အခန်း ၁၀၃၄
Vol. 69 Ch. 1034
အခန်း (၁၀၃၄) - အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာရန်အတွက် လိုအပ်သော အခြေအနေများ
သို့သော် အင်မော်တယ် သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသော အထွတ်အထိပ် စွမ်းအားရှင်များ ကဲ့သို့ပင်... သနားကြင်နာတတ်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်သော အုပ်ချုပ်သူများကို လူအများက လေးစား အားကျလေ့ မရှိကြချေ။ ဆန့်ကျင်ဘက် အားဖြင့် သွေးချောင်းစီး၊ အရိုးတောင်ပုံအတိ ဒုက္ခပင်လယ်ကြီးကို ဖန်တီးခဲ့ကြသော အထွတ်အထိပ် စွမ်းအားရှင်များကိုသာ အများဆုံး အမှတ်ရနေတတ်ကြ၏။
လူအများအပြားမှာ ထိုကဲ့သို့သော အထွတ်အထိပ် စွမ်းအားရှင်များ ဖြစ်လာရန် စိတ်ကူးယဉ် အိပ်မက် မက်ကြပြီး ပြိုင်ဘက်ကင်းကာ သူတို့၏ စကားတစ်ခွန်းဖြင့် လောကကြီး တစ်ခုလုံးကို ဒူးထောက် ခစားစေချင်ကြသည်။
လောကကြီးသည် အစကတည်းက ပျက်စီးခြင်းဆီသို့ ဦးတည်နေခဲ့ခြင်းများလော။
သူ သံသယ ဝင်လာမိတော့သည်။
ထိုသို့သာ မဟုတ်ခဲ့လျှင် ဘာကြောင့်များ သက်ရှိ အားလုံး၏ အထက်တွင် ရပ်တည်ကာ သူတို့၏ ခေါင်းများကို နင်းချေပြီး အားလုံးကို အညံ့ခံစေရန် အတင်းအကြပ် ဖိအားပေးကာ ဒုက္ခ ဆင်းရဲတွင်းသို့ တွန်းပို့တတ်သော အထွတ်အထိပ် ပုဂ္ဂိုလ် တစ်ဦး အမြဲတမ်း ပေါ်ထွက်လာနေရသနည်း။
ထို အထွတ်အထိပ် ပုဂ္ဂိုလ်များသည် လောကကြီးကို ဖျက်ဆီးပစ်ရန် အထူး ရည်ရွယ်၍ ဖန်တီးထားခြင်းများလား။
တစ်ခဏမျှ သူတော်စင် ဘိုးဘေးကြီး ပင်လျှင် သူ မြင်တွေ့နေရသော လောကကြီးမှာ အလွန် သေးငယ်လွန်းလှသည် ဟု ခံစားလိုက်ရသည်။ သူသည် စာပေကျမ်းဂန်များစွာကို ဖတ်ရှုခဲ့ပြီး ဤမျှလောက် မြင့်မားသော နယ်ပယ် အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သော်ငြားလည်း။ သို့သော် ဝိညာဉ်ကမ္ဘာ ဆိုသည်မှာ နယ်မြေများ ပင်လယ်ကြီး တစ်ခုလုံးနှင့် နှိုင်းယှဉ်လိုက်ပါက အလွန်တရာ သေးငယ်လွန်း နေဆဲ ပင်။
"ကဲ... ခင်ဗျားတို့ နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် သနားနေတာတွေကို ရပ်လိုက်ကြတော့... အစစ်အမှန် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဆိုတာ ဘာလဲ၊ အစစ်အမှန် ကောင်းကင်တာအို ဆိုတာ ဘာလဲ ဆိုတာကို ကျုပ် ပြသပေးမယ်..."
"ကောင်းကင်နဲ့ မြေကြီးက ရက်စက်တယ်... သက်ရှိ အားလုံးကို မြက်ခွေးရုပ်တွေလို သဘောထားတယ်... သာမန် လူတွေက မိုက်မဲကြတယ်... လောကကြီးကို အုပ်ချုပ်ဖို့ ခွန်အားကြီးတဲ့ လူတွေ လိုအပ်တယ်..."
တောင်ဘိုးဘေးကြီးက ကျယ်လောင်သော တာအို အသံတော်ဖြင့် ဟစ်ကြွေးလိုက်လေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဟင်းလင်းပြင် အတွင်းရှိ စွမ်းအား မျိုးစုံသည်၊ ဟင်းလင်းပြင် ကိုယ်တိုင် အပါအဝင် သူ၏ အသံနှင့် တစ်သားတည်း ပေါင်းစပ်သွားသည့်အလား ရှိနေတော့၏။ စစ်မြေပြင်နယ်မြေ တစ်ခုလုံး တုန်လှုပ်သွားပြီး ၎င်း၏ အနောက်ဘက်ရှိ တောင်နှင့် ပင်လယ် ကမ္ဘာကြီး ပင်လျှင် တောင်ဘိုးဘေးကြီး၏ အသံကို ပဲ့တင်ထပ်ကာ တုန်ခါနေတော့သည်။
ကျင့်ကြံသူ အများအပြားမှာ ယိမ်းယိုင်သွားကြပြီး သူတို့၏ ကိုယ်ပိုင် စွမ်းအားများ လျင်မြန်စွာ ဆုံးရှုံးသွားကာ တောင်ဘိုးဘေးကြီး ရှိရာ အရပ်၊ ပုကျိုးတောင်၏ ပုံရိပ်ယောင်ဆီသို့ စီးဆင်းသွားသည်ကို ခံစားလိုက်ကြရလေသည်။ နင်ချီ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
သူ၏ မျက်လုံးများကို အသက်သွင်းထားပြီး ဖြစ်လေသည်။ ချီစွမ်းအားများ ဖြည့်သွင်းထားသော မိစ္ဆာ နှိမ် ရွှေရောင် မျက်လုံး က ဤလောကရှိ စွမ်းအား အားလုံးသည် ပုကျိုးတောင်၏ ပုံရိပ်ယောင်နှင့် တောင်ဘိုးဘေးကြီး၏ ခန္ဓာကိုယ် အတွင်းသို့ တဟုန်ထိုး စီးဝင်သွားနေကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
သူက ဘေးသို့ တစ်ချက် ကြည့်လိုက်ရာ ကျောက်ယွီကျွင်းနှင့် ပင်လယ်ဘိုးဘေးကြီး၏ လက်အောက်ခံ အခြားသော ကျင့်ကြံသူများ၏ မျက်နှာများမှာ ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။
နင်ချီက အနောက်သို့ ထပ်မံ လှည့်ကြည့်လိုက်ရာ ဓားဘိုးဘေးကြီး၊ ချီခယ်ချင်းနှင့် နယ်မြေ နှစ်ခုလုံးမှ ပူးပေါင်း တပ်ဖွဲ့များ သည်လည်း စွမ်းအားများ ဆုံးရှုံးနေကြကြောင်း တွေ့လိုက်ရ၏ မိမိကိုယ်ကို ချက်ချင်း အာရုံခံကြည့်လိုက်ရာ သူ၏ ကိုယ်တွင်းရှိ စွမ်းအားများလည်း အနည်းငယ် လျှံကျနေကြောင်း ရှာဖွေ တွေ့ရှိလိုက်ရသည်။
သို့သော် အတွေး တစ်ချက်ဖြင့်ပင် ကပ်ဘေးဖြတ်ကျော်ခြင်း မှ သူ ရရှိခဲ့သော အရပ်လေးမျက်နှာ စွမ်းအားများကို ကိုယ်တွင်း၌ လှုံ့ဆော်လိုက်ရာ စွမ်းအား ဆုံးရှုံးမှုကို ချက်ချင်း ရပ်တန့်သွားစေတော့သည်။
"မြန်မြန်... ကပ်ဘေး ဖြတ်ကျော်တုန်းက ခင်ဗျားတို့ကို ကျွန်တော် သင်ပေးခဲ့တဲ့ ကပ်ဘေး မွေးဖွား အသင်္ချေ တာအို နည်းစနစ် ကို ဖော်ဆောင်ကြပါ..."
ဤစကားကို ကြားလိုက်ရသောအခါ ဓားဘိုးဘေးကြီးနှင့် အခြားသူများက ကပ်ဘေး မွေးဖွား အသင်္ချေ တာအို နည်းစနစ်ကို ရုတ်ချည်းပင် အသက်သွင်းလိုက်ကြလေသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့၏ ကိုယ်တွင်းမှ စွမ်းအား ဆုံးရှုံးမှုများ ရပ်တန့်သွားပြီး လူတိုင်း အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်သွားကြတော့၏။
သူတို့ အားလုံး နင်ချီ့အား စူးစိုက်ကြည့်လိုက်မိကြပြီး ဘာပြောရမှန်းပင် မသိတော့လောက်အောင် ဖြစ်သွားကြသည်။
‘ကမ္ဘာ့ အရှင်သခင်က အရာအားလုံးကို ကြိုတင် မြင်တွေ့နေခဲ့တာလား... ဘာကြောင့်များ ကပ်ဘေးအတွင်းမှ မွေးဖွားလာသော အသင်္ချေ တာအို နည်းစနစ်က ပုကျိုးတောင် ပုံရိပ်ယောင်ရဲ့ စွမ်းအားကို ခုခံ တားဆီးနိုင်ရတာလဲ…’
အကယ်၍ သူတို့ ဘာတွေ တွေးနေကြသလဲ ဆိုတာကို နင်ချီသာ သိခဲ့မည် ဆိုလျှင် ခါးသက်သက် ပြုံးမိပါမည်။
သူက ဘယ်လိုလုပ် အရာအားလုံးကို ကြိုတင် မြင်တွေ့နိုင်မှာလဲ... သူ သိတာက သူ၏ ကိုယ်ပိုင် ကမ္ဘာ့အရှင်သခင် စနစ် အပေါ် အခြေခံပြီး ဤလောကတွင် မွေးဖွားလာသော သက်ရှိများတွင် အားနည်းချက်များ ရှိနေမည် ဆိုတာကိုသာ သိရှိခဲ့ပါသည်။
ဓားဘိုးဘေးကြီး၊ ချီခယ်ချင်းနှင့် တောင်နှင့် ပင်လယ် ကမ္ဘာမှ အခြားသော ကျင့်ကြံသူများလိုပင် သူတို့ ရရှိခဲ့သော ကျင့်ကြံခြင်း စွမ်းအားများ အားလုံးသည်... စည်းမျဉ်း စွမ်းအားများကို ကျွမ်းကျင်ပိုင်နိုင်ပြီး တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတ ဖြစ်ခြင်း နယ်ပယ်) သို့ ရောက်ရှိခဲ့လျှင်တောင်မှ... တောင်နှင့် ပင်လယ် ကမ္ဘာ၏ စွမ်းအားများအား ဖော်ဆောင်နေသည်သာ။
တောင်နှင့် ပင်လယ် ကမ္ဘာတွင် ကိုယ်ပိုင် ဆန္ဒတော် ရှိ၏။ အကယ်၍ ၎င်းက အရာအားလုံးကို ပြန်လည် သိမ်းယူချင်ခဲ့လျှင်ကော...။
သို့ဆိုလျှင် သူတို့ အနေဖြင့် ပြန်လည် ခုခံနိုင်စွမ်း ရှိကြပါမည်လော... သေချာပေါက် မရှိနိုင်ပါ။ ထိုသို့ ဖြစ်လေရာ နင်ချီသည် သူ၏ ကိုယ်ပိုင် ကပ်ဘေး ဖြတ်ကျော်မှုကို စတင်ပြီးနောက် ဓားဘိုးဘေးကြီးနှင့် အခြားသူများကိုပါ ကပ်ဘေး ဖြတ်ကျော်ရန် ချက်ချင်း ကူညီပေးခဲ့ခြင်း ဖြစ်၏။ သူတို့ကို တောင်နှင့် ပင်လယ် ကမ္ဘာ၏ ထိန်းချုပ်မှု အောက်မှ လွတ်မြောက်စေကာ နောက်ပိုင်းတွင် သူက တောင်နှင့် ပင်လယ် ကမ္ဘာကို သစ္စာဖောက်မည့် အချိန်အတွက် ကြိုတင် ပြင်ဆင်ထားလေသည်။
မမျှော်လင့်ဘဲ ယခုအခါတွင်မူ ထိုအရာကို တောင်ဘိုးဘေးကြီး၏ စွမ်းအားကို ခုခံရန် ဖော်ဆောင်လိုက်ရပြီ ဖြစ်တော့၏။ နင်ချီနှင့် ဓားဘိုးဘေးကြီးတို့သည် သူတို့၏ ဘေးတွင် ရှိနေသော ကျောက်ယွီကျွင်းနှင့် ပင်လယ်ဘိုးဘေးကြီး၏ လက်အောက်ခံ အခြား ကျင့်ကြံသူများကို ကြည့်လိုက်ရာ၊ အချိန်တိုလေး အတွင်းမှာပင် သူတို့၏ စွမ်းအား ဆယ်ပုံတစ်ပုံခန့် ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ကြရသည်။
သည်အခြေအနေမှာ အမှန်တကယ်ကိုပင် အံ့မခန်း ဖြစ်လှပါ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့ အားလုံး မျက်လုံးအစုံ မှိတ်ကာ အံတင်းတင်းကြိတ်ထားကြပြီး ပင်လယ်ဘိုးဘေးကြီး လက်ဆင့်ကမ်း ပေးထားသော လျှို့ဝှက် နည်းစနစ်များကို ဖော်ဆောင်ကာ တောင်ဘိုးဘေးကြီးနှင့် ပုကျိုးတောင်၏ စွမ်းအားကို စတင် ခုခံနေကြလေသည်။
သို့သော် ၎င်း၏ အကျိုးသက်ရောက်မှုမှာ ဓားဘိုးဘေးကြီးနှင့် အခြားသူများ ဖော်ဆောင်သော ကျင့်စဉ်လောက် မကောင်းမွန်လှ၊ စွမ်းအား ဆုံးရှုံးမှု နှုန်းကိုသာ အနည်းငယ် လျှော့ချပေးနိုင်စွမ်း ရှိတော့၏။
နင်ချီမှာ ကူညီပေးရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့။ ဤကိစ္စမှာ မူလဇာစ်မြစ် စွမ်းအားများနှင့် ပတ်သက်နေသဖြင့် သူ ကူညီချင်လျှင်တောင်မှ ကူညီ၍ မရနိုင်ပါချေ။
ထိုအခိုက် နင်ချီသည် တောင်ဘိုးဘေးကြီးနှင့် ပုကျိုးတောင်၏ ပုံရိပ်ယောင်ဆီသို့ အာရုံစူးစိုက်လိုက်လေသည်။
“ဝှစ်….ဝီ…”
ရုတ်တရက် ပုကျိုးတောင် အတွင်း၌ သွေးနီရောင် ပန်းပွင့်များ ဖူးပွင့်လာပြီး ကြက်သွေးရောင် နှင်းပွင့်များ အဖြစ်သို့ အသွင်ပြောင်းသွားတော့၏။
သူတော်စင် ဘိုးဘေးကြီးနှင့် ပင်လယ်ဘိုးဘေးကြီးတို့မှာ ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြတော့သည်။
ထို သွေးပန်းပွင့်များသည် အခြားသူများ မဟုတ်ဘဲ ယခုလေးတင်မှ ပုကျိုးတောင် အတွင်းသို့ တည်နေရာ ရွှေ့ပြောင်း ခံလိုက်ရသော ကုန်းထျန်းတောက်နှင့် တောင်နှင့် ပင်လယ် ကမ္ဘာမှ အခြားသော ကျင့်ကြံသူများပင် ဖြစ်သည်။ တောင်ဘိုးဘေးကြီးသည် အမှန်တကယ်ပင် လူတိုင်း၏ မျက်စိရှေ့မှောက်၌ သူတို့ကို စတေးပစ်လိုက်၏။
သူ၏ လက်အောက်ငယ်သားများကို စတေးပစ်ခဲ့သည်၊ သူ၏ နောက်သို့ လိုက်ပါလာသူများကို စတေးပစ်ခဲ့ခြင်း ပင်။
ကုန်းထျန်းတောက်မှာ သူတို့ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော်ငြား ဦးခေါင်း တစ်ခုတည်းသာ ကျန်ရှိနေတော့၏။
သူ၏ ဦးခေါင်းမှာ လေထဲတွင် ယိမ်းထိုး လွင့်မျောနေပြီး အထက်ရှိ တောင်ဘိုးဘေးကြီးကို မော့ကြည့်နေလေသည်။
"တောင်ဘိုးဘေးကြီး..."
သို့သော် တောင်ဘိုးဘေးကြီးထံမှ အစွမ်းထက်သော စွမ်းအားတစ်ခု ကျဆင်းလာပြီး သူ၏ ဦးခေါင်းကို ရိုက်ခွဲကာ လွင့်စင်သွားစေတော့၏။
မူလဝိညာဉ်။
သူက ချီစွမ်းအား တစ်ချက် မှုတ်ထုတ်လိုက်ပြီး မူလဝိညာဉ်ကို ပြန့်ကျဲသွားစေလေသည်။