အခန်း ၁၀၃၃
Vol. 69 Ch. 1033
အခန်း (၁၀၃၃) - အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာရန်အတွက် လိုအပ်သော အခြေအနေများ
"ချင်ဟိုင်... မင်း ဘာလို့ ဒီလောက်တောင် ရိုးအနေရသေးတာလဲ..."
သူက သိမ်မွေ့စွာ ပြုံးလိုက်ပြီး ဆက်ပြောလေသည်။
"အကယ်၍ မင်းသာ နယ်မြေများ ပင်လယ်ရဲ့ စွမ်းအားကို စောစောကတည်းက သုံးပြီး ငါ့ကို အသေအကြေ တိုက်ခိုက်ရဲခဲ့မယ် ဆိုရင်... အခြေအနေတွေက ဒီလို ဖြစ်လာမှာ မဟုတ်ဘူး... မင်း ငါ့ကို ဘာလို့ အမြဲ ရှုံးနေရသလဲ ဆိုတဲ့ အကြောင်းရင်းကို သိလား..."
ပင်လယ်ဘိုးဘေးကြီးက အေးစက်စွာ မေးလိုက်၏။
"ဘာလို့လဲ..."
တောင်ဘိုးဘေးကြီးက လျစ်လျူရှုစွာ ခေါင်းခါယမ်းလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းက ငါနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ပင်လယ်ဘိုးဘေးကြီး ဖြစ်လာခဲ့ပေမဲ့... မင်းဆီမှာ အစစ်အမှန် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်၊ နံပါတ်တစ် နေရာမှာ ရှိတဲ့သူ တစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး မရှိသေးလို့ပဲ... မင်းဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေ အောက်မှာ အမြဲတမ်း ချည်နှောင် ခံထားရတယ်... စိတ်ခံစားချက်တွေထဲမှာ အမြဲ ရှင်သန်နေပြီး အတိတ်ကိုချည်း တွယ်တာနေတယ်... ဟက်... ဒီလောက် ကန့်သတ်ချက်တွေ အများကြီးနဲ့ မင်း.. ဘယ်လို..နံပါတ်တစ် ဖြစ်လာနိုင်မှာလဲ..."
ပင်လယ်ဘိုးဘေးကြီး၏ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာထက်မှ နူးညံ့သိမ်မွေ့သော အပြာနုရောင် မျက်ခုံးတန်းလေးများပင် ဒေါသကြောင့် ထောင်မတ်သွားတော့၏။
သူမက ဆိုလေသည်။
"အဲဒီတုန်းက အမွေအနှစ် ကနေ နင် ဘာတွေ ရလိုက်လဲ ဆိုတာကို ငါ မသိဘူး... ငါ သိတာက အရင်တုန်းက နင်ဟာ အဲဒီလို လူမျိုး မဟုတ်ဘူး ဆိုတာပဲ... နံပါတ်တစ် ဖြစ်လာဖို့က နင့်အတွက် အဲဒီလောက်တောင် အရေးကြီးနေလို့လား... ကိုယ့်ဆရာကို ပြန်သတ်တဲ့အထိ လူမဆန်တဲ့ အလုပ်မျိုးကိုတောင် လုပ်ရလောက်အောင် အရေးကြီးနေသလား..."
သူမ စကားများအား တောင်ဘိုးဘေးကြီးက ခေါင်းခါယမ်းလိုက်၏။
"မင်း အခုထိ နားမလည်သေးပါလား... မင်းဘေးနားမှာ ရှိနေတဲ့ စာပေကျမ်းတွေ အများကြီး ဖတ်ဖူးတဲ့ အဘိုးကြီးကို ဘာလို့ မမေးကြည့်တာလဲ... သူက အင်မော်တယ်တွေရဲ့ သမိုင်းမှတ်တမ်းတွေကို ဖတ်ဖူးမှာပဲ မဟုတ်လား..."
ပင်လယ်ဘိုးဘေးကြီးသည် သူတော်စင် ဘိုးဘေးကြီးထံသို့ ကြည့်မိသွား၏။ သူမ၏ အေးစက်သော မျက်ဝန်းအစုံက အဖြေတစ်ခုကို တောင့်တနေဟန် ရှိသည်။
သူတော်စင် ဘိုးဘေးကြီးက သူတို့ နှစ်ဦးကို တစ်ချက် ကြည့်လိုက်သော်ငြား ပင်လယ်ဘိုးဘေးကြီး၏ မေးခွန်းကို ချက်ချင်း မဖြေကြားခဲ့။
ထိုအစား တောင်ဘိုးဘေးကြီးအား ယခုလို ဆိုလိုက်၏။
"ခေတ်တိုင်းမှာ ပါရမီရှင် အသစ်တွေ ပေါ်ထွက်လာစမြဲပဲ... ယန်ဇီမြစ်ရဲ့ လှိုင်းတံပိုးတွေက လှိုင်းဟောင်းတွေကို ရှေ့ကို တွန်းပို့နေသလိုပေါ့... မင်းလိုမျိုး ရည်မှန်းချက် ကြီးမားတဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ခွင့် ရတာ ငါ့ဘဝ အတွက်တော့ အလဟဿ မဖြစ်ဘူးလို့ ခံစားရတယ်... ဒါပေမယ့် ငါ မင်းကို အရင်ဆုံး တစ်ခုလောက် မေးချင်တယ်... မင်းက မင်းရဲ့ ဂျူနီယာ ညီမလေးနဲ့ ငါ မဟာမိတ် ဖွဲ့တာကို လုံးဝ ဂရုမစိုက်တော့ဘူး မဟုတ်လား..."
တောင်ဘိုးဘေးကြီးက သူ့ခြေအောက်ရှိ ကုန်းထျန်းတောက်နှင့် အခြား ကျင့်ကြံသူများကို တစ်ချက် ငုံ့ကြည့်လိုက်ပြီးနောက် အဆက်မပြတ် အရွယ်အစား ကြီးမားလာနေသော ပုကျိုးတောင်၏ ပုံရိပ်ယောင်ကို စူးစိုက်ကြည့်ကာ ပြန်လည် ဖြေကြားလိုက်၏။
"အဲဒီလို ဆိုရင်လည်း ရပါတယ်..."
"ကြည့်ရတာ ဒီ ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးရဲ့ နောက်ကွယ်က အဓိက ကြိုးကိုင် ခြယ်လှယ်သူက မင်းပဲ ဖြစ်ရမယ်... ဒါနဲ့ အဆင့်ချိုးဖြတ် နိုင်မယ်လို့ မင်း တကယ်ပဲ အပြည့်အဝ ယုံကြည်ချက် ရှိနေတာလား..."
ထိုအခါ တောင်ဘိုးဘေးကြီးက ထေ့ငေါ့လိုက်သည်။
"ခင်ဗျားလည်း သိပ်တော့ မအပါဘူး... အနည်းဆုံးတော့ စာအုပ်တွေ ဖတ်လွန်းပြီး ရူးမသွားသေးဘူးပဲ..."
"ကောင်းပြီ... ငါ နားလည်ပြီ..."
သူတော်စင် ဘိုးဘေးကြီးက သက်ပြင်းချလိုက်၏။
"ကံမကောင်းစွာနဲ့ပဲ မင်းဟာ ဘယ်တော့မှ အစစ်အမှန် အောင်နိုင်သူ ဖြစ်လာမှာ မဟုတ်ဘူး..."
"ခင်ဗျား ပြောချင်ရာ ပြောလို့ ရပါတယ်... ဒါပေမယ့် အစစ်အမှန် ခွန်အားရဲ့ ရှေ့မှာတော့ စိတ်ကူးယဉ် အိပ်မက်တွေက ဘာတန်ဖိုးမှ မရှိဘူး..."
သူတော်စင် ဘိုးဘေးကြီးက လှည့်ကာ ပင်လယ်ဘိုးဘေးကြီးကို အလေးအနက် ကြည့်လိုက်၏။
"သူ ဘာလို့ ဒီအခြေအနေ အထိ ရောက်လာရသလဲ ဆိုတာရယ်၊ မင်း ဘာလို့ ဘယ်တော့မှ နံပါတ်တစ် ဖြစ်လာမှာ မဟုတ်ဘူးလို့ သူ ပြောခဲ့သလဲ ဆိုတာရယ်ကို အခု ငါ နားလည်သွားပြီ..."
ပင်လယ်ဘိုးဘေးကြီးက မေးလိုက်သည်။
"တိတိကျကျ ဘာကြောင့်လဲ..."
သူတော်စင် ဘိုးဘေးကြီးက ရှင်းပြလေ၏။
"မင်းက နယ်မြေများ ပင်လယ်ရဲ့ စွမ်းအားကို မင်းကိုယ်တွင်းမှာ အတင်းအဓမ္မ ပေါင်းစပ် နိုင်ခဲ့တယ်... အဲဒါက ငါ့ကိုရော သူ့ကိုပါ အတော်လေး အံ့အားသင့်သွားစေတာ အမှန်ပဲ... ဒါပေမယ့် ဒီအချက်က သက်သေပြနေတာ တစ်ခုတည်း ရှိတယ်... မင်းက ကိုယ့်ကိုယ်ကိုယ်တော့ လုံလောက်အောင် ရက်စက်နိုင်တယ် ဆိုတာပဲ... ဒါပေမယ့် နံပါတ်တစ် ဖြစ်လာဖို့ အတွက်က ကိုယ့်ကိုယ်ကိုယ် ရက်စက်ရုံနဲ့တင် မလုံလောက်ဘူးလေ..."
ပင်လယ်ဘိုးဘေးကြီးက ပြန်လည် မေးခွန်း ထုတ်လိုက်၏။
"တာအို လမ်းစဉ်ဟာ တကယ်ပဲ ဟောင်ရှန်းလိုမျိုး ကိုယ့်ဆရာကို ပြန်သတ်ဖို့ ဝန်မလေးတဲ့ အထိ ဖြစ်ရမှာလား..."
"ကိုယ့်ဆရာကို ပြန်သတ်တာက ဟောင်ရှန်းရဲ့ လုပ်ရပ်တွေထဲမှာ သာမန် အဖြစ်ဆုံး အစိတ်အပိုင်း တစ်ခုပါပဲ... သူ့ရဲ့ အစစ်အမှန် စရိုက်က တခြားသူတွေ အပေါ်မှာပါ ရက်စက်ဖို့ပဲ... ငါ ကျင့်ကြံလာခဲ့တဲ့ နှစ်ပေါင်း သောင်းချီတဲ့ ကာလတစ်လျှောက်မှာ လူပေါင်းများစွာနဲ့ ဆုံတွေ့ခဲ့ဖူးတယ်... ရှင်းရှင်း ပြောရရင် သမိုင်းမှတ်တမ်းတွေထဲမှာ ဖော်ပြထားတဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေနဲ့ အနီးစပ်ဆုံး တူညီနေတာက သူပဲ... အကယ်၍ မင်းသာ သမိုင်းမှတ်တမ်း အစစ်တွေကို ဖတ်ကြည့်မယ် ဆိုရင် အစွမ်းအထက်ဆုံး စွမ်းအားရှင်တိုင်းမှာ တူညီတဲ့ အချက်တစ်ခု ရှိနေတာကို တွေ့ရလိမ့်မယ်... အဲဒါက အမြင့်ဆုံး နေရာကို သိမ်းပိုက်ဖို့ အတွက် ဆိုရင် သူတို့ရဲ့ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေ နဲ့ သားသမီးတွေကိုတောင် သတ်ဖြတ်ဖို့ ဝန်မလေးကြဘူး ဆိုတာပဲ... ဒီလို သွေးသား တော်စပ်သူတွေနဲ့ ယှဉ်ရင် ဆရာတွေ ဆိုတာက ဘာများ အရေးပါတော့လို့လဲ..."
ပင်လယ်ဘိုးဘေးကြီး၏ အသက်ရှူသံများ ပြင်းထန်လာတော့၏။ သူတော်စင် ဘိုးဘေးကြီး၏ စကားများကြောင့် သူမ၏ စိတ်ခံစားချက်များ နောက်တစ်ကြိမ် လှုပ်ရှားလာခဲ့ရပြန်သည်။ သူမသည် အမြဲတစေ သံယောဇဉ် ကြီးမားသော အမျိုးသမီး တစ်ဦး ဖြစ်ခဲ့၏။
ထိုသို့သာ မဟုတ်ခဲ့လျှင် ဖခင် ဖြစ်သူ၏ သေဆုံးမှု အတွက် တောင်ဘိုးဘေးကြီးအား နှစ်ပေါင်း များစွာတိုင်အောင် ရင်ဆိုင် တိုက်ခိုက်ခဲ့မည် မဟုတ်ချေ။ နယ်မြေများ ပင်လယ်၏ စွမ်းအားကို သူမကိုယ်တွင်းသို့ ပေါင်းစပ်ရသည့် စွန့်စားမှုမျိုးကို ပြုလုပ်ပြီး အမှန်တရားကို ရှာဖွေနေခဲ့မည်လည်း မဟုတ်ပေ။
ထိုသို့ ဖြစ်လေရာပင် သူမ၏ စီနီယာအစ်ကိုကြီး ဖြစ်သော တောင်ဘိုးဘေးကြီးကို နားလည်နိုင်ရန် ပင်လယ်ဘိုးဘေးကြီး အမြဲတမ်း ခက်ခဲနေခဲ့ခြင်း ဖြစ်၏။
ထို လူနှစ်ဦးမှာ လုံးဝ ကွဲပြား ခြားနားသော လောကအမြင်များ ရှိကြသည်။
ကိုယ်ပိုင် ကမ္ဘာ ရှိနေသူ တစ်ဦး အနေဖြင့် အခြားသူ တစ်ဦး၏ ကွဲပြားသော ကမ္ဘာကို မည်သို့ နားလည်နိုင်ပါမည်နည်း။
သို့သော်ငြား သူတော်စင် ဘိုးဘေးကြီး၏ စကားများက အင်မော်တယ် မဟာတာအို၏ သမိုင်းမှတ်တမ်းများ အတွင်းရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ၏ ဇာတ်လမ်းများကို ပင်လယ်ဘိုးဘေးကြီးအား ပြန်လည် အမှတ်ရသွားစေခဲ့လေသည်။
ပင်လယ်ဘိုးဘေးကြီးသည် ထိုသမိုင်းမှတ်တမ်းများကို အမြဲတမ်း မနှစ်မြို့ခဲ့သလို လက်ခံရန်လည်း ငြင်းဆန်ခဲ့သည်။
ထိုအရာများမှာ နောင်လာနောက်သားများက ထို အထွတ်အထိပ် ပုဂ္ဂိုလ်များကို အပုပ်ချရန် တမင်သက်သက် ဖန်တီး ရေးသားထားခြင်းသာ ဖြစ်ပြီး ထိုမျှလောက် ဖောက်ပြန် ယိုယွင်းသော စရိုက်မျိုး ရှိသည့် လူတစ်ယောက် လုံးဝ မတည်ရှိနေနိုင်ဟု သူမ ယုံကြည်ထားခဲ့၏။
ထိုသို့ ဖြစ်လေရာပင် သူမ၏ စီနီယာအစ်ကိုကြီးကို ထိုလူများနှင့် ယခုမှသာ အပြည့်အဝ ဆက်စပ် တွေးတောမိသွားခြင်း ပင်။
"ဒီလိုမျိုး လုပ်ရပ်တွေ လုပ်မှသာ အစစ်အမှန် ခွန်အားကို ရရှိနိုင်မှာလား…”
ပင်လယ်ဘိုးဘေးကြီးသည် အရာအားလုံးကို နားလည်သွားသယောင် ရှိသလို လုံးဝ နားမလည်တော့သလိုလည်း ဖြစ်သွားရလေသည်။ သူမ၏ လှပကျော့ရှင်းသော မျက်နှာကို မော့၍ ကြည့်လာရာ ဝမ်းနည်း ပူဆွေးမှု အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေတော့၏။
သူတော်စင် ဘိုးဘေးကြီးက သက်ပြင်းချလိုက်သော်လည်း ပင်လယ်ဘိုးဘေးကြီး၏ မေးခွန်းကို ပြန်လည် မဖြေကြားခဲ့ပါချေ။
တစ်နည်းအားဖြင့် ဆိုရသော် သူသည်လည်း ပင်လယ်ဘိုးဘေးကြီး ကဲ့သို့သော လူစားမျိုးပင် ဖြစ်လေသည်။ ကျယ်ပြန့်သော ကမ္ဘာကို ထိန်းချုပ်နိုင်ခဲ့သည့် အချိန်မှ စ၍ သူသည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်ကိုပင် လမ်းမှန်ပေါ်သို့ ရောက်ရှိအောင် လမ်းညွှန်ပေးခဲ့ပြီး ကျယ်ပြန့်သော ကမ္ဘာ အတွင်းရှိ သက်ရှိ အားလုံးကို ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်လာစေရန် ဖန်တီးပေးခဲ့သည် မဟုတ်ပါလော။
ဆန္ဒများ မည်မျှပင် ကောင်းမွန်နေပါစေ၊ အရာအားလုံး မည်မျှပင် ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်နေပါစေ၊ တောင်ဘိုးဘေးကြီး ကဲ့သို့ ရည်မှန်းချက် ကြီးမားပြီး အစွမ်းထက်သော ပုဂ္ဂိုလ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် သူ တည်ဆောက်ထားသမျှ ကောင်းမွန်သော အရာအားလုံးမှာ အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားရမည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရလေပြီ။
ဤအချက်က သူတော်စင် ဘိုးဘေးကြီးကို အတော်လေး စိတ်ဓာတ်ကျသွားစေခဲ့၏။ သူသည် ရေတွက်၍ မရနိုင်သော အင်မော်တယ် သမိုင်းမှတ်တမ်းများကို ဖတ်ရှုခဲ့ပြီး ဖြစ်သော်ငြား၊ လောကကြီးသည် ပိုမို ကောင်းမွန်သော လမ်းကြောင်းဆီသို့ ဦးတည်သွားရန် လိုအပ်ကြောင်း ယုံကြည်နေဆဲပင်။ ထိုသို့ မဟုတ်ပါက အရာအားလုံး ပျက်စီးသွားမည်သာ။