← Chapters

အခန်း ၁၀၃

Vol. 7 Ch. 103

အခန်း ၁၀၃

Vol. 7 Ch. 103

အပိုင်း (၁၀၃)

ဒီအချိန်မှာ ချန်ထျန်းဂိုဏ်းက လူတွေအားလုံးက အသံမထွက်ဘဲ ရောက်လာကြတယ်။ အလကားရတဲ့ဒီလို အတင်းအဖျင်းမျိုးကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ။

ဖူယွီကျင်းရဲ့ ထောင်လွှားပြီး အငြိုးကြီးလှတဲ့စကားလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူတို့တွေက ဖူမင်ထျန်းနဲ့ မရင်းနှီးတာတောင် သူမအတွက် ကိုယ်ချင်းစာစိတ်လေးတစ်ခု ခံစားလိုက်ရသေးတယ်။

ရှန့်ဟော်တောင်ထွတ်သခင်က ဆက်ပြီးသည်းမခံနိုင်တော့ဘဲ တစ်ခုခုပြောဖို့ ရှေ့ကို လှမ်းထွက်လိုက်တဲ့အချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ရုတ်တရက် သူ့ကိုတားမြစ်လိုက်တယ်။

အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားအတိုင်းပဲ ဖူမင်ထျန်းက သနားစရာကောင်းတဲ့ အတိတ်တစ်ခုရှိခဲ့တယ်... သူက ဒါတွေအားလုံးကို နားလည်ပေးနိုင်ပါတယ်။

ဒါပေမဲ့လည်း အပြင်လောကကပြောလိုက်တဲ့ နောက်ဆုံးစကားတစ်ခုကိုတော့ သူနားမလည်နိုင်ဘူး။

အနိုင်ကျင့်ခံလိုက်ရတာနဲ့များ ကျင့်ကြံခြင်းအဆင့် တိုးတက်သွားလိမ့်မယ်... ဆိုတာ ဘာအဓိပ္ပာယ်တဲ့လဲ။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

ကျင့်ကြံခြင်းလောကထဲမှာ ကျင့်ကြံသူတွေအားလုံးက သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ချင်တယ်ဆိုရင် သူတို့တွေက အပြင်းအထန်လေ့ကျင့်ခြင်းကိုပဲ အားကိုးရနိုင်မယ်ဆိုတာ ကျင့်ကြံသူအားလုံးသိသားပဲ။ တစ်စုံတစ်ယောက်က အင်မတန်မှပါရမီရှိပြီး အင်မတန်မှ အရည်အချင်း ပြည့်ဝတယ်ဆိုရင်တောင် သူကလုံ့လရှိရှိနဲ့ မလေ့ကျင့်ခဲ့ဘူးဆိုရင် သူက လူအုပ်ကြီးထဲက အညတရလူပဲ ဖြစ်လာလိမ့်မယ်။

တစ်စုံတစ်ယောက်က အနိုင်ကျင့်ခံရတာနဲ့ပဲ သူတို့ရဲ့ကျင့်ကြံခြင်းတိုးတက်သွားနိုင်တယ်လို့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။

သူက အူကြောင်ကြောင်လေးနဲ့ ခေါင်းကိုလှည့်ကြည့်လိုက်ပြီး ချန်ထျန်းဂိုဏ်းက တခြားသူတွေကို ကြည့်လိုက်တဲ့အချိန်မှာ လူတိုင်းကလည်း ဇဝေဇဝါနဲ့ အချင်းချင်းကြည့်နေကြတာကို တွေ့လိုက်ရတယ်။

ဖူမင်ထျန်းရဲ့ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်က ဖျက်ဆီးခံလိုက်ရတယ်ဆိုပေမဲ့လည်း သူက ရွှေအမြုတေကျင့်ကြံရေးအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ။ ဒီတော့ သူကအပြင်လောကက ပြောလိုက်တဲ့စကားသံကို ကြားနိုင်တာပေါ့။

သူမက အပြင်လောကကပြောလိုက်တဲ့စကားသံကိုအမှတ်မဲ့စဥ်းစားမိပြီး ဒါကမှန်နေသလိုပဲ။

သူမရဲ့အရည်အချင်းက သာမန်ထက် နည်းနည်းလေးသာတယ်လို့ပဲ သတ်မှတ်နိုင်တယ်။

မင်မိသားစု လျှို့ဝှက်အစောင့်စခန်းထဲမှာ ရောက်နေတုန်းက သူမရဲ့ကျင့်ကြံနှုန်းက အစပိုင်းတုန်းက အရမ်းကြီး မြန်ဆန်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အကြိမ်တိုင်း သူဒဏ်ရာရခဲ့တဲ့အခါမှာ သူမရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်။

အစတုန်းကတော့ သူမက တခြားသူတွေနဲ့ တိုက်ခိုက်နေရင် ဉာဏ်အလင်းပွင့်သွားတယ်လို့ ထင်ခံနေတာပဲ။ ဒါပေမဲ့ အခု ပြန်စဥ်းစားရင်တော့ သူမက အောင်မြင်မှုနဲ့ ပြန်လာတဲ့အချိန်မှာ သူမရဲ့ကျင့်ကြံခြင်းက ကျရှုံးပြီးတော့ ဒဏ်ရာရတဲ့အချိန်လောက် မြန်ဆန်မနေဘူးဆိုတာ သတိထားမိလိုက်တယ်။

အထူးသဖြင့် ဖူမိသားစုကို ပြန်လာပြီးနောက်မှာ သူမက လျစ်လျူရှုခံထားရပြီး ဖူမိသားစုရဲ့မုန်းတီးခြင်းကို ခံစားရပေမဲ့လည်း နဂိုက အုတ်မြစ်တည် အလယ်အဆင့်သာရောက်သေးတဲ့ သူမရဲ့ကျင့်ကြံခြင်းတွေက မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ပြီး နှစ်ဝက်အတွင်းမှာပဲ အမြုတေတစ်ခုကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ခဲ့တယ်။

ဒါပေမဲ့အခုကျတော့...

ဖူမင်ထျန်းက သူမရဲ့ပျက်စီးသွားတဲ့ ရွှေအမြုတေကို ခံစားဖို့အာရုံစိုက်လိုက်ပြီးတဲ့နောက်မှာ ပြင်းထန်တဲ့ဝိညာဥ်စွမ်းအား ရှိနေတာကို ခံစားမိလိုက်ပြီး သူမက ကြောင်သွားပြီး မျက်တောင်ခတ်လိုက်မိတယ်။

ဧန္ကတ သူမက အပြင်လောကကပြောခဲ့တဲ့စကားလိုပဲ တကယ် ဖြစ်နေတာများလား။ သူမက အနိုင်ကျင့်ခံရလေလေ သူမရဲ့ကျင့်ကြံခြင်းအဆင့်က ပိုပြီးတော့ သန်မာလေလေတဲ့လား။

ဖူယွီကျင်းကတော့ အပြင်လောကက ဘာအသံကိုမှ မကြားနိုင်ဘူး။ သူမက ဖူမင်ထျန်းရဲ့မျက်နှာပေါ်က ရှုပ်ထွေးပြီး တအံ့တသြဖြစ်နေတဲ့မျက်နှာကို ကြည့်လိုက်ပြီး သူမရဲ့စကားလုံးတွေက ထိရောက်မှု ရှိတယ်လို့ ထင်သွားတယ်။

ဖြစ်ချင်တော့ ဖူမင်ထျန်းက သူမရဲ့သတို့သားလောင်းကို အရမ်းဂရုစိုက်နေတာကိုး။ ဒီလိုစဥ်းစားလိုက်ပြီး ဖူယွီကျင်း မျက်လုံးထဲက ဆိုးညစ်မှုတွေက ပိုပြီးတော့သိသာလာတယ်။ သူမက သူမရဲ့လက်ကို ဟန်ပါပါနဲ့ ဆန့်လိုက်ပြီး သူမရဲ့လက်ကောက်ဝတ်ပေါ်က ကျောက်စိမ်းလက်ကောက်ကို ထုတ်ပြလိုက်တယ်။

"အစ်ကိုယွီက တကယ်ပဲ တစ်ခုခုပဲနော်။ ငါက သူ့ကို လက်ထပ်မယ်လို့တောင် သဘောမတူရသေးဘူး။ သူက မင်မိသားစုရဲ့သခင်မလေးတွေ ပိုင်ဆိုင်နိုင်မဲ့ ချင်းဝမ်လက်ကောက်ကိုတောင် ငါ့ကို ပေးဖို့တော င်မစောင့်နိုင်တော့ဘူး"

"ဒါပေမဲ့လည်း အစ်ကိုယွီနဲ့ငါနဲ့က ဒီလောက်အချိန်အကြာကြီး ရှိလာခဲ့တာပဲ။ ဒါပေမဲ့ သူက သူရဲ့ သတို့သမီးလောင်း အဟောင်းကိုတော့ တစ်ခါမှ မထုတ်ပြောခဲ့ဘူးဖူးပဲ"

သူမရဲ့အသံက ချိုမြိန်နေပြီး ဖုံးကွယ်မထားတဲ့ သရော်သံတွေအပြည့် ဖြစ်နေတယ်။

"ငါ့အထင်တော့ အစ်ကိုယွီက နင့်ကိုဘယ်တုန်းကမှ အလေးအနက်ထားခဲ့တာ မဟုတ်ဘူး"

သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဖူမင်ထျန်းက သူမရဲ့နှုတ်ခမ်းကြားမှာ မြင်ရရုံလေးသာရှိတဲ့ အပြုံးတစ်ခု ပေါ်လာတယ်။

သူမက ဖူမိသားစုကို စိတ်ပျက်မိပြီး မင်ဟွားယွီအပေါ် တူညီတဲ့မျှော်လင့်ချက်တွေ မရှိတော့ဘူးဆိုရင်တောင်မှ သူမက အပြင်လောကက ပြောလိုက်တဲ့စကားသံကို မကြားခင်မှာ ဒီစကားကို ကြားလိုက်တယ်ဆိုရင်တော့ အရမ်းကိုဝမ်းနည်းမိပြီး ဒေါသထွက်မိမှာပဲ။

ဒါပေမဲ့လည်း အခုတော့...

ဖူမင်ထျန်းက သူမရဲ့ရင်ဘတ်ထဲမှာ မသိမသာ နာကျင်မှုတစ်ခုကိုသာ ခံလိုက်ရပြီး အဲဒီနောက်မှာတော့ သူမရဲ့စွမ်းအားဗဟိုချက်ထဲက ရွှေအမြုတေကိုစစ်ဆေးဖို့ မစောင့်နိုင်ဘဲဖြစ်သွားတော့တယ်။

!!!

ရွှေအမြုတေအပိုင်းအစ နောက်ထပ်တစ်ခုတိုးလာတာပဲ။ ရွှေအမြုတေထဲမှာ ပါဝင်နေတဲ့ ဝိညာဥ်စွမ်းအားတွေကလည်း မသိမသာလေး တိုးတက်လာတယ်။

အပြင်လောကက ပြောလိုက်တဲ့စကားသံက တကယ် မှန်နေတာပဲ။

သူမက အနိုင်ကျင့်ခံရပြီးရင် တကယ်ကို သန်မာလာနိုင်တယ်။

ဖူမင်ထျန်းက ငေးကြောင်ကြောင်လေး ဖြစ်နေတဲ့အချိန်မှာပဲ ဖူယွီကျင်းက သူမရဲ့နောက်က ခပ်သဲ့သဲ့ခြေသံတွေကို သတိထားမိလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ တွက်ချက်မှု တစ်ခု ဖျတ်ခနဲ ဖြစ်သွားတယ်။

အဲဒီနောက်မှာ သူမက ရှေ့ကိုနှစ်လှမ်းလောက် မြန်မြန်တိုးလာပြီး ဖူမင်ထျန်းရှေ့ကို လျှောက်လာလိုက်ပြီး ဖူမင်ထျန်းရဲ့လက်ကို ဆွဲယူလိုက်ပြီး သူမရဲ့ရင်ဘတ်ပေါ် ဆွဲတင်လိုက်တယ်။ နောက်တစ်စက္ကန့်မှာတော့ သူမက နောက်ကို လဲကျသွားလိုက်တာ ‘ဝမ်းနည်းစရာကောင်းပြီး လှလှပပလေး’ပါပဲ။

မြေကြီးပေါ်ကို လဲကျသွားပြီးတဲ့နောက်မှာ သူမက ခေါင်းလေးကို မော့လိုက်ပြီး မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ဖူမင်ထျန်းရဲ့မျက်နှာကို ကြည့်လိုက်တယ်။

"အစ်မ ငါက နင် စိတ်မကောင်းဖြစ်နေတာကို မြင်လို့ နင် စိတ်ပြေလက်ပျောက်ဖြစ်အောင် အဖော်လုပ်ပေးချင်ခဲ့တာပါ"

သူမရဲ့အသံထဲမှာ အရင်တုန်းကလို ထောင်လွှားတဲ့ဟန်တွေ လုံးဝမရှိတော့ဘဲ အားနည်းချိနဲ့ပြီး ဝမ်းနည်းဟန်အပြည့် ဖြစ်နေတယ်။

"အစ်မ တကယ်လို့ နင် ငါ့ကို မကြိုက်ဘူးဆိုရင်လည်း နင် ငြင်းပယ်လိုက်လို့ ရပါတယ်။ ဘာဖြစ်လို့များ ကျင်းအာကို ဒီလို ဆက်ဆံရတာလဲ"

ဒီအချိန်မှာတော့ အခုလေးတင်မှရောက်လာတဲ့ ဖူမိသားစုဝင် အားလုံးကလည်း ဖူယွီကျင်း ပြောလိုက်တဲ့စကားကို ကြားလိုက်ကြတယ်။

ဖူသခင်မက ဖူယွီကျင်းဆီကို မြန်မြန်လျှောက်သွားလိုက်ပြီး မျက်နှာပေါ်မှာ စိုးရိမ်တဲ့အကြည့်နဲ့ သူမကို တွဲထူပေးလိုက်ပြီး သူမရဲ့သမီးအရင်းကိုတောင်မှ လှည့်မကြည့်လေဘူး။

"ကျင်းအာ ဘယ်လိုနေသေးလဲ။ ဘယ်နားထိခိုက်သွားလဲ"

ဖူယွီကျင်းက သူမရဲ့ရင်ခွင်ထဲကိုမှီလိုက်ပြီး သူမရဲ့လက်တွေကလည်း သခင်မဖူရဲ့လက်ပေါ်မှာ တင်ထားလိုက်ကာ အခုလေးတင်မှ သူမကိုယ်တိုင်လုပ်ထားတဲ့ လက်ခုံပေါ်က ခြစ်ရာတစ်ခုကို ထုတ်ပြလိုက်တယ်။ သူမက နာကျင်မှုကိုသည်းခံလိုက်ပြီး သဘောထားကြီးကြီးနဲ့ ပြောလိုက်တယ်။

"အမေ သမီး ဘာမှမဖြစ်ပါဘူး"

"သမီးရဲ့အမှားပါ သမီးက အစ်မကို ဒေါသထွက်သွားအောင် လုပ်ခဲ့မိတာ"

သခင်မဖူက မျက်နှာပေါ်မှာ စိတ်မကောင်းတဲ့ရုပ်တစ်ခုနဲ့ သူမရဲ့သိုလှောင်အိတ်ထဲက နဥ်ဟန်ရွှမ်းကို ဆွဲထုတ်လိုက်တယ်။ သူမအတွက် ဂရုတစိုက် ဆေးလိမ်းပြီးတဲ့နောက်မှာတော့ ခေါင်းကိုထောင်လိုက်ပြီး ဖူမင်ထျန်းကို ဝါးစားတော့မတတ် ဒေါသနဲ့ ကြည့်လိုက်တယ်။

"ငါ့မှာ ဘယ်လိုလုပ်ပြီး နင့်လိုရက်စက်တဲ့ သမီးမျိုးရှိနေတာလဲ"

"ကျင်းအာက နင် ဖူမိသားစုကို ပြန်လာပြီးကတည်းက တစ်ဆင့်ပြီးတစ်ဆင့် အလျှော့ပေးလားခဲ့တာ။ ဒါပေမဲ့ နင်ကတော့ ကျေးဇူးကန်းတဲ့အပြင် ကျင်းအာကိုတောင် ထိခိုက်အောင် လုပ်နေချင်သေးတာလား"

ဖူမိသားစုသခင်ကြီးကလည်း သူမနောက်မှာ ရပ်နေလိုက်တယ်။ ဖူယွီကျင်း အဆင်ပြေနေတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သူက ခေါင်းထောင်လိုက်ပြီး သစ်ပင်ပင်စည်ကို မှီထားတဲ့ ဖူမင်ထျန်းကို အေးတိအေးစက်နဲ့ ကြည့်ပြီးပြောလိုက်တယ်။

"ဖူမင်ထျန်း မင်း ဘာလို့ ကျင်းအာကို မတောင်းပန်သေးတာလဲ"

သူ့ဘေးက ဖူရှူးလင်ကလည်း ဖူမိသားစုသခင်ကြီးကို ချဲ့ကားပြီး ပြောတော့တယ်။

"အဖေ ဖူမင်ထျန်းက ဒီနေ့ ကျွန်တော့်ညီမလေးကို ထိခိုက်အောင်လုပ်တယ်။ မနက်ဖြန်ကျရင် သူက အဖေနဲ့ အမေတို့ကို ထိခိုက်အောင်လုပ်လိမ့်မယ်။ တကယ်လို့များ ဒီလိုလူမျိုးက ဖူမိသားစုမှာ ရှိနေမယ်ဆိုရင် မဆုံးနိုင်တဲ့ဒုက္ခတွေပဲ ရောက်လာလိမ့်မယ်"

ဖူမင်ထျန်းက သူတို့တွေက သူမကို ဘာမေးခွန်းတစ်ခုမှမမေးဘဲ စွပ်စွဲနေတာကို ကြားလိုက်ရတဲ့အခါ မျက်လုံးတွေထဲမှာ မျက်ရည်တွေဖုံးနေတဲ့ သူမရဲ့ခေါင်းလေးကို မသိမသာလေး ငုံ့ထားလိုက်တယ်။

စိတ်လှုပ်ရှားစရာပဲ။

သူတို့တွေက ဒီစကားကို ပြောလိုက်ရုံနဲ့ပဲ သူမရဲ့ကျင့်ကြံခြင်းအဆင့်က ထိုးတက်လာတာကို ခံစားမိလိုက်တယ်။ တစ်ဝက်လောက်ကွဲထွက်သွားခဲ့တဲ့ ရွှေအမြုတေက အခုတော့ တစ်ဝက်ကျော် ဖြစ်သွားပြီ။

ဒီအစိတ်စိတ်အမြွှာမြွှာကွဲသွားတဲ့ ရွှေအမြုတေကိုကြည့်လိုက်ပြီး သူမက အခြေတည်စဝိညာဥ် ကျင့်ကြံခြင်းအဆင့်ရဲ့ အသက်ရှုသံကို ရေးရေးလေး ခံစားမိလိုက်တယ်။

သူမရဲ့အရည်အချင်းနဲ့ဆိုရင် သူမရဲ့တစ်သက်တာမှာ အခြေတည်စဝိညာဥ် ကျင့်ကြံခြင်းဖွဲ့စည်းမှုဆိုတာ ဘယ်တော့မှ မဖြစ်နိုင်လောက်ဘူး။ ဒါပေမဲ့လည်း အခုတော့ အခြေတည်စကျင့်ကြံခြင်းအဆင့်က လက်တစ်ကမ်းအလိုမှာ ရောက်နေတာကို ခံစားမိလိုက်တယ်။

ဒီအချိန်မှာတော့ သူမရဲ့မိဘတွေက စွပ်စွဲတော့လဲ ဘာအရေးလဲ။ အချစ်ဦး လုယူခံလိုက်ရတော့လည်း ဘာဖြစ်လဲ။ ဆွေမျိုးတွေက စွန့်ပစ်ခဲ့ကြတော့လည်း ဘာဖြစ်လဲ...

ဒီကိစ္စတွေက သူမကို နည်းနည်းလေးမှတောင် ယိမ်းယိုင်အောင် မလုပ်နိုင်ဘူးလေ။ ဒီအချိန်မှာပဲ သူမ အာရုံစုစည်းမှုအားလုံးက သူမရဲ့ကိုယ်ပိုင် ကျင့်ကြံခြင်းအပေါ်မှာပဲ ရောက်နေတော့တယ်။

အားလုံးပဲဖြစ်ဖြစ် တစ်ခုခုပဲဖြစ်ဖြစ် သူမကို သစ္စာဖောက်သွားနိုင်တယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ လုံးဝသစ္စာဖောက်လိမ့်မှာ မဟုတ်ဘူး။

ဒီလို စွပ်စွဲသံတွေနဲ့ ရင်ဆိုင်လိုက်ရပြီးတဲ့အခါ သူမက ဖူယွီကျင်း စကားလုံးတွေထဲက ဟာကွက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းရှင်းလင်းလင်း ထောက်ပြလိုက်ပြီး သူမရဲ့အပြစ်ကင်းစင်မှုကို သက်သေပြလို့ရသားပဲ။

ဒါပေမဲ့ အခုတော့...

သူမက သူမရဲ့စိတ်လှုပ်ရှားမှုနဲ့ စိတ်လှုပ်ရှားနေတဲ့ခံစားချက်ကို မျိုသိပ်ထားလိုက်ပြီး ခေါင်းလေးကို ငုံ့ထားလိုက်ကာ သူမရဲ့စကားလုံးတွေက ထူးထူးခြားခြား အားနည်းပြီးဖျော့တော့ နေတော့တယ်။

"သမီးမဟုတ်ပါဘူး၊ ဖူယွီကျင်းက သူ့ဟာသူလှဲချလိုက်တာပါ ဒါက သမီးနဲ့ မဆိုင်ပါဘူး"

"တော်လောက်ပြီ"

သူမ စကားဆုံးသွားတာနဲ့ချက်ချင်း ဖူမိသားစုသခင်ကြီးက ဒေါသတကြီးနဲ့ သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်တယ်။

"လက်တွေ့က ရှေ့ကို ရောက်နေပြီးပြီ၊ မင်းက ကပ်ပြီးတော့ ငြင်းချင်သေးတာလား"

"ငါတို့ဖူမိသားစုက ဉာဏ်များပြီး ကိုယ်ရဲ့ဆွေမျိုးတွေကို ထိခိုက်အောင်လုပ်တတ်တဲ့ နင့်လိုကလေးမျိုးကို ဘယ်တော့မှ သည်းခံလိမ့်မှာ မဟုတ်ဘူး"

ဒီအချိန်မှာပဲ ဒဏ်ရာတွေပျောက်ကင်းသွားတဲ့ ဖူယွီကျင်းက ဖူသခင်မရဲ့ လက်မောင်းပေါ်က ထရပ်လိုက်ပြီး ဖူမိသားစုသခင်ကြီးကို ဂရုတစိုက် အကြံပြုလိုက်တယ်။

"အဖေ အစ်မက နောက်ဆုံးတော့ ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ပဲ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း သမီးထက် အများကြီး မြင့်မားတယ်။ ဒီတော့ သူ့အတွက် ရွှေအမြုတေကျင့်ကြံခြင်း အဆင့်ရှိသူတစ်ယောက်ရဲ့ စိတ်သဘောထားမျိုးရှိတာက ပုံမှန်ပါပဲ"

"ဒါက ကျင်းအာရဲ့အမှားပါ၊ ကျင်းအာက အစ်မကို ဒေါသထွက်အောင် မလုပ်ခဲ့သင့်တာပါ"

သူမရဲ့ အားပေးနှစ်သိမ့်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဖူမိသားစု သခင်ကြီးရဲ့မျက်နှာက ဒေါသတွေက ပိုပြီးတော့ သိသာထင်ရှားလာတယ်။

"ရယ်စရာပဲ မင်းက ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့် ရောက်သွားတာနဲ့ပဲ ဖူမိသားစုထဲမှာ မကောင်းမှုတွေကို လုပ်နိုင်သတဲ့လား"

ဖူမိသားစုက ချင်းထျန်းမြို့ထဲက သေးငယ်တဲ့မိသားစုတစ်ခု ဆိုပေမဲ့လည်း မိသားစုကို စောင့်ရှောက်ပေးနေတဲ့ ပညာရှင်တစ်ယောက်ရှိပြီး မိသားစုသခင်ကြီး တစ်ယောက်အနေနဲ့ သူကလည်း အခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းအဆင့် ရှိတာပဲ။

သူကဖြင့် ရွှေအမြုတေကျင့်ကြံခြင်း အဆင့်ပဲရှိသေးတယ်။ ဒါကိုတောင်မှ သူက ဖူမိသားစုထဲမှာ ဒီလောက်တောင် မောက်မာထောင်လွှားရဲသတဲ့လား။

ဒီလိုစဥ်းစားလိုက်ပြီး သူ့အသံတွေက အနည်းငယ်ပိုပြီးတော့ အေးစက်လာခဲ့တယ်။

"ဖူမင်ထျန်း မင်းက ကျင်းအာကို မနာလိုဖြစ်တာနဲ့ပဲ ကျင်းအာကို သတ်ချင်နေတာပေါ့လေ။ ကျင်းဖုန်းဂူထဲမှာ မင်းရဲ့အမှားတွေကို ပြန်ပြီးတော့သုံးသပ်ရအောင် တစ်လတိတိ ငါက အပြစ်ပေးရလိမ့်မယ်"

ကျင်းဖုန်းဂူဆိုတာ ဖူမိသားစုထဲမှာ ကျင့်ကြံသူတွေကို အပြစ်ပေးတဲ့နေရာမှာ သုံးတဲ့ဂူတစ်ခုပဲ။ ဂူထဲမှာ ပြင်းထန်ပြီးရက်စက်လှတဲ့ ဝိညာဥ်ဓားသွားတွေနဲ့ ပြည့်နေပြီး တစ်ရက်လောက် နေရင်တောင်မှ အပြင်းအထန်ဒဏ်ရာ ရသွားနိုင်တယ်။

ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်တစ်ခုမျိုးဆိုရင် စူးလီသာ ဒီကိစ္စရဲ့နောက်ကွယ်က အကြောင်းအရင်းကို မသိခဲ့ဘူးဆိုရင် ဖူမင်ထျန်းက ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတချို့ ကျူးလွန်ထားခဲ့တယ်လို့ ထင်ခဲ့မိမှာပဲ။

အကျိုးအပြစ်တစ်ခုလုံးကို သိထားပြီး ဖရဲသီးစားတဲ့နေရာမှာ အရမ်းကို စိတ်ဝင်စားနေတဲ့ စူးလီက သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကိုတောင် ဘယ်တုန်းက ပိတ်လိုက်မိမှန်း မသိလိုက်ဘူး။

ဒီအချိန်မှာပဲ သူမက ဖူမင်ထျန်းကို တိုက်ခိုက်နေကြတဲ့ သိပ်မဝေးလှတဲ့နေရာက လူအုပ်ကြီးကို အာရုံစိုက်ပြီး ကြည့်လိုက်တော့တယ်။ သူမက သူမခံစားလိုက်တဲ့အရာကို မသိလိုက်ပေမဲ့လည်း တွေးတွေးဆဆနဲ့ သူမရဲ့မေးစေ့ကို ပင့်ထားလိုက်တယ်။

ဒီခရီးပြီးသွားတဲ့နောက်မှာ ဖူမင်ထျန်းက ချက်ချင်းကြီး ကလေးငယ်တစ်ယောက် ရလာလိမ့်မယ်လို့ သူမက ဘာလို့ထင်နေပါလိမ့်။

စူးလီရဲ့ခံစားချက်တွေက မမှားယွင်းလေဘူး။ ဖူမင်ထျန်းက သူမရဲ့ရွှေအမြုတေက တန့်ချိုးဖျက်ခြင်းကျင့်ကြံရေးအဆင့်ကို လုံးဝဝင်ရောက်သွားတာကို ခံစားရပြီးတဲ့နောက်မှာ သူမက မနေနိုင်တော့ဘဲ အသံထွက်ပြီး အော်ရယ်မိလိုက်တော့တယ်။

ဒီအချိန်မှာပဲ ဖူမိသားစုရဲ့စွပ်စွဲချက်တွေက သူမရဲ့နားထဲမှာ ကောင်းကင်ဘုံက တေးသံတစ်ခုလို ခံစားမိတော့တယ်။

မဟုတ်ဘူး။ ဒါက သဘာဝတရားရဲ့ သံစဥ်ထက်တောင်မှ ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းနေသေးတယ်။

နောက်ဆုံး ကောင်းကင်ကလာတဲ့အသံတောင် သူမရဲ့ကျင့်ကြံခြင်းအဆင့်ကို မြန်မြန်ကြီး တိုးတက်သွားအောင် ကူညီပေးခဲ့သေးတာပဲ။

အထူးသဖြင့် ဖူမိသားစုသခင်ကြီးက ဂူထဲမှာသူမကို ပိတ်လှောင်ထားချင်တယ်လို့ ပြောလိုက်တဲ့အချိန်တုန်းက သူမရဲ့ကျင့်ကြံခြင်းအဆင့်တွေက ရုတ်တရက် ထိုးတက်သွားတာကို ခံစားမိလိုက်တယ်လေ။

ဒါပေမဲ့လည်း သူမက တန့်ချိုးဖျက်ခြင်းအဆင့်ကို ဖွဲ့တည်ဖို့ ခြေတစ်လှမ်းအလို ရောက်လာတဲ့အချိန်မှာ ဖူမိသားစုက ပြုလုပ်လိုက်တဲ့ စွပ်စွဲချက်တွေက နည်းနည်းလေး ထိရောက်မှုရှိလာတဲ့ပုံပဲ။

ဖူမင်ထျန်းက သူမရဲ့စွမ်းအားဗဟိုချက်ထဲမှာ ပိတ်ဆို့နေတဲ့ ဝိညာဥ်စွမ်းအင်တွေကို ခံစားမိလိုက်ပြီး စိုးရိမ်တဲ့အရိပ်အယောင်တစ်ခုက သူမရဲ့မျက်နှာပေါ်မှာ ပေါ်လာတော့တယ်။

ရောက်တော့မယ် ရတော့မယ်။

သူမက ခေါင်းကိုမော့လိုက်ပြီး အနိုင်ကျင့်ခံရဖို့ တစ်ခုခုကို ဆက်ပြောချင်လိုက်တဲ့ အချိန်မှာပဲ မျက်နှာပေါ်မှာစိုးရိမ်တကြီး အကြည့်နဲ့ပုံရိပ်တစ်ခုက အဝေးကနေပြီး ရောက်လာတော့တယ်။

"ကျင်းအာ အဆင်ပြေရဲ့လား"

လင်ဟွားယွီက ဖူယွီကျင်းရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး သူမကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီးမှ စိတ်အေးသွားတော့တယ်။

အဲဒီနောက်မှာတော့ သူက ကိုယ်ကိုမြန်မြန်လှည့်လိုက်ပြီး ဖူမိသားစုကို လေးလေးစားစားနဲ့ ဦးညွှတ်လိုက်တယ်။

"ဦးလေး၊ ဒေါ်ဒေါ်၊ အစ်ကိုဖူ "

"ကျင်းအာ ဒဏ်ရာရသွားတယ်လို့ ကျွန်တော် ကြားလိုက်လို့ပါ ကျွန်တော် စိုးရိမ်သွားတာနဲ့ ဦးလေးနဲ့ အဒေါ်တို့ရှေ့မှာ အရှက်ရအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ "

ဒီအချိန်မှာပဲ သူက မသိမသာ မျက်မှောင်ကျုံ့ထားလိုက်ပြီး

"ဘယ်သူက ကျင်းအာကို ထိခိုက်ဒဏ်ရာရအောင် လုပ်ရဲတာလဲ"

ဖူမင်ထျန်းက အရင်တုန်းက သူမကို ကာကွယ်ပေးပြီး သူမရှေ့မှာ အမြဲတမ်းရပ်တည်ပေးခဲ့တဲ့ သူ့မရဲ့သတို့သားလောင်းကို လှမ်းကြည့်လိုက်တယ်။ သူမရဲ့မျက်လုံးတွေက တဒင်္ဂအတွင်း မှိန်ဖျော့သွားပြီးတဲ့နောက်မှာ ပြန်ပြီးတော့ စိတ်အားတက်ကြွလာခဲ့တယ်။

လင်ဟွားယွီက သူမအတွက် စွမ်းအားဗဟိုချက် ချိုးဖျက်ဖို့အဆင့်ရောက်ဖို့ အခွင့်အရေး ဖြစ်လာနိုင်တယ်။ သူမဒါကို လက်လွှတ်လို့မဖြစ်ဘူး။

ဒါကိုစဥ်းစားလိုက်ပြီး သူမက သူမရဲ့တစ်သက်တာမှာ ဟန်ဆောင်တဲ့ အရည်အချင်းအားလုံးကို အသုံးချလိုက်ပြီး ခေါင်းကို မော့ထားလိုက်ကာ ဝမ်းနည်းနေတဲ့ အမူအရာတစ်ခုနဲ့ လင်ဟွားယွီကို ကြည့်လိုက်တယ်။

"ကျွန်မ လုပ်ခဲ့တာ၊ အဲဒီတော့ ရှင်က ဘာဖြစ်ချင်လဲ"

"လင်ဟွားယွီ ကျွန်မက ရှင့်ရဲ့ သတို့သမီးလောင်းဆိုတာ မေ့သွားပြီလား"

လင်ဟွားယွီက မျက်လုံးထဲမှာ အင်မတန်မှရွံ့ရှာတဲ့ အကြည့်တစ်ခုနဲ့ ဖူမင်ထျန်းကို လှမ်းကြည့်လိုက်တယ်။

"ငါက မင်းကို ညီမလေးတစ်ယောက်လိုပဲ အမြဲသဘောထားခဲ့တာ။ ငါ တကယ်တမ်း ချစ်မြတ်နိုးတဲ့သူက ကျင်းအာပဲ"

"ကျင်းအာက အကြိမ်ကြိမ် အနိုင်ကျင့်ခံခဲ့ရတယ်။ ငါက ငါတို့ရဲ့ ငယ်ငယ်တုန်းက သံယောဇဥ်ကို ထောက်ထားပြီး မင်းကို သည်းခံပေးခဲ့တာ"

ဒီလိုပြောလိုက်ပြီး သူက ရုတ်တရက် ကိုယ်ကိုလှည့်လိုက်ပြီး ဖူမိသားစုသခင်ကြီးကို ဦးညွှတ်လိုက်တယ်။

"ဦးလေး ကျွန်တော်က ဒီစကားကိုပြောရတာ နည်းနည်းလေး ရဲတင်းလွန်းတယ်ဆိုပေမဲ့လည်း ကျင်းအာက ဖူမင်ထျန်း ဖူအိမ်ကို ပြန်လာပြီးကတည်းက အများကြီး နစ်နာခဲ့ရတာပါ။ ဒီနေ့ဆိုရင်ပိုပြီးတော့တောင်မှ..."

"ဦးလေးက ကျင်းအာအတွက် ဆုံးဖြတ်ချက်ချပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

"ငါကလည်း ကျင်းအာက မင်းဘေးနားမှာရှိနေရင် စိတ်အေးရပါတယ်"

ဖူမိသားစုသခင်ကြီးက သူပြောလိုက်တဲ့စကားထဲမှာ တစ်ခုခု မှားယွင်းတယ်လို့ မထင်မိဘူး။ သူက လင်ဟွားယွီရဲ့ပခုံးကို ပုတ်ပေးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

"ငါက ဖူမင်ထျန်းကို ကျင်းဖုန်းဂူထဲမှာ သူရဲ့အမှားအတွက် တစ်လလောက် ပြန်သုံးသပ်ဖို့ ပြောထားပြီးပြီ။ သူ့ကို ကိုယ့်ဟာကို ပြန်ပြီးသုံးသပ်ခိုင်းထားလိုက်"

သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ လင်ဟွားယွီက ဖူမင်ထျန်းကို ကျေနပ်အောင်လုပ်ပေးဖို့ သူ့မိသားစုတွေက သူ့ကို ဖိအားပေးခဲ့တဲ့အချိန်တွေကို မစဥ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားတော့တယ်။ ဖူမင်ထျန်း ပျောက်သွားပြီးတဲ့နောက်မှာ အဲဒီနေ့က ဖူမင်ထျန်းကို ကောင်းကောင်း မစောင့်ရှောက်တဲ့အတွက် သူ့မိဘတွေရဲ့ ရိုက်နှက်တာ ခံခဲ့ရတယ်။ သူက အိပ်ရာထဲကနေ သုံးရက်လောက်တောင် မထနိုင်ခဲ့ဘူးဖူး။ အဲဒီအချိန်တုန်းက လင်မိသားစုရဲ့အင်အားက ဖူမိသားစုရဲ့အင်အားထက် အများကြီးနည်းပါးတယ်လေ။ ဒီတော့ သူက ဖူမင်ထျန်းကို ကျေနပ်အောင် လုပ်ရတယ်။ တကယ်လို့ ယာ့အယ်ကသာ သူမရဲ့ရွှေငါးကံကြမ္မာကို နိုးထခဲ့တာ မဟုတ်ဘူးဆိုရင်...

ဒီအကြောင်းကို စဥ်းစားလိုက်ပြီး သူ့မျက်လုံးတွေက အခိုက်အတန့် ညိုမဲသွားတော့တယ်။

"တစ်လထဲပဲလား၊ ဒါကအရမ်းကို သက်ညှာလွန်းနေပါတယ်"

သူ့စကားကို ကြားလိုက်ရတဲ့အခါ ဖူမိသားစုခေါင်းဆောင်ကြီးက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။

"ဒါဆိုရင်လည်း ကျုပ်ရဲ့တူလေးပြောသလိုပဲ လုပ်ကြရအောင်။ ဖူမင်ထျန်းကို ချန်းဖုန်းဂူထဲမှာ သုံးလတိတိ ပြန်ပြီးသုံးသပ်ခိုင်းလိုက်မယ်"

သူ့စကား ဆုံးသွားပြီးတဲ့နောက်မှာ သူက သူ့ရဲ့လက်တွေကို ချထားလိုက်ပြီး သူ့မျက်လုံးတွေကလည်း မြောက်ပင့်ခံလိုက်ရတဲ့ အရိပ်အယောင်တစ်ခုနဲ့ မှိတ်ထားလိုက်တယ်။

"အခုတလော ယာ့အယ်ရဲ့အခြေအနေက ဘယ်လိုလဲ။ တကယ်လို့ အချိန်ရှိတယ်ဆိုရင် မင်းနဲ့ယာ့အယ်က ဖူမိသားစုကို အလည်လာကြအုံးလေ။ ကျင်းအာကလည်း မင်းတို့နှစ်ယောက်စလုံးကို အမြဲတမ်း သတိရနေတာ"

လင်ဟွားယွီက သူ့ရဲ့လက်ကို ယှက်ထားလိုက်ပြီး ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်တယ်။

"ဒါဆိုရင် ကျွန်တော်က ဦးလေးကို နှောင့်ယှက်မိတဲ့အတွက် အားနာပါတယ်"

ဖူမိသားစုသခင်ကြီးက ဖူမင်ထျန်းကို ချန်းဖုန်းဂူထဲမှာ သုံးလတိတိ ပြန်သုံးသပ်ဖို့ ပြောလိုက်တဲ့အချိန်မှာပဲ ဖူမင်ထျန်းက ရုတ်တရက်ဆိုသလို သူမရဲ့စွမ်းအားဗဟိုချက်ထဲမှာ ခပ်ယဲ့ယဲ့အသံတစ်ခု ထွက်လာတာကို ခံစားလိုက်ရတယ်။ နောက်တစ်စက္ကန့်မှာတော့ လုံးဝကို ကွဲအက်ပြီးသားဖြစ်နေတဲ့ သူမရဲ့ရွှေအမြုတေက လုံးဝကိုတစ်စဆီ ကွဲကြေသွားခဲ့တယ်။ မရေမတွက်နိုင်တဲ့ ရွှေဝိညာဥ်စွမ်းအင်နေရာတွေကြားမှာ သူမနဲ့တစ်ပုံစံတည်း ဆင်တူတဲ့ အခြေတည်စဝိညာဥ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာတယ်။

ရုတ်တရက်ဆိုသလို သိပ်သည်းတဲ့သစ်တောရဲ့အပေါ်ဖက်မှာ ကြီးမားမဲနက်ပြီး ရွှေရောင်သန်းနေတဲ့ တိမ်တစ်ခုက တိမ်တွေထဲမှာ ထင်သာမြင်သာရှိတဲ့ လျှပ်စီးတွေနဲ့အတူ တိုးထွက်လာတော့တယ်။

ဒါက... အခြေတည်စ ဝိညာဥ်အဆင့်ရဲ့ မိုးကြိုးဒုက္ခကျော်ဖြတ်ခြင်းပဲ။

...

All Chapters