အခန်း ၁၀၃၁
Vol. 69 Ch. 1031
အခန်း (၁၀၃၁) - အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာရန်အတွက် လိုအပ်သော အခြေအနေများ
တောင်ဘိုးဘေးကြီးသည် ပုကျိုးတောင်၏ ပုံရိပ်ယောင် အရှေ့တွင် လွင့်မျောနေဆဲ ဖြစ်ပြီး သူ၏ အသွင်အပြင်မှာ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိခဲ့။ သို့သော် သူ၏ အနောက်ဘက်ရှိ ဧရာမ ပုကျိုးတောင်၏ ပုံရိပ်ယောင်ကြီးမှာမူ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
အံ့အားသင့်ဖွယ် ကောင်းလှစွာပင် ထိုတောင်ကြီးပေါ်တွင် ရေတွက်၍ မရနိုင်သော သက်ရှိများ၏ အရိပ်များ ပေါ်ပေါက်လာခဲ့တော့သည်။ ထိုအရာများမှာ လူသားမျိုးနွယ်ချည်း သက်သက် မဟုတ်ဘဲ သတ္တဝါ မျိုးစုံ ပါဝင်နေကာ တစ္ဆေသရဲများနှင့် အနည်းငယ်မျှပင် ခြားနားခြင်း မရှိပေ။ ထိုသက်ရှိများ၏ အရိပ်များကဘပုကျိုးတောင်၏ ပုံရိပ်ယောင် အထက်တွင် လွင့်မျောနေကြပြီး တောင်ဘိုးဘေးကြီးအား တိတ်ဆိတ်စွာဖြင့် အရိုအသေပေး ပူဇော်နေကြလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နင်ချီ ကျောချမ်းသွားရတော့၏။
‘တကယ်ပဲ.. ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ... တောင်ဘိုးဘေးကြီး ဆင့်ခေါ်ထားတဲ့ ပုကျိုးတောင်ရဲ့ ပုံရိပ်ယောင်ပေါ်မှာ ဘာလို့ ဒီလောက်များပြားတဲ့ သက်ရှိတွေနဲ့ တစ္ဆေသရဲတွေ ရှိနေရတာလဲ... သူတို့တွေက ပုကျိုးတောင်ကို ဖြတ်သန်းသွားခဲ့ကြတဲ့ ရှေးဟောင်းခေတ် ကာလက သက်ရှိတွေလား... ဒါမှမဟုတ် ပုကျိုးတောင် ပြိုကျပြီးနောက်မှာ သေဆုံးသွားခဲ့ကြတဲ့ သတ္တဝါတွေလား... ဒါမှမဟုတ် တခြား လုံးဝ ကွဲပြားတဲ့ အရာတွေများလား...’
နောက်ထပ် လျှို့ဝှက်ချက် တစ်ခုကို ထိတွေ့မိသွားချေပြီ။ သည်လျှို့ဝှက်ချက်၏ နောက်ကွယ်တွင် ကြောက်စရာ အတိတ်သမိုင်း တစ်ခု ရှိနေရမည်သာ။
ရုတ်တရက် ပင်လယ်ဘိုးဘေးကြီးက လွှတ်ခနဲ အော်ဟစ်လိုက်၏။
“အဖေ...”
ပုကျိုးတောင် ပုံရိပ်ယောင်ပေါ်ရှိ မြောက်မြားစွာသော တစ္ဆေသရဲများကို သူမ အကြည့်ပို့လွှတ်လိုက်ရာ ထိုအထဲတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ရှာဖွေ တွေ့ရှိသွားသည်။
“နင့်ရဲ့ မှတ်ဉာဏ်တွေထဲက အရာတွေနဲ့ ဆင်တူတဲ့ သတ္တဝါတွေကို သွားမကြည့်နဲ့... မဟုတ်ရင် စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် နင်ပါ အဲဒီအထဲကို ဆွဲသွင်းခံရလိမ့်မယ်... အဲဒါတွေ အကုန်လုံးက အတုအယောင်တွေချည်းပဲ...”
သူတော်စင် ဘိုးဘေးကြီးက သတိပေး စကားဆိုလိုက်၏။ ဤစကားကို ကြားလိုက်ရသောအခါ ပင်လယ်ဘိုးဘေးကြီးမှာ ချက်ချင်း သတိဝင်လာတော့သည်။
“ဒါဆို ခုနက ကျွန်မရဲ့ တိုက်ခိုက်မှုကရော...”
သူမ ဘာမေးချင်သည်ကို သူတော်စင် ဘိုးဘေးကြီး နားလည်လိုက်သည်။
“ငါလည်း အသေးစိတ်ကိုတော့ မသိဘူး... ဒါပေမယ့် ဒီထူးဆန်းတဲ့ အမွေအနှစ်နဲ့ ပတ်သက်နေတာတော့ သေချာတယ်... သူက ငါတို့ထက် ပိုအစွမ်းထက်နေရင်တောင်မှ အများကြီး ပိုအစွမ်းထက်မနေဘူး... ဒီလောက် အကြိမ်များစွာ အထိုးခံရပြီးတာတောင် လုံးဝ အထိအခိုက်မရှိဘူး ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ...”
ပင်လယ်ဘိုးဘေးကြီး သဘောပေါက် နားလည်သွားတော့၏။
တောင်ဘိုးဘေးကြီးသည် ဧရာမ ပုကျိုးတောင်၏ ပုံရိပ်ယောင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလေသည်။
သူက သူတော်စင် ဘိုးဘေးကြီးအား စူးစိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“မထင်ထားခဲ့ဘူး.. ခင်ဗျားလို အဘိုးကြီးက ဒီလောက်တောင် သိနေလိမ့်မယ်လို့..... ဒါကိုသာ ကျုပ် စောစောကတည်းက သိခဲ့ရင် ခင်ဗျားကို ချက်ချင်း သတ်ပစ်ခဲ့ရမှာ...”
သူတော်စင် ဘိုးဘေးကြီးက ပြုံး၍ တုံ့ပြန်လိုက်သည်။
“ဟက်... ဘယ်သူက ဘယ်သူ့ကို သတ်ရမလဲ ဆိုတာကတော့ မသေချာသေးပါဘူးလေ...”
ထိုစဉ် သူ၏ ဘေးတွင် ရပ်နေသော ပင်လယ်ဘိုးဘေးကြီးသည် တောင်ဘိုးဘေးကြီးထံသို့ တိတ်တဆိတ် အဟုန်ပြင်းစွာ တိုးဝင်သွားပြန်တော့သည်။
ဤမြင်ကွင်းကို မြင်သောအခါ သူတော်စင် ဘိုးဘေးကြီးသည်လည်း ပင်လယ်ဘိုးဘေးကြီး၏ ခြေရာအတိုင်း လိုက်ပါကာ တောင်ဘိုးဘေးကြီးအား ဝင်ရောက် တိုက်ခိုက်လေတော့၏။
ထိုသူနှစ်ဦး ပူးပေါင်း တိုက်ခိုက်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် တောင်ဘိုးဘေးကြီးသည် ရူးသွပ်စွာ ရယ်မောရင်း ပုကျိုးတောင်၏ ပုံရိပ်ယောင်ဆီသို့ တိုက်ရိုက် ခုန်ဝင်သွားတော့သည်။
“ဟားဟား... မင်းတို့ နှစ်ယောက် တစ်ပြိုင်တည်း တိုက်ခိုက်သင့်တယ် လို့ ငါ အစကတည်းက ပြောခဲ့တယ် မဟုတ်လား... ဘာလို့ အခုချိန်ထိ စောင့်နေကြတာလဲ...”
“သူ့ကို တားကြစမ်း...”
ပင်လယ်ဘိုးဘေးကြီးနှင့် သူတော်စင် ဘိုးဘေးကြီးတို့သည် ပူးပေါင်း တိုက်ခိုက်မှုကို စတင်လိုက်ကြလေပြီ။ အဆုံးအစမဲ့ အသခ်ျေ နတ်ဘုရား စာလုံးများနှင့် မီးခိုးရောင် မီးတောက် ရေလှိုင်းဓားသွားများ.. ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်ဘိုးဘေးကြီးအား ဝန်းရံ ပိတ်ဆို့လိုက်ကြတော့သည်။
သို့သော် တောင်ဘိုးဘေးကြီးသည် မည်သည့်အရာကိုမျှ မမြင်တွေ့လိုက်ရသည့်အလား ပြုမူနေ၏။ သူ၏ ပုံရိပ်မှာ ရုတ်တရက် ဖောက်ထွင်းမြင်နိုင်သော အသွင်သို့ ပြောင်းလဲသွားပြီး တိုက်ခိုက်မှုများ အားလုံးကို ရိပ်ခနဲ ဖြတ်သန်းသွား၏။ သူက ပုကျိုးတောင် ပုံရိပ်ယောင်၏ အတွင်းဘက်သို့ တိုက်ရိုက် ဆင်းသက်သွားလေတော့သည်။
“ကမ္ဘာလောက နှစ်ခုလုံးမှာ ဘယ်သူက အစွမ်းအထက်ဆုံးလဲ... ပြီးတော့ ဘယ်သူက အဆင့်ချိုးဖြတ်ပြီး အသေခံလို့မရတဲ့ အစစ်အမှန် အင်မော်တယ် အဆင့်ကို ရောက်ရှိနိုင်မလဲ ဆိုတာ ငါ..မင်းတို့ကို ပြသပေးမယ်...”
ဧရာမ ပုကျိုးတောင်၏ ပုံရိပ်ယောင် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် တောင်ဘိုးဘေးကြီးသည် ရူးသွပ်စွာ ကြေညာလိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှ အရှိန်အဝါများ မြင့်တက်လာတော့သည်။
သူသည် ထိုနှစ်ဦးကို ဆက်လက် ကြည့်ရှုမနေတော့ဘဲ နင်ချီတို့ဘက်မှ ကုန်းထျန်းတောက်နှင့် အခြားသူများကိုသာ စူးစိုက်ကြည့်လိုက်လေ၏။
“ကုန်းထျန်းတောက်... အဲဒီမှာ ဘာရပ်လုပ်နေတာလဲ... သူတို့ကို ဒီခေါ်လာခဲ့စမ်း...”
ဤစကားကို ကြားလိုက်ရသောအခါ ကုန်းထျန်းတောက်၏ အကြည့်များက ထိုနေရာရှိ လူတိုင်းအပေါ် လျင်မြန်စွာ ဝေ့ဝဲသွားတော့သည်။
“ဟုတ်ကဲ့ပါ...”
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော အခင်းအကျင်း ပုံစံတစ်ခုသည် သူ၏ ခြေအောက်တွင် ပေါ်ပေါက်လာပြီး ရုတ်ချည်း ကြီးမားလာကာ လူတိုင်းကို လွှမ်းခြုံသွားလေသည်။ ပင်လယ်ဘိုးဘေးကြီး၏ လက်အောက်ခံ ကျင့်ကြံသူများ ဖြစ်ကြသော ကျောက်ယွီကျွင်းနှင့် နင်ချီ၏ လက်အောက်မှ ဓားဘိုးဘေးကြီး တို့ပင်လျှင် ထိုအထဲတွင် အားလုံး ပါဝင်သွားခဲ့ကြ၏။
နင်ချီသည် သဘာဝကျစွာပင် ကုန်းထျန်းတောက်အပေါ် အထူး အာရုံစိုက်ထားခဲ့ပြီး ကုန်းထျန်းတောက် ဘာလုပ်ချင်နေသနည်း ဆိုသည်ကို သူ ချက်ချင်း နားလည် သဘောပေါက်သွားတော့သည်။ ထိုအခင်းအကျင်း ပုံစံမှာ တည်နေရာ ရွှေ့ပြောင်းခြင်း အခင်းအကျင်း တစ်ခု ဖြစ်ပြီး အနီးအနားရှိ လူတိုင်းကို အဝေးသို့ ရွှေ့ပြောင်းပစ်ရန် သူ အလိုရှိနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။
ကုန်းထျန်းတောက်၏ အခင်းအကျင်း ပုံစံများ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင်ပင် နင်ချီက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဖြစ်လေ၏။ သူ၏ ခြေအောက်တွင်လည်း အခင်းအကျင်း ပုံစံများ အသက်ဝင်လာတော့သည်။ ရွေ့လျားနေသော အလင်းနှင့် အရိပ်များက ကုန်းထျန်းတောက် ဖော်ဆောင်နေသော အခင်းအကျင်း ပုံစံများကို အနှောင့်အယှက် ဖြစ်သွားစေ၏။
နောက်ဆုံးတွင်မူ ကုန်းထျန်းတောက်နှင့် သူ၏ ကျင့်ကြံသူများအပြင် အနီးနားတွင် ရှိနေကြသော ပင်လယ်ဘိုးဘေးကြီး တပ်ဖွဲ့၏ အစိတ်အပိုင်း တစ်ခုသာ လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားကြတော့သည်။
လူတိုင်း သတိ ပြန်လည်လာချိန်တွင် သူတို့သည် တောင်ဘိုးဘေးကြီး၏ ခြေရင်း၌ တည်ရှိနေသော နတ်ဘုရားတောင်၏ ပုံရိပ်ယောင် အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ကြရတော့၏။