← Chapters

အခန်း ၁၀၃၅

Vol. 69 Ch. 1035

အခန်း ၁၀၃၅

Vol. 69 Ch. 1035

အခန်း (‌၁၀၃၅) - အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာရန်အတွက် လိုအပ်သော အခြေအနေများ

"ငါ့ရဲ့ လက်အောက်ငယ်သား ဖြစ်လာပြီ ဆိုကတည်းက လိုအပ်လာတဲ့ အခါကျရင် ငါ့အတွက် အသက်ပေးဖို့ ပြင်ဆင်ထားသင့်တယ်... ဒီအချက်ကို မင်း အစကတည်းက သိထားသင့်တာပေါ့…”

အေးစက်ပြီး ဂရုမစိုက်သော အသံသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီလွန်၍ ဆွတ်ခူးရိတ်သိမ်းပြီးသော မြေပြင်ပေါ်သို့ ဖြတ်တိုက်သွားသည့် အေးစိမ့်သော လေပြေတစ်ခုအလား အရာအားလုံးကို ညှိုးနွမ်းခြောက်သွေ့သွားစေ၏။

သက်ရှိတစ်ခု ရှင်သန်ကြီးထွားပြီး အသီးအပွင့် ဝေဆာလာဖို့ရာ ရာသီသုံးခုတိုင်တိုင် အချိန်ယူရပေမည်။

သို့သော် ပျက်စီးခြင်းအတွက်မူ ရာသီတစ်ခုသာ လိုအပ်သည်။

၎င်းက သဘာဝတရား၏ သံသရာဖြစ်ပြီး ကောင်းကင်တာအို၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပေ၏။

လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် တောင်ဘိုးဘေးကြီးသည် ပုကျိုးတောင်၏ ပုံရိပ်ယောင်အတွင်းသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရသော ကျင့်ကြံသူအားလုံးကို စတေးပစ်လိုက်လေပြီ။

ထိုအထဲတွင် ပင်လယ်ဘိုးဘေးကြီး အချိန်မီ မကယ်တင်နိုင်လိုက်သော သူမ၏ လက်အောက်ခံ ကျင့်ကြံသူအချို့ ပါဝင်နေသလို အများစုမှာ တောင်ဘိုးဘေးကြီး၏ လက်အောက်မှ စစ်သူကြီးများ ဖြစ်ကြ၏။

တောင်ဘိုးဘေးကြီး၏ လက်အောက်တွင် နံပါတ်တစ် နေရာ၌ ရှိနေသော ကျိုးရှန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကုန်းထျန်းတောက်ပင်လျှင် ချမ်းသာခွင့် မရခဲ့ပေ။

တောင်ဘိုးဘေးကြီးက သူ၏ လက်အောက်ငယ်သားများ အားလုံးကို နတ်ဘုရားတောင် ပုံရိပ်ယောင်ဆီသို့ စတေးပစ်လိုက်သည့် မြင်ကွင်းက လူတိုင်းကို မှင်သက် ဆွံ့အသွားစေတော့သည်။

အထူးသဖြင့် နင်ချီ၏ ကူညီမှုကြောင့် ကုန်းထျန်းတောက်၏ တည်နေရာရွှေ့ပြောင်းခြင်းမှ လွတ်မြောက်ခဲ့ကြသော ဓားဘိုးဘေးကြီး ဦးဆောင်သည့် နင်ချီ၏ တပ်ဖွဲ့များနှင့် ကျောက်ယွီကျွင်းတို့ အပါအဝင် ပင်လယ်ဘိုးဘေးကြီး၏ လက်အောက်ခံ ကျင့်ကြံသူများ အားလုံးမှာ မျက်နှာများ သွေးဆုတ်သွားရတော့၏။

ကုန်းထျန်းတောက်က တောင်ဘိုးဘေးကြီးဆီသို့ သူတို့ကို ခေါ်ဆောင်သွားပြီး ဘာလုပ်ချင်နေသနည်းဟု သူတို့ တွေးတောနေခဲ့ကြသော်လည်း ယခု မြင်ကွင်းက အဖြေကို ရှင်းလင်းစွာ ဖော်ပြလိုက်ပြီတည်း။

တောင်ဘိုးဘေးကြီးသည် တောင်နှင့် ပင်လယ် ကမ္ဘာရှိ ကျင့်ကြံသူ အားလုံးကို သတ်ဖြတ်နိုင်စွမ်း အမှန်တကယ် ရှိနေခဲ့လေ၏။

ပို၍ ရယ်စရာကောင်းသည်မှာ တောင်ဘိုးဘေးကြီး၏ အမိန့်ကို နာခံခဲ့သော ကုန်းထျန်းတောက်မှာ တောင်ဘိုးဘေးကြီး၏ လက်ဖြင့် ရက်စက်စွာ စတေးခံလိုက်ရမည်ကို လုံးဝ ထင်မှတ်မထားခဲ့ခြင်းပင်။ သူ အမြဲတစေ ခစားအမှုထမ်းခဲ့သော လူ၏ လက်ချက်ဖြင့် လုံးဝ အဓိပ္ပာယ်မဲ့စွာ သေဆုံးသွားခဲ့ရသည်ဟု ဆိုနိုင်ပေ၏။

သူတို့၏ သွေးများမှာ ကြက်သွေးရောင် နှင်းပွင့်များအသွင် ပြောင်းလဲသွားပြီး နတ်ဘုရားတောင်၏ ပုံရိပ်ယောင်အတွင်း၌ လွင့်မျောနေကြလေသည်။

လွင့်ပျံနေသော နှင်းပွင့်များသည် ဧရာမ ပုကျိုးတောင်၏ ပုံရိပ်ယောင်ကြီး တစ်ခုလုံးအတွင်းသို့ တဖြည်းဖြည်း ပေါင်းစပ်သွားကြပြီး ပုံရိပ်ယောင် တစ်ခုလုံးကို မှိန်ဖျော့ဖျော့ သွေးရောင် လွှမ်းသွားစေကာ အသည်းထိတ်ဖွယ် အငွေ့အသက်ကြီး ပေါင်းထည့်ပေးလိုက်တော့၏။

“ဟောင်ရှန်း... ရူးနေပြီလား... နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...”

ပင်လယ်ဘိုးဘေးကြီးက ပုံမှန်မဟုတ်ဘဲ အလွန်အမင်း စိတ်လှုပ်ရှား တုန်လှုပ်နေသော လေသံဖြင့် မေးခွန်းထုတ်လိုက်လေသည်။

သူမသည် နယ်မြေများ ပင်လယ်၏ စွမ်းအားကို ဆွဲယူကာ ကိုယ်တွင်းသို့ ပေါင်းစပ်ရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သောကြောင့် ကိုယ့်ကိုယ်ကိုယ် အတော်လေး ရူးသွပ်နေပြီဟု ထင်မှတ်ထားခဲ့၏။

သို့သော် သူ၏ ရက်စက်မှုကို အမှန်တကယ် ထုတ်ဖော်ပြသလိုက်သော တောင်ဘိုးဘေးကြီးနှင့် နှိုင်းယှဉ်လျှင်မူ သူမသည် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်နေသော နုံအအ မိန်းမ တစ်ဦးမျှသာ ဖြစ်သွားတော့သည်။

သူမ၏ ရူးသွပ်မှုက ကိုယ့်လူတွေကိုတောင် ချမ်းသာမပေးသည့် တောင်ဘိုးဘေးကြီး၏ ရူးသွပ်မှုနှင့် ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။

တောင်ဘိုးဘေးကြီးကား ပုကျိုးတောင်၏ ပုံရိပ်ယောင် အတွင်း၌ လွင့်မျောနေဆဲ။ သူ၏ မျက်နှာမှာ အေးစက်ကာ မည်သည့် ခံစားချက်မျှ မရှိချေ။

အဆွဲဆောင်နိုင်ဆုံး အရာမှာ သူ၏ မျက်ဝန်းများအတွင်းမှ ထင်ဟပ်နေသော မယိမ်းယိုင်သည့် ယုံကြည်မှု အလင်းတန်းများပင် ဖြစ်သည်။

သူသည် ကမ္ဘာလောက နှစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး ဤ ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးတွင် တစ်ဦးတည်းသော အောင်နိုင်သူ ဖြစ်လာလိမ့်မည်။ လက်ရှိ ကန့်သတ်ချက်များကို ချိုးဖောက်ပြီး လုံးဝ အသစ်စက်စက် နယ်ပယ် တစ်ခုသို့ သူ တက်လှမ်းတော့မည် ဖြစ်၏။

တောင်ဘိုးဘေးကြီးသည် ဤပန်းတိုင်အတွက် ရေတွက်၍ မရနိုင်သော ထောင်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။

ထိုကာလများ အတွင်း၌ သူ၏ နေရာကို အဆက်မပြတ် စိန်ခေါ်နေသော ပင်လယ်ဘိုးဘေးကြီး၏ တည်ရှိမှုကို သူ သည်းခံခဲ့ရပြီး သည်အခြေအနေကပင် တောင်နှင့် ပင်လယ် ကမ္ဘာကို နှစ်ခြမ်းကွဲသွားစေခဲ့၏။

တောင်ဘိုးဘေးကြီးက သိမ်မွေ့စွာ ပြုံးလိုက်ပြီး ပင်လယ်ဘိုးဘေးကြီးအား အထင်သေးလှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ချစ်ရတဲ့ ဂျူနီယာညီမလေး... ငါ ဘာလုပ်နေလဲ ဆိုတာကို မင်း.. တကယ်ပဲ နားမလည်တာလား...”

ပင်လယ်ဘိုးဘေးကြီး ခေတ္တ တုံ့ဆိုင်းသွားပြီး သူတော်စင် ဘိုးဘေးကြီး ခုနက ပြောခဲ့သော စကားများကို ပြန်လည် အမှတ်ရသွား၏။

တောင်ဘိုးဘေးကြီး ဘာလုပ်ချင်နေသနည်း ဆိုတာကို သူမ နားလည်ကောင်း နားလည်နိုင်သော်လည်း ယုံကြည်ဖို့ကိုမူ ခေါင်းမာစွာ ငြင်းဆန်နေမ်၏။

သူတော်စင် ဘိုးဘေးကြီး ကမူ အနည်းငယ် မျက်လုံး မှေးကျဉ်းလိုက်လေသည်။

သမိုင်းမှတ်တမ်းများတွင် ရေးသားထားသော အထွတ်အထိပ် စွမ်းအားရှင်များ၏ စရိုက်လက္ခဏာမျိုး ရှိနေသူ တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူသည်လည်း အလွန်အမင်း စိတ်ဆင်းရဲနေခဲ့ရ၏။

'တကယ်လို့ ဒီကောင်သာ နောက်ဆုံး အောင်ပွဲကို ရသွားမယ် ဆိုရင် ကျယ်ပြန့်သော ကမ္ဘာ ရှင်သန်နိုင်ဖို့ မျှော်လင့်မနေနဲ့တော့...'

'မြင်တဲ့ အတိုင်းပဲ ကိုယ့်လူတွေကိုတောင် ချမ်းသာမပေးတာ....'

'ကိုယ့်လူတွေ အပေါ်မှာတောင် ဒီလောက် ရက်စက်တဲ့ သူက ကျယ်ပြန့်သော ကမ္ဘာ အပေါ်မှာ သက်ညှာလိမ့်မယ် လို့ ဘယ်လိုလုပ် မျှော်လင့်လို့ ရမှာလဲ...'

သူတော်စင် ဘိုးဘေးကြီးက အရာရာကို ပိုမို နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်၏။

တောင်ဘိုးဘေးကြီးက ဤကိစ္စများကို သူတို့၏ မျက်စိရှေ့မှာပင် ပြုလုပ်သွားခြင်းမှာ ချက်ချင်း စိတ်ကူးပေါက်၍ ဆုံးဖြတ်လိုက်ခြင်းမျိုး သေချာပေါက် မဟုတ်သလို သွေးဆာနေသည့် သဘာဝကြောင့်လည်း မဟုတ်ပေ။

ဤအချက်က တစ်ခုတည်းသော အရာကိုသာ သက်သေပြနေသည်။ တောင်ဘိုးဘေးကြီးသည် လိုအပ်သော ပြင်ဆင်မှု အားလုံးကို လုံးဝ ပြုလုပ်ထားပြီး ဖြစ်သည်။ ထိုသို့ မဟုတ်ပါက အစကတည်းက သူ၏ ကိုယ်ပိုင် လူများကို စတေးပစ်ရန် အကြောင်းပြချက် မရှိချေ။

သူ အောင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ထားပြီး သူ၏ လက်အောက်ငယ်သားတွေက သူ့အတွက် ဘာအကူအညီမှ မဖြစ်ဟု ခံစားရ၍သာ ဒီလို လုပ်ရပ်မျိုးကို သူ လုပ်ရက်သည်ပင်။

သို့ဆိုလျှင်...

သူတော်စင် ဘိုးဘေးကြီးသည် ဧရာမ ပုကျိုးတောင်၏ ပုံရိပ်ယောင်ကြီး တစ်ခုလုံးကို စူးစိုက်ကြည့်လိုက်လေသည်။

တောင်ဘိုးဘေးကြီးကို ဤဆုံးဖြတ်ချက် ချရန် အတိအကျ ဘာက တွန်းအားပေးခဲ့သနည်း၊ သူ ဘာလုပ်ချင်နေသနည်း။

ယခု အခိုက်အတန့်တွင် ပုကျိုးတောင်၏ ပုံရိပ်ယောင်မှာ စစ်မြေပြင်နယ်မြေ၏ ဟင်းလင်းပြင် သုံးပုံနှစ်ပုံခန့်ကို သိမ်းပိုက်ထားပြီး ဖြစ်ကာ ၎င်းထံမှ ကြောက်မက်ဖွယ် ကောင်းသော စုပ်ယူအားက ပတ်ဝန်းကျင် တစ်ခွင်မှ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေတော့၏။

အဆုံးအစမဲ့ အသခ်ျေ ဝိညာဉ်ချီများနှင့် စည်းမျဉ်း စွမ်းအားများသည် ပင်လယ်တွင်းသို့ စီးဝင်သွားသော မြစ်ချောင်းများအလား ပုကျိုးတောင်၏ ပုံရိပ်ယောင်ဆီသို့ အဆက်မပြတ် စုဆုံ စီးဝင်သွားကြပြီး ၎င်းကပင် ပုကျိုးတောင်၏ ပုံရိပ်ယောင်ကို ပိုမို လျင်မြန်စွာ ကျယ်ပြန့် ကြီးမားလာစေတော့သည်။

“ကျစ်လီ...”

ရုတ်တရက် သူ့ဘေးတွင် ဝိညာဉ်ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းကား ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ပင်။

“ဆရာ... ကျွန်တော့်ကို ဘာခိုင်းစရာ ရှိလို့လဲ...”

“ဒီ စွမ်းအားတွေ စီးဆင်းနေတာကို ငါတို့ ရပ်တန့်ပစ်လို့ ရမလား...”

ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော်၏ ဝိညာဉ်ပုံရိပ်က ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။

“ဆရာ... အဲဒီလူက စစ်မြေပြင်နယ်မြေရဲ့ စွမ်းအားတွေကို စတင် စုပ်ယူနေချိန်ကတည်းက ကျွန်တော် တားဆီးဖို့ ကြိုးစားခဲ့ပါတယ်... ဒါပေမယ့် မရခဲ့ဘူး...”

သူတော်စင် ဘိုးဘေးကြီး မျက်မှောင်ကြုတ်သွားလေသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ...”

“ဆရာ... သူ ဆင့်ခေါ်ထားတဲ့ နတ်ဘုရားတောင် ပုံရိပ်ယောင်ရဲ့ အတွင်းထဲမှာ ကမ္ဘာလောကရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်တဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိနေပုံရတယ်... ဒါ့အပြင် သူ့ရဲ့ မူလ အဆင့်အတန်းက ဝိညာဉ်ကမ္ဘာထက် အများကြီး ပိုမြင့်မားနေတယ်လို့ ကျွန်တော် ခံစားရတယ်...”

သူတော်စင် ဘိုးဘေးကြီးသည် ဤစကားများကို သံသယ မဝင်ခဲ့ပါ။

ရှေးဟောင်း လမ်းစဉ် သူတော်စင် ပန်းချီကားမှတစ်ဆင့် ပုကျိုးတောင်နှင့် ပတ်သက်၍ သူရရှိထားသော အချက်အလက်များအရ ပုကျိုးတောင်သည် ရှေးဟောင်းခေတ်ကာလက ကောင်းကင်ဘုံနှင့် ဆက်သွယ်ထားသော တစ်ခုတည်းသော နေရာ ဖြစ်လေရာ ၎င်း၏ အဆင့်အတန်းမှာ သဘာဝကျစွာပင် လက်ရှိ ဝိညာဉ်ကမ္ဘာထက် များစွာ သာလွန်မြင့်မားနေမည်သာ။

အနီးအနားတွင် ရှိနေသော ပင်လယ်ဘိုးဘေးကြီး ကလည်း သဘာဝကျစွာပင် သူတို့၏ စကားများကို ကြားနေရလေသည်။

“ငါ တစ်ချက်လောက် စမ်းကြည့်မယ်...”

သူမ၏ အမူအရာမှာ အေးစက်နေသော်လည်း ယခုအခါ သူမသည် သူတော်စင် ဘိုးဘေးကြီးနှင့် တသားတည်း ရပ်တည်နေလေပြီ။

တောင်ဘိုးဘေးကြီးက သူ၏ ဟန်ဆောင်မှုများကို ခွာချကာ တောင်နှင့် ပင်လယ် ကမ္ဘာမှ ကျင့်ကြံသူ အများအပြားကို စတေးပစ်လိုက်ပြီးနောက် ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးသည် မဟာတာအို အတွက် တိုက်ပွဲတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ပင်လယ်ဘိုးဘေးကြီး သဘောပေါက်သွားခဲ့၏။

ဤ ဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးသည် တောင်နှင့် ပင်လယ် ကမ္ဘာက ကျယ်ပြန့်သော ကမ္ဘာကို အနိုင်ရရှိခြင်းမျိုး သို့မဟုတ် ကျယ်ပြန့်သော ကမ္ဘာက အနိုင်ရရှိခြင်းမျိုး ဘယ်တော့မှ ဖြစ်လာတော့မည် မဟုတ်။

လက်ရှိအချိန်တွင် ကမ္ဘာလောက နှစ်ခုလုံး ဆက်လက် တည်ရှိနိုင်ပါဦးမလား ဆိုသည်ပင် မသေချာတော့ပါချေ။

ပင်လယ်ဘိုးဘေးကြီး၏ အကြံပြုချက်ကို ကြားလိုက်ရသောအခါ သူတော်စင် ဘိုးဘေးကြီး၏ မျက်လုံးများက အရောင်လက်သွား၏။

“စမ်းကြည့်သင့်တာပေါ့... ဘာပဲဖြစ်ဖြစ် မင်းက နယ်မြေများ ပင်လယ်ရဲ့ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ထားတာပဲ...”

ပင်လယ်ဘိုးဘေးကြီးက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်လေသည်။

နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ သူမသည် ကောင်းကင်ယံဆီသို့ တဟုန်ထိုး ပျံတက်သွားတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူမ၏ ကိုယ်ပတ်လည်၌ မီးခိုးရောင် စွမ်းအားများ ပိုမို ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များအလား လောင်ကျွမ်းနေတော့သည်။

ထူးခြားဆန်းပြားသော နည်းလမ်းတစ်ခုဖြင့် ပင်လယ်ဘိုးဘေးကြီးသည် စစ်မြေပြင်နယ်မြေနှင့် နယ်မြေများ ပင်လယ် အကြားရှိ အကာအကွယ် နံရံကို ချိုးဖျက်ပစ်လိုက်ဟန် ရှိကာ နယ်မြေများ ပင်လယ်မှ အဆုံးအစမဲ့ အသခ်ျေ စွမ်းအားများကို ဤနေရာသို့ စီးဝင်လာစေတော့၏။

အဝေးသို့ အကြည့်ပို့လွှတ်လိုက်ရာ စစ်မြေပြင်နယ်မြေ၏ အပြင်ဘက်တွင် ခဲရောင် မီးခိုးတိမ်တိုက် အစုအဝေးများသည် စစ်မြေပြင်နယ်မြေဆီသို့ ဆင်းသက်လာနေကြောင်း နင်ချီ မြင်တွေ့လိုက်ရသည်။

သူ၏ ကိုယ်ပွားက ကမ္ဘာလောက၏ အပြင်ဘက်တွင် ရှိနေသည်များကို မြင်တွေ့ခဲ့ပြီး ဖြစ်သဖြင့် ၎င်းတို့မှာ နယ်မြေများ ပင်လယ် အတွင်းရှိ နှိုင်းယှဉ်ချက်အရ ဘေးကင်းသော မီးခိုးရောင် မြူခိုး ဧရိယာမှ စွမ်းအားများ ဖြစ်ကြောင်း သူ သိရှိထား၏။

ယခု ဤစွမ်းအားများကို ပင်လယ်ဘိုးဘေးကြီးက ဆင့်ခေါ်လိုက်ပြီ ဖြစ်သည့်အလျောက် သူမသည် မတည်ငြိမ်သော နယ်မြေများ ပင်လယ်၏ စွမ်းအားကို ဖော်ဆောင်၍ တောင်ဘိုးဘေးကြီးက နတ်ဘုရားတောင် ပုံရိပ်ယောင်မှ စွမ်းအားများကို စုပ်ယူနေခြင်းကို ဟန့်တားရန် ရည်ရွယ်ထားပုံ ရသည်။

သို့သော် နင်ချီ ကမူ ၎င်းက အောင်မြင်လိမ့်မည်ဟု မယုံကြည်ပါချေ။

အဘယ်ကြောင့်ဆိုသော် ဧရာမ ပုကျိုးတောင်၏ ပုံရိပ်ယောင် အထက်တွင် နယ်မြေများ ပင်လယ်၏ စွမ်းအား အမျှင်တန်းလေး တစ်ခု ရှိနေ၏။ ၎င်းကို တောင်ဘိုးဘေးကြီးက အလွန် သေသပ်စွာ ဖုံးကွယ်ထားကြောင်း သူ အာရုံခံမိလိုက်၏။

အကယ်၍ နင်ချီသာ နယ်မြေများ ပင်လယ် စွမ်းအားများကို အပြည့်အဝ ပေါင်းစပ်ထားခြင်း မရှိခဲ့လျှင် ကိုယ်ပွားက နယ်မြေများ ပင်လယ် အတွင်းရှိ အခြေအနေများကို မမြင်တွေ့ခဲ့လျှင် နှင့် သူတော်စင် ဘိုးဘေးကြီး၏ အင်မော်တယ် ချီစွမ်းအားလေးသာ ကူညီမပေးခဲ့ပါက... နင်ချီ ပင်လျှင် ဤအမှန်တရားကို ခွဲခြား သိမြင်နိုင်စွမ်း ရှိမည် မဟုတ်ပါ။

ကောင်းကင်ယံထက်တွင် ဧရာမ မီးခိုးရောင် ခဲတိမ်တိုက်ကြီးများ လွင့်ဝဲနေ၏။

အဝေးမှ ကြည့်လျှင် ကောင်းကင်ဘုံ စစ်သည်တော်များနှင့် ကောင်းကင်ဘုံ စစ်သူကြီးများ ဆင်းသက်လာသည့်အလား ပင်။

၎င်းတို့၏ ပေါ်ထွက်လာမှုက စစ်မြေပြင်နယ်မြေ တစ်ခုလုံးရှိ စွမ်းအားများ စီးဆင်းနေမှုကို ရပ်တန့်သွားစေသည်။

နယ်မြေများ ပင်လယ်၏ စွမ်းအားများမှာ အလွန်အမင်း ကြမ်းတမ်းပြီး ဖရိုဖရဲ ဖြစ်လွန်းလှ၏။ ၎င်းသည် ကမ္ဘာလောက၏ ပြင်ပမှ စွမ်းအားတစ်ခု ဖြစ်သည်။ ငြိမ်းချမ်းသော စွမ်းအားများ ရှိသည့် ကမ္ဘာလောက အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ တိုင်းတာမှု နယ်ပယ်တစ်ခုမှ တိုက်ခိုက်မှု တစ်ခုအလား စီးဆင်းနေသော စွမ်းအားများကို ချက်ချင်း ဖိနှိပ်ပစ်လိုက်တော့သည်။

တစ်ခဏတာမျှ စစ်မြေပြင်နယ်မြေ အတွင်း၌ တတိယမြောက် အင်အားစု တစ်ခု ဝင်ရောက်လာသည့်အလား ရှိနေတော့၏။

လူအုပ်ကြီးသည် မီးခိုးရောင် တိမ်တိုက်များ အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များကို ဝေဝါးစွာ မြင်တွေ့နေရလေသည်။

၎င်းတို့ အားလုံးမှာ စစ်မြေပြင်နယ်မြေ အတွင်း နေထိုင်ကြသော သားရဲများ ဖြစ်ကြ၏။ သူတို့သည် စစ်မြေပြင်နယ်မြေ၏ အပြင်ဘက်ရှိ ကမ္ဘာ့အကာအကွယ် နံရံတွင် ကပ်တွယ်နေကြပြီး အတွင်းသို့ ဖောက်ဝင်ရန် အမြဲ ကြိုးပမ်းနေကြသူများ ဖြစ်သည်။

ယခုအခါ ပင်လယ်ဘိုးဘေးကြီးက နယ်မြေများ ပင်လယ်၏ စွမ်းအားများကို ဆွဲယူလိုက်သောကြောင့် သဘာဝကျစွာပင် သူတို့ကိုလည်း စစ်မြေပြင်နယ်မြေ အတွင်းသို့ ခေါ်ဆောင်လာသလို ဖြစ်သွားတော့၏။

သူတို့သည် မီးခိုးရောင် တိမ်တိုက်များ အတွင်း၌ ပုန်းအောင်းနေကြပြီး သူတို့၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများက အောက်ဘက်ရှိ လူအုပ်ကြီးကို စူးစိုက်ကြည့်နေကာ လောဘတကြီး အရောင်များ တလက်လက် တောက်ပနေကြလေသည်။

နောက်ဆုံးတော့ သူတို့သည် ငြိမ်းချမ်းသော စွမ်းအားများ ရှိရာ ကမ္ဘာလောကဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ကြပြီ မဟုတ်ပါလော။

သို့သော် သူတို့ အံ့အားသင့်သွားရသည်မှာ အောက်ဘက်ရှိ လူတိုင်းက သူတို့ကို လုံးဝ မမြင်တွေ့သည့်အလား ပြုမူနေကြပြီး သူတို့ကို ကျော်လွန်ကာ အခြားနေရာသို့သာ စူးစိုက်ကြည့်နေကြခြင်းပင်။

ပင်လယ်ဘိုးဘေးကြီးသည် နယ်မြေများ ပင်လယ် အတွင်းမှ တစ်ခုလျှင် ပေတစ်ရာခန့် အရွယ်အစားရှိသော မီးခိုးရောင် တိမ်တိုက် စွမ်းအား အစုအဝေး တစ်ရာခန့်ကို ဆွဲထုတ်လိုက်ပြီးနောက် ရပ်တန့်လိုက်လေသည်။

သူမ၏ လှပသော မျက်နှာပေါ်တွင် ချွေးပေါက်လေးများ သီးနေတော့၏။

သည်အခြေအနေမှာ နယ်မြေများ ပင်လယ်နှင့် စတင် ထိတွေ့ခဲ့ကတည်းက ဤမျှ များပြားသော နယ်မြေများ ပင်လယ် စွမ်းအားကို သူမ ပထမဆုံး အကြိမ်အဖြစ် ထုတ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သူမသည် ပင်လယ်ဘိုးဘေးကြီး တစ်ပါး ဖြစ်သော်ငြား ဤမျှ များပြားသော နယ်မြေများ ပင်လယ် စွမ်းအားကို ဆင့်ခေါ်ရန်မှာ သူမအတွက် ယာယီ ကန့်သတ်ချက် တစ်ခုသို့ ရောက်ရှိနေချေပြီ။

သူမ အနေဖြင့် သူမ၏ စွမ်းအား အားလုံးကို နယ်မြေများ ပင်လယ် စွမ်းအား ဆင့်ခေါ်ရာတွင် အသုံးချ၍ မရနိုင်ချေ။ တောင်ဘိုးဘေးကြီး၏ လုပ်ရပ်များကို သူမ အမှန်တကယ် ဟန့်တားနိုင်ခြင်း ရှိမရှိ ကိုလည်း စောင့်ကြည့်ရဦးမည် မဟုတ်ပါလော။

သူမ၏ ဘေးတွင် သူတော်စင် ဘိုးဘေးကြီးနှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တို့ကလည်း တောင်ဘိုးဘေးကြီးကို စူးစိုက်ကြည့်နေကြ၏။

ပင်လယ်ဘိုးဘေးကြီးကိုတော့ ယခုအခါ သူတို့၏ ဖိနပ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကမ္ဘာလောက နှစ်ခုကြား တိုက်ခိုက်မည့် အကြံအစည်ကို သူမ စွန့်လွှတ်လိုက်သည်မှာ ကြာပြီဖြစ်ကြောင်း ထိုနှစ်ဦးစလုံးမှာ တိတ်တဆိတ် အသိအမှတ်ပြုထားကြလေသည်။

တောင်ဘိုးဘေးကြီးက စစ်မြေပြင်နယ်မြေ အထက်တွင် တွဲလောင်းကျနေသော မီးခိုးရောင် တိမ်တိုက် ရာပေါင်းများစွာကို ပေါ့ပေါ့ပါးပါးပင် ကြည့်လိုက်၏။

“ဂျူနီယာ ညီမလေး... ဒီလောက်လေး ရှိတဲ့ နယ်မြေများ ပင်လယ်ရဲ့ စွမ်းအားနဲ့တော့ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး... ဘာလို့ ပိုများများ မခေါ်လာတာလဲ...”

တောင်ဘိုးဘေးကြီး၏ နှုတ်ခမ်းထက်တွင် ထိုးကြိတ်ချင်စရာ ကောင်းလှသော လှောင်ပြုံး တစ်ခု ထပ်မံ တွန့်ကွေးလာပြန်၏။

ကံမကောင်းစွာဖြင့် ယခုအခါ သူသည် အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်ထားသူ ဖြစ်ပြီး အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်နေသဖြင့် လူတိုင်းက သူ့ကို ရိုက်နှက်ချင်နေလျှင်တောင်မှ ဘာမှ ပြောင်းလဲနိုင်စွမ်း မရှိကြပေ။

“သွားစမ်း...”

ပင်လယ်ဘိုးဘေးကြီးမှာ ဒေါသမထွက်ဘဲ သူမ၏ လက်များကို ပူးကပ်ကာ လေထဲ၌ လက်ဟန် ရေးဆွဲလိုက်လေသည်။

ပန်းပွင့်လေးများအလား လှပကျော့ရှင်းပြီး ဖြူဝင်းသော သူမ၏ လက်ချောင်းသွယ်သွယ်လေးများက လှပသော တံဆိပ်မုဒြာ တစ်ခုကို ဖန်တီးလိုက်၏။

“ပင်လယ်လမင်း ကောင်းကင်လှိုင်း...”

ရုတ်တရက် ပေတစ်ရာခန့်စီ ကြီးမားသော နယ်မြေများ ပင်လယ်၏ စွမ်းအား မီးခိုးရောင် တိမ်တိုက် တစ်ရာကြားမှ ဧရာမ လပြည့်ဝန်းကြီး တစ်ခု ဖွဲ့တည်၏။

လပြည့်ဝန်းကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် မီးခိုးရောင် တိမ်တိုက် ရာပေါင်းများစွာသည် ၎င်း၏ ပတ်ပတ်လည်တွင် စုရုံးကာ သမုဒ္ဒရာ လှိုင်းလုံးကြီးများအလား ရိုက်ပုတ်လာကြတော့သည်။

ယခုလေးတင်မှ အောက်ဘက်သို့ လောဘတကြီး အကြည့်များဖြင့် ကြည့်နေခဲ့ကြသော ပင်လယ်နယ်မြေမှ ကြမ်းကြုတ် သားရဲများသည် ယခုအခါ အလယ်ဗဟိုရှိ လပြည့်ဝန်းကြီးကို သွေးရောင်လွှမ်းသည့် မျက်လုံး အစုံဖြင့် စူးစူးရဲရဲ ကြည့်နေကြလေပြီ။

ပင်လယ်နယ်မြေမှ ကြမ်းကြုတ် သားရဲများသည် လမင်းကို ရှိခိုးပူဇော်နေကြသည့်အလား ရှိ၏။ ပတ်ဝန်းကျင်ရှိ စွမ်းအားများ အားလုံး သူတို့၏ ကိုယ်တွင်းသို့ အဆက်မပြတ် စီးဝင်သွားကာ တစ်ကောင်ချင်းစီတိုင်းမှာ ဧရာမ အရွယ်အစားအထိ ကြီးထွားလာကြတော့၏။

လရောင်က ဖိတ်လျှံကျလာပြီး နူးညံ့ကာ ငြိမ်းချမ်းသော အငွေ့အသက်များဖြင့် လွှမ်းခြုံသွားလေသည်။

ပင်လယ်ဘိုးဘေးကြီး၏ ခြယ်လှယ်မှုအောက်တွင် နယ်မြေများ ပင်လယ်၏ စွမ်းအားများမှာ အမှန်တကယ်ပင် သမုဒ္ဒရာကြီး တစ်ခုအဖြစ် ပြောင်းလဲသွားရသည်။

ထို သားရဲများမှာလည်း သဘာဝကျစွာပင် ပင်လယ်မိစ္ဆာများ အဖြစ်သို့ အသွင်ပြောင်းသွားကြတော့၏။

ပင်လယ်ဘိုးဘေးကြီး၏ ညင်သာသော အမိန့်ပေးသံကိုသာ ကြားလိုက်ရသည်။

“သွားတော့...”

ကောင်းကင်ယံထက်မှ လပြည့်ဝန်းကြီးသည် ၎င်း၏ လရောင်ကို သမုဒ္ဒရာ လှိုင်းလုံးကြီးများအလား ဖြန့်ကျက်လိုက်ပြီး ထိုလှိုင်းလုံးများ အတွင်း၌ သားရဲကြီးများမှာ လူးလာခတ်နေကာ သတ်ဖြတ်လိုသော အငွေ့အသက်များ တဟုန်ထိုး မြင့်တက်လာတော့၏။

သူတို့ အားလုံးသည် နတ်ဘုရားတောင် ပုံရိပ်ယောင်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော တောင်ဘိုးဘေးကြီး ရှိရာဆီသို့ တဟုန်ထိုး တိုးဝင်သွားကြလေသည်။

“ဝုန်း... ဂျိမ်း…”

ဤမြင်ကွင်းကို လူတိုင်း မြင်တွေ့လိုက်ရချိန်တွင် ကောင်းကင်ယံမှ လမင်းကြီး ပြုတ်ကျလာသည့်အတိုင်း လမင်း၏ ပုံရိပ်မှာ အဆက်မပြတ် ကြီးမားလာပြီး တောင်ဘိုးဘေးကြီး၏ ပုကျိုးတောင် ပုံရိပ်ယောင်ကြီးကိုပင် များစွာ သေးငယ်သွားသယောင် ထင်မှတ်ရစေ၏။

နင်ချီနှင့် အခြားသူများမှာမူ ယခု အခိုက်အတန့်တွင် လုံးဝ လျစ်လျူရှု ခံထားရပြီး မည်သူကမျှ သူတို့ကို အာရုံမစိုက်ကြတော့ပေ။

ဓားဘိုးဘေးကြီး၊ ချီခယ်ချင်းနှင့် အခြားသူများက နင်ချီ၏ အနောက်တွင် ကပ်လျက် ရပ်နေကြပြီး ကျောက်ယွီကျွင်းနှင့် အခြားသူများကလည်း နင်ချီ့အနီးသို့ ချဉ်းကပ်လာကြ၏။

ယခုအချိန်တွင် သူတို့ ဘာမှ မလုပ်နိုင်ကြဘဲ အရာအားလုံး ဖြစ်ပျက်နေသည်ကိုသာ ရပ်ကြည့်နေရုံမှတစ်ပါး အခြား မရှိတော့ချေ။

နင်ချီက ဆက်လက် စောင့်ကြည့်နေသော်လည်း အနည်းငယ် အာရုံလွင့်နေဟန် ရှိသည်။

ပင်လယ်ဘိုးဘေးကြီး၏ တိုက်ခိုက်မှုက သေချာပေါက် ကျရှုံးသွားမည်သာ။

နင်ချီသည် သူ၏ ကမ္ဘာ့အရှင်သခင် ခန္ဓာကိုယ်ထံသို့ ဆက်သွယ်ကာ တောင်နှင့် ပင်လယ် ကမ္ဘာဆီသို့ သွားရောက်သင့် မသင့် စဉ်းစားနေရလေပြီ။

ယခုအခါ တောင်ဘိုးဘေးကြီးသည် တောင်နှင့် ပင်လယ် ကမ္ဘာဆီသို့ သွားရာ လမ်းကြောင်းကို နတ်ဘုရားတောင်၏ ပုံရိပ်ယောင်ဖြင့် ပိတ်ဆို့ထားခဲ့ပြီ ဖြစ်၏။ သူ၏ လူဝင်စား ခန္ဓာကိုယ် အနေဖြင့် လူတိုင်းကို ဤနေရာမှ ခေါ်ဆောင်သွားနိုင်မည် မဟုတ်သလို တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်းသို့လည်း မဝင်ရောက်နိုင်ချေ။

ထိုသို့ ဖြစ်လေရာ ကမ္ဘာ့အရှင်သခင်၏ အစစ်အမှန် ခန္ဓာကိုယ် တစ်ခုတည်းကသာလျှင် ဝင်ရောက်နိုင်မည် ဖြစ်သည်။

နင်ချီ သည်လည်း တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုသည်ကို သိရှိလိုနေ၏။

ကျင့်ကြံသူ ရှစ်ဆယ် ရာခိုင်နှုန်းခန့်က စစ်မြေပြင်နယ်မြေ အတွင်းသို့ ဝင်ရောက် တိုက်ခိုက်နေကြသော်လည်း ကျန်ရှိသော ကျင့်ကြံသူ နှစ်ဆယ် ရာခိုင်နှုန်းက ထိုနေရာတွင် ကျန်ရှိနေသေးသလို အဆုံးအစမဲ့သော သာမန် သေမျိုးများ ရှိနေသေးသည် မဟုတ်ပါလော။

နင်ချီ၏ ရင်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာ၏။ တောင်ဘိုးဘေးကြီးက ကုန်းထျန်းတောက်နှင့် အခြားသူများကိုပင် စတေးခဲ့ပြီးပြီ ဖြစ်သည့်အလျောက် သူက တောင်နှင့် ပင်လယ် ကမ္ဘာကို ပိတ်ဆို့ထားခြင်းမှာ တောင်နှင့် ပင်လယ် ကမ္ဘာကြီးကိုပါ နောက်ပိုင်းတွင် စတေးပစ်ဖို့ ရည်ရွယ်ထားခြင်းများလား။

သို့သော် နင်ချီက တောင်နှင့် ပင်လယ် ကမ္ဘာကြီး ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း မြင်တွေ့နေရသော်လည်း ၎င်းအတွင်းရှိ ကျင့်ကြံသူများ အသက်ရှင်နေသေးသလား ဆိုသည်ကိုမူ တပ်အပ်သေချာ မသိနိုင်ခဲ့ပါ။

လူဝင်စားပြီးနောက် သူ သိမ်းပိုက်ခဲ့သော နက်ရှိုင်းသော သစ္စာတရား နယ်မြေ သည်လည်း တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ တည်ရှိနေဆဲ ဖြစ်ပြီး ထိုနေရာတွင် ကျင့်ကြံသူ နှစ်ဆယ် ရာခိုင်နှုန်း ကျန်ရှိနေသေးကြောင်းကို သူ မေ့လျော့မထားခဲ့ပါချေ။

အခြေအနေ မဟန်ပါက ကမ္ဘာ့အရှင်သခင်၏ ပင်မ ခန္ဓာကိုယ်ဖြင့် ဝင်ရောက်ကာ သူတို့ကို ဦးစွာ ကယ်တင်ထားဖို့ လိုအပ်သည်ဟု နင်ချီ တွက်ချက်ထား၏။

“ဝေါ….”

အရှေ့ဘက်တွင် လမင်းကြီး နိမ့်ဆင်းလာ၏။

လမင်းကြီး၏ နူးညံ့သော အလင်းရောင်က ဂယက်ထနေသော လှိုင်းလုံးများအလား ဟင်းလင်းပြင် တစ်ခွင်၌ အလွှာလိုက် ခေါက်ချိုးများ ဖန်တီးနေတော့သည်။

ကျင့်ကြံသူများမှာ ကြောက်ရွံ့ ရိုသေမှုများဖြင့် ပြည့်နှက်နေကြ၏။

ယခု ပင်လယ်ဘိုးဘေးကြီး ဖော်ဆောင်နေသော နတ်ဘုရား မှော်စွမ်းရည်၏ စွမ်းအားမှာ အမှန်တကယ်ပင် စွမ်းအားကြီးလှသည်။

ထိုအထဲတွင် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတ ဖြစ်ခြင်း နယ်ပယ်) မှ ကျင့်ကြံသူများက ဤအချက်ကို အသိသာဆုံး ခံစားနေကြရ၏။ အကယ်၍ သူတို့သာ လရောင် အနည်းငယ်နှင့် ထိတွေ့မိပါက အစိတ်စိတ်အမွှာမွှာ ကြွေမွသွားလိမ့်မည်ဟု ယုံကြည်သည်။

လူအုပ်ကြီးသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကြ၏။ မိမိတို့၏ အစွမ်းထက်လှပါသည် ဆိုသော တာအို ကျင့်ကြံမှုမှာ တကယ်တမ်း၌ ဘာမျှ မဟုတ်ကြောင်း သဘောပေါက်သွားကြလေသည်။

ဤကမ္ဘာလောက၏ အပြင်ဘက်တွင် သူတို့ မသိရှိခဲ့သော နောက်ထပ် ကျယ်ပြန့်လှသည့် နယ်မြေများ ပင်လယ်ကြီး တစ်ခု ရှိနေခဲ့သည်။

လမင်းကြီးက နတ်ဘုရားတောင်ပေါ်သို့ ထွန်းလင်းတောက်ပနေပြီး အညှာအတာ ကင်းမဲ့စွာဖြင့် ဖိချလာတော့၏။

နူးညံ့သော လရောင်သည် အထက်မြက်ဆုံးသော ရေလှိုင်းဓားသွားများ အဖြစ်သို့ အသွင်ပြောင်းသွားကာ နတ်ဘုရားတောင်၏ မျက်နှာပြင်ကို တစ်လွှာပြီးတစ်လွှာ ခုတ်ပိုင်း ဖယ်ရှားပစ်နေတော့သည်။

“ဖောင်း... ဖောင်း... ဖောင်း…”

နှစ်ခုစလုံးမှာ စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်ငြား အစစ်အမှန် ရုပ်ဝတ္ထုများသဖွယ် ရှိနေကြသည်။

တောင်ဘိုးဘေးကြီးသည် သက်ဆင်းလာသော လမင်းကြီးကို ငေးကြည့်နေပြီး သူ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ချီးကျူးလေးစားသည့် အမူအရာ တစ်ခု ထင်ဟပ်လာတော့၏။

“ချစ်ရတဲ့ ဂျူနီယာ ညီမလေး... မင်းကို အရင်က အထင်သေးခဲ့မိတာတွေကို ဒီစီနီယာအစ်ကို ပြန်ရုပ်သိမ်းပါတယ်... မင်းကိယ လုံးဝ အသုံးမကျတဲ့သူ တစ်ယောက်တော့ မဟုတ်ဘူးပဲ... အနည်းဆုံးတော့ ဒီ နတ်ဘုရား မှော်စွမ်းရည်က အတော်လေး အားသာချက် ရှိတယ်လို့ ငါ ထင်တယ်...”

“ကမ္ဘာပေါ်မှာ အပျော့ပြောင်းဆုံး စွမ်းအားကို ဖန်တီးဖို့ ပင်လယ်နဲ့ လမင်းကို ပေါင်းစပ်ပြီး အပျော့ပြောင်းဆုံး အရာနဲ့ အမာကျောဆုံး အရာကို အနိုင်ယူဖို့ ကြိုးစားတဲ့ မင်းရဲ့ စိတ်ကူးက အတော်လေး ကောင်းမွန်ပါတယ်...”

နတ်ဘုရားတောင်၏ ပုံရိပ်ယောင်မှာ အဆက်မပြတ် ဝေဝါးသွားနေသော်လည်း တောင်ဘိုးဘေးကြီးကမူ ၎င်းအတွင်း၌ တည်ငြိမ် အေးဆေးစွာဖြင့် စကားဆိုနေဆဲ ပင်။

“ဒါပေမယ့် အားနည်းသူက အားနည်းသူပါပဲ...မင်းဆီမှာ စွမ်းအား အနည်းငယ် ရှိနေရင်တောင်မှ အစစ်အမှန် အင်အားရဲ့ ရှေ့မှာတော့ မင်းတို့က သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်လေးတွေ အဆင့်ပဲ ရှိသေးတယ်...”

All Chapters