အခန်း ၁၀၂၈
Vol. 69 Ch. 1028
အခန်း (၁၀၂၈) - ဉာဏ်အလင်းပွင့် အဘိုးအို
ဟင်းလင်းပြင်အတွင်း၌ မီးခိုးရောင် မီးတောက်များဖြင့် ရစ်ပတ်လွှမ်းခြုံထားသော ကြောက်မက်ဖွယ် မဟာတာအို ရေလှိုင်းဓားသွားကြီးတစ်ခုသည် ဟင်းလင်းပြင်ကို လွယ်ကူစွာ ခွဲဖြာလိုက်ပြီး တောင်ဘိုးဘေးကြီးဆီသို့ ဝင့်ခုတ်လိုက်တော့သည်။
“ဓားတစ်ထောင် မြှုပ်နှံခြင်း လှိုင်းတံပိုး...”
၎င်းကား ပင်လယ်ဘိုးဘေးကြီး ဖန်တီးထားသော တားမြစ်ကျင့်စဉ်တစ်ခု ဖြစ်သည်။ သူမသည် စစ်မြေပြင်နယ်မြေအတွင်း၌ ရှိနေသော်ငြားလည်း နယ်မြေများ ပင်လယ်၏ စွမ်းအားကို အမှန်တကယ်ပင် ဆင့်ခေါ် ဖော်ဆောင်လိုက်လေ၏။
ဤစွမ်းအား ရုန်းကြွလာသည့် အခိုက်အတန့်တွင် တောင်ဘိုးဘေးကြီးနှင့် သူတော်စင် ဘိုးဘေးကြီးတို့ပင်လျှင် အံ့အားသင့် မှင်သက်သွားကြရလေ၏။
ဘိုးဘေးကြီး အဆင့်အတန်းမျိုးသို့ ရောက်ရှိလာချိန်တွင် အဆင့်ချိုးဖြတ်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ဝိညာဉ်ကမ္ဘာ၏ ပြင်ပမှ စွမ်းအားများကို အတိုင်းအတာ တစ်ခုအထိ မလွဲမသွေ ပတ်သက် ဖော်ဆောင်ရလေ့ရှိသည်။ ဥပမာအားဖြင့် သူတော်စင် ဘိုးဘေးကြီး ဖော်ဆောင်ခဲ့သော မြွေက ဆင်ကို မြိုခြင်း မှော်စွမ်းရည်နှင့် နယ်မြေများ ပင်လယ်မှ သူ ဆင့်ခေါ်ခဲ့သော ရုပ်ပျက်ဆင်းပျက် မိစ္ဆာကောင်များကဲ့သို့ပင် ဖြစ်၏။
တောင်ဘိုးဘေးကြီး၏ စွမ်းအားသည်လည်း နယ်မြေများ ပင်လယ်နှင့် ပတ်သက်ဆက်နွှယ်နေသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ ဆင့်ခေါ်ခဲ့သော ပုကျိုးတောင်၏ ပုံရိပ်ယောင်မှာ အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ပြီး ၎င်း၏ အကြွင်းအကျန်များသည် နယ်မြေများ ပင်လယ် တစ်လျှောက် ပြန့်ကျဲနေခဲ့သည်ဟု ဆိုကြသောကြောင့်ပင်။
သို့သော်ငြားလည်း တောင်ဘိုးဘေးကြီး ဖြစ်စေ၊ သူတော်စင် ဘိုးဘေးကြီး ဖြစ်စေ မည်သူကမျှ ပင်လယ်ဘိုးဘေးကြီးကဲ့သို့ စိတ်လိုက်မာန်ပါဖြင့် ရူးသွပ်မိုက်မဲစွာ ပြုမူလေ့ မရှိကြ။
သူတို့နှင့် နယ်မြေများ ပင်လယ်၏ ဆက်နွှယ်မှုမှာ သွယ်ဝိုက်သော နည်းလမ်းဖြင့်သာ ဖြစ်သည်။ သို့သော် ပင်လယ်ဘိုးဘေးကြီးမှာမူ ထိုသို့မဟုတ်ပေ။ သူမသည် သူမ၏ ရုပ်ခန္ဓာကို အသုံးပြု၍ နယ်မြေများ ပင်လယ်၏ စွမ်းအားကို တိုက်ရိုက် စမ်းသပ်ရန် တက်ကြွစွာ ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းနေ၏။
ထိုသို့ ဖြစ်လေရာပင် ဘိုးဘေးကြီး နှစ်ပါးစလုံး အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ရသည်သာ။
နင်ချီ တစ်ဦးတည်းသာလျှင် ပင်လယ်ဘိုးဘေးကြီး၏ လက်ရှိ စွမ်းအားကို အာရုံခံမိပြီး မျက်မှောင် အနည်းငယ် တွန့်ချိုးသွားသည်။ နယ်မြေများ ပင်လယ်၏ စွမ်းအားကို ဆွဲယူကာ မိမိကိုယ်တွင်းသို့ ပါးနပ်စွာ ပေါင်းစပ်ထည့်သွင်းခဲ့သော သူ၏ ကောင်းကင်ကပ်ဘေး ဖြတ်ကျော်ခြင်းနှင့် နှိုင်းယှဉ်လိုက်ပါက ပင်လယ်ဘိုးဘေးကြီး၏ နယ်မြေများ ပင်လယ် စွမ်းအား ဖော်ဆောင်ပုံမှာ တစ်ရာ ရာခိုင်နှုန်း အတင်းအဓမ္မ ပေါင်းစည်းခြင်းမျိုးသာ ဖြစ်နေတော့သည်။
ပင်လယ်ဘိုးဘေးကြီးက နယ်မြေများ ပင်လယ်၏ စွမ်းအားကို ငှားရမ်း သုံးစွဲနေခြင်းလား သို့မဟုတ် နယ်မြေများ ပင်လယ်ကသာ ပင်လယ်ဘိုးဘေးကြီး၏ ခန္ဓာကိုယ်ကို ဝင်ရောက် ငှားရမ်းနေခြင်းလား ဆိုသည်ကို နင်ချီ တပ်အပ်သေချာ မသိနိုင်ခဲ့ပါ။ သို့သော် ယခင်က ရရှိထားသော သတင်းအချက်အလက်များကို အခြေခံ၍ ပင်လယ်ဘိုးဘေးကြီး ဘာကြောင့် ဤမျှ စည်းလွတ်ဝါးလွတ် ပြုမူနေရသနည်း ဆိုသည်ကို နင်ချီ နားလည် သဘောပေါက်သွားရသည်။
သူမ၏ ဖခင်ဖြစ်သူမှာ စီနီယာအစ်ကိုကြီး၏ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ၎င်းနှင့် ပတ်သက်သည့် အမှန်တရားကို ပင်လယ်ဘိုးဘေးကြီး မသိရှိခဲ့ရပေ။ သို့သော်ငြား အမွေအနှစ်ကို ရရှိထားသော စီနီယာအစ်ကိုကြီးကို သူမ မည်သို့မျှ ယှဉ်ပြိုင် အနိုင်မယူနိုင်ခဲ့ပါ။ အခြား ရွေးချယ်စရာ လမ်းမရှိတော့သည့်အဆုံး အခြားသော နည်းလမ်းများမှတစ်ဆင့် မိမိ၏ စွမ်းရည်များကို မြှင့်တင်ရန်သာ ပင်လယ်ဘိုးဘေးကြီးအတွက် တစ်ခုတည်းသော ရွေးချယ်စရာ လမ်းကြောင်း ဖြစ်လာခဲ့ပုံ ရလေ၏။
ဤသည်ကား ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် အလွန်တရာ အန္တရာယ်ကြီးမားလှသော လုပ်ရပ်တစ်ခု ဖြစ်ပေ၏။
သို့သော် ပင်လယ်ဘိုးဘေးကြီး၏ စိတ်ဆန္ဒမှာ အလွန်အမင်း ခိုင်မာ ပြတ်သားလွန်းလှကြောင်းကိုလည်း နင်ချီ နားလည် သိရှိလိုက်သည်။ နယ်မြေများ ပင်လယ်၏ စွမ်းအားနှင့် အတင်းအဓမ္မ ပေါင်းစည်းလိုက်ခြင်းက အနည်းငယ် ရူးသွပ်ရာကျသော်ငြား အခြား မည်သည့် ဆိုးကျိုးမျှ ထွက်ပေါ်မလာခြင်းမှာ အမှန်တကယ်ပင် အံ့မခန်းပါပင်။
နင်ချီ ဆက်လက်၍ စောင့်ကြည့်နေလိုက်သည်။
ဟင်းလင်းပြင်အတွင်း၌ အဆုံးအစမဲ့ အသခ်ျေ မီးခိုးရောင် မီးတောက် ရေလှိုင်းဓားသွားများသည် ပင်လယ် ငါးမန်းအုပ်ကြီးအလား ပေါင်းစည်းသွားကာ တောင်ဘိုးဘေးကြီးဆီသို့ ဝါးမျို ကိုက်ဖြဲရန် တဟုန်ထိုး တိုးဝင်သွားကြတော့သည်။ တောင်ဘိုးဘေးကြီးသည် ရက်စက်ကြမ်းကြုတ်သော ငါးမန်းအုပ်ကြီးကို ရင်ဆိုင်ရချိန်တွင် ပင်လယ်ဘိုးဘေးကြီး၏ တိုက်ခိုက်ရေး နည်းစနစ်များနှင့် အကျွမ်းတဝင် ရှိနေပြီးသား ဖြစ်သည်။
သို့သော် ယခုအခါ ထိုတိုက်ခိုက်မှု မျက်နှာပြင်ပေါ်တွင် နယ်မြေများ ပင်လယ်၏ စွမ်းအား အလွှာတစ်ခုက ဖုံးလွှမ်းနေခဲ့လေပြီ။ ပင်လယ်ဘိုးဘေးကြီးက နယ်မြေများ ပင်လယ်၏ စွမ်းအားကို ဖော်ဆောင်သည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းလည်း ဖြစ်၏။ အခြား ထူးခြား မှတ်သားဖွယ်ရာ ဘာမှမရှိသလိုပင်။
ထိုသို့ ဖြစ်လေရာ တောင်ဘိုးဘေးကြီးသည် ဟင်းလင်းပြင်အတွင်း၌ နေရာမှ မရွေ့ဘဲ မားမားမတ်မတ် ရပ်လျက်သာ နေလေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် သူ ဆင့်ခေါ်ထားသော နတ်ဘုရားတောင်၏ ပုံရိပ်ယောင်မှာမူ ယခင်ကထက် ပိုမို ထူထဲလာခဲ့တော့၏။
“ဖောင်း... ဖောင်း... ဖောင်း... ဖောင်း”
အဆုံးအစမဲ့ အသခ်ျေ ရေလှိုင်းဓားသွားများသည် တောင်ဘိုးဘေးကြီး၏ မျက်နှာပြင်ပေါ်ရှိ နတ်ဘုရားတောင် ပုံရိပ်ယောင်ကို ရိုက်ခတ်သွားပြီး ကြွပ်ဆတ်သော အသံများ ထွက်ပေါ်လာစေသည်။ ရေပြင်မှာ ဂယက်ထကာ တလက်လက် တောက်ပနေပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ဖိအားမြင့် ရေပန်းကြီးနှယ် ထင်မှတ်ရပေ၏။
ရေပန်းကြီး၏ အထက်ရှိ မီးခိုးရောင် ပင်လယ်မီးပန်းများက အဆုံးအစမဲ့ မီးခိုးရောင် ကြယ်ပျံများကိုပါ ထပ်မံ လှုံ့ဆော် ပေါ်ထွက်လာစေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ဘိုးဘေးကြီးနှင့် သူ၏ ပုံရိပ်ယောင်သည် ပင်လယ်ဘိုးဘေးကြီး၏ တိုက်ခိုက်မှုအောက်တွင် လုံးဝ ဖုံးလွှမ်းနစ်မြုပ်သွားပြီး လူရိပ်ကိုပင် မြင်တွေ့နိုင်စွမ်း မရှိတော့လောက်အောင် အက်ကြောင်းတစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။