← Chapters

အခန်း (၄၃၁-၄၃၂)

Vol. 31 Ch. 431-432

အခန်း (၄၃၁-၄၃၂)

Vol. 31 Ch. 431-432

အပိုင်း(၄၃၁)

စွန်းဝူခုန်းမှာ အလွန် အကဲဆတ်သူ ဖြစ်သည်။ ချက်ချင်းပင် အကြည့်များက ကျန်းလျိုထံ ကျရောက်သွားကာ ပိုးဖဲသင်္ကန်းနှင့် ကွင်းကိုးကွင်းပါ တောင်ဝှေးတို့ကို အံ့အားသင့်သည့် အမူအရာဖြင့် အကဲခတ်လိုက်လေသည်။

"ဟင်… ဆရာ... ဆရာ့ရဲ့ သင်္ကန်းနဲ့ တောင်ဝှေးက ဒီနေ့ နည်းနည်း ထူးခြားနေသလိုပဲ..."

ထိုစကားကို ကြားသောအခါ ကျန်းလျိုက ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ ပြန်ပြောလိုက်လေသည်။

"အင်း... ဒီသင်္ကန်းနဲ့ တောင်ဝှေးက ပုံမှန်ထက် နည်းနည်းလေး ပိုစွမ်းနေတယ် ဆိုရမှာပေါ့လေ..."

ကိုးကွင်း တောင်ဝှေးနှင့် ပိုးဖဲသင်္ကန်းတို့သည် ရတနာများဖြစ်ကြပြီး နောက်ခံ အရ နတ်ဘုရားသတ်လံသည် မွေးရာပါ အကောင်းဆုံးရတနာများ၏ အနိမ့်ပိုင်းအဆင့်တွင် ပါဝင်ပြီး အရောင်မဲ့ တိမ်တိုက်နယ်နိမိတ် အလံသည်လည်း မွေးရာပါ ဝိညာဉ်ရတနာ အဆင့်တွင် ရှိလေသည်။

၎င်းတို့သည် ပုံမှန်အားဖြင့် ချိပ်ပိတ်ထားသည့် အခြေအနေတွင် ရှိနေတတ်သော်လည်း သူ၏ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုစွမ်းရည်များ သတ်မှတ်ထားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက ဤပစ္စည်းနှစ်ခုကို သူကိုယ်တိုင် ချိပ်ပိတ်ထားရာမှ ဖွင့်နိုင်မလား ကျန်းလျို တွေးတောနေခဲ့မိသည်။

ထိုသို့တွေးမိသည်နှင့် ကျန်းလျို၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားခဲ့လေသည်။ ယခုလည်း ဤအရာကို တွေ့ကြုံခံစားကြည့်ရန် ကွမ်ယင်က သူ့ကို သုံးရက် အချိန်ပေးထားသည် မဟုတ်ပါလော။

ဤအချိန်တွင် မိစ္ဆာနယ်မြေမှ ဆင့်ခေါ်ထားသော လမ်းကြောင်းကြီးသည် လုံးဝ တည်ငြိမ်သွားပြီဖြစ်ရာ မိစ္ဆာမလေးသည် ခေါင်းလှည့်လာပြီး ကျန်းလျိုထံ အကြည့်ရောက်သွားကာ ပြောလိုက်လေသည်။

"ရွှမ်ကျန်း ကိုကို... လမ်းကြောင်းပွင့်သွားပြီ... လောလောဆယ် ဒီမှာပဲ နှုတ်ဆက်ကြတာပေါ့... ကျွန်မတို့ နောက်တစ်ကြိမ် ပြန်ဆုံတွေ့ဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်ပါတယ်..."

"ငါတို့ လမ်းခွဲကြမယ်လို့ ငါ တစ်ခွန်းမှ မပြောခဲ့ပါဘူး..."

မိစ္ဆာမလေး၏ စကားများကြောင့် ကျန်းလျိုက အနည်းငယ် ပြုံးကာ ပြန်ပြောလိုက်လေသည်။

"ငါ့ဘဝမှာ မိစ္ဆာနယ်မြေကို တစ်ခါမှ မရောက်ဖူးဘူး... ဒါက လေ့လာကြည့်ဖို့ အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်နိုင်တယ်… ဘယ်လိုလဲ တပည့်တို့... အတူတူ သွားကြမလား..."

ကျန်းလျို ပြောလိုက်သည့် စကားစု၏ နောက်တစ်ပိုင်းသည် စွန်းဝူခုန်းနှင့် သူ၏ တပည့်များကို ရည်ရွယ်ပြောဆိုလိုက်ခြင်းပင် ဖြစ်လေသည်။

"ဟင်... ရွှမ်ကျန်း ကိုကိုကလည်း မိစ္ဆာနယ်မြေကို လိုက်ချင်လို့လား..."

ကျန်းလျို၏ စကားကို ကြားသောအခါ မိစ္ဆာမလေးမှာ အံ့အားသင့်သွားပြီး မှင်တက်သွားခဲ့လေသည်။ သို့သော် နောက်ပြောင်နေခြင်း မဟုတ်သော ကျန်းလျို၏ မျက်ဝန်းများကို မြင်လိုက်ရသောအခါ မိစ္ဆာမလေးသည် သူ့ကို တားဆီးရန် ရည်ရွယ်ချက် မရှိသော်လည်း သူမ၏ မျက်နှာအမူအရာက အနည်းငယ် စိုးရိမ်နေပုံရလေသည်။

"ရွှမ်ကျန်း ကိုကို... လူ့လောကမှာရှိတဲ့ လူတိုင်းက ကျွန်မတို့ မိစ္ဆာမျိုးနွယ်တွေအပေါ် အရမ်းကို ရန်လိုကြတယ်... အဲဒီလိုပါပဲ… မိစ္ဆာနယ်မြေမှာလည်း လူသားတွေကို သဘောကျမှာ မဟုတ်ဘူးလေ... နင်သာ သွားမယ်ဆိုရင်..."

"စိတ်မပူပါနဲ့… ငါတို့က အရမ်းစွမ်းပါတယ်... ကိုယ့်ကိုယ်ကိုယ် သေချာပေါက် ကာကွယ်နိုင်တယ်..."

ကျန်းလျိုသည် သူ၏ ရင်ဘတ်ကိုပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။ အရောင်မဲ့ တိမ်တိုက်နယ်နိမိတ် အလံ ကဲ့သို့သော ကာကွယ်ရေးရတနာကို ပိုင်ဆိုင်ထားသဖြင့် ကျန်းလျိုသည် သူ၏ ဘေးကင်းရေးအတွက် များစွာ စိတ်ပူမနေခဲ့ချေ။

"ဒီလိုဆိုမှတော့လည်း အတူတူ သွားကြတာပေါ့..."

ကျန်းလျို၏ ယုံကြည်မှုကို မြင်သောအခါ မိစ္ဆာမလေးသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ သူမက ဘာမှ ထပ်မပြောတော့ချေ။

စကားပြောနေစဉ်မှာပင် ကျန်းလျိုနှင့် မိစ္ဆာမလေးတို့သည် ဦးဆောင်ကာ လမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြပြီး ထောင်ပေါင်းများစွာသော မိစ္ဆာများသည်လည်း နောက်မှလိုက်ပါကာ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြလေတော့သည်။

လမ်းကြောင်းသည် သိပ်မရှည်လျားလှချေ။ ခြေလှမ်း ဒါဇင်အနည်းငယ်ခန့် လျှောက်လိုက်ပြီးနောက် ကျန်းလျိုသည် ကျယ်ဝန်းလှသော နေရာလွတ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရလေတော့သည်။

မိစ္ဆာနယ်မြေသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သဖြင့် ကျန်းလျိုသည် မိစ္ဆာနယ်မြေ၏ ရှုခင်းများကို သေချာစွာ လေ့လာကြည့်ရှုချင်နေခဲ့လေသည်။

နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် မိစ္ဆာနယ်မြေ၏ ကောင်းကင်ယံသည် မှုန်မှိုင်းနေပြီး လူ့လောက၏ ဆည်းဆာချိန်နှင့် ဆင်တူကာ ကောင်းကင်ယံတွင် တွဲလွဲခိုနေသော အနီရင့်ရောင် အလင်းတန်းများကြောင့် အတော်လေး အသက်ရှူကျပ်ဖွယ် ကောင်းလှပေသည်။

လမ်းကြောင်း၏ တစ်ဖက်စွန်းတွင် တောင်တန်းများ ဆက်တိုက် တည်ရှိနေသော်လည်း တောင်ပေါ်ရှိ ကျောက်တုံးများသည် အမည်းရောင်ဖြစ်နေကာ ခြောက်ကပ်နေသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။

လမ်းကြောင်းကို ဖွင့်ရန် ညွှန်ကြားခံထားရသော မိစ္ဆာရာပေါင်းများစွာသည် လမ်းကြောင်း၏ ဘေးတစ်ဖက်တွင် စောင့်ဆိုင်းနေခဲ့ကြလေသည်။

ခေါင်းဆောင်မိစ္ဆာသည် မိစ္ဆာမလေး၊ စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ကို တွေ့သော အခါတွင် မည်သည့် ထူးခြားသော တုံ့ပြန်မှုမျှ မပြခဲ့သော်လည်း သူ၏ အကြည့်များ ကျန်းလျိုထံ ကျရောက်သွားသောအခါတွင်တော့ မျက်နှာတွင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာခဲ့လေသည်။

"ဟင်... လူသားပါလား..."

ခေတ္တမျှ စဉ်းစားပြီးနောက် သူက အနည်းငယ် ခေါင်းညိတ်ကာ မေးလိုက်သည်။

"ဒီလူသားက မင်းတို့ ဖမ်းလာတဲ့ သုံ့ပန်းလား..."

ခေါင်းဆောင်မိစ္ဆာ၏ စကားများကို ကျန်းလျိုက ပြန်လည်တုံ့ပြန်လိုက်သည်။

"စိတ်မကောင်းပါဘူး... ငါက သုံ့ပန်းမဟုတ်ဘူး.. မိစ္ဆာနယ်မြေမှာ လမ်းလျှောက်ပြီး ရှုခင်းလာကြည့်တာပါ... မင်းတို့ ငါ့ကို ကြိုဆိုမလားဆိုတာ သိချင်တယ်... မင်းတို့အကုန်လုံးက လူကောင်းတွေဆိုတော့ ငြင်းမှာမဟုတ်ဘူး ထင်ပါတယ်..."

"တောက်... သေချင်နေပြီလား..."

လူကောင်းများဟု အခေါ်ခံလိုက်ရသဖြင့် မိစ္ဆာများမှာ ဒေါသထွက်သွားခဲ့ကြပြီး သူတို့၏ မျက်နှာများမှာလည်း ဒေါသကြောင့် မည်းမှောင်သွားကာ အော်ဟစ်လိုက်ကြလေသည်။ ထိုအော်ဟစ်သံများကြားတွင် ဦးချိုပါသော မိစ္ဆာတစ်ကောင်က သူ၏ လက်ထဲရှိ ဓားမကြီးကို မြှောက်ကာ ကျန်းလျိုထံသို့ တိုက်ရိုက် ခုတ်ချလိုက်လေသည်။

ဘုန်း...

သို့သော်လည်း ကျန်းလျိုသည် သူ၏ ကိုးကွင်း တောင်ဝှေးကို မြှောက်ကာ မိစ္ဆာ၏ ခေါင်းပေါ်သို့ ရိုက်ချလိုက်လေသည်။

ဘုန်း...

လှုပ်ရှားမှု တစ်ချက်တည်းဖြင့်ပင် မိစ္ဆာ၏ ဓားမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွား၏။ ကွင်းကိုးကွင်းပါ တောင်ဝှေး၏ အရှိန်ကတော့ လျော့မသွားဘဲ မိစ္ဆာ၏ ခေါင်းကို ရိုက်မိသွားရာ ၎င်း၏ သွေးတန်းမှာ ချက်ချင်း ကုန်ခမ်းသွားခဲ့ပြီး စနစ်၏ သတိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။

ဒင် - အတွေ့အကြုံမှတ် ၁၈,၇၀၀ ရရှိပြီး ငွေ ၃ တိုင် ရရှိပါသည်။

"ဟီး ဟီး ဟီး..."

စနစ်၏ သတိပေးချက်ကို ကြားသောအခါ ကျန်းလျို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ အမှန်ပင် ဤသုံးရက်သည် သူ့အတွက် အတွေ့အကြုံမှတ်များကို တတ်နိုင်သမျှ အများဆုံး စုဆောင်းရန် အကောင်းဆုံးအချိန် ဖြစ်နေပေသည်။

ဂိမ်းတစ်ခုနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ယခု သူသည် အတွေ့အကြုံမှတ် နှစ်ဆ... မဟုတ်သေး အဆဆယ်ဆပါသော ဆေးလုံး တစ်လုံးကို စားသုံးထားသူ တစ်ယောက်နှင့် တူနေပေသည်။

လာမည့် ၇၂ နာရီအတွင်းတွင် မိစ္ဆာများကို သတ်ဖြတ်ခြင်းမှ အတွေ့အကြုံမှတ် ဆယ်ဆ ရရှိနိုင်သည်နှင့် တူညီနေလေသည်။

"ဟား… မင်းလို လူသားက တော်တော် သတ္တိကောင်းနေပါလား..."

မိစ္ဆာက အရင်စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် ကျန်းလျို၏ ကွင်းကိုးကွင်းပါ တောင်ဝှေး ထိမှန်သွားသောအခါ ရန်လိုနေသော မိစ္ဆာမှာ ချက်ချင်းပင် သေဆုံးသွားခဲ့လေသည်။ ခေါင်းဆောင်မိစ္ဆာသည် အံ့အားသင့်မှုနှင့် ဒေါသများ ရောယှက်နေသော မျက်နှာဖြင့် ကျန်းလျိုကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်လေသည်။

"ဟင်... ဆရာက ရုတ်တရက်ကြီး အရမ်း စွမ်းလာပါလား... သူက မိစ္ဆာစစ်သူကြီး တစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်ပေါ့..."

ကျန်းလျိုက ပြိုင်ဘက်ကို ချက်ချင်း သတ်ပစ်လိုက်သည်ကို ကြည့်ရင်း စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည်လည်း အံ့အားသင့်မှုအပြည့်ရှိသော မျက်နှာများဖြင့် သူ့ကို ကြည့်လိုက်ကြလေသည်။

"ဒီတော့... မင်းတို့ အကုန်လုံးလည်း ဝင်တိုက်ကြတော့မလို့လား..."

ဒေါသတကြီးဖြင့် သူ့အား စိုက်ကြည့်နေကြသော မိစ္ဆာများကို ကြည့်ရင်း ကျန်းလျိုက ခပ်ဟဟ ရယ်မောကာ ခေါင်းယမ်းလိုက်လေသည်။

“ကဲပါ... အချိန်မကုန်အောင် ငါကပဲ စလိုက်မယ်...”

စကားပြောနေစဉ်မှာပင် ကျန်းလျိုသည် ဦးဆောင်ကာ မိစ္ဆာများဆီသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့သည်။

လက်ထဲတွင် တိုက်ခိုက်ရေးစွမ်းအား ၁၀ သန်း တိုးမြှင့်ပေးထားသော ကိုးကွင်း တောင်ဝှေး ပါရှိသဖြင့် ဤမိစ္ဆာမျိုးနွယ်ဝင်များသည် ကျန်းလျို၏ ပြိုင်ဘက် လုံးဝ မဟုတ်ကြချေ။

တိကျသော တိုက်ခိုက်မှု တစ်ချက်ပြီးတစ်ချက်ဖြင့် ထိမှန်သွားသော မိစ္ဆာတိုင်းသည် ချက်ချင်း သေဆုံးသွားခဲ့ကြလေသည်။

ကျန်းလျိုသည် သူတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် ရည်ရွယ်ချက် လုံးဝမရှိဘဲ သူ့ ကိုယ်ပေါ်သို့ စိတ်ကြိုက် ကျရောက်ခွင့် ပေးထားလိုက်လေသည်။

ကာကွယ်ရေးစွမ်းအား ၁ ဘီလီယံ အပြည့်ရှိနေသဖြင့် ယခုအခါ သူသည် စူပါဘော့စ်ကြီး တစ်ကောင်နှင့် တူနေသည်ဟုပင် ဆိုနိုင်ပေသည်။ သူတို့၏ တိုက်ခိုက်မှုများသည် သူ့ကို ယားကျိကျိပင် မဖြစ်စေနိုင်လောက်အောင် အားနည်းလွန်းနေပေသည်။

ဤတောင်တန်းရှိ မိစ္ဆာအရေအတွက်သည် အလွန်အမင်း မများပြားသော်လည်း နည်းပါးလွန်းသည်တော့ မဟုတ်ချေ။

မိစ္ဆာရာပေါင်းများစွာသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ကောင်မကျန် မြေကြီးပေါ်သို့ လဲကျသွားခဲ့ကြပြီး ကျန်းလျို၏ တိုက်ခိုက်မှုများအောက်တွင် အားလုံးမှာ ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမျောပါး ဖြစ်နေကြလေသည်။

"မိုက်တယ်ဟေ့..."

ကျန်းလျိုအတွက်မူ ဤတိုက်ပွဲသည် လုံးဝ တစ်ဖက်သတ် သတ်ဖြတ်ခြင်းပင် ဖြစ်လေသည်။ ဤမိစ္ဆာရာပေါင်းများစွာသည် သူ၏ အစွမ်းအောက်တွင် ငါးမိနစ်ခန့်သာ တောင့်ခံနိုင်ခဲ့ကြသော်လည်း ထိုအချိန်တိုလေးအတွင်းတွင် သူသည် တိုက်ပွဲမှ အတွေ့အကြုံမှတ် ၂ သန်းကျော်ကို ရရှိခဲ့လေသည်။

ဤတိုတောင်းသော ငါးမိနစ် တိုက်ပွဲအတွင်း ရရှိခဲ့သည့် အတွေ့အကြုံမှတ်များသည် သူ၏ နှစ်လတာ ကျင့်ကြံခြင်းနှင့် ညီမျှနေပေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အောက်ခြေအဆင့် မိစ္ဆာများသာ ဖြစ်သောကြောင့်တည်း။ အကယ်၍ ဤမိစ္ဆာများသာ မိစ္ဆာဘုရင်များ သို့မဟုတ် မိစ္ဆာနတ်အဆင့် နှင့် အထက်တွင် ရှိနေမည်ဆိုပါက တောင်ဝှေး တစ်ချက်လွှဲရုံဖြင့် အတွေ့အကြုံမှတ် သန်းဆယ်ချီ၍ ရရှိနိုင်မည်ဟု ကျန်းလျို ခံစားလိုက်ရလေသည်။

ဂိမ်းစနစ်၏ စွမ်းရည်များကို ရရှိပြီးကတည်းက တိုက်ပွဲမှနေ၍ ဤမျှများပြားသော အတွေ့အကြုံမှတ်များကို ရိတ်သိမ်းနိုင်ခြင်းမှာ ကျန်းလျိုအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး သူသည် အလွန်အမင်း စိတ်လှုပ်ရှား ဝမ်းသာနေခဲ့လေသည်။

***

အပိုင်း(၄၃၂)

မိစ္ဆာမလေးနှင့် အခြားသူများသည် တိုက်ပွဲတွင် သူတို့၏ ယခင် ဆွေမျိုးသားချင်းများကို ကူညီပေးရန် ရည်ရွယ်ချက် လုံးဝမရှိကြဘဲ ဘေးမှသာ ရပ်ကြည့်နေခဲ့ကြလေသည်။ တိုက်ပွဲ အလျင်အမြန် ပြီးဆုံးသွားပြီးနောက် မိစ္ဆာမလေးက ကျန်းလျိုအား အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေသည်။

"ရွှမ်ကျန်း ကိုကို... ရှင်က ကျွန်မတို့ထက်တောင် မိစ္ဆာနယ်မြေက လူနဲ့ ပိုတူနေသေးတယ်..."

သူမ ကျန်းလျိုအား သိကျွမ်းလာခဲ့သည်မှာ တစ်နှစ်ကျော်မျှ ရှိပြီဖြစ်သော်လည်း ယခင်က သူ၏ စွမ်းအားနှင့် ယခု သူပြသလိုက်သော စွမ်းအားကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ထောင်ပေါင်းများစွာ သို့မဟုတ် သိန်းပေါင်းများစွာအထိ အဆမတန် တိုးတက်လာခဲ့သည်ကို တွေ့ရလေသည်။

ထို့ပြင် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်တွင် ရှိစဉ်ကတည်းက သူသည် မိစ္ဆာများကို ရှာဖွေတိုက်ခိုက်ရန် အလွန် စိတ်အားထက်သန်နေခဲ့ပြီး ယခုအခါ ထိုဆန္ဒမှာ ပိုမို ပြင်းပြနေပုံရပေသည်။

မိစ္ဆာမလေး၏ စကားများကို ကြားသောအခါ ကျန်းလျိုက လက်အုပ်ချီကာ ပြန်လည်တုံ့ပြန်လိုက်လေသည်။

"အောမိတော်ဖော... ငါက သူတို့ကို ကူညီပေးနေတာပါ... ပြီးတော့ သူတို့ကို ကယ်တင်ပေးနေတာလည်း ဖြစ်တယ်..."

သူ ညာပြောနေခြင်း မဟုတ်ချေ။ အကယ်၍ သူသာ အရင်စတင် တိုက်ခိုက်ခဲ့မည်ဆိုပါက သူတို့ သေဆုံးသွားမည် မဟုတ်ဘဲ ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမျောပါးသာ ဖြစ်သွားမည် ဖြစ်လေသည်။

အကယ်၍ သူတို့ဘက်မှ အရင်စတင် တိုက်ခိုက်လာသည်အထိ သူသာ စောင့်ဆိုင်းနေခဲ့မည်ဆိုပါက အကျိုးဆက်သည် လုံးဝ ကွာခြားသွားမည်ဖြစ်ပြီး အလောင်းများ ပြန့်ကျဲနေသော မြေပြင်တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

သူ အရင်စတင် တိုက်ခိုက်နေခြင်းမှာ သူတို့ကို ကယ်တင်နေခြင်းသာ ဖြစ်သည်။

"ဆရာက ဒီနေ့ တကယ့်ကို စွမ်းလွန်းတယ်..."

ဘေးနားရှိ နဂါးမြင်းဖြူသည်လည်း တိုက်ပွဲတစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီး ကျန်းလျိုက မိစ္ဆာအားလုံးကို မည်မျှ လွယ်ကူစွာ ရှင်းလင်းပစ်လိုက်ကြောင်း မြင်တွေ့ခဲ့ရသဖြင့် အားကျလေးစားစွာဖြင့် ပြောလိုက်လေသည်။

ထူးဆန်းလှပေသည်။ ဤမျှ ကြီးမားလှသော စွမ်းအားကို ပိုင်ဆိုင်ထားပါလျက်နှင့် ကွမ်ယင် ဗောဓိသတ်သည် အနောက်ကောင်းကင်ဘုံသို့ ကျမ်းစာပင့်ဆောင်ရန်အတွက် သူ့အား အစောင့်အရှောက်အဖြစ် နောင်တော်သုံးပါးကို အဘယ်ကြောင့် ထည့်ပေးလိုက်ရသနည်း။

ဆရာ တစ်ပါးတည်းဖြင့်ပင် အနောက်ကောင်းကင်ဘုံအထိ လမ်းခုတ်ထွင်ကာ တိုက်ခိုက်သွားနိုင်သည် မဟုတ်ပါလော…။

ငါးမိနစ်မျှသာ ကြာမြင့်သော တိုက်ပွဲလေးအတွင်းတွင် ကျန်းလျိုသည် အတွေ့အကြုံမှတ် ၂ သန်းကို အံ့သြဖွယ်ရာ ရရှိခဲ့လေသည်။ ဤမျှ များပြားလှသော အကျိုးအမြတ်ကြောင့် ကျန်းလျို၏ ရင်ထဲတွင် ဝမ်းသာပီတိများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် လက်ကို မြှောက်လိုက်ရာ ကုသခြင်း လက်ဝါး ကျွမ်းကျင်မှုစွမ်းရည် အသက်ဝင်သွားခဲ့လေသည်။

ဝုန်းခနဲ အသံနှင့်အတူ ကောင်းကင်ယံမှ သန့်စင်သော အရာဝတ္ထုတစ်ခု ကျဆင်းလာကာ မြေကြီးထဲသို့ ပြင်းထန်စွာ စိုက်ဝင်သွားခဲ့ပြီးနောက် မျက်စိဖြင့် မမြင်နိုင်သော လှိုင်းဂယက်များ ပြန့်ထွက်လာကာ မိစ္ဆာများအပေါ်သို့ ရိုက်ခတ်သွားခဲ့လေသည်။

မြေပြင်ပေါ်ရှိ မိစ္ဆာအားလုံး၏ သွေးတန်းများ ကုန်ခမ်းနေခဲ့သော်လည်း ကုသခြင်း လက်ဝါး၏ စွမ်းအားအောက်တွင် သူတို့၏ သွေးတန်းများမှာ အလျင်အမြန် ပြန်လည် ပြည့်ဝလာခဲ့လေသည်။

မိစ္ဆာရာပေါင်းများစွာ၏ သွေးတန်းများ တစ်ချိန်တည်း ပြန်လည်ပြည့်ဝလာသည်ကို မြင်တွေ့ရသည်မှာ တကယ့်ကို ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။

စက္ကန့် ၂၀ အတွင်းမှာပင် သူတို့၏ သွေးတန်းများမှာ ၂၀ ရာခိုင်နှုန်းခန့် ပြန်လည် ပြည့်ဝလာခဲ့လေသည်။

သူတို့၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်နေဆဲ ဖြစ်သော်လည်း ဤမိစ္ဆာများသည် တစ်ကောင်ပြီးတစ်ကောင် တဖြည်းဖြည်း သတိရလာကြလေသည်။

"ဘယ်လိုလဲ… မင်းတို့ ထပ်တိုက်ချင်သေးလား..."

အသေးစား တိုက်ပွဲအပြီးတွင် ဤမိစ္ဆာများကို အောင်မြင်စွာ ပြန်လည်ဆွဲတင်နိုင်ခဲ့ပြီးနောက် ကျန်းလျို၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ အပြည့်အဝရှိနေကာ နောက်တစ်သုတ် ထပ်မံ၍ အတွေ့အကြုံမှတ် ရှာချင်နေသေးလေသည်။

"မတိုက်တော့ပါဘူး... ကျွန်တော်တို့... ကျွန်တော်တို့ အညံ့ခံပါ့မယ်..."

ကျန်းလျို၏ မျက်လုံးများကို မြင်သောအခါ ခေါင်းဆောင် မိစ္ဆာနတ်အဆင့်မှာ လန့်ဖြတ်သွားပြီး အလျင်အမြန် ခေါင်းယမ်းလိုက်လေသည်။

ကျန်းလျို၏ ကွင်းကိုးကွင်းပါ တောင်ဝှေးက ချွင်းချက်မရှိ တစ်ချက်တည်းဖြင့် အဆုံးသတ်ပေးလိုက်သည်ကို မြင်တွေ့ခဲ့ရပြီးနောက် ထပ်တိုက်ရန် လုပ်ဆောင်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်ကြောင်း သူ နားလည် သွားခဲ့ပြီ ဖြစ်သည်။

မိစ္ဆာမျိုးနွယ်များအတွက်မူ အင်အားကြီးသူကသာ အမှန်တရားဖြစ်ပြီး မိမိထက် အစွမ်းထက်သူအား အညံ့ခံခြင်းမှာသာ ယုတ္တိအရှိဆုံး ဖြစ်ပေသည်။

"တကယ့်ကို ကြောက်စရာကောင်းတာပဲ... လူသားတွေ အကုန်လုံးက ကြောက်စရာကောင်းတယ်… အထူးသဖြင့် ထိပ်ပြောင်တဲ့သူတွေပေါ့... ပြီးတော့ ခေါင်းပေါ်မှာ ရဟန်းအမှတ် အများဆုံးရှိတဲ့သူတွေက အကြောက်ရဆုံးပဲ..."

ဘေးဘက်ရှိ မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင်မှ လွတ်မြောက်လာခဲ့သော မိစ္ဆာများစွာသည်လည်း ပို၍ ကြောက်ရွံ့သွားကြကာ သူတို့ဘာသာ တီးတိုးရေရွတ်လိုက်ကြလေသည်။

ကံကောင်းထောက်မစွာဖြင့် ဘုရင်မသည် ရွှမ်ကျန်း အမည်ရသော ဤဘုန်းတော်ကြီးနှင့် အတော်လေး ရင်းနှီးပုံရသဖြင့် သူသည် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ ထိုသို့မဟုတ်ဘဲ အကယ်၍ သူသာ သူတို့ကိုပါ တိုက်ခိုက်ခဲ့မည်ဆိုပါက အကျိုးဆက်များမှာ စိတ်ကူးကြည့်၍ပင် ရနိုင်မည် မဟုတ်ချေ။

"တကယ့် ရတနာပဲ..."

မိစ္ဆာမလေး၏ အံ့အားသင့်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့၏ မျက်လုံးများသည် ကျန်းလျို၏ လက်ထဲရှိ ကိုးကွင်း တောင်ဝှေးထံတွင်သာ စူးစိုက်နေခဲ့လေသည်။

ကျန်းလျို၏ ယနေ့ ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်သည် သူ၏ ကိုယ်ပိုင်စွမ်းအားအပေါ်တွင်သာ မှီခိုနေခြင်းမဟုတ်ဘဲ သူ၏ လက်ထဲရှိ တောင်ဝှေးနှင့် သူဝတ်ဆင်ထားသော သင်္ကန်း၏ ကာကွယ်ရေးစွမ်းရည်များက သူ့အား ဤမျှစွမ်းအားကြီးမားစေခြင်းဖြစ်ကြောင်း စွန်းဝူခုန်းနှင့် အခြားသူများအတွက် ထင်ရှားနေခဲ့လေသည်။

စွန်းဝူခုန်းသည် ကိုးကွင်း တောင်ဝှေးနှင့် ပိုးဖဲသင်္ကန်းတို့ ရှိနေကြောင်းကို အမြဲတစေ သိရှိထားခဲ့သော်လည်း ဤရတနာနှစ်ပါး၏ စွမ်းအားကို တကယ်တမ်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပုံရလေသည်။

မိစ္ဆာနတ်အဆင့် တစ်ကောင်ကိုပင် တောင်ဝှေး တစ်ချက်လွှဲရုံဖြင့် သတ်ပစ်နိုင်သည်လော…။

ဤတောင်ဝှေး၏ အရည်အသွေးသည် သာမန်ထက် များစွာ ထူးကဲလှပေသည်။

ထို့ပြင် သူဝတ်ဆင်ထားသော ထိုသင်္ကန်းက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှကာ မည်သည့် တိုက်ခိုက်မှုကိုမဆို အချည်းနှီး ဖြစ်သွားစေပုံရလေသည်။

"မင်းတို့ တကယ် ပြန်မတိုက်တော့ဘူး သေချာလား... အဟွတ် အဟွတ် အဟွတ်... ငါ မျက်လုံးတွေ ပြာနေပြီ... အားနည်းပြီး ခြေတွေလက်တွေတောင် တုန်နေပြီ..."

မိစ္ဆာများသည် မိမိအား ကြောက်ရွံ့သွားပုံရသည်ကို မြင်သောအခါ ကျန်းလျိုမှာ အလွန်တရာ နှမြောတသ ဖြစ်သွားခဲ့ပြီး မိစ္ဆာများကို တိုက်ခိုက်လာစေရန် ဆွဲဆောင်သည့်အနေဖြင့် နေမကောင်းသူတစ်ယောက်လို ဟန်ဆောင်ကာ တုန်တုန်ယင်ယင် လုပ်ပြလိုက်လေသည်။

"အဲဒါကြီးက အရမ်း သရုပ်ပျက်လွန်းမနေဘူးလား... ကောက်ကျစ်လွန်းတယ်..."

ကျန်းလျိုက သရုပ်ဆောင်နေသည်ကို မြင်သောအခါ မိစ္ဆာများမှာ အူကြောင်ကြောင် ဖြစ်သွားကြကာ သူတို့၏ စိတ်ထဲမှနေ၍ လှောင်ပြောင်လိုက်ကြလေသည်။

မိစ္ဆာမျိုးနွယ်များ၏ ကိုယ်ကျင့်တရားသည် လူသားများနှင့် လုံးဝ ပြောင်းပြန်ဖြစ်နေသောကြောင့် ကောက်ကျစ်စဉ်းလဲခြင်း ဆိုသည့် စကားလုံးမှာ မိစ္ဆာများကြားတွင် ချီးကျူးစကားတစ်ခုဖြစ်သည်။ သူတို့သည် ဤကဲ့သို့ မကောင်းဆိုးဝါး လှည့်ကွက်မျိုးစုံနှင့် အကျွမ်းတဝင် ရှိပြီးသား ဖြစ်လေသည်။

သူတို့ကို တိုက်ခိုက်လာစေရန် ရန်စသည့်အနေဖြင့် ကျန်းလျိုက အားနည်ချင်ယောင် ဆောင်နေခြင်းကို ဤမိစ္ဆာများက ဘယ်လိုလုပ်ပြီး အလိမ်ခံရမည်နည်း။

"ဆရာ… ကျွန်တော်တို့ အညံ့ခံဖို့ ဆန္ဒရှိပါတယ်... တကယ်ကို ရိုးရိုးသားသားနဲ့ အညံ့ခံဖို့ ဆန္ဒရှိတာပါ..."

အတွင်းစိတ်ထဲတွင် လှောင်ပြောင်နေကြသော်လည်း ခေါင်းဆောင် မိစ္ဆာနတ်အဆင့်သည် သူ၏ အစစ်အမှန် ခံစားချက်များကို မပြရဲဘဲ အလေးအနက်ထားကာ နှုတ်မှဖွင့်၍ ပြန်လည်တုံ့ပြန်လိုက်လေသည်။

"ဒီတော့... ငါက လူ့ပြည်က အခုလေးတင် ရောက်လာပြီး မင်းတို့ရဲ့ အဖော်တစ်ယောက်ကို သတ်ပစ်လိုက်တာတောင် မင်းတို့ထဲက တစ်ယောက်မှ လက်စားမချေချင်ကြဘူးပေါ့လေ..."

ကျန်းလျိုသည် သိပ်မယုံကြည်နိုင်သေးဘဲ မေးလိုက်လေသည်။

"ကျွန်တော်တို့ မိစ္ဆာမျိုးနွယ်မှာ အားနည်းတဲ့သူတွေက အင်အားပိုကြီးတဲ့သူတွေရဲ့ အသတ်ခံရတာက လုံးဝ သဘာဝကျပါတယ်... ကျွန်တော်တို့ ဒေါသလည်း မထွက်သလို လက်စားချေဖို့လည်း မတွေးပါဘူး... ဆရာ စိတ်ချလက်ချသာ နေပါ..."

ကျန်းလျိုက တိုက်ခိုက်ချင်လေလေ မိစ္ဆာနတ်အဆင့်၏ ရင်ထဲတွင် ပို၍ ကြောက်လန့်လာလေလေဖြစ်ပြီး ခေါင်းငုံ့ကာ ကပျာကယာ ပြန်ပြောလိုက်လေသည်။

"ဟူး..."

ဤမိစ္ဆာများက အမှန်တကယ်ပင် ပြန်လည်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့သည်ကို မြင်သောအခါ ကျန်းလျိုသည် အနည်းငယ် လက်မှိုင်ချသွားသလို ခံစားလိုက်ရပြီး သက်ပြင်းရှည်ကြီးတစ်ခုကို ချကာ ဆက်မပြောတော့ချေ။

ကောင်းပြီ...။ ဤမိစ္ဆာများက ဆက်တိုက်ရန် မရည်ရွယ်တော့သဖြင့် သူ့ထံတွင်လည်း ဆက်ပြောစရာ ဘာမှမရှိတော့ချေ။

သူသည် သူ၏ လက်ထဲရှိ ကွင်းကိုးကွင်းပါ တောင်ဝှေးကို ငုံ့ကြည့်လိုက်ရာ တံဆိပ်ခွာထားသည့် အခြေအနေတွင် အချိန် နာရီ ၇၀ ခန့်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရလေသည်။ ၎င်းမှာ ဖူထူတောင်တွင် စွန်းဝူခုန်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ကုန်ဆုံးသွားခဲ့သော အချိန်များဖြစ်ပြီး ယခုအခါ သူ့အတွက် အချိန်သိပ်များများ မကျန်တော့ချေ။

"မင်းတို့က ငါ့ကို အညံ့ခံဖို့ ဆန္ဒရှိတယ်ဆိုမှတော့လည်း ကောင်းတာပေါ့... မင်းတို့ကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းလျိုက မိစ္ဆာနတ်အဆင့်ကို စကားစလိုက်လေသည်။

"မေးပါ ဆရာ... ကျွန်တော် ဘာတစ်ခုမှ လျှို့ဝှက်မထားဘဲ အကုန်လုံးကို ဖြေပါ့မယ်..."

ခေါင်းငုံ့ထားလျက်ဖြင့် မိစ္ဆာနတ်အဆင့်သည် အညံ့ခံသော ကိုယ်ဟန်အမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်၏။ သူ၏နောက်မှ ပြင်းထန်စွာ ဒဏ်ရာရနေသော အခြားမိစ္ဆာများသည်လည်း ခေါင်းများကိုသာ ငုံ့ထားကြကာ ကျန်းလျိုကို မော့မကြည့်ရဲကြချေ။

"ငါ မေးမယ်…မိစ္ဆာနယ်မြေမှာ သွေးအသွင်ပြောင်း နတ်ဓား လို့ခေါ်တဲ့ လက်နက်တစ်ခု ရှိတယ်… အဲဒါက ဘယ်သူ့လက်နက်လဲဆိုတာ မင်းသိလား..."

ကျန်းလျိုသည် စကားကို လှည့်ပတ်မနေတော့ဘဲ မိစ္ဆာကိုကြည့်ကာ မေးလိုက်လေသည်။

"သေချာပေါက် သိတာပေါ့..."

ထိုစကားကို ကြားသောအခါ မိစ္ဆာက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်လေသည်။

"သွေးအသွင်ပြောင်း နတ်ဓား က ကျွန်တော်တို့ မိစ္ဆာမျိုးနွယ်က မိစ္ဆာသခင်ကြီး ယွီဟွာရဲ့ ရတနာပါ..."

"တကယ်ပဲ ယွီဟွာ ဖြစ်နေတာကိုး..."

မိစ္ဆာနတ်အဆင့်၏ စကားကို ကြားသောအခါ ကျန်းလျိုသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။ ဤ မိစ္ဆာသခင်ကြီး ဆိုသူသည် ကောင်းကင်ဘုံ၏ တာလော့ရွှေနတ်မင်း နှင့် တူညီသော အဆင့်တွင် ရှိနေပေသည်။ မိစ္ဆာနတ်အဆင့်၏ စကားကို ကြားပြီးနောက် ကျန်းလျိုသည်လည်း ယွီဟွာ၏ စွမ်းရည်များကို အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့လေသည်။

"ဒီ ယွီဟွာ က ဘယ်မှာရှိတယ်ဆိုတာ မင်း သိလား..."

ကျန်းလျိုသည် စကားကို မဝေ့ဝိုက်တော့ဘဲ မိစ္ဆာနတ်အဆင့်ကို ဆက်မေးလိုက်လေသည်။

"သိတာပေါ့…”

မိစ္ဆာနတ်အဆင့်က ခေါင်းညိတ်ပြကာ ဆက်၍ ဖြေကြားလိုက်လေသည်။

“မိစ္ဆာသခင်ကြီး ယွီဟွာ က သွေးဓားဂူ ထဲမှာ နေတာပါ... ဒါပေမဲ့ ကံဆိုးတာက အဲဒီနေရာက ဒီကနေဆို အဝေးကြီးပဲ… အနည်းဆုံး လီ ရှစ်သောင်းလောက် ကွာဝေးတယ်..."

ကျန်းလျိုက အနည်းငယ် ခေါင်းညိတ်လိုက်၏။ သူသည် မျက်နှာအမူအရာ မပြောင်းလဲဘဲ သွေးဓားဂူ ဆိုသည့် နေရာ၏ တည်နေရာနှင့် ပတ်သက်၍ ဆက်လက် မေးမြန်းလိုက်လေတော့သည်။

***

All Chapters