အခန်း (၄၃၃-၄၃၄)
Vol. 31 Ch. 433-434
အပိုင်း(၄၃၃)
ကျန်းလျိုသည် သူ သိလိုသည်များကို သိရှိသွားပြီးနောက် လက်ကိုဝှေ့ယမ်းကာ မိစ္ဆာများကို ပြန်လွှတ်လိုက်လေသည်။
"ရွှမ်ကျန်း ကိုကို… ရှင် သွေးဓားဂူကို သွားမလို့လား..."
တစ်ချိန်တည်း၌... ကျန်းလျို၏ စကားများကို ကြားလိုက်ရသော မိစ္ဆာမလေးသည် ရှေ့သို့ ခြေနှစ်လှမ်းခန့် တိုးလာပြီး မေးလိုက်လေသည်။
"အေး… သွေးဓားဂူကို ငါ တကယ် တစ်ခေါက်လောက် သွားဖို့ လိုသေးတယ်..."
ကျန်းလျိုက ခေါင်းအနည်းငယ်ညိတ်ကာ ပြန်လည်ဖြေကြားလိုက်လေသည်။
စကားပြောနေရင်းမှ သူက ခေတ္တရပ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
"အခုဆိုရင် မင်းတို့ကို မိစ္ဆာနယ်မြေအထိ ငါ ခေါ်လာပေးပြီးပြီဆိုတော့ လမ်းခွဲရမယ့်အချိန် ရောက်ပြီပေါ့... ငါတို့ နောက်တစ်ကြိမ် ပြန်ဆုံတွေ့ဖို့ မျှော်လင့်ပါတယ်..."
"ဟင့်အင်း..."
သို့သော်လည်း ကျန်းလျို၏ စကားကို ကြားသောအခါ မိစ္ဆာမလေးက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ရွှမ်ကျန်း ကိုကို သွားမယ်ဆိုရင် ကျွန်မပါ လိုက်ပါရစေ... ရှင်က ကျွန်မကို ကူညီပေးခဲ့တာဆိုတော့ အခု ရှင့်ကို ကျွန်မ ပြန်ကူညီပေးချင်တယ်..."
"ဟင်…မင်းလည်း လူကောင်းဖြစ်သွားပြီလား… မင်းတို့ မိစ္ဆာမျိုးနွယ်တွေက သစ္စာစောင့်သိတာနဲ့ တရားမျှတတာကို ရှက်စရာလို့ မြင်ကြတာ မဟုတ်ဘူးလား..."
မိစ္ဆာမလေး၏ စကားများကို ကြားသောအခါ ကျန်းလျိုမှာ အနည်းငယ် အံ့အားသင့်သွားပြီး သူမအား ကြည့်ကာ အံ့သြတကြီးဖြင့် ပြောလိုက်လေသည်။
"ကျွန်မ... ကျွန်မ..."
ကျန်းလျို၏ စကားများကို ကြားလိုက်ရသောအခါ မိစ္ဆာမလေးသည် ရုတ်တရက် သတိဝင်လာပြီး ခေါင်းငုံ့ကာ စဉ်းစားလိုက်မိလေသည်။ အမှန်ပင် ကျေးဇူးဆပ်ချင်သော စိတ်ကူးသည် မိစ္ဆာမျိုးနွယ်များက အထင်အမြင်သေးတတ်သည့် အရာတစ်ခု မဟုတ်ပါလော…။ ထိုသို့ဆိုလျှင် သူမက အဘယ်ကြောင့် ထိုသို့ လုပ်ချင်နေရသနည်း…။
သူမသည် ရွှမ်ကျန်းအစ်ကိုတော်၏ ပြုပြင်ပြောင်းလဲပေးခြင်းကို အမှန်တကယ်ပင် ခံလိုက်ရလေပြီလော…။
"ဘုရင်မ..."
မိစ္ဆာနယ်မြေသို့ မိစ္ဆာမလေးနှင့်အတူ လိုက်ပါလာကြသော မြေအောက် မိစ္ဆာဂူမှ မရေမတွက်နိုင်သော မိစ္ဆာများသည် သူမ၏ စကားများကြောင့် လန့်ဖြတ်သွားကြပြီး ကျန်းလျိုအား ထိတ်လန့်တကြား လှမ်းကြည့်လိုက်ကြလေသည်။
အမှန်ပင် လူသားများထဲတွင် ဘုန်းတော်ကြီးများသည် အကြောက်ရဆုံးဖြစ်ပြီး သူတို့၏ ပြုပြင်ပြောင်းလဲနိုင်သော စွမ်းရည်များသည် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေလေသည်။
မမျှော်လင့်ဘဲ ဘုရင်မကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ပြောင်းလဲခြင်း ခံလိုက်ရပြီလော…။
မိစ္ဆာစစ်သူကြီးအချို့က သူမအား ဖျောင်းဖျချင်ကြသော်လည်း လွန်ခဲ့သောအချိန်လေးကမှ ကျန်းလျို ပြသခဲ့သည့် ကြီးမားလွှမ်းမိုးလှသော စွမ်းအားကို ပြန်လည်တွေးတောမိသွားကြရာ သူတို့၏ စကားလုံးများသည် လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားခဲ့ရလေတော့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော ဘုန်းတော်ကြီးကို ဒေါသမထွက်စေခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။
"မင်း လိုက်ချင်တယ်ဆိုမှတော့လည်း အတူတူ သွားကြတာပေါ့..."
မိစ္ဆာမလေး၏ စကားများကြောင့် အံ့အားသင့်သွားသော်လည်း ကျန်းလျိုသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။
ကျန်းလျိုအတွက်မူ မိစ္ဆာမလေး၏ အဆင့်သည် ၅၀ သာရှိသော်လည်း သူမ၏ သမာဓိ မိစ္ဆာမီးတောက်သည် အမှန်တကယ်ပင် အစွမ်းထက်သော လက်နက်တစ်ခုဖြစ်ပြီး အခြေအနေဆိုးရွားလာသည့်အခါတွင် တစ်စုံတစ်ရာ အကူအညီ ဖြစ်စေနိုင်ပေသည်။
ထို့ပြင် အရေးအကြီးဆုံးမှာ မိစ္ဆာမလေး၏ အဆင့် ၅၀ ဆိုသည်က သူ၏ အဆင့်နှင့် များစွာ ကွာခြားမှု မရှိသဖြင့် သူတို့သည် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းနိုင်ပေသည်။
ထို့ကြောင့် သူမက မိစ္ဆာကို တိုက်ခိုက်နေစဉ် သူက အတွေ့အကြုံမှတ်များ ရရှိနိုင်လေသည်။ ထိုအရာထက် ပို၍ စိတ်လှုပ်ရှားစရာကောင်းသည်က ဘာရှိနိုင်ဦးမည်နည်း။
"ကောင်းပါပြီ ရွှမ်ကျန်း ကိုကို… အတူတူ သွားကြတာပေါ့..."
မိစ္ဆာမလေးသည် ကျေးဇူးဆပ်လိုသော သူမ၏ ကိုယ်ပိုင်စိတ်ကူးကို သူမဘာသာ အံ့အားသင့်နေမိသော်လည်း ကျန်းလျို၏ သဘောတူညီလိုက်သော စကားကို ကြားလိုက်ရသောအခါ အလွန် ဝမ်းသာသွားပြီး ရယ်မောကာ အားတက်သရော ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက် သူမသည် ချက်ချင်း လှည့်ကာ သူမ၏ လက်အောက်ငယ်သားများကို မှာကြားလိုက်လေသည်။
"ကဲ... မင်းတို့ အားလုံး ဒီမှာပဲ စောင့်နေကြ... ငါ မကြာခင် ပြန်လာခဲ့မယ်..."
"ဟုတ်ကဲ့ပါ ဘုရင်မ..."
မြေအောက် မိစ္ဆာဂူမှ ဤမိစ္ဆာအားလုံးက တစ်ခဲနက် ခေါင်းညိတ်ပြလိုက်ကြလေသည်။
"အချိန်ဆွဲနေလို့ မရတော့ဘူး... သွားကြစို့..."
ကြီးမြတ်သော ရတနာနှစ်ပါးကို အသုံးပြုနိုင်ရန် အချိန်ကန့်သတ်ချက် ရှိနေသဖြင့် ကျန်းလျိုသည် အချိန်ဖြုန်းရန် မရည်ရွယ်တော့ဘဲ နှုတ်မှဖွင့်ပြောလိုက်လေသည်။
စကားပြောနေရင်းပင် ကျန်းလျိုသည် နဂါးမြင်းဖြူ၏ ကျောပေါ်သို့ ခုန်တက်လိုက်လေသည်။
ကျန်းလျို၏ ရည်ရွယ်ချက်ကို နားလည်သော နဂါးမြင်းဖြူသည် တိမ်တိုက်များကို ဖန်တီးကာ ကောင်းကင်ယံဆီသို့ တိုက်ရိုက် ပျံတက် ပြေးထွက်သွားလေတော့သည်။
စွန်းဝူခုန်း ကျူးပါကျဲနှင့် မိစ္ဆာမလေးတို့သည်လည်း လေထဲသို့ ပျံသန်းလိုက်ကြပြီး တာလော့မိစ္ဆာသခင်ကြီး ယွီဟွာ နေထိုင်ရာ သွေးဓားဂူ ရှိရာ အရပ်မျက်နှာဆီသို့ ဦးတည်သွားကြလေသည်။
လီရှစ်သောင်းဆိုသည်မှာ မနီးမဝေး အကွာအဝေးပင် ဖြစ်လေသည်။
ထို့အပြင်.. ဤသည်ကား လမ်းတစ်လျှောက် ဘေးဒုက္ခ ၈၁ ခုကို ကြံ့ကြံ့ခံရင်း တစ်လှမ်းချင်း လျှောက်သွားရမည့် ကျမ်းစာပင့်ဆောင်ရေးခရီးစဉ် မဟုတ်ပေ။
ကောင်းကင်ယံတွင် နာရီဝက်ခန့် ပြေးလွှားလာခဲ့ပြီးနောက် ဆရာရော နောင်တော်များပါ တစ်ခွန်းမျှ မဟကြသဖြင့် နဂါးမြင်းဖြူမှာ ဆက်၍ နှုတ်ဆိတ်မနေနိုင်တော့ဘဲ စကားစလိုက်လေသည်။
"ဆရာ... တာလော့မိစ္ဆာသခင်ကြီး ဆိုတဲ့ နာမည် အတိုင်းဆိုရင် သူက အရမ်းကို အစွမ်းထက်မှာ အသေအချာပဲ... ကျွန်တော်တို့ ပိုပြီး သေချာအောင် အစီအစဉ်ဆွဲသင့်တယ် မထင်ဘူးလား..."
တာလော့ရွှေနတ်မင်း တစ်ပါးသည် ကောင်းကင်ဘုံတွင် သြဇာညောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုသဘောတရားအတိုင်းပင် တာလော့မိစ္ဆာသခင်ကြီး၏ စွမ်းအားသည်လည်း စွန်းဝူခုန်းနှင့် အာလန်နတ်မင်း ယန်ကျန်း တို့ထက် သေချာပေါက် အားနည်းမည် မဟုတ်ပေ။
အစ်ကိုသုံးအား ပြန်လည်လိုက်ပါလာရန် ဖျောင်းဖျဖို့အတွက် ဤကဲ့သို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်သွားခြင်းသည် အနည်းငယ် ဖြောင့်စင်းလွန်းမနေဘူးလော...။
စကားပုံအရဆိုလျှင် အင်အားကြီးသော နဂါးသည် ဒေသခံ မြွေကို မဖိနှိပ်နိုင်ဟု ဆိုကြသော်လည်း လက်ရှိ အခြေအနေမှာ အင်အားကြီးသော မြွေက ဒေသခံ နဂါးကို ဖိနှိပ်ရန် ကြိုးစားနေသည်နှင့် တူနေပေသည်။
အစ်ကိုကြီး ဝူခုန်းသည် ဝုန်းဝုန်းဒိုင်းဒိုင်း သမား ဖြစ်ကာ ဒုတိယနောင်တော်မှာလည်း ပင်ကိုယ်ကိုက ပျင်းရိသူဖြစ်သဖြင့် အားစိုက်ထုတ်ရန် သို့မဟုတ် အများကြီး တွေးတောရန်ပင် စိတ်မဝင်စားချေ။
သို့သော် ဆရာကိုယ်တိုင်ကလည်း ဤကဲ့သို့ ပြုမူနေသည်လော…။ ဤအချက်က နဂါးမြင်းဖြူအား သတိပေးစကား တစ်ခွန်း ပြောလာရန် ဖိအားပေးလိုက်ခြင်းပင် ဖြစ်လေသည်။
"ရှောင်ပိုင်… တစ်ခါတလေကျရင် အရမ်းတွေးနေတာက အလကားပဲ..."
နဂါးမြင်းဖြူ၏ စကားများကို ကြားသောအခါ ကျန်းလျိုက ခေါင်းယမ်းလိုက်ပြီး သူ့အား ပြန်ပြောလိုက်လေသည်။
ကိုးကွင်း တောင်ဝှေးမှ ရရှိသော တိုက်ခိုက်ရေးစွမ်းအား ၁၀ သန်း တိုးမြှင့်မှုကို ထည့်မပြောလျှင်တောင် ပိုးဖဲသင်္ကန်း၏ ၁ ဘီလီယံသော ကာကွယ်ရေးစွမ်းအားဖြင့် ကျန်းလျိုသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်း အနေအထားတစ်ခုတွင် ရောက်ရှိနေပြီဟု ခံစားနေရလေသည်။
သူတော်စင်တစ်ပါး အောက်ဆိုလျှင် မည်သည့်အရာကမျှ ၎င်းကို ဖောက်ထွင်းဖျက်ဆီးနိုင်မည်မဟုတ်ရာ တာလော့မိစ္ဆာသခင်ကြီး တစ်ပါးကို ကြောက်လန့်နေစရာ အကြောင်းရင်းများ ရှိနေသေးသလော… ထို့ပြင် အဘယ်ကြောင့် စိုးရိမ်နေရမည်နည်း…။
စွန်းဝူခုန်းသည် ထိုက်ယီစစ်မှန်သောနတ်မင်း အဆင့်တွင်သာ ရှိနေသော်လည်း သူ၏ ရွှေရောင်အဆင့်အတန်း ဇာတ်ကောင် အချက်အလက် မျက်နှာပြင်မှ စွမ်းအားသည် တာလော့အဆင့်နှင့် နီးပါး တန်းတူယှဉ်နိုင်လေသည်။
အကယ်၍ သူ့အား မိစ္ဆာနှိမ်နင်းရေး ဂါထာနှင့် ကာကွယ်ရေး ဂါထာတို့ကို ထပ်မံ ပေါင်းထည့်ပေးလိုက်မည်ဆိုပါက စွန်းဝူခုန်းသည် ထိုတာလော့မိစ္ဆာသခင်ကြီး ယွီဟွာ ထက် သေချာပေါက် အားနည်းနေမည် မဟုတ်ပါချေ။
ကျူးပါကျဲနှင့် အခြားသူများလည်း အနီးတွင် ရှိနေသေးသည်ကိုပင် ထည့်ပြောစရာ မလိုတော့ပေ။
ကျန်းလျိုအတွက်မူ ထို သွေးဓားဂူ ဟုခေါ်သောနေရာသည် များပြားလှသော အတွေ့အကြုံမှတ်များကို ရယူနိုင်မည့် အစစ်အမှန် နေရာတစ်ခုပင် ဖြစ်လေသည်။
"အများကြီး တွေးနေဖို့ မလိုဘူး... ဟုတ်လား"
ကျန်းလျို၏ စကားများကို ကြားသောအခါ နဂါးမြင်းဖြူမှာ အနည်းငယ် တွေဝေသွားပြီး နားမလည်နိုင်ဖြစ်သွားခဲ့လေသည်။
ကျန်းလျိုက လေးနက်စွာ ခေါင်းညိတ်ပြပြီး ရှင်းပြလိုက်လေသည်။
"အေး… မလုပ်ခင်မှာ သေချာစဉ်းစားတာက စိတ်ချရတယ်… ဒါပေမဲ့ တစ်ခါတလေ အရမ်းတွေးနေတာက အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးဖို့ပဲ ရှိတယ်... ယွီဟွာက ငါတို့ ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ သူ့ရဲ့ ဌာနချုပ်ကို ဝင်တိုက်မယ်လို့ မျှော်လင့်ထားမှာ မဟုတ်ဘူး... အဲဒီတော့ အခု သွားတာက သူ့ကို လုံးဝ အငိုက်မိသွားစေမှာပဲ..."
ထို့ပြင် မျက်နှာချင်းဆိုင် တိုက်ပွဲတစ်ခုတွင် ကျန်းလျိုသည် သူကိုယ်တိုင် အနိုင်ရနိုင်ခြေ ပိုများကြောင်းကို မြင်တွေ့ထားပြီးဖြစ်သည်။ ထို့ကြောင့် ဘာကို ကြောက်ရွံ့နေစရာ လိုမည်နည်း။ ဘုန်းကြီးတစ်ပါးဆိုသည်မှာ ဤမျှလောက် ပြတ်သားမှု ရှိရမည်ဖြစ်ပေသည်။
"ဟီးဟီးဟီး... ဆရာ… အဲဒီစကားကို ကျွန်တော် သဘောကျတယ်… ဒီလိုမှပေါ့... ရဲရဲဝံ့ဝံ့သာ လုပ်ပစ်ရမှာ..."
ကျန်းလျို၏ စကားများကို ကြားသောအခါ ဘေးနားရှိ စွန်းဝူခုန်းမှာ ပြုံးစိစိဖြစ်သွားကာ ထောက်ခံလိုက်လေသည်။
"အင်း… ဆရာက တကယ့်ကို ရဲရင့်ပြီး ဗျူဟာမြောက်တာပဲ..."
ဘေးနားရှိ ကျူးပါကျဲပင်လျှင် အားကျလေးစားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး ကျန်းလျိုအား အလွန် အထင်ကြီးသွားခဲ့လေသည်။
ဆရာ၏ ပါးနပ်မှုကို ကျူးပါကျဲသည် တစ်ကြိမ်တစ်ခါမျှ သံသယမဝင်ခဲ့ဖူးချေ။
သူသည် ဆရာဖြစ်သူအား ဗျူဟာချရသည်ကို ပို၍ သဘောကျသူအဖြစ် အမြဲတစေ ထင်မြင်ခဲ့သော်လည်း တကယ်တမ်း လက်တွေ့လုပ်ဆောင်ရမည့် အချိန်ရောက်လာသောအခါ ဆရာ၏ ရဲစွမ်းသတ္တိမှာ ဗျူဟာသာမက အံ့မခန်းဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
"ကောင်းပါပြီ ဆရာ... ကျွန်တော် နားလည်ပါပြီ..."
နဂါးမြင်းဖြူသည်လည်း ကျန်းလျို၏ စကားများကြောင့် စိတ်အားတက်ကြွသွားပုံရကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။
***
အပိုင်း(၄၃၄)
ဒင် - ‘မိစ္ဆာများကို ကာကွယ်ပေးခြင်း’ တာဝန် ပြီးမြောက်ပါသည်။ အတွေ့အကြုံမှတ် ၁၅,၀၀၀,၀၀၀ ရရှိပြီး၊ ရာဇဝင် အရည်အသွေး ရတနာသေတ္တာ (၁) ခု ရရှိပါသည်။
ဒင် - အဆင့် (၁) ဆင့် တိုးမြှင့်သွားပါပြီ၊ လက်ရှိအဆင့်မှာ ၄၈ ဖြစ်ပါသည်။
ထိုအချိန်မှာပင် ရုတ်တရက် စနစ်၏ သတိပေးချက်တစ်ခု ထွက်ပေါ်လာပြီး အတွင်းမှနေ၍ အေးမြသော ခံစားမှုတစ်ခု ပြန့်နှံ့လာကာ ကျန်းလျိုအား လုံးဝ လန်းဆန်းတက်ကြွသွားစေခဲ့လေသည်။
သူ၏ အဆင့်မှာ ယခုအခါ ၄၈ သို့ ရောက်ရှိသွားပြီဖြစ်ပြီး အဆင့် ၅၀ ဆိုသည့် သိသာထင်ရှားသော မှတ်တိုင်ကြီးဆီသို့ ခြေတစ်လှမ်း ပို၍ နီးကပ်သွားခဲ့ပြီ ဖြစ်လေသည်။
ဝမ်းသာပီတိဖြစ်စွာဖြင့် ကျန်းလျိုသည် သူ၏ သိုလှောင်ခန်းကို ဖွင့်လိုက်၏။ သူ၏ အကြည့်များက ရာဇဝင် အရည်အသွေး ရတနာသေတ္တာဆီသို့ ကျရောက်သွားလေသည်။
ရာဇဝင် အရည်အသွေး ဆိုသည်မှာ နတ်အဆင့်လောက် မမြင့်မားသော်လည်း အလွန် မြင့်မားသော အရည်အသွေးရှိသည်ဟု သတ်မှတ်ခံထားရဆဲဖြစ်ပြီး ဒဏ္ဍာရီလာ အရည်အသွေး ထက်ပင် ပိုမို သာလွန်သေးလေသည်။
ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ကျန်းလျိုသည် ရတနာသေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။
သို့သော်လည်း ကျန်းလျိုသည် သေတ္တာကို ဖွင့်ပြီး အတွင်းမှ အရာဝတ္ထုကို ကြည့်လိုက်သောအခါ သူ၏ မျက်နှာ ကြောင်တောင်တောင် အမူအရာ ဖြစ်သွားခဲ့၏။
"ဟင်… ဒါက ဘာကြီးလဲ..."
သေတ္တာထဲတွင် ကျောက်တုံးတစ်တုံး ရှိနေလေသည်။ ထိုကျောက်တုံးသည် လမ်းပေါ်တွင် လွယ်လွယ်ကူကူ ကောက်ရနိုင်သော ကျောက်တုံးမျိုးနှင့် တူနေသော်လည်း လုံးဝ နားလည်၍မရသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်အက္ခရာ အချို့ကို ရေးထွင်းထားခြင်းသာ ကွာခြားလေသည်။
အလှအပလေးပင် မရှိသော အရောင်မှိုင်းမှိုင်း ကျောက်တုံးသည် ရာဇဝင် အရည်အသွေး သေတ္တာထဲတွင် ပါရှိသည့် တစ်ခုတည်းသော အရာလော…။ တကယ်တမ်း၌ အရုပ်ဆိုးသော ကျောက်တုံးတစ်တုံးသာဖြစ်သည်။
ကျန်းလျို၏ အကြည့်များ ကျောက်တုံးပေါ်သို့ ကျရောက်သွားသောအခါ အချက်အလက် ဖော်ပြချက်များသည်လည်း သူ၏ ရှေ့တွင် ပေါ်လာခဲ့လေသည်။
ကျပန်း နေရာရွှေ့ပြောင်းခြင်း ကျောက်တုံး (တစ်ခါသုံးပစ္စည်း) - အသုံးပြုပြီးနောက် ပစ်မှတ်အား လက်ရှိကမ္ဘာ၏ မည်သည့်ထောင့်နေရာကိုမဆို ကျပန်း နေရာရွှေ့ပြောင်းပေးနိုင်ပြီး၊ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၁ ရက်။ ကျန်ရှိသော အသုံးပြုခွင့် အကြိမ်ရေ ၁၀/၁၀ ဖြစ်ပါသည်။
"ဟင်... ကျပန်း နေရာရွှေ့ပြောင်းခြင်း ကျောက်တုံးတဲ့လား... ပြီးတော့ ၁၀ ခါ သုံးလို့ရတယ်... သေချာကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် ဒီပစ္စည်းက ထွက်ပြေးဖို့အတွက် တကယ့် ရတနာကြီးပဲ မဟုတ်လား..."
ကျောက်တုံး၏ အချက်အလက် ဖော်ပြချက်များကို ဖတ်ပြီးနောက် ကျန်းလျိုသည် ဝမ်းသာအားရ ပြုံးလိုက်ကာ တိတ်တဆိတ် ပျော်ရွှင်သွားခဲ့လေသည်။
ထို့ပြင် ကျပန်း နေရာရွှေ့ပြောင်းခြင်း ကျောက်တုံး၏ ဖော်ပြချက်များအရ ၎င်းကို မိမိကိုယ်ကိုယ် အသုံးပြုနိုင်ရုံသာမက အခြားသူများကိုပါ အသုံးပြုနိုင်လေသည်။
အကယ်၍ မယှဉ်နိုင်သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါက ကျပန်း နေရာရွှေ့ပြောင်းခြင်း ကျောက်တုံးကို အသုံးပြုပြီး သူတို့ကို ဝေးရာသို့ ပို့ပစ်လိုက်မည်ဆိုလျှင် အလွန်ပျော်စရာကောင်းပေမည်။
ရုပ်ဆိုးသည်ဖြစ်စေ ဘာဖြစ်စေ အသုံးဝင်နေသရွေ့တော့ ကိစ္စမရှိပေ။
ကျပန်း နေရာရွှေ့ပြောင်းခြင်းကို ၁၀ ကြိမ် အသုံးပြုနိုင်သော စွမ်းရည်သည် များစွာ တန်ဖိုးရှိနေဆဲဖြစ်သဖြင့် ၎င်းသည် ရာဇဝင် အရည်အသွေးနှင့် ထိုက်တန်သည်ဟု ဆိုလျှင် လွန်မည်တော့ မဟုတ်ချေ။
ကျန်းလျို၏ ဘေးတွင်ရှိသော စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့သည် ပုံမှန်အားဖြင့် သူ ရတနာသေတ္တာ ဖွင့်သည်ကို မြင်ရသည်မှာ အဆန်းမဟုတ်တော့သဖြင့် သိပ်ဂရုမစိုက်ကြချေ။
သို့သော်လည်း ကျန်းလျိုက ဤကဲ့သို့ အထင်ကြီးစရာမရှိသော ကျောက်တုံးတစ်တုံးကို ထုတ်ယူကာ တစ်ချက်ကြည့်ပြီးနောက် ကျေနပ်စွာ ပြန်သိမ်းလိုက်သည်ကို မြင်သောအခါ သူတို့မှာ စပ်စုချင်စိတ် ဖြစ်လာကာ မေးလိုက်ကြလေသည်။
"ဆရာ... ဒီကျောက်တုံးက ဘာလဲ..."
မေးခွန်းကို ကြားသောအခါ ကျန်းလျိုက အနည်းငယ် ပြုံးကာ ရှင်းပြလိုက်လေသည်။
"အင်း… ဒီကျောက်တုံးက တော်တော်လေး ထူးခြားတယ်…အရေးကြီးတဲ့အချိန်ကျရင် ထွက်ပြေးဖို့ သုံးလို့ရနိုင်တယ်..."
စွန်းဝူခုန်းကတော့ စရိုက်အရ ထွက်ပြေးရာတွင် အသုံးပြုရမည့် အရာတစ်ခုဟု ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ကွယ်သွားလေတော့သည်။
အမြန်နှုန်းအပြည့်ဖြင့် ဆက်လက် ပျံသန်းလာကြရာ သူတို့အဖွဲ့သည် မိစ္ဆာနယ်မြေ၏ ကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်သန်းသွားကြလေသည်။
မိစ္ဆာနယ်မြေသို့ လာရောက်သော ဤခရီးစဉ်သည် အတွေ့အကြုံမှတ်များ အမြောက်အမြား ရယူနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ကျန်းလျို ခံစားနေရလေသည်။ ထို့ပြင် အကယ်၍ နတ်အဆင့် ဆေးရည်များကိုသာ ကောင်းကောင်း အသုံးချနိုင်ပါက ဤတစ်ခေါက်တွင် မကြုံစဖူးသော ဆုလာဘ်များကို ရရှိနိုင်မည် ဖြစ်လေသည်။
ကျန်းလျို အတွက် သွေးဓားဂူသို့ ချဉ်းကပ်ရန်အတွက် ရေရှည်ဗျူဟာတစ်ခုကို ရေးဆွဲရန် သို့မဟုတ် သေချာစွာ စဉ်းစားတွေးတောရန် မလိုအပ်ပေ။ တိုက်ခိုက်ခြင်းကသာ လိုအပ်သောအရာ ဖြစ်ပေသည်။
အကယ်၍ ဤတစ်ကြိမ်တွင် သူတို့ကို အငိုက်မိ ဖမ်းနိုင်ခဲ့မည်ဆိုပါက သူသည် အတွေ့အကြုံမှတ် အမြောက်အမြားကို သေချာပေါက် ရရှိမည်ဖြစ်သည်။ ထိုမှလွဲ၍ အခြား ဘာကို စဉ်းစားစရာ ရှိဦးမည်နည်း။
"ဒါနဲ့... မင်းကို ရတနာတစ်ခု ပေးမယ်..."
ရုတ်တရက်... ကျန်းလျိုသည် တစ်စုံတစ်ခုကို သတိရသွားကာ မိစ္ဆာမလေးဘက်သို့ လှည့်ကြည့်ရင်း ပြောလိုက်လေသည်။
မိစ္ဆာမလေးသည် အဆင့်မြင့်မားကာ အဆင့် ၅၀ သို့ ရောက်ရှိနေသော်လည်း သူမ၏ အစွမ်းထက်ဆုံး စွမ်းရည်မှာ သမာဓိ မိစ္ဆာမီးတောက် သာဖြစ်ပြီး အရည်အသွေးမြင့် ပစ္စည်းကိရိယာ တစ်ခုမျှ ပိုင်ဆိုင်ထားခြင်း မရှိကြောင်းကို သူမ၏ ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို တစ်ချက်ကြည့်ရုံဖြင့် ကျန်းလျို သိရှိထားလေသည်။
စကားပြောနေရင်းပင် ကျန်းလျိုသည် လက်ကို မြှောက်လိုက်ရာ ဇင် သစ်သားတောင်ဝှေးသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့ပြီး ၎င်းကို မိစ္ဆာမလေးထံသို့ ကမ်းပေးလိုက်လေသည်။
ရွှမ်ဟွာ ပုဆိန် ကို ရရှိပြီးနောက်တွင် ဇင် သစ်သားတောင်ဝှေးမှာ အဆင့်နိမ့်သွားခဲ့ပြီဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအား ၃၀၀၀ တိုးပေးနိုင်သေးသဖြင့် အတော်လေး အသုံးဝင်နေဆဲ ဖြစ်လေသည်။
"ဟင်… ကျွန်မအတွက် ရတနာလား..."
မိစ္ဆာမလေးသည် ကျန်းလျို ကမ်းပေးသော ဇင် သစ်သားတောင်ဝှေးကို ကြည့်ရင်း မှင်တက်သွားခဲ့လေသည်။
သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက် သူမသည် ငြင်းဆန်ခြင်းမရှိဘဲ လက်လှမ်းကာ ဇင် သစ်သားတောင်ဝှေးကို ယူလိုက်လေသည်။
"ရော့... ဒါတွေကိုပါ ယူလိုက်ဦး..."
ယခုလေးတင် အသုံးမလိုတော့၍ ဖယ်ရှားလိုက်သော ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်း ကဲ့သို့သော ပစ္စည်းများနှင့် အဆင့်မြင့်သော်လည်း ပြီးပြည့်စုံသော အရည်အသွေး သာရှိသည့် ပစ္စည်းအချို့ သို့မဟုတ် သူ လက်ရှိဝတ်ဆင်ထားသော ဒဏ္ဍာရီလာ အရည်အသွေး ပစ္စည်းများထက် စွမ်းအားနည်းသော ပစ္စည်းအချို့ကိုလည်း ပေးလိုက်လေသည်။
မိစ္ဆာမလေး၏ စွမ်းအား အနည်းငယ် တိုးလာလေလေ ကျန်းလျိုသည် အတွေ့အကြုံမှတ်များ ပိုမို ရရှိလေလေ ဖြစ်သောကြောင့် သူသည် သူမအား ခြေဆုံးခေါင်းဖျား လက်နက်များ တပ်ဆင်ပေးနိုင်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးလေသည်။
ကျန်းလျိုက ပစ္စည်းကိရိယာများ လွှဲပြောင်းပေးပြီးနောက် အချိန်တိုအတွင်းမှာပင် မိစ္ဆာမလေးသည် အတော်လေး အသွင်ပြောင်းသွားခဲ့လေသည်။
သူမသည် ဟောင်းနွမ်းစုတ်ပြဲနေသော ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်း ကို ဝတ်ဆင်ထားပြီး ဇင် သစ်သားတောင်ဝှေးကို ကိုင်ဆောင်ထားသဖြင့် သီလရှင်တစ်ပါးနှင့် တူနေလေသည်။
သီလရှင်တစ်ပါးနှင့် တူနေသော မိစ္ဆာမလေးကို ကြည့်ပြီးနောက် ကျန်းလျိုသည် ပြုံးချင်သွားသော်လည်း သူ၏ မျက်နှာတွင်မူ ကျေနပ်စွာ ခေါင်းညိတ်ပြမှုတစ်ခု ပေါ်လာခဲ့လေသည်။
"အင်း... မဆိုးဘူး… ဒီရတနာတွေက ကျွန်မရဲ့ စွမ်းအားကို တကယ်ပဲ မြှင့်တင်ပေးတယ်..."
ပစ္စည်းကိရိယာများကို ဝတ်ဆင်ပြီးနောက် မိစ္ဆာမလေးသည်လည်း ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ ဤပစ္စည်းကိရိယာများနှင့်အတူ သူမ၏ စွမ်းအားများ အမှန်တကယ် တိုးတက်လာကြောင်းကို သူမ ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။
မိစ္ဆာနယ်မြေတွင် ဘာနှင့်တူသည်၊ ဘာနှင့် တူသည် ဆိုသည့် အယူအဆမျိုး မရှိပေ။ မိစ္ဆာနယ်မြေအတွက်မူ အသုံးဝင်သော စွမ်းအားကသာ အရေးကြီးလေသည်။ ကြည့်ကောင်းနေခြင်းသည် လုံးဝ အသုံးမဝင်ပေ။
သူတို့သည် လမ်းတစ်လျှောက်လုံး ပျံသန်းလာကြပြီး တည်ရှိမှုကိုလည်း ဖုံးကွယ်ရန် မကြိုးစားခဲ့ကြသဖြင့် လမ်းတစ်လျှောက်တွင် မိစ္ဆာမျိုးနွယ်ဝင် အများအပြားက သူတို့ကို သတိပြုမိသွားကြလေသည်။
သို့သော်လည်း သွေးဓားဂူ တွင် အမြန်အဆုံးသတ်ရန် ရည်ရွယ်ထားပြီး လျင်မြန်စွာလှုပ်ရှားရန် လိုအပ်သောကြောင့် ကျန်းလျိုသည် လမ်းပေါ်ရှိ ဤမိစ္ဆာများနှင့် ရင်ဆိုင်ရန်အတွက် ရပ်တန့်မနေခဲ့ချေ။
အကယ်၍ သွေးဓားဂူ ကိစ္စကို ဖြေရှင်းပြီးနောက် အချိန်ကျန်နေသေးမည်ဆိုပါက ကျန်းလျိုသည် မိစ္ဆာနယ်မြေတွင် ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ရန် ဝန်လေးမည်မဟုတ်ပါချေ။
...