အခန်း ၉၅၀
Vol. 64 Ch. 950
အခန်း (၉၅၀) - စုယွီ၏ လျှို့ဝှက်ကစားကွက်.. တာ့ယန်အင်ပါယာမြို့တော် ပျက်သုဉ်းခြင်း (အပိုင်း- ၂)
မိုးကြိုးနဂါး အင်မော်တယ် မင်းဆက်အား ရှေ့မှ စေစားကာ.. ၎င်းတို့၏ အင်အားကို အသုံးချနိုင်မှသာ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို အမှန်တကယ် ထိုးဖောက်နိုင်ပြီး အတွင်းရှိ အခွင့်အရေးများကို သိမ်းပိုက်နိုင်မည့် အခွင့်အရေး ရှိလိမ့်မည်။
တာ့ယန် အင်မော်တယ် အရှင်သခင် မျက်မှောင်ကြုတ်သွား၏။
“မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာက သူတို့ရဲ့ စစ်ကူတွေ ဘယ်တော့ရောက်လာမလဲဆိုတာ မသေချာသေးဘူးလား”
အချိန်ဆွဲနေသည်မှာ ကြာလှလေပြီ။ ဤအတိုင်း ဆက်သွားနေပါက သာမန် မြေကမ္ဘာအင်မော်တယ်စံအိမ်လေးတစ်ခုကို မည်သည့်အချိန်ကျမှ သိမ်းပိုက်နိုင်ပါမည်နည်း။
ပကတိ ဟင်းလင်းပြင် အဆင့် အစောပိုင်း တာအိုသခင်ကြီးတစ်ပါးက ရိုသေကျိုးနွံစွာ လျှောက်တင်လာသည်။
“အရှင်... မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာက တာအိုသခင်ကြီး ကျန်းယွမ်ကတော့ မကြာခင် ရောက်လာတော့မယ်လို့ သတင်းပို့ထားပါတယ်... နည်းနည်းလောက် ထပ်စောင့်ကြည့်ကြတာပေါ့”
ထိုအခါ တာ့ယန် အင်မော်တယ် အရှင်သခင်၏ မျက်ဝန်းထဲတွင် မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာကို သူ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အကြိမ်တိုင်းတွင် မိုးကြိုးနဂါးအင်ပါယာဘက်မှ ဤစကားကိုသာ ထပ်တလဲလဲ ပြန်ဖြေနေသဖြင့် အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်ရတော့သည်။
သို့ဖြစ်သော်ငြားလည်း ဤကိစ္စတွင် တာ့ယန် အင်မော်တယ် အရှင်သခင်မှာ တတ်နိုင်စွမ်း မရှိချေ။ အကြောင်းမူကား မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာနှင့် ယှဉ်လိုက်ပါက ၎င်းတို့၏ တာ့ယန် အင်မော်တယ်အင်ပါယာမှာ ဘာမျှ မဟုတ်သောကြောင့်ပင်။
ထိုအခိုက်အတန့်၌ တာ့ယန် အင်မော်တယ် အရှင်သခင်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။ သူ၏ နှလုံးသားထဲမှ မလုံခြုံသော ခံစားချက်တစ်ခု ထိုးတက်လာသည်။ ကပ်ဘေးကြီးတစ်ခု တာ့ယန်အင်ပါယာပေါ်သို့ ကျရောက်လာတော့မည့်အလား သူ့တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထလျက် ရှိတော့သည်။
သူ၏ မျက်နှာထား မည်းမှောင်သွားပြီး အလျင်စလို အမိန့်ပေးလိုက်သည်။
“ကောင်းကင်စောင့်ကြည့်ရေးဌာနက ကောင်းကင် ရှေ့ဖြစ်ဟော ပညာရှင်ကို အခုချက်ချင်း သွားခေါ်စမ်း”
အချိန်သိပ်မကြာလိုက်ချေ။ ကောင်းကင်စောင့်ကြည့်ရေးဌာနမှ သတင်းတစ်ခု ရောက်ရှိလာသည်။ ကောင်းကင် ရှေ့ဖြစ်ဟော ပညာရှင်သည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို အတင်းအဓမ္မ တွက်ချက်ဟောကိန်းထုတ်ရန် ကြိုးစားခဲ့သဖြင့် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရကာ သူ၏ မူလဝိညာဉ်မှာ လွင့်စဉ်ပျောက်ကွယ်ပြီး အသက်ဆုံးရှုံးသွားခဲ့လေပြီ။
မသေဆုံးမီလေးတွင် ကောင်းကင် ရှေ့ဖြစ်ဟော ပညာရှင် ချန်ရစ်ခဲ့သော စကားအနည်းငယ် ရှိနေခဲ့သည်။ ထိုစကားမှာ..
“အင်မော်တယ်ကျီးကန်းတွေ ရောက်လာပြီ... တာ့ယန် ပျက်သုဉ်းတော့မယ်” ဟူ၍။
ကောင်းကင်စောင့်ကြည့်ရေးဌာနမှ ပေးပို့လာသော ထိုစကားများကို မြင်လိုက်ရသည့်အခါ တာ့ယန် အင်မော်တယ် အရှင်သခင် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“အင်မော်တယ်ကျီးကန်းတွေ ရောက်လာပြီတဲ့လား... တာ့ယန် ပျက်သုဉ်းတော့မယ်တဲ့လား... ဒါက ဘာအဓိပ္ပာယ်လဲ... သူက သေခါနီးလေးတောင် ငါတို့ တာ့ယန်အင်ပါယာကို ချက်ချင်း ပျက်စီးပါစေလို့ ကျိန်ဆဲသွားတာလားကွ”
သို့သော်လည်း ဒေါသများ ငြိမ်သက်သွားပြီးနောက် တာ့ယန် အင်မော်တယ် အရှင်သခင်၏ နှလုံးသား ကျောရိုးထဲအထိ စိမ့်ခနဲ ဖြစ်သွားသည်။ ကြက်သီးများ တဖြန်းဖြန်း ထလာ၏။ သူ၏ ရင်ထဲမှ မလုံခြုံသော ခံစားချက်မှာ ပျောက်ကွယ်မသွားသည့်အပြင် ပို၍ပင် ပြင်းထန်လာခဲ့လေပြီ။
တာ့ယန် အင်မော်တယ်အင်ပါယာကို တကယ်ပဲ ကပ်ဘေးတစ်ခုခု ဆိုက်ရောက်လာတော့မှာလား။ သို့ပေသိ ဤကပ်ဘေးက မည်သည့်နေရာမှ စတင်လာမည်နည်း။
တာ့ယန် အင်မော်တယ် အရှင်သခင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏။ တာ့ယန်အင်ပါယာတွင် မည်သည့်အရာများ မှားယွင်းနေသနည်း.. ဤကဲ့သို့သော ကြိုတင်နိမိတ်မျိုးက မည်သို့ ရုတ်တရက် ပေါ်ထွက်လာရသနည်း ဆိုသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေသည်။
ဤကိစ္စအတွက်နှင့်ပင် တာ့ယန်အင်ပါယာ၏ အတော်ဆုံး ကောင်းကင် ရှေ့ဖြစ်ဟော ပညာရှင်မှာ တန်ပြန်သက်ရောက်မှုဒဏ်ကို ခံရကာ အသက်ပေးလိုက်ရလေပြီ။ ကောင်းကင် ရှေ့ဖြစ်ဟော ပညာရှင်မှာ ဝိညာဉ်ခွဲထွက် အဆင့် အထွတ်အထိပ်အဆင့်၌ ရှိနေသည်ကို သိထားရမည်။ မည်သို့သော ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကများ တန်ပြန်သက်ရောက်ကာ သူ့ကို သေဆုံးစေနိုင်သနည်း။
မိမိကိုယ်ကို စိတ်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် တာ့ယန် အင်မော်တယ် အရှင်သခင်သည် သူ၏ လက်အောက်ခံများကို စုရုံးကာ အင်ပါယာအတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အသေးစိတ် စုံစမ်းထောက်လှမ်းရန် အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် မြို့တော်အတွင်းရှိ ဝိညာဉ်ခွဲထွက် အဆင့် ကျင့်ကြံသူများ အားလုံးကို အရေးပေါ် ခေါ်ယူလိုက်၏။ တံခါးပိတ်ကျင့်ကြံနေကြသော ဘိုးဘေးကြီးများနှင့် တာအိုသခင်ကြီး အားလုံးကိုပါ နှိုးလိုက်တော့သည်။
ကျရောက်လာနိုင်သည့် မည်သည့် ကပ်ဘေးကြီးကိုမဆို ရင်ဆိုင်ရန် ၎င်းတို့ ပြင်ဆင်ထားကြလေပြီ။
လပေါင်းများစွာ ကြာပြီးနောက်။
“ဂျုန်း...”
တာ့ယန်မြို့တော်အပြင်ဘက် မိုင်တစ်ထောင်အကွာ ကောင်းကင်ယံထက်တွင် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုအက်ကွဲကြောင်းထဲမှ အရိပ်အချို့ ဆင်းသက်လာ၏။ မိုးလုံးပြည့် မိစ္ဆာချီများ ၎င်းတို့နှင့်အတူ ပါလာသည်။ သွေးရောင်လွှမ်းနေသော မျက်ဝန်းများက တိမ်တိုက်များကြားရှိ မြို့တော်ကြီးဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေကြ၏။
ဆင်းသက်လာသော အရိပ်များကို မြင်လိုက်ရသည့်အခါ တာ့ယန် အင်မော်တယ် အရှင်သခင်သည် ကောင်းကင် ရှေ့ဖြစ်ဟော ပညာရှင်၏ သေခါနီးစကားများက မည်သည်ကို ဆိုလိုကြောင်း အဆုံးသတ်တွင် နားလည်သွားလေပြီ။ အဖြေက ဤမျှပင် ရှင်းလင်းနေခဲ့သည်ကိုး။
အင်မော်တယ်ကျီးကန်းများ ရောက်လာပြီဆိုသည်မှာ အင်မော်တယ်ကျီးကန်း မျိုးနွယ် ဆင်းသက်လာခြင်းပင်။ သို့ဆိုလျှင် တာ့ယန် ပျက်သုဉ်းတော့မည် ဆိုသည့်စကားက တာ့ယန်အင်ပါယာကြီး ပျက်စီးခြင်းသို့ ရောက်ရတော့မည်ဟု ဆိုလိုခြင်းလော။
‘တောက်.. ကျက်သရေမရှိလိုက်တာ’
တာ့ယန် အင်မော်တယ် အရှင်သခင်၏ ရင်ထဲတွင် ထိတ်လန့်မှုနှင့် ဒေါသတို့ ရောထွေးနေသည်။ မိစ္ဆာမျိုးနွယ်များကြားတွင် ထိပ်တန်းအာဏာရှင်တစ်ခု ဖြစ်သော အင်မော်တယ်ကျီးကန်း မျိုးနွယ်၏ ကြောက်မက်ဖွယ် ဂုဏ်သတင်းကို သူ ကောင်းကောင်း သိထား၏။ ရှေးဟောင်း ချန်ကု အင်မော်တယ်မြို့တော်ပင်လျှင် အင်မော်တယ်ကျီးကန်း မျိုးနွယ်ကို ရန်စဝံ့မည် မဟုတ်ချေ။
သို့သော် ပြဿနာက တာ့ယန်အင်ပါယာသည် အင်မော်တယ်ကျီးကန်း မျိုးနွယ်နှင့် မည်သည့်အခါကမျှ ပတ်သက်ခဲ့ဖူးခြင်း မရှိချေ။ ဖူလင်းပင်လယ်ပြင်ရှိ ပင်လယ်နယ်မြေ ခွန်းလင် ဝိညာဉ်သိုက်မှ ကံကြမ္မာအကျိုးအမြတ်များပင်လျှင် အင်မော်တယ်ကျီးကန်း မျိုးနွယ်ကို မထိပါးခဲ့ဖူးပေ။
ယခု အဘယ်ကြောင့်များ အင်မော်တယ်ကျီးကန်း မျိုးနွယ်က တာ့ယန်အင်ပါယာပေါ်သို့ ရုတ်တရက် ဆင်းသက်လာရသနည်း။ ကမ္ဘာလောကကြီးကို သွေးပင်လယ်အဖြစ် ပြောင်းလဲပစ်တော့မည့်အလား ပြင်ပမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို ခံစားလိုက်ရပြီးနောက် တာ့ယန် အင်မော်တယ် အရှင်သခင် အော်ဟစ်လိုက်တော့သည်။
“နေပါဦး... အင်မော်တယ်ကျီးကန်း မျိုးနွယ်က မိတ်ဆွေတို့... ကျွန်တော်တို့ တာ့ယန်အင်ပါယာက အင်မော်တယ်ကျီးကန်း မျိုးနွယ်ကို တစ်ခါမှ ရန်မစခဲ့ဖူးပါဘူး... ကျွန်တော်တို့ အေးအေးဆေးဆေး ထိုင်ပြီး ဆွေးနွေးကြရင်ရော မရဘူးလား”
“ဝုန်း...”
အတောင်ပံဖြန့်ကားမှု အလျား ကျန်း (၂၀၀) နီးပါးခန့်ရှိပြီး ခမ်းနားထည်ဝါသော အနက်ရောင်နှင့် ရွှေရောင် မီးတောက်များ လွှမ်းခြုံထားသည့် ဧရာမငှက်ကြီးတစ်ကောင် ဆင်းသက်လာသည်။ ၎င်း၏ ခြေသည်းများက တစ်ခုလုံးသော တာ့ယန်မြို့တော်ကြီးကို ပြင်းထန်စွာ တုန်ခါသွားစေ၏။
အောက်ဘက်ရှိ မြေပြင် ကြေမွသွားသည်။ မြို့တော်ကြီးနှင့်အတူ တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားတော့သည်။
အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အင်မော်တယ်ကျီးကန်း သခင်လေး၏ အေးစက်စက် အသံက ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွား၏။
“လူသားမျိုးနွယ် အမှိုက်ကောင်တွေ... ငါတို့ အင်မော်တယ်ကျီးကန်း မျိုးနွယ်နဲ့ စကားပြောဖို့ မင်းတို့က မတန်ဘူးကွ... သတ်... မြို့ကို ဖျက်ဆီးပစ်စမ်း”
ရှန်းဝူ မျိုးနွယ်မှ မိစ္ဆာဘုရင် ပေးအပ်ထားသော အသက်ကယ်ဝှက်ဖဲကို အသုံးပြုပြီးနောက် မိစ္ဆာနှိမ်နင်းသခင်လေးသည် နာရီပေါင်းများစွာ အချိန်ယူကာ နောက်ဆုံးတွင် တာ့ယန်မြို့တော်၏ ကာကွယ်ရေး အခင်းအကျင်း အတားအဆီးကြီးကို ဖောက်ဖျက်နိုင်ခဲ့လေပြီ။ မိစ္ဆာမျိုးနွယ်မှ သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ မြို့တွင်းသို့ သွေးထွက်သံယို ဝင်ရောက် သတ်ဖြတ်ကြတော့သည်။
ထို့အပြင် စံအိမ်တစ်ခု၏ ရတနာတိုက်အတွင်း၌ ဖမ်းဆီးခေါ်ဆောင်သွားခံရသော သူ၏ သားလေးကိုပါ ရှာတွေ့ခဲ့သည်။
နောက်ဆုံးတွင် ရှာတွေ့သွားသဖြင့် မိစ္ဆာနှိမ်နင်းရေးသခင်လေး၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သားဖြစ်သူကို သူ၏ မှော်လက်နက် အတွင်း ထည့်သွင်းပြီးနောက် သူ၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်များ အလုံးစုံ ပေါက်ကွဲထွက်လာကာ ဟိန်းဟောက်လိုက်တော့သည်။
“သတ်ကြ... ရှန်းဝူ မျိုးနွယ်ကို ရန်စတဲ့အတွက် ဘာပေးဆပ်ရမလဲဆိုတာ လူသားမျိုးနွယ်တွေကို သိအောင် ပြပေးလိုက်စမ်း”
“ဝုန်း...”
တာ့ယန်မြို့တော်ကြီး ကျဆုံးသွားလေပြီ။ မရေမတွက်နိုင်သော ဝိညာဉ်ခွဲထွက် အဆင့် ပညာရှင်များ.. မူလဝိညာဥ် အဆင့် အရှင်သခင်များနှင့် ကျင့်ကြံသူများစွာ အသက်ဆုံးရှုံးသွားကြ၏။
တာ့ယန် အင်မော်တယ် အရှင်သခင်နှင့် အခြားသော တာအိုသခင်ကြီးများကမူ မိစ္ဆာနှိမ်နင်းရေးသခင်လေး၏ တားဆီးမရနိုင်သော ရိုင်းစိုင်းကြမ်းကြုတ်မှုနှင့် အစွမ်းသတ္တိတို့ကို မြင်တွေ့လိုက်ရပြီးနောက် မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာသို့ ကမန်းကတန်း ထွက်ပြေးလွတ်မြောက်သွားကြလေပြီ။
မြေကမ္ဘာအင်မော်တယ်စံအိမ်။
တာ့ယန်အင်ပါယာကို ရိုက်ခတ်သွားသည့် ကပ်ဘေးကြီးအကြောင်း.. မိစ္ဆာမျိုးနွယ်၏ ထိပ်တန်း အာဏာရှင်များ ဖြစ်ကြသော ရှန်းဝူ မျိုးနွယ် အကြောင်းမဲ့ ဆင်းသက်လာကာ တာ့ယန်မြို့တော်ကြီးကို ဖျက်ဆီးပစ်လိုက်သည့် အကြောင်းများ စုယွီ၏ နားထဲသို့ ရောက်လာချိန်တွင် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အံ့အားသင့်သွားသည့်ဟန် ပေါ်လာ၏။
သူ၏ အရှေ့ဘက်ရှိ စံအိမ်သခင် ဖန်ရှောင်ကမူ ဤအသေးစိတ်အချက်အလက်များကို သတိမပြုမိဘဲ မျက်မှောင်ကြုတ်ကာ မျက်ဝန်းနက်ရှိုင်းရာတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေသည်။ ဖန်ရှောင် လျှောက်တင်လာ၏။
“ဦးလေးငယ်... ရှန်းဝူ မျိုးနွယ်က တာ့ယန်အင်ပါယာကို ဘာလို့ ရုတ်တရက် ဝင်တိုက်ရတာလဲ”
“သူတို့ရဲ့ အင်အားက တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာကောင်းနေတာလား... တာ့ယန်မြို့တော်ကြီးတောင် သူတို့ကို မတားဆီးနိုင်ဘူး... တစ်ရက်တောင် မတောင့်ခံနိုင်ဘဲ ရှန်းဝူ မျိုးနွယ်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတယ်... ဒါက အရမ်း ကြောက်စရာကောင်းလွန်းတယ်”
“သူတို့က ဒီလို ရူးရူးမူးမူး ဆက်လုပ်နေမယ်ဆိုရင်... ဆိုရင်... ကျွန်မတို့ရဲ့ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာကိုပါ ဝင်တိုက်ကြမလား”
ဖန်ရှောင်၏ အသံမှာ အနည်းငယ် တုန်ယင်နေ၏။
သူမ မစိုးရိမ် မကြောက်ရွံ့ဘဲ နေရန်မှာ မဖြစ်နိုင်ချေ။ ထိုအရာက တာ့ယန် အင်မော်တယ်အင်ပါယာကြီး မဟုတ်ပါလော။ ၎င်း၏ အင်အားနှင့် အမွေအနှစ်များမှာ ၎င်းတို့၏ မြေကမ္ဘာအင်မော်တယ်စံအိမ်ထက် များစွာ သာလွန်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ ယခု ၎င်းတို့လက်ထဲတွင် ဦးလေးငယ်၏ ရုပ်တုသာ မရှိထားပါက မည်သို့ ဖြစ်မည်နည်း။
၎င်းတို့၏ မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ တာ့ယန်အင်ပါယာကို ယှဉ်နိုင်စွမ်း လုံးဝ ရှိမည် မဟုတ်ချေ။ သို့တိုင်အောင် ရှန်းဝူ မျိုးနွယ်နှင့် ရင်ဆိုင်ရချိန်တွင် တာ့ယန်အင်ပါယာမှာ တစ်ရက်ပင် မတောင့်ခံနိုင်ဘဲ မြို့တော်ကြီး ဖောက်ထွင်းခံလိုက်ရသည်။
ပုရွက်ဆိတ်များပမာ ရှန်းဝူ မျိုးနွယ်၏ သတ်ဖြတ်ခံလိုက်ရသည်။ တာ့ယန်အင်ပါယာ၏ အဖြစ်ဆိုးအတွက် သူမ ကိုယ်ချင်းမစာနာပါသော်လည်း ရှန်းဝူ မျိုးနွယ်က တာ့ယန်အင်ပါယာတစ်ခုတည်းကိုသာ မဟုတ်ဘဲ ဤရူးသွပ်ဖွယ်ရာ တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်လာမည်ကို စိုးရိမ်နေမိပါသည်။
အကယ်၍ ထိုသို့သာဆိုလျှင် ၎င်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က မည်သို့ ပြုလုပ်ရမည်နည်း။
စုယွီသည်လည်း ရှန်းဝူ မျိုးနွယ်၏ အင်အားကို အလားတူ အံ့အားသင့်နေသော်ငြား ဖန်ရှောင်ကဲ့သို့ စိုးရိမ်ပူပန်မှုမျိုးကား မရှိပါ။
အကြောင်းမူကား တာ့ယန်အင်ပါယာသည် အဘယ်ကြောင့် ရှန်းဝူ မျိုးနွယ်၏ တိုက်ခိုက်မှုကို ခံရသနည်း ဆိုသည့် အဓိကအကြောင်းအရင်းကို သူ အကောင်းဆုံး နားလည်ထားသောကြောင့်ပင်။
တာ့ယန်အင်ပါယာကို တိုက်ခိုက်ခြင်းဖြင့် ရှန်းဝူ မျိုးနွယ်သည် ၎င်းတို့၏ စွမ်းအားကို ပြသပြီး ဖြစ်သည်။ အကယ်၍ လူသားမျိုးနွယ် နယ်မြေအတွင်း ၎င်းတို့ ဆက်လက် သောင်းကျန်းဝံ့ပါက လူသားမျိုးနွယ်၏ အင်အားကြီး ပုဂ္ဂိုလ်များ အားလုံး သေဆုံးနေပြီဟု ထင်မှတ်ရလိမ့်မည်။
ထို့ကြောင့် ရှန်းဝူ မျိုးနွယ်သည် ချန်ကျိုးနယ်မြေအတွင်း ဆက်လက် ဖျက်ဆီးရန် ရဲတင်းလိမ့်မည်ဟု စုယွီ မယုံကြည်ပေ။ ထိုရှန်းဝူ မျိုးနွယ် သားရဲဥကို ၎င်းတို့ ပြန်လည် သိမ်းဆည်းသွားလောက်ပြီ ဖြစ်သည်။
၎င်းတို့အတွက် ချန်ကျိုးနယ်မြေအတွင်း ဆက်လက် အချိန်ဆွဲနေရန် မလိုအပ်တော့ဘဲ မလိုအပ်သည့် အန္တရာယ်များကိုသာ တိုးလာစေလိမ့်မည်။
“ရှန်းဝူ မျိုးနွယ်... တကယ်ကို အင်အားကြီးမားတာပဲ”
စုယွီ သူ့ဘာသာ ရေရွတ်လိုက်၏။ သူ၏ မျက်ဝန်းထဲတွင် သတိထားမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းစွမ်းအားက ပေါင်းစည်းခြင်းဘုံ တာအိုဧကရာဇ်အဆင့်သို့ မရောက်ရှိမီ.. တာအိုပေါင်းစည်း တာအိုဧကရာဇ် အဆင့်ကိုပင် မကျော်လွန်မီ ဤမျှ အင်အားကြီးမားသော မိစ္ဆာမျိုးနွယ်နှင့် ရင်ဆိုင်ရန်မှာ လုံးဝ မိုက်မဲရာကျသည်။
နှစ်ပေါင်း ခြောက်ထောင်ကျော် ရှည်လျားသော သူ၏ သက်တမ်းကို ကြည့်လိုက်ပြီး စုယွီ တီးတိုးရေရွတ်လိုက်သည်။
“လောလောဆယ်တော့ ရှန်းဝူ မျိုးနွယ်ကို ရန်စဖို့ ငါ မတတ်နိုင်သေးဘူး”
သို့သော် နှစ်ပေါင်း သုံးထောင်.. သို့မဟုတ် ခြောက်ထောင်အကြာတွင်ရော ဘယ်လိုနေမည်နည်း။
အတွေးများကို ဖိနှိပ်လိုက်ပြီးနောက် တာ့ယန်အင်ပါယာကို စုယွီ တွေးမိသွားကာ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာ၏။
တာ့ယန်အင်ပါယာ၏ မြို့တော်ကြီး ဖျက်ဆီးခံလိုက်ရလေပြီ။ တာ့ယန်အင်ပါယာ၏ ပကတိ ဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး၏ အခြေအနေ.. ၊ ၎င်းတို့၏ ဆုံးရှုံးမှုပမာဏကို သူ မသိသော်ငြား မကြာမီ အနာဂတ်ကာလအတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ်ကို တပ်မက်ရန် ၎င်းတို့တွင် အင်အား မရှိနိုင်တော့သည်မှာ သေချာသည်။
ဤတစ်ကြိမ် ရှန်းဝူ မျိုးနွယ်၏ လက်ကို အသုံးချလိုက်ခြင်းဖြင့် မြေကမ္ဘာအင်မော်တယ်စံအိမ်အတွက် ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့လေပြီ။ ကျန်ရှိနေသည်မှာ မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာသာ ဖြစ်တော့သည်။
ဖန်ရှောင်ကို စုယွီ နှစ်သိမ့်လိုက်ပြီး တာ့ယန်အင်ပါယာ၏ အခြေအနေကို ဂရုတစိုက် စုံစမ်းထောက်လှမ်းရန် လူလွှတ်ရန်နှင့် မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ရန် မှာကြားလိုက်သည်။
ဖန်ရှောင် ထွက်ခွာသွားသည်ကို ကြည့်ရင်း စုယွီ အချိန်အတော်ကြာ အတွေးနက်သွား၏။
'အခု မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာရဲ့ တုံ့ပြန်မှုကို ငါတို့ စောင့်ရတော့မယ်...'
မြေကမ္ဘာ နန်းတော်၏ လျှို့ဝှက်နယ်မြေအတွင်းသို့ ဟွမ်ကျူးကို သူ ဆင့်ခေါ်လိုက်သည်။ ရွှမ်ထျန်းအင်မော်တယ်ကျွန်းရှိ အရောင်းအဝယ်မှ သူ ရရှိခဲ့သော အဆင့် (၅) ထိပ်တန်း လုံမင်မျိုးနွယ်၏ သွေးအဆီအနှစ် ပုလင်းတစ်ပုလင်းကို ထုတ်ယူကာ စီနီယာ ဒေါ်လေးကို ကမ်းပေးလိုက်တော့သည်။