အခန်း ၉၅၂
Vol. 64 Ch. 952
အခန်း (၉၅၂) - ခွန်းလင် ဝိညာဉ်အသိုက်၏ အခွင့်အရေး (အပိုင်း- ၂)
စုဇီ၊ လင်းချင်းရှား၊ လင်းပင်းနှင့် ကောင်းနျန်အာတို့မှာ ထိုသတင်းကို ကြားလိုက်ရသောအခါ အလွန်တရာ ဝမ်းသာပျော်ရွှင်သွားကြ၏။
“တကယ်လား... ကောင်းတာပေါ့”
စုဇီက မရပ်မနား ညည်းညူလိုက်သည်။
“ဒီ တာ့ယန် အင်မော်တယ် မင်းဆက်က တော်တော်ကို ဆိုးယုတ်တာ... အဝေးကြီးကနေ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို လာပစ်မှတ်ထားတယ်... ရှောင်ယွီရဲ့ ဂိုဏ်းတောင် ပျက်စီးမတတ် ဖြစ်သွားခဲ့ရတယ်”
“အခုတော့ တာ့ယန် အင်မော်တယ် မင်းဆက်ဆီကို ဝဋ်လည်ပြီ... အဲဒီ အင်မော်တယ် ကျီးကန်း မျိုးနွယ်စု ဆိုတာက သူတို့ကို အပြတ်ရှင်းပစ်လိုက်ရင် အကောင်းဆုံးပဲ... ငါတို့ကို ထပ်ပြီး ဒုက္ခမပေးနိုင်တော့ဘူးပေါ့”
ပိုင်ဟွာဂိုဏ်း၏ ဂူကောင်းကင် လျှို့ဝှက်နယ်မြေအတွင်း၌ သူ၏ အစ်မဝမ်းကွဲ စုဇီနှင့် အချိန်အတန်ကြာ စကားစမြည်ပြောဆိုပြီးနောက်...
စုယွီသည် သူတို့အား နေရာရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် လော့ယွဲ့ မဟာမိတ် အဖွဲ့၏ ဂူကောင်းကင် လျှို့ဝှက်နယ်မြေဆီသို့ ပြန်လည်ခေါ်ဆောင်သွားတော့သည်။
နေရာရွှေ့ပြောင်း အခင်းအကျင်း စင်မြင့်ထက်တွင် အင်မော်တယ် အလင်းရောင်များ တောက်ပလာကာ လှိုင်းဂယက်များ ထသွားပြီးနောက် စုယွီ၊ စုဇီ၊ လင်းချင်းရှားနှင့် အခြားသူများ၏ ပုံရိပ်များ ပေါ်ထွက်လာ၏။
တောင်ခြေရှိ ရေကန်နက်ကြီးတစ်ခု၏ အောက်ခြေတွင် ရေခဲအကြေးခွံ ငါးဘုရင်သည် နေရာရွှေ့ပြောင်း အခင်းအကျင်း စင်မြင့်ဆီမှ လှုပ်ရှားမှုကို အာရုံခံမိလိုက်သည်။ ၎င်း၏ မျက်ခွံများ အနည်းငယ် ပွင့်ဟသွားပြီး ထိုအရပ်ဆီသို့ အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။ ပုံမှန် စစ်ဆေးကြည့်ရှုခြင်း သက်သက်သာ။
အကြောင်းမူကား စုဇီနှင့် တာ့ယွဲ့ နယ်မြေမှ လူများသည် ဤနေရာရွှေ့ပြောင်း အခင်းအကျင်းကို စုယွီထက်ပင် ပို၍ မကြာခဏ အသုံးပြုတတ်ကြသောကြောင့်ပင်။
သို့သော်ငြား ရေခဲအကြေးခွံ ငါးဘုရင်ကြီးသည် စုယွီ၏ ပုံရိပ်ကို လှမ်းမြင်လိုက်ရသည်နှင့် ချက်ချင်းပင် လှုပ်ရှားလာတော့သည်။ ရေကန်နက်ကြီးထဲမှ ရုတ်တရက် ခုန်ထွက်လာကာ လေထဲတွင် လူသားအသွင်သို့ ပြောင်းလဲသွား၏။
၎င်းထံမှ ဖြာထွက်နေသော အရှိန်အဝါသည် အဆင့် (၄) အဆင့်နိမ့် သို့ပင် ရောက်ရှိနေလေပြီ။
ရေခဲအကြေးခွံ ငါးဘုရင်ကြီးသည် လူသားအသွင် ယူထားသော်ငြား အရပ်လေးပေပင် မပြည့်သော ကလေးငယ်လေး တစ်ဦး၏ ပုံစံမျိုး ဖြစ်နေသည်။ အပြာရောင် အကြေးခွံများဖြင့် ပြုလုပ်ထားသည့်အလား ထင်မှတ်ရသော အပြာရောင် ဝတ်စုံကို ဆင်မြန်းထား၏။
၎င်းသည် ပင်မတောင်ထွတ်ဆီသို့ အပြေးအလွှား တက်လာပြီး စုယွီ၏ အရှေ့သို့ ရောက်ရှိလာသည်။ ထို့နောက် စုယွီ၏ ခြေထောက်ကို ဝမ်းသာအားရ ဖက်တွယ်လျက် ကြည်လင်ပြတ်သားသော အသံလေးဖြင့် အော်လိုက်သည်။
“သခင်... ကျွန်တော့်ကို လာကြည့်ဖို့ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့”
စုယွီက ၎င်း၏ အရှိန်အဝါကို အာရုံခံမိပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ရေခဲအကြေးခွံ ငါးဘုရင်ကြီး... မင်း အဆင့် (၄) ကို တက်လှမ်းသွားပြီလား”
ရေခဲအကြေးခွံ ငါးဘုရင်ကြီးက ခေါင်းကို တဆတ်ဆတ် ညိတ်ပြလျက် ပြန်ဖြေသည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့... သခင် ချန်ထားရစ်ခဲ့တဲ့ အရင်းအမြစ်တွေကြောင့်ပါ”
မကြာသေးမီကမှ လူသားအသွင်သို့ ပြောင်းလဲထားခြင်းကြောင့်လော မသိ၊ ရေခဲအကြေးခွံ ငါးဘုရင်ကြီး၏ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်မှာ သိပ်မမြင့်မားလှချေ။ လက်ရှိ ကလေးဆန်သော အသွင်အပြင်နှင့် အတော်လေး လိုက်ဖက်ညီနေသည်။
မူလက ရေခဲအကြေးခွံ ငါးဘုရင်ကြီးသည် သာမန် ဝိညာဉ် ရတနာ တစ်ခုအဖြစ်သာ သတ်မှတ်ခံခဲ့ရသော်လည်း မမျှော်လင့်ဘဲ ဝိညာဉ် အသိဉာဏ် နိုးကြားလာကာ ၎င်း၏ သွေးမျိုးဆက် ကန့်သတ်ချက်များကို ချိုးဖြတ်ပြီး ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်ခဲ့လေသည်။
အရေးမပါသော ဝိညာဉ် ရတနာ တစ်ခုမှနေ၍ အဆင့်ချိုးဖြတ်ကာ ယခုအခါ မူလဝိညာဉ် အရှင်သခင်ကြီး တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သော အဆင့် (၄) အဆင့်နိမ့် သတ္တဝါ တစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ဝိညာဉ်သားရဲ တစ်ကောင်ဟုပင် သတ်မှတ်နိုင်နေလေပြီ။
ရေခဲအကြေးခွံ ငါးဘုရင်ကြီး၏ အသွင်ပြောင်းလဲမှုကို မြင်တွေ့ရသောအခါ စုယွီ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး ၎င်းကို ပြုစုပျိုးထောင်ပေးလိုသော ဆန္ဒများ ပိုမို ပြင်းပြလာတော့၏။
သူသည် ပင်လယ်နယ်မြေ အတွင်းရှိ ကုန်သွယ်မှု တစ်ခုမှ ရရှိခဲ့သော ငါးနဂါး သစ်သီး ကျောက်စိမ်းသေတ္တာအား ထုတ်ယူလိုက်သည်။ ထို့နောက် ရေခဲအကြေးခွံ ငါးဘုရင်ကြီးထံ ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
“ဒီအထဲမှာ မင်းအတွက် အထောက်အကူ ဖြစ်စေမယ့် ဝိညာဉ် ရတနာ တစ်ခု ပါတယ်... ဒါကို သန့်စင်လိုက်... ပြီးရင် မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ငါနဲ့ လိုက်ခဲ့ပြီး ကျင့်ကြံရမယ်”
ရေခဲအကြေးခွံ ငါးဘုရင်ကြီးအား လော့ယွဲ့ မဟာမိတ် အဖွဲ့၏ ဂူကောင်းကင် လျှို့ဝှက်နယ်မြေအတွင်း ကျင့်ကြံရန် ချန်ရစ်ထားခဲ့ပြီးနောက်... စုယွီသည် စုဇီနှင့် အခြားသူများနှင့်အတူ တာ့ယွဲ့ နယ်မြေနှင့် စု မိသားစုထံသို့ ပြန်လည် ထွက်ခွာလာခဲ့သည်။ ဘိုးဘေးများကို ဂါရဝပြုရန် ဖြစ်ပြီး မာ မိသားစုထံသို့ပင် ခေတ္တ ဝင်ရောက်ခဲ့သေးသည်။
မာ မိသားစု၏ သင်္ချိုင်းတွင် ရပ်လျက် စုယွီသည် သူ၏ မိတ်ဆွေဟောင်း မာရှီချင်း၏ မြေပုံကို ငေးကြည့်ကာ ခပ်တိုးတိုး သက်ပြင်းချလိုက်၏။
သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။ ခွန်းလင် ဝိညာဉ်သိုက် ပင်လယ်နယ်မြေ အတွင်း၌ ပျောက်ဆုံးသွားခဲ့သော မာထျန်းလင်ကို တွေးမိသွားခြင်းပင်။
'သူ တကယ်ပဲ ခွန်းလင် ဝိညာဉ်သိုက်ထဲကို ဝင်သွားခဲ့တာလား... ဒါမှမဟုတ် အန္တရာယ် တစ်ခုခုနဲ့များ ကြုံတွေ့သွားရတာလား'
စုယွီ တစ်ယောက် မွေးရပ်မြေသို့ ပြန်လည် အလည်အပတ်သွားကာ မိတ်ဆွေဟောင်းများနှင့် ဘိုးဘေးများကို ဂါရဝပြုနေချိန်၌... အဆုံးမဲ့ မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းနေသည့်အလား အမှောင်ထု ကြီးစိုးနေသော ကမ္ဘာတစ်ခုတွင်မူ...
“ဂျိမ်း... ဂျုန်း... ဝရော...”
ကောင်းကင်နှင့် မြေကြီးကို အပိုင်းပိုင်း အစစ ဆုတ်ဖြဲပစ်တော့မည့်အလား မိုးကြိုးများ ကောင်းကင်ယံမှ ရွာကျနေ၏။ ဤနယ်မြေကြီးသည် အလွန် ကျယ်ပြောလှသည်။ မျက်စိဖြင့် မြင်နိုင်သော ဟင်းလင်းပြင် လှိုင်းဂယက်များနှင့် ရှာဖွေ မတွေ့ရှိနိုင်သော တားမြစ် စွမ်းအားများဖြင့် ပြည့်နှက်နေကာ ဝိညာဥ်မဲ့ မြေရိုင်းပြင် တစ်ခုအဖြစ်သို့ ပြောင်းလဲနေလေပြီ။
တောက်ပစွာ ပွင့်လန်းနေသော ပန်းတစ်ပွင့်၏ အောက်တွင် မာထျန်းလင် သွေးသံရဲရဲဖြင့် လဲလျောင်းနေသည်။ သတိလစ် မေ့မြောနေသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်၏။
အဝေးတစ်နေရာ၌...
မိုးထိမတတ် မြင့်မားသော မိစ္ဆာ အငွေ့အသက်များ လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခုသည် ထိုပန်းပွင့်ကို စိုက်ကြည့်နေ၏။ ထိုပန်းပွင့်၌ အမြင့်မြတ်ဆုံးသော အင်မော်တယ် နန်းတော်ကြီး၏ ပုံရိပ်ယောင်များ ထင်ဟပ်နေသည်။ ထို့နောက် သူ၏ အကြည့်တို့က ထိုနတ်ဘုရား ပန်းပင်အောက်၌ လဲလျောင်းနေသော အလွန် လှပချောမောသည့် ခန္ဓာကိုယ်ဆီသို့ ရောက်ရှိသွားတော့သည်။
ထိုပုံရိပ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရုတ်တရက် မြင့်တက်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွား၏။
ထိုအခိုက်အတန့်၌ ကောင်းကင် ရတနာ၏ ထူးခြားသော ဖြစ်စဉ်ကြောင့် ဆွဲဆောင်ခံလိုက်ရသည့် အခြားသော ပုံရိပ် နှစ်ခုက အဝေးမှ ချဉ်းကပ်လာသည့်အလား ပေါ်ပေါက်လာသည်။
သို့သော် ဤမိစ္ဆာ မျိုးနွယ်စုဝင် နှစ်ဦးမှာ ယခုလေးတင်မှ ရောက်ရှိလာခြင်း ဖြစ်သည်။ သူတို့၏ စိတ်လှုပ်ရှားမှုများ အပြည့်အဝ မလောင်ကျွမ်းနိုင်မီမှာပင် မိစ္ဆာ အငွေ့အသက်များဖြင့် ဖန်တီးထားသော စစ်လှံ နှစ်လက်က သူတို့၏ ဦးခေါင်းများကို ဖောက်ထွင်းသွားတော့၏။ အတွင်းရှိ သူတို့၏ မူလဝိညာဉ်များပါ တစ်ပါတည်း ဖျက်ဆီးခံလိုက်ရသည်။
မိစ္ဆာ လမ်းစဉ်မှ ပုံရိပ်က အေးစက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ဝိညာဉ်ခွဲထွက်အဆင့်တောင် မရောက်သေးဘဲနဲ့ ခွန်းလင် ဝိညာဉ်သိုက်ထဲကို ဝင်လာရဲတယ်ပေါ့... ဟွန့်... မောက်မာလိုက်တာ”
ထိုသူသည် လက်တစ်ချက် ဝှေ့ယမ်းကာ ထိုကောင်းကင် ပန်းပင်ကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအပင်၏ အဆီအနှစ်များကို အောက်ဘက်ရှိ အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားစေ၏။ ထို့နောက် နောက်ထပ် လက်တစ်ချက် လှုပ်ရှားကာ ချိတ်ပိတ် အခင်းအကျင်း တစ်ခုကို ချမှတ်လိုက်သည်။
ထို့နောက် ရိုးရှင်းစွာပင် လှည့်ထွက်သွားတော့သည်။
“မင်း အသက်ရှင်မလား သေမလား ဆိုတာကတော့ မင်းရဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်... ဒါက မင်းဘာသာမင်း ရှာတဲ့ ပြဿနာပဲ”
မိစ္ဆာ လမ်းစဉ်မှ ပုံရိပ်က ပြောလိုက်၏။ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များက လွှမ်းမိုးနေကာ အနီးအနားရှိ မိစ္ဆာ မျိုးနွယ်စုနှင့် ပင်လယ် မျိုးနွယ်စုဝင် အားလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်တော့သည်။
မိစ္ဆာ မျိုးနွယ်စုနှင့် ပင်လယ် မျိုးနွယ်စုမှ ပါရမီရှင်များ၏ ရင်ထဲသို့ အကြောက်တရားများ အပြည့်အဝ ရိုက်သွင်းပြီး ထိုနယ်မြေမှ အသည်းအသန် ထွက်ပြေးသွားစေပြီးမှသာ သူသည် တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။ ဤကမ္ဘာလောက၏ အမြင့်ဆုံးသော ရတနာများနှင့် ကံကြမ္မာ အခွင့်အရေးများကို ဆက်လက် ရှာဖွေရန်ပင်။
ပင်လယ်အောက်ရှိ လျှို့ဝှက်နယ်မြေ တစ်ခုအတွင်း၌...
တာအိုဆရာ ရှုဟိုင်သည် အရှေ့ဘက်ရှိ ကျန်းတစ်ထောင်ခန့် ကြီးမားသော ဧရာမ လိပ်ခွံ အကြွင်းအကျန်ကြီးကို စိုက်ကြည့်နေ၏။ မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်စွာဖြင့် မေးရိုးများပင် ပြုတ်ကျမတတ် ဖြစ်နေသည်။
အဆုံးမဲ့ ခေတ်ကာလများစွာ ခြားကွာနေသည့်တိုင် ဤလိပ်ခွံ အကြွင်းအကျန်ပေါ်တွင် ကျန်ရစ်ခဲ့သော အရှိန်အဝါက သူ့ကို ကြောက်ရွံ့မှု ခံစားရစေပြီး ဦးရေပြားကိုပင် ထုံကျင်သွားစေဆဲပင်။ အသက်ရှင်စဉ်က မည်သို့သော သတ္တဝါကြီး ဖြစ်ခဲ့မည်နည်း။
သို့သော် မိစ္ဆာလိပ်ငယ်လေးကမူ စိတ်လှုပ်ရှားစွာဖြင့် အရှေ့သို့ ပြေးထွက်သွားသည်။
နောက်တစ်စက္ကန့်မှာပင်...
တာအိုဆရာ ရှုဟိုင်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင် အလင်းတန်းတစ်ခုက မိစ္ဆာလိပ်ငယ်လေးထံမှ ပေါက်ကွဲထွက်လာ၏။ ကျန်းတစ်ရာခန့် ကြီးမားသော ဧရာမ ရွှေရောင် လိပ်အရိပ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မူလဝိညာဉ် အရှင်သခင်ကြီး တစ်ပါးထက်ပင် သာလွန်သော အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
အရှေ့ဘက်ရှိ ဧရာမ လိပ်ခွံ အကြွင်းအကျန်ကြီးသည် ဤသွေးမျိုးဆက် သတင်းစကားကို အာရုံခံမိသွားပုံရသည်။ လောကကြီးတစ်ခုလုံး တဝီဝီ မြည်ဟည်းတုန်ခါသွားကာ အကြောက်တရားနှင့် ထူးဆန်းသော ဖြစ်စဉ်များ ဆင်းသက်လာတော့၏။
တောင်တန်းကြီးတစ်ခုစာမျှ ကြီးမားလှသော လိပ်အရိပ်ကြီး တစ်ခုသည် အချိန်မြစ်ကြီးထဲမှ လှမ်းထွက်လာပြီး လက်ရှိ ကမ္ဘာလောကဆီသို့ ဆင်းသက်လာသည့်အလား ပေါ်ထွက်လာသည်။
ဧရာမ လိပ်ကြီးသည် မိစ္ဆာလိပ်ငယ်လေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တာအိုဆရာ ရှုဟိုင်ကို သေချာ ကြည့်လိုက်၏။
ကြည့်ရှုပြီးနောက် လိပ်အရိပ်ကြီးက သက်ပြင်းချလိုက်သကဲ့သို့ မျက်မှောင်ကြုတ်သွားသည်။
“ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
ခပ်တိုးတိုး ရေရွတ်လိုက်၏။
ခေတ်ကာလများကို ဖြတ်ကျော်လာသည့်အလား ဤရေရွတ်သံက တာအိုဆရာ ရှုဟိုင်၏ စိတ်အာရုံထဲတွင် ပေါက်ကွဲသွားတော့သည်။ သို့သော် သည်စကားက သူ့အတွက်လား..သို့မဟုတ် မိစ္ဆာလိပ်ငယ်လေးအတွက်လား ဆိုသည်ကိုတော့ သဲသဲကွဲကွဲ မသိရချေ။
ကြီးမားလှသော အမွေအနှစ် သတင်းအချက်အလက်များက သူ၏ စိတ်ထဲသို့ လှိုင်းလုံးကြီးများအလား ဝင်ရောက်လာရာ တာအိုဆရာ ရှုဟိုင်၏ မျက်လုံးများ ပြာဝေသွားပြီး ထိုနေရာမှာပင် သတိလစ် မေ့မြောသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် အချိန်မြစ်ကြီးထဲမှ ထွက်ပေါ်လာသော ဧရာမ လိပ်ကြီးသည် မိစ္ဆာလိပ်ငယ်လေးဆီသို့ ဖြည်းညင်း မှန်ကန်သော ခြေလှမ်းများဖြင့် လျှောက်သွားသည်။ နောက်ဆုံးတွင် မိစ္ဆာလိပ်ငယ်လေးက ရောင်ပြန်ဟပ်ထားသော ကျန်းတစ်ရာ ရွှေရောင် မှတ်တမ်းအမှတ်အသားနှင့် ပေါင်းစပ်သွားလေတော့၏။
“ဝုန်း...”
ဤလျှို့ဝှက်နယ်မြေငယ်လေး အတွင်း၌ စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားလှသော ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤကမ္ဘာလောက အစိတ်အပိုင်းကို တစ်စစီ အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်လေ၏။
အဝေးတစ်နေရာ၌...
အခွင့်အရေးများကို ရှာဖွေနေကြသော လူသား မျိုးနွယ်စု၊ မိစ္ဆာ မျိုးနွယ်စုနှင့် ပင်လယ် မျိုးနွယ်စုမှ ပါရမီရှင် အများအပြားသည် ဤစွမ်းအားကို အာရုံခံမိလိုက်ကြပြီး သူတို့၏ မျက်နှာကြွက်သားများ တုန်လှုပ် သွားကြသည်။ နှစ်ခါ ပြန်မတွေးတော့ဘဲ လွတ်မြောက်ခြင်း မန္တန်များကို ဖော်ဆောင်လျက် အဝေးဆီသို့ အသည်းအသန် ထွက်ပြေးသွားကြတော့သည်။
ကျန်းတစ်သောင်းခန့် ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းပေါ်ဝယ်...
လူသား မျိုးနွယ်စု ပါရမီရှင် တစ်ရာကျော် စုရုံးနေကြသည်။ လူသား မျိုးနွယ်စု၏ ရှေးဟောင်း မြင့်မြတ် နယ်မြေ သုံးခုအနက်မှ တစ်ခုဖြစ်သော ကျန်းဝူ အင်မော်တယ် နန်းတော် မှ မကောင်းဆိုးဝါးဆန်သော ပါရမီရှင် တစ်ဦးက ဦးဆောင်လျက် ခွန်းလင် ဝိညာဉ်သိုက် လျှို့ဝှက်နယ်မြေကို ဂရုတစိုက် ရှာဖွေနေကြခြင်း ဖြစ်၏။
ဤလူများကြားတွင် လော့ချန်ယွီလည်း ရောနှော ပါဝင်နေသည်။ သူမသည် ခွန်းလင် ဝိညာဉ်သိုက် နယ်မြေကို မမျှော်လင့်ဘဲ အမှတ်မထင် တွေ့ရှိသွားခဲ့ခြင်းပင်။
မူလဝိညာဉ် အထွတ်အထိပ် အဆင့်တွင် ရှိနေသော သူမ၏ ကျင့်ကြံမှုဖြင့် ဤနယ်မြေအတွင်းသို့ ဝင်ရောက်လာသူများကြားတွင် သူမ၏ ခွန်အားမှာ ထင်ပေါ်ခြင်း မရှိလှချေ။ အောက်ခြေအဆင့်တွင်သာ ရှိသည်ဟုပင် သတ်မှတ်၍ ရသည်။
ကံကောင်းစွာဖြင့် သူမ၏ ကံတရားက မဆိုးလှချေ။ ကျန်းဝူ အင်မော်တယ် နန်းတော် မှ အစစ်အမှန် တပည့် နတ်မိမယ် တစ်ပါးနှင့် စောစောစီးစီး ဆုံတွေ့ခဲ့ရသည်။ ထိုအချိန်မှစ၍ သူမသည် သူတို့နှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်၏။
ကြီးမားသော ကံကြမ္မာ အခွင့်အရေးများနှင့် မကြုံတွေ့ခဲ့ရသော်ငြား သေးငယ်သော အခွင့်အရေး အချို့ကိုတော့ သူမ ရရှိခဲ့သည်။
သို့သော် သူတို့ အချိန်အကြာကြီး ရှာဖွေနေခဲ့သော်ငြား အဓိက အူတိုင်ဖြစ်သော အစစ်အမှန် ခွန်းလင် ဝိညာဉ်သိုက် ၏ တည်နေရာ အတိအကျကို မတွေ့ရှိကြသေးပေ။ ဒဏ္ဍာရီများအရ ၎င်းသည် ရှေးဟောင်း အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ပါး အသွင်ပြောင်းလဲခဲ့သော နေရာ အစစ်အမှန်ပင် ဖြစ်သည်ဟု ဆိုကြ၏။ အတွင်းထဲတွင် သူ၏ အင်မော်တယ် တာအို အမွေအနှစ် အကြွင်းအကျန်များပင် ရှိနေနိုင်သေးသည်။
အကယ်၍ ထိုနေရာကိုသာ သူတို့ ရှာဖွေတွေ့ရှိခဲ့မည် ဆိုလျှင် ခွန်းလင် ဝိညာဉ်သိုက် ၏ ကံကြမ္မာ အခွင့်အရေးကို အမှန်တကယ် ရရှိခြင်းပင် ဖြစ်လိမ့်မည်။
နောက်ထပ် တစ်လခန့် ကုန်လွန်သွားခဲ့၏။ လော့ချန်ယွီနှင့် အခြားသူများသည် နေရာများစွာကို ရှာဖွေခဲ့ကြပြီး မိစ္ဆာ မျိုးနွယ်စုနှင့် ပင်လယ် မျိုးနွယ်စုမှ ပါရမီရှင် အချို့နှင့် ကြုံတွေ့ခဲ့ကြသည်။ သို့သော် သူတို့၏ လူအင်အား သာလွန်မှုကြောင့် ထို မိစ္ဆာ မျိုးနွယ်စုနှင့် ပင်လယ် မျိုးနွယ်စုဝင်များမှာ သူတို့ကို မရန်စရဲကြချေ။
ရုတ်တရက် နေ့တစ်နေ့တွင်မူ...
လော့ချန်ယွီ၏ မျက်နှာအမူအရာ သိမ်မွေ့စွာ ပြောင်းလဲသွားပြီး အရပ်မျက်နှာ တစ်ခုဆီသို့ မျှော်ကြည့်လိုက်သည်။
တာ့ယွဲ့ နယ်မြေ ရှိ ရှေးဟောင်း အပျက်အစီး တစ်ခု၏ အမွေအနှစ်များမှ ဖွဲ့တည်ထားသော သူမ၏ ဒန်တျန် အတွင်းရှိ တာအို ဓား သည် တစ်စုံတစ်ခုနှင့် တုံ့ပြန် ပဲ့တင်ထပ်နေသည့်အလား ဤအခိုက်အတန့်တွင် တယိမ့်ယိမ့် တုန်ခါလာတော့၏။
ထို တစ်စုံတစ်ခုမှာ ဤအရပ်မျက်နှာဆီတွင် ရှိနေခြင်းပင်။
သူမက တည်ငြိမ်စွာ နေလိုက်ပြီး အခြားသူများ နောက်သို့ ဆက်လက် လိုက်ပါသွားခဲ့သည်။ အရှေ့ဘက်ဆီမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံကြီး တစ်သံ ထွက်ပေါ်လာချိန်အထိပင်။
“ဝရော...”
ခွန်းလင် ဝိညာဉ်သိုက် တစ်ခုလုံး တုန်လှုပ်သွားသလို ရှိ၏။
ခွန်းလင် ဝိညာဉ်သိုက် ၏ အစစ်အမှန် အသိုက်အမြုံကြီး ပေါ်ထွက်လာခဲ့လေပြီ။
ချန်ကျိုး နယ်မြေ ၏ အပြင်ဘက်၌...
ချန်ကျိုး နယ်မြေ မှ တိုင်းတာ၍ မရနိုင်လောက်အောင် ကျယ်ပြောလှသော မြောက်ပိုင်း နယ်မြေများတွင်မူ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ နဂါး မြို့တော် သည် စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှသော ဂူကောင်းကင် တစ်ခုအတွင်း၌ ပုန်းကွယ်နေလေ၏။ ချန်ကု အင်မော်တယ် မြို့တော်ထက်ပင် ပို၍ ကြီးမားပြီး ခမ်းနားထည်ဝါသော မိုးပျံ အင်မော်တယ် မြို့တော်ကြီး တစ်ခုပင် ဖြစ်လေတော့သည်။