အခန်း (၄၂၉-၄၃၀)
Vol. 31 Ch. 429-430
အပိုင်း(၄၂၉)
"မိစ္ဆာနယ်မြေ... ဗောဓိသတ်က ကျွန်တော့်ကို မိစ္ဆာနယ်မြေ ဆီ သွားစေချင်တာလား..."
ကွမ်ယင် ဗောဓိသတ်၏ စကားကြောင့် ကျန်းလျို၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ထိုစကားများက သူ၏ မျှော်လင့်ထားမှုများကို လုံးဝ ကျော်လွန်နေခဲ့ပေသည်။
သူ၏ တည်ရှိမှုသည် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ် ၏ ကြီးမားသော တာဝန်ကြီးနှင့် ဆက်စပ်နေသည် မဟုတ်ပါလော…။
သူက တကယ်ပဲ သည်လောက် မဆင်မခြင် စွန့်စားရဲပါမည်လော။
ကွမ်ယင်က သူ့ကို မိစ္ဆာနယ်မြေ ထဲ တကယ်ကြီး သွားခိုင်းနေသည်လား။ သူ အသက်အန္တရာယ် ကြုံရမှာကို သူမ နည်းနည်းလေးမှ မကြောက်ဘူးလော…။
ဝူကျင်း သစ္စာဖောက်ပြီး အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် အဖွဲ့မှ ထွက်ခွာသွားခြင်းက မဟာယနဂိုဏ်း မှ ထိပ်သီးပုဂ္ဂိုလ်ကြီးများကို သေချာပေါက် ဂဏာမငြိမ် ဖြစ်သွားစေမည် ဖြစ်သည်။ ကျန်းလျို ဤအချက်ကို သိရှိထားပြီး မျှော်လင့်ပင် မျှော်လင့်ထားခဲ့လေသည်။
သို့သော်... နောက်ဆုံးတွင် ဤမဟာယနဂိုဏ်းမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများ စဉ်းစားရရှိလာသော ဖြေရှင်းနည်းမှာ သူ့ကို မိစ္ဆာနယ်မြေ အတွင်းသို့ စွန့်စားဝင်ရောက်ခိုင်းရန် ဖြစ်နေပါသလော…။
အံ့အားသင့်သွားသော်ငြားလည်း ဤမဟာယနဂိုဏ်းမှ ပုဂ္ဂိုလ်ကြီးများသည် သူ့အား သေတွင်းထဲသို့ တွန်းပို့လိမ့်မည်ဟု ကျန်းလျို မယုံကြည်ခဲ့ချေ။
သူ နတ်ဝိညာဉ်တောင်တော် သို့ မရောက်မီစပ်ကြား သူကိုယ်တိုင် အသက်သေဆုံးလိုလျှင်ပင် ဤမဟာယနဂိုဏ်းမှ ပုဂ္ဂိုလ်ကြီးများက သဘောတူမည် မဟုတ်ပါချေ။
သို့ဆိုလျှင် သူတို့၏ လုပ်ရပ်များနောက်ကွယ်တွင် မည်သို့သော နက်ရှိုင်းသည့် အဓိပ္ပာယ်များ ရှိနေမည်နည်း။
"ရွှမ်ကျန်း... စိုးရိမ်စရာ မလိုပါဘူး... ဝူခုန်းနဲ့ တခြားသူတွေက မင်းကို ကာကွယ်ပေးထားမှာမို့ မင်းရဲ့ လုံခြုံရေးအတွက် သေချာပါတယ်..."
ကျန်းလျို၏ လန့်ဖျပ်နေသော အမူအရာကို မြင်သောအခါ သူ့ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း ကွမ်ယင် ဗောဓိသတ်က သိရှိပြီး စိတ်အေးစေရန် ပြောလိုက်လေသည်။
သူမက အနည်းငယ် ရပ်တန့်လိုက်ပြီး ထပ်မံ ဖြည့်စွက်ပြောကြားလေသည်။
"နောက်ပြီး ငါ ပေးသနားထားခဲ့တဲ့ ပိုးဖဲသင်္ကန်း နဲ့ ကွင်းကိုးကွင်းပါ တောင်ဝှေးက မင်း မိစ္ဆာနယ်မြေ ထဲ ဝင်သွားတဲ့အခါ မင်းရဲ့ ခွန်အား အရင်းအမြစ်တွေ ဖြစ်လာနိုင်ပါတယ်..."
"ပိုးဖဲသင်္ကန်း... ကွင်းကိုးကွင်းပါ တောင်ဝှေး..."
ကွမ်ယင် ဗောဓိသတ်၏ စကားများကို ကြားသောအခါ ကျန်းလျိုမှာ အံ့အားသင့်သွားပြီး ချက်ချင်းပင် ရင်တွင်း၌ တိတ်တဆိတ် ဝမ်းသာသွားလေသည်။ ဖြစ်နိုင်သည်က...
မျှော်လင့်တကြီးဖြင့် ကျန်းလျိုသည် သူ၏ နေရာလွတ်ကို အလျင်အမြန် ဖွင့်လိုက်ပြီး ငြိမ်းချမ်းသော ပိုးဖဲသင်္ကန်း နှင့် ကွင်းကိုးကွင်းပါ တောင်ဝှေး ကို ချက်ချင်း ထုတ်ယူလိုက်လေသည်။
ဤလက်နက်ကိရိယာ နှစ်ခုသည် သူ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်မည့် ခရီးစဉ် ကို စတင်ချိန်ကတည်းက ကွမ်ယင် ထံမှ လက်ဆောင်ရရှိခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့မှာ အမြဲတမ်း ချိတ်ပိတ်ခံထားရပြီး ကိုယ်ပိုင်ကာကွယ်ရေး စွမ်းအားအချို့ကိုသာ ပေးစွမ်းနိုင်ခဲ့လေသည်။
ယခုတစ်ကြိမ်မှာတော့ ကွမ်ယင် ဗောဓိသတ်က...
ကျန်းလျိုက သူ၏ သိုလှောင်ခန်းထဲမှ ဤပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်ကို ကြည့်ရင်း ကွမ်ယင် ဗောဓိသတ်၏ မျက်လုံးများထဲတွင် ခေတ္တမျှ အရောင်တစ်ချက် လက်သွားလေသည်။
အမှန်ပင် ရွှမ်ကျန်းသည် ဤဘဝတွင် ကြီးမားလှသော ကံကြမ္မာများနှင့် ဆက်စပ်နေပြီး ထူးခြားဆန်းကြယ်သော စွမ်းဆောင်ရည်များစွာကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော…။
ဤနည်းလမ်းက ကျန်းယွမ်ဆရာတော်၏ အင်္ကျီလက်စအတွင်းမှ စကြာဝဠာ နှင့် အနည်းငယ် ဆင်တူနေပေသည်။
"အောမိတော်ဖော... အခုအချိန်မှာ မင်းက မိစ္ဆာနယ်မြေ ထဲကို ရဲရဲဝံ့ဝံ့ ဝင်ရောက်သွားတာက အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ကြီးအတွက် စွန့်လွှတ်အနစ်နာခံမှု တစ်ခုပါပဲ... ဒီရတနာတွေက မူလက မင်းကို ကာကွယ်ဖို့အတွက်ပါ... ဒီနေ့တော့ သူတို့ရဲ့ တကယ့် အသွင်အပြင် အစစ်အမှန်ကို ပြန်လည်ရယူပေးလိုက်ပါမယ်..."
ရင်တွင်း၌ လှုပ်ရှားသွားသော်လည်း ကွမ်ယင် ဗောဓိသတ်က အမူအရာပျက်ယွင်းခြင်း မရှိဘဲ တိုးညင်းသောအသံဖြင့် ပြောလိုက်လေသည်။
စကားပြောရင်း ကွမ်ယင် ဗောဓိသတ်သည် ဂါထာအချို့ကို တီးတိုးရွတ်ဆိုလိုက်ပြီး ၎င်းပစ္စည်းနှစ်ခုပေါ်သို့ သူမ၏လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်လေသည်။
ကွမ်ယင်၏ လှုပ်ရှားမှုများနောက်တွင် ကွင်းကိုးကွင်းပါ တောင်ဝှေး နှင့် ပိုးဖဲသင်္ကန်း တို့မှ မျက်စိကန်းလောက်အောင် တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာလေသည်။
တောက်ပသော အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားသောအခါ ထိုပစ္စည်းနှစ်ခု၏ ထိန်လင်းတောက်ပနေသော အသွင်အပြင်ကို ကျန်းလျို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်...
သက်ဆိုင်ရာ အချက်အလက်များကလည်း ကျန်းလျို၏ မျက်စိရှေ့တွင် ပေါ်လာလေတော့သည်။
ပိုးဖဲသင်္ကန်း (နတ်အဆင့်) (အရောင်မဲ့ တိမ်တိုက်နယ်နိမိတ် အလံ - ဝိညာဉ်ချိတ်ဆက်ထားသည်၊ ကာကွယ်ရေးစွမ်းအား + ၁၀၀၀၀၀၀၀၀၀ ၊ အဆင့်သတ်မှတ်ချက် မလို၊ အထူးစွမ်းရည် - အသုံးပြုသူသည် ဝိညာဉ်မပျက်စီးဘဲ သေဆုံးသွားပါက အချိန်အတိုင်းအတာတစ်ခုအတွင်း ရှင်ပြန်ထမြောက်နိုင်၏။ ဖော်ပြချက် - အလွှာ ၃၆ လွှာပါ ကမ္ဘာဦးကြာပန်းစိမ်း၏ ပွင့်ဖတ်တစ်ခုမှ အသွင်ပြောင်းလာသော ရှေးဟောင်းကမ္ဘာဦး၏ အကောင်းဆုံးရတနာဖြစ်သည်ဟု ကောလာဟလရှိ၏။ သူတော်စင်စွမ်းအားမှလွဲ၍ မည်သည့်အရာကမျှ မဖျက်ဆီးနိုင်ချေ။ မပျက်စီးဘဲ ကျန်ရှိနိုင်သော ကန့်သတ်ချိန်မှာ ၇၂ နာရီ ဖြစ်သည်။
ကွင်းကိုးကွင်းပါ တောင်ဝှေး (ရာဇဝင် အရည်အသွေး) (နတ်ဘုရားသတ်အလံ) (တစိတ်တပိုင်း ချိပ်ပိတ်ထားသည်) - ဝိညာဉ်ချိတ်ဆက်ထားသည်၊ အဆင့်သတ်မှတ်ချက် မလို၊ တိုက်ခိုက်ရေးစွမ်းအား +၁၀၀၀၀၀၀၀ ၊ အထူးစွမ်းရည် - အသက်ဝင်သည့်စွမ်းရည်တစ်ခုကို ဖွင့်နိုင်ပြီး အဆင့် ၁၀၀ အောက် ပစ်မှတ်များ၏ တိုက်ခိုက်မှုများကို စက္ကန့် ၃၀၀ ကြာ ထိခိုက်မှုကင်းလွတ်ခွင့် ရရှိနိုင်၏။ ဖော်ပြချက် - အလွှာ ၃၆ လွှာပါ ကမ္ဘာဦးကြာပန်းစိမ်း၏ ပင်စည်မှ အသွင်ပြောင်းလာသော ရှေးဟောင်းကမ္ဘာဦး၏ အကောင်းဆုံးရတနာဖြစ်သည်ဟု ကောလာဟလရှိ၏။ ကြမ်းကြုတ်သော အငွေ့အသက်များ ပါဝင်ပြီး မိမိ၏စွမ်းအား မလုံလောက်ပါက မိမိကိုပင် ပြန်လည်ထိခိုက်စေနိုင်၏။ မပျက်စီးဘဲ ကျန်ရှိနိုင်သော ချိပ်ဖွင့်ထားချိန်မှာ ၇၂ နာရီ ဖြစ်သည်။
"သပကြီး..."
ကျန်းလျိုသည် တံဆိပ်ခွာလိုက်သော ပစ္စည်းနှစ်ခု၏ အချက်အလက်များကို ကြည့်ရင်း မယုံနိုင်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
အဆင့်သတ်မှတ်ချက် မလိုသလို မည်သည့်အခါမျှလည်း မပျက်စီးနိုင်ချေ။ ဤအချက်အလက်များသည် အသက်ရှူမှားလောက်အောင်ပင် မြင့်မားလွန်းလှပေသည်။
ပိုးဖဲသင်္ကန်းသည် တံဆိပ်အလွှာ ခွာလိုက်သည်နှင့် ရာဇဝင် အရည်အသွေးမှ နတ်အဆင့်သို့ တန်း၍ ခုန်တက်သွားခဲ့သည်။ သို့သော် ကာကွယ်ရေးစွမ်းအားက မည်မျှအထိ တိုးလာသနည်း။
မျက်လုံးများပင် ကျိန်းစပ်သွားလောက်အောင် ရှည်လျားလှသည့် သုညတန်းကြီးကို သေချာရေတွက်ကြည့်လိုက်ရာ ကာကွယ်ရေးစွမ်းအား ၁ ဘီလီယံတိတိ တိုးလာခြင်းဖြစ်နေပေသည်။
ထိုကိန်းဂဏန်းကို ကြည့်ရုံမျှဖြင့်ပင် အသက်ရှူကြပ်ချင်လာပေသည်။
ဖော်ပြချက်ကို ကြည့်လျှင်လည်း သူတော်စင်စွမ်းအားမှလွဲ၍ မည်သည့်အရာကမျှ မဖျက်ဆီးနိုင်ဟု ဆိုထားသည် မဟုတ်ပါလော။
ဆိုလိုသည်မှာ ဤကာကွယ်ရေးကို ကျန်းယွမ်ဆရာတော်၊ ရူလိုင်ဘုရား သို့မဟုတ် ကျောက်စိမ်းဧကရာဇ်တို့လို ပုဂ္ဂိုလ်ကြီးများပင် ဖောက်ထွင်းနိုင်မည် မဟုတ်ဘူးဆိုသည့် သဘောပေလော။
"ကာကွယ်ရေးစွမ်းအား ၁ ဘီလီယံဆိုတော့ သူတော်စင်တစ်ပိုင်းအဆင့်တောင် ဖောက်ထွင်းဖို့ ခက်ခဲသွားပြီပေါ့..."
ဤပစ္စည်း၏ အချက်အလက်များအပေါ် အခြေခံ၍ သူတော်စင်တစ်ပိုင်းအဆင့် တစ်ယောက်သည် မည်မျှအထိ အစွမ်းထက်သနည်းဆိုသည်ကို ကျန်းလျို ခန့်မှန်းကြည့်နိုင်ခဲ့သည်။
ကျောက်စိမ်းဧကရာဇ်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများက သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအားလောက်ဖြင့် မဖောက်ထွင်းနိုင်သည်မှာ သေချာသော်လည်း ဤပိုးဖဲသင်္ကန်းကို ရင်ဆိုင်ရန် အခြားသော မှော်လက်နက်များ သူတို့ထံတွင် ရှိ မရှိ ဆိုသည်ကမူ တခြားကိစ္စတစ်ခု ဖြစ်လေသည်။
ထို့ပြင် အရောင်မဲ့ တိမ်တိုက်နယ်နိမိတ်သည် အရပ်မျက်နှာငါးခု အလံများထဲမှ တစ်ခုဖြစ်သည် မဟုတ်ပါလော။
အရပ်မျက်နှာငါးခု အလံများနှင့်ပတ်သက်၍ တွေးကြည့်လျှင် ၎င်းတို့ကို သူတော်စင်စွမ်းအားမှလွဲ၍ မည်သည့်အရာကမျှ မဖျက်ဆီးနိုင်ဟု အမှန်ပင် ဆိုကြသဖြင့် ယခုအချက်အလက်များမှာ ယုတ္တိရှိလှပေသည်။
သို့သော် ထိုအရောင်မဲ့ တိမ်တိုက်နယ်နိမိတ် အလံသည် အလွှာ ၃၆ လွှာပါ ကမ္ဘာဦးကြာပန်းစိမ်း၏ ပွင့်ဖတ်တစ်ခုမှ အသွင်ပြောင်းလာခြင်းဖြစ်မည်ဟု သူ လုံးဝ မတွေးမိခဲ့ချေ။
အလွှာ ၃၆ လွှာပါ ကမ္ဘာဦးကြာပန်းစိမ်းဆိုသည်မှာ မည်သို့သော ရတနာမျိုးနည်း။ ဒဏ္ဍာရီများအရ ကမ္ဘာဦးကာလတွင် ၎င်းသည် မဟာနတ်ဘုရား ဖန်ကူးကို ပျိုးထောင်ပေးခဲ့သည်ဟု ဆိုကြပေသည်။
ကျန်းလျိုသည် တံတွေးတစ်ချက် မြိုချလိုက်မိသည်။ ကောင်းပြီ...။ သူ တွေးတာတွေ လွန်သွားလေပြီ။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ နတ်စွမ်းအင်ပြောင်းလဲခြင်းအဆင့်တွင်သာ ရှိသေးသဖြင့် သူတော်စင်များနှင့် မဟာနတ်ဘုရား ဖန်ကူးတို့၏ အဆင့်ဆိုသည်မှာ ယခုအချိန်တွင် သူ စိတ်ကူးကြည့်၍ပင် မရနိုင်သေးချေ။
မည်သို့ပင်ဆိုစေကာမူ အလုံအလောက် တံဆိပ်ခွာထားပြီးဖြစ်သည့် အရောင်မဲ့ တိမ်တိုက်နယ်နိမိတ် အလံ၏ သူတော်စင်စွမ်းအားမှလွဲ၍ မည်သူမျှ မဖောက်ထွင်းနိုင်သော ကာကွယ်ရေးစွမ်းအားသည် သူ၏ဘေးကင်းမှုကို အာမခံရန် လုံလောက်နေပြီ ဖြစ်သည်။
ထို့အပြင်... ဤကွင်းကိုးကွင်းပါ တောင်ဝှေးသည် တစ်စိတ်တစ်ပိုင်း တံဆိပ်ခွာထားသည့် အခြေအနေတွင်ပင် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို ၁၀ သန်းအထိ တိုးမြှင့်ပေးထားသည် မဟုတ်ပါလော။
အရောင်မဲ့ တိမ်တိုက်နယ်နိမိတ် အလံနှင့် နှိုင်းယှဉ်လျှင် အများကြီး နည်းပါးနေသော်လည်း ဤတိုက်ခိုက်ရေးစွမ်းအားမှာ သူ့အတွက် အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။ အနည်းဆုံးတော့ စွန်းဝူခုန်း၏ ရူယီရွှေတုတ်ကောက်နှင့် ကျူးပါကျဲ၏ အကောင်းဆုံး ရွှေရောင်ထွန်ခြစ်တို့ထက် အများကြီး ပိုစွမ်းနေပေသည်။ မွေးရာပါ အကောင်းဆုံးရတနာဆိုသည့် နာမည်နှင့် အမှန်ပင် လိုက်ဖက်လှပေသည်။
ထို့ပြင် ဖော်ပြချက်များအရ ၎င်းသည် အရောင်မဲ့ တိမ်တိုက်နယ်နိမိတ် အလံနှင့် အမျိုးအစားတူပင်ဖြစ်ပြီး အလွှာ ၃၆ လွှာပါ ကမ္ဘာဦးကြာပန်းစိမ်း၏ ပင်စည်မှ လာခြင်းဖြစ်ပေသည်။
ကွမ်ယင်က နတ်ဘုရားသတ်လံ၏ တံဆိပ်ကို အနည်းငယ်မျှသာ ဖွင့်ပေးခဲ့ခြင်းကတော့ နှမြောစရာပင်။ တစ်ဘီလီယံရှိသော ကာကွယ်ရေးစွမ်းအားနှင့် ၁၀ သန်းသော တိုက်ခိုက်ရေးစွမ်းအား ကွာဟချက်က သေးငယ်လှသည်တော့ မဟုတ်ချေ။
သို့သော် နတ်ဘုရားသတ်လံ၏ ဖော်ပြချက်ကို ကြည့်လျှင် စွမ်းအားမလုံလောက်ပါက အသုံးပြုသူကိုပင် ပြန်လည်ထိခိုက်စေနိုင်သည်ဟု ဆိုထားသဖြင့် ကျန်းလျိုလည်း မကျေမနပ် မဖြစ်တော့ချေ။
မည်သို့ပင်ဆိုစေ ရှေးဟောင်းကမ္ဘာဦး ဒဏ္ဍာရီများထဲတွင် နတ်ဘုရားသတ်လံသည် မွေးရာပါ အကောင်းဆုံးရတနာများထဲတွင် ပါဝင်ပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ ထိပ်တန်း အသက်သတ်သည့် လက်နက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရသည် မဟုတ်ပါလော။
***
အပိုင်း(၄၃၀)
"ကျေးဇူးတင်ပါတယ် ဗောဓိသတ်..."
တံဆိပ်ခွာထားသော သင်္ကန်းနှင့် ကွင်းကိုးကွင်းပါ တောင်ဝှေးတို့၏ အချက်အလက်များကို ကြည့်ရင်း ကျန်းလျိုသည် ဝမ်းသာလုံးဆို့ကာ ကွမ်ယင် ဗောဓိသတ်ကို ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
ကန့်သတ်ချိန် ၇၂ နာရီသာ ရှိသော်လည်း သေချာစွာ အသုံးချတတ်မည်ဆိုလျှင် ဤ ၇၂ နာရီအတွင်း မိစ္ဆာများကို သတ်ဖြတ်ပြီး အတွေ့အကြုံမှတ်များ အမြောက်အမြားကို ရယူနိုင်မည် မဟုတ်ပါလော။
"အောမိတော်ဖော.. ရွှမ်ကျန်း… အခု မင်းသွားသင့်ပြီ… ဒီရတနာနှစ်ပါးရဲ့ ချိပ်စည်းကို ငါ ဖွင့်ပေးလိုက်ပေမယ့် မင်းမှာ သုံးရက်နဲ့ သုံးညပဲ အချိန်ရမယ်ဆိုတာကို မှတ်ထားပါ...."
ရတနာနှစ်ပါးကို ချိပ်စည်း ဖြည်လျှော့ပြီးနောက် ကွမ်ယင် ဗောဓိသတ်သည် ကျန်းလျိုအား လေးနက်စွာ သတိပေးလိုက်ခြင်းဖြစ်ပေသည်။ ၎င်းတို့အား စူးစိုက်ကြည့်နေသည့် သူမ၏ မျက်လုံးအစုံတွင် လိုချင်တပ်မက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ကြောင်း ကျန်းလျို သတိထားလိုက်မိသည်။
အရောင်မဲ့ တိမ်တိုက်နယ်နိမိတ် အလံနှင့် နတ်ဘုရားသတ် အလံ...
ဤရတနာနှစ်ပါးသည် တစ်ခုလုံးသော မဟာယနဂိုဏ်းအတွက် အကောင်းဆုံးရတနာများအဖြစ် သတ်မှတ်နိုင်ပြီး ကွင်းသုံးကွင်းအနက် နှစ်ကွင်းကိုပင် ကိုယ်ကျိုးအတွက် ယူထားလောက်အောင် လောဘကြီးလှသော ကွမ်ယင်အတွက်မူ လိုချင်တပ်မက်စရာ ဖြစ်နေခဲ့ပေသည်။
သို့သော် ကံဆိုးစွာဖြင့်ပင် ကွမ်ယင်သည် ကွင်းများကိုသာ လောဘတက်ရဲသော်လည်း ဤရတနာနှစ်ပါးကိုမူ အသည်းနှလုံး နောက်ထပ်အခုပေါင်းများစွာ ထပ်တပ်ပေးထားလျှင်တောင် လိုချင်ရဲမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စ၏ နောက်ကွယ်ရှိ ကြီးလေးသော အကျိုးဆက်များကို သူမ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပေသည်။
...
အခြားတစ်ဖက်တွင်မူ စွန်းဝူခုန်းသည် ဥဒေါင်းမဟာအလင်းရှင် ဗောဓိသတ်ကို အဝေးကြီးအထိ အချိန်အတော်ကြာ လိုက်လံဖမ်းဆီးပြီးနောက် ဗောဓိသတ်ဘက်မှ အပြေးတမ်းကစားရသည်ကို စိတ်မရှည်တော့၍လားမသိ အလျှော့ပေးကာ လွှတ်ပေးလိုက်လေသည်။
မှော်ဝင်္ကပါမြေပုံကို ဖမ်းယူရရှိပြီးနောက် စွန်းဝူခုန်းသည် အောက်သို့ ငုံ့၍ စစ်ဆေးကြည့်လိုက်ရာ မည်သည့်ပျက်စီးမှုမျှ မရှိသည်ကို တွေ့ရသဖြင့် ပြန်လှည့်လာခဲ့လေသည်။
ဖူထူတောင်သည် ချန်အန်းမြို့တော်နှင့် သိပ်မဝေးလှချေ။ လေထဲတွင် ဝဲပျံနေစဉ် ဝူခုန်းသည် ရွှေရောင် မျက်လုံးနှင့် အကဲခတ်ကြည့်လိုက်ရာ ကျန်းလျိုတို့အဖွဲ့၏ သဲလွန်စကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူသည် တိမ်တိုက်ပေါ်မှ ဆင်းသက်လာပြီး ဖူထူတောင်ပေါ်သို့ ခြေချလိုက်လေသည်။
မှော်ဝင်္ကပါမြေပုံကို ယူဆောင်လျက် ပြန်လာသော စွန်းဝူခုန်းကို မြင်လိုက်ရသဖြင့် ကျန်းလျိုမှာ အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။
"ဝူခုန်း.. မင်း အဲဒီငှက်ကြီးကို အောင်အောင်မြင်မြင်နဲ့ အနိုင်ယူပြီး သူ့လက်သည်းတွေထဲကနေ ပြန်လုယူနိုင်ခဲ့တာလား...."
စွန်းဝူခုန်းက ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"မဟုတ်ဘူး.. အဲဒီငှက်က တော်တော်လေး ထူးခြားပုံရတယ်... ကျွန်တော် သူ့ကို အတော်ကြာကြာ လိုက်ဖမ်းပေမယ့် မမီဘူး… သူကလည်း ကျွန်တော့်ကို ဖြတ်မချနိုင်တာနဲ့ နောက်ဆုံးတော့ အဲဒီမြေပုံကို ပစ်ချပေးခဲ့တာပဲ..."
စွန်းဝူခုန်း၏ စကားများကို ကြားသောအခါ ကျန်းလျိုသည် စိတ်ထဲမှနေ၍ လှောင်ပြောင်လိုက်လေသည်။
"သူက စိတ်မရှည်တော့တာများလား… ငါထင်တာသာ မမှားရင် ကိုယ်ပိုင်တာဝန် ပြီးမြောက်သွားလို့ သူ့သဘောနဲ့သူ ပြန်သွားတာ ဖြစ်ဖို့ ပိုများတယ်..."
ပထမတုန်းက ကျန်းလျိုသည် ချန်အန်းမြို့တော်ရှိ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ပြိုကျသွားခြင်းနှင့် ပတ်သက်၍ သိပ်ပြီး တွေးတောနေခဲ့ခြင်း မရှိချေ။ ချိပ်စည်း မတော်တဆ ကျိုးပေါက်သွားပြီး မိစ္ဆာမလေးတို့ တစ်သိုက် ထိုးဖောက်ထွက်လာခြင်း ဖြစ်မည်ဟုသာ ယူဆခဲ့သည်။
သို့သော်လည်း မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် ပြိုကျသွားပြီးနောက် သူ့ကို ရှာဖွေပြီး ပြန်ခေါ်ရန် လုံဟိုင်ဆရာတော်ကို ရူလိုင်မြတ်စွာဘုရားက ညွှန်ကြားခဲ့ခြင်း၊ ထို့နောက် ကွမ်ယင် ကိုယ်တိုင် ပေါ်လာပြီး မိစ္ဆာနယ်မြေသို့ တစ်ခေါက်သွားရန် သူ့အား သတိပေးခြင်းတို့ကို ဆက်တိုက် ကြုံတွေ့လိုက်ရပြီးနောက် ဤအရာအားလုံးသည် ကွမ်ယင်နှင့် အခြားသူများက နောက်ကွယ်မှ ဖန်တီးထားသည့် လှည့်ကွက်တစ်ခု ဖြစ်နိုင်ကြောင်းကို ကျန်းလျို နားလည်သဘောပေါက်သွားခဲ့လေသည်။
သူ့အား ပစ်မှတ်ထားသည်ဟု ယူဆရသော လှည့်ကွက်များ ရှိနေသော်လည်း တကယ်တမ်းတွင် သူတို့က သူ့ကို ကူညီနေခြင်းဖြစ်ကြောင်း ကျန်းလျို ကောင်းစွာ သိရှိထားပေသည်။
မည်သို့ပင်ဆိုစေ အကယ်၍ သူသာ ရှားဝူကျင်းကို အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါက သူ၏ ကျမ်းစာပင့်ဆောင်ရေးအဖွဲ့သည် တကယ်ကို အပြည့်အစုံ ဖွဲ့စည်းပြီးသား ဖြစ်သွားမည် မဟုတ်ပါလော…။
အပေါ်ယံကြည့်လျှင် အနောက်ကောင်းကင်သို့ ကျမ်းစာသွားရောက်ပင့်ဆောင်ခြင်း ဖြစ်သော်လည်း တကယ်တမ်း သူတို့၏ အစစ်အမှန် ရည်ရွယ်ချက်မှာမူ မဟာမိုးကြိုး ကျောင်းတော်ကြီးကို မှောက်လှန်ပစ်ရန် ဖြစ်လေသည်။
ရှားဝူကျင်း ပြန်ခေါ်ရန် တွေးတောလိုက်မိသည်နှင့် တစ်ပြိုင်နက် ကျန်းလျို၏ စိတ်ကူးသည် စနစ်၏ တာဝန်တစ်ခုကို အသက်ဝင်သွားစေခဲ့လေသည်။
တာဝန် သတိပေးချက် - ဂိုဏ်းသို့ ပြန်လည်ဝင်ရောက်ခြင်း
တာဝန် သတ်မှတ်ချက် - ရှားဝူကျင်းအား ကျမ်းစာပင့်ဆောင်ရေးအဖွဲ့သို့ ပြန်လည်ဝင်ရောက်လာရန် အောင်မြင်စွာ ဖျောင်းဖျ သိမ်းသွင်းရန်။
တာဝန်ပြီးမြောက်ပါက - အတွေ့အကြုံမှတ် ၂၂ သန်း ရရှိမည်ဖြစ်ပြီး ရာဇဝင် အရည်အသွေး ရတနာသေတ္တာ (၁) ခု ရရှိမည်။
၎င်းသည် ဆန္ဒအလျောက် လုပ်ဆောင်ရသော တာဝန်ဖြစ်သောကြောင့် ကျရှုံးခဲ့လျှင်လည်း မည်သည့် ပြစ်ဒဏ်မျှ ရှိမည်မဟုတ်ချေ။
တွေးတောစရာများစွာ ရှိနေသော်လည်း ကျန်းလျိုသည် မည်သည့်အရိပ်အယောင်မျှ မပြဘဲ စွန်းဝူခုန်း၏ လက်ထဲမှ မှော်ဝင်္ကပါမြေပုံကို ယူကာ မိစ္ဆာမလေးထံသို့ ကမ်းပေးရင်း ပြောလိုက်လေသည်။
"မင်းတို့တွေ စမ်းကြည့်ကြပါဦး... မိစ္ဆာနယ်မြေကို သွားမယ့် လမ်းကြောင်းကို ဖွင့်နိုင်မလားလို့..."
ရွှမ်ကျန်းထံမှ မှော်ဝင်္ကပါမြေပုံကို လှမ်းယူရင်း မိစ္ဆာမလေးက လေးနက်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
"ကိုကိုက တကယ့်ကို လူကောင်းကြီးပဲ..."
သူမက သူ့အား လူကောင်းကြီးဟု ခေါ်လိုက်သည်ကို ကြားသောအခါ ကျန်းလျို၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့လေသည်။
"မဟုတ်တာ… ငါက မင်းတို့ကို ကူညီပေးတာကို ပြန်ပြီး ကျိန်ဆဲမနေပါနဲ့..."
အခြားသူများ မသိသော်လည်း မိစ္ဆာမျိုးနွယ်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအမြင်များသည် လုံးဝနီးပါး ပြောင်းပြန်ဖြစ်နေကြောင်း ကျန်းလျို ကောင်းကောင်းကြီး သိထားပေသည်။
သူ့ကို လူကောင်းကြီးဟု ခေါ်လိုက်ခြင်းလော။ မိစ္ဆာနယ်မြေတွင်တော့ ထိုစကားက လုံးဝ စော်ကားလိုက်ခြင်းပင် ဖြစ်လေသည်။
မှော်ဝင်္ကပါမြေပုံကို ဖြန့်နေသော မိစ္ဆာမလေးက ကျန်းလျို၏ စကားကို ကြားသောအခါ ခေါင်းယမ်းလိုက်လေသည်။
"မဟုတ်ဘူး… အဲဒီစကားက နင့်ကို စော်ကားဖို့ ရည်ရွယ်ပြီး ပြောလိုက်တာ မဟုတ်ပါဘူး..."
မိစ္ဆာမလေး၏ စကားများကြောင့် ကျန်းလျိုက အနည်းငယ် ပြုံးကာ ပြောလိုက်လေသည်။
"ဟင်... အခုကျတော့ မင်းက ချိုချိုသာသာလေး ပြောတတ်နေပါလား… ဒါ မင်းနဲ့ လုံးဝကို မတူဘူးနော်..."
"ငါ... ငါက..."
မိစ္ဆာမလေးသည် တစ်ခုခု မှားယွင်းနေသကဲ့သို့ သူမ၏ မျက်နှာအမူအရာက တွေဝေသွားခဲ့လေသည်။
သူမက ယခုလေးတင် တစ်စုံတစ်ယောက်ကို လူကောင်းကြီးဟု ခေါ်ကာ ချီးကျူးလိုက်ခြင်းလော… သူမ တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီလော…။
သို့မဟုတ် သူမကိုယ်တိုင်ပင် သတိမထားမိဘဲ ရွှမ်ကျန်း ကိုယ်တော်လေး၏ ပြုပြင်ပြောင်းလဲပေးခြင်းကို ခံလိုက်ရလေပြီလော…။
ထိုအတွေးကြောင့် မိစ္ဆာမလေးသည် ရင်ထဲတွင် လန့်ဖြတ်သွားခဲ့လေသည်။
မိစ္ဆာမလေး၏ အတွင်းစိတ်က အတွေးများကို ခဏတာမျှ ဘေးဖယ်ထားလိုက်ကြပါစို့...။ သူမ မှော်ဝင်္ကပါမြေပုံကို ဖြန့်လိုက်သည်နှင့်အမျှ အခြားသော မိစ္ဆာမျိုးနွယ်ဝင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် သူမ၏ အနီးသို့ စုရုံးရောက်ရှိလာကြလေတော့သည်။
မိစ္ဆာနယ်မြေသို့ ပြန်လည်ဝင်ရောက်ရန်အတွက် သူတို့အားလုံး၏ မိစ္ဆာအငွေ့အသက်များကို ပေါင်းစပ်ထည့်သွင်းရမည်ဖြစ်ကြောင်းကို ကောင်းစွာ သိရှိထားကြလေသည်။
မိစ္ဆာမလေးသည်လည်း သူမ၏ ကိုယ်ပိုင်အတွေးများကို မြိုသိပ်ထားလိုက်ပြီး သူမ၏ မိစ္ဆာအငွေ့အသက်များကို အာရုံစူးစိုက်ကာ အစွမ်းကုန် ထုတ်လွှတ်ရန် စတင်လိုက်လေသည်။
မိစ္ဆာမလေးနှင့် သူမ၏နောက်ကျောရှိ ထောင်ပေါင်းများစွာသော မိစ္ဆာမျိုးနွယ်ဝင်များက စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော မိစ္ဆာအငွေ့အသက် မုန်တိုင်းကြီးတစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး ဖူထူတောင် တစ်ခုလုံးအား မိစ္ဆာနယ်မြေ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲသွားစေခဲ့လေသည်။
မိစ္ဆာအငွေ့အသက်များ ဆက်တိုက် စီးဝင်လာမှုကြောင့် မှော်ဝင်္ကပါမြေပုံ တစ်ခုလုံးသည် လင်းလက်လာခဲ့ပြီး မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များ ပန်းထွက်လာခဲ့လေသည်။
ကျန်းလျို၊ စွန်းဝူခုန်း၊ ကျူးပါကျဲနှင့် နဂါးမြင်းဖြူတို့ အားလုံးသည် ဘေးမှရပ်ကြည့်နေကြပြီး ဤအရာအားလုံးကို တိတ်ဆိတ်စွာ အကဲခတ်နေကြလေသည်။
ကျန်းလျိုအတွက်မူ ရင်ထဲတွင် ဝမ်းသာလုံးဆို့နေခဲ့လေသည်။ ဤတစ်ကြိမ်တွင် သူသည် ယုံကြည်နိုင်လောက်စရာ မရှိသော အခွင့်အရေးကောင်းကြီးတစ်ခုနှင့် တိုက်ဆိုင်စွာ ကြုံတွေ့လိုက်ရသည်ဟု ခံစားနေရလေသည်။
ပိုးဖဲသင်္ကန်းနှင့် ကွင်းကိုးကွင်းပါ တောင်ဝှေးတို့၏ တံဆိပ်များကို ခွာချနိုင်ခဲ့ပြီဖြစ်သဖြင့် ဤပစ္စည်းကိရိယာ နှစ်ခုအပေါ် အားကိုးကာ သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားသည် စွန်းဝူခုန်းထက်ပင် ပိုမိုအားကောင်းနေနိုင်ပြီး တာလော့ရွှေနတ်မင်း တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားအဆင့်သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်ပေသည်။
ယခု မိစ္ဆာနယ်မြေသို့ သွားရောက်မည့် ခရီးစဉ်သည် မိစ္ဆာနယ်မြေရှိ ဝင်္ကပါဂူတစ်ခုအတွင်းသို့ ဝင်ရောက်ရသည်နှင့် တူညီနေပေသည်။
ရာဇဝင် အရည်အသွေး ရတနာသေတ္တာများ ဖွင့်ခွင့်ရမည့် တာဝန်နှစ်ခုကို သူ လက်ခံရယူထားသည်ကိုပင် ထည့်ပြောစရာ မလိုတော့ချေ။
ကျန်းလျို မျှော်လင့်တကြီး စောင့်စားနေသည့် တစ်ချိန်တည်းမှာပင်...
မှော်ဝင်္ကပါမြေပုံ အသက်ဝင်လာသည်နှင့်အမျှ မိစ္ဆာနယ်မြေသည် ဤဘက်ခြမ်းရှိ မိစ္ဆာအငွေ့အသက်များ၏ တည်ရှိမှုကို အာရုံခံမိသွားပုံရလေသည်။
ချက်ချင်းပင်... လေဟာနယ်သည် ကွဲအက်သွားပြီး လူတိုင်း၏ရှေ့မှောက်တွင် လည်ပတ်နေသော လမ်းကြောင်းတစ်ခုအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းကာ ထွက်ပေါ်လာလေတော့သည်။
"မိစ္ဆာနယ်မြေ ဝင်္ကပါဂူကြီး ပွင့်လာပြီကွ..."
ကျန်းလျိုသည် အချိန်မဆွဲတော့ဘဲ ပိုးဖဲသင်္ကန်းနှင့် ကွင်းကိုးကွင်းပါ တောင်ဝှေး နှစ်ခုလုံးကို တပ်ဆင်လိုက်လေသည်။ ပစ္စည်းနှစ်ခုလုံးသည် စီးဆင်းနေသော အလင်းတန်းများဖြင့် တောက်ပနေခဲ့လေတော့သည်။
***