဝိညာဥ်ကျောက်တုံးတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ ထျန်းကျီးဂိုဏ်းကလည်း ရှိသေးတယ်။

ချန်ထျန်းဂိုဏ်းကို သွားလိုက်ကြတဲ့ သူတို့ရဲ့တပည့်တွေက ဘယ်လိုဖြစ်ပြီးတော့ လောင်းကစားရုံကို သွားခဲ့ကြတဲ့ပုံမျိုး ဖြစ်နေကြတာလဲ။ သူတို့ဆီမှာ ဝိညာဥ်ကျောက်တုံး တစ်ခုလေးတောင်မှ မကျန်တော့တဲ့အပြင် သူတို့တွေက ဝိညာဥ်ကျောက်တုံးတွေ အများကြီးကိုတောင် အကြွေးတင်ခဲ့သေးတဲ့ပုံပဲ။

သူမက သိချင်စိတ်နဲ့ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တယ်။

[ဟိုက်__ ဒီတပည့်တွေက တကယ့်ကိုသနားစရာကောင်းပါလား]

[ရွှင့်ချန်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ရှချင်းက နဂိုတုန်းကတော့ ချမ်းသာကြွယ်ဝတဲ့ အဂ္ဂိရတ်ဆရာတစ်ယောက်ပဲ။ ချန်ထျန်းဂိုဏ်းကို သွားလိုက်ပြီးမှ သူက အကြွေးတွေအများကြီး တင်သွားသတဲ့။ သူ့မှာ သူ့အကြွေးတွေကို ပြန်ဆပ်ဖို့အတွက် တစ်လလုံးလုံး ဆေးလုံးတွေကို သန့်စင်လာခဲ့ရတယ်။ အခုတောင် သူ့မှာဝိညာဥ်ကျောက်တုံး တစ်ထောင်လောက် လိုနေသေးတယ်တဲ့]

[ထျန်းကျီးဂိုဏ်းရဲ့တပည့် ထျန်းယောင်လည်း ရှိသေးတယ်။ သူက ဝိညာဥ်ကျောက်တုံး သုံးထောင်လေးကို မချေးငှားနိုင်တဲ့ ထျန်းကျီးဂိုဏ်းရဲ့ ဗေဒင်ဆရာတစ်ယောက်ပဲ။ သူ့ခမျာ ဆင်းရဲရှာလွန်းလို ချန်ထျန်းဂိုဏ်းမှာ ဗေဒင်ဟောသည် ဆိုတဲ့ဆိုင်းဘုတ်ကို တင်ထားရပြီး ဗေဒင်တစ်ခါဟောရင် ဝိညာဥ်ကျောက်တုံးတစ်တုံးကို တောင်းယူရသတဲ့]

[ဟားဟားဟားဟား ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ နောက်နှစ်တစ်ရာအတွင်းမှာ သူက သူ့အကြွေးတွေကို ဆပ်နိုင်ပါလိမ့်မယ်]

[ဝမ့်ကျန်ဂိုဏ်းရဲ့တပည့်တွေလည်း ရှိသေးတာပဲ]

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရတဲ့လူတွေ အားလုံးက တအံ့တသြနဲ့ အကြွေးပေးရမဲ့သူတွေကို ကြည့်လိုက်ကြတယ်။

ဘယ်လိုများ မသမာတဲ့ စီးပွားရေးတွေရှိနေလို့များ ချန်ထျန်းဂိုဏ်းက တပည့်တွေအများကြီးကို အကြွေးတင်အောင် လုပ်နိုင်ရပါလိမ့်။ ဒီအချိန်မှာပဲ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက တစ်ခုခုကို သတိရသွားပြီး ရှချင်းကို ပြောလိုက်တယ်။

"ကျောက်ယန်ကော မင်းရဲ့တတိယဂိုဏ်းတူမောင်လေးက မင်းနဲ့ ဘာလို့မလိုက်လာရတာလဲ"

ရှချင်းက ခေါင်းကို မသိမသာခါပြလိုက်ပြီး

"တတိယဂိုဏ်းတူမောင်လေးက အရမ်း အလုပ်များနေတာ တော်တော်လေးကိုကြာနေပြီ။ ကျွန်မ သူ့ကိုတောင် မသိတော့ဘူး"

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ခပ်တိုးတိုးလေး ထွက်လာတယ်။

[ငါကြည့်ပေးပါမယ်...]

[အလို ရှင့်ရဲ့တတိယ တပည့်ကျောက်ယန်ကို သူ့အကြွေးတွေ ပေးဆပ်ဖို့အတွက် သူကိုယ်သူ ဆောင်ကြာမြိုင်မှာ ရောင်းစားခံထားရသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အကြွေးတွေ အများကြီးတင်နေလို့တဲ့လေ"

[ဟားဟားဟားဟား အခုဆိုရင် သူက ဧည့်သည်တွေကို ရမ္မက်တိုးပွားအောင် လုပ်နိုင်တဲ့သီချင်းတွေကိုတောင် ဆိုပြတတ်နေပြီ]

...

All Chapters