အခန်း ၁၀၀
Vol. 7 Ch. 100
အပိုင်း (၁၀၀)
ကျောက်ယန်က သူ့ဟာသူ သပ်သပ်ရပ်ရပ် လုပ်ပြီးတဲ့နောက်မှာ ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး အကြောက်အရွံ့ကင်းတဲ့ပုံစံနဲ့ ပထမထပ်ကို လျောက်လာခဲ့တယ်။
"ဆရာ ကျွန်တော်မှားခဲ့ပါတယ်"
သူက ပထမထပ်ကိုရောက်လာပြီး ထောင့်မှာရှိနေတဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီး ရှိရာဖက်ကို တန်းတန်းမတ်မတ် ပြေးလာခဲ့တယ်။ သူက ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကို မြင်လိုက်တဲ့အခါ ဒူးထောက်ချလိုက်ပြီး ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့ သူ့အမှားကို ဝန်ခံလိုက်တော့တယ်။
"ဆရာ့ရဲ့အသုံးမကျတဲ့တပည့်ကြောင့်ကိုယ့်ဟာကို ထိခိုက်အောင်မလုပ်ပါနဲ့"
ဇနီးဖြစ်သူကို ကောင်းမွန်တဲ့ကံတရားတစ်ခု ယူလာပေးနိုင်တဲ့ ဇာတ်လမ်းအပြီးမှာ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ဆင်ခြင်ဉာဏ်ကို ပြန်ရသွားပြီး သူ့မျက်နှာပေါ်မှာ အမူအရာကို ထိန်းချုပ်သွားနိုင်ခဲ့တယ်။
သူက လက်ကို ဝေ့ယမ်းလိုက်ပြီး ပေါင်းစပ်အတားအဆီးတစ်ခုက ဒီထောင့်နေရာကို ချက်ချင်း ဝန်းရံထားလိုက်တယ်။ ဒါပေမဲ့လည်း...
ကြီးမြတ်သူတွေအားလုံးက ထွက်သွားကြပြီဆိုပေမဲ့ ဒီနေရာမှာ အတင်းအဖျင်းကိုစောင့်နေကြတဲ့ အစွမ်းထက်တဲ့လူ အများစုက သူလို့ပဲ ကျင့်ကြံခြင်းအဆင့်တွေရှိတယ်။ အတားအဆီးက သူတို့အတွက် အသုံးမဝင်လေဘူး။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးဟာဆိုရင် သူ့ရင်ဘတ်ပေါ်မှာ လက်ပိုက်ထားပြီးတော့ အတင်းအဖျင်းကိုပေါ်တင် စောင့်ကြည့်နေလိုက်သေးတယ်။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ဒီအချိန်မှာတော့ ဒီလူတွေကိုဂရုစိုက်ဖို့ အချိန်မရတော့ဘူး။ သူက ငိုယိုပြီး သူခြေထောက်ပေါ်မှာ အလေးအနက်ဆင် ခြင်သုံးသပ်နေတဲ့ သူ့တပည့်ကို ကြည့်လိုက်ပြီး အံ့ကြိတ်ရင်း မေးလိုက်တော့တယ်။
"ရွှင့်ချန်ဂိုဏ်းက မင်းကို အစားအသောက်၊ အဝတ်အစား၊ အရင်းအမြစ်၊ ဝိညာဥ်ရတနာတွေကို မပေးဘဲ ထားလို့လား၊ မင်းကတကယ်ပဲ..."
သူက အသက်ပြင်းပြင်း ဆက်ရှုနေရပြီး ပုံမှန်အခြေအနေ ပြန်ဖြစ်လာဖို့ အချိန်တစ်ခု ယူလိုက်ရတယ်။ သူ့အသံကလည်း တုန်ယင်လို့နေတယ်။
"တကယ်တည်း ဒီနေရာကို ရောက်လာပြီး ... အမျိုးသားပြည့်တန်ဆာ တစ်ယောက်တောင် ဖြစ်လာသေးသတဲ့လား"
"မင်းက ရွှင့်ချန်ဂိုဏ်းရဲ့ တပည့်အရင်းတစ်ယောက်နဲ့ တူသေးရဲ့လား"
ဒီအချိန်မှာတော့ ကျောက်ယန်က ပြီးခဲ့တဲ့နှစ်ဝက်တုန်းက သူ့မှာရှိထားတဲ့ ငယ်ရွယ်နုပျိုတဲ့စိတ်၊ ကိုယ်ရည်ကိုယ်သွေးတွေ မရှိလေတော့ဘူး။ သူ့မိတ်ကပ်ကို ဖျက်လိုက်ပြီးတဲ့နောက်မှာ သူ့မျက်နှာက လောကဓံတရားရဲ့ အရိပ်အယောင်တစ်ခုကိုတောင် ပြသနေသေးတယ်။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ဒေါသထွက်နေတာတောင် သူ့ကို ဂရုစိုက်သေးတာ မြင်လိုက်ရတဲ့အခါ မျက်ရည်တွေက သူ့မျက်လုံးတွေပေါ်မှာ ဝေ့တက်လာပြီး သူ့စကားလုံးတွေ အားလုံးကလည်း စကားတစ်ခွန်းတည်း ဖြစ်သွားတော့တယ်။
"ဆရာ ကျွန်တော့်မှာ တကယ်ပဲ တခြားရွေးချယ်စရာ မရှိတော့လို့ပါ"
သူက လက်ကို ဆန့်လိုက်ပြီး သူ့မျက်နှာပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး ဝမ်းနည်းတဲ့အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်တယ်။
"တပည့်က ဝိညာဥ်ကျောက်တုံးတွေ အများကြီး အကြွေးတင်ထားတယ်။ ဒါကြောင့် ကျွန်တော်လည်း ဒီလိုပဲ..."
"မင်းက ဆေးလုံးဖော်စပ်နဲ့သူတစ်ယောက်ပဲ၊ ဝိညာဥ်ကျောက်တုံးတွေကို ပြန်ဆပ်ဖို့ မင်းလုပ်ထားတဲ့ ဆေးလုံးတွေကို ဘာလို့မသုံးတာလဲ"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက တွေဝေမနေဘဲ သူရဲ့သနားစဖွယ် တပည့်စကားကို ဖြတ်ပြောလိုက်ပြီး အထင်သေးတဲ့ အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။
"ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းမှာ ဝိညာဥ်ကျောက်တုံးရှာဖို့ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာ သိပြီးသား၊ ဒါပေမဲ့ မင်းကတော့..."
သူ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျောက်ယန်ရဲ့ အမူအရာက အင်မတန်မှ ရှုပ်ထွေးသွားပြီး ဝမ်းနည်းသွားတဲ့ အရိပ်အယောင်တစ်ခုက သူ့ရဲ့နစ်နာရပါတယ်ဆိုတဲ့ အမူအရာထဲမှာ ရောယှက်သွားပြီး သူ့ရဲ့ဝမ်းနည်းမှုထဲမှာလည်း အပြစ်ကင်းစင်တဲ့ အရိပ်တစ်ခုဖြစ်သွားခဲ့တယ်။
"တပည့်က နည်းနည်း... ဝိညာဥ်ကျောက်တုံးတွေ အများကြီးကို အကြွေးတင်ထားတာ။ ဒါကြောင့်မလို့ ကျွန်တော်က ဒီနောက်ဆုံးဖြေရှင်းနည်းနဲ့ပဲ ဖြေရှင်းနိုင်ခဲ့တာပါ"
အဟမ်း- ချွန်းရှန်းဂေဟာမှာ ထိပ်တန်းကြယ်ပွင့်လေး တစ်ယောက်ဖြစ်ရတာက ဝိညာဥ်ကျောက်တုံးကို ရိုးရိုးရှင်းရှင်း မြန်မြန်ဆန်ဆန်နဲ့ အလွယ်တကူ ရှာဖွေနိုင်တယ်ဆိုပေမဲ့လည်း သူက ဝိညာဥ်ကျောက်တုံးတွေအားလုံးကို ပြန်ဆပ်ပြီးသွားတဲ့အထိ စောင့်ပြီး နည်းနည်းလေး ပိုလျှံစုဆောင်းဖို့လည်း ကြိုးစားချင်ခဲ့သေးတာလေ။ ဒါပေမဲ့ သူက ဒီအကြောင်းကိုတော့ သူ့ဆရာရှေ့မှာ လုံးဝပြောပြလို့မဖြစ်ဘူးပေါ့။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ရှင်းပြတဲ့စကားကို ကြားလိုက်ရတဲ့အခါ ပိုပြီးတော့တောင် အမျက်ဒေါသ ထွက်သွားတော့တယ်။
"မင်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ၊ ဝိညာဥ်ကျောက်တုံး ဘယ်လောက်တောင် အများကြီး အကြွေးတင်နိုင်မှာမို့လို့လဲ"
"ရွှင့်ချန်ဂိုဏ်းက ဒါကိုပြန်မဆပ်နိုင်လို့လား။ မင်းက ဂိုဏ်းကိုဖြစ်ဖြစ် ဒါမှမဟုတ် မင်းရဲ့ဆရာကို ဘာဖြစ်လို့ အကူအညီ လှမ်းမတောင်းခဲ့တာလဲ"
ကျောက်ယန်က ခေါင်းမော့လိုက်ပြီး ဒေါသထွက်နေတဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကို သေသေချာချာလေး ကြည့်လိုက်တယ်။ သူက ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်း နောက်ဆုံးတော့ ဘာမှမပြောဘဲခေါ င်းငုံထားလိုက်တော့တယ်။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ကိုပြင်းပြင်းထန်ထန် ဆူပူပြီးတဲ့နောက်မှာ နောက်ဆုံးတော့ အနည်းငယ် စိတ်ပြေလျော့သွားခဲ့တယ်။
သူက ခေါင်းငုံထားပြီး သူ့ကိုတောင်မော့ မကြည့်ရဲတဲ့တပည့်ကို ကြည့်လိုက်ပြီး သူ့အသံက ပျောက်ကွယ်မသွားသေးတဲ့ ဒေါသတချို့ ပါနေသေးတယ်။
"မင်းက ဝိညာဥ်ကျောက်တုံးတွေ ဘယ်လောက်တောင် အကြွေးတင်ထားလို့လဲ"
သူ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျောက်ယန်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ပေါင်းစပ်ကျင့်ကြံခြင်း အဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေ ဘယ်သူမှ မကြားနိုင်တဲ့လေသံနဲ့ တိုးတိုးလေး ပြောလိုက်တယ်။
"တစ်ရာ... ဝိညာဥ်ကျောက်တုံးတစ်ရာလား"
"ရွှင့်ချန်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ မင်းက ဘယ်လိုဖြစ်ပြီး ကြောက်ရွံ့နေရတာလဲ"
ရွှင့်ချမ်ဂိုဏ်းချုပ်ကြီးက ကျက်သရေရှိပြီး ကျယ်လောင်တဲ့အသံနဲ့ ပြောလိုက်တယ်။
"မင်းက ဝိညာဥ်ကျောက်တုံးတွေ ဘယ်လောက်များ အကြွေးတင်နေလို့လဲ"
ကျောက်ယန်က သူရဲ့နှလုံးသားကို တင်းကြပ်ထားလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ကာ အကျယ်ကြီး အော်ပြောလိုက်တော့တယ်။
"ဝိညာဥ်ကျောက်တုံးသန်း၁၂၀၀ပါ"
"ဟိုက်...__"
တစ်စုံတစ်ယောက်က အေးစက်တဲ့လေထုတစ်ခုကို ရှူသွင်းမိလိုက်တယ်။
"အဟွတ်__"
တစ်စုံတစ်ယောက်က ပွဲကိုကြည့်နေရင်း စားလက်စဝိညာဥ်သစ်သီးကို ထွေးထုတ်မိသွားတယ်။
"အဟမ်း__"
ဝမ့်ကျန်ဂိုဏ်းချုပ်ကြီးက ချောင်းဟန့်လိုက်ပြီးတဲ့နောက်မှာ ပိုက်ထားတဲ့သူ့ရဲ့လက်တွေကို တိတ်တိတ်ကလေး ဖြေချလိုက်တယ်။
မင်းက ရွှင့်ချန်ဂိုဏ်းရဲ့တပည့် ပီသပါပေတယ်။ အကြွေးကို ဒီလောက်ရက်ရက်ရောရောကြီး တင်ထားရတယ်လို့။
ဝိညာဥ်ကျောက်တုံးသန်း၁၂၀၀ဆိုတာ ဝမ့်ကျန်ဂိုဏ်းရဲ့ လက်ရှိဂိုဒေါင် တစ်ဝက်စာနီးပါးတောင်ရှိတာပဲ။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ခဏလောက်မှင်တက်အံ့သြသွားပြီး ကျောက်ယန် ပြောလိုက်တဲ့အရေအတွက်ကို သဘောပေါက်သွားတော့တယ်။ သူက မယုံမကြည်နိုင်တဲ့ရုပ်နဲ့ သူ့ကို ကြည့်လိုက်တယ်။
"မင်းက ရှေးဟောင်းဝိညာဥ်ပစ္စည်းကို ခိုးထားလို့လား၊ ဒါမှမဟုတ် ဝိညာဥ်မိုင်းတွင်းတစ်ခုကို လုထားလို့လား"
ဝိညာဥ်ကျောက်တုံးသန်း၁၂၀၀တဲ့။
ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် များပြားတဲ့ ဝိညာဥ်ကျောက်တုံးတွေကို အကြွေးတင်နိုင်ရတာလဲ။
ဒီလိုစဥ်းစားလိုက်ပြီး သူက တစ်ခုခုကို ရုတ်တရက် သတိရသွားသလိုပဲ။ ဒေါသတကြီးနဲ့ ပြောလိုက်တော့တယ်။
"မဟုတ်မှလွဲရော ချန်းထျန်းဂိုဏ်းက..."
"ချန်းထျန်းဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒါက... တပည့်ရဲ့ပြသာနာပါ"
ကျောက်ယန်က သူ့အကြွေးအများကြီး တင်သွားရတဲ့ အကြောင်းအရင်းကို မြန်မြန်ဆန်ဆန် ရှင်းပြရတော့တယ်။
"အစတုန်းကတပည့်က ဝိညာဥ်ကျောက်တုံးတစ်ထောင်ပဲ အကြွေးတင်တာပါ"
"အဲ့ဒီတုန်းက အကြွေးရှင်တွေက အဆင့်လေး ထျန်းယွမ်ဆေးလုံးတစ်ခုကို လိုချင်နေတာလေ။ တိုက်တိုင်ဆိုင်ဆိုင်ပဲ တပည့်ကလည်း ဒီဆေးလုံးကို သန့်စင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် တပည့်က အကြွေးရှင်တွေနဲ့ ဒီဆေးလုံးကို သုံးပြီး အကြွေးချေဖို့ဆွေးနွေးခဲ့သေးတယ်"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ဒီစကားကိုကြားလိုက်တဲ့အခါ မျက်မှောင်ကျုံ့သွားတယ်။ ထျန်းယွမ်ဆေးလုံးဆိုတာ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကျောက်ယန်အတွက် ဘာမှမဟုတ်ဘူးလေ။
မဟုတ်မှလွဲရော ကျောက်ယန် သန့်စင်လိုက်တဲ့ဆေးလုံးက တစ်ခုခုများ လွဲသွားလို့လား။
သူက မျက်မှောင်ကျုံ့ရင်း စဥ်းစားနေတုန်းမှာပဲ ကျောက်ယန်ရဲ့အသံက ဝမ်းနည်းမှုအပြည့် ဖြစ်သွားတယ်။
"တပည့်ကကြွေးရှင်အတွက် ဆေးလုံးတစ်ခုကို သွားပြီးသန့်စင်လိုက်တဲ့အချိန်မှာ တစ်ခုခုလွဲသွားပြီး ဆေးလုံးက ဖိုထဲမှာပဲ ပေါက်ကွဲသွားခဲ့တယ်..."
"ဖိုက ပေါက်ကွဲသွားတယ်ဆိုရင် မင်းက ဘာဖြစ်လို့ ဆက်ပြီး မသန့်စင်တာလဲ"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ကျောက်ယန်က လိုရင်းကို မပြောသေးတာကို ကြားလိုက်ရတဲ့အချိန်မှာ သူ့မျက်လုံးထဲမှာ စိတ်မရှည်နိုင်မှုတွေ ဖြစ်နေပြီ။
" ဒါက ပေါက်ကွဲသွားတဲ့ ဖိုကိစ္စမဟုတ်ပါဘူး"
နှစ်လကျော်သွားပြီးတဲ့ နောက်မှာတောင်မှဘဲ ကျောက်ယန်က ဒီအကြောင်းကို ပြောနေတဲ့အချိန်မှာ ကြောက်ရွံ့နေမိသေးတယ်။
"ဆေးလုံးဖော်စပ်တဲ့ဖိုက ပေါက်ကွဲသွားတဲ့အချိန်မှာ တိမ်နီမြက်ပင်တစ်ပင်က ပေါ်လာခဲ့တယ်။ ဖိုပေါက်ကွဲသွားတဲ့အချိန်မှာ ဆေးလုံးဖော်စပ်တဲ့ နေရာမှာသုံးတဲ့ ဝိညာဥ်စွမ်းအင်တွေက အဆင့်ခြောက် ဝိညာဥ်စွမ်းအင်မီးအဖြစ် ပြောင်းလဲသွားခဲ့တယ်"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ မယုံမကြည်နဲ့ ကျောက်ယန်ကို ကြည့်လိုက်မိတယ်။ တိမ်နီမြက်ပင်က ဝိညာဥ်စွမ်းအင်မီးအဖြစ် အသွင်ပြောင်းသွားခြင်းက ကျင့်ကြံရေးလောကထဲမှာ နှစ်ထောင်ချီမှ တစ်ကြိမ်ပဲ ဖြစ်ခဲ့ဖူးတာလေ။
ဒါက သူ့တပည့် တွေ့ကြုံခဲ့ရတဲ့အရာတဲ့လား။
ကျောက်ယန်ရဲ့ ဝမ်းနည်းနေတဲ့အသံက ဆက်ပြီးတော့ ထွက်လာတယ်။
"မီးက အဲ့ဒီမှာ မထိန်းနိုင်တော့ဘဲ တစ်ချက်နှစ်ချက်အတွင်းမှာပဲ ကြွေးရှင်ရဲ့အိမ်ကို မီးလောင်သွားခဲ့တယ်"
ဒီစကားကိုကြားလိုက်တဲ့အချိန်မှာ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့လက်ကို ထုတ်လိုက်ပြီး ရင်ဘတ်ကို အုပ်ထားလိုက်ပြီး သူ့အသံကလည်း အနည်းငယ် တုန်ယင်သွားတယ်။
"ကြွေးရှင်ရဲ့အိမ်က ကြီးတယ်ဆိုရင်တောင်မှာ ဝိညာဥ်ကျောက်တုံး သန်း၁၂၀၀တော့ မတန်ဘူးလေ ဟုတ်တယ်မလား"
ကျောက်ယန်က ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြတ်သားတဲ့မျက်နှာတစ်ခုနဲ့ ပြောလိုက်တယ်။
"မီးက အရမ်းကို မြန်မြန်ဆန်ဆန်ပဲ ပျံ့သွားခဲ့တာ။ ကြွေးရှင်ရဲ့အိမ်ဘေးမှာ အဆင့်လေး ဆေးခင်းတစ်ခု ရှိတယ်။ ဆေးခင်းတစ်ခုလုံးကလည်း ပြာကျသွားဖို့ အချိန်တောင် မကြာလိုက်ဘူးလေ"
"တိုက်တိုက်ဆိုင်ဆိုင် အဲဒီဆေးခင်းထဲမှာ သန္ဓေပြောင်း ဝိညာဥ်စွမ်းအင်ဆေးပင်တစ်ခု ရှိနေတယ် ဒါကလည်း မီးကို အားပေးစေတဲ့အရာဖြစ်နေတယ်"
"မီးလောက်လွယ်တဲ့ ဝိညာဥ်စွမ်းအင်ပစ္စည်းတွေ သိမ်းဆည်းထားတဲ့ ဂိုထောင်ကြီးတစ်ခုက ဆေးခင်းရဲ့ သိပ်မဝေးလှတဲ့နေရာမှာ ရှိနေပြန်တယ်"
အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခုဖြစ်သွားပြီးတဲ့နောက်မှာ နဂိုက အဆင့်ခြောက်ပဲရှိတဲ့ ဝိညာဥ်စွမ်းအင်မီးက အဆင့်ခုနှစ်ထက်ကို ကျော်သွားပြီး တောင်တစ်ခုလုံး ပြာကျသွားတော့တယ်။ နောက်ဆုံးမှာတော့ မြို့စောင့်အကြီးအကဲက မီးကို ငြိမ်းသတ်ဖို့အတွက် အဆင့်ခုနှစ် မိုးကျောက်တုံးတွေကို သုံးလိုက်ရတယ်။ ဒါပေမဲ့လည်း မိုးကျောက်တုံးက မီးငြိမ်းသွားပြီးနောက်မှာ ပြာဖြစ်ကုန်ကြတယ်။
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ကိုးယို့ကားယားနိုင်လွန်းလှတဲ့ ဒီနောက်ဆက်တွဲကိစ္စကြီးကို နားထောင်ပြီး အချိန်အကြာကြီး ဘယ်လိုအမူအရာ ထားရမှန်းမသိအောင် ဖြစ်သွားတော့တယ်။
အချိန်တော်တော်ကြာသွားပြီးတဲ့နောက်မှတော့ သူ့မျက်နှာပေါ်မှာ ရှိနေတဲ့ဒေါသတွေက လုံးဝကို ကွယ်ပျောက်သွားတော့တယ်။
သူက သက်ပြင်းချလိုက်ပြီး ကိုယ်ကိုကုန်းလိုက် ကျောက်ယန်ကို ဆွဲထူပေးလိုက်ပြီး သူ့ပခုံးလေးကို ပုတ်ပေးလိုက်တော့တယ်။
"တပည့်အလိမ္မာလေး"
"မင်းက လိုက်လျောညီထွေနေတတ်ပြီး စာပေမှာရော သိုင်းပညာနှစ်ခုစလုံးမှာပါ ကျွမ်းကျင်တယ်။ မင်း ဒုက္ခရောက်နေတဲ့ အချိန်မှာလည်း ဂိုဏ်းကို မှီခိုအားထားရမဲ့အစား ကိုယ့်ဟာကို တာဝန်ယူပေးခဲ့တယ်"
သူ့ကိုချီးမွမ်းစကားပြောလိုက်ပြီးတဲ့နောက်မှာ သူက ကျေနပ်သွားတဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"ယန်အာက အရွယ်ရောက်လာပြီပဲ"
ကျောက်ယန်အတွက် ဝိညာဥ်ကျောက်တုံးတွေ ပြန်ဆပ်ပေးဖို့ ကိစ္စကိုတော့ သူက ထပ်ပြီး လုံးဝမပြောတော့ဘူး။ ဝိညာဥ်ကျောက်တုံး သန်း၁၂၀၀တဲ့လေ။
ရွှင့်ချန်ဂိုဏ်းကြီးက ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝတယ်ပြောပြော သူက ဒါတွေကို ဒီနည်းလမ်းနဲ့တော့ မသုံးနိုင်ဘူးလေ။
သူက ဒီနေ့ ကျောက်ယန်အတွက် သန်း၁၂၀ဝလောက် ပြန်ဆပ်ပေးလိုက်မယ်။ ရွှင့်ချန်ဂိုဏ်းက တခြားတပည့်တွေကလည်း ဝိညာဥ်ကျောက်တုံး ရာထောင်ချီပြီး အကြွေးတင်နေခဲ့မယ်ဆိုရင် ဂိုဏ်းကရော ကူညီပေးရမှာလား။ မကူညီရတော့ဘူးလား။
တကယ်တော့လည်း... ချွန်းရှန်းဂေဟာကြီးကလည်း ခမ်းနားထည်ဝါတဲ့ပုံပါပဲ။ အဟမ်း- သူအရင်တုန်းက ထင်ထားသလို စုတ်ချာမနေပါဘူး။ တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့ခေါင်းကို လှည့်လိုက်ပြီး သူရဲ့တခြားတပည့်ကိုကြည့်လိုက်ကာ မျက်လုံးထဲမှာလည်း ကြောက်ရွံ့တဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။
"ရှချင်း မင်းကရော ဝိညာဥ်ကျောက်တုံးဘယ်လောက်တောင် အကြွေးတင်နေတာလဲ"
ရှချင်းက ကျောက်ယန်ရဲ့အကြွေးကနေ သတိပြန်ဝင်လာပြီး မြန်မြန်ဦးညွှတ်လိုက်ကာ ဂရုတစိုက်နဲ့ ပြောလိုက်တော့တယ်။
"တပည့်က ဝိညာဥ်ကျောက်တုံး သုံးသောင်း အကြွေးတင်ထားပါတယ်"
သူမက ဝိညာဥ်ကျောက်တုံး လုံလုံလောက်လောက် အကြွေးတင်ပြီးပြီလို့ ထင်ထားတာ။ ဒါပေမဲ့ သူမရဲ့ တတိယဂိုဏ်းတူမောင်လေးက တကယ်တမ်းပိုပြီးတော့တောင်... တော်နေမယ်လို့ မထင်ထားမိဘူး။
ရှချင်းရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက စိတ်အေးသွားသလို သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့အသံကလည်း နည်းနည်းလေး ပြေလျော့လာတယ်။
"မင်းကလည်း ဆေးလုံးသန့်စင်တဲ့ဖို ပေါက်ကွဲသွားလို့လား"
ရှချင်းက ခေါင်းခါပြလိုက်တယ်။
"တပည့်က ကျွမ်းယွမ်းဆေးလုံးကို သန့်စင်နေတာပါ... ဆေးပုလင်း နည်းနည်းပါးပါးလောက်ပဲ သန့်စင်ထားခဲ့တာ၊ ဆေးသောက်လိုက်ပြီးတဲ့နောက်မှာတော့ ကျင့်ကြံသူတွေက အစတုန်းက.. တစ်ညလုံး မအိပ်ဘဲ နေနိုင်ကြတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ သူတို့တွေက အာနိသင်က... ပျောက်သွားခဲ့တယ်”
သူမကပြောလေလေ သူမရဲ့အသံကပိုပြီးတော့ တိုးလာလေလေပဲ။
"ဝိညာဥ်ကျောက်တုံး သုံးသောင်းဆိုတာက ဒီကျင့်ကြံသူတွေကို လျော်ကြေးပေးရတာပါ"
ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက သူ့တပည့်အတွက်ပဲ စိတ်မကောင်းဖြစ်ရမလား။ ကျင့်ကြံသူတွေအတွက်ပဲ စိတ်မကောင်းဖြစ်ရမလား အခိုက်အတန့်အတွင်း ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားတယ်။
အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့ သူက ရုတ်တရက် သဘောပေါက်သွားတယ်။
"လက်တွေ့ကျကျ ပြောရမယ်ဆိုရင် မင်းတို့နှစ်ယောက်က ငါရဲ့ဂုဏ်အယူရဆုံး တပည့်တွေပဲ၊ ပြီးတော့ မင်းတို့ရဲ့ဆေးလုံး ဖော်စပ်တဲ့အရည်အချင်းကလည်း အစောကြီးကတည်းက ပြီးပြည့်စုံပြီ။ နောက်ပြီးတော့ မင်းတို့သန့်စင်ခဲ့တဲ့ ဆေးလုံးတွေကလည်း အင်မတန်မှအဆင်ပြေတယ်။ မင်းတို့နှစ်ယောက်စလုံးက ဘာဖြစ်လို့ဒီလောက်ကြီးမားတဲ့ ပြဿနာတစ်ခုကို လုပ်ခဲ့ကြတာလဲ"
ဒီအချိန်မှာပဲ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက တစ်ခုခုကို သတိရသွားသလိုနဲ့ သူ့တပည့်ကို လှည့်ကြည့်လိုက်တယ်။
"စုန့်ယွီ မင်းလည်း ဝိညာဥ်ကျောက်တုံးတွေ အကြွေးတင်နေတာ မဟုတ်ဘူးမလား။ မင်းဘယ်လောက် အကြွေးတက်နေတာလဲ။ ဘယ်လို လုပ်ပြီး အကြွေးတင်သွားတာလဲ"
ဝိညာဥ်ကျောက်တုံးသန်း၁၂၀၀လို့ ကြားလိုက်ရပြီးတဲ့နောက်မှာ စုန့်ယွီက သူတင်ထားတဲ့ ဝိညာဥ်ကျောက်တုံးအကြွေးက ဘာမှမဟုတ်တော့သလို ခံစားလိုက်ရတယ်။
သူက စိတ်အေးသွားတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဆရာစိတ်မပူပါနဲ့၊ ကျွန်တော်က ဝိညာဥ်ကျောက်တုံး သုံးထောင်ပဲ အကြွေးတင်ထားတာပါ"
"တပည့် အကြွေးတင်ရတယ်ဆိုတာကလည်း တပည့်က အလုပ်ရှင်တစ်ယောက်ကို ကာကွယ်ပေးဖို့ တာဝန်တစ်ခု လက်ခံထားခဲ့တာ။ ညသန်းခေါင်ကြီးမှာ တပည့်က ဆူညံသံတစ်ခုကို ကြားလိုက်ပြီး ရန်သူလို့ထင်လိုက်တာ။ ဒါကြောင့် ကျွန်တော်က ဓားနဲ့ခုတ်ဖြတ်လိုက်တာပေါ့။ အလုပ်ရှင်က သူ့ရဲ့ချစ်သူနဲ့ တိတ်တိတ်လေး ခိုးတွေ့နေမယ်လို့ ကျွန်တော်လည်း မထင်ထားမိဘူးလေ"
ထျန်းကျီးဂိုဏ်းချုပ်ကလည်း သူ့သားကိုကြည့်လိုက်တယ်။ သူ့ကို အကြွေးတင်ရတဲ့ အကြောင်းအရင်းကို မေးလိုက်ပြီးနောက်မှာ သူက သူ့မုတ်ဆိတ်ကို သပ်လိုက်ပြီး တွေးတွေးဆဆ ပြောလိုက်တယ်။
"ချန်ထျန်းဂိုဏ်းက အန္တရာယ်ရှိတဲ့နေရာများလား။ ကျူပ်တို့တပည့်တွေက အဲ့ဒီကိုသွားလိုက်တဲ့အချိန်မှာ ဘာဖြစ်လို့များ ဒီလောက်များပြားတဲ့ ဝိညာဥ်ကျောက်တုံးတွေကို အကြွေးတင်ခဲ့တာလဲ"
ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကလည်း သူတပည့်နှစ်ယောက် အကြွေးတင်ထားတဲ့ ဝိညာဥ်ကျောက်တုံးတွေကို စဥ်းစားလိုက်ပြီး အံ့ကြိတ်ပြီးပြောလိုက်တယ်။
"အန္တရာယ်ရှိတဲ့နေရာ ဟုတ်ဟုတ် မဟုတ်ဟုတ် ကျုပ်ကတော့ တစ်ချက်လောက်တော့ သွားကြည့်ရအုံးမယ်"
ပြောလို့မရဘူးလေ ချန်းထျန်းဂိုဏ်းက တစ်စုံတစ်ယောက်က တစ်ခုခု လုပ်နေတာဖြစ်မှာပေါ့။
ဒီလိုစဥ်းစားလိုက်ပြီး သူက အေးတိအေးစက် မျက်နှာထားတစ်ခုနဲ့ ပြောလိုက်တယ်။
"ကျုပ်ချန်းထျန်းဂိုဏ်းကို သွားပြီး ကိုယ်တိုင် သွားကြည့်ရလိမ့်မယ်"
လူအုပ်ကြီးက ချွန်းရှန်းဂေဟာကနေထွက်လာတဲ့ ချက်ချင်းသူတို့တွေမှာ ချန်းထျန်းဂိုဏ်းချုပ်ကြီးကို မတွေ့ရသေးခင်မှာဘဲ ရှချင်းရဲ့အတိုင်းအတာတစ်ခုအထိ ဇဝေဇဝါဖြစ်နေတဲ့အသံကို ကြားလိုက်ရတယ်။
"ရှန့်ဟော်တောင်ထွတ်သခင်လား"
အားလုံးက သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်တဲ့အခါ ဒီလိုစည်းကားလှတဲ့လမ်းပေါ်မှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်လို စိတ်ကယောက်ကယက်ဖြစ်နေတဲ့ ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရတယ်။
အဲဒါက ရှန့်ဟော်တောင်ထွတ်သခင်တဲ့လား။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ့မျက်နှာပေါ်မှာ မယုံမကြည် အကြည့်တစ်ခုဖြစ်သွားတယ်။ ချန်းထျန်းဂိုဏ်းရဲ့ ရှန့်ဟော်တောင်ထွတ်သခင်ဟာဆိုရင် သူ့ရဲ့ဒေါသကြောင့် နာမည်ကြီးတယ်လေ။ သူက တစ်ခုခုကို သဘောမကျဘူးဆိုရင် စပြီးတိုက်ခိုက်တော့တာပဲ။
ဘယ်သူကများ သူ့ကို ဒီလိုကြီး ယိုယွင်းသွားအောင် လုပ်နိုင်တာပါလိမ့်။
စူးလီက ပွဲအကြီးကြီးတစ်ခုကို ကြည့်ရှုလို့ပြီးသွားတဲ့နောက်မှာပဲ အနားယူချင်သွားတယ်။ ဒါပေမဲ့လည်း သူမ ရှန့်ဟော်တောင်ထွတ်သခင်ရဲ့ လက်ရှိအခြေအနေကို မြင်လိုက်ရတဲ့အချိန်မှာ ရပ်ကြည့်မနေနိုင်တော့ဘဲ သိချင်စိတ်တွေဖြစ်သွားပြီး သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖွင့်ကြည့်မိလိုက်တော့တယ်။
[ရှန့်ဟော်တောင်ထွတ်သခင် ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းက__]
[ဟိုက်_ __ ငါ ဒါကို ဘယ်လိုပြောရမှာပါလိမ့်]
[ရှန့်ဟော်တောင်ထွတ်သခင်က အရမ်းကို ဆင်းရဲသွားလွန်းလို့ အဲ့ဒီအကြီးအကဲတွေ အလိမ်ညာခံလိုက်ရတဲ့ ဝိညာဥ်ကျောက်တုံးနဲ့ ဝိညာဥ်ရတနာတွေအကြောင်း ကြားလိုက်ရပြီးနောက်မှာ သည်းမခံနိုင်တော့ဘဲ အဲလမ်းကို လိုက်တော့တာပဲ...]
[ဟားဟားဟားဟား သူက လူတွေကိုလှည့်ဖျားဖို့ မိန်းမတစ်ယောက်လိုတောင် စတင်ပြီး ဟန်ဆောင်လိုက်သေးသတဲ့]
စူးလီက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကိုကြည့်လိုက်ပြီး ပထမဦးဆုံးအနေနဲ့ လူလိမ်အတွက် ကိုယ်ချင်းစာမိသွားတော့တယ်။
[သူက သူ့ရဲ့ရှေ့ဆောင်ဖြစ်တဲ့ ထန်ယ ဆီကနေပြီးတော့ လေ့လာခဲ့သင့်တာ၊ မဟုတ်ရင် သူ ဒီလိုတောင် ဖြစ်မှာမဟုတ်__ __]
[သူက စုစုပေါင်း လူငါးယောက်ကို လှည့်စားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီလူငါးယောက်ထဲမှာ တစ်ယောက်ချင်းစီက သူ့ဆီကနေ ဝိညာဥ်ကျောက်တုံးတွေ အများကြီး ပြန်ပြီ လှည့်စားသွားခဲ့တာတဲ့ ဟားဟားဟားဟား____]
[သူက သူတို့တစ်ယောက်ချင်းဆီရဲ့ လှည့်စားခံရတာတဲ့လေ]
[သူဒီကိုရောက်လာတာကလဲ ဟားဟားဟားဟား...]
…