အခန်း ၉၇
Vol. 7 Ch. 97
အပိုင်း (၉၇)
"ဘယ်လို"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ တတိယတပည့်ကအခု ဆောင်ကြာမြိုင်တစ်ခုမှာ... ရမ္မက်သွေးကြွယ်စေတဲ့သီချင်းတွေ ဆိုနေတယ်တဲ့လား။
အသံကို ကြားနိုင်ကြတဲ့လူတိုင်းက နေရာမှာ အထိတ်တလန့် ရပ်လိုက်ကြပြီး သတိပြန်ဝင်လာဖို့ အချိန် အတော်ယူလိုက်ရတယ်။
ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။
သူက ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ တပည့်အရင်းလေ။
ရွှင့်ချန်ဂိုဏ်းက အင်မတန်မှ ချမ်းသာကြွယ်ဝပြီး လတ်တလောတုန်းကလဲ ဝိညာဥ်မိုင်းတွင်းတစ်ခုကို တွေ့ထားသေးတယ်ဆိုတာ ကျင့်ကြံရေးလောကတစ်ခုလုံး သိထားသေးတာပဲ။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ တပည့်အရင်းတစ်ယောက်အနေနဲ့ ကျောက်ယန်က လက်ထဲမှာ ဝိညာဥ်ကျောက်တုံး အခုတစ်သောင်း မရှိဘူးဆိုရင်တောင် အနည်းဆုံး ရှစ်ထောင်တော့ ရှိသင့်တယ်လေ။ မဟုတ်ဘူးလား။
သူက ဘယ်လိုဖြစ်ပြီး နှစ်ဝက်တောင် မပြည့်သေးဘူး ဘယ်လို အခြေအနေမျိုး ဖြစ်သွားတာလဲ။ သူရဲ့အကြွေးတွေကို ပြန်ဆပ်ဖို့ ဆောင်ကြာမြိုင်မှာ သီချင်းဆိုနေရသတဲ့လား။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သတိပြန်ဝင်လာပြီးတဲ့နောက်မှာ သူက ကိုယ်ကိုလှည့်လိုက်ပြီး သနားစိတ်တွေ တဖွားဖွားဖြစ်ရတဲ့ သနားစရာ အခြေအနေတစ်ခုထဲ ကျရောက်နေတဲ့ သူရဲ့တပည့်ကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ စိတ်အေးသွားတဲ့ အရိပ်လေးတစ်ခု ဖြစ်သွားတယ်။
တော်ပါသေးရဲ့ သူရဲ့နံပါတ်ခြောက်တပည့် စုန့်ယွီက ရှက်စရာကောင်းတယ်ဆိုပေမဲ့လည်း အနည်းဆုံးတော့ သူက သူ့ကိုယ်သူ... သစ္စာဖောက်ရတဲ့ အနေအထားထိ မရောက်သေးဘူးလေ။
အဲ့လိုမှ မဟုတ်ဘူးဆိုရင် အထင်ကရမိသားစုတွေ အများကြီးရှေ့မှာ အရှက်ကွဲရမဲ့သူက သူတို့ဝမ့်ကျန့်ဂိုဏ်းပဲ ဖြစ်လိမ့်မယ်။
ဒီလိုစဥ်းစားလိုက်ပြီး သူက သနားစိတ်တစ်ခုနဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးဘက်ကို လှည့်ကြည့်လ်ိုက်တယ်။
ရှချင်းက ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရှေ့မှာ ရပ်နေပြီး ကောင်းကင်ကလာတဲ့အသံ ပြောလိုက်တဲ့စကားကို သတိရသွားတယ်။ သူမက ခေါင်းကို ဂရုတစိုက် လေးမော့လိုက်ပြီး ဒါကို မယုံကြည်လိုတဲ့ ပုံနဲ့ ငေးကြောင်ကြောင်လေး ရပ်နေတဲ့ လူကို လှမ်းကြည့်လိုက်တယ်။
"ဆရာ တတိယဂိုဏ်းတူမောင်လေးက အခုတစ်လော... ချင်းလိုနဲ့ ချူကွမ်းကို သွားနေသလိုပဲ"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးမှာ သူမရဲ့အသံကြောင့် နိုးထလာပြီး ရုတ်တရက် သတိပြန်ဝင်လာတယ်။
သူက အပြင်လောကက လာတဲ့အသံရဲ့စကားကို ကြားလိုက်တယ်။ သူ့တပည့်က သူ့ရဲ့ကြွေးရှင်ကြောင့် ဆောင်ကြာမြိုင်ကို ပို့ခံရသတဲ့။ ဒါက သူရဲ့ကိုယ်ပိုင်ဆန္ဒအလျောက် လုံးဝမဟုတ်ဘူး။
ဟုတ်တယ်။ ဒါက သူ့တပည်ရဲ့အမှား မဟုတ်ဘူး။
သူက သူ့ဘေးက ကျောက်စိမ်းစည်းရိုးကို ဝုန်းခနဲ ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်တယ်။
"အတင့်ရဲလို့ ဘယ်သူကများ ရွှင့်ချန်ဂိုဏ်းရဲ့တပည့်ကို အဲ့ဒီနေရာကို အတင်းပို့ရဲရတာလဲ"
"သူက လင်းရှီကိုပဲ အကြွေးတင်ထားတာပဲ။ ရွှင့်ချန်ဂိုဏ်းကို လာခဲ့သရွေ့ ရွှင့်ချန်ဂိုဏ်းက အကြွေးတွေအားလုံးကို ဆပ်ပေးမှာပဲလေ"
ဒီအချိန်မှာပဲ သူ့မျက်လုံးတွေထဲမှာ ဒေါသတွေနဲ့ပိုပြီး ပြည့်နှက်သွားတယ်။
"ငါ့တပည့်တွေကို ဒီလိုအနိုင်ကျင့်နေတာတော့ မင်းက ငါ့ရဲ့ရွှင်ချန်ဂိုဏ်းကို အလေးမထားဘူးဆိုတဲ့ သဘောပေါ့"
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဂိုဏ်းချုပ် တော်တော်များများက သူတို့မျက်လုံးထဲမှာ လေးလေးနက်နက် ဆင်ခြင်သုံးသပ်တဲ့ အရိပ်အယောင်တစ်ခုဖြစ်သွားတယ်။
ဒါအမှန်ပဲ။ စာသင်သားတစ်ယောက်ကို သတ်ပြစ်လို့ရနိုင်တယ် အရှက်ခွဲလို့တော့ မရဘူး။ ဂိုဏ်းတစ်ခုရဲ့တပည့်တွေကို ဒီလိုဆက်ဆံတာမျိူးကတော့ အနိုင်ကျင့်ခြင်းတစ်မျိုးပဲ။
တကယ်လို့များ တစ်စုံတစ်ယောက် အကြွေးဆိုတဲ့ ဆင်ခြေတွေသုံးပြီး သူတို့ရဲ့တပည့်တစ်ယောက်တွေကို...
ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးက မျက်မှောက်ကျုံ့နေရာမှ မနေနိုင်တော့တဲ့အချိန်မှာပဲ အပြင်လောကက လာတဲ့အသံက ရယ်သံကို ကြိုးစားမျိုသိပ်ထားရတဲ့ပုံစံနဲ့ထပ်ထွက်လာတယ်။
[ဟားဟားဟားဟား သူက သူ့တပည်က လိုလိုလားလား ရှိနေတယ်ဆိုတာကို ယုံဖို့ထက် သူက သူရဲ့ရွှေအမြုတွေအဆင့်တပည့်ကို ဖိအားပေး ခိုင်းနေတယ်ဆိုတာကိုပဲ ယုံချင်နေတာပဲ]
[ဟားဟားဟားဟား ဒါကကျင့်ကြံရေးလောကထဲက ဆရာတပည့်ကြားက ရင်ထဲထိလောက်တဲ့ ဆက်ဆံရေးတစ်ခုပဲ]
အယ်...
ကျောက်ယန်က ဒါကို အလိုဆန္ဒအတိုင်း လုပ်တာတဲ့လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ကျင့်ကြံရေးလောကထဲမှာ အဲ့ဒီလိုနေရာမျိုးကို လိုလိုလားလား သွားမဲ့ ကျင့်ကြံသူဆိုတာ ဘယ်မှာရှိလို့လဲ။
နောက်ပြီးတော့ သူက ရွှင့်ချန်ဂိုဏ်းချုပ်ရဲ့ တပည့်အရင်းကြီးလေ။
အားလုံးရဲ့မျက်လုံးထဲက ဒေါသတွေက နေရာမှာတင် အေးခဲသွားတယ်။ အထူးသဖြင့် မျက်နှာပေါ်မှာ ဒေါသတွေ ရှိနေဆဲဖြစ်တဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးပေါ့။ အိပ်မက်ဆန်ဆန် အမူအရာတစ်ခုက သူ့ကို အထူးတလည် ရယ်စရာကောင်းအောင် ဖြစ်နေစေတော့တယ်။
ဒီအချိန်မှာ ရှချင်းက ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့မျက်နှာကို မကြည့်ရက်နိုင်တော့ဘူး။ သူမက ခေါင်းကို ငုံထားလိုက်ပြီး ခြင်သံလို အသံတိုးတိုးလေးနဲ့ ပြောလိုက်တော့တယ်။
"ဆရာ တတိယဂိုဏ်းတူမောင်လေးက အမှန်ပါပဲ။ ဂိုဏ်းတူမောင်လေးကို ဘယ်သူကမှ ဖိအားပေးခဲ့တာမျိုး မရှိပါဘူး"
[ဟားဟားဟားဟား မဟုတ်လို့လား~ ~]
[ကျောက်ယန်က ဒါကိုလုပ်ဖို့ လိုလားတာထက်တောင် ပိုသေးတယ်။ သူက ဒီနေရာမှာ အရမ်းကို ပျော်နေတာလေ။ သူက ဒီအလုပ်ကို တစ်သက်လုံးတောင်ဆက်ပြီး လုပ်ချင်နေသေးတာ ဟားဟားဟားဟား]
စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး ထိန်းချုပ်လို့မရတော့တဲ့ အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။
[ဟားဟားဟားဟား ပထမဦးဆုံးအကြိမ် အဲဒီနေရာကို သွားခဲ့တုန်းက ကျောက်ယန်က တွန့်ဆုတ်နေတဲ့ပုံပါပဲ]
[အဲ့ဒီနေရာကို ဒုတိယအကြိမ် သွားလိုက်တဲ့အချိန်မှာတော့ သူက ဧည့်သည်တွေကို ချော့မော့ပြီး စကား တစ်လုံး၊ နှစ်လုံး ပြောလိုက်တာနဲ့ ဝိညာဥ်ကျောက်တုံးတွေကို ရှာနိုင်တယ်ဆိုတာ သိသွားတယ်လေ၊ အခြေအနေတွေက ဆက်ပြီးတော့ အထိန်းအကွပ်မဲ့ ဖြစ်လာခဲ့တယ်___]
[ဆေးရည်တွေကို သန့်စင်ရတာက အချိန်ပေးရပြီး ပင်ပန်းတဲ့အပြင် ကိုယ့်ဟာကိုလည်း ဝိညာဥ်ဆေးပင်တွေကိုလည်း ပြင်ဆင်ရသေးတယ်။ မီးပြင်းဖိုကလည်း ပေါက်ကွဲတတ်သေးတယ်။ တစ်နေ့လုံး ကြိုးကြိုးစားစား လုပ်လာသမျှအားလုံးက အချည်းနှီး ဖြစ်သွားလိမ့်မယ်။ နောက်ပြီးတော့ မရေမတွက်နိုင်တဲ့ ဝိညာဥ်စွမ်းအင် ဆေးပင်တွေကိုလည်း ဆုံးရှုံးရအုံးမယ်...]
[ဟားဟားဟားဟား လင်းရှီထက် ပိုပြီး ဧည့်သည်တွေ မြန်မြန် ရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲတဲ့~ ~ ~]
[သူ အဲဒီနေရာကို တတိယအကြိမ် ရောက်သွားတဲ့အချိန်မှာတော့ ဘယ်နတ်သမီးက သူ့ကို အချောမောဆုံးဖြစ်အောင် လုပ်ပေးနိုင်မလဲဆိုတာကို စပြီးလေ့လာနေပြီလေ။ သူက ဝေ့ရှန်းဆေးလုံးကို သန့်စင်ဖို့အတွက် သူ့လက်ထဲမှာရှိနေတဲ့ ဝိညာဥ်ဆေးပင်တစ်ချို့ကိုတောင် သုံးလိုက်သေးတယ်။ သူ့ကိုယ်သူ သဘာဝ ကိုယ်သင်းနံ့လေးတစ်ခု ရနေအောင်လို့တဲ့]
[ဟားဟားဟားဟား သူ အဲ့ဒီနေရာကို လေးကြိမ်မြောက် ရောက်သွားတဲ့အချိန်မှာတော့ သူက သီချင်းတွေ၊ စစ်တုရင်ခုံတွေ၊ လက်ရေးအလှစာတွေ၊ ပန်းချီတွေကိုတောင်မှ ထုပ်ပိုးသွားလိုက်သေးတယ်...]
[ဟားဟားဟားဟား အခုဆိုရင် သူက ဧည့်သည်တွေကို မြူဆွယ်ရမဲ့ နည်းလမ်းကိုတောင် သင်ပြီးပြီ]
[ငါ့အထင်တော့ သိပ်မကြာခင် သူက အထက်တန်းစား အမျိုးသား ကချေသည်ဖြစ်လာတော့မှာပဲ]
ဒီစကားကို ကြားလိုက်ရတဲ့အခါ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ရင်ဘတ်က ကြမ်းကြမ်းတမ်းတမ်း မြင့်တက်သွားပြီး ပြန်ကျလာတယ်။ သူ့မျက်နှာ တစ်ခုလုံးကလည်း အဆိပ်မိထားတဲ့အတိုင်းပဲ။ ကြောက်စရာကောင်းလောက်အောင် ပြာနှမ်းသွားတော့တယ်။
ရှချင်းက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်ပြီး သူမရဲ့ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်မိနေပေမဲ့ အခိုက်တန့် သူ့ကို ဘယ်လို နှစ်သိမ့်ပေးရမလဲဆိုတာ မသိတော့ဘူး။
တတိယဂိုဏ်းတူမောင်လေးက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ။
တခြားဂိုဏ်းက အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေ အားလုံးက မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ရွှင့်ချန်ဂိုဏ်းရှိရာ လှေပျံဖက်ကို ကြည့်လိုက်ကြတယ်။
တကယ်ပဲ ဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။ ရွှင့်ချန်ဂိုဏ်းတစ်ခုလုံးက အရမ်းကို မြင့်မြတ်ပြီး သူတို့က ဝိညာဥ်ကျောက်တုံးတွေကို လုံးဝ ဂရုစိုက်ကြတာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ရွှင့်ချန်ဂိုဏ်းရဲ့ တပည့်တစ်ယောက်က ဝိညာဥ်ကျောက်တုံးတွေအတွက် ဒီလိုကိစ္စမျိုးကိုလုပ်နေသတဲ့။
တကယ်ပဲ အမြင်ကျယ်ရစေပါပေတယ်။
အပြင်လောကကလာတဲ့အသံရဲ့ လှောင်ရယ်တဲ့စကားကတော့ ဆက်ပြီးထွက်လာတယ်။
[လုပ်နေတဲ့အရာတွေကို တကယ်ပဲသဘောကျသတဲ့ ဟားဟားဟားဟား ___]
[ဟားဟားဟားဟား ဒီလိုဝိညာဥ်စွမ်းအင် သုသေတနပုံစံမျိုးက ရွှင့်ချန်ဂိုဏ်းရဲ့တပည့်တွေ လုပ်နေကျလား]
[ငါတို့ မျိုးဆက်သစ်ရဲ့ စံပြတစ်ယောက်ပဲဟဲံ့]
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့အချိန်မှာ အရမ်းကို ဒေါသထွက်သွားပြီး သူ့မှာ အသက်ရှုဖို့ ရင်ဘတ်ကို ဖွင့်ထားလိုက်ရတော့တယ်။ သူက လှေပျံကို ရှေ့ကိုတိုးသွားအောင် အားတွေဆက်တိုက် သုံးလိုက်ပြီး နောက်တစ်စက္ကန့်မှာတော့ အဆင့်ခြောက်ရှိတဲ့ လှော်တက်ကြီးက ရုတ်ခြည်းဆိုသလို ပြာဖြစ်သွားတော့တယ်။
ဒါက ငါတို့ဂိုဏ်းအတွက် ကံဆိုးခြင်းပဲ။ တကယ့်ကို ကံဆိုးခြင်းပဲ။
သူက အံ့ကြိတ်ထားလိုက်ပြီး သူ့ဒေါသတွေကို မျိုသိပ်ထားလိုက်ကာ ရှချင်းကို မေးလိုက်တယ်။
"အခုမင်းရဲ့ တတိယဂိုဏ်းတူမောင်လေးဘယ်မှာလဲ"
[သူ့ဘယ်မှာ သီချင်းဆိုနေတာလဲ ဟုတ်လား]
[ကြည့်လိုက်ပါအုံးမယ်... ဟွားထျန်းမြို့ ချွန်းရှန်းဂေဟာမှာတဲ့လား]
[မဆိုးဘူး၊ မဆိုးဘူး။ သူက ချန်ထျန်းဂိုဏ်းနဲ့ နည်းနည်းလေးဝေးတဲ့ နေရာတစ်ခုကို ရှာဖို့တောင် သိလိုက်သေးတယ်]
ရှချင်းက အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ အပြင်လောကက လာတဲ့အသံရဲ့ သံသယကို ရှောင်ရှားချင်တဲ့အတွက် ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကို မြန်မြန်ဦးညွှတ်ပြီး ပြောလိုက်တယ်။
"ဆရာ တတိယဂိုဏ်းတူမောင်လေးက အခုဟွားထျန်းမြို့ ချွန်း... ချွန်းရှန်းဂေဟာမှာ ရှိပါတယ်"
ရွှင့်ချန်ဂိုဏ်းချုပ်က အံ့ကြိတ်ပြီးပြောလိုက်တယ်။
"ဟွားထျန်းမြို့ကို သွားမယ်"
သူရဲ့တပည့်အလိမ္မာလေးက အခု ဘာလုပ်နေတယ်ဆိုတာကို မြင်ကြည့်ချင်သေးတယ်လေ။
အဓိကဂိုဏ်းကြီးတွေနဲ့ မိသားစုတစ်ခုချင်းစီတိုင်းက အဆင့်မြင့်အကြီးအကဲတွေ အားလုံးရဲ့ မျက်လုံးကလည်း တူညီတဲ့ အတင်းအဖျင်းတစ်ခုကြောင့် လင်းလက်သွားတော့တယ်။
ရွှင့်ချန်ဂိုဏ်းက သူတို့ရဲ့ဂိုဏ်းရဲ့ ချမ်းသာကြွယ်ဝမှုကိုပဲ အားကိုးထားပြီး ဝိညာဥ်ကျောက်တုံးတွေ ပြတ်လပ်မှာကို မစိုးရိမ်ကြဘူးလေ။ ဒီတော့ သူတို့တွေကပုံမှန်ဆိုရင် အရမ်းကို သီးသန့်ဆန်ဆန် နေတတ်ကြတာပေါ့။
မျိုးနွယ်စုတွေ၊ ဂိုဏ်းကြီးတွေကြားမှာ ဝိညာဥ်ကျောက်တုံးရဲ့ ရှားပါးပုံအကြောင်းပြောတဲ့အခါတိုင်း သူတို့တွေက အမြဲတမ်း နားမလည်သလိုရုပ်နဲ့ မကြာခဏ ပြောတက်တယ်လေ။
“ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားသင့်တာပေါ့။ ဝိညာဥ်ကျောက်တုံးတွေ ဆိုတာ အပြင်ပန်းပစ္စည်းတွေပဲလေ”တဲ့။
သူဒီလို လွတ်လပ်ပေါ့ပါးနေရတဲ့ အကြောင်းကလည်း ရွှင့်ချန်ဂိုဏ်းကြောင့်ပဲပေါ့။
ဒီနေ့ ရွှင့်ချန်ဂိုဏ်းချုပ်ရဲ့တပည့်တွေက မဖြစ်စလောက် ဝိညာဥ်ကျောက်တုံးတွေအတွက် ဒီနေရာကို လာခဲ့သတဲ့လေ။ ဒါပေါ့။ ဒီခရီးကို တန်သွားအောင် သူတို့ရဲ့မျက်လုံးတွေနဲ့ သေချာပေါက် ကြည့်ရမယ်လေ။
နောက်ပြီးတော့ သူတို့တွေက ရှဲ့မိသားစုသခင်ကြီးရဲ့ မွေးနေ့ကို ကျင်းပဖို့ နှစ်ရက်လောက် အချိန်ပေးထားခဲ့တာ။ ဂိုဏ်းနဲ့မိသားစုထဲက ကိစ္စကိုလည်း စီစဥ်ထားခဲ့ပြီးပြီလေ။
ဒီလိုစဥ်းစားမိလိုက်ပြီး ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ မကြာခဏ လှောင်ပြောင်ခံနေရတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဦးဆောင်ပြီး ပြောလိုက်တယ်။
"အဟမ်း- ကျူပ်မှာ ဟွားထျန်းမြို့သခင်နဲ့ မိတ်ဆွေဟောင်း ဆက်ဆံရေးတစ်ခု ရှိတယ်။ ဒီနေ့ ကျုပ်လည်း ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ မြို့သခင်ဝမ်ဆီသွားပြီး တစ်ခွက်လောက် သွားသောက်ရအုံးမှာပဲ"
ထျန်းကျီးဂိုဏ်းချုပ်ကလည်း သူ့ရဲ့မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး သူ့မျက်နှာပေါ်မှာ သိမ့်မွေ့နက်နဲတဲ့ အမူအရာတစ်ခုကို ဆောင်ထားလိုက်တယ်။
"ဒီဂိုဏ်းချုပ်ကြီးက တွက်ချက်ကြည့်လိုက်တော့လေ ဒီနေ့ ဟွားထျန်းမြို့ကို အလည်သွားဖို့ အခွင့်အရေးတစ်ခု ရှိနေတာပဲ"
တချို့ မိသားစုခေါင်းဆောင်တွေကလည်း ဝင်ပြောလိုက်ကြတယ်။
"အဟမ်း- ကျုပ်လည်း ရုတ်တရက် သတိရသွားတယ်။ ကျုပ်မိသားစုမှာ တက်ရောက်ဖို့ အရေးကြီးကိစ္စရှိသေးတာပဲ။ ဒီတော့ ကျုပ် ဟွားထျန်းမြို့ကို သွားရအုံးမယ်"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ပြဿနာကို စိတ်မဝင်စားဘဲ အတင်းအဖျင်းကိုသာ စောင့်ကြည့်နေကြတဲ့ ဒီလူအုပ်ကြီးရဲ့ အမူအရာကို လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာက အင်မတန်မှ ရှုံ့မဲ့သွားတယ်။ ရှုံ့မဲ့သွားလိုက်တာများ သူ့မှာ အသက်မရှူနိုင်တော့ဘဲ မေ့မျောသွားမလား ထင်ရလောက်အောင်ပဲ။
ဟွားထျန်းမြို့က ရွှင့်ချန်ဂိုဏ်းလက်အောက်မြို့ မဟုတ်လေဘူး။ သူက ဒီလူတွေ သူနဲ့အတူသွားဖို့အရေးကို တားမြစ်ဖို့ အကြောင်း မရှိနေဘူး။
ဒီလိုစဥ်းစားလိုက်ပြီး သူက ရုတ်တရက်မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး နောက်ဆုံးတော့ အံ့ကြိတ်ရင်း စကားတွေကို ဖျစ်ညှစ်ပြောလိုက်ရတယ်။
"ခင်ဗျားတို့ အဆင်ပြေသလို လုပ်ကြပါ"
ဒီလိုပြောလိုက်ပြီးနောက်မှာ သူက လက်ကို ဝေ့ယမ်းပြလိုက်ပြီး လှေပျံကြီးက ဟွားထျန်းမြို့ဆီကို အရှိန်နဲ့ ပျံသန်းသွားတော့တယ်။
ကျန်တဲ့လူတွေကတော့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး နောက်က မြန်မြန်လိုက်သွားကြတယ်။ ဒါက နှစ်တစ်ရာအတွင်းမှာ တစ်ကြိမ်တောင်မတွေ့နိုင်တဲ့ ပွဲကောင်းတစ်ခုပဲလေ။
အသွင်တူရာစုကြတာဘဲပေါ့။
ဟွားထျန်းမြို့ကို သွားတဲ့လမ်းမှာ အဆင့်မြင့် ဂိုဏ်းချုပ်ကြီးတွေနဲ့ မိသားစုတွေရဲ့သခင်ကြီးတွေက အတူတူ စုဝေးလာခဲ့ကြတော့တယ်။
တချို့က ကျင့်ကြံရေးနည်းလမ်းအကြောင်းတွေကို တိုင်ပင်ကြပြီး တချို့က ဝိညာဥ်စွမ်းအင် သစ်ပင်တွေအကြောင်းကို ဆွေးနွေးကြကာ တချို့ကတော့ အချင်းချင်း အရက်ခွက်တိုက်ကြရင်း တချို့က ရှဲ့မိသားစုက သူတို့ရဲ့ပြစ်မှုကြောင့် လက်ခံရရှိမဲ့ ပြစ်ဒဏ်တွေအကြောင်းကို တိုင်ပင်နေကြတယ်။ တချို့တွေက မိဘတွေရဲ့ ပြုစုပျိုးထောင်ခြင်း စည်းကမ်းအကြောင်းကို တိုင်ပင်နေကြလေရဲ့။
ကလေးတစ်ယောက်ကို နှစ်တစ်ထောင်လောက် ပြုစုပျိုးထောင်ခြင်းက သူ့ကို နှစ်ပေါင်း ကိုးရာကိုးဆယ့်ကိုးနှစ် စိတ်ပူနေရတဲ့အဓိပ္ပာယ်ပဲ။
ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းအဆင့်ပိုပြိး မြင့်လာလေလေ သားသမီးရနိုင်တဲ့ အခွင့်အရေး ပိုပြီးခက်ခဲလာလေလေပဲ။ ဒါကြောင့် ကျင့်ကြံသူအများစုက သူတို့ရဲ့သားသမီးတွေကို ပိုပြီးတော့ အလိုလိုက်ကြတယ်။
လူအုပ်ကြီးထဲမှာ ယွီကျင့်တောင်ထွတ်သခင်က စိတ်မရှည်လက်မရှည် ဖြစ်သွားတဲ့ ပထမဦးဆုံးလူ ဖြစ်လာပြီး ခေါင်းခါလိုက်ကာ ပြောလိုက်တော့တယ်။
"ဒီမယ် ကျုပ် ဒီနေ့ ရှဲ့မိသားစုဆီ သွားခဲ့ရတယ်။ ကျုပ်ရဲ့ အသုံးမကျတဲ့သားက ဘယ်လိုအသုံးမကျတဲ့ကိစ္စတွေ လုပ်နေမလဲဆိုတာကို ကျုပ် မသိရသေးဘူး"
သူက ဒီလိုစဥ်းစားတာလဲ အံ့သြစရာမဟုတ်ဘူးလေ။
ဝူဇီကျဲက ကျင့်ကြံရေးလောကထဲမှာ လုံအောက်ထျန်းဆိုတာ မရှိဘူးဆိုတာရယ် ရိုးစင်းစင်း ဝတ္တုတွေထဲက ဇာတ်ကြောင်းတွေကလည်း ကျင့်ကြံသူတွေကို လိမ်ညာဖို့ အသုံးချထားတယ်ဆိုတာရယ်ကို သိလိုက်ပြီးကတည်းက သူက တခြားဖက်ကို အစွန်းရောက်သွားသလိုပဲ။
လူတစ်ကိုယ်လုံးက အင်မတန်မှ အဆိုးမြင်တတ်လာတယ်။ သာမန်နေ့တွေမှာဆိုရင် နေမင်းကြီးကို ဖုံးကွယ်နေတဲ့ တိမ်ညိုတွေကို မြင်ရတဲ့အချိန်မှာ စိတ်မကောင်းဖြစ်ရတယ်။ မိုးဆက်တိုက် ရွာနေတဲ့အခါမှာလည်း စိတ်ဒုက္ခရောက်ရတယ်။ တစ်ယောက်ယောက်က တစ်စုံတစ်ခုအကြောင်းပြောတာ ကြားလိုက်တဲ့အခါဆိုရင်လည်း ဟိုလှည့်ဒီလှည့်နဲ့ အတွေးပေါင်းစုံနဲ့ ဒုက္ခရောက်နေရတယ်။
သူ့ရဲ့သားဖြစ်သူက သူ့အမှားတွေကနေသင်ယူပြီး ပိုပြီး သန်မာလာမယ်လို့တောင် မထင်ထားဘူး။ နေ့တိုင်းလည်း ကြိုးကြိုးစားစား စာလေ့လာပါရဲ့။ ဒါပေမဲ့ သူ့သားက ကျောက်စိမ်းပြားကြီး ဒုက္ခပေးခံရပြီးတဲ့နောက်မှာ ဒီလိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူးလေ။
ကြီးမြတ်သူချုံးချင်းက ယွီကျင့်တောင်ထွတ်သခင်ရဲ့ စိုးရိမ်နေတဲ့ မျက်နှာကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ ခါးသက်သက် ဖြစ်သွားတယ်။
"စိတ်ပူစရာ မလိုပါဘူး။ ဝူတောင်ထွတ်သခင်ကြီးရယ် ကျုပ်ရဲ့တူလေးက အင်မတန်မှ အရည်အချင်းရှိပါတယ်။ သူက ဒီလို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရွှေအမြုတေကျင့်ကြံခြင်း အဆင့်တောင် ရောက်သွားပြီပဲ။ သူက နောက်ဆိုရင် တောက်ပတဲ့အနာဂတ်တစ်ခု သေချာပေါက်ပိုင်ဆိုင်မှာပါ”
ဒီအချိန်မှာပဲ သူက ကူကယ်ရာမဲ့သလို သက်ပြင်းချလိုက်တယ်။
"ကျုပ်ရဲ့ကလေးမလေးနဲ့များ ကွာပါ့၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်တောင် မရောက်သေးဘူးလေ၊ ဒီတော့ ကျုပ်မှာ သူ တိုးတက်လာအောင် အားလုံးကို ကူညီပြီး လုပ်ပေးနေရတယ်"
ကျင့်ကြံရေးလောကထဲမှာ မိဘတွေရဲ့အရည်အချင်းကို အမွေဆက်ဆံနိုင်တဲ့ သားသမီးဆိုတာက တကယ့်ကို မရှိသလောက်ပဲ။ အစွမ်းထက်ပြီး ကြီးမြတ်လှဆုံးသောသူတွေက သူတို့ရဲ့ သားသမီးအရင်းကြောင့် အများကြီး စိတ်ပူရတယ်။
ကြီးမြတ်သူချင်းချုံးလိုပေါ့။ သူရဲ့ကျင့်ကြံခြင်းအဆင့်က မဟာယန ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားခဲ့တာတောင် သူ့သမီး ရွှေအမြုတေကျင့်ကြံခြင်းအဆင့် အောင်မြင်သွားအောင် နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပေးဖို့ ကြိုးစားနေရတယ်။
သူတို့ရဲ့သားသမီးတွေကို ကျင့်ကြံခြင်းအဆင့် တိုးမြှင့်အောင် လုပ်ပေးဖို့ မိသားစုအများကြီးက အင်မတန်မှ အစွမ်းထက်လှတဲ့ ဆေးရည်တချို့ကို သုံးကြတယ်။ ဒါပေမဲ့လည်း ကြီးမြတ်သူတစ်ယောက်အနေနဲ့ အဲ့ဒီဆေးရည်တွေက ကျင့်ကြံသူတွေကို ဘာအန္တရာယ် ဖြစ်စေနိုင်တယ်ဆိုတာကို သူ နားလည်တာပေါ့။ ကိုယ့်ဟာကို အားကိုးပြီး အဆင့်တိုးတက်အောင် လုပ်တာကပဲ မှန်ကန်တဲ့နည်းလမ်းလေ။
ပိုဆိုးတာက သူ့သမီးရဲ့ကျင့်ကြံခြင်းအဆင့်က လုံလောက်တဲ့ အနေအထားရောက်နေပြီပဲ။ သူက အဆင့်ကျော်ဖြတ်ဖို့အတွက် ခြေတစ်လှမ်းပဲလိုတော့တာလေ။
ဒါပေမဲ့လည်း သူ့မှာ ဒီအခွင့်အရေးကို စောင့်လာတာ နှစ်နှစ်ရာတောင် ရှိသွားပြီ။ သူ့ဘက်က သိပ်မဝေးလှတဲ့နေရာမှာတော့ ကြီးမြတ်သူလျိုမင်ရဲ့ မျက်နှာပေါ်က အပြုံးက သူထက်တောင်ပိုပြီး ခါးသက်နေသေးတယ်။ အနည်းဆုံးတော့ ကြီးမြတ်သူချင်းချုံးရဲ့ သမီးရဲ့ကျင့်ကြံခြင်းအဆင့်က သူ့ဟာသူ လေ့ကျင့်ပြီးတော့ ရလာတာလေ။
သူမရဲ့တစ်ဦးတည်းသော သမီးကတော့ ငယ်ငယ်လေး ကတည်းက ကျင့်ကြံဖို့ကို လုံးဝ သဘောမကျခဲ့ဘူး။ သူရဲ့အရည်အချင်းဆိုတာကလည်း တကယ့်ကို သာမန်လောက်ပဲ။
သူရဲ့ကျင့်ကြံခြင်းအဆင့်က အခုအချိန်မှာ ရွှေအမြုတေအဆင့်ကို ရောက်နှင့်ပြီးသားဆိုပေမဲ့လည်း ဒါတွေအားလုံးက ဆေးရည်ကိုသုံးပြီး တည်ဆောက်လာရတာလေ။ သူက အုတ်မြစ်တည် ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်မယ်ဆိုရင် နိုင်ချင်မှတောင် နိုင်လိမ့်မယ်။
အခြေတည်စကျင့်ကြံခြင်းအဆင့် ရောက်ဖို့ဆိုရင်တော့ သူမမှာ ဒီအကြောင်းကို စဥ်းတောင် မစဥ်းစားရဲဘူး။ သူမက သမီးဖြစ်သူရဲ့ ကျင့်ကြံခြင်းအဆင့်ကို အခြေတည်ဆောက်ဝိညာဥ်ကျင့်ကြံခြင်း အဆင့်မြင့်သွားအောင် ဆေးရည်နဲ့ အတင်းဖိအားပေးပြီး သုံးနိုင်တယ်ဆိုပေမဲ့လည်း သူမကအခြေတည်စဝိညာဥ်ရဲ့ မိုးကြိုးဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ။
ဒီလိုစဥ်းစားလိုက်ပြီး သူမက ကြိတ်ပြီး သက်ပြင်းချလိုက်တယ်။ အဲ့ဒီနောက်မှာတော့ အားယူပြီး ပြုံးလိုက်ရတယ်။
"လေးစားရတဲ့ချုံးချင်းကြီးမြတ်သူ စိတ်မပူပါနဲ့ ရှင့်သမီး အရည်အချင်းနဲ့ဆိုရင် သူက ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်ရောက်ဖို့ ပြဿနာရှိမှာ မဟုတ်ပါဘူး။ သူက ရက်ပိုင်းအတွင်းမှာပဲ ကျော်ဖြတ်သွားနိုင်လောက်တယ်"
"တကယ်လို့များ ဒီသက်တမ်းတစ်ခုလုံးမှာ အဆင့်ကျော်ဖြတ်ခြင်းကို မအောင်မြင်ခဲ့ဘူးဆိုရင်တောင်မှ သူ့မှာ ဖော့ယွမ်ဆေးလုံး ရှိသေးတယ်မဟုတ်လား"
သူမရဲ့နှစ်သိမ့်စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကြီးမြတ်သူချုံးချင်းက အားယူပြီးပြုံးလိုက်တယ်။
ဒိအချိန်မှာပဲ ထျန်းကျီးဂိုဏ်းရဲ့ တတိယအကြီးအကဲက ကြီးမြတ်သူအများအပြားကို လှမ်းကြည့်လိုက်ပြီး သူက လောကကြီးကို ထိုးဖောက်မြင်ယောင်နေသလို ဘာမှမတတ်နိုင်တဲ့ အရိပ်အယောင်နဲ့ ပြောလိုက်တယ်။
"ကြီးမြတ်သူတို့ရဲ့ မျိုးဆက်သစ်လေးတွေက အနည်းဆုံးတော့ မှန်ကန်တဲ့ ကျင့်ကြံရေးလမ်းကြောင်းပေါ်ကို ရောက်သွားခဲ့ပြီလေ"
"ကျုပ်ရဲ့ အသုံးမကျလှတဲ့သမီးကတော့ ပင်ကိုယ်ဗီဇနဲ့မွေးလာတဲ့ ဗေဒင်ဟောတဲ့ သူတစ်ယောက်ပဲ ဖြစ်မှာပါ၊ သူက ထျန်းရန်ပါ့ကွားကို တစ်ချက်လောက် ကြည့်လိုက်ယုံနဲ့ ဆယ်ရာခိုင်နှုန်းလောက် နားလည်နိုင်တယ်ဆိုပေမဲ့လည်း သူကတော့ ဓားလှံတွေကိုကိုင်ပြီး ဝေ့ယမ်းချင်နေတာပဲရှိတယ်"
သူရဲ့အသံက ပိုပြီးတော့ကို ကူကယ်ရာမဲ့လာတယ်။
"သူက ဒီနေရာမှာ တော်တယ်ဆိုရင်လည်း ထားလိုက်ပါတော့။ ဒါပေမဲ့လည်း သူက သိုင်းပညာကိုဒီအတိုင်း မလိုက်နိုင်တာပဲလေ။ သုံးနှစ်တောင်ကျော်လာပြီ သူ့မှာ ဓားသိုင်းကွက်လေး တစ်ကွက်ကိုတောင် ကျွမ်းကျွမ်းကျင်ကျင် မတတ်သေးဘူး။ ဂိုဏ်းချုပ်ကြီးချီကတောင် ပြောနေတယ်၊ သူ့မှာ ဓားသိုင်းပညာနဲ့ပတ်သက်ပြီး ပါရမီပါမလာဘူးတဲ့"
"ဒါပေမဲ့လည်း သူကဒါကိုလက်ခံဖို့ ငြင်းဆန်နေတယ်လေ။ ပြန်လှည့်ဖို့ကို ငြင်းဆန်နေပြီး နံရံကိုပဲ ဇွတ်ကို သွားတိုက်နေတော့တာ"
ပါရမီရှင် ဗေဒင်ဆရာတစ်ယောက်ဖြစ်တဲ့ တတိယအကြီးအကဲရဲ့သမီးရဲ့ ဂုဏ်သတင်းအကြောင်းကို စဥ်းစားလိုက်မိတဲ့အခါ ကြီးမြတ်သူလျိုမင်က သူမရဲ့မနာလိုစိတ်တွေကို ဖိနှိပ်ထားရပြီးအသံထဲမှာ နာကျင်နေတဲ့ အရိပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"အကြီးအကဲရယ် ဘာတွေစိတ်ပူနေတာလဲ၊ ရှင့်ရဲ့သမီးက ဓားသိုင်း လေ့ကျင့်ရင်း ဗေဒင်ဟောလို့ရသားပဲ၊ သူက ဗေဒင်ဆရာ အများစုထပ်လည်း ပိုပြီးတော့တော်တယ်။ သူက ထျန်းရန်ကို လေ့လာဖို့ အာရုံစိုက်လိုက်တာနဲ့ပဲ သေချာပေါက်ကို ထိုးတက်သွားမှာ"
...