← Chapters

အခန်း ၉၄၉

Vol. 64 Ch. 949

အခန်း ၉၄၉

Vol. 64 Ch. 949

အခန်း (၉၄၉) - စုယွီ၏ လျှို့ဝှက်ကစားကွက်၊ တာ့ယန် အင်မော်တယ်မြို့တော် ပျက်သုဉ်းခြင်း

အမှန်တကယ်တော့ ကုန်းကျန်းယွင် ၏ မူလဝိညာဉ် ဟွမ်လင်းကျွန်း သို့ ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ သိရှိသူ အလွန်ပင် နည်းပါးလှပြီး ထို မူလဝိညာဉ် မှာ သူ၏ လက်ထဲသို့ ကျရောက်လာခဲ့သည်ကိုလည်း မည်သူမျှ မသိရှိကြပါချေ။

အဆိုးရွားဆုံး သတင်းမှာကား ကုန်းကျန်းယွင် ၏ နောက်ခံ နောက်ကြောင်းမှာ သာမန်မဟုတ်ဘဲ လူသားမျိုးနွယ် ၏ ရှေးဟောင်း အင်မော်တယ် မြင့်မြတ်နယ်မြေ သုံးခုထဲမှ လျှို့ဝှက် ရွှမ်ဟွမ် ရှေးဟောင်းနယ်မြေ မှ လာရောက်သူ ဖြစ်နေခြင်းပင်။

ထို့အပြင် ဤလူက ရှန်းဝူ မျိုးနွယ်စု ၏ မိစ္ဆာသားရဲဥ ကိုပင် ပိုင်ဆိုင်ထားခဲ့သေးသည်။

လွန်ခဲ့သော ရက်အနည်းငယ်က မိစ္ဆာမျိုးနွယ်စု က ရွှမ်ထျန်း အင်မော်တယ်ကျွန်း ကို ဖျက်ဆီးခဲ့ခြင်းမှာ ဤ မိစ္ဆာသားရဲဥ အတွက် ဖြစ်နိုင်ခြေ အလွန် များ၏။

ထိုအချက်အား စုယွီ သတိပြုမိလိုက်ရာ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားလေ၏။

ဤအရာမှာ ပူလောင်နေသော ကျောက်မီးသွေးခဲ တစ်ခုပမာပင်။

မိစ္ဆာမျိုးနွယ်စု ၏ သွေးမျိုးဆက်မှာ လုံးဝကို ထူးကဲလှပြီး အကယ်၍ ဤသားရဲဥသာ ဥမှ ပေါက်ဖွားလာပြီး ပြုစုပျိုးထောင်ပေးနိုင်မည်ဆိုပါက ကမ္ဘာလောကကြီး တစ်ခုလုံးကိုပင် တုန်လှုပ်ခြောက်ခြားသွားစေနိုင်မည့် ဧရာမ ငှက်ကြီး တစ်ကောင် ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်၏။

သို့သော် စုယွီ အတွက်မူ ထိုကဲ့သို့သော သားရဲ မွေးမြူခြင်းမှာ ယခုအချိန်တွင် ဆွဲဆောင်မှု နည်းပါးလှသည်။

မည်သို့ပင်ဆိုစေ သူ၏ လက်ထဲတွင် ထိုက်ရွှီ နှင့် ပင်လယ်မှောက် လိပ်နက် ဟူသော ထူးခြားသည့် သွေးမျိုးဆက်ရှိသည့် အိမ်မွေးတိရစ္ဆာန် နှစ်ကောင် ရှိနှင့်ပြီး ဖြစ်သည်။

ဤပူလောင်နေသော ကျောက်မီးသွေးခဲ ကို သူ၏ လက်ထဲတွင် ဆက်လက် ထိန်းသိမ်းထားရန် မလိုအပ်ပါချေ။

အကယ်၍သာ မိစ္ဆာမျိုးနွယ်စု မှ ကြီးမြတ်သော ပါရမီရှင် တစ်ဦး၏ ရောက်ရှိလာခြင်းကို ဆွဲဆောင်မိလိုက်မည်ဆိုပါက သူ၏ ဟင်းလင်းပြင် တာအို နှင့် အချိန် မဟာတာအို စွမ်းအားများ ရှိနေပါစေဦး၊ အသက်ရှင်လျက် လွတ်မြောက်နိုင်ရန် မလွယ်ကူပေ။

ထိုအချိန်တွင် စုယွီ ၏ နှလုံးသားမှာ ရုတ်တရက် လှုပ်ရှားသွားပြီး အကြံတစ်ခု ရရှိလိုက်သဖြင့် သူ၏ မျက်ခုံးများ ပြေလျော့သွားတော့သည်။

'ငါ ဒီလို လုပ်လို့ ရတာပဲ'

သူသည် မိစ္ဆာမျိုးနွယ်စု ၏ သားရဲဥ ကို ဟင်းလင်းပြင် တာအို နှင့် အချိန် မဟာတာအို စွမ်းအားများဖြင့် လွှမ်းခြုံထားလိုက်ပြီး ၎င်း၏ သွေးမျိုးဆက် အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားလိုက်လေ၏။

ထို့နောက် သူသည် ဟွမ်လင်းကျွန်း ပေါ်ရှိ ယုံကြည်စိတ်ချရသော တပည့်များနှင့် တာအိုဆရာ ကျင်းဖုန်း တို့ကို ဦးစွာ ထွက်ခွာသွားစေ၏။ ခွန်းလင် ဝိညာဉ် အသိုက် နေရာမှ ကိစ္စရပ်များ ပြီးဆုံးသည်အထိ ပင်လယ်ပြင်သို့ မထွက်ခွာဘဲ ဆန်းမူ စံအိမ်တွင် ပုန်းအောင်းနေရန် ညွှန်ကြားလိုက်သည်။

သူကိုယ်တိုင်မူကား မိစ္ဆာမျိုးနွယ်စု ၏ သားရဲဥ ကို ယူဆောင်ကာ ဟွမ်လင်းကျွန်း ၏ နေရာရွှေ့ပြောင်း အခင်းအကျင်း မှတစ်ဆင့် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ သို့ ပြန်လည် ထွက်ခွာသွားလေတော့သည်။

ပြန်လည် ရောက်ရှိလာသည့် အခိုက်အတန့်တွင် သူ ချန်ထားခဲ့သော အင်အားစုများဖြင့် နေရာရွှေ့ပြောင်း အခင်းအကျင်း ကို ဖျက်ဆီးပစ်လိုက်လေ၏။

စုယွီ ၏ တာအိုရုပ်သေး သည် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တွင် ဆက်လက် မနေထိုင်ဘဲ နေရာရွှေ့ပြောင်း အခင်းအကျင်း အသီးသီးကို အသက်သွင်းကာ အခြားသော ကျင့်ကြံခြင်းကမ္ဘာ များ၏ လမ်းကြောင်းများကို ငှားရမ်းလျက် တာ့ယန် အင်မော်တယ်မင်းဆက်၏ မြို့တော်ဆီသို့ ဦးတည်သွားလေတော့သည်။

တာ့ယန် အင်မော်တယ်မင်းဆက်၏ မြို့တော်။

၎င်းသည် 'မြင့်မားသော ကောင်းကင်ယံ' အထက်တွင် တည်ရှိနေသော ဧရာမ အင်မော်တယ်မြို့တော်ကြီး တစ်ခုပင် ဖြစ်သည်။

သို့သော် ချန်ကု အင်မော်တယ်မြို့တော် နှင့် မတူညီသည်မှာ တာ့ယန် မြို့တော် မှာ ကောင်းကင်ကို ထောက်ပံ့ထားသော တိုင်များကဲ့သို့ မားမားမတ်မတ် ရပ်တည်နေသည့် အင်မော်တယ် တောင်တန်း သုံးဆယ့်ခြောက်ခုဖြင့် တည်ရှိ၏။ မရေမတွက်နိုင်သော အဆင့်မြင့် အခင်းအကျင်းများဖြင့် တည်ငြိမ်အောင် ပြုလုပ်ထားကာ အဆက်မပြတ် တည်ရှိနေသော အမြင့်ပေ သောင်းချီရှိသည့် အင်မော်တယ် တောင်တန်းများ ဖြစ်သည်။

ပြောစရာ မလိုသည်မှာ တာ့ယန် အင်မော်တယ်မင်းဆက် သည် ချန်ကု အင်မော်တယ်မြို့တော် နှင့် ဆင်တူသော လေပေါ်ပျံ အင်မော်တယ်မြို့တော် တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်မှာ သေချာသည်။

သို့သော် နည်းလမ်းနှင့် အခြေခံ အုတ်မြစ် မလုံလောက်သဖြင့် သူတို့ ဖန်တီးခဲ့သည့်အရာမှာ 'အရည်အသွေး နိမ့်ကျသည့် ထုတ်ကုန်' တစ်ခုသာ ဖြစ်သော တာ့ယန် မြို့တော် ပင် ဖြစ်တော့၏။

ဖူလင်း ပင်လယ်နယ်မြေ အတွင်းရှိ မငြိမ်မသက်မှုများနှင့် ကွဲပြားခြားနားသည်။

ထို့အပြင် မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ပြိုကျပျက်စီးနေသော မြင်ကွင်းများနှင့် သွေးထွက်သံယို ကျဆုံးသွားကြသော ကျင့်ကြံသူများ၏ ပုံရိပ်များနှင့်လည်း ကွဲပြားသည်။ တာ့ယန် မြို့တော် အတွင်း၌ကား အသက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ကျင့်ကြံသူများမှာ လာလိုက်၊ သွားလိုက်နှင့် အလုပ်ရှုပ်နေကြ၏။ အများစုမှာ ချီသန့်စင်ခြင်းအဆင့် နှင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် များသာ ဖြစ်ကြ၏။

လမ်းသွားလမ်းလာများ၏ မျက်နှာတွင် အပြုံးများ ပွင့်လန်းနေပြီး လမ်းဘေး လမ်းသွယ်များတွင် အခြေမဲ့ ကျင့်ကြံသူ ကုန်သည်များ၏ အော်ဟစ် ရောင်းချသံများဖြင့် သာယာဝပြောပြီး သဟဇာတ ဖြစ်သော အငွေ့အသက်များ လွှမ်းမိုးနေသည်။

စုယွီ ၏ တာအိုရုပ်သေး သည် တာ့ယန် မြို့တော် ၏ လမ်းမများပေါ်တွင် လမ်းလျှောက်နေစဉ် ဒေသခံ ကျင့်ကြံသူများ၏ ပါးစပ်မှ မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် ပတ်သက်သော တိုက်ပွဲ အခြေအနေ ၊ ဖြစ်ရပ်များကို မကြားရတတ်ချေ။

သတင်းများ ပိတ်ပင်ထားခြင်းကြောင့်လား သို့မဟုတ် ဤနေရာသို့ သတင်းများ မရောက်ရှိလာသေးခြင်းကြောင့်လား ဆိုသည်မှာ မသိနိုင်ပါ

တာ့ယန် မြို့တော် ကို အေးဆေးစွာ လည်ပတ် ကြည့်ရှုပြီးနောက် စုယွီ အကဲဖြတ်လိုက်၏။

ဤ အင်မော်တယ်မြို့တော် သည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် ထက် များစွာ ပိုမို ကြီးမားပြီး သာယာဝပြောလှသည်။ တာ့ယန် အင်မော်တယ်မင်းဆက် ၏ နယ်မြေတစ်ခုလုံးကို ထောက်ပံ့ထားသည့် အရင်းအမြစ်များဖြင့် တည်ဆောက်ထားသဖြင့် တာ့ယန် မြို့တော် မှာ အမှန်တကယ်ပင် ထူးခြားလှသည်။

အခြေခံ အုတ်မြစ် အရဆိုလျှင် တာ့ယန် မြို့တော် သည် ချန်ကု အင်မော်တယ်မြို့တော် မှ မိသားစုကြီး ငါးခု လာရောက်ပါကပင် မထိန်းနိုင်လောက်သော နေရာတစ်ခု ဖြစ်လိမ့်မည်။

ယွဲ့အင်မော်တယ်စံအိမ် ၏ ရှေးဟောင်း အင်မော်တယ်ဂိုဏ်း မှ တာအိုသခင်ကြီးများ ပူးပေါင်း၍ လှုပ်ရှားလာမှသာ ဖြစ်လိမ့်မည်။

မူလက စုယွီ သည် တာ့ယန် အင်မော်တယ်မင်းဆက် ၏ ရတနာတိုက် အတွင်းသို့ ခိုးဝင်ကာ မိစ္ဆာမျိုးနွယ်စု ၏ သားရဲဥ ကို အတွင်း၌ ထားရှိရန် စီစဉ်ထားသည်။ သို့သော် တာ့ယန် မြို့တော် ၏ အတွင်းပိုင်း မြို့တော် သို့ ချဉ်းကပ်သွားချိန်တွင် သူ၏ အကြံအစည် ပြောင်းလဲသွား၏။

ထိုအစား သူသည် ဘုရင်အိုကြီး တစ်ပါး၏ နန်းတော် ရတနာတိုက် အတွင်းတွင် သားရဲဥ ကို တိတ်တဆိတ် ဖွက်ထားခဲ့သည်။

ဤ စီစဉ်မှုများ အားလုံးကို ပြုလုပ်ပြီးနောက် စုယွီ သည် တာ့ယန် မြို့တော် ၏ နေရာရွှေ့ပြောင်း အခင်းအကျင်း မှတစ်ဆင့် ထွက်ခွာသွားလေတော့သည်။

"ဒီ သားရဲဥ က လျှို့ဝှက် ရွှမ်ဟွမ် ရှေးဟောင်းနယ်မြေ တောင်မှ လိုချင်နေတာ... ဒီလို လက်ဆောင်ကြီးကို မင်းတို့ တာ့ယန်၊ လီမိသားစု လက်ထဲ အပ်လိုက်တာ မင်းတို့ တကယ်ကို ကံကောင်းတာပဲ"

စုယွီ သည် အင်မော်တယ်မြို့တော် အချို့ကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ သို့ ပြန်လည် ရောက်ရှိသွားသည်။

*

ဖူလင်း ပင်လယ်နယ်မြေ။

ဟွမ်လင်းကျွန်း။

မိစ္ဆာမျိုးနွယ်စု အုပ်စု တစ်စုသည် ဤနေရာကို ရှာဖွေခဲ့ကြရာ ဟွမ်လင်းကျွန်း တစ်ခုလုံးကို ပြောင်းပြန်လှန်ခဲ့သော်ငြား မည်သည့် သံသယဖြစ်ဖွယ် အရာမျှ မတွေ့ရှိခဲ့ဘဲ၊ နောက်ဆုံးတွင် တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော ကျွန်းကို ချန်ရစ်ကာ အခြားနေရာများသို့ ရှာဖွေရန် ထွက်ခွာသွားကြသည်။

ကျွန်းပေါ်ရှိ လူသားအားလုံးမှာ မိစ္ဆာမျိုးနွယ်စု ၏ လက်သည်းခြေသည်းများအောက်တွင် ကျဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။

ယခု အခိုက်အတန့်မှာပင် ရွှမ်ဟွမ် ရှေးဟောင်းနယ်မြေ အင်မော်တယ်ကျွန်း ပေါ်၌၊ ဗလ တောင့်တောင့် လူငယ်တစ်ယောက်သည် လူသား ပုံစံသို့ ပြောင်းလဲကာ ရွှမ်ဟွမ် ရှေးဟောင်းနယ်မြေ အင်မော်တယ်ဂိုဏ်း ၏ ဟောင်းနွမ်းနေသော ခန်းမဆောင်တစ်ခုတွင် ခြေချိတ်ထိုင်နေရင်း သူ၏ သွေးမျိုးဆက်ကို အကြိမ်ကြိမ် အာရုံခံနေလေ၏။

သူ၏ သွေးမျိုးဆက်ကို တုန်ခါသွားစေသော အရှိန်အဝါကို နောက်တစ်ကြိမ် ခံစားလိုက်ရသောအခါ လူငယ်သည် မျက်လုံး အစုံ ရုတ်တရက် ဖွင့်လိုက်၏။

မြေပြင်မှ ဖြည်းညင်းစွာ ထရပ်လိုက်ကာ သွေးမျိုးဆက် အရှိန်အဝါ ထွက်ပေါ်လာရာ မရေရာသော အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်သည်။

လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဟွမ်လင်းကျွန်း နယ်မြေကနေ ထွက်ခွာသွားပြီလား"

သွေးအိုင်ကြီး တစ်ခုကဲ့သို့ ပြင်းထန်ပြီး ဆိုးရွားလှသော အရှိန်အဝါကြီး တစ်ခုသည် စုဝေးသွား၏။ အပြင်ဘက်ရှိ ကောင်းကင်ယံမှာ ပြောင်းလဲသွားကာ လေရူးများ တိုက်ခတ်၍ မိုးကြိုးများ ဟိန်းဟောက်နေသည်။ မိစ္ဆာမျိုးနွယ်စု တစ်ကောင်ပြီး တစ်ကောင်သည် လေထုထဲရှိ ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသွားကြရာ မိစ္ဆာမျိုးနွယ်စုဝင် အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဒူးထောက်နေကြတော့သည်။

"လူသားမျိုးနွယ်... မင်းတို့ ..ငါ့ရဲ့ အထိမခံနိုင်တဲ့ နေရာကို ထိလိုက်မိပြီ" လူငယ်သည် တိုးညင်းစွာ ရေရွတ်လိုက်၏။

"ဝုန်း..."

လူငယ်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ပေါက်ကွဲသွားပြီး သူသည် ဟင်းလင်းပြင်ထဲသို့ လျှောကျသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။

‘လူသား ကျင့်ကြံသူတွေရဲ့ နယ်မြေ ဖြစ်နေရင် ဘာဖြစ်လဲ။

ငါတို့ မိစ္ဆာမျိုးနွယ်စု ကို စိန်ခေါ်ရဲတာ... ငါတို့ရဲ့ သွေးမျိုးဆက်ကို ခိုးယူရဲတာ... တကယ့်ကို သေလမ်း ရှာနေတာလေ’

ထိုအချိန်တွင် တာ့ယန် အင်မော်တယ်မင်းဆက်၌ တာ့ယန် အင်မော်တယ် အရှင်သခင် သည် အင်မော်တယ်မင်းဆက်၏ တာအိုသခင်ကြီး အချို့နှင့် ဆွေးနွေးတိုင်ပင်နေကြပြီး တာ့ယန် အင်မော်တယ်မင်းဆက်၏ စစ်တပ်မှာလည်း အပြည့်အဝ စုစည်းပြီး ဖြစ်နေသည်။

သို့သော် ရှေးဟောင်း အင်မော်တယ်ဂိုဏ်း ယွဲ့အင်မော်တယ်စံအိမ် ၏ အမွေအနှစ် ဖြစ်သော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရားရုပ်တု ကို ကိုင်ဆောင်ထားသော မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် ရင်ဆိုင်ရမည် ဆိုပါက တာ့ယန် တစ်ခုတည်းနှင့် ဖြေရှင်း၍ မရနိုင်ပါချေ။

All Chapters