အခန်း ၉၅၃
Vol. 64 Ch. 953
အခန်း (၉၅၃) - ပကတိဟင်းလင်းပြင် အထွတ်အထိပ် လေ့ချန်ထျန်း နှင့် ချန်ကု အင်မော်တယ် မြို့တော်ကို အကဲခတ်ခြင်း
မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်၏ ဇာစ်မြစ်မှာ သာမန်မဟုတ်ချေ။ ရှေးဟောင်း ခေတ်ကာလများက လူသား မျိုးနွယ်စု၏ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး တစ်ခုဖြစ်သော ဟေးလုံ အင်ပါယာ နန်းတော်၏ အကြွင်းအကျန်များမှ ဆင်းသက်လာခြင်းပင်။ ၎င်းတို့၏ ဘိုးဘေးများသည် အစစ်အမှန် အင်မော်တယ် ဖြစ်လာရန် ကျင့်ကြံအားထုတ်ခဲ့ကြသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး အချို့မှာ အင်မော်တယ် အဖြစ်သို့ပင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြကြောင်း ဆိုကြ၏။
ရှေးဟောင်း ခေတ်ကာလကဆိုလျှင် ထိုအဖွဲ့အစည်းသည် ကောင်းကင် အင်မော်တယ်စံအိမ်နှင့် တန်းတူ ရပ်တည်နိုင်ခဲ့ကာ မြောက်ပိုင်း လူသား နယ်မြေ တစ်ခုလုံးကို လွှမ်းမိုး အုပ်စိုးထားနိုင်ခဲ့သည်။
ယနေ့ခေတ် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်တွင် ယခင် ဟေးလုံ အင်ပါယာ နန်းတော်ဟောင်း၏ ကြောက်မက်ဖွယ် စွမ်းအားမျိုး မရှိတော့သော်ငြား မြောက်ပိုင်း လူသား နယ်မြေ အတွင်း၌ နာမည်ကျော် ထိပ်သီး အင်အားစု တစ်ခုအဖြစ် ရပ်တည်နေဆဲပင်။
မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်ဟု အမည်တွင်ရခြင်းမှာ လေ့ မိသားစု သွေးမျိုးဆက် မိုးကြိုး စွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်စွမ်းကြောင့်သာမက မိုးကြိုးမည်း နဂါး သားရဲ အုပ်စု တစ်ခုလုံး ၎င်းတို့ လက်အောက်တွင် ခိုလှုံနေသောကြောင့်ပင်။
ဤနဂါး သားရဲ အုပ်စုသည် ထူးခြားသော သွေးမျိုးဆက်များရှိသည့် မိစ္ဆာ စပါးအုံးမြွေ အချို့ကိုလည်း ထိန်းချုပ်ထားသေးသည်။ ထို့ကြောင့်ပင် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်၌ မိစ္ဆာ စပါးအုံးမြွေ စီးတော်သားရဲ အမြောက်အမြား ရှိနေခြင်းပင်။
နဂါး အသွင်သို့ ပြောင်းလဲသွားသော တပိုင်း စီးတော်သားရဲများပင် ပါဝင်သေး၏။
လေ့ကျန်း တစ်ယောက် ရွှေချို ကောင်းကင် ဆင်၏ လက်ချက်ဖြင့် အထိနာသွားခဲ့ပြီးနောက် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်မှ လူများသည် မြေကမ္ဘာ တောင်ကြော အင်မော်တယ် မြို့တော်မှ အရေးနိမ့်စွာ ဆုတ်ခွာခဲ့ကြရသည်။ ထို့နောက် ကြိုးကြာတစ်ထောင် အင်မော်တယ် မြို့တော် အတွင်း၌ ယာယီ တပ်စွဲကာ ခံစစ်ပြင်ထား၏။
ထိုအချိန်မှစ၍ လေ့ကျန်းသည် ချန်ကျိုး နယ်မြေနှင့် ဝေးကွာသော နေရာတွင် နှစ်နှစ်နီးပါးခန့် အချိန်ဖြုန်းခဲ့ပြီးမှ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်၏ အချက်အချာ နေရာဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။
ဤသို့ဖြင့် နောက်ထပ် (၂) နှစ်ခန့် ကုန်လွန်သွားခဲ့ပြန်သည်။ လေ့ကျန်း စောင့်ဆိုင်းနေခဲ့သော မိသားစု ဘိုးဘေးကြီးသည် နောက်ဆုံးတွင် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့လေပြီ။
*
နဂါး မြို့တော်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး တစ်နေရာ။
ကောင်းချီးပေးခံရသော လျှို့ဝှက်နယ်မြေ တစ်ခု အတွင်း၌...
လေ့ကျန်းသည် စားပွဲတစ်လုံးတွင် လက်ဖက်ရည် ဖျော်နေသော ခါးအထက် ဗလာကျင်းနေသည့် ဗလတောင့်တောင့် လူကြီး တစ်ဦးကို ကြည့်လိုက်၏။ ထိုလူကြီး၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေသည်။ ထို့နောက် လေ့ကျန်းက အရှေ့သို့ လေးစားစွာ တိုးသွားပြီး အရိုအသေပေးလိုက်သည်။
“တတိယ ဘိုးဘေး... ကျွန်တော် လေ့ကျန်း ဂါရဝပြုပါတယ်”
ထိုလူကြီး၏ ခန္ဓာကိုယ် တစ်ခုလုံးနှင့် ဆံပင်များဆီမှပင် မိုးကြိုး အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေ၏။ သူ၏ မျက်လုံးများနှင့် အသားအရေသည် နက်ရှိုင်းသော ခရမ်းရောင် လျှို့ဝှက်ဆန်းကြဲ အလင်းတန်းများဖြင့် တောက်ပနေသည်။
သူ၏ အင်မော်တယ် စွမ်းအား အရှိန်အဝါက မိုးကြိုး ပင်လယ်ကြီး တစ်ခုအလား ကျယ်ပြော နက်ရှိုင်းလွန်းလှရာ ခန့်မှန်း၍ပင် မရနိုင်ချေ။
ပကတိဟင်းလင်းပြင် အဆင့် (၈) သို့ ရောက်ရှိနေသော လေ့ကျန်းပင်လျှင် ဤလူကြီး၏ အရှေ့တွင် မသက်မသာ ဖြစ်မှုနှင့်အတူ ဗီဇအရ ကြောက်ရွံ့မှုကို ခံစားနေရဆဲပင်။
လူကြီးသည် မျက်ခွံများကို အနည်းငယ် ပင့်တင်လိုက်ပြီး လေ့ကျန်းအပေါ်သို့ မကျေနပ်သော အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။ ထို့နောက် အေးစက်စက် လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
“မင်းက မိသားစု ခေါင်းဆောင်ကို တောင်းဆိုပြီး ငါ့ကို တံခါးပိတ် ကျင့်ကြံနေတဲ့ဆီကနေ အတင်း ထွက်လာခိုင်းတာ... ချန်ကျိုး နယ်မြေ ထဲက အင်အားစု သေးသေးလေး တစ်ခုကို ဖြေရှင်းဖို့ သက်သက်အတွက်လား”
ထို အင်အားစုငယ်လေးက အနည်းငယ် စိတ်ဝင်စားစရာ ကောင်းနေသော်ငြား ထိုလူကြီးအနေဖြင့် ဤကဲ့သို့သော ကိစ္စရပ်များကြောင့် အာရုံ နောက်မခံလိုချေ။
သူ၏ အမြင်တွင် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကြီး မျိုးဆက်ပြတ် ပျက်စီးတော့မည့် အခြေအနေမျိုး မဟုတ်လျှင် လူ့လောကထဲသို့ သူ ထွက်လာစရာ အကြောင်းမရှိပေ။
သူ့တွင် သက်တမ်း အနည်းငယ် ကျန်ရှိနေသေးသည်ဟု ထင်ရသော်ငြား ပိုမို မြင့်မားသော အင်မော်တယ် လမ်းစဉ်သို့ ဆက်လက် တက်လှမ်းလိုပါက အချိန်နှင့် အပြိုင် ကြိုးစားရမည်သာ။ အချိန် အနည်းငယ်မျှပင် အလေအလွင့် အဖြစ်ခံ၍ မရချေ။
အရာအားလုံးက တာအို ပေါင်းစည်း အဆင့် သို့ ချိုးဖြတ် ဝင်ရောက်နိုင်မည့် အခွင့်အရေး ကျဉ်းကျဉ်းလေး တစ်ခုအတွက်သာ။
ယခုမူ လေ့ကျန်း၏ ပြဿနာများကြောင့် သူပါ ကြားညပ်သွားခဲ့ရပြီ။ ဝင်ရောက် ဖြေရှင်းပေးရန် တံခါးပိတ် ကျင့်ကြံရာမှ အတင်းအကျပ် ထွက်လာခဲ့ရခြင်း ဖြစ်၏။
လေ့ချန်ထျန်း တစ်ယောက် သူ့ကို ဘယ်လိုလုပ် မျက်နှာကောင်း ပြနိုင်မည်နည်း။
လေ့ကျန်းက အလျင်အမြန် ခါးညွှတ် တောင်းပန်လိုက်သည်။ သူ၏ ရင်ထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်နေ၏။
“တတိယ ဘိုးဘေး... ဒေါသ မထွက်ပါနဲ့... စိတ်လျှော့ပါဦး... ဒါက သာမန် အင်အားစု သေးသေးလေး မဟုတ်ပါဘူး... ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် ရဲ့ အမွေအနှစ်တွေကို ဆက်ခံထားပြီး အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု တစ်ခုကိုပါ ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းပါ”
“ဒါ့အပြင် ဒီကိစ္စကလေ... ကျွန်တော်တို့ မျိုးနွယ်စု မှတ်တမ်းတွေထဲမှာ ရေးသားထားတဲ့... ဘိုးဘေးတွေရဲ့ အင်မော်တယ် လမ်းစဉ် အမွေအနှစ်တွေ ဖြစ်နိုင်တာမို့လို့ ကျွန်တော် လိုက်ရှာနေခဲ့တာပါ”
“အကယ်၍ အဲဒီ အမွေအနှစ်တွေကိုသာ ကျွန်တော်တို့ ပြန်ရခဲ့မယ် ဆိုရင် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က အရင် အင်ပါယာ နန်းတော်ဟောင်းရဲ့ ခမ်းနား ကြီးကျယ်မှုတွေကိုတောင် ပြန်လည် အသက်သွင်းနိုင်ကောင်း ပါရဲ့”
သို့သော် လေ့ချန်ထျန်း ၏ မျက်နှာထက်တွင် မည်သည့် စိတ်လှုပ်ရှားမှုမျှ မပေါ်လွင်ချေ။ သူ၏ ဟန်ပန်က အလွန်တရာ တည်ငြိမ်နေပြီး မျက်လုံးများထဲတွင် ဂရုမစိုက်မှု အရိပ်အယောင် အချို့ပင် ဖြတ်ပြေးသွားသေး၏။
ရှေးဟောင်း ယွဲ့ အင်မော်တယ်စံအိမ် နှင့် ဘိုးဘေးများ၏ အင်မော်တယ် လမ်းစဉ် အမွေအနှစ်များ။
နားထောင်ကြည့်ရုံနှင့်ပင် စွဲမက်ဖွယ် ကောင်းနေသည်မှာ အမှန်ပင်။
သို့တိုင်အောင် ထိုအရာများက အရိပ်သာရှိပြီး အကောင်အထည် မရှိသေးချေ။
ထိုမျှလောက် အစွမ်းထက်သော အမွေအနှစ်တစ်ခုကို ရယူရန် လွယ်ကူနေမည် ဆိုပါက မည်သည့်အကြောင်းကြောင့် နှစ်ပေါင်းများစွာ တိုင်အောင် တိမ်မြုပ် ပျောက်ကွယ်နေရမည်နည်း။
ထို့ကြောင့် ဘိုးဘေးများ၏ အင်မော်တယ် လမ်းစဉ် အမွေအနှစ်များကို ပြန်လည် ရယူကာ ရှေးဟောင်း အင်ပါယာ နန်းတော်၏ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းမည် ဟူသော စကားများမှာ နားထောင်လို့ ကောင်းရုံ သက်သက်သာ။
လေ့ကျန်း ၏ ကျင့်ကြံမှု အဆင့်က သူ၏ တာအို နှလုံးသားကို လှုပ်ခတ်စေနိုင်ရန် အလွန် နုနယ်လွန်းနေသေး၏။
လေ့ချန်ထျန်း တစ်ယောက် ကျင့်ကြံခြင်းကမ္ဘာ၌ နာမည်ကျော်ကြားနေချိန်က ဤလူငယ်လေးမှာ မိခင် ဝမ်းဗိုက်ထဲတွင်သာ ရှိနေသေးသည် မဟုတ်ပါလော။
ဝိညာဉ် လက်ဖက်ရည် တစ်အိုးလုံးကို ဖြည်းညင်းစွာ သောက်သုံးပြီးနောက်... တံခါးပိတ် ကျင့်ကြံရာမှ အတင်းအနှိုးခံလိုက်ရသဖြင့် လေ့ချန်ထျန်း ခံစားနေရသော ဒေါသများ အနည်းငယ် ပြေကျသွားပြီး စိတ်အခြေအနေလည်း ပြန်လည် ကောင်းမွန်လာတော့သည်။
လေ့ချန်ထျန်း မတ်တတ်ရပ်လိုက်ပြီး အမိန့်ပေးလိုက်၏။
“သွားမယ်... အဲဒီ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ငါနဲ့ လိုက်ခဲ့”
“မြန်မြန် သွားပြီး မြန်မြန် ပြန်လာရအောင်... ငါ တံခါးပိတ် ကျင့်ကြံတာကို ဆက်လုပ်ဖို့ လိုသေးတယ်”
သူက မြေကမ္ဘာအင်မော်တယ်စံအိမ် ကို အရေးပါသော ကိစ္စတစ်ခုအဖြစ် လုံးဝ မသတ်မှတ်ထားချေ။
ချန်ကျိုး နယ်မြေ တစ်ခုလုံးကိုပင် သူက ဂရုမစိုက်ပါချေ။
အဆင့် (၆) အထွတ်အထိပ် နတ်ဘုရား ရုပ်တု ဆိုသည်က အစွမ်းထက်ပုံ ပေါ်သော်ငြား လေ့ကျန်း တို့ လူအုပ်ကြီးပင် အထိနာကာ လူအင်အား အချို့ ဆုံးရှုံးခဲ့ရသော်ငြား...
မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ အုတ်မြစ်နှင့် နှိုင်းယှဉ်လိုက်မည် ဆိုပါက အလွန်တရာ ကွာခြား နိမ့်ကျလွန်းနေ၏။
ဘယ်ချောင်က ကောက်ရလာမှန်း မသိသော နတ်ဘုရား ရုပ်တု တစ်ခုနှင့် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ အရှေ့တွင် ကြွားလုံးထုတ်ရဲရုံသာမက ပြန်လည် ခုခံပြီး မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ တာအို သခင်ကြီး နှစ်ပါးကိုပါ သတ်ဖြတ်ရဲသည်ပေါ့လေ။
လေ့ကျန်း တို့နှင့်အတူ ချန်ကျိုး နယ်မြေ သို့ ဦးတည် သွားရောက်နေစဉ် လေ့ချန်ထျန်း က တကိုယ်တည်း ခပ်တိုးတိုး ပြောဆိုလိုက်၏။
“ငါတို့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က ငြိမ်သက်နေတာ အရမ်း ကြာသွားလို့ ဘယ်သူမှ ဂရုမစိုက်တော့တာလား... တာအို သခင်ကြီး နှစ်ပါးတောင် မရှိတဲ့ အင်အားစု သေးသေးလေးက ဒီလောက်တောင် မောက်မာရဲတယ်ပေါ့”
သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် မြေကမ္ဘာအင်မော်တယ်စံအိမ် ထံသို့ တိုက်ရိုက် သွားရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။
ယင်းအစား သူသည် လေ့ကျန်း နှင့် အခြားသူများကို ခေါ်ဆောင်ကာ ချန်ကု အင်မော်တယ် မြို့တော် သို့ ဦးတည်လိုက်၏။
မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ၏ ဂုဏ်ပုဒ်၊ အဆင့်အတန်းနှင့် သူကိုယ်တိုင်၏ ဂုဏ်သိက္ခာ အရ ဤကဲ့သို့သော အင်အားစုငယ်လေး တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် သွားရောက် ဖြေရှင်းခြင်းက သူတို့ကို မျက်နှာသာ ပေးလွန်းရာ ကျနေလိမ့်မည်။
ချန်ကု အင်မော်တယ် မြို့တော် ဆီသို့ သွားရောက်ကာ ချန်ကျိုး နယ်မြေ မှ လူများကို ရှင်းလင်းချက် တောင်းခံလိုက်သည်က ပို၍ ကောင်းမွန်ပေမည်။
ထို အင်အားစုငယ်လေးကို သူတို့ဘာသာ ဖြေရှင်းခိုင်းလိုက်မည်။
ထိုသို့ဆိုလျှင် သူ ကိုယ်တိုင် ပါဝင်ပတ်သက်စရာ မလိုတော့သလို လက်ကိုလည်း ညစ်ပေခံစရာ မလိုတော့ချေ။
*
(၂) နှစ်ကြာပြီးနောက်။
မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ တံခါးဝ၊ မြေအောက် နန်းတော် လျှို့ဝှက်နယ်မြေ အတွင်း၌...
“ဝုန်း...”
ကောင်းကင် စွမ်းအားများ ဆင်းသက်လာသည်။
အောက်ဘက်ရှိ ပုံရိပ်ကို ကြမ်းတမ်းစွာ ရိုက်ခတ်သွား၏။
ဟွမ်ကျူး ၏ အစစ်အမှန် ခန္ဓာကိုယ်ထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင် စွမ်းအားများ၏ ရိုက်ခတ်မှုအောက်တွင် ၎င်း၏ ရွှေရောင်ရင့်ရင့် အကြေးခွံများ တစ်စစီ ဆုတ်ဖြဲခံလိုက်ရ၏။
အသားစများက မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး အရိုးများပင် ထင်းခနဲ ပေါ်လာတော့သည်။