အခန်း ၁၀၃၂
Vol. 69 Ch. 1032
အခန်း (၁၀၃၂) - အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာရန်အတွက် လိုအပ်သော အခြေအနေများ
မြေပြင်မြင်ကွင်း၏ ရုတ်တရက် အပြောင်းအလဲက ထိုနေရာရှိ လူတိုင်းကို လန့်ဖျပ်သွားစေတော့၏။ ဓားဘိုးဘေးကြီး၊ ချီခယ်ချင်းနှင့် အခြားသူများမှာ တုန်လှုပ်ချောက်ချားနေဆဲ ပင်။
အကယ်၍ သူတို့သာ ကုန်းထျန်းတောက် ချထားသော အခင်းအကျင်းဖြင့် အဝေးသို့ တည်နေရာ ရွှေ့ပြောင်းခံလိုက်ရပါက ဘာတွေ ဆက်ဖြစ်လာမည်နည်း။
လမင်းပင်လယ် အင်မော်တယ်ဂိုဏ်းမှ ကျောက်ယွီကျွင်းနှင့် ပင်လယ်ဘိုးဘေးကြီး၏ လက်အောက်ခံ အခြားသော ကျင့်ကြံသူများ၏ မျက်နှာများထက်တွင်လည်း ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်နေလေသည်။
သူတို့သည် ကုန်းထျန်းတောက်ကို ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ ပုကျိုးတောင်၏ ပုံရိပ်ယောင်ဆီသို့
ရွှေ့ပြောင်းခံရကာ တောင်ဘိုးဘေးကြီး၏ လက်တွင်းသို့ ကျရောက်သွားမည်ကို သွေးပျက်နေကြခြင်းသာ ဖြစ်၏။ တောင်ဘိုးဘေးကြီး၏ လက်တွင်းသို့ ကျရောက်သွားပါက အဘယ်သို့သော ကြမ္မာဆိုးများ စောင့်ကြိုနေမည်မှာ သေချာပေါက် ကိစ္စကောင်း မဟုတ်ကြောင်း သူတို့ ကောင်းစွာ သိရှိနေကြသည်။
ကျောက်ယွီကျွင်းနှင့် အခြားသူများက ကျေးဇူးတင်လှိုက်လှဲသော အကြည့်များဖြင့် နင်ချီအား ကြည့်လိုလိုက်ကြ၏။
အခင်းအကျင်း ပညာရပ်တွင် ပြိုင်ဘက်ကင်းသည့် နင်ချီသာ မရှိခဲ့ပါက သူတို့အားလုံး သေချာပေါက် ကုန်းထျန်းတောက်၏ တည်နေရာ ရွှေ့ပြောင်းခံလိုက်ရမည် ဖြစ်လေသည်။
နင်ချီ၏ ကြားဝင်ဟန့်တားမှုကြောင့်သာလျှင် သူတို့ထဲမှ ဆယ်ပုံတစ်ပုံခန့်သာ အဝေးသို့ ရွှေ့ပြောင်းခံလိုက်ရသည်သာ။
"ကျေးဇူးတင်ပါတယ်... တာအိုမိတ်ဆွေ နင်..."
ကျောက်ယွီကျွင်း၏ လှပကျော့ရှင်းသော မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် အချို့ စွန်းထင်းနေသော်ငြား၊ သူမက နင်ချီ့အား ပြုံးပြလိုက်၏။
နင်ချီက ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်လေသည်။
"ကျွန်တော်တို့ကြားမှာ ကျေးဇူးတင်စကား ပြောနေစရာ မလိုပါဘူး... အထူးသဖြင့် ခင်ဗျားတို့ အားလုံးကို ကျွန်တော် မကယ်တင်နိုင်ခဲ့ဘူးလေ..."
ကျောက်ယွီကျွင်းက တုံ့ပြန်လိုက်၏။
"တာအိုမိတ်ဆွေ... အဲဒီလို မပြောပါနဲ့ ရှင်... ကျွန်မတို့တင် မကဘူး ပင်လယ်ဘိုးဘေးကြီး ကိုယ်တိုင်လည်း ရှင့်ကို အရမ်း ကျေးဇူးတင်နေမှာ သေချာပါတယ်... တာအိုမိတ်ဆွေ နင်သာ မရှိခဲ့ရင် ပင်လယ်ဘိုးဘေးကြီးလည်း ဒီထက် ပိုကြီးမားတဲ့ ဒုက္ခနဲ့ ရင်ဆိုင်ရနိုင်တယ်လေ..."
ထိုစကားမှာ လုံးဝ မှန်ကန်လှသည်။
သို့သော် နင်ချီက ထပ်မံ မတုံ့ပြန်တော့ဘဲ..."ကျွန်တော်တို့ လူတချို့ကို ထပ်ဆုတ်ခွာခိုင်းပြီးမှ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့..." ဟုသာ ဆိုလိုက်၏။
ထိုသို့ ဖြစ်လေရာ သူနှင့် ကျောက်ယွီကျွင်းတို့သည် သူတို့၏ ကျင့်ကြံသူ တပ်ဖွဲ့များကို ဦးဆောင်ကာ ကျယ်ပြန့်သော ကမ္ဘာ ရှိရာအရပ်ဆီသို့ ခပ်လှမ်းလှမ်းအထိ နောက်ဆုတ်သွားကြတော့သည်။
ဤအခြေအနေသို့ ရောက်ရှိလာချိန်တွင် ဤစစ်ပွဲကြီး၏ လားရာမှာ သူတို့ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း လူတိုင်း သဘောပေါက်သွားကြရ၏။
ယခင်က အရာအားလုံး အဆင်ပြေနေခဲ့ပြီး သူတို့အနေဖြင့် တစ်ဖက်ကမ္ဘာမှ ကျင့်ကြံသူများကိုသာ ရင်ဆိုင် တိုက်ခိုက်ရန် လိုအပ်ခဲ့သည်။ သို့သော် ယခုအခါ ဘိုးဘေးကြီး သုံးပါး ဆင်းသက်လာမှုနှင့်အတူ အခြေအနေများမှာ အလွန်အမင်း ထူးဆန်းလာခဲ့ပါပြီ။ စောစောက ပင်လယ်ဘိုးဘေးကြီးနှင့် တောင်ဘိုးဘေးကြီးတို့က သူတော်စင် ဘိုးဘေးကြီးကို ပူးပေါင်း တိုက်ခိုက်နေခဲ့သော်လည်း ယခုမူ ပင်လယ်ဘိုးဘေးကြီးက သူတော်စင် ဘိုးဘေးကြီးနှင့် ပူးပေါင်းကာ တောင်ဘိုးဘေးကြီးကို ပြန်လည် တိုက်ခိုက်နေကြသည် မဟုတ်ပါလော။
ဤ ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးက မည်သို့ အဆုံးသတ်သွားမည်နည်း။
သူတို့၏ ရင်တွင်း၌ ဤမေးခွန်းများသာမက မိမိတို့၏ အသက်အန္တရာယ် လုံခြုံရေးအတွက်ပါ သံသယ ဝင်လာကြတော့သည်။
‘ကျစ်... စစ်ပွဲရဲ့ နောက်ဆုံး အဆင့်အထိတောင် ရောက်လာခဲ့ပြီပဲ၊ နောက်ဆုံးကျမှ သေရမယ်ဆိုရင်တော့ တကယ်ကို ရင်နာစရာ ကောင်းလွန်းတယ်…’
လူအုပ်ကြီးက အဝေးရှိ ပုကျိုးတောင်၏ ပုံရိပ်ယောင်ဆီသို့သာ ဆက်လက် စူးစိုက်ကြည့်နေကြ၏။
ကုန်းထျန်းတောက်က တည်နေရာ ရွှေ့ပြောင်းခြင်း အခင်းအကျင်းကို ဖော်ဆောင်ကာ ကျင့်ကြံသူ အများအပြားကို တောင်ဘိုးဘေးကြီး၏ ပုကျိုးတောင် ပုံရိပ်ယောင်ထဲသို့ ပို့ဆောင်လိုက်သည်ကို သူတော်စင် ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့ မြင်တွေ့လိုက်ကြရသည်။
သူတို့ နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြ၏။
ဤ ပုကျိုးတောင်၏ ပုံရိပ်ယောင် အကြောင်းကို အင်မော်တယ် မဟာတာအိုကသာ သိရှိနိုင်သည်။
ဝိညာဉ်ချီ အသက်စွမ်းအားကို မျက်လုံးထဲသို့ ဖြန့်ကျက် အသက်သွင်းမှသာ သာမန်မျက်စိဖြင့် မမြင်နိုင်သော အရာများကို ထိုးထွင်း သိမြင်နိုင်မည်။ ယခုအခါ တောင်ဘိုးဘေးကြီးက ကျင့်ကြံသူ အားလုံးကို ထိုအထဲသို့ ဆင့်ခေါ်လိုက်ပြီ။ သူ အတိအကျ ဘာကို ကြံစည်နေသနည်း။
ယခင်က ကျယ်ပြန့်သော ကမ္ဘာမှ ကျင့်ကြံသူ အများအပြားကို ကျယ်ပြန့်သော ကမ္ဘာဆီသို့ ပြန်လည် စေလွှတ်ထားခဲ့မိသည်ကို အလွန် ကံကောင်းလှသည်။
ထိုသို့ သူတော်စင် ဘိုးဘေးကြီး တွေးတောနေမိ၏။
တောင်နှင့် ပင်လယ် ကမ္ဘာမှ ဘိုးဘေးကြီး နှစ်ပါးမှာမူ သူတို့၏ ကျင့်ကြံသူများကို နောက်ဆုတ်ခွင့် လုံးဝ မပေးခဲ့ကြချေ။ အမှန်တကယ်တွင် တောင်ဘိုးဘေးကြီးသည် တောင်နှင့် ပင်လယ် ကမ္ဘာဆီသို့ ပြန်ရာလမ်းကို ဧရာမ ပုကျိုးတောင် ပုံရိပ်ယောင်ကြီးဖြင့် တမင်သက်သက် ပိတ်ဆို့ထားခဲ့ခြင်း ပင်။
"ဟောင်ရှန်း... ငါ့လူတွေကို ပြန်လွှတ်ပေးစမ်း..."
ပင်လယ်ဘိုးဘေးကြီး၏ ရှည်လျားသော ဆံနွယ်များက ထောင်မတ်နေပြီး အလွန်တရာ လေးလံသော မိစ္ဆာချီ အငွေ့အသက်များ… လွှမ်းခြုံနေ၏။
မီးခိုးရောင် နယ်မြေများ ပင်လယ်၏ စွမ်းအား အလွှာ တစ်ခုက သူမကို ရစ်ပတ်ထားပြီး သူမ၏ ပိုမို ရူးသွပ်လာသော မျက်နှာထားက ပင်လယ်ဘိုးဘေးကြီးကို အလွန် ကြောက်မက်ဖွယ် ကောင်းလှသော အသွင်သို့ ပြောင်းလဲသွားစေသည်။
သို့သော် ဤကြောက်မက်ဖွယ် ကောင်းမှုမျိုးမှာ ဧရာမ ပုကျိုးတောင် ပုံရိပ်ယောင်ကြီး အတွင်းသို့ ဝင်ရောက်သွားသော တောင်ဘိုးဘေးကြီး အတွက်မူ သနားစရာ အဆင့်မျှသာ ရှိတော့၏။ ဖြစ်နိုင်သည်မှာ လက်ရှိ တောင်ဘိုးဘေးကြီး အနေဖြင့် ပင်လယ်ဘိုးဘေးကြီး ကိုသာမက သူတော်စင် ဘိုးဘေးကြီး ကိုပင် အလေးထားတော့မည် မဟုတ်ချေ။
သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသော တစ်ခုတည်းသော အရာမှာ ကုန်းထျန်းတောက် အနေဖြင့် အနီးအနားရှိ တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူ အားလုံးကို ထည့်သွင်း မခေါ်ဆောင်နိုင်ခဲ့ခြင်းပင်။
ကျင့်ကြံသူများ၏ ရောက်ရှိလာမှုက သူ အသက်သွင်းမည့် မှော်စွမ်းရည် အပေါ် အနည်းငယ် သက်ရောက်မှု ရှိနေလေသည်။
‘ဒါတွေ အားလုံးက အဲဒီ ပါရမီရှင် ကောင်လေးရဲ့ အပြစ်တွေချည်းပဲ…’
တောင်ဘိုးဘေးကြီးက အဝေးရှိ နင်ချီ့ကို စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်များက ထက်ရှ စူးရှလှပြီး စကြဝဠာ၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အနှစ်သာရ အားလုံး ကိန်းအောင်းနေသည့်နှယ် ပင်။
ထို အကြည့်တစ်ချက်တည်းနှင့်ပင် နင်ချီ၏ ရင်ထဲ၌ သေမျိုးအား ကြမ်းကြုတ် သားရဲကြီးက စိုက်ကြည့်နေသလို ကြောက်မက်ဖွယ် ခံစားချက်ကို ရလိုက်လေသည်။
ဤကဲ့သို့သော ခံစားချက်မျိုးကို နင်ချီ မခံစားရသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ပင်လယ်ဘိုးဘေးကြီးနှင့် သူတော်စင် ဘိုးဘေးကြီးတို့ကို ရင်ဆိုင်ရချိန်တွင်ပင် ဤမျှ ဖိနှိပ်ခံရသော ခံစားချက်မျိုး မရရှိခဲ့ပါ။ ယခင် တောင်ဘိုးဘေးကြီးကလည်း ဤခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့သော်လည်း လက်ရှိ တောင်ဘိုးဘေးကြီးကမူ ဤခံစားချက်ကို တိကျစွာ ပေးစွမ်းနေလေသည်။
ကံကောင်းထောက်မစွာဖြင့် တောင်ဘိုးဘေးကြီး၏ အဓိက အာရုံစိုက်မှုက နင်ချီ့အပေါ်တွင် မရှိနေပါချေ။
နင်ချီမှာ တောင်ဘိုးဘေးကြီး၏ အမြင်တွင် အကောင်းဆုံး ဆိုလျှင်တောင်မှ ပါရမီ အနည်းငယ် ရှိသော ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်၏။
ကောင်းကင်မိုးကြိုး သုံးဆယ့်ခြောက်ချက်အား အသက်ရှင် ကျော်ဖြတ်နိုင်ခဲ့ခြင်း၊ သို့မဟုတ် ကမ္ဘာနှစ်ခုလုံး၏ သမိုင်းတစ်လျှောက် မည်သူ့ကိုမဆို ကျော်လွန်သွားနိုင်ခြင်း စသည့် အယူအဆများ အားလုံးမှာ ယခုမှစ၍ လုံးဝ ပျောက်ကွယ်သွားတော့မည်သာ။
တောင်ဘိုးဘေးကြီးသည် ပုကျိုးတောင်၏ ပုံရိပ်ယောင် အတွင်း၌ မြင့်မားစွာ လွင့်မျောနေပြီး သူ၏ တစ်ကိုယ်လုံးမှ ပင်လယ်ဘိုးဘေးကြီးနှင့် သူတော်စင် ဘိုးဘေးကြီးတို့ကို အကဲဖြတ်သလို စူးစိုက်ကြည့်နေ၏။