အခန်း ၉၅၁
Vol. 64 Ch. 951
အခန်း (၉၅၁) - ခွန်းလင် ဝိညာဉ်အသိုက်၏ အခွင့်အရေး
ဟွမ်ကျူး၏ မူလကိုယ်ထည်မှာ မိစ္ဆာစပါးအုံးမြွေတစ်ကောင် ဖြစ်၏။ သူမ၏ သွေးမျိုးဆက်က အားမနည်းလှဘဲ နဂါးပျံတစ်ကောင်အဖြစ် အသွင်ပြောင်းလုနီးပါး ရှိနေသော်ငြား မိစ္ဆာမျိုးနွယ်များကြားရှိ သွေးမျိုးဆက်အဆင့်အတန်း ခွဲခြားမှုက ပြတ်သားတိကျလွန်းလှသည်။ အနည်းငယ်မျှသော ကွာဟချက်ကလေးကပင် ကျော်ဖြတ်ရန် မဖြစ်နိုင်သော ချောက်ကမ်းပါးကြီးလို ရှိ၏။
ဟွမ်ကျူး၏ ဆရာနှင့် စုယွီတို့က သူမအတွက် ကောင်းကင်နှင့် မြေကြီးရတနာပေါင်းများစွာကို အပင်ပန်းခံ ရှာဖွေပေးခဲ့သောကြောင့်သာ သူမ၏ သွေးမျိုးဆက်ကို အသွင်ပြောင်းလဲ မြှင့်တင်နိုင်ခဲ့ခြင်းပင်။
ထိုသို့မှမဟုတ်လျှင် ဟွမ်ကျူးအနေဖြင့် အဆင့် (၅) မိစ္ဆာအရှင်သခင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အလားအလာပင် ရှိလာမည်မဟုတ်ချေ။
စုယွီ ကိုင်ဆောင်ထားသော ကျောက်စိမ်းပုလင်းငယ်အတွင်းမှ သန့်စင်ပြီး အရည်အသွေးမြင့်မားလှသည့် အဆင့် (၅) လုံမင်မျိုးနွယ်၏ သွေးအဆီအနှစ် အငွေ့အသက်ကို အာရုံခံမိလိုက်သည်နှင့် ဟွမ်ကျူး၏ မျက်နှာမှာ ချက်ချင်း သွေးဆုတ်ဖြူရော်သွားတော့သည်။ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်အထိ သူမ၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။
ဟွမ်ကျူး၏ အသံများက တုန်ယင်နေသည်။
“ဒါ... ဒါက...”
ထိုအငွေ့အသက်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် သဘာဝတရား၏ သားကောင်ရှာမုဆိုးကြီးတစ်ကောင်နှင့် ထိပ်တိုက်တိုးလိုက်ရသလို ဟွမ်ကျူး ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့၏။
ဤခံစားချက်က သေမင်းထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေကာ ဝိညာဉ်ထဲအထိ နက်ရှိုင်းစွာ အမြစ်တွယ်နေသော သဘာဝဗီဇတစ်ခုအလားပင်။
စုယွီသည် ကျောက်စိမ်းပုလင်းအတွင်းရှိ လုံမင်မျိုးနွယ်၏ သန့်စင်သော သွေးအငွေ့အသက်များကို ဖုံးကွယ်ထားရန် လုံးဝ မကြိုးစားခဲ့ပေ။ ဟွမ်ကျူးတစ်ယောက် ပြိုလဲကျတော့မည့်အလား ဖြစ်နေသော်ငြား ၎င်းက သူမ၏ နတ်ဝိညာဉ်နှင့် သွေးမျိုးဆက်သဘာဝဗီဇမှ မြစ်ဖျားခံလာသော ကြောက်ရွံ့မှု ဖြစ်၏။
အကယ်၍ ဟွမ်ကျူးအနေဖြင့် မိမိ၏ သွေးမျိုးဆက်ကို အသွင်ပြောင်းလဲချင်သည်ဆိုလျှင် ဤသဘာဝဗီဇကို ကျော်လွှားနိုင်မှသာ ရလိမ့်မည်။
စုယွီက ရှင်းပြလိုက်သည်။
“ဒါက အရည်အသွေးမြင့် အဆင့် (၅) လုံမင်မျိုးနွယ်ဝင်တစ်ဦးရဲ့ သန့်စင်တဲ့ သွေးအဆီအနှစ်ပါ... မကြာသေးခင်က ပင်လယ်နယ်မြေ လေလံပွဲကို သွားတုန်းက ကျွန်တော် ရခဲ့တာ... ကောလဟာလတွေအရဆိုရင် ဒါက မြွေမိစ္ဆာတွေနဲ့ နဂါးပျံတွေရဲ့ သွေးမျိုးဆက်အပေါ် အထူးကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိပြီး သွေးမျိုးဆက်ကို အသွင်ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်တဲ့”
“စီနီယာ ဒေါ်လေး အတွက် အသုံးဝင်နိုင်လောက်မယ်ထင်လို့ ဒါကို ကျွန်တော် ယူလာခဲ့တာပါ”
ဤအရာက လုံမင်မျိုးနွယ်၏ သွေးအဆီအနှစ်ဖြစ်မည်ဟု ခန့်မှန်းထားပြီးဖြစ်သော်လည်း စုယွီ၏ အတည်ပြုစကားကို ကြားလိုက်ရသောအခါ ဟွမ်ကျူး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ချက်ချင်း ပေါ်လွင်လာ၏။
လုံမင်မျိုးနွယ်.. ထိုအမည်နာမက သူမ ကြားသာ ကြားဖူးပြီး တစ်ခါမှ မမြင်ဖူးခဲ့သော ကြောက်မက်ဖွယ် မိစ္ဆာမျိုးနွယ်ကြီး တစ်ခုပင်။
လုံမင်မျိုးနွယ်၏ အင်အားသည် ချန်ကုအင်မော်တယ်မြို့တော်ရှိ မိသားစုကြီး (၅) ခုထက် မလျော့ကျကြောင်း သူမ ကြားဖူးထားသည်။
ထို့အပြင် လုံမင်မျိုးနွယ်သည် မြွေများနှင့် နဂါးပျံများ၏ သဘာဝရန်သူ.. အတိအကျဆိုရလျှင် မွေးရာပါ ကမ္ဘာ့ရန်သူတော်ကြီးများပင်။
သို့ဖြစ်ရာ သူမ၏ သွေးမျိုးဆက်အသွင်ပြောင်းလဲခြင်းအတွက် လုံမင်မျိုးနွယ်၏ သွေးအဆီအနှစ်ကို ရရှိလိမ့်မည်ဟု ဟွမ်ကျူး ဘယ်သောအခါကမျှ အိပ်မက်ပင် မမက်ဝံ့ခဲ့ချေ။
စုယွီသည် ကျောက်စိမ်းပုလင်းအား ဟွမ်ကျူးထံ ကမ်းပေးလိုက်သည်။ ထို့နောက် ချီသန့်စင်အိုးအတွင်း စုစည်းထားသော ဝိညာဉ်အရည်များ၊ ပြီးပြည့်စုံသော အရည်အသွေးရှိ ကျင့်ကြံခြင်း ဆေးလုံးများနှင့် အခြားသော အရင်းအမြစ်များကိုပါ ပေးအပ်လိုက်ပြီး..
“စီနီယာ ဒေါ်လေး... ဒီနေရာမှာပဲ တံခါးပိတ်ကျင့်ကြံလိုက်ပါ”
ဟွမ်ကျူးအား မြေကမ္ဘာ နန်းတော် လျှို့ဝှက်နယ်မြေအတွင်း ကျင့်ကြံခွင့်ပြုထားစဉ် စုယွီ၏ တာအို ရုပ်သေးသည် ထိုက်ရွှီနှင့် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးတို့ထံ အကဲခတ်ကြည့်လိုက်၏။
ထိုက်ရွှီမှာ ထိုဖိုသီဖတ်သီနှင့် ဝတုတ်တုတ် ရုပ်သွင်ကို ထိန်းသိမ်းထားဆဲပင်။ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ နောက်ဆုံး တန်ပြန်တိုက်ခိုက်မှုအပြီးတွင် သူသည် အသိုက်သို့ ပြန်လာကာ အနားယူကျင့်ကြံနေခဲ့သည်။
ယွဲ့ အင်မော်တယ်မြို့တော်တွင် စုယွီ လဲလှယ်ရယူခဲ့သော ရှေးဟောင်းဖီးနစ်သားရဲ၏ ဝိညာဉ်မီးတောက် အမြုတေအား ထိုက်ရွှီက အပြည့်အဝ သန့်စင်ပြီး ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ ၎င်း၏ သွေးမျိုးဆက်မှာလည်း နောက်ထပ် အသွင်ပြောင်း မြင့်တက်သွားခဲ့လေပြီ။
ယခုအခါ သူ၏ ကျင့်ကြံခြင်းက အဆင့် (၄) အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
အဆင့် (၅) မိစ္ဆာအရှင်သခင်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် သူ၏ အခြေခံအုတ်မြစ်ကို စုဆောင်းတည်ဆောက်နေလေသည်။
ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးမှာလည်း အလားတူပင်။ သူ၏ ဝိညာဉ်ရေကန် အောက်ခြေတွင် ငြိမ်သက်စွာ လဲလျောင်းနေပြီး သူ၏ မူလဇာစ်မြစ်ကို မြှင့်တင်ရန် စုယွီ ပေးအပ်ထားသော အဆင့်နိမ့် အဆင့် (၅) ဝိညာဉ်အရည်များကို ရံဖန်ရံခါ သောက်သုံးနေသည်။
ထိုက်ရွှီနှင့် ယှဉ်လိုက်ပါက ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးသည် စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် အင်အားကြီးမားသော သွေးမျိုးဆက်ရှိသည့် ရှေးဟောင်းဝိညာဉ်သားရဲ တစ်ကောင်ဖြစ်၏။
ယခုအချိန်တွင် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး၏ ကျင့်ကြံမှုမှာ ထိုက်ရွှီနှင့် တန်းတူ ဖြစ်နေသော်ငြား..
သူ့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်များက ထိုက်ရွှီထက် တစ်ဆင့် ပိုမို အားကောင်းနေသည်သာ။
လိပ်ကောင်ကြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေလျှင်တောင် ထိုက်ရွှီအနေဖြင့် သူ့ကို လှုပ်ခါနိုင်စွမ်း ရှိမည်မဟုတ်ချေ။ ၎င်းတို့နှစ်ဦးကြားရှိ ခွန်အားကွာဟချက်က ထိုမျှအထိ ကြီးမားနေ၏။
ယခုအခါ ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီး၏ အငွေ့အသက်ကို ဖုံးကွယ်ထားရန် စုယွီ အခင်းအကျင်းတစ်ခု မစီရင်တော့ပေ။ ပင်လယ်နယ်မြေမှ ရွှမ်လိပ် ပင်လယ်မျိုးနွယ်များက လိပ်ကောင်ကြီးကို ထပ်မံ ပစ်မှတ်ထားလာမည်ဆိုလျှင်တောင် သူတို့ ပြန်မလှည့်နိုင်အောင် လုပ်ပစ်ရန် စုယွီ၌ နည်းလမ်း ရှိနေပြီဖြစ်သည်။
ပို၍ပင် ဆိုးရွားစွာဆိုရလျှင် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးကို အသုံးချကာ ရွှမ်လိပ် ပင်လယ်မျိုးနွယ် တစ်ခုလုံးကို ဖြိုချပစ်ရန်ပင် စမ်းသပ်ကြည့်နိုင်သေးသည်။
‘ပင်လယ်နယ်မြေက ရွှမ်လိပ် ပင်လယ်မျိုးနွယ်...’
စုယွီ၏ တာအိုရုပ်သေး သည် မြေကမ္ဘာ နန်းတော် လျှို့ဝှက်နယ်မြေမှ ထွက်ခွာလာရင်း ပင်လယ်နယ်မြေအတွင်းရှိ အခြေအနေများကို စဉ်းစားသုံးသပ်နေမိသည်။
‘ရွှမ်လိပ် ပင်လယ်မျိုးနွယ်တွေ ခွန်းလင် ဝိညာဉ်အသိုက်ကနေ အခွင့်အရေး တစ်ခုခုများ ရလိုက်သလား မသိဘူး... ဒါမှမဟုတ် ခွန်းလင် ဝိညာဉ်အသိုက် ပေါ်ထွက်လာတာနဲ့ အဲဒီနောက် ဆက်ဖြစ်လာတဲ့ ပရမ်းပတာ အခြေအနေတွေကြောင့် သူတို့များ အကြီးအကျယ် ထိခိုက်နစ်နာသွားကြသလား...’
ဝိညာဉ်ခွဲထွက် အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် တံခါးပိတ်မကျင့်ကြံမီက ရွှမ်လိပ် ပင်လယ်မျိုးနွယ်မှ အဆင့် (၅) မိစ္ဆာအရှင်သခင် အများအပြားကို သူ အမဲလိုက် သတ်ဖြတ်ခဲ့ပြီး ရွှမ်လိပ် ပင်လယ်မျိုးနွယ်၏ ရတနာတိုက်ကိုပင် ပြောင်သလင်းခါအောင် ရှင်းလင်းခဲ့သည်။
အကယ်၍ ရွှမ်လိပ် ပင်လယ်မျိုးနွယ်သာ ခွန်းလင် ဝိညာဉ်အသိုက်မှ မည်သည့် အခွင့်အရေးကိုမျှ မရရှိခဲ့ပါက သူတို့၏ မူလစွမ်းအားများ ပြန်လည် နာလန်ထူလာစေရန် နှစ်ပေါင်း (၁၀၀) နှင့်ချီ အချိန်ယူရလိမ့်မည်။
ထိုအချိန်ကာလသည် ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးကို ပြုစုပျိုးထောင်ရန်နှင့် နောက်ဆုံးတွင် ရွှမ်လိပ် ပင်လယ်ပင်လယ်မျိုးနွယ် တစ်ခုလုံးကို ၎င်းအား အုပ်ချုပ်ခွင့်ပေးရန် သူ၏ အခွင့်အရေးပင်။
စုယွီ၏ မူလခန္ဓာကမူ မြေကမ္ဘာ နန်းတော် လျှို့ဝှက်နယ်မြေအတွင်း၌ ရှိနေဆဲဖြစ်ကာ အချိန်ကာလတာအို၏ စွမ်းအားများဖြင့် အဆောင်လက်ဖွဲ့များ ရေးဆွဲနေသည်။
စုယွီ၏ တာအိုရုပ်သေးသည် မြေကမ္ဘာအင်မော်တယ်စံအိမ် ဂိတ်တံခါးမှ တိတ်တဆိတ် ထွက်ခွာလာပြီး ပိုင်ဟွာဂိုဏ်း၏ ဂူကောင်းကင် လျှို့ဝှက်နယ်မြေသို့ ပြန်လည် ရောက်ရှိလာ၏။
သူ ပြန်ရောက်ရောက်ချင်းပင် စုဇီက ကောင်းနျန်အာ၊ လင်းချင်းရှား၊ လင်းပင်းတို့နှင့်အတူ သူ့ကို လာရောက် ကြိုဆိုကြသည်။
ယခုအချိန်တွင် စုဇီမှာ အသက် (၆၀၀) ကျော်နေပြီ ဖြစ်ပြီး သူမ၏ ကျင့်ကြံမှုမှာလည်း မူလဝိညာဉ် အဆင့် (၃) သို့သာ ရောက်ရှိနေသေးသည်။ အလှထိန်းဆေးလုံးဖြင့် ထိန်းသိမ်းထားသော သိမ်မွေ့လှပသည့် အသွင်အပြင်များမှာ တဖြည်းဖြည်း ပြောင်းလဲလာကာ အရေးအကြောင်းများ စတင်ပေါ်ပေါက်လာပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအသွင်သို့ ကူးပြောင်းနေလေပြီ။
ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် လင်းချင်းရှားနှင့် လင်းပင်းတို့၏ ဝိညာဉ်အမြစ် ပါရမီများက စုဇီထက် ပိုမို သာလွန်သည်။
စုဇီထက် အသက်ငယ်ရွယ်ကြသော်ငြား.. သူတို့၏ ကျင့်ကြံမှုများမှာ မူလဝိညာဉ် အဆင့် အဆင့် (၅) နှင့် အဆင့် (၄) များသို့ အသီးသီး ရောက်ရှိနေကြလေပြီ။ သူတို့က အသက် (၃၀) အရွယ် အမျိုးသမီးများအသွင် နုပျိုနေကြဆဲပင်။
စုယွီ တစ်ဖန် ပြန်လည် ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ စုဇီက ရှေ့သို့ လှမ်းလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“ရှောင်ယွီ... မြေကမ္ဘာအင်မော်တယ်စံအိမ်က ပြဿနာတွေ ရှင်းသွားပြီလား”
စုယွီသည် သူတို့ (၄) ယောက်အား လျှို့ဝှက်နယ်မြေအတွင်းရှိ နန်းတော်ဆီသို့ ပြန်ခေါ်သွားလိုက်သည်။
ထို့နောက် ရှင်းပြလိုက်၏။
“တစ်စိတ်တစ်ပိုင်းတော့ ရှင်းသွားပါပြီ... အစ်မ..ဒါပေမဲ့ အပြီးအပိုင်တော့ မဟုတ်သေးဘူး... မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ နယ်မြေတွေနဲ့ အရင်းအမြစ် အများစုက မိုးကြိုးနဂါး အင်မော်တယ်အင်ပါယာနဲ့ တာ့ယန် အင်မော်တယ်အင်ပါယာတို့ရဲ့ လက်ထဲမှာ ရှိနေတုန်းပဲ”
“ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း သတင်းကောင်းတချို့တော့ ရှိတယ်... တာ့ယန် အင်မော်တယ်အင်ပါယာကို ရှန်းဝူ မျိုးနွယ်လို့ခေါ်တဲ့ အင်အားကြီး မိစ္ဆာမျိုးနွယ်တစ်ခုက ဝင်တိုက်သွားတယ်လို့ ကြားရတယ်... သူတို့ရဲ့ မြို့တော်ကြီးတောင် ဖျက်ဆီးခံလိုက်ရတယ်တဲ့”
“အဲဒါကြောင့် တာ့ယန် အင်မော်တယ်အင်ပါယာ မကျဆုံးသွားသေးဘူးဆိုရင်တောင်မှ သူတို့ အကြီးအကျယ် အထိနာသွားလောက်ပြီ... မြေကမ္ဘာအင်မော်တယ်စံအိမ်ကို အချိန်အတိုင်းအတာ တစ်ခုအထိတော့ ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ပါဘူး”